← Chapters

အခန်း (၂၀၈၁-၂၀၈၂)

Vol. 149 Ch. 2081-2082

အခန်း (၂၀၈၁-၂၀၈၂)

Vol. 149 Ch. 2081-2082

အခန်း(၂၀၈၁)

လွန်ခဲ့သောနှစ်ပေါင်းသောင်းချီခန့်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူရွှယ်သောင်းကို မွေးထုတ်နိုင်ခဲ့သည်။

ကူရွှယ်သောင်းသည် အနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်ပြီး ဂိုဏ်းထဲရှိ ပါရမီရှင် အများအပြားကို လွှမ်းမိုးနိုင်ခဲ့ကာ ဂိုဏ်း၏ အသန်မာဆုံး ပါရမီရှင် ဖြစ်လာခဲ့သည်။

နှစ်အနည်းငယ် အတွင်းမှာပင် ကူရွှယ်သောင်းသည် လမ်းစဥ် ၈မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို တက်လှမ်းရန် အတွက် ကြိုးစားနေခဲ့သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နှစ်ပေါင်း ထောင်သောင်းချီအတွင်း ကူရွှယ်သောင်းသည် ပထမဆုံး သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်လာရန် အလွန်ပင် မျှော်လင့်ချက် ရှိခဲ့၏။

ထိုအကြောင်းကြောင့်ပင် ကူရွှယ်‌သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အမွေဆက်ခံမည့် နတ်ဘုရားသားတော်အဖြစ် လူသိများလာခဲ့သည်။

သို့သော်လည်း ကူရွှယ်သောင်း၏ ကျော်ကြားလာမှုသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အခြားသော ပါရမီရှင်တစ်ဦးကို မနာလိုမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုလူက ကူရွှယ်သောင်းသည် သူပိုင်ဆိုင်မည့် အရာအားလုံးကို လုယုသွားသည်ဟု မကျေမနပ် ဖြစ်ကာ နှစ်ပေါင်းများစွာ လျှို့ဝှက်ကြံစည်နေခဲ့ပြီး ကူရွှယ်သောင်းကို ရှင်းပစ်ရန်အတွက် ပြင်ပလူများနှင့် ပူးပေါင်းရန်ပင် ဝန်မလေးခဲ့ပေ။

ထိုစဥ်က ကူရွှယ်သောင်းသည် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခဲ့သောကြောင့် သတိလက်လွတ် ဖြစ်ကာ ထိုလူအား အခွင့်အရေးပေးမိခဲ့ပြီး ထိုလူ ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် တည်နေရာရွှေ့ပြောင်းနိုင်သည့် နေရာလွတ် မှော်ရတနာတစ်ခု ရှိနေခဲ့၍ သေရေးရှင်ရေးအခြေအနေတွင် ထာဝရဟင်းလင်းပြင် ထဲသို့ ထွက်ပြေးနိုင်ခဲ့၏။

သို့မဟုတ်လျှင် ထိုတိုက်ပွဲကြီး၌ သူကျဆုံးသွားခဲ့လောက်ချေပြီ။

နတ်ကုန်းမြေတိုက်မှ သူထွက်ပြေးပြီးနောက်တွင် ကူရွှယ်သောင်းသည် ထိုလူက သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်မှန်း သိသောကြောင့် နတ်ကုန်းမြေတိုက် အနီးရှိ နယ်မြေများတွင် မနေရဲခဲ့ပေ။

ထို့ကြောင့် ထာဝရဟင်းလင်းပြင်၏ အလယ်ဗဟိုနှင့် ဝေးရာသို့ သွားရောက်ခဲ့ပြီး အဆုံးသတ်တွင် မဟာမြေရိုင်း နယ်မြေသို့ ရောက်ရှိသွားခဲ့ကာ ထိုနေရာရှိ ဟန်ယွဲ့နန်းတော်တွင် ခိုအောင်းခဲ့သည်။

ဤနှစ်များ တစ်လျှေက်လုံးတွင် ကူရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်တွင် နေထိုင်ရင်း ဒဏ်ရာများကို ကုသကာ ကျင့်ကြံနေခဲ့၏။

ထိုစဥ်က တိုက်ပွဲကြောင့် ကူရွှယ်သောင်းသည် ဒုက္ခများစွာ ပေးဆပ်ခဲ့ရပြီး အဆုံးသတ်တွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အ‌ရေးအား ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် သူက ကြယ်နှစ်ပွင့်အရှင် အဖြစ်သာ ထိုးဖောက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင်မူ ကြယ်နှစ်ပွင့် မြေကြီးအရှင်အဆင့်အထိ တိုးတက်လာခဲ့သည်။

ကြယ်နှစ်ပွင့် မြေကြီးအရှင် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ကူရွှယ်သောင်းသည် သူ့ကိုသူ ကာကွယ်နိုင်စွမ်း ရှိပြီဟု ယူဆကာ နတ်ကုန်းမြေတိုက်သို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ကူရွှယ်သောင်းသည် သူ့ကို ရင်ဆိုင်ရန် ထိုလူက အပြည့်အဝ ပြင်ဆင်ထားမည်ကို ကောင်းစွာ သိထားခဲ့၏။

အကယ်၍ သူက နတ်ကုန်းမြေတိုက်သို့ ပြန်ခဲ့လျှင်ပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် သူ့အတွက် နေရာရှိမည်မဟုတ်တော့ပေ။

သူဆုံးရှုံးသွားသည့် အရာအားလုံးကို ပြန်လည်ရယူရန် အတွက် ကူရွှယ်သောင်းသည် ယုံကြည်ရသော လူတစ်ဦး အမှန်တကယ် လိုအပ်နေခဲ့သည်။

သူ့ကိုယ်စား ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ သွားရောက်ပြီး မှော်ရတနာ တစ်ခုကို ယူဆောင်ပေးနိုင်မည့်သူ ရှိမှသာ အတိတ်က ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကို ပြန်လည်ဖော်ထုတ်နိုင်မည် ဖြစ်၏။

ထိုသို့ သူကိုယ်စား လုပ်ဆောင်ပေးမည့်သူသည် ပါရမီထူးချွန်ရမည် ဖြစ်ပြီး လိုအပ်သော မှော်ရတနာနှင့် ထိတွေ့ခွင့်ရရန် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်လာရန်လည်း လိုအပ်သည်။

ကံဆိုးစွာဖြင့် ကူရွှယ်သောင်းသည် ဝေးလံခေါင်ဖျားသော မဟာမြေရိုင်းနယ်မြေသို့ ရောက်ရှိလာခဲ့သဖြင့် သူ့စိတ်ကြိုက်ပါရမီရှင်မျိုးကို ရှာမတွေ့ခဲ့ပေ။

ကျန်းချန် ပေါ်လာသောအခါမှသာ ကူရွှယ်သောင်းသည် အဆုံးသတ်တွင် မျှော်လင့်ချက် ရောင်ခြည်တချို့ကို မြင်တွေ့ခဲ့ရသည်။

ဤတစ်ကြိမ် သူက နတ်ကုန်းမြေတိုက်သို့ အရင်ပြန်သွားခဲ့သည်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ လက်ရှိ အခြေအနေကို လျှို့ဝှက်စုံစမ်းလို၍သာ ဖြစ်သည်။

သို့သော်လည်း သူမျှော်လင့်မထားသည်မှာ နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်မှာပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် သူ့ကို မမေ့သေးခြင်းပင်။

သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် သူ မည်သူမည်ဝါဖြစ်ကြောင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းသားများက သိရှိသွားခဲ့ကြသည်။

အဆုံးသတ်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆီသို့ ထွက်ပြေးခဲ့ရသည်။

သို့သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ထိုမျှလောက်ဖြင့် သူ့ကို အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိဘဲ ကောင်းကင်အရှင် နှစ်ပါးကို စေလွှတ်ကာ မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေ အထိ လိုက်လံ သတ်ဖြတ်စေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သေရေးရှင်ရေး အခြေအနေတွင် ကူရွှယ်သောင်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ပုန်းအောင်းနေသော လီကျန့်နှင့် တွေ့ဆုံခဲ့ရသဖြင့်သာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုကူ.. အဲဒီတုန်းက အစ်ကိုကူကို လုပ်ကြံခဲ့တဲ့လူက ကူထျန်းလင်းပဲ မဟုတ်လား”

လီကျန့်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

“အဲဒီကောင်က လူကောင်း မဟုတ်ဘူးဆိုတာ ကျွန်တော် သိသားပဲ”

ကူရွှယ်သောင်း မမွေးဖွားမီက ကူထျန်းလင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်ခဲ့သည်။

လူတိုင်းက ဤမျိုးဆက်၏ နတ်ဘုရားသားတော် နေရာ အတွက် ကူထျန်းလင်းမှလွဲ၍ အခြားသူ မရှိနိုင်တော့ဟု တွေးမိနေချိန်မှာပင် ကူရွှယ်သောင်းသည် ပြိုင်ဘက်ကင်းပါရမီဖြင့် ကူထျန်းလင်းကို ကျော်ဖြတ်ကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်လာခဲ့သည်။

ထို့ကြောင့် လီကျန့် အနေဖြင့် တကူးတက စဥ်းစားနေစရာပင် မလိုအပ်ဘဲ ထိုစဥ်က ကူရွှယ်သောင်းကို တိုက်ခိုက်ခဲ့သူမှာ ကူထျန်းလင်း ဖြစ်ကြောင်း ခန့်မှန်းမိခဲ့ခြင်းသာ။

“ဟုတ်တယ် ကူထျန်းလင်းပဲ”

ကူရွှယ်သောင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ငါ့ကို မဖယ်ရှားရင် သူက ဘယ်လိုလုပ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် ဖြစ်လာနိုင်မှာလဲ”

ကူထျန်းလင်းက ထိုစဥ်က အလွန်ပင် ဟန်ဆောင်ကောင်းခဲ့သည်။

ကူရွှယ်သောင်း နတ်ဘုရားသားတော် ဖြစ်လာကတည်းကပင် ကူထျန်းလင်းသည် အေးအေးဆေးဆေးသာ နေထိုင်ခဲ့ပြီး မည်သည့် မကျေမနပ်မှုကိုမျှ ပြသခဲ့ခြင်း မရှိပေ။

သို့သော် နောက်ကွယ်တွင်မူ နှစ်ပေါင်းများစွာ လျှို့ဝှက်ကြံစည်နေခဲ့ပြီး ကူရွှယ်သောင်းကို ပြင်ပလူများနှင့် ပူးပေါင်းကာ လုပ်ကြံခဲ့သည်။

“အစ်ကိုကူက ကျန်းချန်ကို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထဲ ဝင်ခိုင်းပြီး ဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာ ဖြစ်တဲ့ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ခိုးယူစေချင်တာလား”

လီကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ ဆိုသည်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင် အဆင့် မှော်ရတနာ ဖြစ်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးတွင် လူအနည်းငယ်ကသာ ထိုမှော်ကြေးမုံကို ထိတွေ့နိုင်ခွင့် ရှိ၏။

ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ရရှိနိုင်ရန် မျှော်လင့်ချက်မှာ အလွန်ပင် နည်းပါးလှသည်။

“ဟုတ်တယ်.. ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံက အချိန်လမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင်အဆင့် မှော်ရတနာပဲ.. အဲဒီမှန်က အချိန်ကို နောက်ပြန်ရစ်ပြီး ကြည့်ရှုနိုင်တဲ့ စွမ်းရည်ရှိတယ်.. ငါသာ အဲဒီမှန်ကို ရမယ်ဆိုရင် အတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ဖော်ထုတ်နိုင်လိမ့်မယ်”

ကူရွှယ်သောင်း၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူက ကျန်းချန်ကို အားတုံ့အားနာ အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး မင်းကို တပည့်အဖြစ် လက်ခံခဲ့တုန်းက ငါ့မှာ တခြား ရည်ရွယ်ချက်တွေရှိခဲ့တယ် ဆိုတာ ငါမငြင်းပါဘူး.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို သွားပြီး ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ခိုးယူဖို့ ဆိုတာက အရမ်းကို အန္တရာယ်များလွန်းတဲ့ ကိစ္စပဲ...အကယ်၍ မင်းမသွားချင်ဘူးဆိုရင်လည်း ငါဒီစကားကို မပြောခဲ့ဖူးဘူးလို့ပဲ မှတ်လိုက်ပါ”

ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ ဆိုသည်မှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်ပြီး သာမန်အကြီးအကဲများပင်လျှင် အနီးသို့ ကပ်ခွင့်မရှိပေ။

ကူရွှယ်သောင်းသည် ယခင်က နတ်ဘုရားသားတော်ဖြစ်ခဲ့သောကြောင့် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ၏ တည်နေရာကို သိထားသလို မည်သို့ သွားရောက်ရမည်ကိုလည်း သိထားခဲ့သည်။

သို့သော်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ခိုးယူလာရန်မှာ အသက်ကိုးချောင်းရှိမှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းချန် မသွားချင်လျှင် ကူရွှယ်သောင်းသည် အတင်းအကျပ် တွန်းအားပေးမည် မဟုတ်ပေ။

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“ဆရာ ဒီလောက်အထိ အလုပ်ရှုပ်မခံပါနဲ့.. ကျွန်တော်တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် သွားလို့ရတာပဲ.. ဟိုရောက်ရင် သူတို့ကို ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံထုတ်ခိုင်းပြီး အချိန်ကို ပြန်ရစ်ကြည့်ခိုင်းလိုက်ရင် ရပြီမဟုတ်လား”

“ဒီလောက်ထိ ဘယ်လွယ်ပါ့မလဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်အဆင့် အကြီးအကဲက လောကီရေးရာတွေကို စိတ်မဝင်စားဘဲ တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေလေ့ရှိတယ်.. ငါနတ်ဘုရားသားတော် ဖြစ်တုန်းက ငါ့ကို ကာကွယ်ပေးခဲ့တဲ့ ကြယ်သုံးပွင့် ကောင်းကင်အရှင်ကလည်း အဲဒီတိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီ.. ဒါ့အပြင် နှစ်ပေါင်းသောင်းချီ ကာလအတွင်းမှာ ကူထျန်းလင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ထိန်းချုပ်ထားလိုက်ပြီ. သူက ငါ့ကို ဘယ်လိုလုပ်ပြီး ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြုခွင့် ပေးနိုင်မှာလဲ”

ကူရွှယ်သောင်းက ခေါင်းကို ခါရမ်းကာ ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ဒါက သူ့ရဲ့ဆန္ဒအပေါ်မှာ မမူတည်ပါဘူး”

ကျန်းချန်က ဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။

“အကယ်၍ ကူထျန်းလင်းက သဘောမတူဘူးဆိုရင် ကျွန်တော်တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဖြိုချပစ်လိုက်ရုံပဲပေါ့”

ယခုအခါတွင် ကူရွှယ်သောင်းသည် ကြယ်နှစ်ပွင့်ကောင်းကင်အရှင် အဖြစ်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကူရွှယ်သောင်းနှင့် ယှဥ်နိုင်သည့် ကျင့်ကြံသူမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိတော့မည် ဖြစ်သည်။

ထို့အပြင် သူကိုယ်တိုင်ကလည်း လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး နယ်မြေနတ်ဘုရား အဆင့်ကို အောင်မြင်စွာ ထိုးဖောက်ထားခဲ့သူ ဖြစ်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူထွက်မလာသရွေ့ သူတစ်ယောက်တည်းနှင့်ပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိ၏။

အကယ်၍ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့်ကျင့်ကြံသူ ထွက်ပေါ်လာလျှင်ပင် ကျန်းချန်၏ လက်ရှိခွန်အားအရ အလွန်အမင်း ကြောက်ရွံ့နေစရာ လိုအပ်မည် မဟုတ်ပေ။

ဆိုရလျှင် နတ်ဘုရင်အဆင့်၏ စွမ်းအားက မည်မျှသန်မာသည်ကို သူကိုယ်တိုင်လည်း စမ်းသပ်ကြည့်ချင်နေခဲ့၏။

အခန်း(၂၀၈၁)ပြီး၏။

အခန်း(၂၀၈၂)

“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဖြိုလှဲမလို့လား”

ကျန်းချန်၏ စကားကိုကြားလျှင် ကူရွှယ်သောင်းသည် ခဏမျှ မှင်တက်သွားခဲ့သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားစု မဟုတ်သော်လည်း နတ်ဘုရင်အဆင့်ကျင့်ကြံသူကို ပိုင်ဆိုင်ထားသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်၍ ၎င်း၏ အင်အားကို လျှော့တွက်၍ မရပေ။

သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင်လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ သွားရောက်၍ မရမ်းကားဝံ့ချေ။

သူက ကံကောင်းထောက်မစွာဖြင့် ကြယ်နှစ်ပွင့်ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း ကျန်းချန်ကမူ လမ်းစဥ် ၁၀မျိုး၏ စွမ်းအားဖြင့် ကြယ်လေးပွင့် အရှင်သခင်အဆင့်ကို ထိုးဖောက်ထားသူ ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ ကြာပြီးသည့်နောက်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အထိပ် အကြီးအကဲ ဖြစ်သော နတ်ဘုရင်သည် သူ့အပေါ်တွင် မည်ကဲ့သို့ သဘောထားရှိသည်ကို ကူရွှယ်သောင်း ကောင်းစွာ မသိတော့ပေ။

အကယ်၍သာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မဆင်မခြင်သွားရောက် တိုက်ခိုက်မည်ဆိုလျှင် အနည်းငယ် သတိလက်လွတ် ဖြစ်ရုံဖြင့် အရာအားလုံး ပျက်စီးသွားနိုင်သည်မဟုတ်ပါလား။

“အစ်ကိုကူ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက လူတွေလည်း ကူထျန်းလင်းရဲ့လှည့်ဖျားမှုကို ခံထားရတာ ဖြစ်နိုင်ပါတယ်.. အစ်ကိုကူကို ကူထျန်းလင်းက လုပ်ကြံခဲ့မှန်း အထွတ်အထိပ် အကြီးအကဲတောင် မသိလောက်ဘူးလို့ ကျွန်‌တော် သံသယဖြစ်မိတယ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တစ်ခါတည်းသွားပြီး ကူထျန်းလင်းရဲ့ မျက်နှာဖုံး အစစ်အမှန်ကို ခွာချဖို့ ကျွန်တော်လည်း သဘောတူတယ်”

ဤအချိန်တွင် လီကျန့်၏ မျက်ဝန်းများ၌ အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

ယခင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နတ်ကုန်းမြေတိုက်တွင် ထိပ်တန်းအင်အားစု စာရင်းထဲ၌ ပါဝင်သည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ဖြစ်ရပ်အပြီးတွင် ကူရွှယ်သောင်းကို အကာအကွယ်ပေးခဲ့သော ကြယ်သုံးပွင့် ကောင်းကင်အရှင် သေဆုံးသွားပြီးနောက်၌ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အကြီးအကျယ် အင်အားယုတ်လျော့သွားခဲ့သည်။

ယနေ့ခေတ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် လောကီရေးရာကိစ္စများကို စိတ်မဝင်စားသည့် အထွတ်အထိပ် အကြီးအကဲနတ်ဘုရင်က လွဲလျှင် ကြယ်သုံးပွင့် ကောင်းကင်အရှင် ပင်လျှင် မရှိတော့ပေ။

ဂိုဏ်း၏ အသန်မာဆုံး ကျင့်ကြံသူ အဖြစ် ကြယ်နှစ်ပွင့်ကောင်းကင်အရှင်သခင် နှစ်ဦး၊ သုံးဦးခန့်သာ ကျန်ရှိတော့၏။

ထိုကဲ့သို့ ကျင့်ကြံသူများကို ကူရွှယ်သောင်း မပါဝင်လျှင်ပင် ကျန်းချန် တစ်ယောက်တည်းဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်စွမ်း ရှိသည်။

လွန်ခဲ့သော ၂နှစ်ကျော် ခန့်ကတည်းကပင် ကျန်းချန်သည် နယ်မြေနတ်ဘုရား အဆင့်ကို မထိုးဖောက်ရသေးသော်လည်း ကြယ်တစ်ပွင့် ကောင်းကင်အရှင် ဖြစ်သော လဲ့ကျောင်းကို အလွယ်တကူပင် အနိုင်ယူနိုင်ခဲ့သည်။

ထိုအချိန်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်ထက် မနိမ့်ကျခဲ့ပေ။

ယခုအခါတွင် ကျန်းချန်သည် လမ်းစဥ် ၁၀မျိုး၏ စွမ်းအားကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ သမိုင်းတွင် တစ်ခါမျှ မထွက်ပေါ်ခဲ့ဖူးသော ကြယ်လေးပွင့် အရှင်သခင် တစ်ပါး ဖြစ်လာခဲ့ချေပြီ။

လက်ရှိတွင် ကျန်းချန်၏ ခွန်အားက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းမည်ကို လီကျန့် အနေဖြင့် တွေးပင် မတွေးရဲပေ။

ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရင်ကို ယှဥ်နိုင်၊ မယှဥ်နိုင် လီကျန့် မသိသော်လည်း အနည်းဆုံးတော့ နတ်ဘုရင်အဆင့်အောက်တွင် ကျန်းချန်ကို ယှဥ်နိုင်မည့်သူ ရှိမည် မဟုတ်ပေ။

“ကောင်းပြီလေ.. ဒါဆိုလည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆီကို တိုက်ရိုက်သွားပြီး စာရင်းရှင်းကြတာပေါ့”

ကူရွှယ်သောင်း၏ မျက်ဝန်းများတွင် အနည်းငယ် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထွတ်အမြတ် ရတနာတစ်ပါး ဖြစ်သည်။

ကျန်းချန်အနေဖြင့် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ထိုမှန်ကို ရှာတွေ့နိုင်သော်လည်း မည်သူမှ မသိအောင် ခိုးယူနိုင်မည့် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှ၏။

တစ်ချက်ကလေး မှားသည်နှင့် ကျန်းချန်သည် အကြီးအကျယ် ဒုက္ခတွေ့သွားနိုင်ပေသည်။

ထိုသို့ ဖြစ်မည့်အစား ဆရာတပည့် ပူးပေါင်းကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပေါ်ပေါ်ထင်ထင် သွားရောက်ဖြေရှင်းခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလော။

တစ်ချိန်က နာမည်ကျော်ကြားခဲ့‌သော ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်းနတ်ဘုရား သားတော် ပြန်ရောက်လာပြီ ဖြစ်ကြောင်း သူက လူတိုင်းကို သိစေချင်ခဲ့သည်။

------------------

ထျန်းလင်မြို့သည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသရှိ အနောက်တောင်ပိုင်းမှ ကျော်ကြားသော မြို့ကြီးတစ်မြို့ ဖြစ်ပြီး မိုင်ပေါင်း သန်းချီ ကျယ်ဝန်းသော နယ်မြေ၏ ဗဟိုချက်လည်း ဖြစ်သည်။

ထိုမိုင်ပေါင်းသန်းချီ ကျယ်ဝန်းသော နယ်မြေအတွင်းတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် သမိုင်းကြောင်းအလွန်အမင်း မရှည်လျားသော်လည်း အနည်းဆုံး နှစ်သန်းပေါင်း ငါးရာခန့် ရှိပြီ ဖြစ်ရာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် တည်တံ့လာခဲ့သော ဂိုဏ်းကြီး တစ်ဂိုဏ်းလည်း ဖြစ်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မျိုးဆက်များ ပြတ်လပ်သွားခြင်း မရှိခဲ့ပေ။

တစ်နည်းအားဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စတင် တည်ထောင်စဥ်ကတည်းက ရေတွက်လျှင် အနည်းဆုံး နတ်ဘုရင်အဆင့် ကျင့်ကြံသူ လေး၊ငါးဦးခန့် ပေါ်ထွက်ခဲ့ပြီးပြီ ဖြစ်၏။

ဤကဲ့သို့ နောက်ခံ အကြောင်းအရင်းကြောင့် နတ်ကုန်းမြေတိုက်ရှိ သမိုင်းကြောင်း ရှည်လျားသော ရှေးဟောင်းမျိုးနွယ်စုကြီးများနှင့် မယှဥ်နိုင်လျှင်ပင် လျှော့တွက်၍ မရသော ဂိုဏ်းကြီး တစ်ဂိုဏ်းဟုပင် သတ်မှတ်၍ ရသည်။

ကျန်းချန်တို့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ တိုက်ရိုက်သွားရောက်ရန် ဆုံးဖြတ်ပြီးနောက်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ ထွက်ခွာလာခဲ့ပြီး ထျန်းလင်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။

“ဒါက ထျန်းလင်မြို့လား.. တကယ်ကို စည်ကားတာပဲ”

ထျန်းလင်မြို့သို့ ရောက်လာပြီးနောက်တွင် ကျန်းချန်သည် မြို့၏ စည်ကားမှုကို ကြည့်ကာ မှင်တက်သွားခဲ့သည်။

ဤမြို့သည် အလွန်တရာ ကျယ်ဝန်းပြီး ကျန်းချန် ယခင်က မြင်ဖူးသမျှ မြို့များထက် အဆပေါင်းများစွာ ပိုမို ကြီးမားကာ မိုင်ထောင်ချီ ကျယ်ဝန်း၏။

ထိုမျှသာမက ထျန်းလင်မြို့ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် အလွန်ပင် ပေါကြွယ်ဝသည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ သစ်သားဝိညာဥ်နတ်မျိုးနွယ်စု၏ နေရာနှင့် နှိုင်းယှဥ်လျှင်ပင် လုံးဝ နိမ့်ကျမှုမရှိပေ။

မြို့ထဲရှိ ကျယ်ပြောသော ကျောက်လမ်းမ ပေါ်တွင် ကျင့်ကြံသူများစွာ သွားလာနေခဲ့ကြသည်။

ထိုကျင့်ကြံသူများထဲတွင် ပကတိနတ်ဘုရား အဆင့်မှာ အလွန်တရာ ရှားပါးပြီး အများစုသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

နယ်မြေနတ်ဘုရားများနှင့် မြေကြီးအရှင်အဆင့် ကျင့်ကြံသူများကိုပင် နေရာအနှံ့တွင် တွေ့ရသည်။

တစ်ခါတစ်ရံတွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကိုပင် တွေ့ရတတ်၏။

“နတ်ကုန်းမြေတိုက်ရဲ့ နယ်မြေငါးခုထဲမှာ အလယ်ပိုင်းနယ်မြေက အစည်ကားဆုံးပဲ.. ကျန်တဲ့ နယ်မြေလေးခုမှာတော့ နတ်ဘုရင်အဆင့် အင်အားစုတွေက လက်ချိုးရေတွက်လို့ရတဲ့အထိ ရှားပါးတယ်.. ဒီထျန်းလင်မြို့က အရှေ့ဘက်ဒေသမှာ ရှိတဲ့ ထိပ်တန်းမြို့ကြီး ငါးမြို့ထဲက တစ်မြို့ဖြစ်ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ စီရင်ထားတဲ့ မဟာဝိညာဥ် စုဆောင်းခြင်း အစီအရင်ကို ပိုင်ဆိုင်ထားတယ်.. ဒါကြောင့်လည်း ထျန်းလင်မြို့က ကျင့်ကြံသူတွေ အတွက် မြင့်မြတ်တဲ့ နေရာတစ်ခု ဖြစ်ပြီး ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်တာပဲ”

“ကျင့်ကြံသူတွေတင် မဟုတ်ပါဘူး.. သာမန်လူသား တစ်ယောက်တောင် ဒီနေရာမှာ ရှိနေရင် ထျန်းလင်မြို့ရဲ့ စွမ်းအင်တွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်ကို ရောက်လာနိုင်တယ်”

ကျန်းချန်၏ နံဘေးမှ ခါးကုန်းကုန်း ဆံဖြူအဘိုးအို တစ်ဦးက သူ၏ရှေ့ရှိ မြို့တော်ကို ကြည့်ကာ သုံးသပ် ပြောဆိုလိုက်သည်။

ထိုခါးကုန်းကုန်း ဆံဖြူအဘိုးအိုမှာ တခြားသူ မဟုတ်ဘဲ ရုပ်ဖျက်ထားသော ကူရွှယ်သောင်းပင် ဖြစ်သည်။

မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် ကူရွှယ်သောင်းနှင့် လီကျန့်တို့ နှစ်ဦးစလုံးသည် ရုပ်ဖျက်ထားခဲ့ကြသည်။

“အမှန်ပဲ.. ထျန်းလင်မြို့က ဒီနယ်မြေထဲမှာ ကျင့်ကြံသူအများဆုံး ရှိတဲ့နေရာလို့တောင် ပြောလို့ရတယ်.. ကျင့်ကြံသူတွေက ထျန်းလင်မြို့ရဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကြောင့် ကျင့်ကြံဖို့ လာကြသလို နောက်ထပ် အ‌ရေးကြီးတဲ့ တစ်ခုကတော့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ တပည့်အဖြစ် ဝင်ရောက်ခွင့်ရဖို့ အခွင့်အရေး လာရှာကြတာပဲ.. နှမြောစရာကောင်းတာက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ တပည့်အသစ် လက်ခံတဲ့ သတ်မှတ်ချက်တွေက အရမ်းကို မြင့်မားတဲ့အတွက် သာမန်လူတွေအနေနဲ့ တပည့်အဖြစ် ဝင်ရောက်ခွင့်ရဖို့ ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်”

လီကျန့်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

အတိတ်ကို အမှတ်ရသွားဟန်ဖြင့် သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက်တွင် သူက အဆုံးသတ်၌ ထျန်းလင်မြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“သွားကြစို့.. ထျန်းလင်မြို့မှာ တည်းခိုဖို့နေရာ အရင်ရှာကြမယ်.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနဲ့ ပတ်သက်တဲ့သတင်းတွေကို အရင်စုံစမ်းပြီးမှပဲ ငါတို့တွေ သွားကြတာပေါ့”

ထိုအချိန်တွင် ကျန်းချန်သည် ထျန်းလင်မြို့၏ အရှေ့ဘက်အရပ်ဆီသို့ လှမ်းကြည့်နေခဲ့သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ထျန်းလင်မြို့၏ အရှေ့ဘက် အရပ်ရှိ မိုင်ထောင်ချီဝေးသော ရှေးဟောင်းဝိညာဥ်တောင်ပေါ်တွင် တည်ရှိသည်။

အဝေးမှ လှမ်းကြည့်လိုက်လျှင် လှပသော တောင်ထွတ် တစ်ခုသည် မြေပြင်ကနေ ထိုးထွက်နေသည်ကို လှမ်းမြင်ရမည်ဖြစ်သည်။

ထိုတောင်ထွတ်သည် ပေပေါင်း သောင်းချီ မြင့်မားကာ ကောင်းကင်ကြီးကို ထောက်ကန်ထားသည့် ဧရာမ တိုင်လုံးကြီး တစ်ခုနှယ် ရှိနေခဲ့သည်။

တောင်ထိပ်တွင် တစ်နှစ်ပတ်လုံး ထူထဲသောမြူနှင်းများ ဖုံးလွှမ်းနေသော်လည်း အတွင်းရှိ အဆောက်အဦးများကို ခပ်ရေးရေး မြင်နေရပြီး ထိုအဆောက်အဦးများသည် ဘုံပြာသာဒ်များနှယ် ကောင်းကင်တွင် တည်တံ့နေသကဲ့သို့ ရှိနေခဲ့၏။

“နတ်ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းလို့ မပြောရဘူး.. တကယ်ကို ထူးခြားတာပဲ”

ထို့အပြင် ရှေးဟောင်းဝိညာဥ် တောင်တစ်ခုလုံးတွင် နတ်ဘုရင် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများ ပျံ့လွင့်နေခဲ့၏။

ကျန်းချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ လာရောက်ရသည့် အကြောင်းအရင်းမှာ ဆရာဖြစ်သူအတွက် တရားမျှတမှုကို ရှာဖွေပေးရန်ဖြစ်သည်။

သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နယ်မြေတစ်ခုကို စိုးမိုးထားသည့် နတ်ဘုရင်အဆင့်အင်အားစု ဖြစ်၏။

ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း မဆင်မခြင် လုပ်ဆောင်မည့်သူ တစ်ဦး မဟုတ်ပေ။

ရန်သူ့အကြောင်းကို ကောင်းစွာ သိမှသာ တိုက်ပွဲတိုင်းတွင် အနိုင်ရနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနှင့် ရင်မဆိုင်မီ ဂိုဏ်း၏ အခြေအနေကို အရင်ဦးစွာ စုံစမ်းရပေလိမ့်မည် ဖြစ်သည်။

အခန်း(၂၀၈၂)ပြီး၏။

All Chapters