အခန်း (၂၀၈၃-၂၀၈၄)
Vol. 149 Ch. 2083-2084
အခန်း(၂၀၈၃)
ကူရွှယ်သောင်းနှင့်လီကျန့်တို့သည် တစ်ချိန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ဖြစ်ခဲ့ကြ၍ သဘာဝကျစွာပင် ထျန်းလင်မြို့အကြောင်းကို နှံ့နှံ့စပ်စပ် သိရှိထားကြသည်။
မကြာခင်မှာပင် သူတို့သည် ကျန်းချန်ကို ထျန်းကျီနတ်မျှော်စင်ဟု ခေါ်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြ၏။
“ထျန်းကျီနတ်မျှော်စင်လား”
သူ့ရှေ့ရှိ အဆောာက်အဦး၏ တံခါးဝအထက်မှ ဆိုင်းဘုတ်ကိုကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
မဟာမြေရိုင်းနယ်မြေတွင် ရှိစဥ်က ကျန်းချန်သည် ထျန်းကျီမျှော်စင်ဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုတစ်ခုနှင့် တွေ့ဆုံခဲ့ဖူးသည်။
ယခု ထျန်းကျီနတ်မျှော်စင်ဟု ခေါ်ဆိုသောနေရာသည် ထိုအချိန်က သူတွေ့ခဲ့သော အဆောက်အဦးနှင့် မည်ကဲ့သို့ ပတ်သက်မှု ရှိနေနိုင်ပါသနည်း။
“ကျန်းချန်.. ထျန်းကျီနတ်မျှော်စင်က မဟာမြေရိုင်းနယ်မြေက ထျန်းကျီမျှော်စင်နဲ့ အမှန်တကယ်ပဲ ပတ်သက်မှုရှိပါတယ်”
ကူရွှယ်သောင်းက ကျန်းချန်၏ စိတ်ထဲမှ အတွေးကို ရိပ်မိခဲ့ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ထျန်းကျီနတ်မျှော်စင်က ထာဝရဘုရားကျောင်းလိုပဲ နတ်ဘုရားနယ်မြေမှာ ကျော်ကြားတယ်.. ဒီအင်အားစုနှစ်ခုက နတ်ဘုရားနယ်မြေရဲ့ အလျှို့ဝှက်ဆုံး အင်အားစုနှစ်ခု အဖြစ် လူသိများကြတယ်.. ထာဝရဘုရားကျောင်းက ထာဝရဟင်းလင်းပြင်အနှံ့မှာ ဌာနခွဲတွေ ရှိနေသလိုပဲ.. ထျန်းကျီနတ်မျှော်စင်ရဲ့ အကိုင်းအခက် ဖြစ်တဲ့ ဌာနခွဲတွေကလည်း နတ်ဘုရားနယ်မြေရဲ့ နယ်မြေ အသီးသီးမှာ ပျံ့နှံ့နေတယ်.. ဒါပေမဲ့ ထာဝရဘုရားကျောင်းနဲ့ နှိုင်းယှဥ်ရင် ထျန်းကျီနတ်မျှော်စင်က ပိုပြီးတော့ လျှို့ဝှက်တယ်.. ထာဝရဘုရားကျောင်းက နတ်ဘုရားနယ်မြေ ပျက်စီးသွားပြီးမှ ပေါ်လာတာ ဖြစ်ပြီး ထျန်းကျီမျှော်စင်ကတော့ ရှေးခေတ်ကတည်းက တည်ရှိနေတဲ့အင်အားစုပဲ.. ထျန်းကျီနတ်မျှော်စင်က နတ်ဘုရားနယ်မြေရဲ့ သက်တမ်းအရှည်ဆုံး အင်အားစုလို့တောင် ပြောလို့ရတယ်”
ထိုစကားကို ပြောနေစဥ် ကူရွှယ်သောင်း၏ မျက်ဝန်းများတွင် လေးစားသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
နတ်ကုန်းမြေတိုက်တွင် ထျန်းကျီနတ်မျှော်စင်သည် ကျင့်ကြံသူအများစု မထိရဲသည့် အင်အားစုများထဲမှ တစ်စုဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
“ထျန်းကျီနတ်မျှော်စင်က တကယ်ကို ကြောက်ဖို့ကောင်းတဲ့အင်အားစုပဲ...ဒီနေရာမှာ ဘယ်လိုကိစ္စမဆို ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်.. မင်းအနေနဲ့ လုံလောက်တဲ့ အဖိုးအခကို ပေးနိုင်သရွေ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ကို ဝယ်ချင်တယ်ဆိုရင်တောင် ထျန်းကျီ နတ်မျှော်စင်က မင်းအတွက် လုပ်ဆောင်ပေးနိုင်တယ်”
လီကျန့်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် အံ့သြတုန်လှုပ်သွားခဲ့ရသည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဆိုသည်မှာ မဟာလမ်းစဥ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ကျင့်ကြံသူအဆင့် ဖြစ်သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းသည် နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
အကယ်၍သာ နတ်ဘုရင်အဆင့်၏ အသက်ကို ဝယ်ယူနိုင်သည် ဆိုလျှင် ထျန်းကျီနတ်မျှော်စင်တွင် နတ်ဘုရင်အဆင့်ကျင့်ကြံသူကို အမဲလိုက်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ထျန်းကျီနတ်မျှော်စင်သို့ လှမ်းဝင်လာခဲ့သည်။
အပြင်ဘက်မှ ကြည့်လျှင် ထျန်းကျီနတ်မျှော်စင်သည် ပေသုံးဆယ်ခန့်သာ မြင့်သော်လည်း အတွင်း၌မူ အနည်းဆုံး ပေတစ်ထောင်ခန့် မြင့်မားနေခဲ့၏။
အထဲတွင် အထက်ပေါင်းများစွာ ရှိပြီး တစ်ထပ်နှင့်တစ်ထပ်သည် အမျိုးအစား မတူညီကြပေ။
စင်စစ် ထျန်းကျီနတ်မျှော်စင်၏ အတွင်းပိုင်းကို ဟင်းလင်းပြင်စွမ်းအား တချို့ အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
“ဘာများ အလိုရှိပါသလဲ”
ခန်းမထဲမှ ထျန်းကျီနတ်မျှော်စင်၏ အစေခံတစ်ဦးသည် ကျန်းချန်တို့ သုံးဦးကို မြင်လျှင် အနားသို့ လာရောက်၍ မေးမြန်းလိုက်သည်။
ကျန်းချန်က အစေခံကို အကဲခတ်ကြည့်လိုက်ရာ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေသည်ကို တွေ့လိုက်ရလျှင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။
နယ်မြေနတ်ဘုရား အဆင့်သည် နတ်ကုန်းမြေတိုက်၏ ပြင်ပရှိ အခြားသော နယ်မြေများတွင်ဆိုလျှင် နယ်မြေနတ်ဘုရားအင်အားစု တစ်ခုကို တည်ထောင်နိုင်သော အဆင့် ဖြစ်သည်။
သို့သော်လည်း ထျန်းကျီနတ်မျှော်စင်တွင်မူ သာမန် အစေခံတစ်ဦး အဆင့်သာ ရှိနေခဲ့၏။
ဤသည်ကပင် ထျန်းကျီနတ်မျှော်စင်က မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း ပြသနေသည် မဟုတ်ပါလော။
ကျန်းချန်က စိတ်ထဲမှ အတွေးများကို ရှင်းထုတ်လိုက်ပြီး အစေခံကို တိုက်ရိုက်ပင် ပြောလိုက်သည်.
“ကျွန်တော်တို့က သတင်းအချို့ကို ဝယ်ချင်လို့ပါ”
“ဒါဆို ကျေးဇူးပြုပြီး ငါ့နောက်ကနေ လိုက်ခဲ့ပေးပါ”
အစေခံက အပိုစကားများ ပြောမနေဘဲ ကျန်းချန်တို့ သုံးဦးကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် အစေခံ၏ ဦးဆောင်မှုဖြင့် ကျန်းချန်တို့ သုံးဦးသည် အဆောက်အဦး၏ ကိုးထပ်မြောက်ရှိ အခန်းတစ်ခန်းထဲသို့ ရောက်ရှိလာခဲ့၏။
ထိုအခန်းထဲတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် မျက်လုံးကို မှိတ်၍ ထိုင်နေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါသည် အလွန်တရာပင် ထူးခြားလှပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှား၏။
“ဘယ်လိုသတင်းကို ဝယ်ချင်တာလဲ”
ကျန်းချန်တို့လူစု ဝင်ရောက်လာသည်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် ကျင့်ကြံသူအားလုံးရဲ့ အချက်အလက်တွေကို ဝယ်ချင်ပါတယ်”
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်တို့ သုံးဦးကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
သို့သော်လည်း ထျန်းကျီနတ်မျှော်စင်သည် အရောင်းအဝယ်ကို အဓိက လုပ်ဆောင်ပြီး အကြောင်းအရင်းကို ဂရုမစိုက်ဘဲ စျေးနှုန်းကိုသာ အမြဲပြောလေ့ရှိရာ အဘိုးအိုသည် အပိုစကားများ ပြောမနေတော့ပေ။
သူက ကျန်းချန်ကို လက်သုံးချောင်း ထောင်ပြလိုက်သည်။
“အဆင့်မြင့်နတ်ခရစ္စတယ် သုံးသန်း”
ကျန်းချန်သည် မဟာနဂါးနန်းတော်ထဲမှ အဆင့်မြင့် နတ်ခရစ္စတယ် သန်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ သုံးသန်းလောက်ကို ဂရုစိုက်မနေခဲ့ပေ။
သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရုံဖြင့် အဆင့်မြင့် နတ်ခရစ္စတယ် သုံးသန်းသည် အဘိုးအို၏ ရှေ့တွင် ပေါ်လာခဲ့သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ကြယ်တစ်ပွင့် ကောင်းကင်အရှင် ငါးပါး၊ ကြယ်နှစ်ပွင့်ကောင်းကင် အရှင် သုံးပါးနဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ပါးရှိတယ်.. သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေက ဒီစာလိပ်ထဲမှာပဲ.. မင်းဘာသာမင်း စစ်ဆေးကြည့်လိုက်ပါ”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက နတ်ခရစ္စတယ်များကို လက်ခံယူလိုက်ပြီးနောက်တွင် ကျန်းချန်၏ ရှေ့သို့ စာလိပ်တစ်လိပ်ကို ပစ်ပေးလိုက်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ သူ၏ ဝိညာဥ်အသိစိတ် အာရုံကို စာလိပ်ထဲသို့ ထည့်ကာ စာလိပ်ထဲရှိ အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။
ဤစာလိပ်ထဲရှိ အချက်အလက်များသည် အမှန်တကယ်ပင် အလွန်တရာ အသေးစိတ်လှသည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင်သခင် ကိုးပါး၏ တိကျသော ကျင့်ကြံခြင်း အဆင့်ကိုသာမက ၎င်းတို့၏ ထူးခြားသော စွမ်းရည်များကိုပင် အသေးစိတ် မှတ်တမ်းတင်ထား၏။
“နတ်ဘုရင်အဆင့်က လွဲရင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် သုံးပါးနဲ့ ကြယ်တစ်ပွင့် ကောင်းကင်အရှင် ငါးပါးပဲ ရှိတာဆိုတော့ သိပ်အခက်အခဲ မရှိလောက်ပါဘူး”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အသေးစိတ် အခြေအနေကို သိရှိပြီးနောက်တွင် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
စာလိပ်ပါ အချက်အလက်များ အရ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်သည် နှစ်ပေါင်း သန်းတစ်ရာ နီးပါး သက်တမ်း ရှိနေပြီဖြစ်၍ သက်တမ်းကုန်ဆုံးရန် သိပ်မလိုတော့ပေ။
ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် သေရေးရှင်ရေးကိစ္စ မဖြစ်ပေါ်သရွေ့ အလွယ်တကူ လှုပ်ရှားလိမ့်မည် မဟုတ်ချေ။
နတ်ဘုရင်အဆင့် ကျင့်ကြံသူကို ဖယ်ထားလိုက်လျှင်ပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် အင်အားစုသည် သာမန် ကျင့်ကြံသူများ အတွက် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ ဖြစ်၏။
သို့သော် ကျန်းချန် အတွက်မူ ၎င်းတို့သည် မည်သည့်ခြိမ်းခြောက်မှုမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
စာလိပ်ရှိ အချက်အလက်များကို ကြည့်ရှုပြီးနောက်တွင် ကျန်းချန်သည် စာလိပ်ကို အဘိုးအိုထံ ပြန်ပေးလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“ဒါနဲ့ မင်းကို သတင်းတစ်ခု အခမဲ့ ပေးလိုက်မယ်.. စာလိပ်ပေါ်က ကျင့်ကြံသူကိုးယောက် အပြင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ကြယ်သုံးပွင့် ကောင်းကင် အရှင်အဆင့်နဲ့ အနည်းဆုံး ယှဥ်နိုင်တဲ့ ကျင့်ကြံသူ တစ်ဦး အခုပဲ ထပ်တိုးလာခဲ့တယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားသံသည် ကျန်းချန်တို့၏ ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ကျန်းချန်က ခြေလှမ်းကို ခဏမျှ ရပ်လိုက်ပြီးနောက်တွင် အဘိုးအိုဘက်သို့ လှည့်ကြည့်ကာ ကျေးဇူးတင်စကား ပြောလိုက်ပြီး အခန်းထဲကနေ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
“စိတ်ဝင်စားစရာပဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ တစ်ချိန်က ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်က ဆန်းကြယ်တဲ့ကံကြမ္မာပိုင်ရှင် တစ်ယောက်နဲ့အတူ ပြန်ရောက်လာခဲ့ပြီ.. အဲဒီကောင်လေးရဲ့ ကံကြမ္မာကို ငါတောင် နားမလည်နိုင်ခဲ့ဘူး"
ကျန်းချန်တို့ သုံးဦး ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ်အဘိုးအို၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ထျန်းကျီမျှော်စင်တွင် ကံကြမ္မာကို ဖတ်ရှုရာ၌ ကျွမ်းကျင်သော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူ၏ အမြင်က အလွန်တရာပင် စူးရှပြီး နတ်ဘုရင်အဆင့်အောက်တွင် သူထိုးဖောက်မမြင်နိုင်သောသူ အနည်းငယ်မျှသာ ရှိသည်။
သူ၏ အမြင်အရ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နယ်မြေနတ်ဘုရား အဆင့်တွင်သာ ရှိသော်လည်း ကံကြမ္မာကမူ ထူးဆန်းပြီး ခန့်မှန်းရ ခက်ခဲနေခဲ့၏။
ဆိုရလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ကံကြမ္မာသည် သူ၏ ဘဝတွင် ပထမဆုံးအကြိမ် အဖြစ် ထိုးဖောက်မမြင်နိုင်သည့် ကံကြမ္မာဆိုလည်း မမှားပေ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကြီးမားသော အပြောင်းအလဲ တစ်ခု မကြာမီ ဖြစ်ပေါ်လာတော့မည်ဟု အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကြိုတင်၍ ခံစားမိနေခဲ့သည်။
အခန်း(၂၀၈၃)ပြီး၏။
အခန်း(၂၀၈၄)
“ကျန်းချန်.. ကူထျန်းလင်းရဲ့နောက်ကွယ်မှာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတယ်.. ဒီခရီးစဥ် အတွက် ငါတို့သေချာလေး ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်”
အခန်းထဲမှ ထွက်လာချိန်တွင် ကူရွှယ်သောင်း၏ မျက်နှာထက်၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ကူရွှယ်သောင်းကို မေးခွန်းထုတ်လိုက်သည်။
“ဆရာ.. အဲဒီကြယ်သုံးပွင့်ကောင်းကင်အရှင်က ဘယ်သူလဲဆိုတာကို ဆရာခန့်မှန်းမိလား”
“အစ်ကိုကူ.. ထျန်းကျီနတ်မျှော်စင်က ပေးလိုက်တဲ့ နောက်ဆုံးသတင်းက အစ်ကိုကူကို လုပ်ကြံခဲ့တဲ့သူနဲ့များ ပတ်သက်နေမလား”
လီကျန့်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး တစ်စုံတစ်ရာကို ချက်ချင်းဆိုသလိုပင် စဥ်းစားမိသွားခဲ့သည်။
ထိုစဥ်က ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်၍ ဂိုဏ်းအတွင်း၌ အလွန် မြင့်မားသော အဆင့်အတန်း ရှိသည်။
ဂိုဏ်း၏ တစ်ဦးတည်းသော ကြယ်သုံးပွင့် ကောင်းကင်အရှင်ကပင် ကူရွှယ်သောင်းကို စောင့်ရှောက်ပေးခဲ့ရသည် အထိပင်။
ကူထျန်းလင် မည်သို့ပင် အကွက်ဆင်သည် ဖြစ်ပါစေ၊ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ကူရွှယ်သောင်း ပိုင်ဆိုင်ထားသည့် စွမ်းအားနှင့် အဆင့်အတန်းအရ ဆိုလျှင် ကူရွှယ်သောင်းကို ခြိမ်းခြောက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် ကူထျန်းလင်း အနေဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်သုံးပွင့် ကောင်းကင်အရှင်ကို သတ်ဖြတ်ပြီး ကူရွှယ်သောင်းကို ထာဝရဟင်းလင်းပြင်ထဲသို့ ထွက်ပြေးစေခဲ့သည်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အင်အားတစ်ခုတည်းကိုသာ အသုံးပြုခဲ့ခြင်း မဟုတ်သည်မှာ သေချာသလောက် ဖြစ်သည်။
ယခုအခါတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၌ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင်များအပြင် ကြယ်သုံးပွင့်ကောင်းကင်အရှင်နှင့်ပင် ယှဥ်နိုင်သည့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့သည်။
ထိုသူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ မဟုတ်သည်မှာ ထင်ရှားလှ၏။
သို့မဟုတ်လျှင် ထျန်းကျီနတ်မျှော်စင်မှ ပုဂ္ဂိုလ်သည် သူတို့ကို သီးသန့် သတိပေးနေမည် မဟုတ်ပေ။
ထို့ကြောင့် ကြယ်သုံးပွင့် ကောင်းကင်အရှင်နှင့် ယှဥ်နိုင်သည့် ကျင့်ကြံသူသည် ကူထျန်းလင်း လျှို့ဝှက်စွာ ပူးပေါင်းထားသည့် အင်အားစုမှ ဖြစ်နိုင်သည်ဟု လီကျန့် အတွက် ခန့်မှန်းရန် မခက်ခဲခဲ့ပေ။
“၁၀ပုံ ၉ပုံလောက်က ဖြစ်နိုင်ခြေများတယ်”
ကူရွှယ်သောင်းက ခေါင်းညိတ်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အဲဒီတုန်းက ကူထျန်းလင်းနဲ့အတူ ငါ့ကို တိုက်ခိုက်ခဲ့တဲ့ သူတွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်.. ငါတောင် သူတို့ရဲ့ နောက်ခံကို မသိနိုင်ခဲ့ဘူး သူတို့တွေထဲမှာ ကြယ်သုံးပွင့် ကောင်းကင်အရှင်တစ်ပါးလည်း ပါဝင်နေခဲ့တယ်”
ကြယ်သုံးပွင့် ကောင်းကင်အရှင် ဆိုသည်မှာ လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးမှသာ ရောက်ရှိနိုင်သည့် အဆင့်ဖြစ်သည်။
သူတော်စင် ကောင်းကင်နတ်ဘုရားများသည်ပင် နတ်ကုန်းမြေတိုက်တွင် ရှားပါးလှသည် ဖြစ်ရာ ကြယ်သုံးပွင့် ကောင်းကင်အရှင်များသည် ထိုထက်ပင် ပို၍ ရှားပါးလှ၏။
ဆိုရလျှင် နတ်ကုန်းမြေတိုက်ကြီးတွင် ကြယ်သုံးပွင့်ကောင်းကင်အရှင်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများထက်ပင် ရှားပါးလှသည်။
ကျင့်ကြံခြင်း အဆင့်တစ်ဆင့်စီတိုင်းတွင် ခွန်အားကွာခြားချက်သည် မိုးနှင့်မြေပမာ ဖြစ်၏။
အထူးသဖြင့် အဆင့်ကြီးတစ်ဆင့် ကွာခြားခဲ့လျှင် အဆင့်ကျော်၍ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်လောက်သော ကိစ္စရပ်ပင်။
သို့သော်လည်း ထူးခြားသော ပါရမီရှင်များကမူ မဖြစ်နိုင်သောကိစ္စများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
ဥပမာအားဖြင့် ကောင်းကင်နတ်ဘုရား အဆင့်နှင့် နယ်မြေနတ်ဘုရား အဆင့်ကြားတွင် ဆိုလျှင် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကောင်းကင်နတ်ဘုရားများသည် နယ်မြေနတ်ဘုရားများနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိကြသည်။
သို့သော်လည်း နယ်မြေနတ်ဘုရားအဆင့်နှင့် နတ်ဘုရင်အဆင့်တို့ကြားတွင်မူ မဟာကောင်းကင်နတ်ဘုရား အဆင့်ကနေ ကြယ်တစ်ပွင့် ကောင်းကင်အရှင် ဖြစ်လာသူဖြစ်စေ၊အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ကနေ ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ဖြစ်လာသူဖြစ်စေ ၎င်းတို့၏ ခွန်အားသည် သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများထက် သာလွန်သော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုမူ ယှဥ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်လာသည့် ကြယ်သုံးပွင့် ကောင်းကင်အရှင်သာလျှင် အတားအဆီးများကို ချိုးဖျက်ကာ နယ်မြေနတ်ဘုရား အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။
ထိုအကြောင်းကြောင့်ပင် နတ်ကုန်းမြေတိုက်၏ မည်သည့်နယ်မြေတွင် မဆို ကြယ်သုံးပွင့် ကောင်းကင်အရှင်၏ အဆင့်အတန်းသည် နတ်ဘုရင်အဆင့်ထက် မနိမ့်ကျပေ။
ကူထျန်းလင်းသည် ထိုအချိန်က ငွေကြေး အမြောက်အများကို အကုန်အကျခံကာ လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူများကို ငှားရမ်းခဲ့ခြင်း ဖြစ်မည်ဟု ကူရွှယ်သောင်း ထင်မှတ်ခဲ့သည်။
ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်သည် ထိုမျှအထိ ရှားပါးလှ၍ ကူထျန်းလင်း အနေဖြင့် သူ့ကို တိုက်ခိုက်ခဲ့သူမှလွဲလျှင် အခြားသော ကြယ်သုံးပွင့် ကောင်းကင်အရှင်များနှင့် မပတ်သက်နိုင်လောက်ပေ။
သို့သော်လည်း နှစ်ပေါင်းသောင်းချီ ကြာပြီးနောက်မှာပင် ကူထျန်းလင်းသည် ထိုလူများနှင့် အဆက်အသွယ်ရှိနေဆဲ ဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအချိန်က သူ့ကို ကူထျန်းလင်း တိုက်ခိုက်ခဲ့ခြင်းသည် အပေါ်ယံ မြင်ရသည်ထက် ပို၍ နက်နဲနိုင်ပေသည်။
“ဆရာ မစိုးရိမ်ပါနဲ့.. ကြယ်သုံးပွင့် ကောင်းကင်အရှင် တစ်ပါး ထပ်တိုးလာတာက အခက်အခဲ အနည်းငယ်လောက် တိုးလာရုံလေးပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နတ်ဘုရင်အဆင့် အင်အားစုတစ်ခု ဖြစ်သည်။
သူ၏ ဆရာဖြစ်သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်၍ သူ့ဆရာက ထိုဂိုဏ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကူညီပေးရမည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန်သည် နတ်ကုန်းမြေတိုက်ကြီးတွင် လုပ်စရာကိစ္စများစွာ ကျန်ရှိနေသေးသဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကိစ္စများတွင် အချိန်အများကြီး မဖြုန်းတီးလိုခဲ့ပေ။
ထို့ကြောင့် ကြယ်သုံးပွင့် ကောင်းကင်အရှင်တစ်ပါး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ရှိနေခြင်းသည် ကျန်းချန်၏ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် သွားရောက်မည့် ဆုံးဖြတ်ချက်အား မတားဆီးနိုင်ခဲ့ပေ။
ကျန်းချန်၏ စကားကို ကြားလျှင် ကူရွှယ်သောင်းသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ငါတို့ ထျန်းလင်မြို့မှာ အရင်ဆုံးနေထိုင်ပြီး ပြင်ဆင်ကြမယ်.. ပြီးမှပဲ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို သွားကြတာပေါ့”
ကျန်းချန်သည် လမ်းစဥ် ၁၀မျိုးကို တစ်ခုတည်း အဖြစ်ပေါင်းစည်းကာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်လေးပွင့် အရှင်သခင်တစ်ပါး ဖြစ်သည်။
ကျန်းချန်၏ တိုက်ခိုက်နိုင်စွမ်းက မည်သည့် အဆင့်တွင် ရှိနေမှန်း ကူရွှယ်သောင်း ကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မသိပေ။
သို့သော်လည်း ကျန်းချန်၏ စိတ်နေသဘောထားအရ စကားကို မဆင်မခြင် ပြောဆိုတတ်သူ မဟုတ်ကြောင်း သူကောင်းစွာ သိထားခဲ့သည်။
ကျန်းချန်တွင် ယုံကြည်ချက် ရှိနေသဖြင့် ကြယ်သုံးပွင့်ကောင်းကင်အရှင်ကို ကိုင်တွယ်နိုင်ရန် သေချာလောက်၏။
သို့သော်လည်း မတော်တဆ ဖြစ်လာနိုင်သည့် ကိစ္စရပ်များကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ကူရွှယ်သောင်းသည် သူ၏ ပျက်စီးနေသော နေရာလွတ် မှော်ရတနာကို အရင်ဆုံး ပြုပြင်ရန် စီစဥ်ခဲ့သည်။
ထိုအချိန်တွင် မမျှော်လင့်ဘဲ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လျှင် သူတို့သည် ထိုနေရာလွတ် မှော်ရတနာကို အသုံးပြုကာ ထာဝရဟင်းလင်းပြင် ထဲသို့ ထွက်ပြေးနိုင်မည် မဟုတ်ပါလော။
ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် ကူရွှယ်သောင်းသည် ထျန်းကျီနတ်မျှော်စင်မှ အစေခံတစ်ဦးကို ခေါ်ကာ လက်နက် ပြုပြင်သည့် နေရာ ဖြစ်သည့် ပထမထပ်ကို သွားခဲ့ကြသည်။
ထိုအထပ်သည် အလွန် ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ဖြစ်ပြီး ခန်းမထဲတွင် ထူးခြားသော ကျင့်ကြံသူ များစွာ ရှိနေခဲ့ကြ၏။
ထိုကျင့်ကြံသူများသည် တန်းစီ၍ စောင့်ဆိုင်းနေစဥ် အတွင်း အကြောင်းအရာများစွာကို ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နောက်ထပ် လဝက်အတွင်းမှာ ဂိုဏ်းချုပ်တင်မြှောက်ခြင်း အခမ်းအနားကို ကျင်းပမယ်ဆိုတာ မင်းတို့တွေ ကြားပြီးကြပြီလား"
"ဒီသတင်းက အရှေ့ပိုင်းဒေသတစ်ခုလုံးကို ပျံ့နှံ့နေတဲ့ဟာ ငါက ဘာလို့ မကြားမိရမှာလဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်ကူထျန်းလင်းက သိပ်မကြာခင်ကမှ ကြယ်နှစ်ပွင့်ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်သွားခဲ့တယ်.. အခုသူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံတော့မယ်လို့ ပြောနေကြတယ်"
"နတ်ဘုရင်အဆင့်အင်အားစု ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ကူထျန်းလင်းက နှစ်ပေါင်းသောင်းချီလောက်ပဲ ကျင့်ကြံရသေးပေမဲ့ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်ကိုတောင် ရောက်နေခဲ့ပြီ.. အနာဂတ်မှာ နတ်ဘုရင်အဆင့်ကျင့်ကြံသူဖြစ်လာမှာ အသေအချာပဲ"
"ကူထျန်းလင်းက သန်မာတယ် ဆိုပေမဲ့လည်း အရင် နတ်ဘုရားသားတော် ဖြစ်တဲ့ ကူရွှယ်သောင်းနဲ့ ယှဥ်မယ်ဆိုရင်တော့ အများကြီး လိုပါသေးတယ်"
"ရှူး..ဒီကိစ္စက ငါတို့တွေ ပြောဆိုဆွေးနွေးရမဲ့ ကိစ္စမဟုတ်ဘူး သတိလည်းထားဦး.. မဟုတ်ရင် အလကားနေရင်း အသတ်ခံနေရမယ်”
“..............”
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ဆရာ့ကို လုပ်ကြံခဲ့တဲ့ ကူထျန်းလင်း ဆိုတဲ့ကောင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ဖြစ်လာတော့မှာလား”
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်က အသက်အရမ်းကြီးနေပြီ.. အခု ကူထျန်းလင်းက ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်နေပြီ ဆိုတော့ ဂိုဏ်းချုပ်နေရာကို ဆက်ခံတာက သဘာဝကျပါတယ်”
ကူရွှယ်သောင်း၏ မျက်နှာထက်တွင် အတိတ်၏ အရိပ်များ လွှမ်းမိုးနေခဲ့သည်။
တစ်ချိန်က သူတို့မျိုးဆက်တွင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို မည်သူမှ မရောက်ရှိခဲ့ကြပေ။
ယခုအခါတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်အမင်း အိုမင်းနေခဲ့ပြီ ဖြစ်သည်။
အကယ်၍သာ ထိုအချိန်က အပြောင်းအလဲများ မဖြစ်ခဲ့လျှင် သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာပင် ကောင်းကင်အရှင်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့မည် ဖြစ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
“ဆရာ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နောက်လဝက်အတွင်းမှာ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပမှာဆိုတော့ အဲဒီအချိန်ကျမှပဲ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို သွားကြတာပေါ့.. အဲဒီအချိန်ကျရင် ဂိုဏ်းချုပ်ရာထူးကို ဆရာ့အတွက် ကျွန်တော် ပြန်လုပေးမယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပမည် ဖြစ်၍ အရှေ့ဘက်ဒေသမှ အင်အားစုများစွာ လာရောက်ကြလိမ့်မည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ရောက်လျှင် သူက ကူထျန်းလင်းဆီကနေ ဆရာဖြစ်သူ ကူရွှယ်သောင်း ဆုံးရှုံးခဲ့ရသမျှကို ပြန်လည်ရယူပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
“ကောင်းပြီ”
ကူရွှယ်သောင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
နောက်ထပ် လဝက်အတွင်း သူ၏ လက်ထဲရှိ နေရာလွတ်မှော်ရတနာကို အပြည့်အဝ ပြုပြင်နိုင်လိမ့်မည် ဖြစ်သည်။
အကယ်၍ မထင်မှတ်ထားသည့် ကိစ္စများ ဖြစ်ပျက်လာခဲ့လျှင်ပင် အနည်းဆုံးတော့ သူတို့သည် အထိအခိုက်မရှိ ဆုတ်ခွာနိုင်မည် မဟုတ်ပါလား။
မတော်တဆ ကိစ္စရပ်များ မဖြစ်ပေါ်လာသရွေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ကူထျန်းလင်းကို ရင်ဆိုင်ကာ တစ်ချိန်က သူဆုံးရှုံးခဲ့သမျှကို ပြန်လည် ရယူနိုင်ပေလိမ့်မည်။
အခန်း(၂၀၈၄)ပြီး၏။