အခန်း (၂၀၈၇-၂၀၈၈)
Vol. 149 Ch. 2087-2088
အခန်း(၂၀၈၇)
“ကူရွှယ်သောင်းပါလား"
"သူက လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီခန့်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားသားတော်ပဲ.. အဲဒီအချိန်က သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့တယ်လို့တောင် ဆိုကြတယ်”
“ဒီလူက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက သေဆုံးသွားပြီမဟုတ်လား...ဘယ်လိုလုပ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားမှာ ရုတ်တရက် ပေါ်ထွက်လာရတာလဲ”
ဤအချိန်တွင် အခမ်းအနားကို တက်ရောက်လာကြသူများ ဖြစ်စေ၊ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ တပည့်များဖြစ်စေ အားလုံးသည် သူတို့မျက်စိကိုပင် သူတို့ မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
စင်မြင့်ထက်ရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲများသည်လည်း ကူရွှယ်သောင်း ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လျှင် အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
အကြီးအကဲ တချို့၏ မျက်နှာထက်တွင် မရေမရာ အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။
“ကူရွှယ်သောင်း.. လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ဖြစ်ရပ်မှာ မင်း သေဆုံးသွားပြီလို့ ငါတို့အားလုံး ထင်ခဲ့ကြတယ်.. မင်းအသက်ရှင်နေလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် မင်းအခုထိ အသက်ရှင်နေတာက ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်နှစ်ပွင့်ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူဖြစ်သည့် အကြီးအကဲချုပ် ဖြစ်သူ ကူဟုန်က ကူရွှယ်သောင်းကို ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေ့က ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပမဲ့နေ့ ဖြစ်တဲ့အတွက် မင်းအနေနဲ့ ဘာမှ လျှောက်မလုပ်ဖို့ ငါမျှော်လင့်ပါတယ်.. ကိစ္စအားလုံးကို ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ပြီးဆုံးတဲ့အခါကျမှပဲ ဆွေးနွေးကြတာပေါ့”
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နယ်မြေအတွင်း ကူရွှယ်သောင်း ထွက်ပေါ်လာစဥ် သူက ထိုသတင်းကို လက်ခံရရှိခဲ့သည်။
ကူဟုန်သည် ကူရွှယ်သောင်း၏ ပါရမီက မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကောင်းစွာ သိရှိထားခဲ့၏။
ကူရွှယ်သောင်းသာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့လျှင် ဂိုဏ်းအတွင်းရှိ လူအများအပြား၏ ထောက်ခံမှုကို သေချာပေါက် ရရှိလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ကူထျန်းလင်း၏ ထောက်ခံသူ တစ်ဦးအနေဖြင့် ကူဟုန်သည် ကူရွှယ်သောင်းက ကူထျန်းလင်း၏ အဆင့်အတန်းအား ခြိမ်းခြောက်လာမည်ကို ခွင့်မပြုနိုင်ခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းသောင်းချီခန့်က သူသည် ကူရွှယ်သောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရန် အတွက် အစွမ်းထက် ကျင့်ကြံသူတစ်ဦးကို လျှို့ဝှက်စေလွှတ်ခဲ့သော်လည်း ကူရွှယ်သောင်းသည် မထင်မှတ်ဘဲ လွတ်မြောက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း သူက ကူရွှယ်သောင်းကို လိုက်လံသတ်ဖြတ်ရန် အတွက် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို စေလွှတ်ခဲ့သည်။
သို့သော်လည်း ကူရွှယ်သောင်းကို လိုက်လံသတ်ဖြတ်ရန် စေလွှတ်လိုက်သည့် ကောင်းကင်အရှင် နှစ်ပါးသည် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့၏။
ကောင်းကင်အရှင်နှစ်ပါး သေဆုံးသွားပြီးနောက်တွင် ကူဟုန်သည် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။
မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူအတိအကျ မသိသော်လည်း ကူရွှယ်သောင်းသည် ထိုအချိန်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အသက်ဝါးမျို ပျက်စီးခြင်း လက်ဝါးရိုက်ချက်ကိုပါ ထိမှန်ထား၍ သေဆုံးရမည်မှာ ကျိန်းသေသလောင်ပင်။
ယင်းအချိန်တွင် ကူထျန်းလင်းသည် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ရန် အရေးကြီးသည့်အချိန်သို့ ရောက်ရှိနေ၍ ကူဟုန်သည် ထိုကိစ္စကို ယာယီအားဖြင့် ဘေးဖယ်ထားခဲ့သည်။
နောက်ပိုင်းတွင် ကူထျန်းလင်း ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်သို့ ထိုးဖောက်ပြီးနောက် ကူဟုန်သည် ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ကိစ္စရပ်များနှင့် အလုပ်ရှုပ်နေခဲ့၍ ထိုကိစ္စကို မေ့လျော့သွားခဲ့သည်။
သို့သော်လည်း သူသေဆုံးသွားပြီဟု ယူဆထားသော ကူရွှယ်သောင်းသည် ယခုအခါတွင် ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနား၌ အရှင်လတ်လတ် ပေါ်လာလိမ့်မည်ဟု သူ မတွေးထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် သူသည် ကူရွှယ်သောင်းက ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားအား ဖျက်ဆီးပြီး ကူထျန်းလင်း ဂိုဏ်းချုပ်အဖြစ် ဆက်ခံမည့်ကိစ္စကို ဖျက်ဆီးမည့်အရေးအား လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။
“ကူဟုန် ကျုပ်ရှေ့မှာ အပိုတွေလုပ်ပြမနေနဲ့.. ခင်ဗျားကို မြင်ရတာ အော့အန်ချင်စရာပဲ”
ကူရွှယ်သောင်းသည် ကူဟုန်ကို ရွံ့ရှာသောအမူအရာဖြင့် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းနဲ့ အပိုစကားတွေမပြောချင်ဘူး.. ကျုပ် ဒီနေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပြန်လာတာက ကူထျန်းလင်းနှင့် စာရင်းရှင်းဖို့ပဲ.. ကူထျန်းလင်းကိုသာ ကျုပ်နဲ့ ထွက်တွေ့ခိုင်းလိုက်ပါ”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သူ ကူဟုန်သည် ကူထျန်းလင်းနှင့် ဆွေမျိုးတော်စပ်မှု ရှိပြီး ကူထျန်းလင်းကို အစဥ်အမြဲ ထောက်ခံခဲ့သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက ဖြစ်ရပ်တွင် ကူဟုန် ပါဝင် ပတ်သက်နေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ယနေ့တွင် သူဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်လည်ရယူမည်ဖြစ်ရာ ကူဟုန်သည် သူ၏ ရန်သူဖြစ်ရန် ကံကြမ္မာ ပါလာခဲ့ပြီ မဟုတ်ပါလား။
သို့ဖြစ်ရာ ကူရွှယ်သောင်းသည် ကူဟုန်အပေါ်တွင် အဘယ်ကြောင့် ယဥ်ကျေးနေရပါမည်နည်း။
ကူရွှယ်သောင်း၏ စကားကိုကြားလျှင် ကူဟုန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။
“ကူရွှယ်သောင်း.. ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားမှာ မင်းကို ရမ်းကားခွင့်ပေးမယ်များ ထင်နေလား.. တကယ်လို့ မင်းသာ အခြေအနေကို နားမလည်ဘဲ ဇွတ်တရွတ် လုပ်နေမယ်ဆိုရင် ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက နတ်ဘုရားသားတော် နေရာအတွက် ကူထျန်းလင်းက အပြင်လူတွေနဲ့ ပူးပေါင်းပြီး ငါ့ကို လုပ်ကြံခဲ့တယ်.. ဒီနေ့ ငါက ဂိုဏ်းချုပ်တင်မြှောက်ပွဲအခမ်းအနားမှာ လူတိုင်းရဲ့ ရှေ့မှာပဲ ကူထျန်းလင်းနဲ့ စာရင်းရှင်းမယ်”
ထိုစကားကို ပြောပြီးနောက်တွင် ကူရွှယ်သောင်းသည် ကူဟုန်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဘယ်သူမဆို ငါ့ကိုတားရဲတယ်ဆိုရင် အဲဒီလူက ငါကူရွှယ်သောင်းရဲ့ ရန်သူပဲ”
“ကူရွှယ်သောင်း.. မင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် တစ်ပါး ဖြစ်ခဲ့ဖူးတဲ့ အတွက် ငါမင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်.. ဒါပေမဲ့ အခု မင်းက အခု ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ဖျက်ဆီးဖို့ ဇွတ်လုပ်နေမှတော့ ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့”
ကူဟုန်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားခဲ့သည်။
ထို့နောက်တွင် သူက စင်မြင့်ထက်ကနေ ကောင်းကင်ယံသို့ ရုတ်တရက် လှမ်းတက်လိုက်ပြီး ကြယ်နှစ်ပွင့်ကောင်းကင်အရှင်အဆင့် ခွန်အားဖြင့် ကူရွှယ်သောင်းကို တိုက်ခိုက်လိုက်သည်။
ကူရွှယ်သောင်း ရောက်ရှိလာမှုသည် ရည်ရွယ်ချက်ကောင်း မရှိသည်မှာ ထင်ရှားသည်။
ကူရွှယ်သောင်းသည် အတိတ်က ဖြစ်ရပ်များကို ဖော်ထုတ်နေပြီ ဖြစ်ရာ ကူဟုန်သည် ကူရွှယ်သောင်းကို မည်ကဲ့သို့အခွင့်အရေး ပေးနိုင်ပါမည်နည်း။
ထို့ကြောင့် ကူဟုန်သည် အချိန်မဖြုန်းတော့ဘဲ အနာဂတ်တွင် ပြဿနာ မတက်စေရန်အတွက် ကူရွှယ်သောင်းကို သတ်ဖြတ်ရန် စီစဥ်ခဲ့ပြီး သူကိုယ်တိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။
အဆုံးသတ်တွင် ကူရွှယ်သောင်းသည် တစ်ချိန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်းနတ်ဘုရားသားတော် ဖြစ်ခဲ့ဖူးပြီး ပါရမီအရာတွင်လည်း ကူထျန်းလင်းထက် ပိုမို မြင့်မားခဲ့၏။
ကူရွှယ်သောင်း၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်နှစ်ပွင့်မြေကြီး အရှင်အဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ အမှန်တကယ်ပင် ထူးခြားလှသည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နယ်မြေအတွင်း ကူရွှယ်သောင်း ထွက်ပေါ်လာစဥ်က ကူရွှယ်သောင်းကို တိုက်ခိုက်ရန်အတွက် ကြယ်တစ်ပွင့် ကောင်းကင်အရှင်နှစ်ပါးကို စေလွှတ်ခဲ့သော်လည်း ကူရွှယ်သောင်းသည် ကြယ်နှစ်ပွင့် မြေကြီးအရှင် အဆင့်ဖြင့်ပင် လွတ်မြောက်သွားခဲ့သည်။
ထို့ကြောင့် သူကိုယ်တိုင် တိုက်ခိုက်ခြင်း မပြုသရွေ့ သာမန်ကောင်းကင်နတ်ဘုရားများ အတွက် ကူရွှယ်သောင်းကို နှိမ်နင်းရန်မှာ ခက်ခဲနိုင်သည် မဟုတ်ပါလော။
“ကျန်းချန်.. ကူဟုန်က လွန်ခဲ့သော နှစ်ပေါင်းငါးသန်းကျော်ကတည်းက ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်ခဲ့တဲ့ ကျင့်ကြံသူတစ်ဦးပဲ.. လက်ရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ဂိုဏ်းချုပ် ပြီးရင် သူက အစွမ်းအထက်ဆုံးလို့တောင် ပြောလို့ရတယ်”
ကူဟုန်က ကူရွှယ်သောင်းအား ကိုယ်တိုင် တိုက်ခိုက်နေသည်ကို မြင်လျှင် လီကျန့်၏ အမူအရာသည် ချက်ချင်းပင် လေးနက်သွားခဲ့သည်။
“စိတ်အေးအေးထားပါ စီနီယာလီ. သူတို့နှစ်ယောက်လုံးက ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ဖြစ်နေရင်တောင် ဆရာ့ဆီမှာ အားသာချက်တွေ ရှိပါသေးတယ်”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကြယ်ပွင့်အဆင့် ကျင့်ကြံသူများ၏ သတင်းအချက်အလက်များကို ထျန်းကျီနတ်မျှော်စင်တွင် ဝယ်ယူထားခဲ့ရာ ကျန်းချန်သည် ကူဟုန်၏ စွမ်းရည်ကို ကောင်းစွာ သိရှိထားခဲ့သည်။
ကူဟုန်၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေပြီး ကြယ်နှစ်ပွင့်ကောင်းကင်အရှင် အဆင့်ကို သိပ်မကြာသေးခင်ကမှ
ထိုးဖောက်ထားသည့် ကူရွှယ်သောင်းထက် များစွာ ပို၍ မြင့်မားသည်။
သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ကူရွှယ်သောင်း၏ ပါရမီနှင့် သွေးစွမ်းအားသည် ကူဟုန်ထက် များစွာ သာလွန်နေခဲ့သည်။
ထိုအချိန်က သူ၏ ဆရာကူရွှယ်သောင်းသည် သူတော်စင်ကောင်းကင်နတ်ဘုရား အဆင့်နှင့် အလွန်တရာ နီးစပ်သော အခြေအနေသို့ ရောက်ရှိခဲ့သည်ကို ကျန်းချန် သိထားခဲ့သည်။
အဆုံးသတ်တွင် သူ့ဆရာသည် သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်စွမ်း မရှိတော့၍ ကြယ်သုံးပွင့်အရှင်သခင် အဆင့်ကို မရောက်ရှိနိုင်ခဲ့သော်လည်း သာမန်ကြယ်နှစ်ပွင့် ကောင်းကင်အရှင်များထက် များစွာ သာလွန်သော စွမ်းရည် ရှိသည်။
ဆိုရလျှင် ပါရမီရှင်များကြားမှာပင် ကွာဟချက်များ ရှိနေပါသေး၏။
ဥပမာအားဖြင့် ကျန်းချန်က မဟာကောင်းကင်နတ်ဘုရား အဆင့်နှင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိနေစဥ်တွင် အဆင့်တူ ပါရမီရှင်တစ်ဦးကို သတ်ဖြတ်ရန်မှာ ကြက်သတ် သကဲ့သို့ပင် လွယ်ကူနေသည် မဟုတ်ပါလော။
“မင်း ငါ့ကို ဘယ်လိုမှ ယှဥ်နိုင်တော့မှာ မဟုတ်ဘူး ကူဟုန်.. အကယ်၍ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကသာ ဆိုရင် ငါ မင်းကို စိုးရိမ်ကောင်း စိုးရိမ်မိလိမ့်မယ်”
ကူရွှယ်သောင်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်၏ စွမ်းအားသည် မိုးကြိုးမုန်တိုင်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကူဟုန်၏ စွမ်းအားနှင့် ထိပ်တိုက်ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
မမြင်နိုင်သော စွမ်းအင်မုန်တိုင်း တစ်ခုသည် လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
ကူဟုန်၏ ပုံရိပ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ ဆန့်ကျင်ဘက် အရပ်တွင် ဝင့်ကြွားစွာရပ်နေဆဲ ဖြစ်သော ကူရွှယ်သောင်းကို မြင်လျှင် ထိတ်လန့်တကြား အမူအရာဖြင့် မေးလိုက်သည်။
“မင်း.. မင်းလည်း ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီလား”
လေထုအလယ်ရှိ မြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
တစ်ချိန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ဖြစ်သည့် ကူရွှယ်သောင်းသည် ယခုအခါတွင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။
ထို့ကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရင်အဆင့်ကျင့်ကြံသူ ထွက်မလာသရွေ့ မည်သူကမှ ကူရွှယ်သောင်းကို နှိမ်နင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
အခန်း(၂၀၈၇)ပြီး၏။
အခန်း(၂၀၈၈)
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ တစ်ချိန်က နတ်ဘုရားသားတော်လို့ မပြောရဘူး.. တကယ်ကို ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိတာပဲ”
လေထုထဲရှိ မြင်ကွင်းကိုကြည့်ကာ စင်မြင့်ထက်မှ ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီ၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူနှင့် ကူရွှယ်သောင်းတို့သည် ခေတ်ပြိုင်များ ဖြစ်ကြပြီး ထိုအချိန်က အရှေ့ပိုင်းဒေသတွင် ကူရွှယ်သောင်း၏ ကျော်ကြားမှုသည် သူ့ထက်ပင် သာလွန်ခဲ့သည်။
သို့သော်လည်း သူတို့နှစ်ဦးသည် အဆက်အသွယ် မရှိခဲ့ကြပေ။
ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရားသားတော်သည် ကူရွှယ်သောင်း၏ အမည်ကိုသာ ကြားဖူးပြီး လူကိုမူ မမြင်ဖူးခဲ့ချေ။
ယခု ကူရွှယ်သောင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲချုပ်ကိုပင် နောက်ဆုတ်သွားစေသည်အား မြင်လျှင် ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရားသားတော် ဖြစ်သည့် ကျန့်ကျီသည် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။
“ကျန့်ကျီ.. ဘယ်လိုပဲဖြစ်ဖြစ် ကူရွှယ်သောင်းက သူတော်စင်ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်မလာတဲ့ အတွက် ကြယ်သုံးပွင့် အရှင်သခင်အဆင့်ကို မထိုးဖောက်နိုင်ခဲ့ဘူး.. သူ့ရဲ့ စွမ်းရည်က မင်းနဲ့ ဘယ်လိုလုပ် တန်းတူ ဖြစ်နိုင်မှာလဲ”
ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီ၏ နံဘေးရှိ အကြီးအကဲသည် မထီမဲ့မြင် ပြုံးကာ ခေါင်းခါရမ်း၍ ပြောလိုက်သည်။
သူတို့ ဟောင်ထျန်းဓားဂိုဏ်း၏ နတ်ဘုရားသားတော် ကျန့်ကျီသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သူ ဖြစ်သည်။
အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် ကျန့်ကျီနှင့် ယှဥ်နိုင်သည့် ပါရမီရှင်သည် နှစ်ယောက်၊သုံးယောက်ခန့်သာ ရှိသည်။
ကျန့်ကျီ၏ ကျင့်ကြံခြင်းအဆင့်သည် လက်ရှိတွင် မြေကြီးအရှင် အဆင့်တွင်သာ ရှိနေသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကူရွှယ်သောင်းထက် မနိမ့်ကျပေ။
အကယ်၍ ကျန့်ကျီနှင့် ကူရွှယ်သောင်းတို့သာ အဆင့်တူအတွင်း ရှိနေခဲ့လျှင် ကူရွှယ်သောင်းသည် ကျန့်ကျီ၏ ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်နှင့်ပင် ခြားနားမည် မဟုတ်ပေ။
ကျန့်ကျီက အေးစက်စက် ပြောလိုက်သည်။
“ကူရွှယ်သောင်းက ကြယ်သုံးပွင့်အရှင်သခင် ဖြစ်မလာခဲ့တာ နှမြောစရာကောင်းပေမဲ့ အဲဒါက ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်းဓားပညာကို သက်သေပြဖို့အတွက် သူနဲ့ တိုက်ခိုက်လိုစိတ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး”
တစ်ချိန်က အရှေ့ပိုင်းဒေသတွင် ကူရွှယ်သောင်း၏ အမည်သည် အလွန်တရာပင် ကျော်ကြားခဲ့ပြီး သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်လာရန် အလားအလာအရှိဆုံးဟု ချီးမွမ်းခြင်း ခံခဲ့ရသည်။
ကူရွှယ်သောင်း၏ တည်ရှိမှုသည် ပြိုင်ဘက်ကင်း ဓားလမ်းစဥ်ကို ကျင့်ကြံနေသည့် ကျန့်ကျီအတွက် နှလုံးသားတွင် ခဲစွဲထားသလို ဖြစ်စေခဲ့သည်။
သူက တစ်နေ့နေ့တွင် ကူရွှယ်သောင်းနှင့် တိုက်ခိုက်နိုင်ရန် မျှော်လင့်ချက်ဖြင့် အစွမ်းကုန် ကြိုးစား ကျင့်ကြံနေခဲ့သည်။
သို့သော်လည်း သူနှင့် ကူရွှယ်သောင်း မတိုက်ခိုက်ရသေးခင်မှာပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူရွှယ်သောင်း သေဆုံးသွားပြီဟု ကြေညာခဲ့သည်။
ယခု နှစ်ပေါင်းသောင်းချီကြာပြီးနောက်တွင် ကူရွှယ်သောင်းသည် သူ၏ မျက်စိရှေ့ကို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ချေပြီ။
သူက အတိတ်က ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်နှင့် သူ၏ ပြိုင်ဘက်ကင်း ဓားလမ်းစဥ်ကို ပိုမို ပြည့်စုံစေရန်အတွက် ကူရွှယ်သောင်းနှင့် တိုက်ခိုက်လိုခဲ့သည်။
“ကျန့်ကျီ.. မင်းတကယ်ပဲ သူနဲ့ တိုက်ချင်တယ်ဆိုရင် အခုချက်ချင်း တိုက်ခိုက်လိုက်ပါ”
ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
ကျန့်ကျီသည် အထူးခန္ဓာကိုယ် ပိုင်ရှင်တစ်ဦး ဖြစ်ပြီး ဓားလမ်းစဥ်ကို လျှောက်လှမ်းနေသူ တစ်ဦး ဖြစ်သည်။
ကျန့်ကျီ၏ ကူရွှယ်သောင်းအား တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ကို အကြီးအကဲသည် ကောင်းစွာ သိရှိထားခဲ့၏။
ယနေ့တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပတော့မည် ဖြစ်သည်။
ဤအချိန်အခါတွင် မည်ကဲ့သို့သော အကြောင်းအရင်းများ ရှိနေပါစေ၊ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူရွှယ်သောင်းကို ရမ်းကားခွင့် လုံးဝ ပေးမည်မဟုတ်ပေ။
သို့မဟုတ်လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အင်အားစုများစွာ၏ အလယ်တွင် မျက်နှာပျက်ရလိမ့်မည် မဟုတ်ပါလော။
ကူရွှယ်သောင်းသည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း နတ်ဘုရင်အဆင့် အင်အားစုကို ယှဥ်ပြိုင်ရန်မှာ မလုံလောက်သေးပေ။
ထို့ကြောင့် ကျန့်ကျီသာ ယခု မတိုက်ခိုက်သေးလျှင် ခဏအကြာတွင် တိုက်ခိုက်ရန် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ဟု သူ တွေးမိခဲ့သည်။
ကျန့်ကျီက အကြီးအကဲကို အေးစက်စက် ပြောလိုက်သည်။
“အေးဆေးပေါ့ အကြီးအကဲ.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ထွက်မလာသရွေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကူရွှယ်သောင်းကို ဖြေရှင်းဖို့ ထင်သလောက် လွယ်ကူမှာမဟုတ်ဘူး”
ကူရွှယ်သောင်းသည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန် ကြယ်နှစ်ပွင့်ကောင်းကင်အရှင်ထက်ပင် များစွာ သာလွန်နေသည်။
လက်ရှိတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၌ ကြယ်သုံးပွင့်ကောင်းကင်အရှင် မရှိရာ ကူရွှယ်သောင်းကို နှိမ်နင်းရန်မှာ အမှန်တကယ်ပင် လွယ်ကူသောကိစ္စ မဟုတ်ပေ။
“ကူရွှယ်သောင်း.. မင်းလည်းကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် ဖြစ်ခဲ့ပေမဲ့လည်း နှစ်ပေါင်းသောင်းချီ ပျောက်ကွယ်နေခဲ့တယ်"
"အခု ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပတော့မှာ ဖြစ်တဲ့ အတွက် ကူထျန်းလင်းက ဂိုဏ်းချုပ်နေရာကို ဆက်ခံဖို့ အတည် ဖြစ်နေခဲ့ပြီ.. တကယ်လို့ ဒီနေရာမှာတင် မင်းရဲ့ လုပ်ရပ်ကို ရပ်တန့်လိုက်မယ် ဆိုရင် မင်းအနေနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာနိုင်ပါသေးတယ်”
ကူဟုန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်ကာ ကူရွှယ်သောင်းကို ဖျောင်းဖျလိုက်သည်။
ကူရွှယ်သောင်းသည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ရောက်ရှိသွားပြီ ဖြစ်၍ အလွန်တရာပင် သန်မာနေခဲ့၏။
ဆိုရလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံး အနေဖြင့် ကူရွှယ်သောင်းနှင့်သာ တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုလျှင် မည်သူကမျှ ကူရွှယ်သောင်း၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။
အကယ်၍သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ကူရွှယ်သောင်းကို ရှင်းလင်းနိုင်ခဲ့လျှင်ပင် အလွန်အမင်း ကြီးမားသော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။
ထို့ကြောင့် ကူဟုန်သည် ကူရွှယ်သောင်းကို အရင်တည်ငြိမ်အောင် လုပ်ရန်နှင့် ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ပြီးဆုံးပြီးမှသာ အရာအားလုံးကို ညှိနှိုင်းရန် စီစဥ်ခဲ့ခြင်းပင်။
“ရပ်လိုက်ရမယ် ဟုတ်လား”
ကူရွှယ်သောင်းက အေးစက်စက် ပြောလိုက်သည်။
“အပိုစကားတွေ ပြောမနေနဲ့တော့.. ကူထျန်းလင်းကို ချက်ချင်းပဲ ထွက်တွေ့ခိုင်းလိုက်စမ်း.. ငါက ငါနဲ့ ကူထျန်းလင်း ကြားက ရန်ငြိုးတွေကို ရှင်းလင်းပြီး ငါပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို ပြန်လည်ရယူဖို့ အတွက် ဒီအခမ်းအနားကိုမှ တမင်တကာသီးသန့်ရွေးပြီး လာခဲ့တာပဲ”
ထိုစကားကိုကြားလျှင် ကူဟုန်၏ အမူအရာသည် သုန်မှုန်သွားခဲ့ပြီး ကူရွှယ်သောင်းကို စကားပြောရန် ပြင်လိုက်စဥ်မှာပင် လေထုထဲ၌ နေရာလွတ် လှိုင်းလုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် လူရိပ်နှစ်ခုသည် နေရာလွတ် အက်ကြောင်းထဲကနေ ထွက်ပေါ်လာခဲ့ကြသည်။
ဘယ်ဘက်မှ လူမှာ ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအို တစ်ဦး ဖြစ်ပြီး ခန္ဓာကိုယ်ကနေ အလွန်တရာ အစွမ်းထက်သည့် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
ညာဘက်မှ လူကမူ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။
ထိုလူငယ်သည် အေးစက်သော မျက်နှာထားရှိပြီး ၎င်း၏ ရှည်လျားသော ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေခဲ့သည်။
ထိုလူငယ်၏ အကြည့်သည် နှလုံးသားကို ထိုးဖောက်နိုင်လုမတတ် စူးရှနေခဲ့၏။
ထိုနှစ်ဦးမှာ တခြားသူများ မဟုတ်ပေ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကူယွမ်နှင့် ဂိုဏ်းချုပ်ရာထူးကို ဆက်ခံတော့မည့် နတ်ဘုရားသားတော် ကူထျန်းလင်း တို့ပင် ဖြစ်သည်။
ထိုအချိန်တွင် ကူရွှယ်သောင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
သူ၏ စူးရှသော အကြည့်သည် ကူထျန်းလင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။
“ကူထျန်းလင်း.. မင်းနောက်ဆုံးတော့ ထွက်လာဖို့ ဆန္ဒရှိပြီပေါ့”
“ဂိုဏ်းတူညီလေးရွှယ်သောင်း.. အဲဒီအချိန်က ငါ မင်းကို မကယ်တင်နိုင်ခဲ့တဲ့ အတွက် အမြဲ နောင်တရနေခဲ့တာပါ.. အခု ဂိုဏ်းတူညီလေး အသက်ရှင်နေတာကို တွေ့လိုက်ရတော့ ငါအရမ်း ဝမ်းသာမိပါတယ်”
ကူထျန်းလင်းက သက်ပြင်းချကာ ဟန်ဆောင်၍ ပြောလိုက်သည်။
“တကယ်လို့ ဂိုဏ်းတူညီလေးသာ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံချင်တယ် ဆိုရင် ငါမင်းကို လွှဲပေးပါ့မယ်.. ဘာလို့ အခမ်းအနားကို ပြဿနာရှာပြီး ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အများလှောင်ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ”
"ခွေးကောင် ကူထျန်းလင်း.. မင်းငါ့ရှေ့မှာ သရုပ်ဆောင်မနေနဲ့.. အဲဒီတုန်းက ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကို မင်းက တခြား ဘယ်သူထက်မဆို ကောင်းကောင်းကြီး သိပါတယ်”
ကူရွှယ်သောင်းက အေးစက်စက် ပြုံးကာ ပြောလိုက်၏။
“အပိုစကားတွေ ပြောနေတာရပ်ပြီး ငါနဲ့တိုက်ခိုက်ပါ.. ဒီနေ့ မင်း ငါ့အပေါ် ကျူးလွန်ခဲ့တာတွေ အတွက် ၁၀ဆ ပြန်လည်တောင်းယူမယ်”
“ရွှယ်သောင်း.. ဒီကိစ္စမှာ တစ်ခုခု အထင်လွဲစရာတွေ ရှိနေနိုင်တယ်.. အဲဒီနှစ်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနား ပြီးဆုံးမှပဲ ဆွေးနွေးကြရင် မကောင်းဘူးလား”
ကူရွှယ်သောင်းကို ကြည့်ရင်း ဂိုဏ်းချုပ်ကူယွမ်၏ အိုမင်းသော မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“တကယ်လို့ ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ စကားကို ငြင်းဆန်မယ် ဆိုရင်ရော”
ရွှယ်သောင်းက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကူယွမ်ကို မေးလိုက်သည်။
“ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်.. ငါဘယ်လိုမှ အမှားအယွင်း အဖြစ်မခံနိုင်ဘူး.. မင်းဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါမင်းကို အရင်ဆုံး ဖမ်းဆီးရတော့မှာပဲ”
စကားဆုံးသည်နှင့် ကူယွမ်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် ကူထျန်းလင်းသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကူယွမ်ကို ဟန့်တားလိုက်၏။
“ဂိုဏ်းချုပ်.. ဒီကိစ္စက ကျွန်တော်နဲ့ ဂိုဏ်းတူညီလေး ရွှယ်သောင်းတို့ ကြားက ကိစ္စပါ. ဒါကြောင့် ကျွန်တော်တို့ ဘာသာပဲ ဒီကိစ္စကို ဖြေရှင်းပါရစေ”
“ဂိုဏ်းတူညီလေးရွှယ်သောင်း.. ငါတို့ကြားက တိုက်ပွဲက ရှောင်လွှဲလို့မရတော့ဘူး ထင်တယ်.. အခြေအနေက ဒီအထိဖြစ်လာမှတော့ ဂိုဏ်းတူညီလေးရဲ့ စွမ်းရည်ကို ငါ လေ့လာပါရစေ”
စကားဆုံးသည်နှင့် ကူထျန်းလင်း၏ ပုံရိပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ကူရွှယ်သောင်းကလည်း နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်ယံသို့ ခုန်တက်ကာ ကူထျန်းလင်းနှင့် တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် နှစ်ပါး တိုက်ခိုက်မှုနှင့်အတူ ကောင်းကင်နှင့်မြေကြီးကိုပင် ပျက်စီးစေနိုင်လောက်သည့် စွမ်းအင်မုန်တိုင်း တစ်ခုသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ချက်ချင်းပင် လွှမ်းမိုးသွားခဲ့၏။
အခန်း(၂၀၈၈)ပြီး၏။