← Chapters

ဘာကို ဖွင့်လိုက်တာလဲ(၅)

Vol. 19 Ch. 260

ဘာကို ဖွင့်လိုက်တာလဲ(၅)

Vol. 19 Ch. 260

ကျလီ..ကျလီ..ကျလီ…ကျလီ

ပြတင်းပေါက်မှတဆင့် နေရောင်ဖျော့ဖျော့ ဝင်ရောက်နေသည်။

ကျေးငှက်တို့၏ ကျီကျီကျာကျာတေးဆိုသံက သာယာလှ၏။

ဟွမ်းဂျုံက မျက်လုံးကို အသာ ဖွင့်ကာ အလင်းရောင်ဝင်လာသော ပြတင်းပေါက်ကို စိုက်ကြည့်နေသည်။

ခဏအကြာတွင် စောင်ဖြူကို ဖယ်ခွာ၍ ဘေးဘီကို ကြည့်ရင်း သက်တောင့်သက်သာ ထိုင်နေလေသည်။

'ဒီနေ့ပဲ'

နောက်ဆုံးတော့ စုန့်တောင်ကို ထွက်ခွာမည့် မနက်ခင်းကို ရောက်လာခဲ့ချေပြီ။

မျက်နှာကို ညင်သာစွာ ဆေးကြောပြီးနောက် ဟွမ်းဂျုံက သူ့ရှေ့တွင်ချထားသော အဝတ်အစားများကို ကြည့်လိုက်သည်။

မက်မွန်ပန်း၏ သင်္ကေတပါသည့် အနက်ရောင်ဝတ်ရုံတစ်ခု။ အလင်းရောင်ကြောင့် ရောင်ပြန်ဟပ်နေသော အဝတ်အစားတို့၏ အရောင်သည် ၎င်းတို့ကို တန်ဖိုးကြီးဟန်ပေါ်စေသည်။

ဟွမ်းယုန်က အဝတ်အစားအသစ်များ ယူလာခဲ့ဖို့ သေချာ တောင်းဆိုခဲ့သူဖြစ်သည်။

ဟွမ်းဂျုံက အနည်းငယ် ပြုံးလိုက်၏။

'ဒါကို ရေကြီးခွင့်ကျယ်ကိစ္စကြီးလို့ မှတ်ယူထားတဲ့ပုံပဲ'

ဟွာဆန်းဂိုဏ်းသည် ဆယ်စုနှစ်များစွာအတွင်း လူအများရှေ့တွင် ပထမဆုံးအကြိမ် ပေါ်လာမည့်နေရာဖြစ်သည်။ ဘာကြောင့်မှန်း သူ မသိသော်လည်း ဟွာဆန်းတွင် မည်သူမျှ အထင်သေးမခံချင်ကြပေ။

ဝတ်စုံကို ၀တ်ဆင်ပြီး ခါးစည်းကို အကြိမ်ပေါင်းများစွာ ချည်နှောင်ထား၏။ ထို့နောက် သူ့မျက်လုံးများကို မှိတ်လိုက်၏။

'နောက်ထပ် ပြင်ဆင်ဖို့ လိုသေးလား'

'မလိုလောက်ပါဘူး'

'အားလုံး ပြင်ဆင်ပြီးပြီပဲ'

“ဟင်း”

သူက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

လွန်ခဲ့သောနှစ်ဝက်တွင် ဟွမ်းဂျုံနှင့် အကြီးအကဲများမှာ အတော်လေး အလုပ်များနေခဲ့သည်။ တကယ်တော့ သူတို့တွေ တစ်ခါတစ်လေ မျက်လုံးဖွင့်ပြီး အိပ်နေခဲ့ကြတာဖြစ်သည်။

ထို့ကြောင့်လည်း ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ယုံကြည်ချက်ရှိလာခဲ့တာဖြစ်သည်။

ဒါပေမဲ့ ဘာဖြစ်လို့လဲ…

“အင်း”

ဟွမ်းဂျုံက ပျင်းပျင်းရိရိနှင့် တံခါးကို ကြည့်နေ၏။ ထို့နောက် တုန်တုန်ယင်ယင်နှင့် ခြေလှမ်း လှမ်းကာ သက်ပြင်းချလိုက်လေသည်။

ကျွီ…

တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး ကြည်လင်နေသော ကောင်းကင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်၏။

"ဂိုဏ်းချုပ် အဆင်သင့်ဖြစ်ပြီလား"

“အမ်း ဖြစ်ပြီ”

အန်းအမ်က ထိုနေရာမှာ ရပ်နေပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“တပည့်တွေက အဆင်သင့်ဖြစ်ပါပြီ သူတို့ ဂိုဏ်းချုပ်ကို စောင့်နေကြပါတယ်"

"အဆင်သင့်ဖြစ်ကြပြီလား"

“ဒီနေ့က လူတိုင်း ကောင်းကောင်း အိပ်ပျော်ကြမယ်လို့ စိတ်ကူးတောင်မယဉ်မိဘူး”

"ဟားဟား ဒါပေမဲ့ လမ်းခရီးက တော်တော်ဝေးပါတယ်”

ခရီးရှည်မထွက်ခင် ကောင်းကောင်းအနားယူတာက အကောင်းဆုံးဖြစ်ပေမဲ့ သူ့တပည့်တွေကို အပြစ်လည်း မတင်နိုင်ပါ။

ဟွမ်းဂျုံတောင်မှ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုတို့ကြောင့် အိပ်မပျော်နိုင်ခဲ့ပေ။

သူ၏စိတ်ခံစားချက်များကြောင့် ခြေကုန်လက်ပမ်းကျနေသဖြင့် ဟွမ်းဂျုံမှာ သူ့တပည့်လေးများ ဘာတွေကို ဖြတ်ကျော်နေရမလဲဆိုတာ သူ နားလည်နိုင်ပါသည်။

"သွားကြစို့"

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

အန်းအမ်က ဦးဆောင်ပြီး ဟွမ်းဂျုံက ကောင်းကင်ကို မော့ကြည့်ပြီး သူ့နောက်ကို တိတ်တဆိတ် လိုက်သွားခဲ့သည်။

'ရာသီဥတုက ကောင်းသားပဲ'

'ကြည်လင်နေတာပဲ...မဟုတ်သေးဘူး ငါ အဲ့ဒီအသုံးအနှုန်းကို ရှောင်သင့်တယ်...ငါတို့သွားနေတဲ့လမ်းကို ကောင်းချီးပေးနေပုံရတဲ့ တောက်ပတဲ့ ကောင်းကင်ကြီးပဲ'

ကြည်လင်ပြတ်သားခြင်းသည် ကိုရီးယားလို ချွန်းမြောင်ဟု အဓိပ္ပာယ်ရသည်။

‘ငါတို့ရဲ့ ခြေလှမ်းတွေ ပေါ့ပါးစေဖို့အတွက်...'

“ကျွတ်”

"အာ"

“မဟုတ်ဘူး ဘာမှမဖြစ်ပါဘူး”

ဟွမ်းဂျုံက မသိလိုက်ဘဲ ညည်းညူမိလေသည်။

'အိုး ဘုရား'

နောက်ဆုံး သူ ထိုနေရာကို ရောက်သောအခါ အသက်ပြင်းပြင်းရှူပြီး စင်မြင့်ပေါ်ကို တက်လိုက်၏။

အကြီးအကဲများ အားလုံးက စောင့်နေကြလေသည်။

အခုထိတော့ အားလုံးကောင်းနေသေးသည်။

စင်မြင့်ရှေ့တွင် အတော်လေး ကြိုးစားခဲ့ကြသော ဒုတိယအဆင့်နှင့် တတိယအဆင့် တပည့်များ ရောက်နေကြပေသည်။

သူတို့တွေက ကြိးစားခဲ့ကြသည်။ တစ်ချက်မညည်းဘဲ လေ့ကျင့်ခဲ့ကြသည်...

မဟုတ်ဘူး၊ တကယ်တော့ တိုင်ကြားမှုတွေ အများကြီးရှိခဲ့ပေမယ့် သူတို့တွေ အရှုံးမပေးဘဲ လေ့ကျင့်ရေးကို လိုက်လုပ်ခဲ့သည်အား တွေ့ရသောအခါ သူ ဂုဏ်ယူနေမိသည်...

အားမရှိအင်မရှိနှင့် စင်မြင့်ရှေ့သို့ လျှောက်သွားကာ တပည့်များကို ကြည့်လိုက်၏။ ထို့နောက် မျက်စိမှိတ်ပြလာလေသည်။

'သူတို့က တာအိုဂိုဏ်းက တပည့်တွေလို့ ဘယ်နားကများ တူနေလို့လဲ’

မျက်လုံးကို ဖွင့်၍ တပည့်များကို တဖန် ကြည့်ပြန်၏။

သူတို့မှာ ကျယ်ပြန့်သော ပုခုံးများရှိသည်။

သူတို့က လက်သီးဆုပ်ထားကြပြီး သူတို့၏ အဝတ်အစားများမှ တစ်ဆင့် မြင်နေရသည့် တောင့်တင်းသော ကြွက်သားများရှိသည်။

အခုထိတော့ အဆင်ပြေနေသေးသည်။

ကနဦးမှာ ဖုဖောင်းနေသော ရင်ဘတ်….ကြေးနီရောင် အသားအရေနှင့် ခက်ထန်နေပုံပေါ်သည့် မျက်နှာ…

'ဒါပေမယ့် သူတို့မျက်လုံးထဲမှာ ဘဝက အရမ်းတန်ဖိုးရှိတယ်လို့ ထင်နေကြတာကို ငါ ဘာလို့ ခံစားမိနေရတာလဲ’

'သူတို့က တာအိုကျင့်ကြံသူတွေလို့ ဘယ်သူက ထင်မှာလဲ'

ဘာမှမသိသောလူတစ်ယောက်က အခုအချိန် ဟွာဆန်းထဲကို ဝင်လိုက်ရင် သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေကို ပစ်ချပြီး အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုကြမှာပင်။

'မဟုတ်ရင်လည်း ဟွာဆန်းက ဘယ်လိုပြောင်းသွားလဲဆိုတာ ကြားရလိမ့်မယ်...မဟုတ်ဘူး'

ဟွမ်းဂျုံက ဒီကိစ္စတစ်ခုလုံးကို ဖြစ်မြောက်စေခဲ့သူအား လှမ်းကြည့်လိုက်၏။

တန်းစီနေသော တပည့်များနောက်တွင် သူတည်ဆောက်ထားသည့်အရာတစ်ခု ပြိုကျသွားသည့်ခံစားချက်က ချွန်းမြောင်ကို ကြည့်ရင်း ဝင်ရောက်လာခဲ့သည်။

ထိုနေရာတွင် ထိုင်နေသည့် ချွန်းမြောင်က ပုံမှန်အတိုင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

“ကျွတ်”

"ဂိုဏ်းချုပ်ရဲ့ မျက်နှာက ဘာဖြစ်တာလဲ ဒီလိုနေ့ကောင်းနေ့မြတ်မျိုးမှာ ဘာလို့ ဒီလိုအမူအရာကြီးနဲ့ ပြောရတာလဲ"

“…”

'မင်းက ပြဿနာပဲလေ ကောင်စုတ်လေး'

ဟွမ်းယုန်က ချွန်းမြောင်တစ်ယောက် ဟွမ်းဂျုံ၏ဗိုက်ကို အထိနာအောင် လုပ်ခဲ့သဖြင့် ဂုဏ်ယူစွာ ပြုံးနေလေသည်။

“ကျွတ် မင်းတို့ အားလုံး အဆင်သင့်ဖြစ်ကြပြီလား"

“ဖြစ်ပါပြီ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး စကားတစ်ခွန်းလောက်ပြောပေးပါ"

'စကားတစ်ခွန်းပဲလား'

'ငါ ဘာစကားကို ပြောရမလဲ’

'ငါတို့က ကောင်းကောင်းလုပ်ကြမှာ သေချာလို့ ဒီညတော့ အသားနဲ့အရက် သောက်ကြရအောင် ပြိုင်ဘက်တိုင်းကို အမိ ဖမ်းကြမလား'

ကျွတ်

ဟွမ်းဂျုံက ဟွာဆန်း၏ ဂုဏ်ယူဝံ့ကြွားနေပေမဲ့ ဘာမှမသိကြသည့် တပည့်များကို ကြည့်လိုက်၏။ ကောင်းကင်ကြီးကို ကြည့်ရင်း မျက်ရည်များ စီးကျလာခဲ့သည်။

'အဆင်ပြေရဲ့လား'

'ဒီလိုက တကယ်ကို အဆင်ပြေရဲ့လား'

'ဘိုးဘေးတွေ'

‘အားးး ငါ့ရဲ့ဟွာဆန်း...'

"ဂိုဏ်းချုပ်"

“အဟမ်း အင်း”

ဟွမ်းဂျုံက အသံကျယ်ကျယ်ဖြင့် ချောင်းဟန့်ပြီး ပြောလိုက်၏။

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် သူတို့တွေ ဒီနေ့မှာ ခရီးစထွက်ရမှာဖြစ်သည်။ စကားလုံး အနည်းငယ်မျှဖြစ်ဖြစ် ကြိုးစားအားထုတ်ခဲ့ရကြသော ကလေးများအားလုံးအတွက် အားပေးမှဖြစ်ပေမည်။

“အားလုံးလည်း ဒုက္ခတွေ အများကြီး ဖြတ်ကျော်ခဲ့ရပြီးပြီ”

‘အရမ်းအရမ်းကို အများကြီးပေါ့’

'သူတို့တွေ အများကြီး ဒုက္ခရောက်ခဲ့ရမှာ အဲ့ဒီလူယုတ်မာတွေက မင်းတို့မျက်နှာတွေကို ဒီလိုဖြစ်အောင် ပြောင်းလဲဖို့အတွက် မင်းတို့တွေ စစ်မြေပြင်ကို ရောက်နေသလိုမျိုး ခံစားရအောင် လုပ်ခဲ့ကြမှာပဲ’

"လုံးဝ ဒုက္ခမဟုတ်ပါဘူး ဂိုဏ်းချုပ်"

"ကျွန်တော်တို့တွေ ဒုက္ခမခံခဲ့ရပါဘူး"

"အဲဒီလူယုတ်မာအိုကြီးတွေရဲ့ ဦးခေါင်းတွေကို ကျွန်တော်တို့ ရိုက်ခွဲပစ်မှာပါ"

ဝမ်းနည်းစရာကောင်းတာက ထိုစကားများကို ပြောလိုက်သောသူက ချွန်းမြောင်မဟုတ်ပေ။

'ဒါက ဟွာဆန်း မဟုတ်ဘူး'

''ဒါက ချွန်းမြောင်ဂိုဏ်းပဲ'

အကယ်၍ ဒီလူတွေကို လော့ယန်ကိုပဲဖြစ်ဖြစ်၊ တခြားတစ်နေရာရာကို ဖြစ်ဖြစ် စေလွှတ်လိုက်ပါက တစ်နေရာလုံး သူတို့လက်ထဲအရယူဖို့ တစ်လပင်မကြာလောက်ပေ။

“… ဒီပြိုင်ပွဲက တခြားဂိုဏ်းတွေနဲ့ ငါတို့ရဲ့ ခင်မင်ပတ်သက်မှု ခိုင်မြဲဖို့အတွက်ပဲ ပထမဆုံးအနေနဲ့ တွေ့ဆုံရတဲ့ စိတ်ကူးက…”

ဟွမ်းယုန်က ပြုံးလိုက်လေသည်။

"ဂိုဏ်းချုပ်"

"အာ"

“အဲဒီလိုတွေ မပြောနဲ့လေ ကလေးတွေ ရယ်ကုန်ကြလိမ့်မယ်”

“…”

'ယား လူမိုက်ကောင်'

'မင်းက တာအိုကျင့်ကြံသူတစ်ယောက်ပါ မင်း ဒါကို ဘယ်လိုများ ပြောနိုင်ရတာလဲ'

"မြန်မြန် အဆုံးသတ်ရအောင် ဘာပဲဖြစ်ဖြစ် တခြားတစ်ယောက်ယောက်က ဒီအဖြစ်ကိုမြင်ရင် ဂိုဏ်းချုပ်က မသွားချင်ဘူးလို့ ထင်ကုန်ကြလိမ့်မယ်”

“…ပြီးသွားပြီလေ”

"အာ ဒါပဲလား"

ဟွမ်းယုန်က ရှေ့ထွက်လာပြီး ပြောလိုက်၏။

“ငါတို့ ဒီနေ့ စုန့်တောင်ကို သွားရမယ် အားလုံးက ယုံကြည်ချက်ရှိကြရဲ့လား"

“ရှိပါတယ်”

"စိတ်ချပါ အကြီးအကဲ"

ဟွမ်းယုန်က ခေါင်းညိတ်လိုက်လေသည်။

"လူတိုင်း လိုအပ်တာအကုန်ရှိမရှိ စစ်ဆေးကြပါ တပည့်အားလုံး မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေကိုလည်း စစ်ဆေးကြပါ”

“ဟုတ်ကဲ့ပါ”

ထိုစကားများကြောင့် တစ်ဖက်တွင်ရပ်နေသော အန်းတပည့်များသည် လှုပ်ရှားစပြုလာကြသည်။

ဒါကို ရိပ်ခနဲမြင်လိုက်သည့် ဟွမ်းယုန်က အားပြင်းသော မျက်လုံးများဖြင့် စကားပြောနေ၏။

“ငါတို့ အခုသွားမယ့်နေရာက ဂိုဏ်းပေါင်းစုံစုဝေးကြမယ့် နေရာပဲ မင်းတို့ လုပ်ဆောင်သမျှ အပြုအမူတွေနဲ့ မင်းတို့ကြည့်သမျှ အကြည့်တွေက ဟွာဆန်းရဲ့တန်ဖိုးကို ဖြတ်ပစ်လိမ့်မယ် ဒီတော့ အားလုံးရဲ့ အသွင်အပြင် . . .မင်းတို့အားလုံး….”

အားလုံးက လှည့်ကြည့်လာကြပြီး ချွန်းမြောင်ကို အားလုံး ငေးကြည့်နေကြလေသည်။

"အာ ဘာလို့ ငါ့ကိုလဲ"

“….အ-အကြောင်းပြချက်မရှိဘူး”

"ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ကြည့်သင့်တယ်လို့ ထင်လိုက်မိတာပဲ"

ချွန်းမြောင်က ပြုံးလိုက်လေသည်။

"ဘာ-ဘာလို့ ဒီလိုလုပ်ရတာလဲ ဒီဂိုဏ်းထဲမှာ ငါ့လောက် နူးညံ့သိမ်မွေ့တဲ့သူ မရှိဘူး"

'ဒီကောင်စုတ်လေးကို ကြည့်စမ်းပါဦး'

‘ငါ သူ့ကို တကယ် မြေမြှုပ်သင်္ဂြိုဟ်ချင်နေပြီ'

ချွန်းမြောင်၏ ၆လကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခု သူ့ကိုစိုက်ကြည့်နေသော တပည့်များ၏ မျက်လုံးများသည် အညှိုးထားနေပုံပေါ်သည်။

ဟွာဆန်းကို ရောက်တာမကြာသေးသည့် ထန်စုစုတောင်မှ သူ့ကို စိုက်ကြည့်နေ၏။

ဟွမ်းယုန်က ဒီလို ကြောက်စရာကောင်းသော မြင်ကွင်းကို နွေးထွေးသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

"အဆင်သင့်ဖြစ်ပြီဆိုရင် သွားကြစို့လေ"

“ဟုတ်ကဲ့”

"သတိထားကြပါ"

ရှေ့တွင်ရပ်နေသော တပည့်က ရှေ့သို့ ခြေလှမ်းလာစဉ် နောက်တွင်ကျန်ခဲ့သည့် တပည့်များက အော်ဟစ် အားပေးကြလေသည်။

"ရှုံးရင် ပြန်လာဖို့ စဉ်းတောင်မစဉ်းစားနဲ့"

"ရှုံးရင် စုန့်တောင်ပေါ်ကနေ လေးဘက်ကုန်း ပြန်လာခဲ့ကြ"

“ရှုံးကြည့်လိုက်စမ်းပါ မင်းတို့ကို ငရဲကဘာလဲဆိုတာ ပြမယ် ငါ သစ်ကိုင်းတစ်ကိုင်းကို ကောက်ပြီး မင်းတို့ကို အဲဒီကနေ တွဲလောင်းဆွဲထားမယ်"

ဟွာဆန်း၏ ကိုယ်စားလှယ်များသည် ထိုစကားများကြောင့် နွေးထွေးစွာ ပြုံးပြကြလေသည်။

"အဲ့ဒါက ဘာလဲ မင်းတို့က ပျော့ညံ့တဲ့ကောင်တွေလား"

"ခြံကိုသာ ကောင်းကောင်း ရှင်းစမ်းပါ"

နွေးထွေး ကြည်နူးစရာကောင်းသည့် မြင်ကွင်းကြောင့် ဟွမ်းဂျုံက နွေးထွေးစွာ ပြုံးပြလိုက်၏။

'ဟွာဆန်းတော့ ပျက်ဆီးသွားပြီ'

'အခုတော့ သေချာသွားပြီ'

'၆လအတွင်းမှာ ဒီလိုကိစ္စတွေ ဘယ်လိုများ ဖြစ်ခဲ့တာလဲ'

"ငါသေသွားရင် ငါ့ဘိုးဘေးတွေကို ဘယ်လိုရင်ဆိုင်ရမလဲ"

"မင်း ဘာတွေတွေးနေလဲ လူတိုင်းက မင်းကို ချီးကျူးကြလိမ့်မယ်”

"အ"

"သူတို့ကိုကြည့်ကြည့်လိုက်"

ဟွမ်းဂျုံက တပည့်များကို ကြည့်လိုက်၏။

"ဒါက ဂုဏ်သတင်းကျော်ကြားတဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ အရှိန်အဟုန်ပဲ မဟုတ်ဘူးလား"

“…”

'ဟွမ်းယုန်...'

'ငါသိတဲ့ ကျော်ကြားတဲ့ဂိုဏ်းတွေနဲ့ မင်းသိတဲ့ ဂိုဏ်းတွေက တော်တော်ကွာတယ်ထင်တယ်...'

ဟွမ်းဂျုံက အသက်ကို ပြင်းပြင်းရှူလိုက်၏။

သို့သော် သူယုံကြည်မှုရှိနိုင်လောက်သော အကြောင်းပြချက်တစ်ခု ရှိနေခဲ့သည်။

'သေချာတာပေါ့ ငါတို့နောက်ကနေ ပြင်းပြင်းထန်ထန် တွန်းထုတ်နေတဲ့ အင်အားကြီးတွေကြောင့် လျှောက်နေရတာပေါ့'

သူ၏ပခုံးကျယ်ကျယ်များနှင့် လမ်းလျှောက်နိုင်လောက်အောင် ယုံကြည်မှုရှိလာခဲ့သည်။ နောက်ပြီး ဒါက အခြေအမြစ်မရှိသော ယုံကြည်မှုတော့ မဟုတ်ပေ။

အခုချိန်မှ သူတို့တွေ ဓားနှင့်တူသော အင်အားဖြင့် လှုပ်ရှားနေကြသည်။

ဘယ်နေရာမှာဖြစ်ဖြစ် မည်သူ့ကိုမဆို တိုက်ခိုက်ရန် အသင့်ရှိနေသော အင်အားတစ်ခုဖြစ်သည်။

အရင်တုန်းက စိတ်ကူးတောင် မယဉ်နိုင်ခဲ့သည့် အရာတစ်ခုဖြစ်သည်။

“ဂိုဏ်းကြီးကိုးဂိုဏ်းတောင်မှ ဒီကလေးတွေကို တွေ့တာနဲ့ ဝန်ခံရစေမယ် ဟွာဆန်းက ဆုတ်ယုတ်နေတဲ့ ဂိုဏ်းမဟုတ်တော့ဘူး”

ဟွန်းဂျုံက ခေါင်းငြိမ့်ပြလိုက်သည်။

"အားလုံးပဲ လှုပ်ရှားကြစို့"

ရှောင်လင်ဂိုဏ်းမှ ရရှိထားသော ရွှေသဝဏ်လွှာ။

ရွှေသဝဏ်လွှာဖြင့် လူလေးဆယ် လိုက်ပါနိုင်သည်။ လူတိုင်းက သိသာထင်ရှားစွာ မသွားနိုင်ကြသဖြင့် သူတို့ထဲက အနည်းငယ်ကိုသာ ခေါ်သွားကြသည်။

စိုးရိမ်ပူပန်မှုတွေရှိနေပေမယ့် အဆုံးတွင် ဟွမ်းဂျုံက ဘတ်တပည့်များနှင့် ချွန်းတပည့်များထံမှ သားသမီးများကို ထပ်ခေါ်ဖို့ ရွေးချယ်ခဲ့သည်။

ဟွာဆန်းအတွက်တော့ ဒီပြိုင်ပွဲက သူတို့၏ကျွမ်းကျင်ပိုင်နိုင်မှုများကို ပြသဖို့သက်သက် မဟုတ်ပါ။

ဤပြိုင်ပွဲမှာ ဟွာဆန်း၏ကလေးများအတွက် ပိုမိုကျယ်ပြန့်သောကမ္ဘာကြီးကို တွေ့ကြုံခံစားနိုင်စေမည့် အခွင့်အရေးဖြစ်သည်။

ထို့ကြောင့် ဟွမ်းဂျုံက သူနှင့်အတူ တပည့်များ၊ အကြီးအကဲ အနည်းအပါးနှင့် အန်းတပည့်များကို ထပ်မံလိုချင်နေမိသည်။

“အန်းအမ်”

“ဟုတ်ကဲ့”

"ငါ တောင်းပန်ပါတယ်"

"မဟုတ်တာ ဂိုဏ်းချုပ်ကလည်း"

အန်းအမ်က ပြုံးလိုက်လေသည်။

“စုန့်တောင်ကို သွားလည်ပြီး ဟွာဆန်းကို နာမည်ရအောင်လုပ်ဖို့က အရေးကြီးတယ် ဒါပေမယ့် ဟွာဆန်းကို ကာကွယ်ဖို့ကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ် စိတ်ချပါ ရှေ့ကို ဆက်သွားပါ"

“အင်း ငါ မင်းကို ယုံတယ်"

ဟွမ်းဂျုံက စိတ်သက်သာရာ ရသွားဟန်နှင့် နွေးထွေးစွာ ပြုံးလိုက်သည်။

“…မင်းတောင် လုံလောက်လောက် အရွယ်ရောက်ခဲ့ပြီပဲ”

"မင်းတို့ ငါ့ကို ဘာလို့ ဒီနေရာမှာထားခဲ့တာလဲ"

“ကျွတ်”

ထို့နောက် သူက ခေါင်းယမ်းလိုက်၏။

ဟွာဆန်းတွင် ကျန်နေခဲ့ပြီး ဟွမ်းဂျုံအစား ဂိုဏ်းကို စောင့်ရှောက်ရမည့် ဟွမ်းယုန်က သူလည်း သူတို့နောက်ကို လိုက်မည်ဖြစ်ကြောင်း ပြောနေခဲ့သည်။ ထို့ကြောင့် အန်းအမ်သည် ယာယီဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။

ယခုအခါ ဟွမ်းတပည့် သုံးဦးအပါအဝင် ရှောင်လင်ဂိုဏ်းသို့ သွားမည့်သူများတွင် အကြီးအကဲ ၄ ဦးလည်း ပါဝင်ကြသည်။ သူတို့အပြင် ကလေးများကို ပြုစုစောင့်ရှောက်ပေးရန် အန်းဂန်လည်း ပါလာသေးသည်။

“တပည့်တွေကို စီမံခန့်ခွဲဖို့က လူနည်းလွန်းတယ် မဟုတ်ဘူးလား”

"ဒါဆို အဆင်ပြေပါ့မလား"

“…အင်း”

ဟွမ်းဂျုံက ပြုံးပြီး သူတို့၏အိတ်တွေ သယ်လာသည့် ကလေးများကို ကြည့်နေလေသည်။

‘အခုထိ…'

ဘတ်ချုန်းက ရှေ့မှာ ရပ်နေပေသည်။

မက်မွန်ပန်း ဝတ်စုံအသစ်ကိုဝတ်ထားသည့် ဘတ်ချုန်းကို တွေ့လိုက်ရသည်မှာ သူ့နှလုံးသားကို နွေးထွေးစေခဲ့သည်။ ဤသည်မှာ သူအမြဲတမ်း စိတ်ကူယဉ်ခဲ့သော ဟွာဆန်းဓားသမားတစ်ယောက်၏ ပုံရိပ်ပင်မဟုတ်လား။

သူ့ဘေးမှာ ရပ်နေသည့် ယွန်းဂျွန်နှင့် ဂျိုဂုတို့၏ အသွင်အပြင်ကလည်း တည်ငြိမ်မှုကို ပြသနေကြသည်။

'ဟုတ်တယ် အားလုံးက အဆိုးချည်းတော့လည်း မဟုတ်ပါဘူး'

လူတစ်ယောက်က ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါက တပည့်များအား မျက်လုံးကောင်းကောင်းဖြင့် ကြည့်ရှုနေရန် လိုအပ်သည်။

ပထမဆုံးအနေနဲ့ ကလေးတွေကို သူယုံရမည်...

'ငါတို့သွားကြတော့မလား'

'...ဒီလိုလုပ်လို့မဖြစ်ပါဘူး'

‘ချွန်းမြောင်က သူ့ခေါင်းကို အနောက်ကနေ အဆက်မပြတ် တို့ကနန်းဆိတ်ကနန်းလုပ်နေပြီး ဟွာဆန်းမှာ ငါ့မှာရှိသမျှ ဂုဏ်သိက္ခာကို ဆွဲချနေတာ သည်းမခံနိုင်တော့ဘူး"

“…ချွန်းမြောင်”

"ဟုတ်ကဲ့"

"မင်း ဘာလို့ အဝတ်အစားမလဲတာလဲ"

"အဝတ်တွေက အသစ်တွေလေ"

"အင်းလေး ဒါဆို ဘာလို့ အခုထိ မဝတ်သေးတာလဲ"

ချွန်းမြောင်က ပြုံးလိုက်၏။

“လမ်းမှာ ဖုန်တွေ ထူလာမှာလေ ဟိုကို ရောက်တော့မှ အသစ် လဲဝတ်လိုက်မယ်"

“….”

‘ဉာဏ်ကောင်းလိုက်တာ’

‘ဟုတ်တယ် ချွန်းမြောင်က တကယ်ကို ဉာဏ်ကောင်းပါတယ် မှန်တယ်'

'သူက ဉာဏ်ကောင်းပြီးတော့ ကိစ္စတိုင်းက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိတယ်'

သို့သော် ဟွမ်းဂျုံသည် ချွန်းမြောင်ထံမှ ထိုသို့သောအရာကို မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်သည်ကို သိသောကြောင့် မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး ခေါင်းလှည့်သွားလေသည်။

“အဟမ်း သွားကြစို့”

“ဟုတ်ကဲ့”

သူက ဟွာဆန်း၏တံခါးရှေ့သို့ ခြေလှမ်းလိုက်ပြီး လှည့်ကြည့်လိုက်သည်။ သူ့နောက်တွင် အကြီးအကဲများနှင့် အန်တပည့်များက နောက်က လိုက်လာကြပြီး သူတို့နောက်တွင် တခြားတပည့်များ ရှိကြသည်။

တိကျပြတ်သားသော ခြေလှမ်းများဖြင့် ချီတက်နေသော ဟွမ်းဂျုံက ဂိတ်တံခါးရှေ့တွင် ရပ်လိုက်ပြီး ထိုအရာကို ကြည့်လိုက်သည်။

ဟွမ်းဆန်းနှင့် ဟွမ်းယုန်တို့သည် နှုတ်ဆိတ်နေကြသည်။

အဘယ်ကြောင့်ဆိုသော ဂိုဏ်းခေါင်းဆောင်က ဘာကြောင့် ရပ်သွားလဲဆိုတာ သူတို့သိနေလို့ဖြစ်သည်။

ဟွမ်းဂျုံတစ်ယောက် ဟွာဆန်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ သို့သော် အကြောင်းအမျိုးအမျိုးကြောင့် တစ်လျှောက်လုံး ဂိုဏ်းထဲမှ တစ်ကြိမ်မှ မထွက်ခွာခဲ့ပေ။

ယခုအချိန်အထိ ငွေတောင်းခံရန်နှင့် သူတို့၏အကြွေးရှင်များကို အသနားခံရန်အတွက်သာ ဟွာဆန်းမှ ထွက်ခွာခဲ့ဖူးပေသည်။

ထို့ကြောင့် ဒီခံစားချက်က သူ့အတွက် အသစ်အဆန်း ဖြစ်နေမှာ သေချာသည်။ ဤခြေလှမ်းသည် ဟွာဆန်း အပြင်ဘက်တွင် ရှည်ရှည်ဝေးဝေး ပထမဆုံး လှမ်းဖူးသော ခြေလှမ်းဖြစ်ပေသည်။

ဒီလိုမှန်းသိရင် သူ့ကို ဘယ်သူမှ မတိုက်တွန်းပါဘူး။

အချိန်အနည်းငယ် ကြာသွားလေ၏။

တံခါးကို လှမ်းကြည့်နေသော ဟွမ်းဂျုံက အသံတစ်သံ ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်"

ဟွမ်းဂျုံက ဒီအသံပိုင်ရှင်ဘယ်သူလဲဆိုတာ သိနေသောကြောင့် နောက်ကို ပြန်လှည့်မကြည့်ပေ။

"ဒါက ဟွာဆန်းအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မယ်"

ဟွမ်းဂျုံက ပြုံးလိုက်၏။

'အဲ့ဒီကောင်ကတော့လေ'

"သွားကြရအောင်"

နောက်ဆုံးတွင် ဟွမ်းဂျုံတစ်ယောက် ဘာနောင်တမှမရဘဲ ခြေတစ်လှမ်း လှမ်းလိုက်၏။ တခြားစိတ်လှုပ်ရှားနေသော တပည့်များထံမှ ဩဘာပေးသံများ ထွက်ပေါ်လာခဲ့သည်။

"အနိုင်ရပြီး ပြန်လာခဲ့ကြပါ"

"ဂိုဏ်းချုပ် အကြီးအကဲတို့ရော ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါ”

"ဟွာဆန်းအတွက် ကမ္ဘာသိနာမည်တစ်ခုရအောင် လုပ်ပြီး ပြန်လာကြပါ"

"ချွန်းမြောင် မင်းပြန်လာရင် စားပွဲသောက်ပွဲလုပ်ရအောင်"

"အဲ့ဒါ ဘယ်ကောင်လဲ"

တပည့်များနှင့် အခြားသူများအားလုံး ဂုဏ်ယူဝမ်းမြောက်စွာနှင့် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

ကိစ္စသေးသေးသာ ဖြစ်ပေမဲ့

ကန်ဟို အတွက်ကတော့ ဤသည်မှာ ကြီးမားသော ပြောင်းလဲမှုတစ်ခု၏ အစမှတ်တစ်ခု ဖြစ်လာလိမ့်မည်။

ရှောင်လင်ဂိုဏ်း တည်ရှိရာ စုန့်တောင်ဆီသို့ လူအုပ်သေးသေးလေး တစ်စုက ချီတက်သွားကြလေတော့သည်။

All Chapters