အခန်း (၂၀၈၅-၂၀၈၆)
Vol. 149 Ch. 2085-2086
အခန်း(၂၀၈၅)
ထျန်းကျီနတ်မျှော်စင်သည် နတ်ကုန်းမြေတိုက်ကြီးတွင် အရာအားလုံးကို လုပ်ဆောင်နိုင်သော လျှို့ဝှက်ဆန်းကြယ်အင်အားစုဖြစ်ပြီး အဖိုးအခပေးနိုင်သ၍ မည်သည့်ဝန်ဆောင်မှုကို မဆို ရရှိနိုင်သည်။
ခဏမျှ တန်းစီ စောင့်ဆိုင်းပြီးနောက်တွင် ကူရွှယ်သောင်းသည် နေရာလွတ် မှော်ရတနာကို ပြုပြင်ရန်အတွက် အချိန်နှင့်စျေးနှုန်းကို ညှိနှိုင်းခဲ့သည်။
ထို့နောက်တွင် သူတို့သုံးယောက်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းရန် ထျန်းကျီနတ်မျှော်စင်တွင် အခန်းတစ်ခန်းကို ငှားရမ်းနေထိုင်ခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား နီးကပ်လာသည်နှင့်အမျှ ထျန်းလင်မြို့သည် ပို၍ပင် စည်ကားလာခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် မိုင်ပေါင်းသန်းချီ ကျယ်ဝန်းသော နယ်မြေကို အုပ်စိုးထားသည့် နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည်။
ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပခြင်းဖြစ်၍ သဘာဝကျစွာပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အင်အားစုပေါင်း များစွာကို အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားခဲ့သည်။
မိုင်ပေါင်းသန်းချီသော နယ်မြေအတွင်းရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ လက်အောက်ခံ နယ်မြေနတ်ဘုရား အင်အားစုများသာမက အရှေ့ဘက်ဒေသရှိ အခြားသော နတ်ဘုရင်အဆင့် အင်အားစုများပါ လူလွှတ်၍ အခမ်းအနားကို တက်ရောက်ကြလိမ့်မည် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ထျန်းလင်မြို့တွင် ယခုရက်ပိုင်းအတွင်း ကျင့်ကြံသူများသည် တိမ်တိုက်များသဖွယ် များပြားနေခဲ့ပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများပင်လျှင် ပုံမှန်ထက် ထက်ဝက်ကျော် ပို၍ များပြားနေခဲ့၏။
အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော ကျင့်ကြံသူများသည် ထျန်းလင်မြို့တွင် နေထိုင်ကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုသို့ စောင့်ဆိုင်းရင်းဖြင့်ပင် လဝက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
ယနေ့ နံနက်စောစောတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို တက်ရောက်ရန်အတွက် အင်အားစုပေါင်း များစွာမှ ကိုယ်စားလှယ်များသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း ဆီသို့ ဦးတည်ကာ သွားခဲ့ကြသည်။
ထျန်းလင်မြို့၏ ကျယ်ဝန်းသော ကျောက်လမ်းမထက်တွင် ကျန်းချန်နှင့် ကူရွှယ်သောင်းတို့ နှစ်ဦးသည်လည်း လူအုပ်ထဲတွင် ရောနှောကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြသည်။
မိုင်ပေါင်းသန်းချီသော နယ်မြေအတွင်းရှိ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်၍ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ဤနယ်မြေတွင် အမြင့်ဆုံး အဆင့်အတန်း ရှိသည်။
ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဖော်ညွှန်းရန် အတွက် ထျန်းလင်မြို့မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အထိ ခရီးစဥ်ကို နတ်ဘုရင်အဆင့်၏ မဟာစွမ်းအားဖြင့် ဖိနှိပ်ထားခဲ့သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူမှလွဲ၍ ထျန်းလင်မြို့ကနေ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ သွားလိုသူ မည်သူမဆို ခြေလျင်သာ လမ်းလျှောက်ရလိမ့်မည် ဖြစ်၏။
သို့သော်လည်း ထျန်းလင်မြို့နှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
ထိုမျှလောက်သော အကွာအဝေးသည် ကောင်းကင်နတ်ဘုရားအဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ အတွက် ကောင်းကင်တွင်မပျံသန်းနိုင်လျှင်ပင် အပန်းမကြီးသော ခရီးမျှသာ ဖြစ်၏။
မကြာမီမှာပင် ကျန်းချန်တို့ သုံးဦးသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ထွက်လာကြသော လူအုပ်ကြီး၏ နောက်ကနေ လိုက်ပါလာရင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိတ်တံခါးဝဆီသို့ ရောက်ရှိလာခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနှင့် နီးကပ်လာလေလေ ကျန်းချန်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ခန့်ညားထည်ဝါမှုကို ပို၍ ခံစားလာရလေလေ ဖြစ်သည်။
ကြွယ်ဝသော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းထား၏။
ဂိုဏ်း၏ ဂိတ်တံခါးဝမှ တစ်ဆင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ရှုခင်းများကို ကောင်းမွန်စွာ မြင်တွေ့နိုင်သည်။
ကြွယ်ဝသော ဝိညာဥ်စွမ်းအားများသည် လေထဲတွင် လွင့်ပျံနေခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် မဟာလမ်းစဥ်စွမ်းအားအချို့လည်း ရှိနေခဲ့သည်။
ယင်းမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့်ကျင့်ကြံသူများ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ချန်ထားရစ်ခဲ့သော မဟာလမ်းစဥ် စွမ်းအားများ ဖြစ်သည်။
ထိုစွမ်းအားများသည် ကျင့်ကြံသူများကို နေရာမှာပင် ကျင့်ကြံချင်စိတ် ဖြစ်ပေါ်စေသည်အထိ ဆွဲဆောင်မှု ရှိနေခဲ့၏။
“နတ်ဘုရင်အဆင့် အင်အားစုလို့ မပြောရဘူး.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက တကယ်ကို အင်အားတောင့်တင်းတာပဲ”
“ဒီနေ့က ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားနေ့ပဲ.. တက်ရောက်လာတဲ့သူတွေအနေနဲ့ ဂိုဏ်းရဲ့ဖိတ်စာပါမှပဲ ဝင်ခွင့်ရမယ်.. ဖိတ်စာမပါရင် ဝင်ခွင့် လုံးဝမရှိဘူး”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိတ်တံခါးဝတွင် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျင့်ကြံသူ နှစ်ဦးသည် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။
ထိုရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ဦးသည် ခန့်ညားထည်ဝါလှပြီး ၎င်းတို့၏ အသံများသည် ကြေးစည်သံ ကဲ့သို့ ကြည်လင်ပြတ်သားနေခဲ့သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
“နတ်ဘုရင်အဆင့်ဂိုဏ်းလို့ မပြောရဘူး.. ဂိတ်တံခါးစောင့်ဖို့ အတွက်တောင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို စေလွှတ်ထားနိုင်တယ်”
ဂိတ်တံခါးကို စောင့်ကြပ်နေသည့် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူနှစ်ဦးကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့သြသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် နတ်ဘုရားနယ်မြေရှိ ထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစုများတွင် အနည်းဆုံးတော့ အကြီးအကဲ အဆင့်အတန်းတွင် ရှိကြသည် မဟုတ်ပါလော။
“ဟားဟား ကောင်လေး.. မင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အထင်ကြီးလွန်းနေပြီ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရင်အဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပေမဲ့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို ဂိတ်တံခါးစောင့်ခိုင်းဖို့ အထိတော့ အင်အားမကြီးမားသေးပါဘူး.. ဂိုဏ်းတစ်ခုလုံးမှာ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင်တွေကို ထည့်တွက်ရင်တောင်မှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အယောက် နှစ်ဆယ်ထက် မပိုဘူး.. ဒီနေ့က ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားဖြစ်တဲ့ အတွက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြသဖို့ ကောင်းကင်အရှင် နှစ်ပါးကို ဂိတ်တံခါး စောင့်ကြပ်ခိုင်းထားတာပဲ”
ကူရွှယ်သောင်းက ခေါင်းခါရမ်းလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“အစ်ကိုကူ.. အထဲဝင်ဖို့ ဖိတ်စာလိုတယ်တဲ့..ကျွန်တော်တို့မှာ ဖိတ်စာမရှိဘူး ဆိုတော့ ဘယ်လိုလုပ်ကြမလဲ.. အတင်းဝင်ကြမလား”
လီကျန့်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထဲ ဝင်ရန် ဖိတ်စာများ ပြသနေကြသော လူအုပ်ကြီးကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကူရွှယ်သောင်းက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
“ဖိတ်စာမလိုပါဘူး.. ငါက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် တစ်ယောက်ပဲလေ.. ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ အရည်အချင်းအပြည့်အဝ ရှိပါတယ်”
ယခုအခါတွင် သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
သူတို့သုံးဦးက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အပြင်ဘက်မှ လူအုပ်ကြီး၏ နောက်ကနေ လိုက်ပါကာ ဂိတ်တံခါးဝ ဆီသို့ တစ်လှမ်းချင်း လှမ်းလာခဲ့ကြသည်။
မကြာမီမှာပင် ကျန်းချန်တို့၏ အလှည့်သို့ ရောက်ရှိလာခဲ့၏။
ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကောင်းကင်အရှင်နှစ်ပါးသည် ကျန်းချန်တို့ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
“ဧည့်သည်တော် သုံးယောက်.. ကျေးဇူးပြုပြီး ဖိတ်စာကို ပြသပေးပါ”
ထိုအချိန်မှာပင် ကူရွှယ်သောင်း၏ ကုန်းကွကွ ခန္ဓာကိုယ်သည် ရုတ်တရက် ဖြောင့်မတ်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအို အဖြစ်ကနေ ငွေရောင်ဆံပင်နှင့် လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခန္ဓာကိုယ်ကနေလည်း ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်ရင်း သူ့ရှေ့မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင် နှစ်ပါးကို အထက်စီးဆန်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ဘာလဲ.. ငါက ဂိုဏ်းဆီပြန်လာပြီး အခမ်းအနားတက်တာတောင် ဖိတ်စာ လိုအပ်သေးတယ်လား”
“ကူရွှယ်သောင်း.. မင်း.. မင်း သေသွားပြီမဟုတ်လား.. ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”
ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင် နှစ်ပါးသည် သူတို့ရှေ့မှ ကူရွှယ်သောင်းကို မြင်လျှင် တစ္ဆေအခြောက်ခံရသကဲ့သို့ ဖြစ်သွားခဲ့ကြပြီး သူတို့၏ မျက်ဝန်းများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။
ကောင်းကင်အရှင် နှစ်ပါးသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နှစ်ပေါင်းသန်းချီ နေထိုင်ခဲ့သူများ ဖြစ်ရာ ကူရွှယ်သောင်းနှင့် မစိမ်းကြပေ။
နှစ်ပေါင်းသောင်းချီ ပျောက်ကွယ်သွားသော ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ကူရွှယ်သောင်းသည် သူတို့၏ ရှေ့တွင် အသက်ရှင်လျက် ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
ကူရွှယ်သောင်းနှင့် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင်နှစ်ပါး၏ စကားပြောဆိုသံများကို ကြားလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တံခါးဝ အပြင်ဘက်ရှိ လူတိုင်း၏ အကြည့်သည် သူတို့ဆီသို့ စုပြုံ၍ ကျရောက်လာခဲ့သည်။
“ကူရွှယ်သောင်း ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက နာမည်ကျော်ကြားခဲ့တဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် မဟုတ်လား"
"ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီ ကတည်းက ကျဆုံးသွားပြီမဟုတ်လား.. ဘယ်လိုဖြစ်လို့ ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပတဲ့အချိန်ကျမှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ပေါ်ထွက်လာရတာလဲ"
"ဟူး.. ကြည့်ရတာ ကူရွှယ်သောင်း ကျဆုံးခဲ့တယ် ဆိုတဲ့ ကိစ္စက သာမန် မဟုတ်လောက်ဘူး.. ဒီတစ်ကြိမ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားမှာ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်”
“............”
ကူရွှယ်သောင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“ကူထျန်းလင်းက ငါသေသွားခဲ့ပြီလို့ မင်းတို့ကို ပြောခဲ့တာလား.. ငါမင်းတို့နဲ့ အပိုစကားတွေ မပြောချင်ဘူး.. ဒီနေ့ ငါရောက်လာတာက ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ပဲ.. မင်းတို့နှစ်ယောက်က ငါ့ကို တားမလို့လား”
ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင် နှစ်ပါးသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ကြသည်။
ထိုအချိန်က ကူထျန်းလင်းသည် ကူရွှယ်သောင်း ကျဆုံးသွားပြီဟု သူတို့ကို ကိုယ်တိုင်ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် ကူရွှယ်သောင်းသည် သူတို့၏ ရှေ့၌ အသက်ရှင်လျက် ရပ်နေခဲ့သည်။
သူတို့က ငတုံးများ မဟုတ်ကြသဖြင့် ထိုအချိန်က ဖြစ်ရပ်တွင် လှည့်ကွက်တစ်ခုခု ရှိနေမည်ကို ခန့်မှန်းနိုင်ခဲ့ကြသည်။
ယခု ကူရွှယ်သောင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပသည့် အချိန်မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်လာရန် ရွေးချယ်ခဲ့သည်ဖြစ်ရာ အလွယ်တကူ လက်လျှော့မည့်သဘော မဟုတ်သည်မှာ သေချာသလောက်ပင်။
သူတို့နှစ်ဦးက အချင်းချင်း ကြည့်လိုက်ပြီးနောက်တွင် အဆုံးသတ်၌ ကူရွှယ်သောင်း အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
“ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဘယ်တပည့်မဆို တက်ရောက်ခွင့်ရှိပါတယ်.. ငါတို့က မင်းကို ဘယ်လိုလုပ်ပြီး တားမြစ်ရဲပါ့မလဲ.. နတ်ဘုရားသားတော် ကျေးဇူးပြုပြီးကြွပါ”
အခန်း(၂၀၈၅)ပြီး၏။
အခန်း(၂၀၈၆)
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင် နှစ်ပါးသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွင်းသို့ ကူရွှယ်သောင်း ဝင်ရောက်မည်ကို တားဆီးရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားသည်။
ကူရွှယ်သောင်းသည် မူလကတည်းကပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ပြီး ပြိုင်ဘက်ကင်းနတ်ဘုရားသားတော် တစ်ဦးလည်း ဖြစ်ခဲ့ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် တင်မြှောက်ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် အပြည့်အဝ အရည်အချင်းရှိသည် မဟုတ်ပါလော။
အကယ်၍ သူတို့က ကူရွှယ်သောင်းကို လူအများရှေ့တွင် တားဆီးလိုက်လျှင် လူရယ်စရာသာ ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ကူရွှယ်သောင်းနှင့် ကူထျန်းလင်းတို့ ကြားတွင် ထိုအချိန်က မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိရှိသေး၍ ထိုနှစ်ဦး၏ ရန်ငြိုးများကြားတွင် မဆင်မခြင် ဝင်ရောက် မပတ်သက်လိုကြပေ။
အရေးကြီးဆုံးအချက်မှာ ကူရွှယ်သောင်း၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော အရှိန်အဝါကို ခံစားမိခဲ့ခြင်းကြောင့်ပင်။
သူတို့၏ ခန့်မှန်းချက်သာ မမှားလျှင် ကူရွှယ်သောင်းသည် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရားသားတော် အဖြစ် ရှိစဥ်ကပင် ကူရွှယ်သောင်းသည် သူတော်စင်ကောင်းကင်နတ်ဘုရား အဆင့်ကို တက်လှမ်းရန် ကြိုးစားနေသည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။
ဆိုရလျှင် ကူရွှယ်သောင်းက သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ကို မထိုးဖောက်နိုင်ဘဲ အထွတ်အထိပ်ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင်ပင် အနည်းဆုံးကြယ်နှစ်ပွင့်ကောင်းကင်အရှင်သခင် အဆင့်၌ ရှိနေမည် ဖြစ်သည်။
သူတို့လို သာမန် ကောင်းကင်အရှင် အဆင့်သည် ကူရွှယ်သောင်းကို အမှန်တကယ် တားဆီးလိုလျှင်ပင် မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။
ကူရွှယ်သောင်းက အပိုစကားများ ပြောမနေတော့ဘဲ လူတိုင်း၏ မျက်စိရှေ့မှာပင် ကျန်းချန်တို့ နှစ်ဦးကို ဦးဆောင်ကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိတ်တံခါး အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ကောင်းကင်အရှင် နှစ်ပါးသည် ကူရွှယ်သောင်း ပျောက်ကွယ်သွားသည်အထိ လှမ်းကြည့်ကာ ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းချလိုက်ကြသည်။
ယနေ့တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားသည် ချောချောမွေ့မွေ့ ကျင်းပနိုင်တော့မည် မဟုတ်ဟု သူတို့ ခန့်မှန်းမိခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အတွင်းတွင် မဟာလမ်းစဥ်၏ တန်ခိုးစွမ်းအားဖြင့် ဖန်တီးထားသော ကြီးမားသည့် ရင်ပြင်ကြီး တစ်ခုရှိပြီး ရင်ပြင်၏ အလယ်ဗဟိုတွင် မီတာရာချီ မြင့်သော စင်မြင့်တစ်ခုကို တည်ဆောက်ထားကာ ထိုစင်မြင့်ထက်၌ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများ ရှိနေခဲ့သည်။
ရင်ပြင်၏ အဝင်ဝတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲ နှစ်ဦးသည် အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်သည်တော်များကို အဆက်မပြတ် မိတ်ဆက်ပေးနေခဲ့သည်။
“ဒုက္ခမြို့တော်ရဲ့ ပင်းလင်မျိုးနွယ်စု အကြီးအကဲချုပ်က တပည့်တွေနဲ့ အတူ အခမ်းအနားကို တက်ရောက်လာပြီး ဂုဏ်ပြုလက်ဆောင် အဖြစ် အဆင့်မြင့် နတ်ခရစ္စတယ် တစ်သိန်းကို ပေးအပ်ပါတယ်”
“ယွင်ရှောင်ဂိုဏ်းမှ ဒုဂိုဏ်းချုပ်ကလည်း တပည့်တွေနဲ့ အတူ အခမ်းအနားကို တက်ရောက်လာပြီး နယ်မြေနတ်ဘုရားလက်နက်တစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ပါတယ်”
“.............”
“တကယ်ကို ပျော်ဖို့ကောင်းတာပဲ”
စင်မြင့်ပေါ်ရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများသည် အခမ်းအနားကို တက်ရောက်လာသူများအား ကြည့်ကာ ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသည်။
“ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ဒီလိုခမ်းနားတဲ့မြင်ကွင်းမျိုး မမြင်ရတာ အချိန်အတော်တောင် ကြာမြင့်ခဲ့ပြီ”
ဆံဖြူအဘိုးအို တစ်ဦးက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်။
“အမှန်ပဲ.. နတ်ဘုရားသားတော်က သက်တမ်း နှစ်ငါးသောင်း အတွင်းမှာတင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်”
တခြားသော အကြီးအကဲများကလည်း အပြုံးကိုယ်စီဖြင့် ရှိနေခဲ့ကြသည်။
“အနာဂတ်မှာ နတ်ဘုရင်တစ်ပါး ဖြစ်လာဖို့လည်း မျှော်လင့်နိုင်တဲ့အတွက် ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ထာဝရတည်တံ့နေဦးမှာပဲ”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲများ စကားပြောဆိုနေကြစဥ် အခမ်းအနားကို တက်ရောက်လာသူများသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တပည့်များ၏ လမ်းညွှန်မှုဖြင့် နေရာယူကာ ထိုင်နေကြပြီ ဖြစ်သည်။
“နယ်မြေတစ်ခုကို အုပ်စိုးထားတဲ့ နတ်ဘုရင်အဆင့် အင်အားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို နယ်မြေအတွင်းက အင်အားစုတွေ အားလုံး တက်ရောက်လာခဲ့ကြတာပဲ.. နတ်ဘုရင်အဆင့် အင်အားစုက အရပ်မျက်နှာအနှံ့ကို အမိန့်ပေးနိုင်စွမ်းရှိတယ်.. ငါ့ရဲ့ ပါရမီမကောင်းတာ နှမြောစရာပဲ.. ဒီမိုင်ပေါင်းသန်းချီ နယ်မြေထဲမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဖိတ်ကြားချက်ကို ဘယ်သူက ငြင်းဆန်ရဲမှာလဲ.. ငါသာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”
လူအများအပြားသည် သူတို့ရှေ့မှ ခမ်းနားသော အခမ်းအနားကို ကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။
လူတိုင်း အံ့အားသင့်နေကြစဥ်မှာပင် ရင်ပြင်အဝင်ဝမှ အကြီးအကဲ၏ အော်ဟစ်မိတ်ဆက်ပေးလိုက်သော အသံသည် ပတ်ဝန်းကျင် အခြေအနေကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့၏။
“ဟောင်ထျန်းဓားဂိုဏ်းရဲ့ အကြီးအကဲက နတ်ဘုရားသားတော် ကျန့်ကျီ နဲ့အတူ အခမ်းအနားကို တက်ရောက်လာပြီး အဆင့် ၁၁ နတ်ဆေးလုံးကို လက်ဆောင်အဖြစ် ပေးအပ်ပါတယ်”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အကြည့်သည် ရင်ပြင်အဝင်ဝသို့ စုပြုံ၍ ကျရောက်သွားခဲ့ကြသည်။
ရင်ပြင်၏ အဝင်ဝတွင် ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် အပြင်ဘက်ကနေ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့၏။
ထိုလူငယ်က နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ခန့်ညားပြီး သူ၏ လျှောက်လှမ်းလာမှုသည် အလွန်တရာပင် တည်ငြိမ်လှသည်။
သူ၏ ခန္ဓာကိုယ်က ထွက်ပေါ်လာသော အရှိန်အဝါသည် ပင်လယ်ကဲ့သို့ပင် နက်ရှိုင်း၏။
“ဟောင်ထျန်းဓားဂိုဏ်းကလည်း အခမ်းအနားကို တက်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
ထိုလူငယ် ရောက်ရှိလာသည်နှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့် အကြီးအကဲချုပ်ပင်လျှင် ပြာပြာသလဲ ဖြစ်သွားခဲ့ရပြီး အဝင်ဝသို့ အပြေးအလွှားသွားရောက်ကာ ရွှေရောင်ဝတ်စုံဝတ် လူငယ်ကို အလယ်ဗဟိုရှိ စင်မြင့်ဆီသို့ ကိုယ်တိုင် ကြိုဆို၍ ခေါ်ဆောင်သွားခဲ့သည်။
“ဟောင်ထျန်းဓားဂိုဏ်းရဲ့ နတ်ဘုရားသားတော်က အရှေ့ပိုင်းဒေသရဲ့ အကျော်ကြားဆုံး ပါရမီရှင် ငါးယောက် ထဲမှာ တစ်ယောက် အပါအဝင်ပဲ”
“................”
စင်စစ် ဟောင်ထျန်းဓားဂိုဏ်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထက်ပင် ပို၍ အင်အားကြီးမားသော နတ်ဘုရင်အဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲချုပ် ကိုယ်တိုင် ကြိုဆိုခြင်းခံရသော ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော်ကို လူတိုင်းသည် ကြောက်ရွံ့လေးစားစွာဖြင့် ကြည့်နေခဲ့ကြ၏။
ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရားသားတော်သည် ယနေ့ခေတ် အရှေ့ပိုင်းဒေသ၏ အကျော်ကြားဆုံး ပါရမီရှင်စာရင်းတွင် ပါဝင်သူ ဖြစ်သည်။
ဤတစ်ကြိမ် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ထိုကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးကို တွေ့မြင်ခွင့်ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် စင်ပေါ်သို့ ရောက်ရှိလာပြီးနောက်တွင် ကျန်းချန်တို့ သုံးယောက်သည် ရင်ပြင်၏ အဝင်ဝသို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့ကြသည်။
ကူရွှယ်သောင်းသည် အဝင်ဝရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“အကြီးအကဲကျူး.. မတွေ့ရတာ နှစ်ပေါင်းသောင်းချီတောင် ကြာသွားခဲ့ပြီ.. ကျန်းခန့်သာလို့မာပါစ.. ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျွန်တော်လည်း တက်ရောက်ချင်လို့ပါ.. သတင်းပို့ဖို့ လိုအပ်ဦးမလား မသိဘူး”
“မင်း.. မင်း “
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲသည် ကူရွှယ်သောင်း၏ ပြုံးရွှင်သော မျက်နှာကို မြင်လိုက်ရလျှင် ရုတ်တရက် ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက သေဆုံးသွားပြီဟု ယူဆထားသော ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်သည် ယခုအခါတွင် သူ၏ရှေ့၌ အရှင်လတ်လတ် ပေါ်လာခဲ့သည်။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အကြီးအကဲကျူးသည် အချိန်အတော်ကြာ မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက် မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ကူရွှယ်သောင်း.. မင်း.. မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက သေဆုံးသွားခဲ့တာ မဟုတ်ဘူးလား”
“လူတချို့က ကျွန်တော့်ကို သေစေချင်ခဲ့ကြပေမဲ့ ကျွန်တော့်မှာ သေဖို့ကံ ပါမလာသေးဘူး.. ဒီနေ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားမှာ ကျွန်တော် ကူရွှယ်သောင်းက လူတိုင်းရဲ့ရှေ့မှာပဲ အဲဒီနှစ်က ကိစ္စတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားတယ်”
ကူရွှယ်သောင်းက ထိုစကားကို ပြောပြီးနောက်တွင် အကြီးအကဲကျူးကို ဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပင် ဝင်ရောက်ရန် ပြင်လိုက်သည်။
ထိုအချင်းအရာကိုမြင်လျှင် အကြီးအကဲကျူး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကူရွှယ်သောင်းကို အလျင်အမြန်ပင် တားဆီးလိုက်သည်။
“ကူရွှယ်သောင်း.. မင်းဝင်သွားလို့မဖြစ်ဘူး”
သူက ကူရွှယ်သောင်း၏ ရန်သူ ဖြစ်လို၍ တားဆီးခဲ့ခြင်းမဟုတ်ပေ။
ကူရွှယ်သောင်း နတ်ဘုရားသားတော် အဖြစ် ရှိနေစဥ်ကတည်းကပင် အကြီးအကဲကျူးသည် ကူရွှယ်သောင်းကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့သည်။
ယခု ကူရွှယ်သောင်း အသက်ရှင်နေသေးသည်ကို သိရသောအခါတွင် အကြီးအကဲကျူး၏ စိတ်ထဲတွင် အလွန်တရာပင် ဝမ်းသာနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ မသိသော်လည်း ယခု ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို စတင်နေပြီ ဖြစ်ရာ ကူထျန်းလင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် အဖြစ် ဆက်ခံရန်မှာ အတည်ဖြစ်နေခဲ့ချေပြီ။
အကယ်၍ ကူရွှယ်သောင်းသာ ယခုအချိန်တွင် ဝင်ရောက် နှောင့်ယှက်မိလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲများ၏ အမျက်ဒေါသကို ဆွသလို ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
“ဘာလို့လဲ ကျွန်တော် ကူရွှယ်သောင်းက နှစ်ပေါင်းသောင်းချီ ပျောက်ကွယ်သွားတာနဲ့ပဲ ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားကို တက်ရောက်ဖို့တောင် အရည်အချင်း မပြည့်မီတော့ဘူးလား”
ကူရွှယ်သောင်း၏ မျက်နှာက အေးစက်သွားခဲ့ပြီး အစွမ်းထက် အရှိန်အဝါများကို ထုတ်ဖော်ကာ အကြီးအကဲကျူးကို ချက်ချင်းပင် ဖိနှိပ်လိုက်သည်။
အကြီးအကဲကျူး ထံကနေ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အကြီးအကဲကျူး၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့ကာ ကူရွှယ်သောင်း၏ ဖိနှိပ်မှုအောက်တွင် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်လိုက်ရ၏။
ကူရွှယ်သောင်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရင်ပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤဖြစ်ရပ်ကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ခဏမျှ မှင်တက်သွားခဲ့ကြသည်။
ယနေ့သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပသည့်နေ့ ဖြစ်သည်။
မည်သူက ဤမျှအထိ သတ္တိကောင်းပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အထိ လာရောက်၍ ပြဿနာရှာရဲပါသနည်း။
ထိုဖြစ်ရပ်ကြောင့် ရင်ပြင်အလယ်ဗဟိုရှိ စင်မြင့်ထက်မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများသည် ဒေါသထွက်သွားခဲ့ကြပြီး ၎င်းတို့ထံမှ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဘယ်သူ ပြဿနာရှာရဲတာလဲ”
ကူရွှယ်သောင်းက စင်မြင့်ထက်မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲများကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားမှာ ကျွန်တော်မရှိလို့ ဘယ်ဖြစ်မလဲ.. အကြီးအကဲတို့ မတွေ့ရတာတောင် နှစ်ပေါင်းသောင်းချီ ကြာသွားခဲ့ပြီ.. အားလုံးပဲ ကျန်းမာကြတယ် မဟုတ်လား”
အခန်း(၂၀၈၆)ပြီး၏။