← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄) - ဘေးထွက်တာဝန်နှင့် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်

~"ကံကြမ္မာကောင်းချီး ဟုတ်လား..."

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားလေ၏။

ဂိုဏ်းချုပ်၏ ပထမအဆင့် တာဝန်မှာ (၆) လ အတွင်း အဆင့်မြင့်ဂိုဏ်းအဖြစ် တိုးမြှင့်ရန် ဖြစ်၏။ အချိန်တိုအတွင်း ဖြစ်နိုင်မည် မဟုတ်ပေ။

သို့သော် ယခု ပေါ်လာသော ဘေးထွက်တာဝန်မှာမူ အတော်ပင် ကောင်းမွန်လှသည်။ ဂိုဏ်းသားများ၏ ကျင့်ကြံနှုန်းကို အဆမတန် မြန်ဆန်စေမည့် ကံကြမ္မာကောင်းချီး ပေးမည်ဟု ဆို၏။

တပည့်များ အဆင့်တက်မြန်လေ၊ သူ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့်နှင့် ညီမျှသော စွမ်းအားကို မြန်မြန် ရနိုင်လေပင်။ ထိုအရာက ပထမအဆင့် တာဝန်အတွက် များစွာ အထောက်အကူ ပြုပေလိမ့်မည်။ ထို့ကြောင့် ဤတာဝန်ကို မဖြစ်မနေ လုပ်ရပေမည်။

"တီတီ.. ဂိုဏ်းဂုဏ်သတင်း တန်ဖိုး (၁၀၀) ကျော်လွန်သွားသဖြင့်... နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ကို ဖွင့်လှစ်လိုက်ပါပြီ"

စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာလေ၏။

ယဲ့ဖုန်း ခေတ္တမျှ ကြောင်သွားပြီးမှ မျက်လုံး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်မိ၏။

"ဟုတ်သားပဲ... နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်လေ..."

အကဲဖြတ်ကာလ မပြီးသေးသဖြင့် မဖွင့်ရသေးကြောင်း သူ သတိရသွားသည်။

ယခုမှ ယဲ့ဖုန်း နားလည်သွားသည်မှာ... နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် ဖွင့်ရန်အတွက် အကဲဖြတ်ကာလ ပြီးမြောက်ရန် လိုသကဲ့သို့၊ ဂိုဏ်းဂုဏ်သတင်း တန်ဖိုး (၁၀၀) ကျော်ရန်လည်း လိုအပ်သည် ဟူသောအချက်ပင်။

"အရင်တုန်းက ဂုဏ်သတင်းက (၇၀) ကျော်ပဲ ရှိသေးတာ... အခု ရုတ်တရက် (၁၀၀) ကျော်သွားတာက... ဒီည သစ်ပင်နတ်ဆိုးကို နှိမ်နင်းလိုက်တာနဲ့ ဆိုင်လိမ့်မယ်"

ယဲ့ဖုန်း တွေးတောလိုက်မိလေ၏။

ထိုအချိန်တွင် ရေပေါ်ဖြူမြို့တော်၊ မြို့စားမင်းအိမ်တော်၌...

ကျိုးညီအစ်ကို နှစ်ယောက်သည် ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး အတွင်း၌ ရပ်နေကြ၏။ သူတို့ရှေ့တွင် နှစ်တစ်ရာ သစ်ပင်နတ်ဆိုး၏ အလောင်းကောင်ကြီး လဲလျောင်းနေလေ၏။

တန်ဖိုးကြီး ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျိုးညီအစ်ကိုနှစ်ယောက်ကို ကျောခိုင်းလျက်၊ နံရံပေါ်ရှိ ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေသည်။ ခဏအကြာတွင် အက်ကွဲသောအသံတစ်သံ ထွက်ပေါ်လာ၏။

"ဒီ နှစ်တစ်ရာ သစ်ပင်နတ်ဆိုးကို သိုင်းပညာတစ်ခုနဲ့ သတိလစ်အောင် လုပ်ပြီး... အရှိန်အဝါကို ဖုံးကွယ်ကာ ကျိုးအိမ်တော်အနီးကို တိတ်တဆိတ် သယ်ဆောင်လာခဲ့ကြတာပဲ... ဒီည မင်းတို့ညီအစ်ကိုကို လုပ်ကြံဖို့ပေါ့... ဒါပေမယ့် မအောင်မြင်လိုက်ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးညီအစ်ကိုနှစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကြလေ၏။

သူတို့ကို လုပ်ကြံရန်အတွက် သစ်ပင်နတ်ဆိုးကို သတိလစ်အောင် လုပ်ပြီး သယ်လာရလောက်သည့်အထိ မည်သူကများ အားထုတ်ရဲသနည်း။

ပြီးတော့... ချီစုစည်းခြင်း (၉) ဆင့်မြောက်နှင့် ညီမျှသော သစ်ပင်နတ်ဆိုးကို သတိလစ်အောင် လုပ်နိုင်သည့် သူက ဘယ်လောက်တောင် စွမ်းအားကြီးမားမလဲ။ သူတို့ညီအစ်ကိုကို သတ်ဖို့အတွက် ဒီလောက် ရှုပ်ထွေးအောင် လုပ်စရာ လိုသလား။

"မင်းတို့ကို ဘယ်သူ လုပ်ကြံလဲ ဆိုတာ ငါ ခန့်မှန်းမိသလို ရှိပေမယ့်... မသေချာသေးဘူး"

လူလတ်ပိုင်း အမျိုးသားကြီး တိုးတိုးလေး ရေရွတ်လိုက်၏။ သူက တစ်စုံတစ်ခုကို သတိထားနေပုံ ရသည်။

ကျိုးညီအစ်ကိုနှစ်ယောက်က ထိုလူ၏ စိုးရိမ်မှုကို ခံစားမိလိုက်ကြပြီး ကျောချမ်းသွားကြလေ၏။

ထိုပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် (၁) ဆင့်မြောက်ကို ရောက်ရှိနေသည့် ဒုတိယမြို့စားမင်းပင် ဖြစ်၏။ သူတောင် သတိထားနေရသည် ဆိုလျှင်... အဆင့်မြင့်ဂိုဏ်းကြီး (၃) ဂိုဏ်းက ဂိုဏ်းချုပ်များမှ လွဲ၍ ဘယ်သူ ရှိဦးမည်နည်း။

အဆင့်မြင့်ဂိုဏ်းများက ကျိုးမိသားစုကို ရန်ရှာနေကြသည်လော။

သို့သော် အဓိပ္ပာယ်မှ မရှိတာ။

ကျိုးမိသားစုသည် အဆင့်မြင့်ဂိုဏ်းကြီး (၃) ဂိုဏ်းကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးပေ။ ဘာကြောင့် ဒီလို လုပ်ရသနည်း။

တကယ် နားမလည်နိုင်စရာပင်။

ထိုအချိန်တွင် ဒုတိယမြို့စားမင်းက ဆက်ပြောလေ၏။

"နတ်ဆိုးတွေ သောင်းကျန်းနေတယ်... မြို့စားမင်းကြီးကလည်း တံခါးပိတ် ကျင့်ကြံနေတယ်... လူအင်အား နည်းနေတဲ့ အချိန်မို့ ဒီကိစ္စကို ခဏ ထားလိုက်ကြစို့... မင်းတို့ ပြန်လို့ ရပြီ"

"ဪ... နေဦး... မြူခိုးဂိုဏ်း ဆိုတာ... စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိုဏ်းလေးပဲ... ငါ အားရင် သွားတွေ့ကြည့်ဦးမယ်"

"ဟုတ်ကဲ့ပါ"

ကျိုးကျားချန်နှင့် ကျိုးကျားချိုင် တို့သည် သစ်ပင်နတ်ဆိုး အလောင်းကို သယ်ဆောင်ပြီး မြို့စားမင်းအိမ်တော် ခန်းမဆောင်မှ ထွက်ခွာလာခဲ့ကြလေ၏။

ယဲ့ဖုန်းကတော့ မြို့စားမင်းအိမ်တော်က ကိစ္စတွေကို မသိရှာပေ။ သူသည် ယခုမှ ဖွင့်လှစ်လိုက်သော နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ကို စူးစမ်းလေ့လာနေခြင်း ဖြစ်သည်။

"နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ရဲ့ လုပ်ဆောင်ချက်တွေကို အဆင့်လိုက် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး... လက်ရှိ အဆင့်မှာတော့ ဂုဏ်သတင်း (၁၀၀) ပြည့်သွားလို့ ပထမဆုံး လုပ်ဆောင်ချက်ကို သုံးလို့ ရပါပြီ"

"ဒီလုပ်ဆောင်ချက်ကတော့ 'ယဉ်ပါးအောင် ပြုလုပ်ခြင်း' ပါ"

"မြူခိုးဂိုဏ်းက အရှင်ဖမ်းမိတဲ့ ဘယ်နတ်ဆိုးသားရဲကိုမဆို နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ရဲ့ အကူအညီနဲ့ 'ဂိုဏ်းစောင့် နတ်ဆိုးသားရဲ'အဖြစ် ပြောင်းလဲနိုင်ပါတယ်"

ယဲ့ဖုန်း အချက်အလက်များကို လေ့လာနေ၏။

လောလောဆယ် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်မှာ အဆောက်အဦး မရှိသေးပေ။ နာမည်သာ ရှိသေးသည်။ ဂိုဏ်းချုပ်ခန်းမဆောင်ကဲ့သို့ အကောင်အထည် မပေါ်သေးချေ။

"စနစ်... ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိရှိ... ဖမ်းမိတာနဲ့ ဂိုဏ်းစောင့် နတ်ဆိုးသားရဲ အဖြစ် ပြောင်းလဲလို့ ရတာလား"

ယဲ့ဖုန်း စိတ်ထဲကနေ မေးလိုက်လေ၏။

"ရပါတယ်... ဒါပေမယ့် အရေအတွက် ကန့်သတ်ချက် ရှိပါတယ်... ဂုဏ်သတင်း တိုးလာရင် အရေအတွက် တိုးလို့ ရပါတယ်"

စနစ်က ရှင်းပြ၏။

ချက်ချင်းပင် ယဲ့ဖုန်း၏ မျက်စိရှေ့တွင် အပြာရောင် စာတန်းများ ပေါ်လာလေ၏။

[ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် : အဆင့် (၁) ]

[ ဂိုဏ်းစောင့် နတ်ဆိုးသားရဲများ : ၂/၃ ; အဆင့်နိမ့် နတ်ဆိုးစစ်သည်အဆင့် မြေခွေးဖြူလေး (ကြိုတင်အာရုံခံနိုင်စွမ်းနှင့် ဆွဲဆောင်နိုင်စွမ်း ပါရမီများ ရှိသည်) ; အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် သံလက်သည်း နဂါးလင်းယုန် (ပျံသန်းနိုင်စွမ်း၊ စူးရှသော အမြင်အာရုံနှင့် ထက်မြက်သော လက်သည်းများ ရှိသည်) ]

[ မှတ်ချက် : ဂုဏ်သတင်း (၁၀၀၀) ကျော်လွန်ပါက ဒုတိယအဆင့် ဖွင့်လှစ်မည် ဖြစ်ပြီး၊ လုပ်ဆောင်ချက်အသစ်များ ထပ်တိုးလာပါမည် ]

[ မှတ်ချက် : နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်အတွင်းရှိ နတ်ဆိုးသားရဲများသည် ဂိုဏ်းချုပ်အား ကျင့်ကြံခြင်းအဆင့် ထပ်ဆောင်း တိုးမြှင့်ပေးနိုင်သည် ]

ဤအချက်အလက်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွားလေ၏။

နတ်ဆိုးသားရဲ စုဆောင်းခြင်းသည် တပည့်စုဆောင်းသကဲ့သို့ပင် သူ့အတွက် အကျိုးရှိလှပေသည်။

"ရှောင်ပိုင် (အဖြူလေး) နဲ့ လောင်ထျယ် (သံကြီး) က စာရင်းဝင်ပြီးသားလား"

ယဲ့ဖုန်း နားမလည်နိုင် ဖြစ်သွား၏။

"မြေခွေးဖြူလေးက မြူခိုးဂိုဏ်းကို အိမ်လို သဘောထားတဲ့အတွက် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ဖွင့်လိုက်တာနဲ့ အလိုလို စာရင်းဝင်သွားတာပါ... သံလက်သည်း နဂါးလင်းယုန်က သခင်ကြီးရဲ့ ကိုယ်ပိုင် သားရဲ ဖြစ်သွားပြီမို့ အလိုလို စာရင်းဝင်ပါတယ်"

စနစ်က ရှင်းပြလေ၏။

ယဲ့ဖုန်း သဘောပေါက်သွား၏။

"ဒါဆို... နောက်ထပ် တစ်ကောင် လက်ခံလို့ ရသေးတယ်ပေါ့... အစ်ကိုကြီး ခေါင်းပြားကို ထည့်လို့ ရမလား"

သူ 'ဝိညာဉ်မူလ နာရီ' ကို ထုတ်လိုက်ပြီး အထဲတွင် ကွေးကွေးလေး အိပ်နေသော ခေါင်းပြားကို ကြည့်လိုက်သည်။ စိတ်ဝင်စားသွားမိ၏။

ခေါင်းပြားသည် အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် ဖြစ်သည်။ သူ့ကို လက်ခံလိုက်လျှင် အစွမ်းများစွာ တိုးလာပေလိမ့်မည်။

"အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် 'မျိုးဗီဇပြောင်း ခွေးတူဝက်တူ ' ကို တွေ့ရှိပါသည်... နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်အတွင်းသို့ ထည့်သွင်းလိုပါသလား"

စနစ်၏ အသံ ထွက်ပေါ်လာလေ၏။

"ထည့်မယ်"

ယဲ့ဖုန်း ချက်ချင်း လက်ခံလိုက်၏။

နောက်တစ်ခဏတွင်... ယဲ့ဖုန်း၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး နာရီထဲသို့ စီးဝင်သွားကာ ခေါင်းပြား၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေတော့၏။

"တတိယမြောက် ဂိုဏ်းစောင့် နတ်ဆိုးသားရဲ 'မျိုးဗီဇပြောင်း ခွေးတူဝက်တူ ' ကို မှတ်တမ်းတင်ပြီးပါပြီ... ခံနိုင်ရည်ရှိခြင်း၊ မာကျောခြင်း၊ ရန်ငြိုးထားတတ်ခြင်း နှင့် တွင်းတူးခြင်း ပါရမီများ ရှိပါသည်"

ခဏအကြာတွင် စနစ်က ကြေညာလိုက်လေ၏။

"ရန်ငြိုးထားတတ်တာကလည်း ပါရမီ တစ်မျိုးလား..."

ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိ၏။ "ဒါဆိုရင် 'ကပ်စေးနည်းတာ' လည်း ပါရမီ ဖြစ်မှာပေါ့"

စနစ်က ပြန်မဖြေတော့ပေ။

ယဲ့ဖုန်း ကွင်းပြင်ထဲ ခုန်ဆင်းလိုက်ပြီး၊ ခေါင်းပြားကို နာရီထဲက ထုတ်ကာ မြက်ခင်းပေါ် ပစ်ချလိုက်လေ၏။

"ဝေါ... ဝေါ"

ခေါင်းပြား ထွက်လာသည်နှင့် သောင်းကျန်းတော့၏။ (၃) မီတာ ပတ်လည်မှ မြက်ပင်များကို ကိုက်ဖြတ်ပစ်ပြီး ရန်လိုသော အမူအရာ ပြနေ၏။

ပြီးတော့ ဘေးနားတွင် ရပ်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ ရပ်တန့်သွားလေ၏။ ခြေထောက်နားတွင် အနံ့ခံကြည့်ပြီးနောက်... မြေကြီးပေါ် လှဲချပြီး အိပ်ပျော်သွားလေတော့၏။

"တကယ် ယဉ်ပါးသွားတာပဲ"

ယဲ့ဖုန်း ရုတ်တရက် ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ခေါင်းပြားက သူ့ကို လာမတိုက်ခိုက်တော့ အနည်းငယ် အနေရခက်နေသလိုပင်။

တဲအိုတစ်လုံး၏ ခေါင်မိုးပေါ်၌...

မိုယင် တင်ပျဉ်ခွေ ထိုင်နေလေ၏။ ခေါင်းပြား ထွက်လာတာ မြင်တော့ အသက် အောင့်လိုက်မိ၏။

သို့သော် နောက်ဆက်တွဲ မြင်ကွင်းကြောင့် သူမ အံ့သြသွားရသည်။ ခေါင်းပြားက ယဲ့ဖုန်းကို မတိုက်ခိုက်တော့ဘဲ အိပ်ပျော်သွားတာ တွေ့လိုက်ရသည် မဟုတ်ပါလော။ ယဉ်ပါးသွားသလိုပင်။

"သူ့မှာ သားရဲယဉ်ပါးစေတဲ့ ပါရမီ ပါလာတာများလား"

မိုယင် မျက်လုံး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း မယုံနိုင် ဖြစ်နေရရှာသည်။ "ဒါမှမဟုတ်... အဲ့ဒီသားရဲက အနိုင်ကျင့်ခံရလွန်းလို့ ကြောက်ပြီး ငြိမ်သွားတာများလား"

ဒါက လွဲလျှင် တခြား အကြောင်းပြချက် မစဉ်းစားမိတော့ပေ။

ထိုအချိန်တွင် ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ၊ ခေါင်မိုးပေါ်ရှိ မိုယင်နှင့် အကြည့်ချင်း ဆုံသွားလေ၏။

တောင်ထိပ်လေပြင်းများ

တဝေါဝေါ..တိုက်ခတ်နေ၏။

မိုယင်၏ မျက်နှာဖုံး ဇာပုဝါလေး လန်တက်သွားပြီး၊ မျက်နှာတစ်ဝက် ပေါ်လာသည်။

ထိုမျက်နှာပေါ်တွင် အနာအဆာ တစ်ခုမျှ မရှိချေ။ နှင်းလိုဖြူဝင်းပြီး အပြစ်အနာအဆာ ကင်းမဲ့နေကာ... ရင်သပ်ရှုမောဖွယ် လှပနေလေ၏။

ယဲ့ဖုန်း မှင်သက်သွားရသည်။

မိုယင် သတိဝင်လာပြီး လက်အင်္ကျီလက်ဖြင့် မျက်နှာကို ကမန်းကတန်း ကာလိုက်လေ၏။ ထို့နောက် ခေါင်မိုးပေါ်မှ ခုန်ဆင်းပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့၏။

ခေါင်မိုးပေါ်တွင် လေတိုက်၍ လှုပ်ရှားနေသော မြက်ခြောက်များသာ ကျန်ရစ်ခဲ့လေ၏။

အခန်း (၃၅) - အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး၏ အစွမ်း

~"ထူးဆန်းတယ်... ငါ အမြင်မှားတာများလား..."

ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိ၏။ နည်းနည်းတော့ နားမလည်နိုင် ဖြစ်နေသည်။

မိုယင်က လှုပ်ရှားတာ မြန်ပြီး ညဘက် အလင်းရောင် အားနည်းနေသော်လည်း၊ သူ့မှာ ဝိညာဉ်မျက်လုံး ရှိနေသည်လေ။ သာမန်လူထက် အမြင်အာရုံ ပိုကောင်းပါသည်။

မိုယင်၏ မျက်နှာအောက်ပိုင်းက အရင်ကနှင့် လုံးဝ မတူတော့တာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အဆိပ်သင့်ထားသော လက္ခဏာတွေ လုံးဝ ပျောက်ကွယ်သွားသလိုပင်။

မျက်နှာ အနေအထားကတော့ အရင်အတိုင်းပါပင်။

"ဘာလို့ ဖုံးကွယ်ထားရတာလဲ..."

ယဲ့ဖုန်း ခေါင်းကုတ်လိုက်ပြန်သည်။ ထူးဆန်းနေလေ၏။

..မျက်နှာ ပျောက်ကင်းသွားရင် ဝမ်းသာရမှာ မဟုတ်ဘူးလား။

တကယ်လို့သာ သူက မိုယင် နေရာမှာ ဆိုရင်... ရုပ်ဆိုးနေတဲ့ မျက်နှာ ရုတ်တရက် လှလာတာနဲ့ သူများတွေကို ဂုဏ်ယူဝင့်ကြွားစွာ လိုက်ပြမိမှာ။ အခုလို သူခိုးလူမိသလို ပုန်းရှောင်နေမှာ မဟုတ်ဘူးလေ။..

ယဲ့ဖုန်း ဆက်မစဉ်းစားတော့ဘဲ 'ဝိညာဉ်မူလ နာရီ' ကို ကြည့်လိုက်သည်။ အထဲမှာ ပိတ်မိနေသော သစ်ပင်နတ်ဆိုး၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဘယ်လို ကိုင်တွယ်ရမလဲ စဉ်းစားနေသည်။

သို့ရာတွင်၊ အကြာကြီး စဉ်းစားပြီးတာတောင် အဖြေမထွက်လို့ စနစ်ကိုသာ မေးလိုက်ရသည်။ "ဝိညာဉ်ခန္ဓာကိုယ်ကို အသုံးချလို့ ရတဲ့ နည်းလမ်း ရှိလား..."

"ဝိညာဉ်ခန္ဓာကိုယ်ကို ဆေးဝါးဖော်စပ်ရာမှာနဲ့ လက်နက်သွန်းလုပ်ရာမှာ အသုံးပြုလို့ ရပါတယ်... ဒါပေမယ့် ဆေးပညာရှင် နဲ့ လက်နက်ပညာရှင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်" စနစ်က ဖြေပြီး တိတ်ဆိတ်သွားသည်။

"လောလောဆယ်တော့ ဘာမှ လုပ်လို့ မရသေးဘူးပေါ့..."

ယဲ့ဖုန်း ဒီကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ရသည်။

မြူခိုးဂိုဏ်း အတွင်းရှိ တဲအိုတစ်လုံးတွင်...

မိုယင် ပြန်ရောက်နေလေ၏။

သူမ ကမန်းကတန်း မှန်တစ်ချပ် ထုတ်ယူလိုက်ပြီး၊ နှင်းလို ဖြူဝင်းပြီး အပြစ်အနာအဆာ ကင်းမဲ့နေသော မျက်နှာကို ကြည့်ကာ လက်ဖြင့် ဖွဖွလေး ပွတ်သပ်နေမိ၏။ ညဉ့်နက်သည်အထိ မှန်ထဲက ပုံရိပ်ကို ငေးကြည့်နေမိ၏။

သို့သော် သန်းခေါင်ကျော်သွားသည်နှင့် တစ်ပြိုင်နက်... ထူးဆန်းသော အကွက်အထပ်များ သူမ၏ ပါးပြင်ပေါ်သို့ တွားသွား ရောက်ရှိလာကြပြီး၊ မျက်နှာ တစ်ခုလုံး အဆိပ်သင့်ထားသကဲ့သို့ မူလပုံစံအတိုင်း လျင်မြန်စွာ ပြန်ပြောင်းသွား

လေတော့၏။

"ဟူး..."

မိုယင် မှန်ကို ပြန်သိမ်းလိုက်ပြီး ပြတင်းပေါက်ဘေးတွင် လှဲလျောင်းကာ နက်မှောင်သော ကောင်းကင်ကြီးကို ပျင်းရိစွာ ငေးမောနေလိုက်လေ၏။

နောက်တစ်နေ့ မနက်ခင်း...

ပထမတပည့်ကြီး ရှီလေ့ စောစောထသည်။

စီနီယာအစ်ကိုကြီး

ပီပီ စံပြဖြစ်ဖို့ လိုသည်လေ။ နောက်ဖေးမှာ မျက်နှာသစ်ပြီးတာနှင့် ခြံဝင်းထဲက ကွင်းပြင်မှာ သွားပြီး ကျင့်ကြံဖို့ ပြင်လိုက်သည်။

သို့သော် တံခါးခုံကို ကျော်လိုက်ပြီး ခြေမချရသေးခင်မှာပင်... တစ်စုံတစ်ခုကို တက်နင်းမိသလို ခံစားလိုက်ရသည်။ အလိုအလျောက် တုံ့ပြန်မှုဖြင့် နောက်ခြေထောက်ကို ကန်ပြီး ခုန်ကျော်လိုက်မိ၏။

လေထဲရောက်မှ ပြန်လှည့်ကြည့်လိုက်တော့... အစ်ကိုကြီး ခေါင်းပြားက မြေကြီးပေါ် အိပ်နေတာ တွေ့လိုက်ရသည်။

"ငါ... ငါ သူ့ကို တက်နင်းမိလိုက်တာလား..."

ရှီလေ့ အသက်ရှူမှားသွားပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။ ပါးစပ်ထဲ မြက်ပင်တချို့ ဝင်သွားပြီး ပုံပျက်ပန်းပျက် ဖြစ်သွားရရှာသည်။

"ဝေါ..."

အစ်ကိုကြီး ခေါင်းပြားသည် တံခါးဝတွင် အိပ်စက်နေခြင်း ဖြစ်သည်။ ရုတ်တရက် အနင်းခံလိုက်ရသဖြင့် ချက်ချင်း ထရပ်ကာ ရန်ပြုရန် ပြင်ဆင်လိုက်သည်။

မြက်ခင်းပြင်ထက်တွင် လဲကျနေသည့် ရှီလေ့ခမျာ လန့်သေမတတ် ဖြစ်သွားရ၏။ ရှေ့သို့ တွားသွားကာ အဝေးသို့ရောက်မှ ထပြေးရန် ကြံရွယ်လိုက်သည်။

သို့သော် မလှုပ်ရှားနိုင်မီမှာပင် ခေါင်းပြားသည် သူ့ရှေ့သို့ ရောက်ရှိလာကာ မျက်လုံးချင်းဆိုင် စိုက်ကြည့်နေတော့သည်။

"အမေရေ..."

ရှီလေ့ ကြောက်လွန်း၍ 'သံမဏိအကာအကွယ်လွှာသိုင်း' ချက်ချင်း ထုတ်လိုက်ပြီး သေလုမြောပါး ခုခံဖို့ ပြင်လိုက်သည်။

သို့သော် အံ့သြစရာကောင်းသည်မှာ... ခေါင်းပြားက သူ့ကို ခဏလောက် စိုက်ကြည့်ပြီး အနံ့ခံလိုက်သည်။ ပြီးတော့ တံခါးဝကို ပြန်သွားပြီး မေးစေ့အောက် လက်သည်းထိုးကာ ပြန်အိပ်သွားလေ၏။

"ဘာ... ဘာဖြစ်သွားတာလဲ..."

ရှီလေ့ မျက်လုံးပြူးသွားသည်။ မော့ကြည့်လိုက်တော့ ယဲ့ဖုန်းက ဘေးနားမှာ ထိုင်ပြီး မနက်ခင်း လေညှင်းခံကာ နေထွက်တာ ကြည့်နေတာ တွေ့လိုက်ရသည်။

"မလန့်ပါနဲ့... အဲ့ဒီသားရဲကို ငါ ယဉ်ပါးအောင် လုပ်ပြီးပြီ... အခုဆိုရင် မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် နတ်ဆိုးသားရဲ ဖြစ်သွားပြီ... သူ့ကို အစ်ကိုကြီး ခေါင်းပြား လို့ ခေါ်လို့ ရတယ်..." ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ယဉ်ပါးအောင် လုပ်ပြီးပြီ ဟုတ်လား..."

ရှီလေ့ အကာအကွယ်လွှာကို ရုတ်သိမ်းလိုက်ပြီး အံ့သြသွားသည်။

"ဟုတ်တယ်... ငါ ယဉ်ပါးအောင် လုပ်ထားတာ... မြူခိုးဂိုဏ်းသားတွေ ဆိုရင် ခေါင်းပြားက အနံ့ခံပြီး မှတ်မိတယ်..." ယဲ့ဖုန်း ရှင်းပြလိုက်သည်။

ဂိုဏ်းစောင့် နတ်ဆိုးသားရဲတွေနှင့် ဂိုဏ်းသားတွေကို စနစ်က အသိအမှတ်ပြုထားပြီးသားမို့၊ ခေါင်းပြားက အနံ့ခံပြီး ခွဲခြားနိုင်၏၊ မှားစရာ အကြောင်းမရှိပေ။

ထိုအချိန်တွင် အခြားတပည့်များ တဖြည်းဖြည်း နိုးလာကြ၏။

ခေါင်းပြားကို မြင်ပြီး လန့်သွားမှာ စိုး၍ ရှီလေ့က ကပျာကယာ သွားရှင်းပြရသည်။

မကြာမီ တပည့်အားလုံး တံခါးဝမှာ စုဝေးရောက်ရှိလာကြ၏။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ခေါင်းပြားကို စပ်စုကြသည်။ ကြမ်းကြုတ်မည့် ပုံ ပေါက်သော်လည်း အနီးကပ် ကြည့်တော့ ချစ်စရာ ကောင်းနေသလိုပါပင်။

သို့ရာတွင်၊ မည်သူမှ လက်နှင့် မထိရဲကြပေ။

"မနက်စောစောစီးစီး... ကောင်းကောင်းမွန်မွန် ကျင့်ကြံကြလေ... အဆင့်တက်အောင် ကြိုးစားကြ..." သူတို့တွေ ခေါင်းပြားကို ဝိုင်းငေးနေတာ မြင်တော့ ယဲ့ဖုန်း တိုက်တွန်းလိုက်သည်။

"ဟုတ်ကဲ့ပါ..."

တပည့်များ ယဲ့ဖုန်း၏ ဘေးတစ်ဖက်စီတွင် တန်းစီပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်း စတင်လိုက်ကြ၏။

မနက်ခင်းဆိုတော့ ဝိညာဉ်စွမ်းအင်တွေ အကြွယ်ဝဆုံး အချိန်ပင်။

ကျင့်ကြံ၍ အကောင်းဆုံး အချိန်ပေါ့။

သူတို့ လေးလေးနက်နက် ကျင့်ကြံနေတာ မြင်တော့ ယဲ့ဖုန်း စဉ်းစားလိုက်သည်။

ထို့နောက်၊ အဖြူရောင် 'အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး' တစ်လုံး ထုတ်လိုက်သည်။

ဤသည်မှာ အကဲဖြတ်ကာလ တာဝန်အောင်မြင်ခဲ့သဖြင့် ရရှိခဲ့သော ဆုလာဘ်များထဲမှ တစ်ခုပင် ဖြစ်သည်။ စုစုပေါင်း (၁၀) လုံး အတိအကျ ရှိ၏။ လူတစ်ဦးလျှင် တစ်လုံးစီ ရရှိကြမည် ဖြစ်သည်။ သို့သော် ဆေးအာနိသင်ကိုမူ အသေအချာ မသိရသေးပေ။

စနစ်က ပေးတာဆိုတော့ ကောင်းမှာပါလေ။

ယဲ့ဖုန်းက ဆေးလုံးကို ပထမတပည့်ကြီး ရှီလေ့ကို ကမ်းပေးလိုက်သည်။

"ဒါ မြူခိုးဂိုဏ်းရဲ့ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ပေးတဲ့ ဆေးလုံးပဲ... မင်း အရင် စမ်းသောက်ကြည့်..."

"ဗျာ..."

ရှီလေ့ ကြောင်သွားသည်။

ဆေးစမ်းသောက်ရမယ် ဟုတ်လား။

သက်တမ်းကုန်နေတဲ့ ဆေးတော့ မဟုတ်ပါဘူးနော်။

ရှီလေ့ မျက်လုံးပြူးသွားသော်လည်း ယဲ့ဖုန်းရဲ့ မျှော်လင့်တကြီး ကြည့်နေသည့် မျက်နှာကို မြင်တော့ မငြင်းရဲဘဲ ပါးစပ်ထဲ ပစ်ထည့်လိုက်ရသည်။ သကြားလုံး စားရသလိုပဲ ချိုမြိန်ပြီး ပျော်ဝင်လွယ်တာ တွေ့လိုက်ရသည်။

နောက်တစ်ခဏတွင်... ပြင်းထန်သော ဆေးအာနိသင်များ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားလေတော့၏။

ရှီလေ့ တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားပြီး ချက်ချင်း စတင် ကျင့်ကြံလိုက်သည်။ ခန္ဓာကိုယ် သွေးကြောများထဲတွင် ဝိညာဉ်စွမ်းအင် စီးဆင်းမှုက ပုံမှန်ထက် အဆပေါင်း (၁၀၀) လောက် ပိုမြန်နေပြီး၊ သွေးကြောများကို အဆက်မပြတ် ချဲ့ထွင်ပေးနေကြောင်း တွေ့ရှိလိုက်ရသည်။

ချီစုစည်းခြင်း အဆင့်မှာ အဆင့်ငယ်တွေ တက်ဖို့ဆိုတာ သွေးကြောတွေကို ကျယ်ပြန့်လာအောင် လုပ်ပြီး ချီပင်လယ်ကို ချဲ့ထွင်ရခြင်း ဖြစ်၏။

ရှီလေ့ ခံစားလိုက်ရတာက သူ့ကျင့်ကြံခြင်းအဆင့်က ဓားပျံစီးထားသလို တရိပ်ရိပ် တက်လာသည်ကိုပင်။ တစ်ခါ ကျင့်ကြံလိုက်တာက ပုံမှန် တစ်လလောက် ကျင့်ကြံတာနှင့် ညီမျှနေလေ၏။

"ဝူးးးး"

သဲသောင်ပြင်ကို လှိုင်းပုတ်လိုက်သလို အသံမျိုး ရှီလေ့၏ သွေးကြောများထဲမှ ထွက်ပေါ်လာသည်။ သူ့ချီပင်လယ်က ရုတ်တရက် သုံးပုံ တစ်ပုံလောက် ကြီးလာပြီး၊ အဆင့်တက်ခြင်း အတားအဆီးကို ဖြတ်ကျော်ကာ ချီစုစည်းခြင်း (၄) ဆင့်မြောက်သို့ ရောက်ရှိသွားလေ၏။

ဒါတင်မက.. အဆင့် (၄) ကို ရောက်ရုံတင် မကဘဲ၊ အဆင့် (၄) ၏ နက်ရှိုင်းသော အခြေအနေထိပါ ရောက်သွားကြောင်း တွေ့ရှိလိုက်ရသည်။

"အစ်ကိုကြီး အဆင့်တက်သွားပြီဟေ့..."

တခြားတပည့်တွေ အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်ကြ၏။ ရှီလေ့က ဝိညာဉ်စွမ်းအင်တွေကို အငမ်းမရ စုပ်ယူပြီး ချီပင်လယ်ကို ဖြည့်တင်းနေတာ တွေ့လိုက်ရသည်။

"ဆေးတစ်လုံးတည်းနဲ့ တစ်ဆင့် တက်သွားတယ်... ဂိုဏ်းချုပ်ဦးလေး... ဒီဆေးက တော်တော် စွမ်းတာပဲ..." ရှီလေ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ဆီမှာ ဆေးလုံးတွေ ရှိတယ်လား..."

တပည့်တွေ အံ့သြစွာ ကြည့်လိုက်ကြ၏။

"အဟမ်း... တကယ်တော့ ဒါတွေက ဂိုဏ်းချုပ်ဟောင်းကြီး ထားခဲ့တာပါ... စုစုပေါင်း (၁၀) လုံး ရှိတယ်... တစ်ယောက် တစ်လုံးစီ လောက်ငပါတယ်..."

ပြောပြောဆိုဆိုနှင့်၊ ယဲ့ဖုန်းက လက်ဖြန့်ပြလိုက်ရာ လက်ဖဝါးပေါ်တွင် ကျန်ရှိနေသော ဆေးလုံး (၉) လုံးကို တွေ့လိုက်ရသည်။

ယဲ့ဖုန်း ဝေပေးလိုက်တော့ တစ်ယောက် တစ်လုံးစီ ရသွားကြပြီး သူတို့တွေ..သေချာ ကြည့်ရှုနေကြ၏။

ကျားယွိလန်က အံ့သြစွာ မေးလိုက်သည်။ "ဒီဆေးလုံးက ဖြူဝင်းပြီး အပြစ်အနာအဆာ ကင်းနေတာပဲ... ဒါ ဒဏ္ဍာရီလာ 'အာနိသင်အပြည့် ဆေးလုံး' ဖြစ်မှာပဲ... ဈေးကြီးမှာ သေချာတယ်..."

ရေပေါ်ဖြူ မြို့တော်မှာ ရောင်းသော ဆေးလုံးအများစုက မသန့်ရှင်းမှုတွေ ပါတတ်သည်။ အာနိသင်အပြည့် ဆေးလုံးလောက် နီးပါး ကောင်းမွန်သော်ငြား၊ ပြီးပြည့်စုံတာတော့

မဟုတ်ချေ။

ကျားယွိလန် အမြင်မှာတော့... ဒါ ဆေးပညာရှင် ဆရာသခင်အဆင့် တစ်ယောက် ဖော်စပ်ထားတာ ဖြစ်ရမည်..ဟူ၍။

"အဲ့ဒါတော့ ငါလည်း မသိဘူး... ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ဟောင်းကြီး ထားခဲ့တာပဲ... မင်းတို့ မြန်မြန် သုံးကြ..."

ယဲ့ဖုန်း တိုက်တွန်းလိုက်သည်။

တပည့်တွေ အဆင့်တက်မှ သူ့အစွမ်းလည်း တက်မှာလေ။ အချိန်ဖြုန်းမခံနိုင်ပေ။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."

အိုးယန်ဖုန်းနှင့် အိုးယန်ယွီ ကလွဲလျှင် ကျန်သူတွေ အကုန်လုံး ဆေးလုံးကို မျိုချလိုက်ကြပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံကြလေ၏။ နာရီဝက်ကြာအောင် ကျင့်ကြံနှုန်း မြန်ဆန်စေသော အကျိုးကျေးဇူးကို ရရှိလိုက်ကြ၏။

လုံထျန်းရှင်းက အဆင့် (၁)မှ အဆင့် (၃) ထိ တက်သွားသည်။ ရှဟဲနှင့် ချိုကျူ တို့က အဆင့် (၂)။ ဤသည်မှာ အကဲဖြတ်ကာလ တာဝန်အောင်မြင်ခဲ့သဖြင့် ရရှိခဲ့သော ဆုလာဘ်များထဲမှ တစ်ခုပင် ဖြစ်သည်။ စုစုပေါင်း (၁၀) လုံး အတိအကျ ရှိ၏။ လူတစ်ဦးလျှင် တစ်လုံးစီ ရရှိကြမည် ဖြစ်သည်။ သို့သော် ဆေးအာနိသင်ကိုမူ အသေအချာ မသိရသေးပေ။

လီကျောက်ကျောက်က အဆင့် (၄) ကို ရောက်သွားသည်။

ဟိုယွင်ကျဲကတော့ ဆက်လက် ကျင့်ကြံနေဆဲ။ အဆင့် (၆) ကို ရောက်ဖို့ သိပ်မလိုတော့။ နာရီဝက် ပြည့်လျှင် သေချာပေါက် ရောက်မည်ပင်။

"ဒါ မင်းတို့နှစ်ယောက်အတွက် ဝိညာဉ်မျက်လုံးဆေးရည်... မျက်လုံးကို သုတ်လိမ်းပြီး ဝိညာဉ်မျက်လုံး မြန်မြန်ပွင့်အောင် ကြိုးစားကြ..." ယဲ့ဖုန်းက အိုးယန်ဖုန်းနှင့် အိုးယန်ယွီကို ဆေးရည်ပုလင်း (၂) လုံး ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး..."

ကလေးနှစ်ယောက် ဝမ်းသာအားရ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။

အခန်း (၃၆) - ဂိုဏ်းသစ် တည်ဆောက်ရေး စီမံကိန်း

~ဝိညာဉ်မျက်လုံးဆေးရည်ကို ရရှိပြီးနောက်... အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့သည် လက်ကိုင်ပဝါလေးများ ထုတ်ယူကာ ယဲ့ဖုန်း၏ လမ်းညွှန်မှုအတိုင်း မျက်လုံးကို သုတ်လိမ်းလိုက်ကြ၏။ အေးမြသော ခံစားမှုတစ်ခု ရရှိသွားကြသည်။

တပည့်များအားလုံး အလေးအနက် ကျင့်ကြံနေကြသည်ကို မြင်သောအခါ ယဲ့ဖုန်း မနှောင့်ယှက်တော့ပေ။ အစ်ကိုကြီး ခေါင်းပြားနှင့် သံလက်သည်း နဂါးလင်းယုန်ကို အစောင့်အဖြစ် ထားခဲ့ကာ မီးဖိုချောင်သို့ တိတ်တဆိတ် ထွက်ခွာလာခဲ့လေ၏။

"ဒီနေ့ မနက်စာကို အားအင်ပြည့်ဝအောင် ချက်ကျွေးရမယ်..."

ခါးစည်းဝတ်ဆင်ပြီးနောက် ယဲ့ဖုန်းသည် စားဖိုမှူးကြီး ဖြစ်လာလေ၏။ သူ၏ စွမ်းအားများ တိုးတက်လာသဖြင့် ပျော်ရွှင်စွာ သီချင်းညည်းရင်း ချက်ပြုတ်နေတော့၏။

"လှေလှော်ကြစို့... အူး..အူး…လှေငယ်လေးက လှိုင်းလုံးတွေကို ဖြတ်သန်းလို့..."

သီချင်းသံနှင့်အတူ ဒယ်အိုးကို အပူပေးလိုက်ပြီး၊ တပည့်များအတွက် ကြက်ဥကြော်များ ကြော်ပေးလိုက်သည်။ ပြီးနောက် ခေါက်ဆွဲပြုတ် တစ်အိုး ချက်လိုက်လေ၏။

တစ်နာရီခန့် အကြာတွင်... ဟောင်းနွမ်းနေသော ထမင်းစားပွဲဝိုင်းလေး၌...

ဂိုဏ်းသားများ စုဝေးရောက်ရှိနေကြ၏။ ပုံစံမကျ၊ တူးခြစ်နေသော ကြက်ဥကြော်များကို ကြည့်ပြီး မျက်လုံးများထဲတွင် ရယ်ချင်စိတ်များ ပြည့်နှက်နေကြ၏။

ခေါက်ဆွဲပြုတ်များမှာလည်း တချို့က ပျော့လွန်း၊ တချို့က မာလွန်း၊ တချို့က အလုံးလိုက် ဖြစ်နေသဖြင့် စားချင်စဖွယ် မရှိပေ။

"ဂိုဏ်းချုပ်ဦးလေး... နောက်ဆို ထမင်းချက်တာ ကျွန်မကိုပဲ လွှဲပေးပါ..." လီကျောက်ကျောက်က အားနာပါးနာ ပြောရှာသည်။

"ကောင်းပြီလေ..."

ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိ၏။ သူ့ချက်ပြုတ်နည်း ဘယ်လောက် ညံ့လဲ ဆိုတာ သဘောပေါက်သွားပြီလေ။

သို့သော် စနစ်ကို ဖွင့်ကြည့်လိုက်သောအခါ ဂိုဏ်းသားများ၏ အချက်အလက်များကို မြင်ပြီး ပျော်ရွှင်သွားရပြန်သည်။

[ ဂိုဏ်းချုပ် : ယဲ့ဖုန်း (ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် +) ]

[ ဂိုဏ်း : မြူခိုးဂိုဏ်း (အဆင့်နိမ့်) ]

[ ဂိုဏ်းဂုဏ်သတင်း : ၁၁၃ ]

[ ဂိုဏ်းသားများ : ရှီလေ့ (ချီစုစည်းခြင်း ၄ ဆင့်မြောက်)၊ ဟိုယွင်ကျဲ (ချီစုစည်းခြင်း ၆ ဆင့်မြောက်)၊ လီကျောက်ကျောက် (ချီစုစည်းခြင်း ၄ ဆင့်မြောက်)၊ မိုယင် (ချီစုစည်းခြင်း ၇ ဆင့်မြောက်)၊ လုံထျန်းရှင်း (ချီစုစည်းခြင်း ၃ ဆင့်မြောက် အထွတ်အထိပ်)၊ ကျားယွိလန် (ချီစုစည်းခြင်း ၆ ဆင့်မြောက် အထွတ်အထိပ်)၊ ရှဟဲ (ချီစုစည်းခြင်း ၃ ဆင့်မြောက် အထွတ်အထိပ်)၊ ချိုကျူ (ချီစုစည်းခြင်း ၃ ဆင့်မြောက် အထွတ်အထိပ်)၊ အိုးယန်ဖုန်း (သာမန်လူ)၊ အိုးယန်ယွီ (သာမန်လူ) ]

…အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး သောက်ပြီးနောက်... တပည့်တစ်ဝက်လောက်က အဆင့်တက်သွားကြပြီပဲ... နောက်ပိုင်း ဆေးဝါးတွေ ပိုရှာမှ ဖြစ်မယ်…

ယဲ့ဖုန်း တွေးတောလိုက်မိ၏။

…ပိုက်ဆံသုံးရတာ အရေးကြီးမှန်း အခုမှ သိတော့တယ်...

တပည့်တွေ အဆင့်တက်လာတော့ သူလည်း ပိုသန်မာလာသလို ခံစားရသည်။

"အခုဆိုရင် ငါက အစ်ကိုကြီး ခေါင်းပြား (၄) ကောင်စာလောက် အနိုင်ကျင့်နိုင်ပြီ..."

ယဲ့ဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သနားစရာ ကောင်းသော အစ်ကိုကြီး ခေါင်းပြား ခမျာ စွမ်းအားတိုင်းတာသည့် ယူနစ်အသစ် ဖြစ်သွားမှန်း မသိရှာပေ။

"ဂျူနီယာ ညီလေး၊ ညီမလေးတို့... မနက်စာ အရင် စားကြရအောင်..."

မျိုချရခက်သော်လည်း၊ ရှီလေ့က ဦးဆောင်ပြီး စတင် စားသောက်ပြလိုက်သည်။

"စားကြမယ်..."

တပည့်များလည်း ဗိုက်ဆာနေကြပြီမို့ ချက်ချင်း စားသောက်ကြလေ၏။

သူတို့ ပေပွစွာ စားသောက်နေကြသည်ကို ကြည့်ရင်း ယဲ့ဖုန်း ခေါင်းခါလိုက်မိ၏။ ထို့နောက် ရှေးဟောင်းစာအုပ် တစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ် တင်ပေးလိုက်၏။

"စားပြီးရင် ဒီသိုင်းပညာကို ကျင့်ကြံကြ..."

တပည့်များ စာအုပ်မျက်နှာဖုံးကို မြင်သောအခါ အံ့သြသွားကြသည်။

"ပထမအဆင့် သိုင်းပညာ 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' တဲ့လား..."

"ဒါက ဂိုဏ်းချုပ်ဟောင်းကြီး ထားခဲ့တဲ့ အာရုံခံ သိုင်းပညာပဲ... မင်းတို့ အခြေခံအဆင့် ရောက်မှ သင်ပေးမလို့... ဒါပေမယ့် ဒီနေ့ စိတ်ကောင်းဝင်နေလို့ အခုပဲ သင်ပေးလိုက်မယ်..." ယဲ့ဖုန်းက သိုင်းပညာအကြောင်း ရှင်းပြလိုက်ရာ အားလုံး အံ့သြသွားကြ၏။

"ချီစုစည်းခြင်း (၁) ဆင့်မြောက်မှာတင် (၁၀) မီတာ ပတ်လည်ကို အာရုံခံနိုင်တယ် ဆိုတာ... အံ့ဖွယ်ပဲ..." လီကျောက်ကျောက် အာမေဋိတ်သံ ပြုလိုက်သည်။

ထိုအခါ၊ ယဲ့ဖုန်းက တပည့်တွေ "မီတာ" ယူနစ်နဲ့ မရင်းနှီးမှန်း သိ၍ "ကျန်း" နှင့် ပြောင်းပြီး ရှင်းပြလိုက်ရသည်။

"ဒီသိုင်းပညာက အထူးပတ်ဝန်းကျင်တွေမှာ အရမ်း အသုံးဝင်မှာပဲ..." မိုယင်လည်း သဘောပေါက်သွားသည်။

တပည့်များသည် အစားအသောက်ကို စိတ်မဝင်စားတော့ဘဲ စာမျက်နှာ (၉) မျက်နှာသာ ရှိသော ရှေးဟောင်းစာအုပ်ကို ဝိုင်းအုံ ကြည့်ရှုကြလေတော့၏။

ဒါက စနစ်ဆုလာဘ် ဖြစ်သည့်အတွက် တပည့်တွေ ကိုယ်တိုင် လေ့လာစရာ မလိုပါချေ။ ယဲ့ဖုန်းက အထွတ်အထိပ်အဆင့်ထိ တတ်မြောက်ထားပြီးသားမို့ တန်းပြီး ရှင်းပြလိုက်သည်။

ရှင်းပြချက်ကို ကြားရတော့ တပည့်တွေ ဉာဏ်ပွင့်သွားကြ၏။

ပါရမီ အကောင်းဆုံး မိုယင်က အရင်ဆုံး စတင် ကျင့်ကြံနိုင်ခဲ့ပြီး၊ ကျားယွိလန်နဲ့ ဟိုယွင်ကျဲ တို့ကလည်း အခြေခံအဆင့်ကို လျင်မြန်စွာ ရောက်ရှိသွားကြပါ၏။

"အွီ..."

ထိုအချိန်တွင် သံလက်သည်း နဂါးလင်းယုန်၏ အော်သံကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း ပြောလိုက်သည်။

"အိုး…ဧည့်သည် လာနေပြီ..."

သူ စာအုပ်ကို သိမ်းဆည်းလိုက်ပြီး ခြံဝင်းထဲ ထွက်လိုက်သည်။

ကျားယွိလန်၏ ဖခင် ကျားလီအန်းသည် ဝါးရွက်လှေကို မောင်းနှင်လျက် လက်သမားဆရာပုံ ပေါက်သော လူလတ်ပိုင်းနှင့် အဘိုးအို (၅) ယောက်ကို တင်ဆောင်ကာ မြူခိုးတောင်ထိပ်သို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်ယဲ့... လက်သမားဆရာတွေ ခေါ်လာပေးပါတယ်ဗျို့..."

အဝေးကနေ လှမ်းအော်လိုက်ပြီး၊ ယဲ့ဖုန်း ဘေးနားက လင်းယုန်ကြီးနှင့် ခေါင်းပြားကို မြင်လိုက်ရတော့ သူ့ခမျာ လန့်ဖျပ်ပြီး လှေပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"ကျားမိသားစု ခေါင်းဆောင်ကြီး မလန့်ပါနဲ့... သူတို့က ယဉ်ပါးသွားပြီး မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် နတ်ဆိုးသားရဲတွေ ဖြစ်သွားပါပြီ..."

ကျားလီအန်း ထွက်ပြေးသွားမှာ စိုး၍ ယဲ့ဖုန်း အမြန် ရှင်းပြလိုက်ရသည်။

သံသယ ဖြစ်နေသေးသော ကျားလီအန်းသည် မြက်ခင်းပေါ်သို့ ဂရုတစိုက် ဆင်းသက်လိုက်သည်။ သို့သော် ခေါင်းပြားက သူ့ဆီ ပြေးလာတာ မြင်တော့ လက်ဟန် ဖော်ပြီး လှေကို ပြန်ပျံတက်ခိုင်းလိုက်သည်။

"ခေါင်းပြား... အဲ့ဒါ ဧည့်သည်လေ... ပြန်လာခဲ့..."

ယဲ့ဖုန်း လှမ်းအော်လိုက်မှ ခေါင်းပြားက စိတ်ပျက်လက်ပျက်နှင့် ပြန်လှည့်လာသည်။ ဒီနေ့ ရန်မဖြစ်ရလို့ မကျေနပ်သည့် ပုံပင်။

ဒါကို မြင်တော့မှ ကျားလီအန်း ယုံသွားပြီး အံ့သြသွားရသည်။

ကျားလီအန်းက ဝါးရွက်လှေကို ပြန်ဆင်းသက်လိုက်ပြီး၊ ချီစုစည်းခြင်း (၂) ဆင့်မြောက် ရှိသော လက်သမားဆရာ (၅) ယောက်ကို ယဲ့ဖုန်း ရှေ့သို့ ခေါ်လာပေးသည်။

"ဒါ ကျားမိသားစုရဲ့ လက်သမားဆရာတွေပါ... မြူခိုးဂိုဏ်းကို ပြုပြင်မွမ်းမံဖို့၊ ဒါမှမဟုတ် အသစ်ပြန်ဆောက်ဖို့ ကူညီပေးပါလိမ့်မယ်... ကုန်ကျစရိတ် အားလုံးကို ကျားမိသားစုက တာဝန်ယူပါတယ်ဗျာ..." ကျားလီအန်းက သူဌေးကြီး စတိုင်ဖြင့် ပြောလိုက်သည်။

" ဖေဖေပါ လိုက်လာတာပဲ..." ကျားယွိလန်က သူ့အဖေကို မြင်တော့ ဝမ်းသာအားရ လက်ပြလိုက်သည်။

ကျားလီအန်းက သမီးဖြစ်သူကို ဝိညာဉ်မျက်လုံးနှင့် ကြည့်လိုက်တော့... သူမရဲ့ ဝိညာဉ်စွမ်းအင်တွေ တိုးတက်လာပြီး ချီစုစည်းခြင်း (၆) ဆင့်မြောက် အထွတ်အထိပ် ရောက်နေတာ တွေ့လိုက်ရ၍ မျက်လုံးပြူးသွားသည်။

…ငါ့သမီးကို မြူခိုးဂိုဏ်းမှာ ထားခဲ့တာ မှန်သွားပြီ... အနည်းဆုံးတော့ သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာပဲ…

ကျားလီအန်း တွေးတောလိုက်မိ၏။

သူ လက်သမားဆရာ (၅) ယောက်ကို ညွှန်ပြပြီး ပြောသည်။

"အဖေက ဒီ ကျွမ်းကျင် လက်သမားဆရာတွေကို ခေါ်လာပေးတာ... ဂိုဏ်း ပြုပြင်ဖို့ ကူညီပေးကြလိမ့်မယ်..."

"ကျေးဇူးပ၊ ဖေဖေ..."

ကျားယွိလန် ပျော်ရွှင်သွားသည်။

သူမ ဝင်ထားသော ဂိုဏ်းကို မိသားစုက ထောက်ပံ့ပေးတာ မြင်ရတော့ ကျေနပ်ပီတိ ဖြစ်မိ၏။

"ကဲ... အဖေ အလုပ်ရှုပ်နေသေးလို့ ပြန်လိုက်ဦးမယ်... မြူခိုးဂိုဏ်းမှာ ကောင်းကောင်း ကျင့်ကြံနော်..." ပြောပြီးတာနဲ့ ကျားလီအန်းက ခေါင်းပြားကို တစ်ချက် ကြည့်လိုက်ပြီး၊ ဝါးရွက်လှေပေါ် ခုန်တက်ကာ အမြန်ဆုံး ပျံသန်း ထွက်ခွာသွားလေတော့၏။

"ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုပါတယ်... သခင်မလေးကို ဂါရဝပြုပါတယ်..." လက်သမားဆရာများက နှုတ်ဆက်လိုက်ကြ၏။

ထိုအခါ၊ ကျားယွိလန်က ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးကို ညွှန်ပြပြီး မိတ်ဆက်ပေးသည်။

"ဂိုဏ်းချုပ်... ဒါ ဆရာကြီးလီ ပါရှင့်... ကျားမိသားစုရဲ့ လက်သမားခေါင်းဆောင်ပေါ့... ကျားအိမ်တော် တစ်ခုလုံးကို သူ ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ခဲ့တာ... မြူခိုးဂိုဏ်းကိုလည်း ကောင်းကောင်း ဆောက်ပေးမှာပါ..."

"တွေ့ရတာ ဝမ်းသာပါတယ် ဆရာကြီးလီ..."

"ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုပါတယ်ဗျာ..."

နှစ်ဦးသား မိတ်ဆက်ပြီးနောက်...

ယဲ့ဖုန်းသည် မနေ့က သူဆွဲထားသော မြူခိုးတောင်ထိပ် ဗိသုကာ ပုံကြမ်းကို စားပွဲပေါ် တင်ပြလိုက်သည်။

နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ဆရာကြီးလီသည် ယဲ့ဖုန်း၏ လိုအပ်ချက်နှင့် ဒေသ အနေအထားကိုက်ညီမည့် ပုံကြမ်းတစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်သည်။

နေ့ဝက်အတွင်းမှာပင် ဆရာကြီးလီသည် လိုအပ်သော ပစ္စည်းစာရင်းကို တွက်ချက်ပြီး စာရွက်အထပ်လိုက် ထွက်လာသည်။

…ရှန်ကျိုးကုန်းမြေတိုက်ကြီးမှာ ဒီလို လူတော်တွေ ရှိနေတာကိုး... ခေတ်သစ်မှာသာ ဆိုရင် ဆရာကြီးလီက ထိပ်တန်း အင်ဂျင်နီယာကြီး ဖြစ်နေလောက်ပြီ…

ယဲ့ဖုန်း အံ့သြစွာ တွေးလိုက်မိ၏။

ထိုစဥ်၊ ဆရာကြီးလီက စုတ်တံကို ချလိုက်ပြီး ပြောလိုက်လေ၏။

"ဂိုဏ်းချုပ်ယဲ့... ပစ္စည်းတစ်မျိုး လိုနေသေးတယ်ဗျ..."

All Chapters