← Chapters

အခန်း (၂၀၈၉-၂၀၉၀)

Vol. 149 Ch. 2089-2090

အခန်း (၂၀၈၉-၂၀၉၀)

Vol. 149 Ch. 2089-2090

အခန်း(၂၀၈၉)

“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်လို့ ငါတစ်ခါမှ ထင်မထားခဲ့ဘူး.. ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ”

“ဟိုတုန်းက ကူရွှယ်သောင်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ရှိစဥ်ကတော့ ကူထျန်းလင်းကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့တယ်.. အခု သူတို့နှစ်ယောက်စလုံးက ကြယ်နှစ်ပွင့် ကောင်းကင်အရှင်တွေ ဖြစ်နေကြပြီ.. ငါ့အထင်တော့ ကူထျန်းလင်းက ကူရွှယ်သောင်းရဲ့ ပြိုင်ဘက် ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး”

“အမှန်ပဲ ကူထျန်းလင်းက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်”

“.............”

ကူရွှယ်သောင်းသည် အလွန်တရာ အစွမ်းထက်သော်လည်း အဆုံးသတ်တွင် တစ်ယောက်တည်းသာ ဖြစ်သည်။

ကူထျန်းလင်းအနေဖြင့် ကူရွှယ်သောင်းကို နှိမ်နင်းရန် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အင်အားကို အသုံးပြုနိုင်ပြီး ထိပ်တိုက် ရင်ဆိုင်ရန်ပင် မလိုအပ်ပေ။

အကယ်၍ နိုင်သွားလျှင် ကိစ္စမရှိသော်လည်း ရှုံးနိမ့်သွားလျှင်မူ ကူထျန်းလင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံရန် မျက်နှာရှိတော့မည် မဟုတ်ပေ။

“ကျန်းချန်.. အဆင့်တူအတွင်းမှာဆိုရင် ကူထျန်းလင်းက အစ်ကိုကူရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး.. ဒီကောင်က အမြဲတမ်း လှည့်ကွက် သုံးရတာကို နှစ်သက်တယ်.. အခု သူက အစ်ကိုကူကို ရှေ့ထွက်ပြီး စိန်ခေါ်ရဲတယ် ဆိုမှတော့ လှည့်ကွက် တစ်ခုခု ရှိမှာ အသေအချာပဲ”

လီကျန့်က လေထုထဲမှ တိုက်ပွဲကို ခေါင်းမော့၍ ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်က စကားတစ်ခွန်းမျှ မဆိုဘဲ ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ခိုက်နေသော လေထုဆီသို့ စူးစိုက်၍ ကြည့်နေခဲ့၏။

ကြည့်ရသည်မှာ ကူထျန်းလင်းသည် လီကျန့် မှန်းဆထားသည့်အတိုင်းပင် သူ့ဆရာကို ကိုင်တွယ်ရန် အတွက် လှည့်ကွက်တစ်ခုကို အသုံးပြုလိုနေခြင်း ဖြစ်ရပေမည်။

ထိုခဏမှာပင် ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ခိုက်နေသည့် နေရာသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု၏ လက်ချက်ဖြင့် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

သူ၏ အသိစိတ်အာရုံဖြင့်ပင် တိုက်ပွဲ အခြေအနေအား စူးစမ်း၍ မရတော့သည်ကို မြင်လျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

ကျန်းချန်က ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ လေထဲသို့ တိုက်ရိုက်ခုန်တက်ကာ ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ခိုက်သည့်နေရာသို့ သွားရန် ပြင်လိုက်သည်။

“ကောင်လေး.. ငါတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ရမ်းကားဖို့ မစဥ်းစားနဲ့”

ထိုမြင်ကွင်းကိုမြင်လျှင် ကူဟုန်သည် လှောင်ပြုံး ပြုံးလိုက်ပြီး ကျန်းချန်းကို တားဆီးရန် အတွက် သူ၏ လက်တစ်ဖက်ကို ချက်ချင်းဆိုသလို ဆန့်ထုတ်လိုက်သည်။

လေထုထဲတွင် ဧရာမလက်ဖဝါး တစ်ဖက် ဖြစ်ပေါ်လာခဲ့ပြီး ကျန်းချန်ကို လှမ်းဖမ်းလိုက်၏။

ကူထျန်းလင်း၏ လူယုံတစ်ဦး ဖြစ်သည် ကူဟုန်သည် ကူထျန်းလင်း စီစဥ်သမျှ ကိစ္စအားလုံးတွင် ပါဝင်ခဲ့သည်။

ကူထျန်းလင်း အနေဖြင့် ကူရွှယ်‌သောင်းကို စိန်ခေါ်လိုက်ခြင်းသည် ကူရွှယ်သောင်းကို သတ်ဖြတ်ရန်အတွက် လှည့်ကွက်တစ်ခုကို အသုံးပြုလိုခြင်း ဖြစ်ကြောင်း ကောင်းမွန်စွာ သိရှိထားခဲ့သည်။

ယခုအခါ ကူထျန်းလင်းက ထိုလှည့်ကွက်ကို အသုံးပြုနေပြီဖြစ်ရာ ကူဟုန်သည် မည်သူ့ကိုမှ နှောင့်ယှက်ခွင့်ပေးမည် မဟုတ်ပေ။

“ဖယ်စမ်း”

ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့ပြီး သူ၏ လက်တစ်ဖက်ကို မြှောက်ကာ လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

“ဝေ့ါ..”

သာမန်လက်ဝါးရိုက်ချက်ဟု အပေါ်ယံ ထင်ရသော်လည်း ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် ကူဟုန်၏ ဧရာမ လက်ဖဝါးကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်ပြီး ကူဟုန်ကို ပေပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားစေခဲ့သည်။

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့၏။

ကူဟုန်၏ ပါးစပ်ကနေ သွေးများ အဆက်မပြတ် အန်ထွက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် အာကာပြင်ကို ဝင်ဆောင့်ကာ အာကာပြင် အက်ကြောင်းကြီးကိုပင် ဖြစ်ပေါ်စေခဲ့သည်။

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ ပြန်လည်သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

“ငါ ငါ အမြင်မှားတာတော့ မဟုတ်ဘူးမလား"

"ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ အကြီးအကဲချုပ် ကူဟုန်က အဲဒီကောင်လေးရဲ့ လက်ဝါးရိုက်ချက်နဲ့ လွင့်စင်သွားတယ်ဟ"

"ဒီကောင်လေးရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့်နိမ့်နယ်မြေနတ်ဘုရား အဆင့်မှာ ရှိနေသေးပုံပဲ.. အဆင့်နိမ့် နယ်မြေနတ်ဘုရားတစ်ပါးက ကြယ်နှစ်ပွင့် ကောင်းကင်အရှင်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ လွင့်စင်သွားစေတာဆိုတာ တကယ်ပဲ ဖြစ်နိုင်လို့လား”

“..............”

လူတိုင်းသည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အသက်ရှူမှားမတတ်ပင် ဖြစ်နေခဲ့ကြသည်။

အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်(အရှင်သခင် အဆင့်) နှင့် အဆင့်မြင့်နယ်မြေနတ်ဘုရား(ဝါ) ကောင်းကင်အရှင်အဆင့် ဆိုသည်မှာ မတူညီသော အဆင့်နှစ်ခု ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲချုပ် ကူဟုန်သည် အလွန်တရာ အစွမ်းထက်သော ကြယ်နှစ်ပွင့်ကောင်းကင်အရှင် တစ်ပါးလည်း ဖြစ်၏။

သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်သုံးပွင့် အရှင်သခင်ပင်လျှင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်ကို လက်ဝါးရိုက်ချက်ဖြင့် လေထဲသို့ လွင့်စင်အောင် လုပ်ရန်မှာ မဖြစ်နိုင်ပေ။

“ဒီကောင်လေးက တကယ်ကို အစွမ်းထက်တာပဲ”

ဟောင်ထျန်းဓားဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ကျီ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ထို့နောက်တွင် သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

နတ်ဘုရားနယ်မြေတွင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်သည် သာမန်မဟုတ်ပေ။

သူက ယခုအခါတွင် ကြယ်သုံးပွင့် မြေကြီးအရှင် တစ်ဦး ဖြစ်သည်။

သူ့အနေဖြင့် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ကူဟုန်ကို အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ယုံကြည်မှု ရှိသော်လည်း လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိစေရန် တတ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ဖြင့်ပင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ဖြစ်သည့် ကူဟုန်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်စင်အောင် လုပ်နိုင်ခဲ့သည်။

“ဒီကောင်လေးက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားတာပဲဖြစ်ရမယ်...သူက အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့် ဘယ်လိုမှ မဖြစ်နိုင်ဘူး”

မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ဟောင်ထျန်းဓားဂိုဏ်းမှ အကြီးအကဲ၏ အိုမင်းသော မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည် ကန့်သတ်ချက်မှာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သည့် ကြယ်သုံးပွင့် အရှင်သခင်အဆင့် ဖြစ်သည်။

သူ၏ နားလည်ထားမှုအရ ကြယ်သုံးပွင့်အရှင်သခင် ဖြစ်နေလျှင်ပင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်ကို ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။

အဆင့်နိမ့် နယ်မြေနယ်မြေနတ်ဘုရား အဆင့်က ကြယ်နှစ်ပွင့်ကောင်းကင်အရှင်ကို လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရိုက်ချလိုက်သည့် ကိစ္စကဲ့သို့ ဤကမ္ဘာပေါ်တွင် အဓိပ္ပါယ်မရှိသည့် ကိစ္စမျိုး မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။

“မင်း.. မင်း ဘယ်သူလဲ”

သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော ကူဟုန်၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

အဆင့်နိမ့် နယ်မြေနတ်ဘုရားအဆင့်သာ ရှိပုံရသော အနက်ရောင် ဝတ်စုံဝတ် လူငယ်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး သူ့ကိုပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

သူ၏ရှေ့မှ ကောင်လေးနှင့် ရင်ဆိုင်နေရသည်မှာ ကူဟုန်အတွက် ကြယ်သုံးပွင့် ကောင်းကင်အရှင် သို့မဟုတ် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရ သကဲ့သို့ပင် ခံစားနေခဲ့ရသည်။

“ကျုပ်က ကူရွှယ်သောင်းရဲ့ တိုက်ရိုက်တပည့် ကျန်းချန်ပဲ”

လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည့် ကျန်းချန်၏ ဝင့်ကြွားသော လေသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဒီနေ့ ကျုပ်တို့ ဆရာတပည့်နှစ်‌ယောက် ဒီကို ရောက်လာတာက ကူထျန်းလင်းနဲ့ ရန်ငြိုးတွေကို ရှင်းလင်းဖို့ပဲ.. အကယ်၍ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကြားဝင် နှောင့်ယှက်နေမယ် ဆိုရင်တော့ ကျုပ်ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”

“ဘယ်လို.. ဒီကောင်လေးက ကူရွှယ်သောင်းရဲ့ တပည့် ဖြစ်နေတာလား"

"ကူရွှယ်သောင်း တစ်ယောက်ထဲတောင် အတော်လေး ကိုင်တွယ်ရခက်နေတာ.. ကူရွှယ်သောင်းက သူ့ထက်တောင် ပိုပြီး ပါရမီရှိတဲ့ တပည့်တစ်ယောက်ကို လက်ခံထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသာ ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ပြဿနာတက်တော့မှာပဲ”

“.............”

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလိုက်ရလျှင် လူတိုင်း၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

ကျန်းချန်က လူအများ၏ အံ့သြထိတ်လန့်နေသော အမူအရာများကို ဂရုစိုက်မနေဘဲ ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ခိုက်နေသော နေရာသို့ သွားရန် ပြင်လိုက်သည်။

“ကောင်လေး.. ကူရွှယ်သောင်းတို့နှစ်ဦးက တရားမျှတစွာ ယှဥ်ပြိုင်နေကြတာပဲ.. မင်းအနေနဲ့ အခုလို ဝင်နှောင့်ယှက်ဖို့ လုပ်နေတာက တစ်ခုခု မူမမှန်သလိုပဲ”

ထိုအချိန်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကူယွမ်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်က ကူယွမ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

“မင်းက ငါ့ကို တားချင်တာလား”

“ကောင်လေး မင်းက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားတယ် ဆိုတာ ငါနားလည်ပါတယ်.. ငါတစ်ယောက်တည်းနဲ့တော့ မင်းကို ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီနေ့က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားနေ့ ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ မင်းတို့ ဆရာတပည့် နှစ်ယောက်လုံးကို လုပ်ချင်တာ လျှောက်လုပ်ခွင့်ပေးမှာ မဟုတ်ဘူး”

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ကူယွမ်က ခေါင်းခါလိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

“အကြီးအကဲတို့.. ငါနဲ့အတူ တိုက်ပွဲဝင်ဖို့ ပြင်ကြစို့”

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကူယွမ်၏ စကားအဆုံးမှာပင် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် လွင့်စင်သွားခဲ့သော ကြယ်နှစ်ပွင့် ကောင်းကင်အရှင် ကူဟုန်နှင့် စင်မြင့်ထက်တွင် ရှိနေသော ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်တစ်ပွင့် ကောင်းကင်အရှင် လေးပါး တို့သည် ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း တက်လာခဲ့ကြသည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် ခြောက်ပါး တို့သည် ကျန်းချန်၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြပြီး ကျန်းချန်ကို ဝိုင်းရံထားလိုက်ကြ၏။

“မင်းတို့က ငါ့ဆရာ ကူရွှယ်သောင်းကို လုပ်ကြံခဲ့တဲ့ အမှိုက်သရိုက်တွေကို တကယ်ပဲ ဖုံးကွယ်ပေးဖို့ ကြိုးစားနေတာလား”

ဤအချိန်တွင် ကူယွမ်ကို ကြည့်နေသည့် ကျန်းချန်၏ အကြည့်သည် ပို၍ပင် အေးစက်လာခဲ့သည်။

“ဒါက မင်းဘက်က စွပ်စွဲတဲ့ စကားတွေပဲလေ”

ကူယွမ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ကူထျန်းလင်းက မင်းဆရာကို လုပ်ကြံခဲ့တယ်လို့ ပြောနေရအောင် မင်း ဘာနဲ့ သက်သေပြပေးနိုင်လဲ”

အခန်း(၂၀၈၉)ပြီး၏။

အခန်း(၂၀၉၀)

“သက်သေရှာဖို့က ဘာများခက်နေလို့လဲ”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ခင်ဗျားတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ထုတ်သုံးပြီး အတိတ်က ဖြစ်ရပ်တွေကို ပြန်ကြည့်လိုက်မယ် ဆိုရင် အရာအားလုံးက ပေါ်ပေါက်သွားမှာပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် ကူဟုန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံသည် မည်ကဲ့သို့သော ရတနာမျိုး ဖြစ်သည်ကို ကူဟုန် ကောင်းစွာ သိရှိထားခဲ့၏။

ဂိုဏ်းအနေဖြင့် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြုကာ အချိန်ကို နောက်ပြန်ရစ်ကြည့်ခြင်းမှ ကာကွယ်ရန် အတွက် သူနှင့် ကူထျန်းလင်း တို့သည် အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။

ဆိုရလျှင် ထိုအချိန်က သူတို့သည် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ၏ ရတနာဝိညာဥ်ကို နှစ်ပေါင်းရာချီ အိပ်ပျော်အောင် ပြုလုပ်ထားခဲ့၏။

အကယ်၍ ယခုအချိန်တွင်သာ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံမှ တစ်ဆင့် အမှန်တရား ထွက်ပေါ်လာမည်ဆိုလျှင် သူတို့၏ အစီအစဥ်များသည် အလဟဿ ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။

“ဟမ့်.. ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံက ငါတို့ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ အထွတ်အမြတ် မှော်ရတနာပဲ.. ဘယ်လိုလုပ်ပြီး အလွယ်တကူ သုံးလို့ရမှာလဲ”

ကူဟုန်က နှာခေါင်းရှုံ့ကာ သတ်ဖြတ်လိုသော အမူအရာဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ် သူနဲ့ အပိုစကားတွေပြောမနေနဲ့တော့.. ဒီကောင်က အခမ်းအနားကို တမင်တကာ နှောင့်ယှက်နေတာပဲ.. သူ့ကို အရင်ဆုံး ဖမ်းလိုက်ရအောင်”

ကူဟုန်၏ စကားကိုကြားလျှင် ကူယွမ်သည် ကူဟုန်ကို ခေါင်းငဲ့၍ ကြည့်လိုက်သော်လည်း ဘာစကားမှ မပြောခဲ့ပေ။

ကူရွှယ်သောင်း မတော်တဆမှု ဖြစ်ပွားခဲ့စဥ်တွင် ကူယွမ်သည် အတိတ်ကို ပြန်လည်ကြည့်ရှုရန် အတွက် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ အရေးကြီးသောအချိန်တွင် ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံ၏ ရတနာဝိညာဥ်က အိပ်စက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကူထျန်းလင်းက နတ်ဘုရားသားတော် ဖြစ်လာခဲ့ပြီးနောက်တွင် ကူယွမ်သည် ထိုကိစ္စကို တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။

ယခု အသေအချာ ပြန်စဥ်းစားကြည့်လျှင် ထိုအချိန်က ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံသည် အကြောင်းအရင်းမရှိဘဲ ရုတ်တရက် အိပ်စက်သွားခဲ့ခြင်းမှာ ပုံမှန် မဟုတ်သော ဖြစ်ရပ်တစ်ခုပင်။

ထိုအချိန်ကကိစ္စသည် ရိုးရှင်းမှု ရှိမနေမှန်း ကူယွမ် သံသယဝင်နေသော်လည်း ယခုအချိန်မှ ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို အသုံးပြု၍ အတိတ်က အမှန်တရားကို ပြန်လည်တူးဖော်ရန် မစဥ်းစားတော့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ကူရွှယ်သောင်းသည် တစ်ချိန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် အဖြစ် ကျော်ကြားခဲ့သူ ဖြစ်ပြီး နှစ်ပေါင်းသောင်းချီပျောက်ကွယ်နေခဲ့သည့်တိုင် ဂိုဏ်းအတွင်း၌ ကူရွှယ်သောင်း၏ အရှိန်အဝါသည် များစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

အကယ်၍သာ ကူရွှယ်သောင်း၏ အတိတ်မှ ဖြစ်ရပ်သည် ကူထျန်းလင်းနှင့် အမှန်တကယ် ပတ်သက်နေခဲ့သည် ဆိုလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ပရမ်းပတာ ဖြစ်သွားမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် ကူယွမ်သည် ဂိုဏ်း၏ တည်ငြိမ်ရေးအတွက် အတိတ်မှ အမှန်တရားများကို ယခုအချိန်တွင် စူးစမ်းရှာဖွေ၍ မဖြစ်နိုင်တော့ပေ။

“ကျန်းချန်.. မင်းဆရာ ကူရွှယ်သောင်း ပျောက်ကွယ်သွားတုန်းက ရှေးဟောင်းဝိညာဥ်မှော်ကြေးမုံကို ငါတို့ အသုံးပြုခဲ့ပြီးပြီ.. ရလဒ်အနေနဲ့ ငါတို့တွေ ဘာမှရှာမတွေ့ခဲ့ဘူး.. မင်းက ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားကို ဖျက်ဆီးဖို့ ဇွတ်လုပ်နေမှတော့ ငါ့အနေနဲ့ မင်းတို့ ဆရာတပည့် နှစ်ယောက်လုံးကို နှိမ်နင်းရတော့မှာပဲ”

ကူယွမ်က ခေါင်းခါရမ်းလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“လျှိုဟဲကောင်းကင်ဝိညာဥ် အစီအရင်ကို ဖော်ထုတ်ကြ”

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကူယွမ်၏ စကားဆုံးသည်နှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင်များသည် တစ်ပြိုင်နက်တည်းမှာပင် မှော်စွမ်းအားများကို အသုံးပြုလိုက်ကြသည်။

သူတို့ ခြောက်ဦးစလုံး၏ ခန္ဓာကိုယ်ကနေ အစီအရင် သင်္ကေတများစွာ ထွက်ပေါ်လာခဲ့၏။

နောက်ထပ် တစ်ခဏတွင် အစီအရင် သင်္ကေတများသည် လေထဲသို့ ပျံတက်သွားခဲ့ပြီး အချင်းချင်း ပေါင်းစည်းသွားကာ အဆုံးသတ်တွင် ဧရာမ အစီအရင်တစ်ခု အဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ထိုအစီအရင်ကနေ ခြောက်ရောင်ခြယ် ဧရာမ လက်ဖဝါးတစ်ဖက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုက်စန်းတောင်ကဲ့သို့ ကျန်းချန်ကို ဖိနှိပ်ရန် ကျဆင်းလာခဲ့၏။

ထိုအချိန်တွင် ကမ္ဘာကြီး၏ အရောင်အသွေးသည်ပင် မှေးမှိန်သွားခဲ့သည်။

ဟောင်ထျန်းဓားဂိုဏ်းမှ ကျန့်ကျီ ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် ပင်လျှင် အစီအရင်ကနေ ထွက်ပေါ်လာသည့် ဧရာမလက်ဖဝါး၏ အင်အားကို ခံစားမိကာ ထိတ်လန့်သွားခဲ့ရသည်။

“လျှိုဟဲကောင်းကင်ဝိညာဥ် အစီအရင်ပါလား"

"ဒီအစီအရင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အခြေခံပြီး တီထွင်ထားတဲ့ ပူးပေါင်းတိုက်ကွက် အစီအရင်တစ်ခုပဲ.. အခု ကြယ်ပွင့်အဆင့်ကောင်းကင်အရှင် ခြောက်ပါး ထိန်းချုပ်ထားတယ် ဆိုတော့ ဒီအစီအရင်က ကြယ်သုံးပွင့် ကောင်းကင်အရှင်ကိုတောင် ယှဥ်နိုင်ဖို့ လုံလောက်တယ်"

"ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက လျှိုဟဲဝိညာဥ်ကောင်းကင် အစီအရင်လို ပူးပေါင်းတိုက်ကွက် အစီအရင်ကို ထုတ်သုံးလိမ့်မယ်လို့ မထင်ထားမိဘူး"

"လျှိုဟဲဝိညာဥ်ကောင်းကင် အစီအရင်က ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် ခြောက်ပါးရဲ့ ပံ့ပိုးမှုအောက်မှာ ဆိုတော့ ကြယ်သုံးပွင့် ကောင်းကင်အရှင်ရဲ့စွမ်းရည်ထက် မနိမ့်ကျနိုင်တော့ဘူး.. ဒီကောင်လေးတော့ ကျရှုံးမှာ သေချာသလောက်ပဲ”

“...............”

ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်းသည် တိတ်တဆိတ်ခေါင်းခါလိုက်ကြ၏။

နတ်ဘုရင်အဆင့် မဟုတ်သရွေ့ ထိုကဲ့သို့ ကြောက်မက်ဖွယ်အင်အားကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

“ဟားဟား ငါတို့ ဆရာတပည့်ကို နှိမ်နင်းရအောင် မင်းတို့ဆီမှာ အဲဒီလို အရည်အချင်းရှိလို့လား”

ကျန်းချန်က ဝင့်ကြွားစွာ ရယ်မောလိုက်၏။

သူ၏ ခန္ဓာကိုယ်ကနေ နယ်မြေနတ်ဘုရား မူလရင်းမြစ် စွမ်းအားများသည် အတိုင်းအဆမရှိ ထွက်‌ပေါ်လာခဲ့ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည့် ဓားစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဓားလမ်းစဥ်ရဲ့ နယ်မြေနတ်ဘုရား မူလအရင်းအမြစ်စွမ်းအား”

ကျန်းချန်က သူ၏ လက်ခလယ်နှင့် လက်ညှိုးကြားတွင် လက်မကို ထားကာ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန် တစ်ခုကို ထုတ်ဖော်၍ သူ့ကို ဖိနှိပ်ရန် ကျဆင်းလာသော ဧရာမလက်ဝါးကြီး ဆီသို့ ညွှန်ပြလိုက်သည်။

မကြာမီမှာပင် ကျန်းချန်၏ ဆန်းကြယ်သော လက်ဟန်ကနေ ကြောက်မက်ဖွယ် ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ရောင်စုံသက်တန့်ရှည်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ခြောက်ရောင်ခြယ် ဧရာမလက်ဝါးကြီးကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

လေထုတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ကမ္ဘာကြီး တစ်ခုလုံးပင် ဗြောင်းဆန်သွားခဲ့၏။

ကူယွမ်တို့ ကြယ်ပွင့်အဆင့် ကောင်းကင်အရှင်‌ခြောက်ပါး၏ စွမ်းအားဖြင့် စုစည်းထားသော အစီအရင်ကနေ ဖြစ်ပေါ်လာသည့် ခြောက်ရောင်ခြယ် ဧရာမလက်ဝါးကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအား၏ လက်ချက်ဖြင့် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။

ကျန်းချန်၏ ဓားစွမ်းအားသည် ခြောက်ရောင်ခြယ် ဧရာမလက်ဝါးကြီးကို ချေမှုန်းပစ်ပြီးနောက်တွင် လျှိုဟဲဝိညာဥ်ကောင်းကင် အစီအရင်ကိုပါ တိုက်ရိုက် ထိမှန်သွားခဲ့၏။

ထို့နောက်တွင် အစီအရင် သင်္ကေတများသည် လေထုထဲတွင် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားခဲ့သည်။

ဤအချိန်တွင် ကူယွမ်တို့ ကောင်းကင်အရှင် ခြောက်ပါးစလုံးသည် တစ်ပြိုင်နက်တည်း နာကျင်စွာ ညည်းညူလိုက်ကြပြီး လေထဲတွင် နောက်ပြန် လွင့်စင်သွားခဲ့ကြသည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အထူးသဖြင့် ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် ခြောက်ပါးထဲတွင် အားနည်းသော ကြယ်တစ်ပွင့် ကောင်းကင်အရှင် လေးပါးသည် သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ရ၏။

သူတို့ရှေ့မှ အံ့သြတုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းကိုကြည့်ရင်း လူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

ကြယ်နှစ်ပွင့် ကောင်းကင်အရှင်နှစ်ပါးနှင့် ကြယ်တစ်ပွင့် ကောင်းကင်အရှင်လေးပါး ဟူသော လူစာရင်းသည် အလွန်တရာပင် အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

ကြယ်ပွင့်အဆင့် ကောင်းကင်အရှင် ခြောက်ပါးက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပူးပေါင်းတိုက်ကွက် အစီအရင်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ တိုက်ကွက်အောက်တွင် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

“ဒီလူက တကယ်ပဲ နယ်မြေနတ်ဘုရား အဆင့်မှ ဟုတ်ရဲ့လား”

လူတိုင်းသည် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အံ့သြထိတ်လန့်မှုကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကူယွမ်တို့ ကောင်းကင်အရှင် ခြောက်ပါးကို ကြယ်သုံးပွင့်ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်ကမူ စက္ကန့်ပိုင်း အတွင်းမှာပင် အလွယ်တကူ အနိုင်ယူပြခဲ့သည်။

“ဒါ...ဒါက တကယ်ပဲ အဆင့်နိမ့် နယ်မြေနတ်ဘုရား တစ်ပါး ပိုင်ဆိုင်ထားတဲ့ စွမ်းရည်လား”

လေထုထဲမှ ကူယွမ်တို့ ကောင်းကင်အရှင် ခြောက်ပါးသည် အလွန်အမင်း ထိတ်လန့်နေခဲ့ကြသည်။

သူတို့ခြောက်ပါးလုံးက လျှိုဟဲကောင်းကင်ဝိညာဥ် အစီအရင်ကို အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်ခဲ့သည့်တိုင် ကျန်းချန်၏ တိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”

“ကျန်းချန်.. မင်း ဒီနေရာမှာတင် ရပ်လိုက်ပါ.. မင်းရဲ့ စွမ်းရည်က ငါတို့ မှန်းဆထားတာထက် ကျော်လွန်နေပေမဲ့ ငါတို့ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မင်းရမ်းကားချင်တိုင်းရမ်းကားလို့ ရတဲ့နေရာ မဟုတ်ဘူး.. မင်း ဇွတ်အတင်းကျပ် လုပ်နေမယ် ဆိုရင် ပြေလည်ဖို့ လမ်းစရှိမှာ မဟုတ်တော့ဘူး”

ကူယွမ်က သူ၏ ထိတ်လန့်မှုကို ဖိနှိပ်ကာ ကျန်းချန်ကို စိုက်ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“ပြေလည်ဖို့ လမ်းစမရှိတော့ရော ဘာဖြစ်လဲ.. ဆရာ့ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီနေ့ မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ငါ လူမသတ်ချင်ဘူး.. မင်းတို့အနေနဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းကို လာပြီး စမ်းသပ်မနေနဲ့.. မင်းတို့ ငါ့ကို ထပ်ပြီး တားရဲရင် င့ါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”

စကားဆုံးသည်နှင့် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကူရွှယ်သောင်းတို့ နှစ်ဦး တိုက်ခိုက်နေသည့် နေရာလွတ် ဆီသို့ ဦးတည်သွားခဲ့သည်။

“ဂိုဏ်းချုပ် အဲဒီကောင်ကို ဝင်ရောက် နှောင့်ယှက်ခွင့်ပေးလို့မဖြစ်ဘူး”

သူတို့ရှေ့မှ အခြေအနေကို ကြည့်ကာ ကူဟုန်၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကူထျန်းလင်းသည် ယခုအခါတွင် ကူရွှယ်သောင်းကို သတ်ဖြတ်ရန်အတွက် တစ်စုံတစ်ယောက်၏ အကူအညီကို အသုံးပြုနေခဲ့သည်။

အကယ်၍ ကျန်းချန်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ထူးခြားသည့် ပါရမီရှင်သာ ဝင်ရောက် နှောင့်ယှက်ခဲ့လျှင် ကူရွှယ်သောင်းကို သတ်ဖြတ်ရန် ခက်ခဲသွားပေလိမ့်မည်။

အကယ်၍ ကူထျန်းလင်းကို အကူအညီ ပေးမည့်သူက မည်သူမည်ဝါ ဖြစ်ကြောင်း ပေါက်ကြားသွားခဲ့လျှင် အကျိုးဆက်သည် မှန်းဆ၍ မရလောက်အောင် ဖြစ်သွားနိုင်ပေသည်။

အခန်း(၂၀၉၀)ပြီး၏။

All Chapters