ညစ်ပတ်တဲ့လူသားတွေ
Vol. 20 Ch. 267
အခန်း (၂၆၇) ညစ်ပတ်တဲ့လူသားတွေ
ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ရောက်ရှိလာသည်။
ရှောင်ယွိဆော့ရအောင် ရေခဲပုစဉ်းရင်ကွဲနည်းနည်းပါးပါး ဖမ်းသွားမည်ဟု သူ တွေးလိုက်၏။
ရှောင်ယွိအတွက် သူ ပြုလုပ်ပေးထားသည့် နာမ်ဝိညာဉ်အိမ်ခြံဝန်းမှာ ပြီးလုနီးပါး ဖြစ်နေလေပြီ။ သူသည်လည်း နာမ်ဝိညာဉ်ရောင်ပြန်ပညာကို အတော်လေး နားလည်နေပြီ ဖြစ်၏။
သို့သော် သေရည်ဆိုင်မှာကဲ့သို့ ပန်းကန်ခွက်ရောက်များ ပြုတ်ကျစေရန် မည်သို့ပြုလုပ်ရမည်ကို မသိရှိသေးပေ။ ထို့ကြောင့် ရှောင်ယွိအတွက် ရေခဲပုစဉ်းရင်ခွဲများ ဖမ်းသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်အတွင်းဝင်ရောက်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသည်။ ရေခဲပုစဉ်းရင်းကွဲကောင်များ ဒါဇင်နှင့်ချီပြီး ဖမ်းဆီးလာခဲ့ပြီ ဖြစ်သည်။
ဤတောအုပ်အတွင်းသို့ ပထမဆုံးအကြိမ်ရောက်ရှိစဉ်က သူက မူလဝိညာဉ်အဆင့်မျှသာ ရှိသေးသည်။ ယခုတော့ သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ရောက်နေပြီ ဖြစ်သည်။
သို့ရာတွင် အန္တရယ်ကတော့ အရင်ကထက်ပင် ပိုမိုများပြားလာနေလေသည်။ ကျင့်ကြံခြင်းအဆင့်တက်လာသည်နှင့်အမျှ အန္တရယ်အဆင့်ကလည်း တက်လာသည်ပင်။
မည်သို့ပင်ကျင့်ကြံခြင်းအဆင့်တက်လာသည်ဆိုစေကာမူ ကျန်းလန်အနေဖြင့် နတ်ဘုရားရာထူးအကြောင်းကိုတော့ နားလည်နိုင်သည့်အဆင့်သို့ မရောက်ရှိသေးပေ။
လောလောဆယ်တွင် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ နတ်ဘုရားရာထူးမှ စွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံရမည် ဖြစ်သည်။
ယခုအချိန်တွင် လှုပ်ရှားမှုတစ်ခုခု ပြုလုပ်မိပါက သူ့ကို အလွယ်တကူ သတိထားမိသွားကြမည်ပင်။
သူ့အနေဖြင့် နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများကိုလည်း ဆက်လက်သတိထားနေရမည် ဖြစ်သလို တစ္ဆေတိုင်းပြည်ကိုလည်း သတိထားဖို့လိုသည်။
သူလုပ်ရမည့်တစ်ခုတည်းသောအလုပ်က နဝမတောင်ထွတ်တွင် နေထိုင်ရင်း တံခါးပိတ်ကျင့်ကြံရန်သာ ရှိသည်။
သို့ဆိုလျှင် လူပေါင်းများစွာ သူ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြမည် ဖြစ်သည်။ သူနှင့်လုန်ယွိ မင်္ဂလာလက်ထပ်ပွဲ ကျင်းပသည့်အချိန်မှသာ သူ့ကို လူအများက ပြန်လည်အာရုံစိုက်လာပေလိမ့်မည်။
ရှောင်ယွိ အင်မော်တယ် ဖြစ်လာလျှင်လည်း သူကို အာရုံစိုက်ကြဦးမည်ထင်၏။ ရှောင်ယွိထက် သူ အင်မော်တယ်ဖြစ်လာမည့်အချိန်ကို ပိုပြီး စိတ်ဝင်စားကောင်း စိတ်ဝင်စားကြပေမည်။
ကျန်းလန်က မူလဝိညာဉ်အဆင့် အောင်မြင်ထားသည့် တန်ခိုးစွမ်းအားကို ထုတ်ဖော်ရင်း သာမန်မြန်နှုန်းဖြင့် ဓားပေါ်တွင် စီးနှင်ပျံသန်းလာသည်။
ခရီးက အနည်းငယ်ဝေးကွာသဖြင့် ပျံသန်းရသည်မှာ အချိန်အနည်းငယ်ကြာသည်။
လမ်းတစ်ဝက်ခန့်အရောက်တွင် လျှပ်စီးများ ရုတ်တရက်လင်းလက်သွားသည်ကို တွေ့မြင်လိုက်ရ၏။ ထိုလျှပ်စီးကို ရင်းနှီးနေသလို ကျန်းလန် ခံစားလိုက်ရသည်။
ဟုတ်ပေ၏။
ထိုလျှပ်စီးများက အဋ္ဌမမင်းသား၏ လျှပ်စီးတန်ခိုးစွမ်းအားများပင် ဖြစ်သည်။
ဤနဂါးငယ်က ဘယ်ကိုများသွားမလို့ပါလိမ့်။
ကျန်းလန်က တိတ်ဆိတ်စွာပင် လျှပ်စီးအလင်းတန်းများကို ကြည့်နေရင်း ဓားကိုစီးနှင်လာသည်။
မကြာမီ ထိုလျှပ်စီးအလင်းတန်းများက သူ့နံဘေးသို့ ရောက်ရှိလာပြီး ကျန်းလန်ဘေးနားတွင် လုန်မန်၏ပုံရိပ် ထွက်ပေါ်လာသည်။
အဋ္ဌမမင်းသား၏ နဖူးထက်တွင် ချွေးစေးများပျံနေပြီး တစ်စုံတစ်ခုကို ကြောက်ရွံ့နေဟန်ရှိသည်။
သို့သော် သူက ကျန်းလန်ကို ပြုံးရယ်ပြလိုက်ရင်း...
"ယောက်ဖ တစ်ယောက်တည်းလား"
ဟု နှုတ်ဆက်လိုက်၏။
ကျန်းလန်ကလည်း ဓားစီးနှင်ခြင်းကို ရပ်တန့်လိုက်ပြီး...
"အဋ္ဌမမင်းသား... အလျင်စလိုနဲ့ ဘယ်သွားမလို့လဲ"
ဘယ်လိုပဲကြည့်ကြည့် ဤနဂါးမင်းသားငယ် တစ်စုံတစ်ခု ဖြစ်လာသည်မှာ ထင်ရှားသည်။
လုန်မန်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်ပြီးမှ ခပ်တိုးတိုးလေသံဖြင့်...
"ယောက်ဖ... နတ်မိစ္ဆာတွေပိုင်နက်ထဲမှာ ကြားခဲ့ရတဲ့အသံလိုမျိုး နောက်ထပ်အသံတစ်သံ ထပ်ကြားပြန်ပြီ"
သူက ဆက်ပြောသည်။
"အဲဒီတုန်းက ဧကရာဇ်ချုန်းကိုးဆိုတဲ့နာမည် ကြားခဲ့ရတာ ၊ အခုတစ်ခါက လက်သီးနတ်ဘုရားတဲ့"
ကျန်းလန်က…
"ခွန်လွန်တောင်မှာ ဒီလိုအသံမျိုးကြားလိုက်ရလို့ ခွန်လွန်တောင်ကလည်း နတ်မိစ္ဆာတွေလိုပဲ မင်းကို လိုက်သတ်ဖြတ်မှာ စိတ်ပူနေတာလား"
"ဧကရာဇ်ချုန်းကိုး" ဆိုသည့်အမည်ကို ကြားခဲ့ရပြီးနောက် လုန်မန်မှာ နတ်မိစ္ဆာများ လိုက်လံသတ်ဖြတ်ခြင်းကို ဆယ်စုနှစ်များစွာ ခံခဲ့ရသည်။
ယခု "လက်သီးနတ်ဘုရား" ဆိုသည့် နာမည်ကို ထပ်ကြားရပြန်ပြီဖြစ်ရာ သူ ပထမဆုံးတွေးမိသည်က ခွန်လွန်တောင်သည်လည်း သူ့ကို လိုက်လံသတ်ဖြတ်တော့မည်ဆိုသည့်အချက် ဖြစ်သည်။
ဤသို့တွေးမိသည်က သဘာဝကျပါ၏။
နောက်တစ်ချက်မှာ…
ယခင်က လုန်မန်၏ ခန္ဓာကိုယ်ထက်တွင် အစိမ်းရောင်မီးခိုးမျှင်တန်းပမာ ရောင်ဝါတစ်ခုသာ ရှိခဲ့သော်လည်း ယခု နောက်ထပ် ရောင်ဝါအမျှင်တန်းတစ်ခု တိုးလာသည်ကို တွေ့မြင်လိုက်ရခြင်းပင်။
ထို ကံကြမ္မာအခွင့်ကောင်းရောင်ဝါများက အမှန်တကယ်ပင် ပြဿနာရှိသည်။
လုန်မန်က မွေးရာပါအင်မော်တယ် ဖြစ်သောကြောင့်သာ ထူးခြားစွာဖြင့် ထိုရောင်ဝါများ ရရှိလိုက်ခြင်း ဖြစ်ဟန်တူသည်။ သို့ပေသိ ကျားပါးစပ်မှအသားကို လုယူမိသည့်အလားဖြစ်လေရာ လိုက်လံသတ်ဖြတ်ခံရသည်မှာ အံ့သြစရာ မရှိပေ။
မည်သို့ပင်ဖြစ်စေ…
ဧကရာဇ်ရှီးဟယ်ကတော့ ဤအကြောင်းများကို သိရှိပေလိမ့်မည်။ သူသာ လုန်မန်ကို သတ်ဖြတ်လိုသည်ဆိုလျှင် အနှီနဂါးမင်းသားငယ်သည် ထွက်ပြေးရန်ပင် အချိန်ရမည် မဟုတ်ပေ။
လုန်မန်နောက်သို့ လိုက်လာကြသည့် နတ်မိစ္ဆာမျိုးနွယ် ၊ မိုးကောင်းကင်အင်မော်တယ်များသည်ပင် ခွန်လွန်တောင်နှင့် နီးကပ်လာသည့်အခါ လက်လျှော့ခဲ့ကြရသည်။
ဤသည်က သေချာပေါက် ဧကရာဇ်ရှီးဟယ်နှင့် ပတ်သက်နေနိုင်သည်။
လုန်မန်က…
"ယောက်ဖ… ကျုပ် (၂)ရက်လောက် ရှောင်နေသင့်တယ်လို့ ထင်လား"
ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး တောင်ငယ်တစ်ခုကို ညွှန်ပြလိုက်သည်။
"အဲဒီတောင်ပေါ်မှာ သားရိုင်းတွေရှိတယ်လို့ ကျုပ် သတင်းကြားထားတယ်"
အဋ္ဌမမင်းသားက ခဏမျှမှင်တက်သွားပြီး…
"သားရိုင်းတွေ ဟုတ်လား"
ပြီးမှ သူက ရယ်မောလိုက်ရင်း…
"ဟုတ်ပြီ ဟုတ်ပြီ ၊ ဒါဖြင့် ကျုပ် (၂) ရက်လောက် အဲဒီမှာ သားရိုင်းတွေသွားဖမ်းပြီး စားသောက်လိုက်ဦးမယ်"
ထို့နောက် လုန်မန်က ထွက်ခွာရန် ဟန်ပြင်ရင်း...
"အပြန်ကျ ယောက်ဖအတွက်လည်း သားရိုင်းနှစ်ကောင်လောက် ဖမ်းခဲ့ဦးမယ်"
ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ခွန်လွန်တောင်သို့ ဓားကိုစီးနှင် ပျံသန်းလာခဲ့သည်။
အဌမမင်းသားကတော့ ကျန်းလန် ညွှန်ပြသည့် တောင်ငယ်ရှိရာသို့ ထွက်ခွာသွားတော့၏။
ကျန်းလန်အမြင်အရဆိုလျှင် ခွန်လွန်တောင်က အဋ္ဌမမင်းသားကို သတ်ဖြတ်ပစ်မည် မဟုတ်ပေ။ ထို့အတူ ခွန်လွန်တောင်မှလည်း ထွက်ခွာသွားခွင့်ပြုမည် မဟုတ်ပေ။
နဂါးမျိုးနွယ်များသည်ပင် လုန်မန်ကို လာမခေါ်သည်ကို ကြည့်ခြင်းအားဖြင့် အဋ္ဌမမင်းသားက ခွန်လွန်တောင်အတွက် မည်မျှအဖိုးတန်ကြောင်း သိရှိနိုင်သည်။
လုန်မန်ကို ထိန်းချုပ်ထားခြင်းဖြင့် ခွန်လွန်တောင်က ရောင်ဝါ (၂)ခုကို ရယူနိုင်မည် ဖြစ်လေရာ အဘယ်မှာလျှင် နဂါးမင်းသားကို လွယ်လွယ်နှင့် ပြန်လွှတ်ပါမည်နည်း။
ခွန်လွန်တောင်က စေတနာကောင်းသည့် နေရာတစ်ခု မဟုတ်ပေ။ တောင်သခင်များက အလွန်တရာ အန္တရယ်ကြီးမားသူများဖြစ်ကြောင်း ကျန်းလန် အာရုံခံမိသည်။
သူပင်လျှင် တောင်သခင်တစ်ပါးကို ဆရာတော်ထားရသောကြောင့် များစွာအန္တရယ်ကင်းနေခြင်း ဖြစ်သလို အခွင့်အရေးကောင်းတစ်ခု ရနေခြင်းလည်း ဖြစ်သည်။
ထို့ကြောင့်လည်း သူက ဆရာဖြစ်သူကို စိတ်ပျက်အောင်လုပ်ရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။
ပြင်ပလောကသို့ထွက်ခွာပြီး အတွေ့အကြုံရှာဖွေရန် တွင်တွင်ငြင်းဆန်နေသောကြောင့် ဆရာဖြစ်သူ ခေါင်းကိုက်ရသည်မှလွဲပြီး သူက ဆရာ့ကို စိတ်ညစ်အောင်လုပ်သူ မဟုတ်ပေ။
***
လုန်မန်ကတော့ ကျန်းလန်ပြောသည့်တောင်သို့ ထွက်ခွာသွားသည်။
ယောက်ဖက သွားဆို၍သာ သွားလိုက်ရသည် ၊ ခွန်လွန်တောင်က သူ့ကို သတ်ဖြတ်ပစ်ချင်သည်ဆိုလျှင် မလွတ်မြောက်နိုင်ကြောင်း လုန်မန် နားလည်ပြီးသားပင်။
အချိန် (၂)ရက်အတွင်း ခွန်လွန်တောင်၏ သဘောထားကို သူ သိရမည် ဖြစ်သည်။
ဤသည်က အကြောင်းပြချက်တစ်ခု ဖြစ်၏။
ဒုတိယအကြောင်းပြချက်မှာ 'လက်သီးနတ်ဘုရား' ဆိုသည်က သူသိရှိသည့် လက်သီးစွမ်းအားရှင်နှင့် ဆက်စပ်နေပြီး ထိုသူက သူ့ကို အလေးအနက်ထား ဂရုစိုက်သူ ဖြစ်သည်။
ထိုသူ မည်သူဖြစ်သည်က ကိစ္စမရှိပေ။ သူက ယောက်ဖစကားကိုသာ နားထောင်မည် ဖြစ်သည်။
တောင်ဆီသို့ ပျံသန်းလာရင်း နဂါးဖြစ်ရတာ သနားစရာပဲဟု လုန်မန်ခံစားနေရသည်။ သူ့မှာ မွေးရာပါ အင်မော်တယ် ဖြစ်လင့်ကစား ရန်သူများလက်မှ တစ်ချိန်လုံး ပြေးနေရသည်။
သို့သော် ယောက်ဖအနားတွင် ရှိနေလျှင်တော့ ဘာမှကြောက်စရာမရှိဟု ခံစားရသည်။ အစ်မဖြစ်သူကလည်း သူ့အပေါ် အေးစက်ခြင်းမရှိလေရာ နဂါးဖြစ်ရတာ ကံကောင်းသည်ဟု တွေးလိုက်မိပြန်၏။
သူ သေသေချာချာ နားလည်ထားသည့်အချက်တစ်ချက်မှာ ခွန်လွန်တောင်က အမှန်တကယ်စွမ်းအားကြီးမားလွန်းသည်ဆိုသော အချက်ပင်။
တောင်ခြေသေရည်ဆိုင်မှ အဘိုးအိုကိုပင်လျှင် သူ မဆန့်ကျင်နိုင်ခဲ့ပေ။
အစ်မဖြစ်သူလုန်ယွိကို ခွန်လွန်တောင်မှတပည့်နှင့် လက်ဆက်ပေးမည်ဟု တောင်းဆိုလာစဉ်က နဂါးမျိုးနွယ်များဘက်မှ ခွန်လွန်တောင်၏ တောင်းဆိုမှုကို မငြင်းဆန်ရဲသည်မှာ အံ့သြစရာ မရှိတော့ပေ။
တွေးရင်းဖြင့်ပင် လုန်မန် တောင်ထိပ်သို့ ရောက်လာခဲ့သည်။ သားရိုင်းများကိုမဖမ်းဆီးခင် ခဏမျှအနားယူရန် ဆုံးဖြတ်လိုက်၏။
ခဏအကြာတွင်တော့...
သူရောက်ရှိနေသည့် တောင်ထပ်တွင် တောရိုင်းသတ္တဝါများ များစွာရှိနေပြီး ခွန်လွန်တောင်မှ တပည့်များပင် သားကောင်များကို အမဲလိုက်ပြီး ကင်စားနေသည်ကို တွေ့လိုက်ရသည်။
လန်မန်: "............."
"ယောက်ဖက ငါ့ကို တကယ်ပဲ အသားကင်စားစေချင်လို့ ဒီနေရာကို လွှတ်လိုက်တာလား"
***
ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်...
ခွန်လွန်တောင်ထက်တွင် မိုးသက်မုန်တိုင်းကျတော့မည့်အလား အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလာလေသည်။
ထို့နောက် ကောင်းကင်ထက်တွင် သာမန်လူများ မတွေ့မြင်နိုင်သည့် အနက်ရောင်မြူခိုးများ တလိမ့်လိမ့်တက်လာ၏။ ထိုမြူခိုးများက တဟုန်ထိုး စီးဆင်းလာသော မြစ်တစ်စင်းပမာ ခွန်လွန်တောင်ရှိရာသို့ အရှိန်ဖြင့် ဝင်ရောက်လာသည်။
ထို့နောက် အနက်ရောင်မြူခိုးများအတွင်းမှ ဒေါသထွက်နေဟန်ရှိသည့် တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။
တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအား။
"ညစ်ပတ်တဲ့လူသားတွေ... ၊ အသားကိုစားပြီးတာတောင် အရိုးအရင်းကို ထွေးမထုတ်နိုင်ကြဘူး ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်က တိုက်ရဲသလို ရှုံးရဲတယ် ၊ ဒါပေမဲ့ မင်းတို့လူသားတွေက ကျုပ်တို့တစ္ဆေတိုင်းပြည်က ရရှိမယ့် စစ်ပွဲအကျိုးအမြတ်တွေကို ဘာလို့ ယူသွားရတာလဲ"
"မင်းတို့လူသားတွေက အကုန်အတူတူပဲ ၊ အရှက်ကင်းမဲ့ပြီး သိက္ခာလည်းမရှိဘူး ၊ သူများတွေကမှ အသားကိုစားပြီးရင် အရိုးကိုထွေးထုတ်ကြသေးတယ် ၊ မင်းတို့ကတော့ အရိုးရောအသားရော စားတဲ့အပြင် ကျုပ်တိုင်းပြည်ကိုတောင် လုယူတယ်"
"ကျုပ်တို့တစ္ဆေတိုင်းပြည်က ဉာဏ်ရည်မထက်မြက်တာ မှန်တယ် ၊ အချိန်အကြာကြီးနေပြီးမှ နတ်ဘုရားရာထူးရရှိမယ့် အခွင့်အရေးက ဘယ်မှာရှိနေလဲဆိုတာ နားလည်ခဲ့ရတယ် ၊ ဒါပေမဲ့ အခုတော့ မင်းတို့ခွန်လွန်တောင်က အဲဒီအခွင့်အရေးကို လုယူသွားတဲ့အပြင် ကျုပ်တိုင်းပြည်ရဲ့ ကံကောင်းခြင်းတွေကိုပါ ဖြတ်တောက်ပစ်လိုက်တယ် ၊ ဒီနေ့ ကျုပ်တို့ တစ္ဆေတိုင်းပြည်က ခွန်လွန်တောင်နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"
"မင်းတို့ ဘာပဲပြောပြော ကျုပ်တို့ တစ္ဆေတိုင်းပြည်က ဒီကိစ္စကို လုံး၀ လက်မခံနိုင်ဘူး ၊ ခွန်လွန်တောင်ကို ပြန်ပေးဆပ်ရအောင် ကျုပ်လုပ်မယ် ၊ မင်းတို့တွေ သေခြင်းတရားနဲ့ ပြန်ပေးဆပ်ရမယ်"
စကားသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက မရပ်တန့်နိုင်သည့် အရှိန်အဟုန်နှင့်အတူ ဒေါသတကြီးဖြင့် ခွန်လွန်တောင်ရှိရာသို့ ဝင်ရောက်လာသည်။
သို့သော်…
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအား ခွန်လွန်တောင်ကို ဖုံးလွှမ်းလုနီးပါးအချိန်တွင် ရုတ်တရက် ခွန်လွန်တောင်မှ စကားသံတစ်သံ ထွက်ပေါ်လာသည်။
စကားသံက အလွန်ကျယ်လောင်သော်လည်း တိုင်းပြည်ကံကြမ္မာချီစွမ်းအားမှလွဲပြီး အခြားသူများ ကြားနိုင်ခြင်း မရှိပေ။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ နတ်ဘုရားရာထူး နောက်တစ်နေရာ ရှိနေသေးတယ်"
ထိုအသံကိုကြားသည်နှင့် တိုင်းပြည်ကံကြမ္မာချီစွမ်းအား တုံ့ခနဲ ရပ်တန့်သွားသည်။
သူက ထိုစကားက တကယ် ဟုတ် ၊ မဟုတ် စဉ်းစားနေဟန်ပင်။
ခွန်လွန်တောင်မှ စကားသံက ဆက်ပြောသည်။
"မင်းက ဦးနှောက်မရှိဘူးဆိုတာ ကျုပ်သိပါတယ် ၊ ဒါပေမဲ့ နတ်ဘုရားရာထူးတစ်ခုရဖို့ အခွင့်အရေး ရှိနေသေးတယ်ဆိုတာ မင်းကို သတိပေးချင်တာပါ"
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက တစ်စုံတစ်ခုကို အာရုံခံကြည့်လိုက်ပြီး တကယ်လည်း နတ်ဘုရားရာထူးတစ်ခု ရှိနေသေးသည်ကို သိရှိလိုက်သည်။
ပြီးမှ…
"မင်းတို့ပြောတာ မှန်နိုင်ပါတယ် ၊ ဒါပေမဲ့ ခွန်လွန်တောင်က ကျုပ်ရမယ့်အခွင့်အရေးကို ခိုးယူသွားတာတော့ အမှန်ပဲလေ ၊ မင်းတို့တွေ ကျုပ်ကို ဒီလိုစကားမျိုးပြောလိုက်တာနဲ့ ကျုပ်က ပြန်သွားမယ် ထင်သလား"
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားမှ တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး နောက်ပြန်ဆုတ်မည့်ဟန် မရှိပေ။
"မင်း နောက်ကျသွားတာနဲ့ အဲဒီအခွင့်အရေးက နတ်မိစ္ဆာတွေလက်ထဲ ရောက်သွားလိမ့်မယ်"
ခွန်လွန်တောင်မှအသံက တိုင်းပြည်ကံကြမ္မာချီစွမ်းအားကို အရေးမစိုက်ဟန်ဖြင့် အေးဆေးစွာ ပြောလိုက်သည်။
"… ယုတ်မာတဲ့လူသားတွေ ၊ မင်းပြောတဲ့ စကား (၃)ခွန်းက ကျုပ်စိတ်ကို ပြောင်းလဲသွားစေတယ် ၊ ကျုပ်တို့တွေက အသိဉာဏ်နည်းလို့ မင်းတို့တွေ အနိုင်ကျင့်တာ ခံရတယ် ၊ နတ်မိစ္ဆာတွေနဲ့ ကိစ္စပြီးရင် ကျုပ် သေချာပေါက် မင်းတို့ဆီက ဖြေရှင်းချက်လာတောင်းမယ် ၊ သစ္စာမဲ့ ကောက်ကျစ်တဲ့ သူခိုးဓားပြလိုကောင်တွေ ၊ ကျုပ် ပြန်လာခဲ့မယ်"
ပြောပြီးသည်နှင့် တစ္ဆေချီစွမ်းအားက မြင့်တက်လာပြီး နောက်ပြန်ဆုတ်သွားရန် ဟန်ပြင်လိုက်သည်။
ခွန်လွန်တောင်မှ အသံက…
"ခဏနေဦး..."
"ကျစ်… ကျစ်.. လောဘကြီးတဲ့ လူသားတွေ ၊ မင်းတို့က ကျုပ်တို့ရထားတဲ့ စစ်ပွဲအကျိုးအမြတ်တွေကို လုယူချင်နေသေးတာလား"
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက ခွန်လွန်တောင်ဆီသို့ လှည့်ကြည့်ရင်း မေးလိုက်သည်။
"မဟုတ်ပါဘူးကွာ ၊ မင်းတို့တွေက ဉာဏ်နည်းလွန်းတော့ နတ်ဘုရားရာထူးအတွက် နာမည်လှလှလေးတစ်ခုလောက် ရွေးပေးချင်လို့ပါ ၊ ဒါမှ မင်းရဲ့လူတွေလည်းသိက္ခာမကျမှာလေ"