← Chapters

နတ်ဘုရားရာထူး

Vol. 19 Ch. 266

နတ်ဘုရားရာထူး

Vol. 19 Ch. 266

အခန်း (၂၆၆) နတ်ဘုရားရာထူး

တစ္ဆေတိုင်းပြည်။

အကန့်အသတ်မရှိသော အနက်ရောင် ချီစွမ်းအားများက ကြီးမားသည့် လှိုင်းတံပိုးကြီးတစ်ခုပမာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

ထိုအနက်ရောင်မြူခိုးငွေ့များအလယ်တွင် လူသားမျက်နှာကြီးတစ်ခု ပါ်လာ၏။ ထိုမျက်နှာကြီးထံမှ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သံကြီးက ကောင်းကင်ထက်သို့ လျှံတက်သွားသည်။

ဒေါသထွက်ခြင်း ၊ မခံမရပ်နိုင်ခြင်း ၊ မကျေနပ်ခြင်းများဖြင့် ပြည့်နက်လျှက် ရှိသည်။

"ခွန်လွန်… မင်းက ကျုပ်ရမယ့်အခွင့်အရေးတွေကို လုယူသွားတာပဲ ၊ ကျုပ်တို့တစ္ဆေတိုင်းပြည်ရဲ့ အဆုံးမရှိတဲ့ အခွင့်အရေးတွေအားလုံးကို လုယူသွားတယ်"

"ကျုပ် သေတဲ့အထိ မင်းတို့ကို တိုက်မယ်"

"သေတဲ့အထိ တိုက်မယ်"

ထို့နောက် အနက်ရောင်ချီစွမ်းအားများက ခွန်လွန်တောင်တည်ရှိရာ အနောက်ဘက်စွန့်ပစ်နယ်မြေအလယ်ဗဟိုသို့ စုရုံးရောက်ရှိသွားလေသည်။

ထိုအနက်ရောင်ချီစွမ်းအားများအတွင်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များက ပြင်းထန်စွာ ထွက်ပေါ်လျှက် ရှိသည်။

***

ခွန်လွန်တောင်။

ပထမတောင်ထွတ်တွင် အဋ္ဌမမင်းသား ကျင့်ကြံနေလေသည်။

ရုတ်တရက် သူက မျက်လုံးများ ဖွင့်ကြည့်လိုက်၏။

ထူးခြားဆန်းကျယ်သည့် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး မိုးကုတ်စက်ဝိုင်းဆီသို့ သူ လှမ်းကြည့်လိုက်သည်။ သို့သော် သူ အသေးစိတ်ကို နားမလည်သလို သိမြင်ခြင်းလည်း မရှိပေ။

"ဒါ… ဒါ… အရင်က နတ်မိစ္ဆာတွေနယ်မြေထဲမှာ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးပဲ"

အဋ္ဌမမင်းသား အနည်းငယ် စိုးရိမ်ပူပန်သွားသည်။ သူ အသံပင်မထွက်ရဲတော့ပေ။

နတ်မိစ္ဆာများ သူ့နောက်လိုက်သည်ကို ခံခဲ့ရပြီးပြီ။

ယခု ခွန်လွန်တောင်သည်လည်း သူ့ကို ဒုက္ခပေးဦးမည်လား။ ထိုသို့ဆိုလျှင်တော့ သူ့အနေဖြင့် လွတ်လမ်းမမြင်တော့ပေ။

ဤနေရာက ခွန်လွန်တောင် ဖြစ်သည်။

ယခင်ကလို နတ်မိစ္ဆာများနယ်မြေအတွင်းတွင် ရောက်နေသည် မဟုတ်ပေ။

ထို့ပြင် သူ့တွင် မှော်ဝင်ပစ္စည်းများလည်း မရှိတော့ပေ။ နတ်မိစ္ဆာများလက်မှ လွတ်အောင်ပြေးစဉ်က မှော်ဝင်ပစ္စည်းများအားလုံး အသုံးပြုခဲ့ပြီးပြီ မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ မမျှော်လင့်သည့် အဖြစ်အပျက်တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပါက လုန်မန်က ခွန်လွန်တောင်မှ အရင်ဆုံးထွက်ပြေးရန် စဉ်းစားထားသည်။

သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် ထူးခြားသည့်ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

အရင်က နတ်မိစ္ဆာများပိုင်နက်အတွင်း ကြားခဲ့ဖူးသည့် အသံတစ်သံကို သူ ထပ်မံကြားလိုက်ရသည်။ ထိုအသံက သူ့နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာသည်။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"

ထိုအသံကြီးကို ကြားလိုက်ရသည်နှင့် ကောင်းကင်ထက်တွင် တစ်စုံတစ်ခု ထူးခြားသွားသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တစ်စုံတစ်ခု လှည့်ပတ်နေသည်ကိုလည်း ခံစားလိုက်ရ၏။

ထို့နောက် သူ မည်သည့်ခံစားချက်ကိုမှ မခံစားရတော့ပေ။

ခံစားချက်များက အရေးမကြီးပေ။ အရေးကြီးသည်က ထိုအသံကြီးကို ထပ်မံကြားလိုက်ရခြင်းပင် ဖြစ်သည်။

လုန်မန်တစ်ယောက် ပထမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။ အပြင်ဘက်တွင် အေးအေးဆေးဆေး သွားလာနေကြသည့် ခွန်လွန်တောင်မှ တပည့်များကို တွေ့လိုက်ရ၏။

အချို့က ဓားများစီးနှင်ပျံသန်းနေကြပြီး အချို့က တာအိုအကြောင်းဆွေးနွေးနေကြသည်။

အရာအားလုံးက ပုံမှန်ပဲ ဖြစ်သည်။

သူကြားရသည့်အသံနက်ကြီးကို သူမှလွဲပြီး အခြားမည်သူမှ ကြားဟန်မတူပေ။

နတ်မိစ္ဆာနယ်မြေထဲတွင် "ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုး" ဆိုသည့်အသံကို သူတစ်ယောက်သာ ကြားရပြီး ဦးလေးလုန်ရဲ့ မကြားရသလိုမျိုးပင် ဖြစ်သည်။

ကိစ္စပြတ်ပေပြီ။

ခွန်လွန်တောင်က သူ့ကို အလွတ်ပေးတော့မည် မဟုတ်ပေ။ သို့ရာတွင် ယခုတစ်ကြိမ်တော့ သူ ခွန်လွန်တောင်မှ လွတ်အောင်ပြေးရန် ဖြစ်နိုင်ပါမည်လား။

"စောစောစီးစီးသိခဲ့ရင် မနေ့က ဦးလေးလုန်ရဲ့နဲ့ အတူတူ သေရည်ဆိုင်လိုက်သွားပါတယ် ၊ အခုတော့ ဦးလေးလုန်ရဲ့ ဘယ်ရောက်နေပြီလဲ မသိဘူး ၊ သူကတော့ ဒီအသံတွေကို ကြားမှာမဟုတ်ဘူး"

လုန်မန်၏စိတ်ထဲ နောင်တတရားများဖြင့် ပြည့်နေသည်။

ထို့နောက် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူ ခွန်လွန်တောင်မှ ထွက်ပြေးဟန်ဆောင်ပြီး သူ့ကို ခွန်လွန်တောင်မှလူများ လိုက်ဖမ်းမည်လား စောင့်ကြည့်ရမည် ဖြစ်သည်။

သူ့အစ်မနှင့် ယောက်ဖကိုတော့ တောင်းပန်ရုံမှတစ်ပါး အခြားရွေးခြယ်စရာ မရှိတော့ပေ။

သူတို့ကို သူပြုလုပ်မည့်အကြံအစည်ကို ပြောထားခြင်းအားဖြင့် သူတို့လည်း ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်မည် ဖြစ်သည်။

သူသာ ယခုအချိန်ထွက်ပြေးသွားလျှင် ခွန်လွန်တောင်က သူ့အပေါ် မည်သို့သောသဘောထားရှိမည်ကို မသိရှိရပေ။ ထို့ပြင် သူ့အစ်မနှင့် ယောက်ဖအပေါ်တွင်ရော ခွန်လွန်တောင်က အန္တရယ်ပြုမည်လား ၊ သတ်ဖြတ်ပစ်သည်အထိ ဖြစ်လာလျှင် မည်သို့ရှိမည်နည်း။

ဤသည်က…

မောင်ငယ်တစ်ယောက်အနေဖြင့် အစ်မနှင့်ယောက်ဖကို မလှည့်စားရက်နိုင်ပေ။ သူ အမြဲတမ်း လိမ္မာသည့် မောင်ငယ်တစ်ယောက် ဖြစ်ချင်မိသည်။

သူက တာဝန်သိတတ်ပြီး သစ္စာရှိသူ ဖြစ်ချင်သည်။

အရေးပေါ်အခြေအနေဖြစ်လာလျှင်လည်း ယောက်ဖက သူ့ကို ကယ်တင်နိုင်မည်ဟု မျှော်လင့်မိသည်။

ချီတုံချတုံဖြင့် စဉ်းစားနေပြီးနောက် လုန်မန်တစ်ယောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

***

ခွန်လွန်ဝတ်ကျောင်းတော်။

ဝတ်ကျောင်းတော်ခန်းမဆောင်အပြင်ဘက်တွင် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေ၏။

သူ့ပခုံးထက်တွင် နဂါးငယ်လေးတစ်ကောင် နားခိုလျှက်ရှိပြီး သူဝတ်ဆင်ထားသည့် တာအိုဝတ်စုံအနားသတ်များတွင် သွေးများစီးဆင်းနေသည့်ပမာ ရဲရဲနီသည့် အနားသတ်များ ရှိနေသည်။

သူက အဋ္ဌမမင်းသား ခွန်လွန်တောင်မှ ထွက်ခွာသွားသည်ကို ကောင်းကင်ယံထက်မှ ငုံ့ကြည့်နေ၏။

"နဂါးမျိုးနွယ်က အဋ္ဌမမင်းသားက မွေးရာပါ အင်မော်တယ်တစ်ပါးပဲ ၊ တကယ့်ကို အထင်ကြီးစရာ ကောင်းပါပေတယ် ၊ အခု သူက နောက်ထပ် ကံကြမ္မာအခွင့်ကောင်း ရောင်ဝါအမျှင်တန်းတစ်ခု ထပ်ရသွားပြန်ပြီ ၊ ဒီလိုဖြစ်ရတာ သူက မွေးရာပါအင်မော်တယ် ဖြစ်လို့ပဲ နေမှာပဲ"

ထို့နာက် လူရွယ်က အဋ္ဌမမင်းသားကို အရေးမစိုက်တော့ဘဲ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

"တကယ်တော့ ဒီလိုအခွင့်အရေးရတာ မဆိုးလှပါဘူး ၊ မင်းက အခြားသူတွေထက် ခြေတစ်လှမ်းသာနေဆဲပဲ မဟုတ်လား ၊ ဒါပေမဲ့ ကံမကောင်းတာက မင်းရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေတာပဲ ၊ မင်းက ဒီလိုအခွင့်အရေးဖြစ်ပေါ်လာရတဲ့ ရင်းမြစ်ကိုတောင် အာရုံမခံနိုင်ဘူး ၊ ဒါပေမဲ့ မင်းသာ ကောင်းကောင်းမပုန်းအောင်းနိုင်ဘူးဆိုရင် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးက မင်းနောက်ကို လိုက်ကြတော့မှာပဲ"

"ပြီးတော့ မင်းရထားတဲ့ နတ်ဘုရားဂုဏ်ပုဒ်ကလည်း သိပ်ပြီး နာမည်မလှဘူး ဖြစ်နေတယ် ၊ တစ္ဆေတိုင်းပြည်ကလူတွေက ယဉ်ကျေးမှုတွေဘာတွေ နားမလည်ကြတော့ နတ်ဘုရားနာမည်ကို လှလှလေး မပေးတတ်ကြဘူးလေ ၊ စိတ်မကောင်းစရာပဲ ၊ စိတ်မကောင်းစရာပဲ"

လူရွယ်က ကောင်းကင်ထက်မှ သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျန်းလန် ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။

"နေရာရွေးတာတော့ တော်တယ်လို့ ပြောရမယ် ၊ ခွန်လွန်တောင်မှာသာဆိုရင် သူ ဘယ်သူလဲဆိုတာ ချက်ချင်းသိရပြီ ၊ အခုတော့ သူဘယ်သူလဲဆိုတာ ငါ မသိနိုင်လောက်အောင် ဝေးလွန်းနေတယ်…"

***

မမြင်ရသောအလင်းတန်းများက ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခုကို တည်ဆောက်နေသည့်အလား ထင်မှတ်ရသည်။

တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဆိုသည့် အမည်နာမက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ထိုခဏမှာပင် သူ့ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

သူက ပတ်ဝန်းကျင်တစ်ခုလုံး၏ အထက်တွင် ရောက်ရှိနေပြီး ထိုခံစားချက်က အလွန်တရာ အံ့သြစရာကောင်းသည်။

ဤအရာက ဘာဖြစ်သည်ကို မသိရှိသော်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါထက် အဆပေါင်းများစွာ ကောင်းမွန်လွန်းသည်ကို ကျန်းလန် သိရှိလိုက်သည်။

ထိုအရာက သူ့ကို တန်ခိုးစွမ်းအားမြင့်မားလာစေရန်နှင့် ကျင့်ကြံခြင်းလျှင်မြန်လာစေရန် ပြုလုပ်ပေးသည်သာမက သင်္ကေတတစ်ခုပမာလည်း ဖြစ်သည်။

အသေးစိတ်ကိုတော့ သူ သိရှိခြင်း မရှိပေ။

မကြာမီ အလင်းတန်းများအားလုံး ပျောက်ကွယ်သွားသလို ခံစားနေရသည့် ခံစားချက်များလည်း ပျောက်ကွယ်သွားသည်။

သူ မူလကရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ပျောက်ကွယ်သွားသော်လည်း သူ၏ဖြစ်တည်မှုတစ်ခုလုံးက အလိုလိုနေရင်း အခွင့်ကောင်းတစ်ခုပမာ ဖြစ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲတစ်ခု ဖြစ်သွားလေသည်။

မပြောင်းမလဲတည်ရှိနေသည့်အရာမှာ အဆုံးမရှိသည့် ကောင်းကင်ပြင်ထက်မှ တစ်စုံတစ်ရာကို ခံစားနေရခြင်း ဖြစ်ပြီး ထိုအရာက ဘာဖြစ်သည်ကို ကျန်းလန် အာရုံခံနိုင်ခြင်း မရှိပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးလွန်းသောကြောင့် ဖြစ်နိုင်သည်။

ထို့နောက် ကျန်းလန် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး ထွက်ခွာသွားလေသည်။ သူ့ကို တစ်စုံတစ်ယောက်က ကြည့်နေသည်ဟု ခံစားနေရလေရာ ဤနေရာတွင် ဆက်နေ၍ မကောင်းတော့ပေ။

သို့သော် အနည်းငယ်ဝေးကွာသည့် နေရာတစ်ခုအရောက်တွင် သူ့ရှေ့တွင် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုရောင်ဝါက တန်ခိုးစွမ်းအားမြင့်မားသည် ၊ ခမ်းနားသည် ၊ နက်ရှိုင်းကျယ်ပြန့်သည်။

ထိုရောင်ဝါကို ကျန်းလန် သိရှိနေလေသည်။

"ဧကရာဇ်ရှီးဟယ်"

ထိုရောင်ဝါက လူသားပုံသဏ္ဌန်မှ မပြောင်းလဲဘဲ ရောင်ဝါပုံစံအဖြစ်နှင့်သာ ကျန်းလန်ကို စကားပြောလိုက်သည်။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က တစ္ဆေတိုင်းပြည်ရဲ့ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတဲ့လား"

ထိုပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့်အခါ ကျန်းလန်က အလျှင်စလို မတုံ့ပြန်ရဲပေ။

သူက အခွင့်အရေးရသည်နှင့် ထွက်ပြေးရန်သာ အဆင်သင့် ပြင်ဆင်ထားသည်။

ကျန်းလန်က ဧကရာဇ်ရှီးဟယ်ကို ဦးညွှတ်လိုက်ပြီး တိုးလျသည့်လေသံဖြင့်…

"ကျွန်တော် ဘာမှ နားမလည်ပါဘူး"

ဤပုဂ္ဂိုလ်က မည်သည့်လှုပ်ရှားမှု ပြုလုပ်မည်ကို မသိသော်လည်း အဋ္ဌမမင်းသားထံမှ သူ သင်ယူခဲ့သည့် အချက်တစ်ချက် ရှိသည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ပိုင်ဆိုင်ထားသူတစ်ယောက်ကို သတ်ဖြတ်လိုက်လျှင် သတ်ဖြတ်လိုက်သူက ထိုကံကြမ္မာအခွင့်ကောင်းကို ဆက်လက်ရရှိသည်ဟူ၍ ဖြစ်သည်။

ထို့အတူပင် တစ်ဖက်လူက သူ့ကို သတ်ဖြတ်လိုက်လျှင် သူရရှိထားသည့် နာမည်ဂုဏ်ပုဒ်ကို တစ်ဖက်လူက ရရှိသွားမည် ဖြစ်သည်။

ဤနာမည်ဂုဏ်ပုဒ်က အတော်လေး အန္တရယ်ကြီးသည်။

"အိမ်း… ဒီနာမည်က နတ်ဘုရားတစ်ပါးရဲ့ ရာထူးဂုဏ်ပုဒ်ပါ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ နတ်ဘုရားရာထူးတွေမှ အများကြီးပဲ ၊ မင်းက မထင်မှတ်ဘဲ တစ်ခုရလိုက်တာပေါ့လေ"

ထို့နောက် ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။

"မင်းကို သတိပေးလိုက်မယ် ၊ အခုဆိုရင် မင်း ခွန်လွန်တောင်မှာ ရှိနေတဲ့အချိန်တိုင်း ကျုပ် သိနေလိမ့်မယ်"

စကားပြောပြီးသွားသည်နှင့် ရောင်ဝါက ပျောက်ကွယ်သွားသည်။

ကြည့်ရသည်မှာ ဧကရာဇ်ရှီးဟယ်က ဤစကားပြောရန် ရောက်လာသည့်ဟန်ပင်။

ကျန်းလန် အံ့အားသင့်သွားသော်လည်း သိပ်တွေးမနေတော့ပေ။

သူ ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး ဟိုဟိုဒီဒီ နေရာအနှံ့ လျှောက်သွားနေလေသည်။ သူ့ကို စောင့်ကြည့်နေသူ မည်သူမှ မရှိတော့ကြောင်းသေချာမှ သူ ပြန်ရန် ဟန်ပြင်လိုက်သည်။

လောလောဆယ်တွင်တော့ သူ့ပတ်လည်တွင် လွှမ်းမိုးမှုတစ်ခုကို ခံစားနေရသည်။ သူ့အထင်မမှားဘူးဆိုလျှင် နတ်ဘုရားရာထူး၏ လွှမ်းမိုးမှု ဖြစ်ဟန်တူသည်။

ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားက သူနှင့်ပတ်သက်သည့် အရာအားလုံးကို ဖုံးကွယ်ပေးထားနိုင်ပြီး အခြားမည်သူမှ သူ့အကြောင်းကို သိရှိနိုင်မည် မဟုတ်ပေ။

သို့သော်…

ကျန်းလန် ကောင်းကင်ထက် မော့ကြည့်လိုက်သည်။

အဆုံးမရှိသည့်ကောင်းကင်ထက်တွင် သူနှင့်တစ်စုံတစ်ခုဆက်စပ်နေသည့် အရာတစ်ခု ရှိနေသည်ဟု ကျန်းလန် ခံစားနေရသည်။

ထိုနေရာက နတ်ဘုရားရာထူး တည်ရှိသည့်နေရာ ဖြစ်နိုင်ကောင်းသည်။

ဆိုတော့…

အခြားသူများက သူ့ကို မသိမြင်နိုင်သော်လည်း နတ်ဘုရားရာထူးကို အခြေခံပြီး သူ၏ တည်ရှိရာကို ကောက်ချက်ချ ခန့်မှန်းနိုင်မည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ် ထိုအကြောင်းကို ခန့်မှန်းနိုင်လျှင် အခြားသူများလည်း ခန့်မှန်းနိုင်ပေလိမ့်မည်။

ကျန်းလန်သည် ခဏတာ တိတ်ဆိတ်နေပြီး ဤကိစ္စများကို နားလည်ရန် ကြိုးစားနေသည်။

ပထမအချက်မှာ နတ်ဘုရားရာထူး၏ သြဇာလွှမ်းမိုးမှုက အလွန်မြင့်မားပြီး သူတည်ရှိသည့် ယေဘူယျနေရာကို ဖော်ပြနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဧကရာဇ်ရှီးဟယ်က သူခွန်လွန်တောင်တွင် ရှိနေသည့်အချိန်တိုင်း သိရှိနေခြင်း ဖြစ်ပေလိမ့်မည်။

ဒုတိယအချက်မှာ နတ်ဘုရားရာထူးဆိုသည်က သတ်ဖြတ်လုယူခံရနိုင်သည့် ကံကြမ္မာကို ပေးထားသလို ဖြစ်နေသည်။ သူရရှိထားသည့် နတ်ဘုရားရာထူးကို လိုချင်သူတိုင်းက သူ့ကို သတ်ဖြတ်ရန် ကြိုးစားကြပေလိမ့်မည်။

တတိယအချက်မှာ ဧကရာဇ်ရှီးဟယ်က သူရရှိထားသည့် နတ်ဘုရားရာထူးကို လုယူရန် ရည်ရွယ်ချက် မရှိပေ။

အဆုံးသတ်ရသော် အစစ်အမှန်အင်မော်တယ်အဆင့်မျှသာရှိသေးသော "သူ" သည် ဤနတ်ဘုရားရာထူး၏ လွှမ်းမိုးမှုကို ဖယ်ရှားပစ်နိုင်စွမ်း မရှိပေ။

ထို့ကြောင့် ခွန်လွန်တောင်မှ ထွက်ခွာသည်နှင့် အသက်ပျောက်ရပေလိမ့်မည်။ သူပိုင်ဆိုင်ထားသည့် နတ်ဘုရားရာထူးကို လိုချင်သူများက သူ့ကိုလိုက်လံ သတ်ဖြတ်ကြပေလိမ့်မည်။

ကျန်းလန် လမ်းမထက်တွင် တည်တည်ငြိမ်ငြိမ်ပင် လမ်းလျှောက်လာသည်။

လောလောဆယ်တွင် သူ နတ်ဘုရားဖြစ်သွားသည်ကို မည်သူမှ သိရှိကြဦးမည် မဟုတ်ပေ။

ဧကရာဇ်ရှီးဟယ်က အခြေအနေတည်ငြိမ်စေရန် သူ့ကို လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ထိုအခွင့်အရေးကို အသုံးချကာ သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ကြိုးစားမည်လားလည်း မသိနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ဤကာလအတွင်း သိသာသည့် လှုပ်ရှားမှုများ မပြုလုပ်ရန် လိုအပ်သည်။ နဝမတောင်ထွတ်တွင်သာ အေးအေးဆေးဆေး ကျင့်ကြံရင်း ပုန်းအောင်းနေရမည် ဖြစ်သည်။

ဆရာဖြစ်သူနှင့် ဧကရာဇ်ရှီးဟယ်ထက် တန်ခိုးစွမ်းအား မြင့်မားလာအောင် ပြုလုပ်ရမည်။

အကောင်းဆုံးသော ဥစ္စာပစ္စည်းမှာ ကိုယ်ပိုင်ဆိုင်ထားသည့် တန်ခိုးစွမ်းအားသာ ဖြစ်သည် မဟုတ်ပါလား။

သို့သော် အလျှင်လိုစရာ မရှိပေ။ တစ်ကြိမ်တွင် ခြေတစ်လှမ်းလှမ်းနေရန်သာ လိုအပ်သည်။ သူ့တွင် အချိန်များစွာ ရှိလေသည်။

သူ စိုးရိမ်မိသည့် တစ်ခုတည်းသောအချက်မှာ နောင်နှစ်ပေါင်း (၃၀၀)ဆိုလျှင် အများအမြင်တွင် အင်မော်တယ်အဖြစ် အဆင့်တက်ရန် ဟန်ဆောင်ရမည် ဖြစ်သည်။

မိုးကောင်းကင်စမ်းသပ်ခြင်းခံရရန် အကြောင်းပြချက်ဖြင့် ပြင်ပလောကသို့ ထွက်ခွာရမည် ဖြစ်သည်။

ထိုအချိန်တွင် သူ၏ နတ်ဘုရားရာထူးကြီး ရှိနေပါက ပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။ ထို့ကြောင့် နှစ်ပေါင်း (၃၀၀)အတွင်း ထိုနတ်ဘုရားရာထူးကြီးကို ဖယ်ရှားပစ်ရန် လိုအပ်သည်။

သူ သိစေလိုသောအကြောင်းအရာများမှအပ အခြားသောလျှို့ဝှက်ချက်များအားလုံးကို ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားက ဖုံးကွယ်ပေးထားနိုုင်စွမ်းရှိသည်။

သို့ရာတွင် သူ၏ နတ်ဘုရားရာထူးကို အဘယ့်ကြောင့် ဖုံးကွယ်မရနိုင်ပါသနည်း။ အကြောင်းရင်းတစ်ခုမှာ ထို နတ်ဘုရားရာထူးကို သူက အပြည့်အ၀ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်နိုင်သည်။

နောက်တစ်ချက်မှာ နတ်ဘုရားရာထူးဆိုသည်က ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ပေးနိုင်သည်ထက် ကျော်လွန်နေသည့် အရာတစ်ခုလည်း ဖြစ်နိုင်သည်။

ဤကိစ္စကို သူ သေသေချာချာ စဉ်းစားရန် လိုအပ်လေသည်။

All Chapters