ကိုယ့်သင်္ချိုင်းကို ကိုယ်တူးခဲ့တယ်(၅)
Vol. 19 Ch. 255
တံခါးမကြီးက ပွင့်သွားပြီး အထဲကို မည်သူကမှ မဝင်ရဲကြပေ။
စိုးရိမ်ပူပန်မှု၊ ကြောင့်ကျမှုများနှင့် စိတ်လှုပ်ရှားမှုများသည် သူတို့ရင်ထဲ၌ ဗလောင်ဆူနေကြသည်။
လူတိုင်းက ပွင့်နေသော တံခါးကို ရောထွေးနေသော စိတ်ခံစားချက်များနှင့် စိုက်ကြည့်နေကြသည်။ နောက်ပြီး ဟွမ်းယုန်က ပထမဆုံး အသိစိတ် ပြန်ဝင်လာခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်”
“…….ဟုတ်ကဲ့”
“မဝင်ကြတော့ဘူးလား”
“ဟမ် သွားရမှာပေါ့”
ဟွမ်းဂျုံက သုန်မှုန်နေသော အကြည့်များဖြင့် တံခါးကို ကြည့်လိုက်၏။
သူ ကြောက်နေတာ ဖြစ်သည်။
အထဲမှာ တစ်ခုခုရှိနေမလားဟု သိချင်နေမိသည်။ သို့သော် သူ ဒီနေရာကို ရောက်လာခဲ့မှတော့ ဒီအတိုင်းတော့ ပြန်သွားလို့ မရပေ။
“ဟမ်”
အသက်ပြင်းပြင်းရှူပြီး ချက်ချင်း ဗိုက်ကို ချပ်၍ ပွင့်နေသည့် စင်္ကြံလမ်းထဲသို့ လှမ်း၍ဝင်သွားလေသည်။
အကြီးအကဲများနှင့် အန်တပည့်များက သူ့နောက်ကို လိုက်လာ၏။
ဟွမ်းယုန်က ချွန်းမြောင်ကို ကူတွဲပေးလေသည်။
“ချွန်းမြောင်”
“အား”
“မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ် ဒီလောက်ကြီးတဲ့ တံခါးမကြီးကို ဖြတ်ခဲ့တာ မင်းအတွက် တကယ်ကို ဂုဏ်ယူမိတယ်”
“အာ ဘာမှမဟုတ်ပါဘူး ဟီးဟီး”
ချွန်းမြောင်က တော်တော်များများမှာ ထူးချွန်ပေမဲ့ သိပ်များများတော့ ချီးကျူးမခံခဲ့ရပေ။ ထို့ကြောင့် တစ်ယောက်ယောက်က သူ့ကို ချီးကျူးလိုက်တိုင်း နှုတ်ခမ်းများ ကွေးနေအောင် ပြုံးမိသည်။
“သွားကြစို့”
“ဟုတ်ကဲ့”
ချွန်းမြောင်က ဟွမ်းယုန်နှင့်အတူ မြေအောက်ခန်းထဲသို့ လိုက်လာခဲ့သည်။
ပထမဆုံး ဝင်သွားသည့် ဟွမ်းဂျုံက ဘေးဘီဝဲယာကို အံ့သြနေသည့်မျက်လုံးများဖြင့် ကြည့်နေလေသည်။
“ဒါက…..”
ဘာမှရှိမနေပေ။
စာအုပ်စင်များကလွဲလို့ ဘာမှရှိမနေပေ။
စာအုပ်စင်သုံးခု…..
ပြောစရာကို မလိုပေ။ ထိုအဖြစ်ကြောင့် အကြီးအကဲများနှင့် အန်တပည့်များမှာ ကံဆိုးမိုးမှောင်ကျသလို ခံစားမိလေသည်။
သို့သော် ဤမြင်ကွင်းက ဟွာဆန်းဂိုဏ်းချုပ်၏စိတ်ထဲတွင်တော့ အဓိပ္ပာယ်တစ်မျိုး ပေါက်နေလေသည်။
တံတွေးမျိုချပြီး စာအုပ်စင်များထဲမှ တစ်ခုစီသို့ လျှောက်သွားလေသည်။
ပြီးတော့
“အားးး….”
သူက ရပ်သွားပြီး မျက်နှာကို အုပ်လိုက်၏။
“ဘိုးဘေးတွေ…..ဟွာဆန်းက ဘိုးဘေးတွေ ကျ…..ကျွန်တော်တို့ကို ဘယ်လောက်တောင် ဂရုစိုက်လိုက်သလဲ”
သူ၏စိတ်ခံစားချက်များကို ထိန်းမထားနိုင်တော့ဘဲ ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။ သူတို့ကျော်ဖြတ်ခဲ့ရသည့် အခက်အခဲများအားလုံးကို ပြန်တွေးမိသွားသောကြောင့် ဖြစ်သည်။
“ဂိုဏ်း-ဂိုဏ်းချုပ် ဒါက……”
“အိုး ဘုရားရေ”
ဟွမ်ဆန်းနှင့် ဟွမ်းယုန်ကြည့်ရတာ အံ့အားသင့်သွားပုံရသည်။
“ဂိုဏ်း-ဂိုဏ်းချုပ် ဒါက အမှောင်ရနံ့ပဲ”
“မက်မွန်သိုင်းကွက်ပဲ မက်မွန်သိုင်းကွက်ပဲ”
“ ဒါက ခူဂွန်းဓားပဲ ဂိုဏ်းချုပ်”
အကုန်လုံးက အတွေးအာရုံတွင် နစ်မြောနေကြလေသည်။
စာအုပ်စင်တစ်ခုက ဟွာဆန်း၏ မေ့လျော့နေပြီဖြစ်သော သိုင်းပညာများနှင့် အခုလက်ရှိ လေ့ကျင့်နေကြသော သိုင်းကျမ်းအနည်းငယ် ရှိနေသည်။
ထာဝရ ပျောက်ကွယ်သွားပြီဟု ထင်ခဲ့သော လက်စွဲသိုင်းကျမ်းအချို့မှာလည်း စာအုပ်စင်ပေါ်တွင် ရှိနေ၏။
ဟွာဆန်း၏အကြီးအကဲဖြစ်သော ဟွမ်းဆန်းမှာ သတိလစ်လုနီးနီး ဖြစ်သွားလေသည်။
“…ဒါ-ဒါက”
သူက တစ်နေရာတည်းကို ငေးကြောင်ကြောင်ဖြင့် ကြည့်ကာ ဗလုံးဗထွေးပြောနေခဲ့သည်။
သူတို့ ဒီအတွက် ဘယ်လောက်တောင် ဆုတောင်းနေခဲ့ရလဲ။
ဒါကို ဘယ်လောက်တောင် ရှာနေခဲ့ရသလဲ။
ဒီနေရာမှာ မြှုပ်နှံထားသမျှကို သူတို့ ငမ်းငမ်းတက်လိုချင်နေခဲ့တာဖြစ်သည်။ အံ့အားသင့်နေပုံရသည့် ဟွမ်းဂျုံနှင့် ဟွမ်းဆန်းက စာအုပ်တစ်အုပ်ကို ဆွဲထုတ်နေသည့် ဟွမ်းယုန်ကို ကြည့်နေကြလေသည်။
“အိုး အိုး ဒါက အရမ်းကို သန့်သန့်ရှင်းရှင်း ထိန်းသိမ်းခံထားရတာပဲ စာအုပ်အသစ်လိုမျိုးပဲနော် ဂိုဏ်းချုပ်”
စောင့်ကြည့်နေခဲ့သည့် ချွန်းမြောင်က ထိတ်လန့်သွားလေသည်။
‘အာ….ငါ ညစ်ပတ်အောင် လုပ်ဖို့ မေ့သွားတယ်’
ချွန်းမြောင်၏ကျောပေါ်သို့ ချွေးအေးများ စီးကျလာလေသည်။
“အား အား ဘယ်လိုတောင် ထိန်းသိမ်းထားတာလဲ မင်နံ့တောင် ရနေနိုင်သေးတယ် ဂိုဏ်းချုပ်”
‘အား…အဲ့ဒါကိုလည်း အခြောက်ခံဖို့ မေ့သွားတယ်’
“စာလုံးတွေက…အမ်…စာလုံးတွေဆို…မင်တောင်မခြောက်သေးဘူးပဲ”
ဟွမ်းယုန်က စိတ်ရှုပ်သွားဟန်နှင့် ခေါင်းကို စောင်းလိုက်၏။ ချွန်းမြောင်က ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို အသည်းအသန် ရှာဖွေရင်း အဆတ်မပြတ် ချွေးထွက်နေလေသည်။
“ဘယ်-ဘယ်လိုလုပ်…..အဲ့ဒီလို ဖြစ်နေရတာလဲ”
“ဟားဟားဟားဟား”
ရုတ်တရက် ဟွမ်းဂျုံက စတင်ရယ်မောလေသည်။
“ဘာလို့ ကုန်လှောင်ရုံကို သံအေးနဲ့ ဆောက်ခဲ့ပါလိမ့်လို့ သိချင်နေခဲ့မိတာ….ဒီအချက်ကြောင့်ပဲ သူတို့တွေ သံအေးနဲ့ဆောက်ခဲ့တာ နေမယ် သူတို့က ဒီလိုနေရာကြီးကို ပတ်ဝန်းကျင်ကို ထိန်းညှိပေးပြီး ပစ္စည်းတွေကို မဆွေးမြည့်အောင် လုပ်ပေးဖို့ သံအေးနဲ့ လုပ်ခဲ့တာပဲ”
“အာ တွေးကြည့်တော့မှ ဒီအကြောင်းကို ကြားခဲ့ဖူးတယ်”
“အဲ့ဒါက စာအုပ်တွေ အရမ်းကြီး သန့်ရှင်းနေရတာရဲ့ အကြောင်းအရင်းပဲမဟုတ်လား”
‘အာ မဟုတ်ဘူးလေ’
‘မဟုတ်ဘူး မဟုတ်တာ အဲ့ဒီလိုဟုတ်မနေဘူး’
‘ဂိုဏ်းချုပ်’
‘ဒါကြောင့်ပဲ မင်းက ဂိုဏ်းချုပ်ဖြစ်နေတာနေမှာ’
ဟွမ်းဂျုံက ဒီလိုအခြေအနေဖြစ်နေတာကို လူတွေ သံသယမဝင်တော့အောင် ပြောလိုက်သည့် အကြောင်းအရာများအား ကြားပြီးနောက် ချွန်းမြောင်က ပြုံးလိုက်၏။
'သူက ငါ့အတွက် ကိစ္စတွေကို လွယ်ကူအောင် လုပ်ပေးနိုင်တဲ့ အခန်းကဏ္ဍမှာ သရုပ်ဆောင်နိုင်သားပဲ’
'အာ ဒီချစ်စရာကောင်းတဲ့ ကောင်တွေကတော့'
ထိုစဉ်တွင်
"ဂိုဏ်း-ဂိုဏ်းချုပ် ဒီ-ဒီမှာ"
"အဲ့-အဲ့ဒါက ဘာလဲ"
"ဒီ- ဒီမှာကြည့်"
"ဘယ်မှာလဲ"
"ဒီမှာ"
ဟွမ်းယုန်က တစ်ဖက်သို့ ညွှန်ပြလိုက်လေသည်။ ဟွမ်းဂျုံက လှုပ်ရှားလိုက်ပြီး သူညွှန်ပြနေသည့်နေရာကို ကြည့်လိုက်သောအခါ ချက်ချင်းပင် တောင့်တင်းသွားလေသည်။
စာအုပ်စင်အောက်ခြေတွင် သပ်သပ်ရပ်ရပ် စီဆင့်ထားသော စာအုပ်နှစ်ဆယ့်ငါးအုပ် ရှိနေလေသည်။
“မ-မဟုတ်”
စာအုပ်များ၏ခေါင်းစဉ် အရွယ်အစားမှာ ကြီးမားလှသည်။
‘မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်’
“အာ…အိုး…”
ဟွမ်းဂျုံ၏မျက်နှာမှာ သရဲတစ္ဆေမြင်လိုက်ရသလို ဖြစ်နေပေသည်။
မက်မါန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်။ ထိုမျှသာမဟုတ်ဘဲ ထိုစာအုပ်နှင့်အတူ စနစ်ကျသော သတင်းအချက်အလက်များပါရှိသေးသည်။
“အဲ့-အဲဒါ-အဲ့ဒါက….”
"ဂိုဏ်း-ဂိုဏ်းချုပ်'
"နည်းစနစ်...အမ်"
နောက်ဆုံးတွင် ဟွမ်းဂျုံမှာ မျက်နက်လန်သွားလေသည်။
"အာ့ ဂိုဏ်းချုပ်”
"စိတ်အေးအေးထားပါ ဒီနေရာမှာသေသွားရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ ထပါ ဂိုဏ်းချုပ်”
ယခုအချိန်တွင် စိတ်အေးနေပုံရသော ဟွမ်းယုန်က ဟွမ်းဂျုံကို အင်္ကျီလည်ခွံကတစ်ဆင့် ဖမ်းကိုင်ထားပြီး နားနားကပ်ကာ ကျယ်လောင်စွာ အော်ဟစ်ရင်း ထိုလူကို လှုပ်ခါလိုက်၏။ လှုပ်ခါခံရပြီး ခဏအကြာတွင် ဟွမ်းဂျုံက မျက်လုံးများကို ဖွင့်လာသည်။
"ဟီးဟီးဟီးဟီး"
"စိတ်အေးအေးထားပါ…"
"ငါ့ရှေ့က ဖယ်ကြ"
ဟွမ်းဂျုံက ခုန်ထလိုက်ပြီး ဟွမ်းယုန်ကို လှမ်းဆွဲလိုက်၏။ ထို့နောက် သူ့ကို ဘေးသို့ တွန်းကာ စာအုပ်စင်စီသို့ တွားသွားလေသည်။
"သိုင်းပညာ သိုင်းပညာတွေ မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်ရဲ့ သရုပ်ဖော်ပုံတွေ"
ဆယ်ရက်လောက် ငတ်မွတ်ဆာလောင်နေသည့် လူတစ်ယောက်၏ အရှိန်အဟုန်နှင့် အတူတူပင်ဖြစ်သည်။ စာအုပ်စင်ရှေ့တွင် ရပ်နေသည့် ဟွမ်းဂျုံက စာအုပ်ကို အချိန်မရွေး ဝါးစားတော့မလိုမျိုး စိုက်ကြည့်၍ တုန်ယင်နေလေသည်။
"ဒါ-ဒါက...ဒီလိုအရာမျိုးက...ဟမ်"
လိမ်ညာခံနေရသလိုမျိုး ခံစားနေရသည်။
ဤစာအုပ်တွင် သိုင်းပညာနည်းစနစ်ကို နားလည်လွယ်စေမည့် သရုပ်ဖော်ပုံများပါရှိပေသည်။
သိုင်းပညာများကို စာလုံးများမှတစ်ဆင့် ရှင်းပြခြင်းနှင့် နားလည်နိုင်ခြင်းမှာ အလွန်ခက်ခဲကြောင်း သိထားပေသည်။ ထို့ကြောင် ၎င်းတို့ကို စာအုပ်များဖြင့်သာ လက်ဆင့်ကမ်း၍မရခဲ့ပေ။
သို့သော် အခုအချိန်အထိ ကျွမ်းကျင်ပညာရှင်မရှိဘဲ သိုင်းပညာကို သင်ယူခဲ့ရသော သူများအတွက် သရုပ်ဖော်စာအုပ်ထက် ဘာတစ်ခုမှ မလိုနိုင်ပေ။
"ဂိုဏ်းချုပ် ဒါကို စစ်ဆေးကြည့်ပါဦး”
ဟွမ်းဂျုံက စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး တုန်လှုပ်နေသော အကြည့်များဖြင့် ကိုင်လိုက်လေသည်။
ပထမစာမျက်နှာကို တုန်တုန်ယင်ယင်ဖြစ်နေသော လက်ဖြင့် လှန်ကြည့်လိုက်လေသည်။
ကြီးကျယ်မြင့်မြတ်သော ဟွာဆန်းဂိုဏ်း၏၁၃ယောက်မြောက်မျိုးဆက်တပည့် ချွန်းမြောင်မှ ဤစာအုပ်ကို သူ၏အနာဂတ်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။
"ချ-ချွန်းမြောင်"
“ဟုတ်”
"မင်းမဟုတ်ဘူး ကောင်စုတ်လေး"
“….”
'ဒါပေမဲ့ ငါပဲလေ'
ချွန်းမြောင်က မျက်စောင်းထိုးလိုက်သော်လည်း ဟွမ်းဂျုံက ၎င်းကို သိပ်အာရုံမစိုက်ပေ။
'ချွန်းမြောင်'
သူ ဒီနာမည်ကို ဘယ်နှစ်ခါတောင် ကြားဖူးနေခဲ့လဲ။
ဒီနာမည်ကို ကြားရဖို့ ဘယ်နှစ်ကြိမ်များတောင် တောင့်တခဲ့ရသလဲ။
ဒီနာမည်ကိုမြင်လိုက်တိုင်း ဟွမ်းဂျုံက သူ့အပေါ် အလွန်ပြင်းပြသော ခံစားချက်များ အပူတပြင်း ဖြစ်လာသည်ကို တောင့်မခံနိုင်ပေ။ အဆုံးတွင် တုန်ယင်နေသောအသံဖြင့် ခေါင်းစဉ်ကို ရွတ်ဆိုလိုက်၏။
"မက်မွန်ဓားသူတော်စင်"
ဟွာဆန်း၏ အမေ့လျော့ခံ ဒဏ္ဍာရီ။
ဒီနာမည်က ဟွမ်းဂျုံအား အချိန်အကြာကြီး ဒုက္ခခံနေခဲ့ရပေမယ့် ဟွာဆန်းကို ခိုင်မြဲအောင် တောင့်ခံနိုင်စေခဲ့တာဖြစ်နိုင်သည်။
"မက်- မက်မါန်ဓားသူတော်စင် ဒါဆို မေဟွားဓားသူတော်စင်က မေဟွားဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်ကို ချန်ထားခဲ့တာလို့ ဆိုလိုတာလား"
ဟွမ်းယုန်က ဟွမ်းဂျုံအနားသို့ ပိုတိုး၍ မှီလိုက်၏။
"ချွန်း-ချွန်းမြောင်"
သူ့ခန္ဓာကိုယ်က မိုးကြိုးပစ်ခံရသလို တုန်ယင်နေခဲ့သည်။
ဟွာဆန်း၏တပည့်များကြားတွင် ဘယ်သူက မက်မွန်ဓားသူတော်စင်ကို သဘောမကျကြတာလဲ။
ဟွမ်းဂျုံက သူ၏တုန်လှုပ်နေသော နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားပြီး ဆက်ဖတ်လိုက်သည်။
မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်သည် ဟွာဆန်း၏ အရင်းခံနှင့် အဓိကအဆီအနှစ်ဖြစ်သည်။ ဤစာအုပ်ထဲတွင် ပုံစံတစ်ခုချင်းစီ၏ သရုပ်ဖော်ပုံများ ရေးဆွဲချန်ထားခဲ့သောကြောင့် နောက်ပိုင်းမျိုးဆက်များက သိုင်းကွက်ကို ပိုမိုနားလည်လာနိုင်သည်။
နောင်လာနောက်သား မျိုးဆက်များသည် ဤစာအုပ်ကို မှီငြမ်းပြီး လုံးလုံးလျားလျား စိတ်နှစ်၍ လေ့ကျင့်သင့်သည်။ အကယ်၍ လူတစ်ယောက် မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်ကို ကျွမ်းကျင်ပိုင်နိုင်လျှင် ကမ္ဘာပေါ်ရှိ မည်သည့်ဓားကိုမှ ကြောက်စရာမလိုတော့ပါ။
ဒါကို စိတ်ထဲထားမှတ်ထားရမည်။
သင်က ဤဓားသိုင်းပညာကို ဆက်ခံသူမဟုတ်သော်လည်း ဟွာဆန်းကိုယ်တိုင်၏ဆန္ဒပင်ဖြစ်သည်။ ဟွာဆန်း၏အလိုဆန္ဒကို မက်မွန်ဓားနည်းစနစ် ၂၄ကွက်ထဲတွင် ထည့်သွင်းခဲ့ပါမည်။
ဒီအတိုင်းဆက်သွားနေသရွေ့ ဟွာဆန်း၏နာမည်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါ။
"တ- တကယ့်ကို မက်မွန်ဓားသူတောင်စင်ရဲ့ လမ်းညွှန်ချက်ပဲ တကယ်ကို သူ့ဟာပဲ”
"အားးးးးး အို ဘုရားဘုရား ဒါ ရူးလောက်တယ် ဟားဟားဟားဟား"
ဟွမ်းယုန်မှာ ပျော်လွန်းလို့ ရူးမတတ်ဖြစ်နေလေသည်။
မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု၂၄ကွက်ကိုရရှိရုံဖြင့် အံ့သြဖွယ်ကောင်းနေပြီ ဖြစ်ကောင်းသော်လည်း ယခုအခါ သူတို့ဆီတွင် မက်မွန်ဓားသူတော်စင် ကိုယ်တိုင်မှ သူတို့ထံ လက်ဆင့်ကမ်းထားခဲ့သော အကြွင်းအကျန်များနှင့် သရုပ်ဖော်ပုံများ ရှိနေပြီဖြစ်သည်။
ယခုအချိန်တွင် ထိုသိုင်းကျမ်းသည် ရွှေနှင့် လဲလှယ်၍မရသော ရတနာတစ်ခုဖြစ်လာခဲ့သည်။
“ဒါက နှစ်တစ်ရာ သက်တမ်းရှိတဲ့အရာပဲ ဟားဟားဟား ငါတို့ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ အိုး ဘုရား”
ဟွမ်းယုန်က ဟွမ်းဂျုံဆီကို အမြန်ပြေးလာပြီး သူကိုင်ထားသည့် စာအုပ်ကို လုယူလိုက်၏။
“ဘ-ဘယ်လို”
စာမျက်နှာကိုလှန်တော့မည့် ဟွမ်းယုန်က ရပ်လိုက်ပြီး တစ်ခုခု ထူးဆန်းနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဂိုဏ်းချုပ်"
"ဟမ်"
"အရှေ့နဲ့နောက်က စာရွက်တွေက ပူးကပ်နေတယ်..."
“….”
ဟွမ်းဂျုံနှင့် ဟွမ်းယုန်တို့က စာအုပ်ကို ထူးဆန်းနေသော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့နောက်က ချွန်းမြောင်မှာ ချွေးတွေ အသည်းအသန် ထွက်နေလေသည်။
'သူတို့ ဘာလို့ ဒီလောက်တောင် စေ့စပ်သေချာနေကြတာလဲ'
‘တစ်ခုနှစ်ခုလောက်ကို ကျော်သွားလိုက်ပါလား ကျော်လိုက်စမ်းပါ မင်းတို့ ဘာလို့ ဒီလောက်ထိ အနီးကပ်ကြီး ကြည့်နေကြတာလဲ ဘယ်အချိန်တုန်းကများ ဒီလောက်ထိ သတိထားတတ်သွားတာလဲ’
“အမ် မက်မွန်ဓားသူတော်စင်က သရုပ်ဖော်ပုံတွေ ဆွဲဖို့ဖို့ အဲ့ဒီလို လုပ်ခဲ့တာနေမယ် စာရွက်ကို အချိန်အကြာကြီး သိမ်းထားခဲ့လို့ မဟုတ်ဘူးလား”
"ဟုတ်လား"
"ဟားဟားဟား ဟုတ်တာပေါ့ မင်းတို့က ဒီသံအေးခန်းထဲကို တစ်ယောက်ယောက်က ဝင်လာပြီး အားလုံးကို ပြန်ရေးနိုင်သလိုမျိုး ပြောနေကြတာပဲ"
"အဲ့ဒါက ဖြစ်တောင် ဖြစ်နိုင်ပါ့မလား ဟားဟားဟား"
ချွန်းမြောင်၏ မျက်နှာပေါ်သို့ ချွေးများ စီးကျလာလေသည်။ ဒါကိုကြည့်နေသည့် ဘတ်ချုန်းက မျက်လုံးများကို မှေးကျဉ်းလိုက်၏။
'သူက ဘာလို့ ချွေးတွေ အရမ်းထွက်နေတာလဲ'
'သူ တကယ်ပဲ အတွင်းဒဏ်ရာ ရနေတာလား'
'ဖြစ်နိုင်ပါ့မလား'
ထိုစဉ်တွင်
"ဂိုဏ်းချုပ်'
"အဲဒါ ဘာလဲ"
"လက်ရေးတွေ အားလုံး အတူတူတွေပဲ"
"အမ်"
“အခုပဲ စစ်ကြည့်လိုက်တာ သိုင်းကျမ်းတွေ အားလုံးကို ရေးထားတဲ့ လက်ရေးက အတူတူတွေချည်းပဲ ဒါတွေအားလုံးကို လူတစ်ဦးတည်းက ရေးထားတဲ့ပုံပဲ”
တုန်လှုပ်ချောက်ချားကုန်သည်။
ချွန်းမြောင်က ဟွမ်ဆန်းကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်လိုက်၏။
'အဲဒါကို သိရတော့ရော ဘာကောင်းမှာမို့လဲ'
'မဟုတ်သေးပါဘူး မင်းတို့ ဘာလို့ ဒီလိုကြီး အတွေ့အကြုံရှိတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေလို လုပ်နေရတာလဲ'
"ဟုတ်လား…"
“ဟုတ်ပါတယ် သိုင်းကျမ်းတွေအားလုံးကို မက်မွန်ဓားသူတော်စင် ကိုယ်တိုင် ရေးထားတာထင်တယ်”
"အိုး ဓားသူတော်စင် ဒါဆို ဒါတွေအားလုံးက အရမ်းတန်ဖိုးကြီးတဲ့အရာတွေပဲ”
ဟွမ်းဂျုံမှာ ခံစားချက်မျိုးစုံ ပြည့်လျှမ်းနေတော့သည်။
“ဓားသူတော်…ဓားသူတော်စင် ကျွန်တော် ဘာမှထပ်မလိုတော့ပါဘူး..."
ဟွမ်းဂျုံ၏ မျက်နှာသည် နူးညံ့ပျော့ပျောင်းသွားပြီး သူ့ခန္ဓာကိုယ်သည် အင်အားများ လျော့နည်းလာသည်။ ဟွမ်းယုန်က ခွေးတစ်ကောင်လို ပြေးလာပြီး သူ့ကို အင်္ကျီလည်ပင်းကနေ ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်၏။
“မဖြစ်ဘူးလေ ဒီလူက အခွင့်အရေးရတိုင်း ကောင်းကင်ဘုံကို ခုန်တက်ဖို့ အဆင်သင့်ဖြစ်နေတော့တာပဲ မင်း အဲ့ဒီလိုလုပ်တော့မယ်ဆိုရင် ဆေးလုံးကို ထွေးထုတ်လိုက်”
"ငါ-ငါမသေပါဘူး ကောင်စုတ်လေးရဲ့"
ဟွမ်းဂျုံက သတိပြန်ဝင်လာလေသည်။ သို့သော် သူ အဆုံးသတ်ကို မြင်လုနီးပါးဖြစ်သလို တကယ် ခံစားခဲ့ရသည်။
'ငါ သတိထားမှ ဖြစ်မယ်'
“ဟူးဟူးဟူး ဟွာဆန်းတော့ တိုးတက်စည်ပင်လာတော့မယ်”
ဟွမ်းတပည့်သုံးယောက်မှာတော့ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ သူတို့အားလုံး နားရွက်တက်ချိတ်မတက် ပြုံးနေကြပြီး သူတို့၏ခြေထောက်များ လှုပ်နေမိသည်ကို မရပ်တန့်နိုင်ကြပေ။
"ဂိုဏ်းချုပ် ကျွန်တော်တို့လည်း…”
"အင်း ဟုတ်တယ် မှန်တယ်'
ဟွမ်းဂျုံက နောက်ကို လှည့်ကြည့်ပြီး ထွက်သွားလေသည်။ အခန်းထဲကို လူတိုင်း တစ်ချိန်တည်း မဝင်နိုင်သောကြောင့် တပည့်များနှင့် တခြားသူများက အပြင်မှာ စောင့်နေကြဆဲဖြစ်သည်။
သူတို့ ထွက်လာပြီးတာနှင့် တခြားတပည့်များက ထိုနေရာကို ဝင်သွားကြ၏။
"ဆရာဦးလေး ထိုက်ဟိုလုံ ဓားသိုင်းလည်းရှိတယ်”
"လရောင်အပျိုစင်လိုက်ဖက်မှုဓား"
သိုင်းကျမ်းနာမည်များကို ဖတ်ရုံဖြင့် မျက်ရည်များပင် ဝဲလာကြလေသည်။
ဒါတွေအားလုံးကြောင့် အနည်းငယ် မူးဝေနေသည့် ဘတ်ချုန်းက သူယူလာသော စာအုပ်ကို စင်ပေါ်ပြန်တင်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူလိုက်၏။
ဒါပေမယ့်
ဘတ်ချုန်းက အောက်ကို ငုံ့ကြည့်လိုက်လေသည်။
"အာ"
ဒါကို မြင်လိုက်သည့် ချွန်းမြောင်ကလည်း ထိတ်လန့်သွားလေသည်။
‘အားးမဖြစ်ဘူးလေ အဲ့-အဲ့ဒါ'
"ဂိုဏ်း-ဂိုဏ်းချုပ် ဒီနေရာမှာ ကွာဟချက်တစ်ခုရှိနေပါတယ် ဒီနားမှာ တခြားတစ်ခုခု ရှိနေတဲ့ပုံပဲ”
‘ဆရာဦးလေး လူယုတ်မာကောင်'
"အိုး ဟုတ်သား"
ဟွမ်းဂျုံကလည်း အထဲကို ပြန်၍ ပြေးဝင်လာလေသည်။
"အိုး အဲ့ဒီလို ဖြစ်မယ်နဲ့တူတယ်"
"အဲ့ဒါကို လုံးလုံး ဖွင့်ကြည့်ရအောင်"
"ဟုတ်တယ် ဖွင့်ကြည့်ရအောင်ပါ"
ချွန်းမြောင်၏အကူအညီမပါဘဲ စင်များကိုရွှေ့လိုက်ကြ၏။ အောက်ဘက်က တံခါးကို ဖွင့်လိုက်ကြလေသည်။
"ဆင်းကြရအောင်"
"ဆင်းလေ မြန်မြန်ဝင်ကြရအောင်"
ဟွမ်းတပည့်များက အသင့်ဖြစ်နေကြပြီဖြစ်သည်။ သို့သော် ကံမကောင်းစွာပင် အတွင်းထဲမှာ ဘာမှမရှိဘဲ ဘာကိုမှလည်း မမြင်ရပေ။
"...ဒီနေရာမှာ တစ်ခုခုရှိမယ်ထင်တယ်"
“အမ် ဒီနေရာကို လုပ်ထားခဲ့ပေမဲ့ ဘယ်တုန်းကမှ သုံးမထားပုံပဲ”
"အင်း ငါတို့လည်း မတတ်နိုင်ဘူးပေါ့"
“မှန်တယ် ငါတို့မှာ ရနေပြီးသား…အမ်”
ဟွမ်းဂျုံက တည်တည်ငြိမ်ငြိမ် ပြောနေရင်း ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။
"ဒါ..."
"အာ"
ဟွာဆန်းမှ တပည့်အားလုံးက ဟွမ်းဂျုံကြည့်နေသည့်အရာကို လှည့်ကြည့်လိုက်ကြ၏။
“ဒီစက်ဝိုင်းက ဘာလဲ…”
“အဲဒါက ဝိုင်းနေတာပဲ”
“… ပြီးတော့ ကြီးလည်းကြီးတယ်”
“…”
ဟွမ်းယုန်က ထိုအရာကို ကြည့်နေရင်း တီးတိုးပြောလိုက်၏။
"တစ်ယောက်ယောက်က ဖြတ်ပြီး ပြန်တပ်ထားတာမဟုတ်ဘူးလား"
"ဟားဟားဟားဟား"
ထိုအချိန်တွင် ဟွမ်းတပည့်များအားလုံးက ဝါးလုံးကွဲ ရယ်မောကြလေသည်။ ချွန်းမြောင်ကလည်း ကသိကအောက်ဖြင့် ပြုံးနေလေသည်။
"ဒါ-ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ ဟားဟားဟား မက်မွန်ဓားသူတော်စင်ကတောင် ဒီလို မလုပ်နိုင်ဘူး”
"ဟုတ်လား"
"ဟုတ်-ဟုတ်တယ်"
“ဟုတ်တယ် အမှန်ပဲ ဒါနဲ့ မင်းက ဘာလို့ ချွေးတွေ အရမ်းထွက်နေရတာလဲ မင်းရဲ့ အတွင်းဒဏ်ရာက အခုထိ မပျောက်သေးဘူးလား”
“တံ-တံခါးကို ဖြတ်ထားတာက…”
“အဲဒါ ”
ဟွမ်းယုန်က ချွန်းမြောင်ကို စိတ်ပူနေပေမယ့် ဟွမ်းဂျုံက လေးနက်နေသည့် မျက်နှာနှင့် စက်ဝိုင်းကို ကြည့်လိုက်ပြီး နောက်ဆုံး သဘောပေါက်သွားဟန်နှင့် ခေါင်းညိတ်လိုက်၏။
"ငါ နားလည်ပြီ"
"အာ"
ချွန်းမြောင်မှာ ထိတ်လန့်သွားလေသည်။
'နားလည်တယ် ဘာကိုလဲ'
“လျှို့ဝှက်ထားတဲ့နေရာနဲ့ စက်ဝိုင်းကြီးတစ်ခု မင်းတို့ နားမလည်ကြဘူးလား ဒါတွေက ငါတို့ဘိုးဘေးတွေ ငါတို့အတွက် ထားခဲ့တဲ့ မြင့်မြတ်တဲ့ သင်ပြဆုံးမမှုတွေပဲ”
"ဘာတွေ သင်ပေး..."
“အခန်းအလွတ်တစ်ခုနဲ့ အဲဒီအထဲမှာ စက်ဝိုင်းအကြီးကြီးတစ်ခုလေ လုံလုံလောက်လောက် ရပြီးတဲ့အခါ ရတာနဲ့ ရောင့်ရဲပြီး လောဘမတက်မိဖို့ လိုတယ်လေ"
“အာ ဟုတ်သားပဲ”
“ကျွန်တော်တို့ ဘိုးဘေးတွေက အဲဒါကို ပြောပြဖို့ ကြိုးစားခဲ့တာပဲ တာအိုရဲ့ ကြီးကျယ်မြင့်မြတ်တဲ့လမ်းစဉ်လေ"
"သူတို့က ဟွာဆန်းမှာ တပည့်တစ်ယောက် လုပ်ရမယ့် တာဝန်ကို မမေ့ဘဲ တာအိုလမ်းကို လိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ရမယ် ဒီလိုကောင်းတဲ့ အရာမျိုးကို ကျွန်တော်တို့ သင်ယူရမယ်လေ”
“ဘိုးဘေးတွေ သင်ပြလိုတဲ့ အဓိပ္ပာယ်က အဆုံးမရှိ နက်နဲပါပေတယ်”
ဟွမ်းတပည့်များက ဒါကို နားလည်အောင်လုပ်ဖို့ ကြိုးစားနေသည်ကို မြင်သောအခါ ချွန်းမြောင်က မြေပြင်ပေါ် ဖလက်ပြနေလေသည်။
'မင်းတို့အားလုံး ငါ့ကိုသတ်လိုက်ကြစမ်းပါ'
'ဒီလိုနှလုံးခုန်နှုန်းနဲ့ဆို နှလုံးရပ်သေတော့မယ်’
'အို ဘုရား ဘုရား ငါ့ဘဝကတော့လေ'