အဋ္ဌမမင်းသားကိုရောင်းစားလိုက်ကြတာပေါ့
Vol. 20 Ch. 268
အခန်း (၂၆၈) အဋ္ဌမမင်းသားကိုရောင်းစားလိုက်ကြတာပေါ့
"သူ ထွက်သွားပြီထင်တယ်"
ဖုန်းယီရှောက်က ကောင်းကင်ထက်မော့ကြည့်လိုက်ပြီး သူ့အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲတွင် တောင်သခင်အချို့ မတ်တတ်ရပ်နေကြသည်။ တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအား ထွက်ခွာသွားပြီကို သူတို့အားလုံး သိရှိလိုက်ကြသည်။
ကျူးချင်က သူမဘေးမှ တောင်သခင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး…
"ခွန်လွန်ဝတ်ကျောင်းတော်က ဘယ်လိုမျိုး စကား (၃)ခွန်းပြောလိုက်လို့ သူ ထွက်သွားရတာလဲ"
လျိုကျင်းက…
"သူရမယ့်အခွင့်အရေးတွေအကြောင်း ပြောပြလိုက်တာလေ"
ဖုန်းယီရှောက်က တိုးလျသည့်လေသံဖြင့်…
"ဘာအခွင့်အရေးတွေလဲဆိုတာ ကိုယ့်ဟာကိုယ် အာရုံခံကြည့်လို့ရတယ် ဂိုဏ်းတူညီမလေး"
မြောင်ယွဲ့က ရယ်မောလိုက်ပြီး သာယာသည့်အသံဖြင့်…
"နောက်ဆုံးစကားကတော့… 'မင်း နောက်ကျသွားတာနဲ့ အဲဒီအခွင့်အရေးက နတ်မိစ္ဆာတွေလက်ထဲ ရောက်သွားလိမ့်မယ်' တဲ့ ၊ အဲဒီစကားလည်းကြားရော တစ်ချိုးတည်း ပြန်လစ်သွားတော့တာပဲ ၊ သူက စကား (၃)ခွန်းတည်းနဲ့ ရန်သူပြန်ဆုတ်သွားအောင် လုပ်လိုက်တာပဲ"
လျိုကျင်းက အားလုံးကို ကြည့်လိုက်ရင်း…
"ဒါပဲလေ… ဒီတစ္ဆေတိုင်းပြည်ကို ကျုပ်တို့ သိပ်ပြီးစိုးရိမ်နေစရာမလိုဘူး ၊ အရင်ဆုံး လက်ရှိကိစ္စကိုပဲ အရေးစိုက်ကြရအောင်"
ကျိုးကျုန်းထျန်းက…
"ဘာလဲ… နဂါးမျိုးနွယ်တွေကိစ္စလား ၊ သူတို့က ဘာပြောသေးလဲ"
ဖုန်းယီရှောက်က…
"သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားမကို ရက်နည်းနည်းလောက် ပြန်ခေါ်သွားချင်တယ် ၊ လက်ထပ်ခါနီးပြီဆိုတော့ အချိန်နည်းနည်းလောက် အိမ်မှာနေစေချင်တယ်တဲ့"
ကျူးချင်က…
"သူတို့က အဋ္ဌမမင်းသားအကြောင်း မပြောကြဘူးလား"
ပုံမှန်ဆိုလျှင် အဋ္ဌမမင်းသားက လုန်ယွိထက် ပိုမိုအရေးကြီးသည် မဟုတ်လား။
လုန်ယွိက ခွန်လွန်တောင်အတွက် အရေးပါသူဖြစ်သော်လည်း နဂါးမျိုးနွယ်များအတွက်တော့ အရေးပါသူ မဟုတ်ပေ။
မြောင်ယွဲ့က ထိုင်ခုံထက်တွင် ထိုင်လိုက်ရင်း…
"သူတို့က အဋ္ဌမမင်းသားအကြောင်း မပြောတာလည်း သဘာဝကျပါတယ်လေ"
ပြီးမှ သူမက ဆက်ပြောသည်။
"ဂိုဏ်းထဲက ဂိုဏ်းသားတစ်ယောက်ရဲ့ အသွေးအသားတွေကို ကိုယ့်အတွက် လမ်းခင်းတဲ့နေရာမှာ အသုံးပြုမယ်ဆိုရင် ရှင်တို့တွေ ငြင်းဆန်ကြမလား ၊ ဒါမှမဟုတ် ဂိုဏ်းထဲဝင်လာတဲ့ သူလျှိုတွေရဲ့ အသွေးအသားနဲ့ ကိုယ့်အတွက် လမ်းခင်းမယ်ဆိုရင်ရော ရှင်တို့တွေ သဘောတူကြမလား ၊ တကယ်တော့ သူတို့က နဂါးမင်းသားအတွက် ကျောက်စိမ်းရေကန်နတ်ဘုရားမကို လမ်းခင်းချင်တာလေ"
ကျိုးကျုန်းထျန်းက…
"ဒီတော့ နဂါးမျိုးနွယ်ရဲ့ တကယ့်ဦးတည်ချက်က အဋ္ဌမမင်းသားပဲပေါ့"
ဖုန်းယီရှောက်က…
"အဋ္ဌမမင်းသားက နဂါးမျိုးနွယ်တွေအတွက် အရမ်းအရေးပါတယ် ၊ ပြီးတော့ သူက ကျုပ်တို့ခွန်လွန်တောင်အတွက်လည်း အရေးကြီးတယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးက အင်အားစုများစွာကလည်း သူ့ကို လိုချင်နေကြတယ်"
လျိုကျင်းက…
"ဒါပေမဲ့ သူ့အသက်ကတော့ ကျုပ်တို့အတွက် သိပ်တန်ဖိုးမရှိလှပါဘူးလေ ၊ ဟုတ်တယ်မလား"
ကျူးချင်က…
"အဋ္ဌမမင်းသားက ရှောင်ယွိရဲ့ မောင်လေးလေ ၊ သူတို့ဆက်ဆံရေးကလည်း ကောင်းမွန်ကြတော့ သူ့ကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ရှောင်ယွိရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ပေးရမယ်လေ"
အဋ္ဌမမင်းသားကို သတ်ဖြတ်မည်ဆိုလျှင် သူမကတော့ လုံး၀ လက်သင့်ခံမည် မဟုတ်ပေ။
လုန်ယွိက စကားနားထောင်သူတစ်ယောက် ဖြစ်သော်လည်း သူမနှင့်ပတ်သက်သူများအပေါ် အလေးအနက် ထားလေ့ရှိသည်။
ဥပမာ လက်ရှိတွင် ကျန်းလန်အပေါ် သူမ အလေးထားပုံမျိုး ဖြစ်၏။
ယခုအချိန် သူမကို ကျန်းလန်မဟုတ်ဘဲ အခြားတစ်ယောက်နှင့် ပြောင်းလဲစေ့စပ်ပေးမည်ဆိုလျှင် သူမ မည်သည့်နည်းနှင့်မှ သဘောတူမည် မဟုတ်ပေ။
မြောင်ယွဲ့၏ တောက်ပသည့်မျက်ဝန်းများအနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ဒီတော့… အဋ္ဌမမင်းသားကို သူတို့ဆီပဲပြန်ပြီး ရောင်းစားလိုက်ကြတာပေါ့ ၊ နဂါးမျိုးနွယ်တွေက နဂါးမင်းသားကို ပြန်ရွေးဖို့ ဘယ်လောက်ပေးမလဲ ကြည့်ကြမယ်လေ ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပြန်ခေါ်သွားချင်တယ်ဆိုလည်း ခေါ်သွားပါစေပေါ့ တကယ်ပြန်ခေါ်သွားရဲမလား စောင့်ကြည့်တာပေါ့"
ကျိုးကျုန်းထျန်းက…
"ဒါဖြင့် နဂါးတွေက အဋ္ဌမမင်းသားအတွက် ကျုပ်တို့ကို လက်ဆောင်ပဏ္ဏာတွေ လာရောက်ဆက်သမယ့်နေ့ကို စောင့်နေရမှာလား"
မနေ့ညက သေရည်သောက်သည်မှာ များသွားသောကြောင့်လားမသိ အခြားတောင်သခင်များက မလိုအပ်သည်များကို ကွေ့ပတ်ပြောဆိုနေသည်ဟု သူ ခံစားနေရသည်။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ကျွန်မတို့က အဋ္ဌမမင်းသားကို သူတို့ဆီပြန်ရောင်းမယ်ဆိုရင် လုန်ယွိနဲ့ ကျန်းလန်ရဲ့ လက်ထပ်ပွဲအတွက် ကျွန်မတို့ဘက်ကပေးထားတဲ့ မင်္ဂလာလက်ဖွဲ့ကြေးရဲ့နှစ်ဆတောင်မှ သူတို့ဘက်က ကျွန်မတို့ကို ပြန်ပေးသင့်တယ်"
ကျူးချင်က တောင်သခင်များကို တစ်ချက်ဝေ့ကြည့်ရင်း …
"အဋ္ဌမမင်းသားအတွက် အဲဒီလောက်ပမာဏက သူတို့အတွက် ခက်ခဲမယ်မထင်ပါဘူး ၊ ဒါနဲ့ အခု ရှောင်ယွိက မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ရောက်နေပြီ… အင်မော်တယ်ဖြစ်ဖို့ သိပ်မကြာတော့ဘူးဆိုတော့ လက်ထပ်မယ့်ကိစ္စ ဆုံးဖြတ်ကြတော့မလား"
လျိုကျင်းက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…
"ကျန်းလန်ရော အင်မော်တယ်ဖြစ်ဖို့ ဘယ်လောက်လိုသေးလဲ"
မော့ကျန်းသုန့်က…
"နှစ်ပေါင်း (၄၀၀) လောက်တော့ လိုဦးမယ်"
တကယ်တော့ ကျန်းလန် အင်မော်တယ်ဖြစ်ရန် နှစ်ပေါင်း (၃၀၀)ခန့်သာလိုတော့ကြောင်း သူ ခန့်မှန်းမိသည်။ သို့ပေသိ လိုလိုပိုပိုပြောထားရခြင်းပင်။
လျိုကျင်းက…
"ဒါဖြင့် လက်ထပ်ဖို့ကိစ္စ နည်းနည်းလောက် စောင့်ကြသေးတာပေါ့ ၊ ကျန်းလန် အင်မော်တယ်ဖြစ်လာဖို့ကလည်း ကျုပ်တို့အတွက် အရေးကြီးတာပဲလေ ၊ ဆိုတော့ သူ့အပေါ် အရမ်းဖိအားတွေသွားပေးလို့ မဖြစ်ဘူး ၊ လက်ထပ်ဖို့အတွက် နှစ်ပေါင်း (၁၀၀) (၂၀၀) လောက် ထပ်စောင့်ရလည်း ပြဿနာမရှိပါဘူး"
လုန်ယွိနှင့် ကျန်းလန်သာ လက်ထပ်ပြီးသွားလျှင် ကျောက်စိမ်းရေကန်နတ်ဘုရားမသည် ခွန်လွန်တောင်၏အပိုင် ဖြစ်သွားပေလိမ့်မည်။
ခဏနားပြီးမှ လျိုကျင်းက ဆက်ပြောသည်။
"ပြီးတော့ အဲဒီလူထူးလူဆန်းက ကျုပ်တို့အပေါ် အတော်လေး သက်ရောက်မှုရှိတယ် ၊ ဒီတော့ ခါတိုင်းထက်ကြိုပြီး နာမည်စာရင်းထုတ်မှာ ဖြစ်မယ် ၊ နောက်ရက်နည်းနည်းလောက်ဆိုရင် အားလုံးဆီကို နာမည်စာရင်း ပို့ပေးလိုက်မယ်"
မြောင်ယွဲ့က…
"ဒီ လူထူးလူဆန်းက အတော်လေး ဒုက္ခပေးတယ် ၊ သူ ဘယ်သူလဲဆိုတာ အတော်လေး သိချင်နေပြီ"
***
ကျန်းလန် ခြံဝန်းထဲတွင် ထိုင်နေလေသည်။
ရာသီဥတုက အေးစိမ့်နေသောကြောင့် နေရထိုင်ရ အဆင်ပြေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူ ကျင့်ကြံနေစဉ် အဋ္ဌမမင်းသား ရောက်လာပြီး တောကောင်အချို့ လာပေးသွားသည်။
တောကောင်များကို ဟင်းချက်စားပြီး သေရည်နှင့်မြည်းလျှင် အလွန်အရသာရှိသည်ဟုလည်း ပြောသွားသေး၏။ သူက ကျန်းလန်နှင့် သေရည်အတူတူသောက်ရန် စကားလမ်းကြောင်းသွားခြင်း ဖြစ်သော်လည်း သူက အရေးမစိုက်ခဲ့ပေ။
ခွန်လွန်တောင်က ဘာမှမလှုပ်ရှားသည့်အတွက် လုန်မန်လည်း စိတ်သက်သာရာရနေဟန် ရှိသည်။
ခွန်လွန်တောင်မှ ထွက်ပြေးသွားရန် ဆိုသည်ကတော့….
လုန်မန် ထိုအကြောင်းကို တွေးပင် မတွေးရဲပေ။
သူ့အနေဖြင့် ခွန်လွန်တောင်မှထွက်ပြေးရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ ပြေးလို့လွတ်မည်ဆိုလျှင် လွန်ခဲ့သည့်တစ်နှစ်က ဦးလေးလုန်ရဲ့ပြန်သွားစဉ်ကပင် သူ လိုက်ပါသွားမည် ဖြစ်သည်။
ခွန်လွန်တောင်က လုန်မန်ကို လွှတ်ပေးထားသည့်အတွက် ကျန်းလန်ကလည်း အံ့သြခြင်း မဖြစ်မိပေ။
အဋ္ဌမမင်းသားက အထူးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ခွန်လွန်တောင်ဆိုသည်က နတ်မိစ္ဆာများနှင့် မတူညီပေ။ သူတို့က လုန်ယွိ၏မျက်နှာထောက်ပြီး အဋ္ဌမမင်းသားကို ထိခိုက်အောင်လုပ်မည် မဟုတ်သလို ထိုနဂါးမင်းသားကို ထိခိုက်အောင်လုပ်စရာလည်း အကြောင်း မရှိပေ။
ထို့ပြင် အဋ္ဌမမင်းသားကလည်း အလွန်တန်ဖိုးရှိသူ ဖြစ်နေလေရာ သူ့ကို ထိန်းသိမ်းထားခြင်းက ခွန်လွန်တောင်အတွက် မလွဲဧကန် အကျိုးအမြတ် ရှိရမည်ပင်။
ထိုအကြောင်းအရာ အသေးစိတ်ကိုတော့ ကျန်းလန် မသိရှိပေ။ သူ့အနေဖြင့် သိစရာလည်း မလိုပေ။
သူ အာရုံစိုက်ရမည်က ကျင့်ကြံခြင်းကိုသာ ဖြစ်၏။
နတ်ဘုရားရာထူးကိစ္စကိုလည်း တတ်နိုင်သမျှ မြန်မြန် နားလည်အောင်ကြိုးစားရမည် ဖြစ်သည်။ ယခုဆိုလျှင် ဤကိစ္စကို သိရှိပြီး သူ့နာမည်ဂုဏ်ပုဒ်ကို လုယူချင်သူ များစွာ ရှိနေလောက်ပေပြီ။
ဤသည်က အလွန်အန္တရယ်များသည်။
သို့ရာတွင် လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကျန်းလန်အနေဖြင့် မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်သင့်ပေ။
အရေးကြီးဆုံးအချက်မှာ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာရန်ဖြစ်သည်။ နတ်ဘုရားရာထူးကို သူကိုယ်တိုင် အပြည့်အဝထိန်းချုပ်နိုင်သည့်အဆင့်ရောက်လျှင် ထိုရာထူးကိုပါ ကောင်းကင်လွှမ်းသစ်ရွက် တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ပစ်ရမည် ဖြစ်သည်။
အမှန်တော့ နတ်ဘုရားရာထူးကို မည်သို့မည်ပုံ ရရှိခဲ့မှန်းပင် ကျန်းလန် နားမလည်ခဲ့ပေ။
နတ်ဘုရားရာထူးဆိုသည်က ရရှိရန်ခက်ခဲသည့် အရာတစ်ခု ဖြစ်ပြီး သူကတော့ ဘာမှန်းနားမလည်ဘဲ အလိုလိုရရှိလာခဲ့သည်။
ထိုရာထူးကိုရရှိအောင် သူလည်း ဘာမှပြုလုပ်ခဲ့ခြင်း မရှိပေ။
သူလုပ်ခဲ့သည့်အရာဆို၍ တောင်နှင့်ပင်လယ် ကြေးမုံမှန်ကိုအသုံးပြုပြီး လက်သီးနတ်ဘုရားကို ကိုးကွယ်နေကြသည့် တစ္ဆေကျင့်ကြံသူများကို ကူညီခဲ့ခြင်းသာ ရှိသည်။
ထိုမျှလောက်လေးဖြင့် နတ်ဘုရားဖြစ်လာခဲ့သည်တဲ့လား။
မဖြစ်နိုင်ပေ။
ဆိုတော့ လူအချို့က သူ့ကို ကိုးကွယ်နေကြသရွေ့ ထိုနတ်ဘုရားရာထူးက အဆင်ပြေနေမည်လား။
ဒါလည်း မဖြစ်နိုင်ပြန်ပေ။
နောက်တစ်ချက်စဉ်းစားမိသည်မှာ ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ အင်အားကြီးအုပ်စုများ အကြောင်းရင်းမရှိဘဲ တိုက်ခိုက်နေကြသည်မှာ နတ်ဘုရားရာထူးတစ်နေရာ ရရှိရန်အတွက်များလား။
ထိုအချက်က ဖြစ်နိုင်ခြေ မြင့်မားသည်။
နတ်မိစ္ဆာများဆိုလျှင် နှစ်ပေါင်း (၁၀၀)ကျော်တိုက်ပွဲဆင်နွှဲခဲ့ပြီးမှ "ဧကရာဇ်ချုန်းကိုး" ဆိုသည့် နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့ကြသည်။
ကျန်းလန်ကဲ့သို့သာ နတ်ဘုရားရာထူးကို လွယ်လွယ်နှင့်ရရှိသွားမည်ဆိုလျှင် တိုက်ခိုက်နေစရာပင် လိုမည်မထင်ပေ။
နတ်လူသားမျိုးနွယ်များကလည်း ဇာမဏီမျိုးနွယ်များကို ဆက်လက်တိုက်ခိုက်နေကြခြင်းမှာ အကြောင်းတစ်ခုခု ရှိရပေမည်။
ဖြစ်နိုင်လျှင် ဤကိစ္စများနှင့်ပတ်သက်ပြီး ဧကရာဇ်ရှီးဟယ်ဆိုသူကိုသာ သွားရောက်မေးမြန်းလိုက်ချင်သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက အန္တရယ်များလွန်းလှ၏။
"ဧကရာဇ်ရှီးဟယ်ဆိုတဲ့သူက ဆရာများလား"
ကျန်းလန်တွေးလိုက်သည်။
ထိုအတွေးကြီးက ဟာသဆန်လွန်းသည်။
ထိုပုဂ္ဂိုလ်က မည်သည့်နည်းနှင့်မှ ဆရာ မဖြစ်နိုင်ပေ။ ခွန်လွန်တောင်ဂိုဏ်းချုပ်ဆိုလျှင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤရက်ပိုင်းအတွင်း ကျန်းလန် ပုံရိပ်ယောင်များကို တွေ့မြင်ရခြင်း မရှိခဲ့ပေ။
နတ်ဘုရားရာထူးတစ်ခု ဆုပ်ကိုင်မိသောကြောင့်များ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားခဲ့သည်လား။ အလောင်းများပျံ့ကျဲနေသည့် ပုံရိပ်ယောင်မြင်ကွင်းကိုလည်း မတွေ့မြင်ရသည်မှာ ကြာပြီ ဖြစ်၏။
ထိုအလောင်းများပျံ့ကျဲနေသည့်မြင်ကွင်းက တစ္ဆေတိုင်းပြည်နှင့် ဆက်စပ်နေသည်လား ၊ သို့တည်းမဟုတ် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေသည်လား။ ကျန်းလန်လည်း မသိရှိပေ။
ပုံရိပ်ယောင်များကို တွေ့မြင်ရခြင်း မရှိသော်လည်း အသံများကိုတော့ ကြားနေရဆဲ ဖြစ်သည်။ ထိုအသံများ မကြားစေရန် မည်သို့မှ ထိန်းချုပ်၍မရနိုင်ပေ။
သို့ပေသိ အလွန်သိသာထင်ရှားသည့်အသံများမဟုတ်ပါက ထိုအသံများကို အာရုံစိုက်နေရန် မလိုအပ်ပေ။
"အချိန်ရမှ အဋ္ဌမင်းသားကို သွားတွေ့ပြီး စမ်းသပ်ကြည့်ဦးမယ်"
ကျန်းလန်တွေးလိုက်သည်။
အဋ္ဌမမင်းသားကို သူ့နာမည်ခေါ်ကြည့်ခိုင်းပြီး သူ့ကို မြင်နိုင်မလား စမ်းသပ်ကြည့်ရမည် ဖြစ်သည်။ ဤသည်က အလွန်စိတ်ဝင်စားစရာ ကောင်းသည်။
နတ်ဘုရားရာထူးရလာသည့် ခံစားချက်က ကောင်းကင်ထက်တွင်ဓားစီးနှင်ပျံသန်းရခြင်းနှင့် ဆင်တူသည်။
ကျန်းလန်က ကောင်းကင်ထက်တွင် ဓားစီးနှင်ပျံသန်းရသည်ကို သဘောကျသော်လည်း အခြားသူများ အာရုံစိုက်မိမည်စိုးသောကြောင့် မပျံသန်းဘဲ နေလေ့ရှိသည်။
ထို့အတူပင် နတ်ဘုရားရာထူးတစ်ခု ရရှိလာသည့်တိုင် သူက တန်ခိုးစွမ်းအား နည်းပါးနေသေးသည့်အတွက် အခြားသူများ အာရုံစိုက်မိမည်ကို စိုးသောကြောင့် အများကြီးနားလည်ရန် မကြိုးစားဝံ့ ဖြစ်နေရသည်။
အနည်းငယ်မျှ သတိလွတ်မိသည်နှင့် ပေးဆပ်လိုက်ရမည်က သူ့အသက် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် အထူးသတိထားရပေမည်။
ကျန်းလန်အတွေးများကို ရပ်တန့်လိုက်ပြီး နာမ်ဝိညာဉ်အိမ်ခြံဝန်းကို ပြန်လည်ပြင်ဆင်နေလေသည်။ ရှောင်ယွိ နဝမတောင်ထွတ်သို့ လာရောက်လည်ပတ်လျှင် ဆော့ကစားနိုင်ရန် ဖြစ်သည်။
နှစ်ပေါင်းများစွာ နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာပြီးသည့်နောက် ကျန်းလန် ထိုပညာကို အပြည့်အ၀ သဘောပေါက်နားလည်နေပြီ ဖြစ်သည်။ ထိုပညာက မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။
ရှောင်ယွိအတွက် သူ တည်ဆောက်ပေးထားသည့် နာမ်ဝိညာဉ်အိမ်ခြံဝန်း အပြီးသတ်ရန်တော့ အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်။ ကံကောင်းသည်မှာ ရှောင်ယွိ ရောက်မလာခင် သူ အချိန်အလုံအလောက် ရရှိနေခြင်းပင် ဖြစ်၏။
***
အချိန် (၁)လ ကြာပြီးနောက်…
ကျန်းလန် နာမ်ဝိညာဉ်ခြံဝန်း တည်ဆောက်ခြင်းကို လက်စသတ်လိုက်သည်။
သက်ပြင်းတစ်ချက်ချလိုက်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
"ပြီးသွားပြီ… ဂိုဏ်းတူအစ်မ ရောက်လာတဲ့အချိန် စောင့်ဖို့ပဲ ကျန်တော့တယ်"
သို့သော်…
ရုတ်တရက် မက်မွန်တောထဲသို့ တစ်စုံတစ်ယောက် ရောက်လာကြောင်း အစီအရင်မှ တုံ့ပြန်လာသည်။ ကျန်းလန် ခြံဝန်းအပြင်ဘက်သို့ လှမ်းကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။
"မက်မွန်တောထဲကို တစ်ယောက်ယောက်ဝင်လာတာပဲ"
ရှောင်ယွိရောက်လာခြင်းတော့ မဖြစ်နိုင်ပေ။
ရှောင်ယွိက မက်မွန်ဝင်္ကပါအစီအရင်ကို မည်သို့ ချိုးဖျက်ရမည်ကို သိရှိသူ ဖြစ်သည်။
အဋ္ဌမမင်းသားများလား။
မဖြစ်နိုင်ပေ။
အဋ္ဌမမင်းသားက လူမမြင်ခင်ကပင် "ယောက်ဖရေ" ဆိုပြီး အော်ကြီးဟစ်ကျယ် ခေါ်တတ်သူ ဖြစ်သည်။
ယခုရောက်ရှိလာသူက မည်သူမှန်း မသိသောကြောင့် ကျန်းလန် ခြံဝန်းထဲမှ ထွက်လာပြီး မက်မွန်တောဆီသို့ ရောက်လာခဲ့သည်။
မက်မွန်တောထဲတွင် ပိတ်မိနေသူမှာ သူနှင့် သိရှိပြီးသား ဂိုဏ်းတူအစ်ကိုတစ်ယောက် ဖြစ်လေ၏။
ထိုသူမှာ "ဒုတိယတောင်ထွတ်မှ ဂိုဏ်းတူအစ်ကို ကျိချိုး" ပင် ဖြစ်လေတော့၏။