ဘာကို ဖွင့်လိုက်တာလဲ(၁)
Vol. 19 Ch. 256
“…ကျွတ်”
ပျော်ရွှင်ခြင်းနှင့် ကံကောင်းခြင်းက အမြဲတမ်း ဒွန်တွဲနေတယ်လို့ ပြောကြတယ်မလား။
ဟွမ်ဆန်းက ဘာကိုဆိုလိုမှန်း သတိပြုမိခဲ့သည်။
ကောင်းချီး ပေးခံရပြီးသည်နှင့် အခြားမည်သည့်အရာကမျှ ပြိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ပျောက်ဆုံးသွားခဲ့သော ဟွာဆန်း၏ သိုင်းပညာသည် ယခုအခါ ဂိုဏ်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သေချာသလောက်တော့ အတိတ်က သိုင်းပညာအားလုံးကို ပြန်ရှာတွေခဲ့တာမဟုတ်ပေမယ့် ဒီအချိန်မှာ လိုအပ်သမျှကို ရရှိခဲ့ပြီး ဟွာဆန်းကို ပြန်လည် တည်ဆောက်လောက်ပါသည်။
မက်မွန်ဓားလှုပ်ရှားမှု၂၄ကွက်မှလွဲ၍ ထိုနေရာတွင် အခြားသိုင်းပညာကျမ်းပေါင်း ၂၀မက ရှိပေသည်။
ထို့ကြောင့် ဟွမ်ဆန်းသည် မအိပ်မနေ သို့မဟုတ် မစားမသောက်ဘဲ နေရမည်ဆိုလျှင်တောင် ပင်ပန်းလိမ့်မည်မဟုတ်ကြောင်း သေချာနေလေသည်။
သူ့ရှေ့မှာချထားသည့် ရတနာများကို ကြည့်လိုက်ရုံနှင့် အံ့အားသင့်နေမိသည်။ အရက်ကတောင် သူ့ကို ဒီလောက်ထိယစ်မူးအောင် ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ပေ။
သို့သော် ဒါက သူ့ကို ဒေါသလည်း တော်တော် ထွက်စေသည်။
“ဟမ် မက်မွန်...အဆင့်မြင့်တဲ့ လက်ရည်”
“အမ်”
သိုင်းပညာခန်းမထဲက လူတွေက ‘မက်မွန်ကိုယ်ထည်ပြည့်တိုက်စစ်’ဟူသော စာအုပ်ကို ကိုင်ပြီး ပြေးလာကြသည်။
“ဒါက အဆင့်မြင့်တဲ့ဟာလား”
“ဆယ်အုပ်တောင်”
“ဟုတ်တယ် ငါတို့ အခုပဲ စကြမယ်”
“စကြမယ်လေ”
ထိုအချိန်တွင် တပည့်တစ်ယောက်က ဟွမ်ဆန်းကို ကြည့်ကာ ပြောလိုက်၏။
“ဒါပေမယ့် ခေါင်းဆောင်...ကျွန်တော်တို့ အနားမယူတော့ဘူးလား ဒါနဲ့ဆို (၄)ရက်တောင် ရှိနေပြီလေ”
“ကျွတ် ငါတို့တွေ တစ်ဝက်တောင် မကျိုးသေးဘူးနော် ဘယ်လိုလုပ် အနားယူနိုင်မလဲ ဂိုဏ်းချုပ်အတွက် ငါတို့က ကောင်းကောင်းအလုပ် လုပ်မှဖြစ်မယ်လေ အရူးတွေရ”
“ဒီလိုသာ ဆက်လုပ်နေရင် ခေါင်းဆောင်ရဲ့ ကျန်းမာရေးကို ထိခိုက်လိမ့်မယ် ကျွန်တော် ဂိုဏ်းချုပ်ကို အကြောင်းကြားလိုက်မယ်”
“မလုပ်နဲ့ ဒီလို အသေးအမွှားပြဿနာတွေကအစ အားလုံးကို ဂိုဏ်းချုပ်ဆီ သယ်သွားမနေနဲ့ ဒီလိုအခြေအနေမှာ ငါကရော အိပ်နိုင်မယ်ထင်နေလား”
ဟွမ်းဆန်း၏ သွေးနီရောင်မျက်လုံးများကို ကြည့်ရင်း ထိုလူက ခေါင်းညိတ်ပြလေသည်။
ပြဿနာကတော့ ရိုးရှင်းပါသည်။
သူတို့တွေက အချိန်တိုအတွင်း သိုင်းကျမ်းများအားလုံးကို စစ်ဆေးပြီး ထိုကျမ်းများသည် တရားဝင်ကြောင်းနှင့် အလုပ်ဖြစ်မဖြစ်ကို စစ်ဆေးရမည်ဖြစ်သည်။
ဘာလို ဒီလိုလုပ်ထုံးလုပ်နည်းတွေ လိုအပ်ရတာလဲ။
များသောအားဖြင့် ဂုဏ်သတင်းကြီးသော ဂိုဏ်းတစ်ဂိုဏ်းတွင် အနည်းဆုံး သိုင်းကျမ်းပေါင်း တစ်ရာမက ရှိတတ်ကြသည်။
ရှောင်လင်ဂိုဏ်းက ထိန်းသိမ်းထားသည့် ကျင့်စဉ် ၇၂ ခု အပါအဝင် တခြား သိုင်းပညာ အမျိုးပေါင်း တစ်ထောင်နီးပါး ရှိသည်ဟု ဆိုနိုင်သည်။
သို့သော် လူသားများ၏ အတတ်ပညာကျွမ်းကျင်မှုမှာ ကန့်သတ်ချက်ရှိပေသည်။ ထို့ကြောင့် သူတို့လက်ဝယ်တွင် စာအုပ်ပေါင်း တစ်ထောင်ရှိသောကြောင့် လူသားတစ်ဦးက ထိုသိုင်းပညာအားလုံးကို သင်ယူနိုင်မည်ဟု မဆိုလိုပေ။
ထို့ကြောင့် ဂိုဏ်းတစ်ဂိုဏ်းစီတွင် သူတို့၏တပည့်များ သင်ယူရမည့် သိုင်းပညာကို ခွဲခြမ်းစိတ်ဖြာသည့် စနစ်တစ်ခု ရှိပြီး ယင်းမှတစ်ဆင့် တပည့်များ၏ပါရမီအရ သင်ယူနိုင်သည့် သိုင်းပညာနှစ်ခုကို ရွေးချယ်လိမ့်မည်ဖြစ်သည်။
အလားတူပင် ဟွာဆန်းတွင်လည်း သိုင်းပညာများကို ခွဲခြမ်းစိတ်ဖြာသည့် စနစ်တစ်ခုရှိလေသည်။ ထိုသို့ ပြုလုပ်ရမည့်သူမှာ ဟွာဆန်းဂိုဏ်းအတွင်း သိုင်းပညာအားလုံးအတွက် တာဝန်ယူထားရသည့် သိုင်းပညာခေါင်းဆောင် ဟွာဆန်းပင်ဖြစ်သည်။
“ကျွတ် ငါတို့ ဒါကို ဘယ်အချိန်မှ ပြီးမှာလဲ”
ဒီလိုအလုပ်က လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။
ဒီလို စာအုပ်များစွာ၏ အကြောင်းအရာများကို နားလည်ဖမ်းဆုပ်နိုင်ပြီး အကဲဖြတ်ရသည်မှာ ခက်ခဲသော်လည်း ပိုကြီးသော ပြဿနာမှာ ဤစာအုပ်များ၏ နည်းစနစ်အဆင့်သည် ဟွမ်းဆန်း နားလည်နိုင်သည်ထက် ကျော်လွန်နေခြင်းပင်ဖြစ်သည်။
နည်းစနစ်တစ်ခုချင်းစီက သိုင်းပညာ အမျိုးအစားအသစ်တစ်ခု ဖြစ်ကြသည်……ထိုသိုင်းပညာများထဲမှ တော်တော်များများသည် သူ အခုအချိန်အထိ မကြုံဖူးသေးသော သိုင်းပညာများဖြစ်သည်။
သူ လေ့ကျင့်ခဲ့ရသည့် လက်ရှိ နည်းစနစ်များနှင့် မတူဘဲ ယခုအချိန်တွင် အသစ်များကို အပြည့်အစုံ နားလည်ပြီး မည်သည့်သိုင်းကျမ်းများအား တပည့်များ သင်ယူနိုင်မည်ကို ဆုံးဖြတ်ရမှာ ဖြစ်သည်။
ဟွာဆန်းက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်လေသည်။ ခန်းမအတွင့်ရှိ အဖွဲ့ဝင်များကို ကြည့်ရန် သူ၏အနီရောင်မျက်လုံးများကို အသုံးချနေလေသည်။
ထိုစဉ်တွင်
“ဘယ်လိုနေလဲ”
ဟွမ်းယုန်က ကိုယ်ခံပညာခန်းမ တံခါးကိုဖွင့်ပြီး ဝင်သွားလေသည်။
“…ခက်တာပေါ့”
“အင်း ဟျောင်းက ဒီလိုလူ မဟုတ်ပါဘူး ခဏလောက်နားပြီးမှ လုပ်ပါ”
“ငါ့မှာ နားဖို့အတွက် အချိန်ရှိပါ့မလား ဂိုဏ်းချုပ်တောင်မှ အခုချိန် မအိပ်နိုင်သေးတာ”
“အဲ့ဒီလို အသုံးမကျတဲ့ မာနတွေကို လွှင့်ပစ်ဖို့ ဟျောင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား”
“မာန”
ဟွမ်းဆန်းက ထိုသို့ မေးလိုက်သောအခါ ဟွမ်းယုန်က ခေါင်းညိတ်ပြလေသည်။
“ဘာလို့ ဆရာတူအစ်ကို ဒါတွေအားလုံးကို နားလည်ရမှာလဲ လုပ်ရမှာက ချွန်းမြောင်ကို ခေါ်ပြီး သူ့ကို ဒီအလုပ်ကို လုပ်ခိုင်းလိုက်ရုံပဲ”
“…အမ်”
‘ချွန်းမြောင်’
‘သူ့နာမည်က ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ’
“ချွန်းမြောင်...”
“ချွန်းမြောင်က ဆရာတူအစ်ကိုထက် ပိုတော်တယ်မဟုတ်ဘူးလား”
“…”
ဟွမ်ဆန်းမှာ တိတ်ဆိတ်သွားလေသည်။
‘အာ...’
‘အဲဒါ အမှန်ပဲ...အဲ့ဒါ’
‘ဒါကို ငြင်းလို့မှမရတာ’
သူ အဲဒါကို မတွေးခဲ့မိပေမယ့် တကယ်တော့ ဟွာဆန်းမှာ ချွန်းမြောင်က အသန်မာဆုံးလူဆိုတာ လူတိုင်းက အသိအမှတ်ပြုခဲ့တာ ကြာခဲ့ပြီဖြစ်သည်။
“ဒါပေမယ့် ဒါတွေက စစ်ဆေးရမယ့် စာအုပ်တွေလေ ဒီတော့…”
“ဆရာတူအစ်ကို ဆရာတူအစ်ကို... အရမ်းတွေ အားမလိုအားမရ ဖြစ်မနေပါနဲ့တော့”
“အမ်”
“ဆရာတူအစ်ကိုက အဲ့ဒီသိုင်းပညာတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး”
“…”
“နည်းစနစ်အသစ်တွေကို လက်ခံနားလည်ဖို့က အရေးကြီးပါတယ် လူကြီးတွေက အကုန်သိပါ့မလား ဒါမှမဟုတ် အရှိန်မြန်တဲ့ အသစ်တွေမှာ ဒါကို နားလည်ဖို့ ပိုကောင်းတဲ့ အခွင့်အလမ်း ရှိမလားနော် ဒုက္ခခံမနေပါနဲ့ ချွန်းမြောင်ကို ရှာကြည့်လိုက်ပါ”
ဟွမ်းယုန်ပြောတာကို ကြားတော့ ဟွမ်းဆန်းက ဝါးလုံးကွဲ ရယ်မောလိုက်၏။
“ ချွန်းမြောင်က မှင်စာမဟုတ်ဘူးနော် ငါတို့က တစ်ခုခုလိုအပ်တိုင်း သူ့ကို ရှာနေတော့တာပဲ”
“သူ့ကို မှင်စာနဲ့ ခိုင်းနှိုင်းဖို့ ကြိုးစားမနေပါနဲ့ တကယ်လို့ ကျွန်တော်တို့မှာ ရက်တစ်ရာလောက် မှင်စာတစ်ကောင် ရှိနေရင်တောင် မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်ကို ရှာတွေ့နိုင်ပါ့မလား”
“…အမှန်ပဲ”
တွေးကြည့်ရင် အံ့ဩစရာပင်။
ချွန်းမြောင်က တစ်ခုခုကို ထိလိုက်တိုင်း ဟွာဆန်းက မယုံနိုင်စရာနှုန်းနှင့် ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်ကနှင့် လက်ရှိကာလကို နှိုင်းယှဉ်ကြည့်လျှင် ဟွာဆန်းသည် ရုတ်တရက် အကြီးအကျယ် တိုးတက်လာခဲ့တာဖြစ်သည်။
“ဒါကြောင့်မို့ ဆရာတူအစ်ကို... ဒုက္ခခံနေတာကို ရပ်ပြီး ချွန်းမြောင်ကို သွားရှာပါ”
“မင်းပြောသလိုဆို...ချါန်းမြောင်က တစ်နေရာရာကို သွားနေလို့လား”
“ကျွန်တော် သူ့ကို မမြင်သေးဘူး သူ ဘယ်ရောက်နေလဲတော့ ကျွန်တော် မသိဘူး ကျွန်တော် သူ့အတွက် အသားတွေတောင် ယူလာခဲ့ပေးသေးတယ်”
‘... သူ့ကို အစာတွေလိုက်မကျွေးပါနဲ့တော့’
‘မင်းကြောင့် ပတ်ပြေးနေတာနေမယ်’
အဝတ်တစ်ထည်၏ အနားကွပ်စတစ်ခုသည် လေထဲတွင် လွင့်ပျံနေလေသည်။
ချွန်းမြောင်က မက်မွန်အဆောင်ရှေ့တွင် သက်သောင့်သက်သာနှင့် အနားယူနေလေသည်။
‘အား အခုမှပဲ ဇိမ်ကျတော့တယ်’
ဒီဘဝမှာ သူ အတော်လေး အလုပ်များနေခဲ့ရသည်။ သူ နောက်ဆုံး အနားယူခဲ့သည့် အချိန်ကိုတောင် မမှတ်မိတော့ပေ။ နန်းယန်မှ ရှန်ရှီး၊ စီချွမ်မှ ယူနန်အထိဆို သူ အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးကို ပတ်သွားနေခဲ့ရတာ မဟုတ်လား။
‘အခုတော့ ငါတတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီ ကောင်းကောင်း အနားယူနေသင့်ပြီ’
တပည့်များကို ဆေးလုံးများနှင့် ကောင်းချီးပြု၍ သင်ယူရန် သိုင်းပညာများ ပေးခဲ့သည်။ ထိုကဲ့သို့ တစ်စုံတစ်ခုကို ပေးခြင်းဖြင့် သူကိုယ်တိုင်ပါ လေ့ကျင့်နိုင်မည့် ပတ်ဝန်းကျင်ကို ဖန်တီးခဲ့သည်။
ဟွာဆန်းသို့ ပြန်ရောက်လာပြီးနောက် သူသတ်မှတ်ထားခဲ့သော ပထမဆုံးပန်းတိုင်သည် နောက်ဆုံးတော့ အောင်မြင်သွားပြီဟု ဆိုနိုင်ပေသည်။
‘ခဏလောက်တော့ ငါ ဘာမှမလုပ်ဘဲ နေသင့်တယ်မလား’
အဆင့်မြင့်လာဖို့က အမြဲတမ်း လေ့ကျင့်ရေး ဆင်းနေဖို့ မလိုအပ်ပါ။ တစ်ခါတစ်ရံ လုံလောက်စွာ အနားယူခြင်းက အပြင်းအထန် လေ့ကျင့်ခြင်းထက် ပိုကောင်းသေးသည်...
“အာ”
ထိုအချိန်တွင် အဆောင်ထဲသို့ လူတစ်ယောက် ထူးဆန်းစွာ ဝင်လာသည်ကို ချွန်းမြောင် တွေ့လိုက်ရလေသည်။
ချွန်းမြောင်က တစ်ဖက်လူကို ဘယ်လိုပဲ စောင့်ကြည့်နေပါစေ၊ သူကြည့်ရတာ ဟွာဆန်း၏ တပည့်တစ်ယောက် ဖြစ်ပုံမပေါ်ပေ။
“မင်း”
ချွန်းမြောင်က သူ့ခေါင်းကို စောင်းကြည့်လိုက်လေသည်။
‘ဟွာဆန်းမှာ ဘာလို့ သူတောင်းစား ရှိနေရတာလဲ...မဟုတ်သေးဘူး နေပါဦး သူကြည့်ရတာ ဘာလို့ ရင်းနှီးနေတဲ့ပုံပေါ်နေရတာလဲ’
“ဟွာဆန်းရဲ့ နတ်နဂါးလား”
ချွန်းမြောင်ကို မြင်လိုက်သည့် သူတောင်းစားက သူ့ဆီပြေးလာလေသည်။
‘သူ့မျက်လုံးတွေက’
သူတောင်းစားက အရှေ့သို့ လျင်မြန်စွာ ပြေးလာပြီး ချွန်းမြောင်၏မျက်နှာကို စစ်ဆေးကြည့်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ အော်လိုက်၏။
“မင်း မင်း ငါ့ကို ဘယ်လို ဒီလို လုပ်နိုင်ရတာလဲ”
“…မင်းက ဘယ်သူလဲ”
“…”
သူတောင်းစား၏ မျက်နှာသည် ဖြူနေရာမှ နီလာပြီး မည်းမှောင်လာလေသည်။
“ငါလေကွာ ကောင်စုတ်ရာ ဟုန်ဒယ်ကွမ်လေ”
“အာ...အား...”
ချွန်းမြောင်က သူမည်သူမည်ဝါဖြစ်သည်ကို မသိသေးသောပုံ ပေါက်နေသေးသဖြင့် ဟုန်ဒယ်ကွမ်က သူ့ရင်ဘတ်ကို ဖိကာ အော်ဟစ်လေသည်။
“ငါက သူဖုန်းစားအဖွဲ့အစည်းရဲ့ လျှိုယန်ဌာနခွဲ ခေါင်းဆောင် ဟုန်ဒယ်ကွမ်လေကွာ မင်း ယူနန်ကိုသွားပြီးမှ မင်းစိတ်လွတ်သွားတာလား”
“အားးး သူဖုန်းစားလူကြီးမင်း”
“ဟုတ်တယ် သူဖုန်းစားလူကြီးမင်းပဲ...ငါ့ကို အဲ့ဒီလိုမခေါ်စမ်းပါနဲ့ လူမိုက်ကောင်ကတော့”
ချွန်းမြောင်က ထိုလူကို စိုက်ကြည့်နေလေသည်။
ဒီလူကို သူ ဘယ်လိုပဲတွေးတွေး ဓားသင်္ချိုင်းတွင် ဒီလူနှင့် အချိန်ကောင်းတစ်ခု ရှိခဲ့သည်ကို ဝန်ခံရပေမည်။
“ဒါပေမယ့် ခင်ဗျားက ဘာလို့ ဒီကိုရောက်နေတာလဲ”
“မကြားလိုက်ဘူးလား”
“ဘာကိုလဲ”
“အာ ဒုတိယခေါင်းဆောင်က မင်းကို ဘာမှ ပြန်မပြောရသေးဘူးနဲ့တူတယ် ဟွာအန်းမှာ ဌာနခွဲဖွင့်ဖို့ မင်း ငါ့ကို ပြောခဲ့တာမဟုတ်ဘူးလား”
“သူဖုန်းစားတွေကို သတင်းအချက်အလက်တွေရဖို့ ဟွာအန်းမှာ နေခိုင်းခဲ့တာပါ ဒါပေမဲ့ ဌာနခွဲဖွင့်ဖို့ ဘယ်တုန်းက မခိုင်းခဲ့ပါဘူး”
“သူဖုန်းစားတွေ အများကြီး တစ်နေရာတည်းမှာ စုနေကြရင် ဌာနခွဲတစ်ခုတော့ ဖွင့်ရမှာပေါ့ ပြီးတော့ ဒီနေရာမှာ သူဖုန်းစား ဌာနခွဲတစ်ခု ရှိနေတော့ရော ဘာဖြစ်လို့လဲ ငါတို့တွေ တဲတစ်လုံးဆောက်ပြီး နေကြရင် အဲ့ဒါက ဌာနခွဲပဲလေ”
‘အာ’
‘ဟုတ်သားပဲ’
“အဲ့ဒီလိုလား”
“ငါက ဒီနေရာကို ဟွာအန်း ဌာနခွဲ ခေါင်းဆောင်အနေနဲ့ လာခဲ့တာလေ”
“…တကယ်လား”
“တကယ်ပေါ့ ကောင်စုတ်လေးရ ဒီခွင့်ပြုချက်ရဖို့ ငါဘယ်လောက်ကြိုးစားခဲ့ရလဲ မင်းသိလား"
ဟုန်းဒယ်ကွမ်က မတရားသလိုမျိုး ပြောလိုက်၏။
ဟုန်းဒယ်ကွမ်က ချွန်းမြောင်က အသိအမှတ်မပြုသလို လုပ်နေသည့် မြင်ကွင်းကြောင့် ဒေါသများ ပွင့်ထွက်လာလေသည်။
"မင်းပျော်နေသင့်တယ်လေ ပျော်နေရမှာလေ”
“မ…အင်း ကျွန်တော့်အတွက်က ဘယ်သူတောင်းစားမဆို အတူတူပဲလေ”
"အခြားသူတောင်းစားတွေနဲ့ မတူဘူး ငါက တခြားသူတောင်းစားတွေနဲ့ တူမနေဘူး ငါက သူဖုန်းစားအဖွဲ့အစည်းမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေတဲ့ပုဂ္ဂိုလ်နော်"
"ဒါပေမယ့် သူဖုန်းစားအဖွဲ့အစည်းမှာ ခင်ဗျားလိုလူတွေ အများကြီးရှိမှာပဲလေ"
"ကျွတ်"
ဟုန်ဒယ်ကွမ်က လက်သီးများကို ဆုပ်ထားလေသည်။
'ဘယ်သူ့ကိုမှ အသာစီးယူဖို့ ဟာကွက်တစ်ခုတောင် မပေးဘူး'
အကယ်၍ ဟုန်ဒယ်ကွမ်သာ ကံကောင်းပါက ထပ်ပြီး ချွန်းမြောင်၏ အနိုင်ယူခြင်းကို ခံရတော့မည်မဟုတ်ပေ။
ဟုန်ဒယ်ကွမ်ကလည်း အရည်အချင်းရှိသော လူတစ်ယောက်ဖြစ်ပြီး သူ့ရှေ့ရှိ မိစ္ဆာကောင်ကတော့ ဟာသလုပ်စရာမဟုတ်ပေ။ သူဆိုသည်မှာ ဓားသင်္ချိုင်းအတွင်းတွင် ဝူတန်ဂိုဏ်း၏ အကြီးအကဲနှင့် တိုက်ခိုက်ခဲ့သူ မဟုတ်လား။
"ပြီးတော့ အဲ့ဒါက တကယ့်မှန်တဲ့ပုံပဲ"
"ဘာလဲ"
"မင်းက ထန်မိသားစုရဲ့ အကြီးအကဲတွေကို တိုက်ခိုက်ပြီး အနိုင်ရသွားတယ်လို့ ပြောနေကြတယ်လေ အဲ့ဒီလို မဖြစ်နိုင်တဲ့သတင်းက ငါတို့တွေ အတည်ပြုစစ်ဆေးနေတုန်းပဲ”
“အာ အဲ့ဒါက”
"ဟုတ်တယ် အဲ့ဒါအမှန်ပဲလား"
ချွန်းမြောင်က ဟုန်ဒယ်ကွမ်ကို ကြည့်လိုက်ပြီးနောက် သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။
"… ဘာလဲ"
“ခင်ဗျားက သူဖုန်းစား တစ်ယောက် ဖြစ်နေရင်တောင် ဒါက ခင်ဗျားအလုပ်ပဲလေ ခင်ဗျားတို့ ဒီကို ရောက်နေကြတာသတင်းအချက်အလက်တွေရဖို့အတွက်လေ ဒီတော့ ခင်ဗျားကလည်း အဖိုးအခတွေ ပေးရမှာက သဘာဝပဲ မဟုတ်ဘူးလား ပြီးတော့ လူကြီးမင်းက ကျွန်တော့်ကို သတင်းအချက်အလက်တွေ အခမဲ့ မပေးဘူးဆိုတော့ ကျွန်တော်လည်း မပေးဘူးပေါ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် သဘောတူညီချက်တစ်ခု လုပ်ထားဖို့ လိုတယ်လေ”
"ဒီသူခိုးကတော့လေ သူတောင်းစားဆီကတောင် ပိုက်ဆံရှာဖို့ကြိုးစားနေတာလား"
“အင်း အဆင်ပြေသလိုပေါ့ တစ်ခါတစ်လေကျ ခင်ဗျားက သူတောင်းစားတစ်ယောက် တစ်ခါတစ်ရံကျ သတင်းပေးသူလေ ဘယ်ဘဝမှာ နေချင်လဲဆိုတာတော့ ခင်ဗျားပဲ ရွေးချယ်ပေါ့"
"ကျွတ်"
ဟုန်ဒယ်ကွမ်က နာကျင်သွားသည့် အသံထွက်ပြီး သူ့ခါးမှ ပုလင်းကို ဆွဲထုတ်ကာ ချွန်းမြောင်ကို ပေးလိုက်၏။
"ရော့"
"ဘာလဲ"
"ဒါက ဘာလဲဆိုတာ မင်းမသိဘူးလား ဒါအရက်လေ"
"ကျွန်တော့်အတွက်က ငွေသားပဲ အဆင်ပြေပါတယ်"
"ငါသေရင်တောင် အဲ့ဒီလို ဖြစ်လာမှာမဟုတ်ဘူး မင်းလူယုတ်မာကောင် ဌာနခွဲမှာ သတင်းအချက်အလက်တွေ ရတဲ့အခါတိုင်း မင်းကိုပေးမယ်လေ”
“အာ အဲ့ဒါကို ဘယ်သူက ယုံမှာလဲ ဟီးဟီး”
ချွန်းမြောင်က ရယ်မောနေစဉ်တွင် ဟုန်ဒယ်ကွမ်က သူ့နှုတ်ခမ်းသူ ကိုက်လိုက်သည်။
'သူက ဝက်နဲ့တောင် တူသေး'
'ဒီလိုလူငယ်လေးဟာ အကျိုးအမြတ်ရဖို့အတွက် ကိစ္စတွေကို ဆွဲထုတ်တတ်အောင် ဘယ်ကနေများ သင်ယူလာတာလဲ သူ ဘာလို့ ဒီလောက် လူပါးဝနေတာလဲ’
"ခင်ဗျား ဒါကို စုပ်မသောက်ခဲ့ပါဘူးနော်"
"အသစ်နော် အသစ်ကြီး"
"ဒါဆို ကျေးဇူးတင်ပါတယ်"
ချွန်းမြောင်က ချက်ချင်းပင် ပုလင်းကိုဖွင့်ကာ တစ်ငုံသောက်လိုက်သည်။
အတော်လေး လန်းဆန်းပြီး ချိုမြိန်လွန်းတာကြောင့် မြင်သူတိုင်း သွားရေကျလောက်သည်။
"ကျွတ် အရသာ ကောင်းပါတယ်”
“အား တာအိုဝါဒီတစ်ယောက် ဒီကို ရောက်နေတယ်...."
တစ်ခုခုကို ပြောပြချင်နေခဲ့သည့် ဟုန်ဒယ်ကွမ်က အဓိကအချက်ကို စကားပြန်ခေါ်လိုက်၏။
“အခု မင်း သောက်လိုက်တာ အစစ် ဟုတ်မဟုတ် ငါ့ကို ပြောစမ်းပါ အဲ့ဒါက အစစ်လား"
"အင်း ကျွန်တော်က အဲဒီအဘိုးကြီးတွေထဲက တစ်ယောက်ကို အနိုင်တိုက်ခဲ့တာလေ"
“…ဒီတော့ အမှန်ပဲကို အိုး ဘုရား”
ဟုန်ဒယ်ကွမ်က ချွန်းမြောင်ကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
'ဒီလိုလူမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ'
ချွန်းမြောင်က ဝူတန်၏အကြီးအကဲနှင့် တိုက်ခိုက်နေသည်ကို သူ မြင်လိုက်သောအခါ နတ်ဆိုးတစ်ကောင်ဟုပင် ထင်ခဲ့သည်။ ယခုမူကား သူပြောသော သတင်းအချက်အလက်အသစ်အရ ဝူတန်၏အကြီးအကဲကို သူ အလွယ်တကူ အနိုင်ရခဲ့သလိုမျိုး ခံစားလာရသည်။
ဟုန်ဒယ်ကွမ်က ချွန်းမြောင်ကို ထိုသို့ပြုမူနေသည်အား မတွေ့ခဲ့ဖူးပါက ဒီသတင်းအချက်အလက်ကို သူလက်ခံမှာ မဟုတ်ပေ။
'သူရန်ဖြစ်တာကို ငါမြင်ဖူးလို့သာ မယုံနိုင်စရာတော့ မရှိပါဘူး'
'မဟုတ်ဘူး တခြားဟာတွေထက် အပြစ်ကင်းစင်ပြီး ပျော့ညံ့တယ်လို့ ထင်ရတဲ့ သူ့မျက်နှာပေါ်က အကြည့်က ပိုပြီး မဖြစ်နိုင်ဘူးလို့ ထင်စေရတာပဲ ဒီလိုကောင်လေးအတွက်တော့ ထန်မိသားစုအကြီးအကဲကို အနိုင်ယူလိုက်တာက ပဲကြီးလှော်ဝါးသလိုပဲ’
'မဟုတ်ဘူး အဲ့ဒါက ဘာမှမဟုတ်မှန်း ငါမှမသိနိုင်တာ’
အမှန်တော့ ဟုန်ဒယ်ကွမ်က ဒီအစီရင်ခံစာကို လက်ခံရရှိသောအခါ အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။
ချွန်းမြောင်က ပြောလိုက်၏။
"ဒါပေမယ့် ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ"
“အာ ဟုတ်သားပဲ”
ဟုန်ဒယ်ကွမ်က သူ့လက်သီးကို ကျစ်ကျစ်ဆုပ်၍ ချွန်းမြောင်ကို ကြည့်လိုက်၏။
“လုပ်စမ်းပါ ငါ့ကို ကျေးဇူးတင်လိုက်စမ်းပါ ငါက မင်းအတွက် အရေးကြီးတဲ့ အချက်အလက်တချို့ ယူလာပေးတယ်လေ"
"အယ်"
"ဒါက ဟွာဆန်းက မကြာခင် သိလာရမယ့် အရာပဲ ဒါပေမယ့်..."
"အကြာကြီးစောင့်နေလို့ လောင်းကြေး တက်လာမယ့် နည်းလမ်းမရှိဘူး အဲ့ဒါကြောင့် တိုတိုနဲ့ လိုရင်းသာ ပြောလိုက်စမ်းပါ"
“ကျွတ်”
ဤတပည့်သည် သူ့စိတ်ထဲ၌ တိတ်ဆိတ်သောချောင် မရှိသလိုပင်။
ဟုန်ဒယ်ကွမ်က တိုးတိုးရေရွတ်ပြီး ပြောလိုက်၏။
"ရှောင်လင်ဂိုဏ်းက ပြောင်းသွားပြီ"
“…ဘာအကြောင်းကိုလဲ”
"ရှောင်လင်ဂိုဏ်းက ပြောင်းသွားပြီလို့ ပြောနေတာလေ"
"အဲ့ဒီတော့ ဘာဖြစ်လဲ"
“…”
ချွန်းမြောင်က သူ့ကို အမူအရာ တစ်သမတ်တည်းဖြင့် ကြည့်လာ၏။ ဟုန်ဒယ်ကွမ်က မယုံကြည်နိုင်ဖြစ်သွားလေသည်။
“အ…အသက်အောင့်ထားတဲ့ ရှောင်လင်ဂိုဏ်းက ပြောင်းရွှေ့သွားဖို့ ဆုံးဖြတ်လိုက်ကြတာလေ”
'ဒီခွေးကောင်ကတော့ ငါပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို သူမသိဘူးလား'
ဟုန်ဒယ်ကွမ်က တစ်ခုခု ထပ်လောင်းပြောမည့်အချိန်တွင် ချွန်းမြောင်က ပြောလိုက်၏။
"သူတို့က တစ်ခုခုကို ကောက်ပြီး စားဖို့ လမ်းပေါ်ရောက်နေသလို ခံစားရတယ်"
"အာ"
“သူတို့က သာမန်လူဆိုးတွေလိုပါပဲ များသောအားဖြင့်တော့ တခြားသူတွေနဲ့အတူ လေးလေးနက်နက် ကိစ္စတွေ အမျိုးမျိုးလုပ်တတ်ပေမယ့် တစ်ခုခု ကောက်စားစရာရှိတဲ့အချိန်ကျ လက်ထဲမှာ သူတို့ရဲ့၀တ်ရုံတွေနဲ့ ပြေးကုန်ကြတယ်လေ”
“…”
ဟုန်ဒယ်ကွမ်၏ မျက်လုံးများမှာ တုန်လှုပ်သွားလေသည်။
ဒီလောကကြီးထဲ၌ ရှောင်လင်ဂိုဏ်းအကြောင်းကို ယခုလိုမျိုးပြောနိုင်သူ တစ်ဦးသာ ရှိလိမ့်မည်။
"ဒါဆို ဘာတွေ ဖြစ်နေတာလဲ"
"...ကြည့်ရတာ သူတို့တွေ ပြိုင်ပွဲတစ်ခု ကျင်းပတော့မယ်ထင်တယ်"
"အာ ပြိုင်ပွဲလား"
ထိုအချိန်တွင် ချွန်းမြောင်က စိတ်ဝင်စားစရာ တချို့ ရှိနေပုံရသည်။
ဟုန်ဒယ်ကွမ်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
“ဟုတ်သားပဲ သူတို့က ပြိုင်ပွဲအကြီးစားကြီးကို ကျင်းပမလို့ထင်တယ် စုန့်တောင်ပေါ်မှာ ပွဲကို စီစဉ်နေကြတယ်”
"ဘာကို ဖွင့်ထားတာ"
ချွန်းမြောင်၏ တည်ငြိမ်အေးဆေးသော အကြည့်သည် ဟုန်ဒယ်ကွမ်အပေါ်သို့ ကျရောက်လာခဲ့သည်။
“မူ-မူယင် …”
“…မူယင်ပြိုင်ပွဲ”
“ဟုတ်-ဟုတ်တယ်”
“ဒါဆို ညီလာခံအမျိုးအစားတစ်ခုလား”
“ဟုတ်တယ်”
“… ဂိုဏ်းကြီး ကိုးဂိုဏ်းလုံး ဝင်ပြိုင်ကြမယ့် ပြိုင်ပွဲလား”
"ဒါက ရှောင်လင်ဂိုဏ်းက ကျင်းပနေတဲ့ ပြိုင်ပွဲတစ်ခုဆိုတော့ သေချာပေါက်…
"
ချွန်းမြောင်က ရုတ်တရက် ပြေးဝင်လာပြီး ဟုန်ဒယ်ကွမ်ကို လည်ပင်းကနေ လှမ်းဆွဲလိုက်၏။
ဟုန်ဒယ်ကွမ်က အလန့်တကြား နောက်ဆုတ်သွားခဲ့သည်။
"မင်း-မင်းနဲ့ဘာဆိုင်လို့လဲ"
"သဝဏ်လွှာ"
“…ဟမ်”
"သဝဏ်လွှာ ဘယ်မှာလဲ"
“…”
ချွန်းမြောင်၏မျက်လုံးများတွင် ဝင်းခနဲဖြစ်သွားသည်မှာ အတော်ကြာနေပြီဖြစ်သည်။
“ဒါက မူယင်ပြိုင်ပွဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော် ဝင်ပါဖို့ သဝဏ်လွှာက ဘယ်မှာလဲ”
'သိပ်ကိုကောင်းတယ် လူယုတ်မာတွေ'
'ငါလာပြီးတော့ မင်းဆံပင်တွေ အားလုံးကို ဆွဲနှုတ်ပစ်ဦးမယ်'