ဘာကို ဖွင့်လိုက်တာလဲ(၄)
Vol. 19 Ch. 259
ချွန်းတပည့်များနှင့် ဘတ်တပည့်များက ချွန်းမြောင်ကို မည်းမှောင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။
ချွန်းမြောင်၏နောက်တီးနောက်တောက် ပြုမူဟန်တွေကို သူတို့တွေ့နေရတာ မလုံလောက်သေးဘူးလား။
သူတို့တွေ တခြားဂိုဏ်းမှ တပည့်များ၏ အနိုင်ယူ ခံရမည့်အရေး လုံးလုံး တွေးပြီးပြီဖြစ်သည်။
‘သူက အရမ်းစိတ်ကူးယဉ်လွန်းတာ ပြဿနာဖြစ်နေတာ’
‘ငါ သေသာသေလိုက်ချင်တယ်’
တပည့်များက အသက်ကို ပြင်းပြင်း ရှူလိုက်ချိန်တွင် ချွန်းမြောင်က သူ့လျှာသူ မထိတထိကိုက်လိုက်၏။
"မင်းတို့မှာ ယုံကြည်မှုမရှိဘူးလား"
"အာ-မဟုတ်ဘူးလေ အဲ့ဒီလို မဟုတ်ဘူး"
"ဟုတ်လား မင်းက ယုံကြည်မှုရှိတယ်ပေါ့"
ဘတ်ဆန်း၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံ ပေါ်လာသည်။
'ဒီကောင်စုတ်ကတော့ လူ့ကျင့်ဝတ်လေးကို နည်းနည်းတောင်ရှိရဲ့လား'
ထိုအချိန်တွင် သူဘာပြောရမည်ကို စဉ်းစားနေလေသည်။
"ဒါပေမယ့် ချွန်းမြောင်"
"အာ"
ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော တတိယတန်းအဆင့်တပည့်ယွန်းဂျင်က စကားစပြောလာသည်။
“မင်းကို သံသယဝင်တာမျိုး ဘာညာ ဘာမှ မဟုတ်ပါဘူး…”
"မင်းက ဘာဖြစ်နေတာလဲ ထုတ်ပြောလိုက်စမ်းပါ ငါက တခြားသူတွေရဲ့စကားတွေကို အမိဖမ်းပြီး နှောင့်ယှက်တတ်တဲ့သူတစ်ယောက်လား”
“အာ”
“…ဟုတ်လား”
'အဲ့ဒီလိုလား'
'မင်း ဒီနေ့မှ အရမ်းထူးဆန်းနေတယ်'
“…ငါ ဘာမှ ပုံမှန်မဟုတ်တာတွေ လုပ်မှာမဟုတ်ဘူး ဒါကြောင့် ပုံမှန်အတိုင်းပဲ ပြောစမ်းပါ”
ယွန်းဂျင်က ခဏလောက်စဉ်းစားပြီး သုန်မှုန်နေသော အမူအရာနှင့် ပြောလိုက်၏။
"ဂိုဏ်းကြီးကိုးဂိုဏ်းက တပည့်တွေကို ငါတို့ တကယ် အနိုင်ယူနိုင်ပါ့မလား"
ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်လေသည်။
"ငါတို့ နိုင်မှာမဟုတ်ဘူးလို့ ငါပြောခဲ့လို့လား"
“အာ”
"…အဲ့ဒီလိုလား"
'ထူးဆန်းတယ်'
'မင်းက အဲ့ဒီလို မပြောဖူးပေမယ့်...'
“ဒီတစ်ခါတော့ တကယ်ပါ မင်းတို့တွေ အနိုင်ရနိုင်တယ်"
“ဟင်”
ယွန်းဂျင်၏ အမူအရာမှာ ပြောင်းသွားလေသည်။
"မင်းတို့ ဘာကို အရမ်းတွေ ကြောက်နေကြတာလဲ အဲဒီလူယုတ်မာတွေကို မင်းတို့တွေ တစ်ခါတည်း အပြတ်ဖြိုပြီးပြီလေ”
“အဲ့ဒီလိုတော့ ဟုတ်ပေမဲ့ …”
သူ၏သေချာသောအဖြေကို ကြားပြီးတာတောင် ယွန်းဂျင်က တုံ့ဆိုင်းနေသောအခါ ဘတ်ဆန်းက ခါးသက်သက် ပြုံး၍ နှုတ်ကို ဖွင့်ဟလိုက်၏။
"တတိယတန်းအဆင့်တပည့်တွေကို နိုင်ခဲ့တာလေ ဒုတိယတန်းအဆင့် တပည့်တွေကို ရှုံးခဲ့တာလေ"
"ဘာပဲဖြစ်ဖြစ် နောက်ဆုံးရလဒ်က အားလုံးကောင်းတယ်မဟုတ်လား"
“မင်းက အဲ့ဒီလိုတွေးရင် စိတ်သက်သာရာရနေတာပေါ့ တစ်မျိုး တွေးကြည့်စမ်းပါ တောင်စွန်းပိုင်းဂိုဏ်းရဲ့ ဒုတိယတန်းအဆင့်တပည့်တွေကို တတိယတန်းအဆင့်တပည့်တွေ ထားခဲ့မယ်ဆိုရင် ငါတို့ အနိုင်ရမှပါ့မလား”
ဘတ်ဆန်းက ချွန်းမြောင်၏ မျက်လုံးများကို ကြည့်ရင်း ဆက်ပြောလိုက်၏။
"ငါပြောနေတာက မင်းက တပည့်နည်းနည်းလောက်ကို ဖြုတ်ချလိုက်တာနဲ့ တောင်စွန်းပိုင်းဂိုဏ်းတစ်ခုလုံးကို ကျကျနန အနိုင်ရသွားတာလို့ မဆိုလိုပါဘူး ပြီးတော့ တောင်စွန်းပိုင်းဂိုဏ်းနဲ့ ဝူတန်ဂိုဏ်းကို အနိုင်ယူခဲ့တာ ငါတို့မဟုတ်ဘူး မင်းပဲ”
“ဒီတော့…”
ဘတ်ချူန်း၏စကားကို နားထောင်ပြီးနောက် ချွန်းမြောင် တွေးလိုက်မိ၏။
"ဒါဆို မင်းတို့က သူတို့ရဲ့သိုင်းပညာတွေကို ကျွမ်းကျင်တဲ့ ဂိုဏ်းကြီးကိုးဂိုဏ်း ဒါမှမဟုတ် မိသားစုကြီးငါးစုက တပည့်တွေကို ဖြုတ်ချဖို့ ယုံကြည်မှုမရှိကြဘူးလား"
“ဟုတ်တယ်”
ချွန်းမြောင်က ပြုံးလိုက်လေသည်။
“ကြားရတာတော့ ထူးဆန်းနေတယ် ငါတို့က ဓားနဂါးဆိုးကြီးပဲဖြစ်ဖြစ် တစ်ခုခုကိုပင် အပြတ်ဖြုတ်ပြီး ကိုယ့်ကိုကိုယ် သက်သေပြခဲ့ကြတယ်လေ ဟွာဆန်းက ဝူတန်ထက် ပိုသန်မာပါတယ်”
"...ဆရာဦးလေးကို လက်ညှိုးထိုးပြနေတာ မဟုတ်ပါဘူး"
‘ငါ လိမ်ပြောနေတာမဟုတ်ဘူး မင်အယုတ်တမာကောင်'
အခုဆို ဘတ်ချုန်း၏မျက်နှာမှာ နီရဲနေပြီဖြစ်သည်။ ဘတ်ဆန်းက ပြုံးပြီး ပြောလိုက်၏။
"ဘတ်ချုန်းဆရာတူအစ်ကိုက ထူးခြားတဲ့သူ မဟုတ်လား"
“…”
ချွန်းမြောင်က ပါးပြင်များ အနည်းငယ် တုန်ယင်နေသည့် ဘတ်ချုန်းကို ဖြည်းဖြည်းချင်း ကြည့်လိုက်၏။
'မင်းမျက်နှာကို ဖြောင့်ဖြောင့်မတ်မတ်ထားစမ်းပါ လူယုတ်မာ'
'ဘာပဲဖြစ်ဖြစ် ဆရာဦးလေးကို မင်းရဲ့ ပုပ်သိုးနေတဲ့အမူအရာကို ဒီလိုမျိုး ဘယ်လိုများပြနိုင်တာလဲ’
"ပြီးတော့ ယွန်းဂျွန် ဂျိုဂုနဲ့ ယူဆာမေး...သူတို့အားလုံးက သာမန်လူတွေမဟုတ်ဘူးလေ လူတိုင်းက သူတို့အရည်အချင်းကို အသိအမှတ်ပြုကြတယ်လေ ဒါပေမယ့် ငါတို့ရဲ့ အရည်အချင်းတွေက သာမန်ပါပဲ”
"ဒါဆို မင်းက ယုံကြည်ချက်မရှိဘူးလား"
ဘတ်ဆန်းက ခေါင်းယမ်းလိုက်လေသည်။
“ချွန်းမြောင် ငါ့ကို အထင်မလွဲပါနဲ့ မင်းရောက်မလာခင်အထိ ငါတို့အားလုံးက အရှုံးကို ခံစားခဲ့ကြရတဲ့သူတွေပါ ရှုံးမှာကြောက်လို့ ဒီလိုလုပ်နေတာမဟုတ်ဘူး ငါတို့က ဒီအတိုင်းလေးပဲ ကြောက်ကြတာပါ”
"အာ"
'ရှုံးမှာကို မကြောက်ဘူး ဒီအတိုင်း ကြောက်တာလား အဲ့ဒါ ဘာကို ဆိုလိုတာလဲ'
ဘတ်ဆန်းက ချွန်းမြောင်၏ အကြည့်ကြောင့် အနေခက်စွာ ပြုံးလိုက်လေသည်။
“ဟွာဆန်းက အရင်ကထက် ပိုပြီးမြန်မြန် သူရဲ့တောက်ပမှုကို ပြန်ရတော့မှာပါ ဒီလောက် မြန်မြန် တိုးတက်နေတဲ့ ဟွာဆန်းအတွက် ခလုတ်တံသင်း ဖြစ်လာမှာကို ငါကြောက်တယ် မင်းတို့ငါးယောက်ကြောင့်သာမဟုတ်ရင် ဟွာဆန်းက ဘာမှမဟုတ်ဘူးလို့ ပြောကြမှာကို ငါကြောက်တယ် အဲဒါတွေကို ငါကြောက်တယ်”
“ဟင်”
ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။ ပြင်းထန်သော တိတ်ဆိတ်မှုက ခဏတာ ကုန်ဆုံးသွားသည်။
ပုံမှန်ဆို အော်ဟစ်တတ်သည့် ချွန်းမြောင်က နှုတ်ဆိတ်နေ၏။ စိတ်မရှည်တော့သော ဘတ်ချုန်းက ပြောလိုက်လေသည်။
"ဘာကိုကြောက်နေတာလဲ ဟွာဆန်းက အခုအချိန်မှာ သူ့ရဲ့အရင်က သိုင်းပညာတွေကို ပြန်ရနေပြီလေ ပြီးတော့ မင်း ဆေးမသောက်ခဲ့ရဘူးလား ဆေးလုံးထဲက ချီတွေကို အပြည့်အဝ စုပ်ယူပြီး ငါတို့ရဲ့ သိုင်းပညာတွေကို ကျွမ်းကျင်နေရင် မင်း ဘာကို ကြောက်နေဦးမှာလဲ"
"ဆရာတူအစ်ကို ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေက ဂိုဏ်းကြီးကိုးဂိုဏ်းကလေ ပြီးတော့ ကျွမ်းလည်း ကျွမ်းကျင်ကြတယ် ကျွန်တော်တို့က ဆေးသောက်ထားတယ်ဆိုရင်တောင် သူတို့ကရော ကျွန်တော်တို့ထက် ပိုကောင်းတဲ့ ဆေးကို မသောက်လောက်ဘူးလား”
“အဲဒါ…”
"ပြီးတော့ ကျွန်တော်တို့က မက်မွန်ဓားနည်းစနစ် လှုပ်ရှားမှု ၂၄ကွက်ကို အခုမှ စလေ့လာကြမှာလေ သူတို့ကတော့ အရင်ကတည်းက သူတို့ဂိုဏ်းရဲ့သိုင်းပညာကို သင်ယူပြီးသားဖြစ်မှာပေါ့"
ဘတ်ချုန်းက တုံ့ဆိုင်းသွားပြီး တိတ်ဆိတ်သွားလေသည်။ ဘတ်ဆန်းပြောတာ မမှားဘူးဆိုတာ သူသိသွားလို့ဖြစ်သည်။
“ဒါကြောင့်…”
"အား တော်လောက်ပြီ"
ထိုအချိန်တွင် ချွန်းမြောင်က ဘတ်ဆန်း၏စကားကို ဝင်ဖြတ်ပြောလိုက်၏။
"အဲ့ဒီလို ညည်းညူနေတာကို ငါမုန်းတယ်"
ချွန်းမြောင်က နားရွက်တွေကို လက်နှစ်ဖက်နှင့် အုပ်ပြီး ခေါင်းယမ်းနေလေသည်။
“ဒီတော့ အဆုံးသတ်က တခြားဂိုဏ်းတွေရဲ့ အထက်တန်းစား တပည့်တွေကို အနိုင်ယူနိုင်မယ်ဆိုတာ ယုံကြည်မှုမရှိဘူးပေါ့”
“… ငါက ယုံကြည်မှုမရှိတာ မဟုတ်ပါဘူး ငါက စိုးရိမ်မိတာပါ"
"ဒီက ဘတ်ချုန်းဆိုတဲ့ကောင်က အောင်နိုင်ပေမယ့် မင်းတို့ ဆရာဦးလေးတွေက မအောင်နိုင်ဘူးလား"
“ဟို”
ဘတ်ဆန်းက ပြန်မဖြေဘဲ သူ့လက်ကို တင်းတင်းဆုပ်ထားလေသည်။
"ဒါဆို ဆုံးဖြတ်ပြီးပြီ"
“…အာ”
ချွန်းမြောင်က ဘတ်ချုန်းဘက်သို့ လှည့်လိုက်ရင်း ပြုံးလိုက်၏။
“ဒါဆို နောက် ၆ လ အတွင်းမှာ မင်း သူ့လောက် သန်မာဖို့ပဲ လိုတယ် အဲဒီအဆင့်ကို အောင်မြင်တဲ့သူတွေက ပြိုင်ပွဲမှာ ပါဝင်နိုင်မှာပေါ့ မဟုတ်ဘူးလား”
ဘတ်ဆန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
“အ-မဟုတ် အဲ့ဒါက….”
“အား တော်လောက်ပြီ အဲ့ဒီလောက် မခက်ပါဘူး'
“…”
'မခက်ဘူးလား'
ဘတ်ဆန်းက ဘတ်ချုန်းကို ကြည့်လိုက်လေသည်။ ဘတ်ချုန်းက သူလွတ်မြောက်သွားပြီဟု ပြောနေသည့် မျက်နှာနှင့် ကောင်းကင်ကို မော့ကြည့်နေ၏။
“ချွန်းမြောင် အဲ့ဒါ…”
"ငါတို့ တော်လောက်ပြီလို့ ပြောခဲ့တယ်နော်"
“မဟုတ်ဘူး”
"ကောင်းပြီ ကောင်းပြီ ငါ မင်းကို ပြောပြမယ်"
"ငါဆိုလိုချင်တာက...''
“ဒါက ကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူးလို့ ပြောတယ်လေ”
“မဟုတ်ဘူး”
"တော်လောက်ပြီ လုံလောက်ပြီ"
‘တခြားသူပြောတာကို နားထောင်ပါဦး ငါ့ကောင်ရ'
ဘတ်ဆန်းက သူ့ရင်ဘတ်သူ ထိလိုက်ကာ စိတ်ပျက်မိသလို ခံစားနေရသည်။
'ဒီကောင်နဲ့ စကားပြောရတာ ဘယ်တော့မှ အဆင်မပြေဘူး'
ချွန်းမြောင်က သူ့ကိုကြည့်ကာ ပြုံးလိုက်လေသည်။
"ဆရာဦးလေးမှာ စိုးရိမ်စရာ ဘာအကြောင်းမှ မရှိပါဘူး"
"အမ်"
"ငါက ဆရာဦးလေးကို သူတို့ဆီမှာ ရှုံးခွင့်ပြုမယ် ထင်နေတာလား"
“…”
ချွန်းမြောင်က သူ့ကို ကြည့်နေ၏။
"ရှုံးချင်ရင် တစ်ခါလောက် ရှုံးကြည့်စမ်းပါ"
“…”
ဘတ်ဆန်းက ထိုစကားကို ကြားသောအခါ စကားတွေထစ်ပြီး ပြောလာသည်။
"ချွန်း-ချွန်းမြောင် ငါက ဘာကို ကြိုးစားကြည့်ရမှာ..."
"စိတ်ချပါ ဆရာဦးလေး ဆရာဦးလေး ဘာကို စိတ်ပူနေလဲဆိုတာ ကောင်းကောင်းသိပါတယ် အပြည့်အဝ နားလည်ပါတယ်”
"အ"
ချွန်းမြောင်က သူ့မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။
"မင်းက ကြိုးစားအားထုတ်မှု အားနည်းနေသေးတယ် အားထုတ်စမ်းပါ လူတွေက အလုပ်ကြိုးစားနေရင် ဒီလိုမျိုး အတွေးတွေ တွေးမိမှာမဟုတ်တော့ဘူး မင်းတွေ့သမျှလူတွေအားလုံးကို ခေါင်းကို ရိုက်ခွဲဖို့ စဉ်းစားထားပါ"
'ချွန်းမြောင်'
'သေချာ စဉ်းစားပါဦး…ဒါက အားထုတ်မှု မရှိတာ မဟုတ်ဘူး စိတ်သဘောထား ကြောင့်ဖြစ်နေတာ’
'သာမန်လူတွေက အားထုတ်ကြပေမယ့် အဲ့ဒီလို မတွေးနိုင်ကြဘူး ချွန်းမြောင်'
“မကြာသေးခင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်မို့ ထင်ပါတယ် ဒါတွေအားလုံးက ငါ့အမှားပါပဲ ငါသာ ဆရာဦးလေးတွေ အားလုံးကို ပိုပြီးပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့ရင် မင်းတို့တွေ ယုံကြည်မှု ရှိလာကြမှာပဲ ငါ အပျင်းထူခဲ့လို့ပါ ငါ ပေါ့လျော့ခဲ့လို့ ငါ့ကြောင့်ဖြစ်ရတာပါ"
“…”
သူ့မျက်လုံးတွေက နီရဲလာပြီး အရူးတစ်ယောက်လို အော်ဟစ်နေလေသည်။ အခုတော့ တပည့်များသည် လက်မှိုင်ချကုန်သည်။
မကြာခင်မှာပင် သူတို့အားလုံး ဘတ်ဆန်းကို ကြည့်နေကြလေသည်။
'မဟုတ်သေးပါဘူး မင်း ဘာလို့ ဒီလို ပြောရတာလဲ'
'ဒီလိုဖြစ်သွားမယ်ဆိုတာ မင်း မသိဘူးလား ဘာလို့ သူ့ကို ပိုပြီး စိတ်ဒုက္ခပေးရတာလဲ'
‘တကယ်ပါပဲ သေလိုက်ပါတော့ သောက်ကျိုးနည်း'
ဘတ်ဆန်းက သူ့ကို လူတွေအများကြီး စိုက်ကြည့်ကြနေသည်ကို ခံစားမိသဖြင့် တုန်ယင်သွားလေသည်။
'ဒါကို ငါတစ်ယောက်တည်း တွေးနေတာမဟုတ်ဘူးပဲ မင်းတို့ကောင်တွေ အယုတ်မာတွေပဲ'
ဘတ်ဆန်း ထိတ်လန့်တုန်လှုပ်သွားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတာကို မြင်သောအခါ ဘတ်ချုန်းက တောက်ပစွာ ပြုံးပြီး ပြောလိုက်၏။
"မကြောက်ပါနဲ့"
"ဆရာတူအစ်ကို'
ဘတ်ဆန်းက ငရဲပြည်မှာ ဗုဒ္ဓကို မြင်လိုက်ရသလိုမျိုး သူ့ဆရာတူအစ်ကိုကို ကြည့်နေလေသည်။
'ဟုတ်သား ချွန်းမြောင် ရူးသွပ်တာကို တားနိုင်တဲ့သူက...'
"ငါတော့ ချွန်းမြောင်ပြောတာကို သဘောတူတယ် ငါကြိုးစားခဲ့တာမို့ သေချာ သိပေမယ့် မင်းသာ လုံလုံလောက်လောက် အားထုတ်ပြီး လေ့ကျင့်လိုက်ရင်…မင်းရဲ့ အတွင်းစိတ်ကို ပြောင်းပြန်လှန်နိုင်လောက်အောင် လေ့ကျ့င်လိုက်ရင် မင်းရဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားလိမ့်မယ်"
"…ဘယ်လို"
"ဒါကြောင့် မင်းလုပ်နိုင်ပါတယ် မင်းစိုးရိမ်နေတာတွေကနေ လွတ်မြောက်အောင် ကူညီနိုင်ဖို့ ငါ ကြိုးစားပေးပါ့မယ် ဒီတော့ အရှုံးပေးဖို့ မစဉ်းစားပါနဲ့"
“….”
ဘတ်ချုန်းက သူ့လက်သီးတွေကို တင်းတင်း ဆုပ်ထား၏။ ဘတ်ဆန်းက စိတ်ဝိဥာဉ်ကို မရှိတော့သလိုမျိုး သူ့ဆရာတူအစ်ကိုကို ကြည့်နေလေသည်။
ဒီလူ့ကိုမှ ငရဲပြည်မှ ဗုဒ္ဓဟု သူ ထင်ခဲ့မိသည်။
'မဟုတ်ဘူး သူက အသူရာပဲ'
'မဟုတ်သေးဘူး ဒါပေမယ့် တကယ်တမ်း ဒီလူတွေ ယူနန်က ပြန်လာတဲ့အချိန်မှာ ဘာလုပ်ခဲ့ကြတာလဲ'
'ဘာလို့ လူတွေ အများကြီးက ချွန်းမြောင်ပုံစံ ဖြစ်သွားကြတာလဲ'
'ဒါက ငရဲနဲ့တူတယ်'
“အဲဒါ မမှားပါဘူး”
ပိုဆိုးတာက ယူယီဆိုးကလည်း ဘတ်ချုန်းနှင့် တစ်ဖက်တည်း ဖြစ်နေသည်။
“မင်းက အခုအချိန်အထိ တစ်ဆင့်တစ်ဆင့် တည်ဆောက်လာခဲ့ပြီးပြီလေ ဒါက မင်းရဲ့ယုံကြည်မှု အရင်းအမြစ်ဖြစ်သင့်တာပေါ့”
“ဟုတ်တယ်”
ဘတ်ချုန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ကြောက်တယ်ဆိုတဲ့ စကားလုံးက ငရဲပြည်မှာ လူးလိမ့်နေရတဲ့အချိန်မှ အမှန်တကယ် စဉ်းစားမိနိုင်တဲ့ အရာပဲ အဲဒီ့လိုအချိန် မရောက်ခင်အထိ မင်းမှာ အဲ့ဒီစကားကို ပြောပိုင်ခွင့်မရှိဘူး”
"...ဆရာတူအစ်ကိုက ကြုံဖူးတဲ့အတိုင်း ပြောနေတာပဲ"
"အမ်"
ဘတ်ချုန်း၏ နှုတ်ခမ်းများမှာ တရွရွဖြစ်သွားလေသည်။
“အင်း ငါလည်း မသိပါဘူး မင်းသာ ငါ့လိုကြုံခဲ့ရရင် ဒီလို ပြောနိုင်ပါဦးမလား"
“….”
“စိတ်မပူပါနဲ့ ငါ မင်းကို ကူညီပေးမှာပါ ယွန်းဂျွန်နဲ့ ဂျိုဂုကလည်း ကူညီပေးကြပါလိမ့်မယ် ငါတို့အားလုံးက အတွေ့အကြုံရှိပြီးသားမို့လေ"
'ဆရာတူအစ်ကို'
'ဒီစကားတွေ ပြောနေရင်းနဲ့ ဘာလို့ အံတွေကြိတ်နေရတာလဲ'
'ဒေါသတွေကို ကျွန်တော်တို့အပေါ် ပုံချနေတာ မဟုတ်ဘူးလား ဆရာတူအစ်ကို'
“ဟုတ်တယ် ငါတို့လည်း ကူညီပေးမှာပေါ့"
"စိတ်ချပါ ကျွန်တော်လည်း အကောင်းဆုံး ကြိုးစားပါ့မယ်"
လောကမှာ နားမလည်နိုင်သည့် အရာများစွာရှိသည်။ ဒါက ကြီးကျယ်မြင့်မြတ်သော လူများ၏ ဒုက္ခပင်။
ထို့နောက်…
အကြီးကျယ်ဆုံးက ဒုက္ခအိုးကြီးက လေးနက်သည့်မျက်နှာနှင့် စကားပြောလိုက်၏။
"ဆရာဦးလေးနဲ့ ဆရာတူအစ်ကိုတွေ သိထားရမယ့် အရာတွေရှိတယ်"
"အာ"
ချွန်းမြောင်က လူတိုင်းကို ကြည့်ပြီး ထူးထူးဆန်းဆန်း အသံတိုးတိုးနှင့် ပြောလိုက်၏။
“ငါလည်း အားနည်းနေခဲ့တာမို့ ရှုံးတဲ့အချိန်တွေရှိပေမယ့် သိုင်းပညာ အားနည်းတာကြောင့်တော့ မရှုံးပါဘူး ဆရာတူအစ်ကိုက ဓားသိုင်းပညာကို ကောင်းကောင်း တတ်ကျွမ်းနေသရွေ့ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး ဝူတန်ပဲဖြစ်ဖြစ် ရှောင်လင်ပဲဖြစ်ဖြစ်"
အသံ ခပ်တိုးတိုးသာဖြစ်သည်။ နှိမ့်ချပြီး အေးဆေးတည်ငြိမ်ကာ တခြားသူများကို ယုံကြည်လာစေသည်။
"စိတ်မပူပါနဲ့ ဟွာဆန်းနဲ့ ငါက မင်းကို ပိုပြီး သန်မာလာအောင် လုပ်ပေးမယ် ဒါကြောင့် ငါတို့ကို ဘယ်သူမှ ထပ်ပြီး လျစ်လျူရှုရဲမှာ မဟုတ်တော့ဘူး”
ဘတ်ဆန်းက မသိစိတ်က အလိုလို ခေါင်းညိတ်လိုက်သည်။
'ချွန်းမြောင်ရဲ့ စကားတွေက အလုပ်ဖြစ်သွားတာလား'
တပည့်များ၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းလှသည့် အပူရှိန်က တက်လာခဲ့သည်။
‘ချွန်းမြောင်က ပေါက်ကရ ပြောတတ်ပေမဲ့ မလိမ်တတ်ဘူး...မဟုတ်ဘူး တစ်ခါတလေ လိမ်တတ်ပေမယ့် ဒီလိုအချိန်မျိုးမှာတော့...'
'အင်း'
'ဘာပဲဖြစ်ဖြစ် အလိမ်အညာတော့ မဟုတ်ဘူး'
ဘတ်ချုန်းက ထပ်၍ပြောလိုက်လေသည်။
“မမေ့နဲ့”
ဘတ်ချုန်းက လူတိုင်းကို ကြည့်၍ ပြောလိုက်သည်။
"ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ဒီလမ်းကို ဦးဆောင်ကြလိမ့်မယ် ဆရာဦးလေးတွေက ငါတို့ကို အဆုံးထိအောင် ကူညီပေးကြလိမ့်မယ် ဒါပေမဲ့ ဟွာဆန်းရဲ့ ဂုဏ်သရေကို ပြန်လည်ရဖို့က ငါတို့မှာ တာဝန်ရှိတယ် ငါတို့က တပည့်တွေလေ ပြီးတော့ ငါတို့က မားမားမတ်မတ် ရပ်သင့်တာပေါ့ အဲဒါကို မမေ့ပါနဲ့”
"ဟုတ်ကဲ့ ဆရာတူအစ်ကို"
"ကျွန်တော်တို့ မှတ်ထားပါ့မယ် ဆရာဦးလေး"
ချွန်းမြောင်က သူ့ခေါင်းကို အကြောဆန့်လိုက်၏။
“ကဲ အားလုံးသဘောတူကြပြီဆိုတော့…”
"အမ်"
ချွန်းမြောင်က သူ၏လက်ဖြင့် ဓားကို ဆွဲထုတ်လိုက်၏။
"စလိုက်ကြစို့"
"...အခု"
"ဘာလို့လဲ အချိန်ဖြုန်းချင် နေကြတာလား တွေးတောင်မတွေးနဲ့နော်"
ချွန်းမြောင်က ထိုသို့ ပြောသောအခါ ဒုတိယတန်းအဆင့်တပည့်များ၏ ရှေ့တွင် ဘတ်ချုန်းနှင့် ယူယီဆိုး၊ တတိယတန်းအဆင့်တပည့်များ ရှေ့တွင် ဂျိုဂုနှင့် ယွန်းဂျွန်တို့က လှည့်သွားလေသည်။
“အခု အခြေခံတွေကိုတော့ ချမှတ်ပြီးသွားပြီ တကယ့်တိုက်ပွဲတွေဆီ သွားကြရအောင် သုံးလ သုံးလတည်းပဲ သုံးလအတွင်းမှာ မင်းတို့ဆန္ဒအလျောက် သေချင်တယ်လို့ ပြောကြမယ်ထင်တယ် မင်းတို့ အသက်ဆက်ရှင်ရင်…”
ချွန်းမြောင်က ရယ်မောလိုက်လေသည်။
"မင်းတို့ က မက်မွန်ဓား သိုင်းသမားတစ်ယောက် ဖြစ်ဖို့ အရည်အချင်း မီလာလိမ့်မယ်"
မက်မွန်ဓား သိုင်းသမားတစ်ယောက်……
ဟွာဆန်းဂိုဏ်း၏ တပည့်များဟူသည့် မေ့လျော့နေသည့် ခေါင်းစဉ်ကို ကြားလိုက်သည့် အခိုက်တွင် တပည့်များမှာ အံ့ဩ တုန်လှုပ်သွားကြသည်။
ဟိုးအရင်တုန်းက ဟွာဆန်း၏ ပြယုဂ်ဖြစ်ခဲ့သော မက်မွန် ဓားသမားတစ်ယောက်ရှိခဲ့သည်။
ယခု မည်သူမျှ မပြောရဲသော ဓားသမား၏ အမည်မှာ ချွန်းမြောင်ပင်ဖြစ်သည်။
“…ဒါပေမယ့်”
ချွန်းမြောင်က အေးစက်နေသော မျက်လုံးများဖြင့် ပြောလိုက်၏။
“ဘွဲ့ထူးရာထူး တစ်ခုချင်းစီမှာ သူ့တန်ကြေးနဲ့သူရှိတယ် အဲ့ဒီဘွဲ့ထူးကို ဆောင်နိုင်ဖို့က တာဝန်တွေကိုလည်း ထမ်းရွက်မှဖြစ်မယ် အရင်ဆုံး ငရဲကို မဖြတ်ဘဲ အသက်ရှင်နေနိုင်မယ်လို့ မထင်လိုက်ကြနဲ့"
တပည့်များ အားလုံး အလေးအနက် ဖြစ်သွားဟန်ပေါ်သည်။
“အင်း ငါတို့တွေက ငရဲရောက်နေပြီးပါပြီ ဘယ်လို အရာအသစ်ကို တွေ့ကြရမှာလဲ"
“စကြရအောင် မင်းတို့ပြောသလိုပဲ အချိန်မဖြုန်းကြနဲ့"
"အဲ့ဒီလိုလား"
ချွန်းမြောင်က ပြုံးလိုက်လေသည်။
လွန်ခဲ့သည့် တစ်စက္ကန့်ကပင် ညည်းညူနေခဲ့ကြသော သူများသည် ယခုတော့ စိတ်အားထက်သန်လာကြသည်။
“စတော့”
“ကောင်းပြီလေ”
ဘတ်ချုန်းက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။
“ရှေ့ကို တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့ကြ ငါနဲ့ တစ်ပွဲတစ်လမ်း ပြီးအောင်နွှဲရမယ် ပြိုင်ပြီးသွားတဲ့သူတွေက ချွန်းမြောင်ဆီကိုသွားပြီး ထပ်ပြီး ပွဲပြီးတဲ့အထိ ယှဉ်ပြိုင်ကြရမှာ အချိန်မဖြုန်းကြနဲ့"
“ဟုတ်ကဲ့”
ရှေ့တွင် ရပ်နေသော သူများက စတင်လှုပ်ရှားလာကြပြီး ထိုအဖြစ်ကို မြင်သည့် ချွန်းမြောင်က ပြုံးလိုက်လေသည်။
'ဒီကြက်ပေါက်စတွေကို ကြည့်စမ်းပါဦး'
ခဏလောက်နေရင် ကြက်ပေါက်တွေက အမွေးအတောင်တွေ စပေါက်လာတော့မည်။
မက်မွန်ဓားစနစ် လှုပ်ရှားမှု၂၄ကွက်ကို သင်ပေးရင်း လူးလိမ့်နေအောင် နှိပ်စက်လိုက်ရင်ရော။
'သူတို့လုပ်နိုင်ပါတယ်'
ကမ္ဘာလုံးဆိုင်ရာမူယင်ပြိုင်ပွဲသည် ဟွာဆန်း၏နာမည်ကို ပြန်လည်ရရှိမည့်နေရာဖြစ်သည်။
'တစ်ချိန်တည်းမှာပဲ ဂိုဏ်းကြီးကိုးဂိုဏ်းက တပည့်တွေရဲ့ ခေါင်းကို ရိုက်ခွဲပြီးသားဖြစ်လိမ့်မယ်’
ချွန်းမြောင်က ပြုံးပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
‘ကျွန်တော့်ရဲ့ဆရာတူအစ်ကို’
'ဂိုဏ်းချုပ် ဆရာတူအစ်ကို’
‘စောင့်နေလိုက်'
'ဟွာဆန်းရဲ့ နာမည်ကို ကမ္ဘာသိအောင် လုပ်ပြမယ်'
ချွန်းမြောင်က ခိုးခိုးခစ်ခစ်ရယ်ပြီး သူ့ဓားကို လှမ်းဆွဲလိုက်၏။
အချိန်က စီးဆင်းနေသော ရေကဲ့သို့ အချိန်ကုန်သွားခဲ့သည်။ ဟွာဆန်း၏အချိန်ကလည်း အတော်လေးကို ကောင်းကောင်းမွန်မွန် စီးဆင်းနေခဲ့သည်။
တစ်ရက်။ နှစ်ရက်။ နောက်ပြီး တစ်လ။
(၆)လသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာမူယင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည့်နေ့သည် လျင်မြန်စွာ နီးကပ်လာခဲ့သည်။