အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အခန်း (၄၀) - ဂိုဏ်းဂုဏ်သတင်း မြင့်တက်လာခြင်း
~"ဒီနေရာက လင်းရွာနဲ့ အနည်းဆုံး (၁၀) မိုင်လောက် ဝေးတယ်... ပိုအန္တရာယ်များတဲ့ ဧရိယာထဲ ရောက်နေတာ... ကျွန်မတို့ မြန်မြန် ဆုတ်ခွာကြတာ ကောင်းမယ်..." ဟု မိုယင်က လဲကျနေသော ကြက်နတ်ဆိုးများကို ကြည့်ရင်း အကြံပြုလိုက်သည်။
"နှမြောစရာတော့ ကောင်းသား... ဒီလောက် ပစ္စည်းကောင်းတွေ အများကြီးကို ထားခဲ့ရမှာ..."
ကျားယွိလန်က သူမ၏ ခါးပတ်ကို ပုတ်လိုက်ရင်း ပြောရှာသည်။
"ကျွန်မရဲ့ သိုလှောင်ခါးပတ်က အဆင့်နိမ့် ဝိညာဉ်လက်နက်လေ... နေရာသိပ်မဆံ့ဘူး... ကြက်နတ်ဆိုး တစ်ကောင်စာလောက်ပဲ ဆံ့တာ..."
"တစ်ကောင်လုံး သယ်သွားစရာ မလိုပါဘူး... လက်သည်းတွေကမှ လက်နက်သွန်းလုပ်ဖို့ အကောင်းဆုံး ပစ္စည်းတွေ... နေရာတကာမှာ ဝိညာဉ်ကျောက်တုံးနဲ့ လဲလို့ ရတယ်..." မိုယင်က ရှင်းပြလေ၏။
ပြောပြီးသည်နှင့် သူမသည် ဓားပျံကို ထိန်းချုပ်ကာ ကြက်နတ်ဆိုး (၁၀) ကောင်ကျော်၏ လက်သည်းများကို ဖြတ်တောက်လိုက်၏။ သို့သော် ပုံလိုက်သောအခါ ပမာဏ အတော်များနေသေးသည်။
"အကုန် ဆံ့မှာ မဟုတ်ဘူး..." ကျားယွိလန် ခေါင်းခါလိုက်မိ၏။
ယဲ့ဖုန်း ရှေ့ထွက်လာပြီး "ငါ့ သိုလှောင်ခန်းက အတော်ကျယ်တယ်... ဆံ့လောက်ပါတယ်..."
ဟု ပြောကာ လက်သည်းပုံပေါ် လက်တင်လိုက်ရာ ၎င်းတို့မှာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
မိုယင်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
"အလယ်အဆင့် သိုလှောင်လက်နက်များလား..."
သူမက မြေကြီးပေါ် လဲကျနေသော သစ်ပင်နတ်ဆိုးများကို ညွှန်ပြလိုက်သည်။
"သစ်ပင်နတ်ဆိုးရဲ့ သစ်လုံးနှလုံးသား တွေကလည်း ပစ္စည်းကောင်းတွေပဲ... မြန်မြန် ယူကြရအောင်..."
ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုး တစ်ကောင်၏ ကိုယ်ထည်ကို ခွဲလိုက်ရာ ပန်းသီးအရွယ်အစားခန့် ရှိသော အသည်းပုံစံ သစ်သားတုံးလေး တစ်ခု တွေ့လိုက်ရသည်။ မာကျောပြီး ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေ၏။
မိုယင်၊ ကျားယွိလန် နှင့် လုံထျန်းရှင်း တို့လည်း ဝိုင်းကူကြရာ မကြာမီ သစ်လုံးနှလုံးသားများ အားလုံး စုဆောင်းမိသွားကြလေ၏။
နောက်ဆုံးတွင် ယဲ့ဖုန်းသည် ကျောက်တာကျန်း၏ ဝိညာဉ်ဓားကို ကောက်ယူပြီး စနစ်သိုလှောင်ခန်းထဲ ထည့်လိုက်သည်။ သူ့အလောင်းပေါ်မှ ရှေးဟောင်းစာအုပ် (၃) အုပ်ကိုလည်း ရှာတွေ့လိုက်ရသည်။ "ဝဇီရာလက်ဝါး" ၊ "မီးမြွေသိုင်း"နှင့် "မီးလှံသိုင်း"တို့ ဖြစ်ကြ၏။
ဒါ့အပြင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကျော်နှင့် အနီရင့်ရောင် ဆေးရည်ပုလင်းငယ် တစ်လုံးလည်း ပါသေးသည်။
ဒါတွေ အားလုံးက ဒီတိုက်ပွဲ၏ စစ်နိုင်ပစ္စည်းတွေပင်။
"အခင်းဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းပြီး ထွက်ပြေးကြမယ်..."
ယဲ့ဖုန်းက ပစ္စည်းအားလုံး သိမ်းဆည်းပြီး ပြောလိုက်၏။
"ရှင်းလင်းဖို့ လိုသေးလို့လား..." ဟု ကျားယွိလန်က နားမလည်စွာ မေးလိုက်သည်။
ယဲ့ဖုန်းက သူမစကားကို ခေါင်းညိတ်လိုက်၏။
"ခြေရာလက်ရာ ဖျောက်ဖျက်ထားတာ အကောင်းဆုံးပဲ... ဘယ်သူမှ လိုက်မစုံစမ်းနိုင်အောင်ပေါ့..."
ဆစ်ထိုက်ကျန် ပြောတာသာ မှန်လျှင်... သွေးနီရောင် မြွေဂိုဏ်းက ရေပေါ်ဖြူမြို့တော်ကို သစ္စာဖောက်ပြီး နတ်ဆိုးဗိုလ်ချုပ်၏ လက်ပါးစေ လုပ်နေကြသည်ပင်။
ကြက်နတ်ဆိုးတွေနှင့် သစ်ပင်နတ်ဆိုးတွေကလည်း အဲ့ဒီ နတ်ဆိုးဗိုလ်ချုပ်၏ လက်အောက်ငယ်သားတွေ ဖြစ်ဖို့ များတယ်။ မဟုတ်လျှင် သည်လောက် တိုက်တိုက်ဆိုင်ဆိုင် ရောက်နေစရာ အကြောင်း မရှိနေချေ။
ထို့ကြောင့် သူတို့ဆီ ပြန်ခြေရာခံ မမိအောင် ဘာသဲလွန်စမှ မချန်ခဲ့သင့်ပေ။
"ကျွန်မဆီမှာ ပါတယ်..."
မိုယင်က ပုလင်းငယ်လေး တစ်လုံး ထုတ်ပြလိုက်၏။
"ဒါက လောင်ကျွမ်းလွယ်ပြီး ပေါက်ကွဲအားကောင်းတဲ့ အထူး ဝိညာဉ်အရည် တစ်မျိုးပဲ... နတ်ဆိုးအလောင်းတွေကို ပြာကျသွားအောင် လုပ်နိုင်တယ်..."
မိုယင်ဆီမှာ သည်လို ပစ္စည်းမျိုး ပါလာလိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပေ။ အားလုံး မျက်လုံးပြူးသွားကြရသည်။
"အချိန်မဆွဲနဲ့တော့..."
ယဲ့ဖုန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း၊ ကြာကြာနေလျှင် အန္တရာယ် ရှိနိုင်သည်ဟု စိတ်ထဲ ထင်နေမိ၏။
ထို့ကြောင့် အလောင်းများ အားလုံးကို စုပုံလိုက်ကြ၏။ ဝိညာဉ်စား နတ်ဆိုးနွားကိုပါ အပိုင်းပိုင်းခုတ်ပြီး ပစ်ထည့်လိုက်သည်။
မိုယင်က ဝိညာဉ်အရည် တစ်ပုလင်းလုံး လောင်းထည့်ပြီး မီးရှို့လိုက်ရာ၊ မီးတောက်ကြီးများ ဟုန်းခနဲ တောက်လောင်လာပြီး မကြာမီ ပြာပုံအတိ ဖြစ်သွားလေတော့၏။
ယဲ့ဖုန်းနှင့် အဖွဲ့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြပြီ ဖြစ်သည်။
ခဏအကြာတွင်...
သစ်တောအုပ်ထဲမှ အေးစက်သော မျက်လုံးတစ်စုံ ထွက်ပေါ်လာပြီး၊ မီးလောင်ပြင်ကို စိုက်ကြည့်နေလေ၏။
"ချီးပဲ... သခင်ကြီးရဲ့ နယ်ရုပ်တွေနဲ့ တပ်ဖွဲ့ (၂) ခုလုံးကို ဘယ်သူ သတ်သွားတာလဲ... မိရင် အရိုးပါမကျန် ကြိတ်ဝါးပစ်မယ်..."
ထိုမျက်လုံးပိုင်ရှင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သစ်တောထဲသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားလေ၏။
—-----
ယဲ့ဖုန်းတို့ တစ်သိုက် လင်းရွာသို့ ပြန်ရောက်လာကြပြီ ဖြစ်၏။
ခြေရာမကျန်အောင် ဓားပျံစီးပြီး ခရီးတစ်ဝက်လောက် လာခဲ့ကြသလို၊ ကျန်တစ်ဝက်ကိုလည်း အမြန်ပြေးလာခဲ့ကြသဖြင့် နာရီဝက်ခန့်သာ ကြာလေ၏။
"ကြည့်ပါဦး... မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာသခင်တွေ ပြန်ရောက်လာကြပြီ... ဟော... ငါ့သားလေးပါ ပါလာတယ်..."
"ငါ့ ယောကျ်ား ပြန်ရောက်လာပြီ..."
"ဖေဖေ..."
ရွာအဝင်ဝတွင် စောင့်မျှော်နေကြသော လင်းရွာသားများသည် ယဲ့ဖုန်းနှင့် လုံထျန်းရှင်းတို့ သတိမေ့နေသော လူငယ် (၅) ဦးကို ထမ်းလာသည်ကို မြင်သောအခါ ဝမ်းသာအားရ အော်ဟစ် ကြိုဆိုကြလေ၏။
ဆရာကြီးလီသည် သစ်ပုံဘေးတွင် ထိုင်နေပြီး၊ ဘေးနား၌ သံလက်သည်း နဂါးလင်းယုန်က မျက်လုံးမှိတ် အနားယူနေ၏။
သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဆရာကြီးလီ စိတ်သက်သာရာ ရသွားရှာသည်။
"ရွာသူရွာသားတို့... လူတွေကို ကယ်လာနိုင်ခဲ့ပါပြီ... ဒုက္ခပေးနေတဲ့ နတ်ဆိုးတွေကိုလည်း သတ်ဖြတ်ခဲ့ပြီးပါပြီ... နောက်ဆို ရွာကို လာမနှောင့်ယှက်နိုင်တော့ပါဘူး..."
ယဲ့ဖုန်းက ရွာသားအားလုံးကို ပြောကြားလိုက်သည်။
တကယ်တော့ သူက ဝိညာဉ်စား နတ်ဆိုးနွားကို အသေကောင် အနေနှင့် သယ်လာပြချင်သည်။ ဒါမှ ပိုယုံကြည်ကြမည်လေ။
သို့သော်၊ထိုသို့ ပြုလုပ်လျှင် တခြား နတ်ဆိုးတွေက အနံ့ခံပြီး လိုက်လာမှာ စိုး၍ မလုပ်ခဲ့ခြင်းပါ။
သို့သော် ယဲ့ဖုန်းသည် လူငယ် (၅) ဦးကို မိသားစုများထံ ပြန်အပ်လိုက်ချိန်တွင်၊ သူ့ဂိုဏ်းဂုဏ်သတင်း တန်ဖိုးသည် ဒုံးပျံတက်သလို မြင့်တက်သွားကြောင်း တွေ့ရှိလိုက်ရသည်။
၁၂၃... ၁၂၉... ၁၄၁...
မကြာမီ (၂၂၀) ကျော်အထိ ရောက်ရှိသွားလေ၏။
…ဒီလိုလည်း ရတာကိုး…
ယဲ့ဖုန်း ဝမ်းသာသွားသည်။
နတ်ဆိုးသတ်ပြမှ ဂုဏ်သတင်းတက်မယ် ထင်နေတာ... လူကယ်ရင်လည်း ရတာပဲ။
ထို့ကြောင့် သူက ရွာသားများအား စေတနာဖြင့် အကြံပေးလိုက်သည်။
"နတ်ဆိုးကို သတ်လိုက်ပြီ ဆိုပေမယ့်... ပတ်ဝန်းကျင်မှာ တခြား နတ်ဆိုးတွေ ရှိနေနိုင်သေးတယ်... ဘေးကင်းဖို့အတွက် ပြောင်းရွှေ့နိုင်တဲ့သူတွေ ပြောင်းရွှေ့ကြဖို့ အကြံပေးချင်ပါတယ်ဗျ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများ တီးတိုး တိုင်ပင်ကြလေ၏။
"ငါတို့က ဘိုးစဉ်ဘောင်ဆက် ဒီမှာ နေလာတာ... ဘယ်ကို ပြောင်းရမလဲ..."
"မြူခိုးဂိုဏ်းနား ပြောင်းသွားရင်ရော..."
"အင်း... အင်မော်တယ် ဆရာသခင်တွေနဲ့ နီးနီးနားနား နေရတာ ကောင်းမယ့် အကြံပဲ..."
ယဲ့ဖုန်းကတော့ ရွာသားတွေ ဆွေးနွေးတာ နားမထောင်တော့ဘဲ ဆရာကြီးလီဆီ သွားလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ဒီ သစ်လုံး (၃၂) လုံးက ခုနက ရွေးထားတဲ့ တိုင်မကြီးတွေပါ..." ဆရာကြီးလီက သစ်ပုံကို ညွှန်ပြလိုက်သည်။
"ကောင်းပါပြီ... ဒါဆို မြန်မြန် ပြန်ကြစို့ဗျ..."
ယဲ့ဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေဝင်တော့မည်ကို သိလိုက်ရသောကြောင့်ပါ။
မကြာမီ...
သံလက်သည်း နဂါးလင်းယုန်သည် သစ်လုံးကြီး နှစ်စည်းကို သယ်ဆောင်ပြီး ကောင်းကင်ယံသို့ ဝှီးခနဲ ပျံတက်သွားလေ၏။ ယဲ့ဖုန်း၊ ဆရာကြီးလီ နှင့် အခြားသူများလည်း ဓားပျံများ စီးနင်းကာ မြူခိုးတောင်ထိပ်သို့ အမြန်ဆုံး ပြန်လာခဲ့ကြလေ၏။
"ဂိုဏ်းချုပ်ဦးလေးတို့... ပြန်ရောက်လာပြီလားရှင့်..."
လီကျောက်ကျောက်က ဆန်ပြုတ်ပူပူလေးတွေ ယူလာပြီး ဧည့်ခံလာပါသည်။
ယဲ့ဖုန်းသည် ချောက်ကမ်းပါးစွန်းတွင် ရပ်လျက်၊ ရှီလေ့နှင့် ဟိုယွင်ကျဲတို့ အရှေ့ဘက် မြို့တံခါးမှ ထွက်ခွာပြီး ဂိုဏ်းသို့ ပြန်လာနေကြသည်ကို လှမ်းမြင်လိုက်ရ၏။
"ဒီနေ့ ပစ္စည်းဝယ်တာ အဆင်ပြေပုံ ရတယ်..."
မိုင် (၁၀၀) အကွာတွင်...
မြေအောက်လိုဏ်ဂူ တစ်ခု၌...
"သခင်ကြီး... သွေးနီရောင် မြွေဂိုဏ်းက နယ်ရုပ်နှစ်ကောင် အသတ်ခံလိုက်ရပါပြီ... သခင်ကြီးရဲ့ တပ်ဖွဲ့ (၂) ခုလုံးလည်း ပျက်စီးသွားပါပြီခင်ဗျာ..."
အေးစက်သော အသံတစ်ခုက အစီရင်ခံလိုက်သည်။
"မင်း မရောက်ခင် ဒါတွေ ဖြစ်ပျက်သွားတယ် ဆိုတော့... ပြိုင်ဘက်က ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်ထက် ပိုသန်မာပြီး... မင်းနဲ့ ယှဉ်နိုင်တဲ့ အစွမ်း ရှိတယ် ဆိုတဲ့ သဘောပဲ..."
အမှောင်ထဲတွင် ပုန်းခိုနေသော နတ်ဆိုးဗိုလ်ချုပ်၏ စူးရှသော အသံနက်ကြီး ထွက်ပေါ်လာသည်။
သူက အလျင်လိုပုံ မရပေ။
"ကျွန်တော်နဲ့ ယှဉ်နိုင်တယ် ဟုတ်လား..."
အေးစက်သော အသံပိုင်ရှင်သည် မယုံနိုင်သလို ဖြစ်သွားပြီး၊ အမှောင်ရိပ်ထဲမှ ထွက်လာကာ သူ့ရုပ်သွင်အမှန်ကို ထုတ်ပြလိုက်လေ၏။
အေးစက်သော မျက်နှာထားနှင့် လူငယ် တစ်ဦး ဖြစ်သည်။
မီးခိုးရောင် သားရေဝတ်စုံ ဝတ်ဆင်ထားပြီး၊ သေချာ ကြည့်လိုက်လျှင် အနောက်ဘက်တွင် ဝံပုလွေအမြီးတစ်ခုနှင့် ခေါင်းပေါ်တွင် အမွှေးပွပွ ဝံပုလွေနားရွက်နှစ်ဖက်ကို တွေ့ရပေမည်။
ဒါက ငရဲဝံပုလွေ တစ်ကောင်ပင်။
လူအသွင် ပြောင်းလဲခြင်း စတင်နေပြီ ဖြစ်သော်လည်း အပြည့်အဝ မအောင်မြင်သေးပေ။ သူ့အစွမ်းက ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်နှင့် ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် (၁) ဆင့်မြောက် ကြားမှာ ရှိနေသည်။
နတ်ဆိုးမျိုးနွယ်တွေကြားမှာတော့ ဒါကို 'အရန် နတ်ဆိုးဗိုလ်ချုပ်'ဟု ခေါ်ကြ၏။
လူသား ကျင့်ကြံသူတွေကြားမှာတော့ သည်လို ကြားခံအဆင့် ရောက်နေသူ ရှားပါးလှသည်။
ပုံမှန်အားဖြင့် လူသားတွေက ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်တာနှင့် တံခါးပိတ် ကျင့်ကြံပြီး ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့်ကို တက်လှမ်းကြတာ များလေ၏။
နတ်ဆိုးမျိုးနွယ်ကတော့ ထူးခြားသည်။
လူအသွင် အပြည့်အဝ မပြောင်းလဲနိုင်သေးလျှင်တောင်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပြီး ဆက်လက် ပြောင်းလဲနိုင်ကြ၏။ သူတို့၏ စွမ်းအားကလည်း ထိုအဆင့်နှစ်ခုကြားမှာ ရှိနေတတ်သည်။
တစ်ဝက်တစ်ပျက် ပြောင်းလဲထားသော အရန် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်က... ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ကျင့်ကြံသူ (၁၀) ယောက်လောက်အား တစ်ပြိုင်နက် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
အခန်း (၄၁) - ညလယ်ယံမှ လမ်းညွှန်မှု
~"သခင်ကြီး... ရေပေါ်ဖြူမြို့တော်နားမှာ ကျွန်တော်နဲ့ ယှဉ်နိုင်တဲ့ လူသား ရှိနေတယ် ဆိုတာ ဖြစ်နိုင်လို့လား..." အရန် နတ်ဆိုးဗိုလ်ချုပ် ငရဲဝံပုလွေက မယုံနိုင်စွာ မေးလိုက်လေ၏။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး..." နတ်ဆိုးဗိုလ်ချုပ်က ပြောလိုက်သည်။
ငရဲဝံပုလွေက မျက်မှောင်ကြုတ်လိုက်မိ၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
နတ်ဆိုးဗိုလ်ချုပ်သည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ခန့်မှန်းပြောဆိုလေ၏။
"ယေဘုယျအားဖြင့် ပြောရရင်... လူသားကျင့်ကြံသူတွေက ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် ကို တက်လှမ်းဖို့ ကြိုးစားတဲ့အခါ မကြာခဏ ကျရှုံးတတ်ကြတယ်... ဒါပေမယ့် အဲ့ဒီလို ကြိုးစားမှုက သူတို့ရဲ့ သွေးကြောတွေနဲ့ ချီပင်လယ်ကို အနည်းနဲ့အများ ကျယ်ပြန့်သွားစေပြီး စွမ်းအားကို အတော်အတန် တိုးတက်စေတယ်..."
"အဆင့်တက်ဖို့ ကျရှုံးသွားပြီးရင်တော့... အများစုက နောက်ထပ် အဆင့်တက်ဖို့ မဖြစ်နိုင်တော့လို့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတတ်ကြတယ်..."
"သူတို့ရဲ့ စွမ်းအားက မင်းနဲ့ မတိမ်းမယိမ်း ရှိပေမယ့်... အကြိမ်ကြိမ် တိုက်ခိုက်ပြီးရင် သွေးကြောတွေ ကျုံ့ဝင်သွားပြီး ချီပင်လယ်ကလည်း မူလ ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် အခြေအနေကို တဖြည်းဖြည်း ပြန်ရောက်သွားတတ်ကြတယ်..."
"ဒါကြောင့် အဲ့ဒီလိုလူတွေက တိုက်ခိုက်ခဲကြတယ်... သက်တမ်းကုန်ခါနီးလို့ ဘာမှ ကြောက်စရာ မလိုတော့တဲ့ အချိန်မျိုးကလွဲရင်ပေါ့..."
"ငါ ထင်တာတော့... မင်းနဲ့ တွေ့ခဲ့တဲ့သူက အဆင့်မြင့်ဂိုဏ်းတစ်ခုခုက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတဲ့ အဖိုးကြီး တစ်ယောက် ဖြစ်မယ်... သက်တမ်း မကျန်တော့ဘူး... အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့လို့ ထွက်လာတာ နေမှာ..."
နတ်ဆိုးဗိုလ်ချုပ်၏ ပြောစကားများကြောင့် ငရဲဝံပုလွေ သဘောပေါက်သွားလေ၏။
ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် ရောက်နေသူတွေ မဟုတ်လျှင်တောင် လူသားတွေကြားမှာ ကြောက်စရာကောင်းသူတွေ ရှိနေသေး ပေသည်။
"သခင်ကြီး... သွေးနီရောင် မြွေဂိုဏ်းက နယ်ရုပ် သေသွားပြီဆိုတော့... ကျွန်တော်တို့ အစီအစဉ် ဘယ်လို ဆက်လုပ်မလဲခင်ဗျာ..."
ငရဲဝံပုလွေက မေးလိုက်သည်။
ထိုအခါ၊ နတ်ဆိုးဗိုလ်ချုပ် စဉ်းစားလိုက်၏။
"ရေပေါ်ဖြူမြို့တော်ထဲမှာ ငါ့နယ်ရုပ်တွေ အများကြီး ရှိသေးတယ်... ဒါပေမယ့် သူတို့မှာ ကိုယ်ပိုင် တာဝန်တွေ ရှိနေလို့ လောလောဆယ် ခိုင်းလို့ မရသေးဘူး... ထားလိုက်ပါတော့... ဒီကိစ္စကို မင်းပဲ ဆက်လုပ်လိုက်..."
"သခင်ကြီးကရော..."
"ငါ့ ဒဏ်ရာတွေ မသက်သာသေးဘူး... လှုပ်ရှားဖို့ အဆင်မပြေဘူး... အနာဂတ် အစီအစဉ်တွေကို မင်းပဲ ဦးစီးလိုက်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်..."
"ဟုတ်ကဲ့ပါ..."
ခဏအကြာတွင် ငရဲဝံပုလွေသည် ဂူထဲမှ ထွက်ခွာသွားလေ၏။
အစကနေ အဆုံးထိ "သခင်ကြီး နတ်ဆိုးဗိုလ်ချုပ်" သည် သူ့ရုပ်သွင်အမှန်ကို ထုတ်မပြဘဲ အမှောင်ထဲမှာသာ ပုန်းအောင်းနေခဲ့လေ၏။
ယဲ့ဖုန်းကတော့ မြေအောက်ဂူထဲက အကြောင်းတွေကို မသိရှာပေ။
ယခုအချိန်တွင် သူသည် ဆရာကြီးလီကို သစ်ရွေရာတွင် ကူညီပေးနေ၏။
ယဲ့ဖုန်းသည် ခွန်အားကြီးမားပြီး အလုပ်တွင်ကျယ်သဖြင့်၊ ညနေစောင်းချိန်တွင် တိုင်မကြီး ဒါဇင်ပေါင်းများစွာကို ပြုလုပ်ပြီးစီးသွားလေ၏။
မနက်ဖြန် ကျန်သည့် ပစ္စည်းတွေ ရောက်လာတာနှင့် မြူခိုးဂိုဏ်း အသစ် တည်ဆောက်ရေးကို တရားဝင် စတင်နိုင်ပြီ ဖြစ်သည်။
ပစ္စည်းဝယ်ရန် မြို့ထဲသွားသော ရှီလေ့၊ ဟိုယွင်ကျဲနှင့် အဖွဲ့မှာမူ ဒီည မြို့ထဲမှာပဲ အိပ်ပြီး မနက်ဖြန်မှ ပစ္စည်းများနှင့်အတူ ပြန်လာကြမည် ဖြစ်၏။
"ဂိုဏ်းချုပ်ယဲ့... မိုးချုပ်နေပြီ... ကျွန်တော် ပြန်နားလိုက်ဦးမယ်... မနက်ဖြန် မနက်စောစော ပြန်လာခဲ့မယ်ခင်ဗျာ..." ဆရာကြီးလီသည် နှုတ်ဆက်ကာ တောင်ဆင်းလမ်းအတိုင်း လျှောက်သွားပြီး ရေပေါ်ဖြူမြို့တော်ဘက်သို့ ပြန်သွားလေ၏။
ဒီအချိန်ဆိုရလျှင် ကျောက်လမ်းပေါ်မှာ မြို့ပြန်မည့် သူတွေ အများကြီး ရှိနေသေးတာမို့ အန္တရာယ်အတွက် စိတ်ပူစရာ မလိုပေ။
ထိုနေ့ည...
ညစာ စားပြီးနောက် ယဲ့ဖုန်းနှင့် အဖွဲ့သည် ဂိုဏ်းတံခါးဝရှေ့ မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြ၏။ အရင်က စိန်ခေါ်ပွဲအတွက် ဆောက်ထားသော စင်မြင့်ကို ဖျက်ပြီး သစ်ပုံအဖြစ် ပုံထားသည့် နေရာတွင် ဖြစ်သည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ မျက်လုံးတွေ တစ်မျိုး ဖြစ်နေသလိုပဲ..."
ထိုအချိန်တွင် အငယ်ဆုံးလေးတွေ ဖြစ်ကြသော အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့သည် မျက်လုံးများကို ပွတ်သပ်ရင်း စိုးရိမ်တကြီး မေးလိုက်ကြလေ၏။
"မြင်ရတာတွေ အရောင်တောက်လာသလို ဖြစ်နေလား..."
"ဟုတ်ကဲ့..."
"မလန့်ပါနဲ့... ဝိညာဉ်မျက်လုံး ပွင့်သွားလို့ပါ... အခုဆိုရင် မင်းတို့က 'အသက်ရှုသံအာရုံခံအဆင့်' ကို ရောက်သွားပြီ..." ယဲ့ဖုန်းက အတွေ့အကြုံရှိသူ ပီပီ ပြောလိုက်သည်။
"တကယ်လား..."
"ဒါဆို ကျွန်တော်တို့ ကျင့်ကြံလို့ ရပြီလား..." အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ စိတ်အားထက်သန်စွာ မေးလိုက်ကြ၏။
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။ "ရတာပေါ့... ဒါပေမယ့် အခုမှ ဝိညာဉ်မျက်လုံး ပွင့်တာ ဆိုတော့ အရင် အနားယူလိုက်ကြဦး... မနက်ဖြန်ကျမှ သေချာ စတင် ကျင့်ကြံကြ..."
အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ ချီစုစည်းခြင်း အဆင့် ဝင်တာနှင့် သူ့အစွမ်းလည်း ထပ်တိုးလာမည်လေ။
"ဟုတ်ကဲ့ပါ..."
ကလေးနှစ်ယောက် မြက်ခင်းပေါ် လှဲချလိုက်ပြီး ကြယ်တွေစုံနေသော ကောင်းကင်ကြီးကို မော့ကြည့်နေကြ၏။ စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်ကြရှာပေ။
"ယွိလန်... မင်းရဲ့ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းကွက်က အဆင့်ကြီးအောင်မြင်မှု မရောက်သေးဘူး... ဒီရက်ပိုင်း ငါ အချိန်ယူပြီး စွမ်းအင်လည်ပတ်ပုံ အပြည့်အစုံကို ပုံဖော်ထားတယ်... ဒီအတိုင်း လိုက်ကျင့်ရင် အထွတ်အထိပ်အဆင့်ထိ ရောက်နိုင်တယ်... နားမလည်တာ ရှိရင် မေးပါ..."
ယဲ့ဖုန်းက ပုံကြမ်းတစ်ခု အမြန်ဆွဲပြီး ကျားယွိလန်ကို ပေးလိုက်သည်။
ဖယောင်းတိုင်မီးရောင်အောက်တွင် ကျားယွိလန်သည် ပုံကြမ်းကို သေချာ ကြည့်ရှုနေ၏။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။ ယဲ့ဖုန်း၏ လမ်းညွှန်မှုအောက်တွင် ဂရုတစိုက် ကျင့်ကြံရာ တိုးတက်မှု မြန်ဆန်လာလေ၏။
မိုယင်သည် ချောက်ကမ်းပါးစွန်းတွင် ထိုင်နေပြီး၊ လက်ဖြင့် ဓားသိုင်းကွက် ဖော်ကာ 'လေညှင်းစီး ဓားပျံ' ကို လေထဲတွင် ဝဲပျံခိုင်းထားသည်။ ပထမအဆင့် သိုင်းပညာ 'တောက်ပသော ဓားအလင်း' ကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေ၏။
သူမ အမြဲတစေ.. ခံစားနေရတာက... သူမ လမ်းဆုံးကို ရောက်နေသလိုပင်။ အထွတ်အထိပ်အဆင့်အား ဘယ်လိုမှ တက်လှမ်း၍ မရနိုင် ဖြစ်နေသည်။
ယဲ့ဖုန်းက ကျားယွိလန်ကို သင်ပြပေးနေတာ မြင်တော့ မိုယင် ခဏတာ စဉ်းစားလိုက်ပြီးနောက်၊ မေးလိုက်၏။
"ဂိုဏ်းချုပ်... ကျွန်မရဲ့ 'တောက်ပသော ဓားအလင်း' သိုင်းကွက်က မပြည့်စုံသေးဘူး ဖြစ်နေတယ်... လမ်းညွှန်ပေးလို့ ရမလားဟင်..."
"ရပါတယ်..."
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
ချက်ချင်း ပြန်ဖြေလိုက်တာကြောင့် မိုယင် အံ့သြသွားသည်။
နောက်တစ်ခဏတွင် မိုယင် မတ်တပ်ရပ်လိုက်ပြီး သိုင်းကွက် ပြသရန် ပြင်လိုက်သည်။
သို့သော် ယဲ့ဖုန်း လက်ကာပြလိုက်ပြီး ပြောလေ၏။
"မင်း သိုင်းကွက် ထုတ်တာ ငါ ခဏခဏ မြင်ဖူးပါတယ်... ငါ့ခေါင်းထဲ စွဲနေပါပြီ... ကျင့်ကြံနေတုန်း ဘာတွေ ထူးခြားတာ ခံစားရလဲ ဆိုတာပဲ ပြောပြပါ..."
မိုယင် အံ့သြသွားသည်။
ယဲ့ဖုန်း၏ စွမ်းရည်ကို သူမ သိပ်မယုံကြည်သော်ငြား ပြောပြလိုက်သည်။
"ဓားကို ထိန်းချုပ်တဲ့အခါ... လူနဲ့ ဓား တစ်သားတည်း ဖြစ်တဲ့ အခြေအနေ ကို မရောက်နိုင်သလို ခံစားရတယ်... စိတ်က မကြာခဏ ရှုပ်ထွေးပြီး အာရုံလွတ်သွားတတ်တယ်... ဒါကြောင့် အထွတ်အထိပ်အဆင့်ကို မရောက်နိုင်တာပါ..."
ယဲ့ဖုန်း ခဏတာ တွက်ချက်လိုက်သည်။ "တောက်ပသော ဓားအလင်း" သိုင်းပညာအကြောင်း မှတ်ဉာဏ်ထဲ ရှာဖွေကြည့်ပြီးနောက် အဓိပ္ပာယ်ရှိရှိ ပြောလိုက်လေ၏။
"ကိုယ်ရော စိတ်ရော သဘာဝတရားထဲ နှစ်မြှုပ်လိုက်... နှလုံးသားကို လွှတ်ချလိုက်... လေတိုက်သံ၊ ဓားရဲ့ နှလုံးသား၊ ပိုးကောင်လေးတွေ ငှက်ကလေးတွေရဲ့ အသံတွေကို သေချာ နားထောင်ကြည့်... အဲ့ဒီအခါ ခံစားမိလာလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုယင် နားမလည်နိုင် ဖြစ်သွားသည်။
ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့... သူမ စိတ်လောလွန်းနေတာများလား။ ဒါကြောင့် အထွတ်အထိပ်အဆင့်ကို မရောက်တာများလား။
ထိုအတွေးဖြင့် မိုယင်သည် ဓားပျံကို ဒူးပေါ်တင်လိုက်ပြီး မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို သေချာ အာရုံခံကြည့်လိုက်သည်။
ပိုးကောင်လေးတွေရဲ့ အသံ။
လေပြေလေညှင်းရဲ့ တိုးတိုးတိတ်တိတ် အသံ။
ဓားရဲ့ အေးစက်မှု။
မိုယင် စိတ်နှစ်လိုက်သည်နှင့်အမျှ သူမ၏ ကိုယ်ရော စိတ်ပါ သဘာဝတရားထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီး၊ ရင်ထဲမှ ဂနာမငြိမ် ဖြစ်မှုများ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူမ၏ အတွေးများ ရုတ်တရက် ကြည်လင်ပြတ်သားသွားပြီး၊ လက်ညှိုးကို တစ်ဖက်သို့ ရုတ်တရက် တောက်လိုက်ရာ 'လေညှင်းစီး ဓားပျံ' သည် "ရွှစ်" ခနဲ ပျံသန်းသွားပြီး (၁၀) မီတာအကွာရှိ ခြင်ကောင်လေး တစ်ကောင်ကို နှစ်ပိုင်းပိုင်း ပစ်လိုက်လေ၏။
"အို..."
ယဲ့ဖုန်းသည် ဓားပျံ ထွက်သွားပုံနှင့် ပြန်ရောက်လာပုံကို မြင်လိုက်ရသည်။ အလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားသကဲ့သို့ လျင်မြန်ပြီး လွတ်လပ်ပေါ့ပါးနေသည်။ သူ့မျက်လုံးများထဲတွင် အံ့သြမှုများ ပေါ်လာလေ၏။
ဒါ 'တောက်ပသော ဓားအလင်း' သိုင်းပညာရဲ့ အထွတ်အထိပ်အဆင့် လက္ခဏာပဲ။
"ဂိုဏ်းချုပ်... ကျွန်မ... ကျွန်မ အောင်မြင်သွားပြီ..."
မိုယင် ဓားကို ပြန်သိမ်းလိုက်သည်။ ခံစားချက်ကို ထိန်းချုပ်ထားသော်လည်း အသံထဲတွင် အံ့သြဝမ်းသာမှုများ ပါဝင်နေသည်ကို ယဲ့ဖုန်း ကြားလိုက်ရသည်။
"ဟာ... မြန်လိုက်တာ..."
ကျားယွိလန်နှင့် လီကျောက်ကျောက် နှစ်ယောက်စလုံး တအံ့တဩ ချီးကျူးမိလိုက်ကြ၏။
ကျင့်ကြံနေသော ရှဟဲနှင့် ချိုကျူ တို့လည်း အံ့သြသွားကြ၏။ ကျားအိမ်တော်က အစေခံတွေ ဖြစ်ခဲ့ဖူးသူတွေ ပီပီ၊ သိုင်းပညာတစ်ခုကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ သူမတို့ သိကြသည်လေ။
သို့တိုင်၊ မြူခိုးဂိုဏ်းမှာတော့ သိပ်မခက်ခဲသလိုပါပင်။
..သခင်မလေးနဲ့အတူ မြူခိုးဂိုဏ်း ဝင်လိုက်ရတာ တကယ် ကံကောင်းတာပဲ..
ရှဟဲနဲ့ ချိုကျူ တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး တွေးလိုက်မိကြ၏။
နောက်ဆုံးတွင် မိန်းကလေးနှစ်ယောက်သည် ယဲ့ဖုန်းကို ခိုးကြည့်လိုက်ကြ၏။
..ဂိုဏ်းချုပ်က တကယ် စွမ်းတာပဲ... ပေါ့ပေါ့ပါးပါး လမ်းညွှန်လိုက်တာနဲ့ အထွတ်အထိပ် ရောက်သွားတယ်... ပြီးတော့ အရေးကြီးဆုံးက... သူက အရမ်း ချောတာပဲ။..
"မင်း အောင်မြင်သွားပြီ... ဂုဏ်ယူပါတယ်..."
ယဲ့ဖုန်းလည်း မိုယင် ဒီလောက် ဉာဏ်ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပါ။ ခဏလေးအတွင်းမှာတင် အောင်မြင်သွားသည်ကိုး။
သူ ကောင်းကင်ကို မော့ကြည့်လိုက်ရာ ညဉ့်နက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"အချိန်လင့်နေပြီ... သိပ်မိုးမချုပ်စေနဲ့... ဆံပင်ကျွတ်လိမ့်မယ်..."
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် လှဲချလိုက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့၏။
အခန်း (၄၂) - အသွင်ပြောင်း သားရဲ၏ ဒုက္ခ
~"ညဉ့်နက်တဲ့ထိ မအိပ်ဘဲ နေရင် ဆံပင်ကျွတ်တတ်တယ် ဟုတ်လား..."
ကျားယွိလန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ သူမ၏ စိမ်းလန်းစိုပြေသော ဆံကေသာများကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်မိလေ၏။
"မဖြစ်ဘူးနော်... လုံးဝ မဖြစ်ဘူး..."
ရှဟဲနှင့် ချိုကျူ တို့သည်လည်း ကြောက်လွန်းသဖြင့် ထိုနေရာမှာပင် အိပ်ပျော်သွားကြရှာလေ၏။
လီကျောက်ကျောက်ကတော့ အပြစ်ကင်းစင်သော မျက်လုံးဝိုင်းလေးများဖြင့် ပုတ်ခတ် ပုတ်ခတ် လုပ်နေပြီး၊ မြေခွေးဖြူလေးကို ခေါင်းအုံးကာ အိပ်ပျော်သွားလေတော့၏။
အိုးယန်ဖုန်း၊ အိုးယန်ယွီ နှင့် လုံထျန်းရှင်း တို့သည်လည်း ကလေးများ ဖြစ်ကြသဖြင့် အိပ်ငိုက်လာကြပြီး မကြာမီ အိပ်မောကျသွားကြလေ၏။
နောက်ဆုံးတွင် မိုယင်နှင့် သံလက်သည်း နဂါးလင်းယုန်တို့သာ ကျန်ရစ်ခဲ့ကြ၏။ သူတို့နှစ်ဦးသည် "လမင်းကြီး မအိပ်မချင်း ငါ မအိပ်ဘူး... ဘယ်သူ အိပ်လဲ လိပ်ပဲ" ဟူသော သဘောတူညီချက် ရထားသကဲ့သို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြလေ၏။
ညကောင်းကင်ယံအောက်တွင် လရောင်သည် ရေကဲ့သို့ ကြည်လင်နေလေ၏။
ပြာလဲ့သော ကောင်းကင်ပြင်ထက်တွင် တိမ်ဖြူတိုက်တစ်ခု ဖြတ်သန်းသွားသည်။
ထိုတိမ်တိုက်ကြားမှ အရိပ်ဖြူတစ်ခုသည် ခေါင်းပြူထွက်လာပြီး အောက်ဘက်ရှိ တောင်တန်းများကို လှမ်းမျှော်ကြည့်ရှုလိုက်လေ၏။
ရုတ်တရက်... ထိုလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်သည် မြူခိုးတောင်ထိပ်တွင် ရပ်နေသော သံလက်သည်း နဂါးလင်းယုန်ကို သတိထားမိလိုက်သည်။ ထို့နောက် ဂိုဏ်းတံခါးဝရှေ့ မြက်ခင်းပြင်ပေါ်တွင် အိပ်ပျော်နေသော အစ်ကိုကြီး ခေါင်းပြားကို မြင်လိုက်ရပြီး၊ မိုယင်နှင့် အခြား လူသားကျင့်ကြံသူများကို တွေ့လိုက်ရသောအခါ မျက်လုံးများထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်သွားလေတော့၏။
မြေခွေးဖြူလေးကိုတော့ လီကျောက်ကျောက်က ခေါင်းအုံးထားသဖြင့် မမြင်ရပေ။
ခဏအကြာတွင် အရိပ်ဖြူသည် အဝေးသို့ ပျံသန်းထွက်ခွာသွားလေ၏။ မကြာမီ ၎င်းက ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး ဝံပုလွေနားရွက်များပါသော အေးစက်သည့် လူငယ်တစ်ဦးရှေ့တွင် ရပ်တန့်လိုက်လေ၏။
ထိုလူငယ်ကား... တစ်ဝက်တစ်ပျက် အသွင်ပြောင်းထားသော ငရဲဝံပုလွေပင် ဖြစ်ပေသည်။
"ဝံပုလွေ ဗိုလ်ချုပ်လေးကို သတင်းပို့ပါတယ်... တောင်ထိပ်တစ်ခုပေါ်မှာ ဂိုဏ်းတစ်ခု တွေ့ခဲ့ပါတယ်... မြို့အရှေ့ဘက် ရွံ့နွံတောထဲက ပြဿနာကောင်ကို ယဉ်ပါးအောင် လုပ်ထားတဲ့ ဂိုဏ်းပါ..." အရိပ်ဖြူက သူမြင်ခဲ့သမျှကို ပြန်လည် တင်ပြလိုက်လေ၏။
သူ့တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိဘဲ၊ ငှက်ပုံစံ ဖန်တီးထားသော မြူခိုးဖြူ တစ်ခုနှင့်သာ တူလေ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ဝံပုလွေ ဗိုလ်ချုပ်လေးသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ပြောလေ၏။
"အဲ့ဒီ ပြဿနာကောင်ကို ဘာလို့ ယဉ်ပါးအောင် လုပ်ထားလဲ မသိပေမယ့်... ဒီဂိုဏ်းကနေ စပြီး လှုပ်ရှားရရင် ကောင်းမယ် ထင်တယ်..."
ပြောရင်းနှင့် ဝံပုလွေ ဗိုလ်ချုပ်လေးသည် ငှက်ပုံစံ မြူခိုးကို ကြည့်ပြီး ဆက်ပြောသည်။ "အသွင်ပြောင်း သားရဲ... မင်းက ရုပ်ဖျက်တာ အတော်ဆုံးပဲ... မင်း တောင်ပေါ်ကို တက်ပြီး အဲ့ဒီမှာ ရှိနေတဲ့ ငါတို့မျိုးနွယ် စစ်သည်တော်တွေကို စည်းရုံးသိမ်းသွင်းရမယ်... နားလည်လား..."
အသွင်ပြောင်း သားရဲသည် မျက်တောင်ခတ်လိုက်ပြီး မေးလိုက်ရှာသည်။ "ဝံပုလွေ ဗိုလ်ချုပ်လေးကရော..."
"ငါ့ နတ်ဆိုးအရှိန်အဝါက အရမ်း ပြင်းထန်တယ်... ပြီးတော့ အသွင်ပြောင်းနေတဲ့ အဆင့်မှာ ရှိနေတာမို့ ရေပေါ်ဖြူ မြို့တော်နား ကပ်ဖို့ ဖုံးကွယ်လို့ မရဘူး..."
ပြောပြီးသည်နှင့် ဝံပုလွေ ဗိုလ်ချုပ်လေးသည် သစ်တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်
သွားလေတော့၏။
"ဒါ... ဒါပေမယ့် ကျွန်တော် ကြောက်..." အသွင်ပြောင်း သားရဲ တစ်ခုခု ပြောချင်သော်လည်း အသံတိတ်သွားရသည်။
ဝံပုလွေ ဗိုလ်ချုပ်လေး ပျောက်ကွယ်သွားသည်ကို မြင်သောအခါ၊ ဤကြောက်မက်ဖွယ်ကောင်းသော "စည်းရုံးရေး တာဝန်" ကို မလုပ်မနေရ ထမ်းဆောင်ရတော့မည်ကို သူလသဘောပေါက်လိုက်လေ၏။
"ငါ လူ ဖြစ်ချင်တယ်... ပြောင်းစမ်း... ပြောင်းစမ်း... ပြောင်းစမ်း..."
အသွင်ပြောင်း သားရဲသည် ထူးဆန်းသော ဂါထာတစ်ခု ရွတ်ဆိုလိုက်ရာ၊ ခန္ဓာကိုယ် ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး တကယ်ပင် လူသားပုံစံ ဖြစ်သွားလေ၏။ ထို့အပြင် ဘယ်နေရာက ရလာမှန်း မသိသော ဝတ်ရုံရှည်ကြီး တစ်ထည်ကို ထုတ်ဝတ်လိုက်ရာ ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးအုပ်သွားပြီး နတ်ဆိုးအရှိန်အဝါများကိုပါ ခြေရာလက်ရာမကျန် ဖုံးကွယ်လိုက်နိုင်လေ၏။
ကြည့်လိုက်လျှင် လူသားနှင့် ဘာမှ မခြားတော့ပေ။
ညဉ့်နက်ပိုင်း အချိန်တွင်...
အသွင်ပြောင်း သားရဲသည် မြူခိုးတောင်ထိပ်သို့ တိတ်တဆိတ် တက်ရောက်လာခဲ့သည်။ သို့သော် မိုယင်က ဓားသိုင်းလေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ပုံရိပ်သည် ဟိုရောက်လိုက် ဒီရောက်လိုက်နှင့် သရဲတစ္ဆေသဖွယ် ဖြစ်နေသဖြင့် အတော်လေး ကြောက်စရာ ကောင်းနေလေ၏။
"အမလေး... ဒီတစ်ယောက်က နည်းနည်း ကြမ်းတယ်... အနားကပ်ဖို့ အချိန်မကောင်းသေးဘူး..." အသွင်ပြောင်း သားရဲ ချက်ချင်း ဂါထာပြောင်းရွတ်လိုက်သည်။
"ငါ ပုရွက်ဆိတ် ဖြစ်ချင်တယ်... ပြောင်းစမ်း... ပြောင်းစမ်း... ပြောင်းစမ်း..."
ပြောပြီးသည်နှင့် ခန္ဓာကိုယ်ကို လျင်မြန်စွာ ကျုံ့လိုက်ပြီး ပုရွက်ဆိတ်ဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ၊ ချောက်ကမ်းပါးစွန်းတွင် ပုန်းအောင်းနေလိုက်လေ၏။
နောက်တစ်နေ့ မနက်ခင်း...
ယဲ့ဖုန်း စောစောထပြီး ချောက်ကမ်းပါးစွန်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နေလေ၏။ အကြောလျှော့နေခြင်း ဖြစ်၏။
မတော်တဆ ကျောက်ခဲတစ်လုံးကို ကန်မိလိုက်ရာ၊ ချောက်ကမ်းပါးစွန်းတွင် ပုန်းနေသော အသွင်ပြောင်း သားရဲကို ကွက်တိ သွားမှန်လေတော့၏။
"ငါ့ကို တွေ့သွားပြီလား..."
"ကျင့်ကြံခြင်းအဆင့် မရှိဘူးလို့ ထင်ရတဲ့ ဒီလူက... တကယ်တော့ အာရုံခံနိုင်စွမ်း အရမ်းကောင်းတဲ့ ဆရာကြီးများလား..."
"မဖြစ်နိုင်တာ... မဖြစ်နိုင်ပါဘူး..."
အသွင်ပြောင်း သားရဲခမျာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေရှာသည်။
သို့သော် ၎င်းမှာ တာဝန်မပြီးမြောက်ပါက ဝံပုလွေ ဗိုလ်ချုပ်လေး၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည်ကို တွေးမိပြီး၊ ရွေးချယ်စရာ မရှိတော့ဘဲ မြူခိုးတောင်ထိပ်သို့ ဆက်လက် တက်ရောက်ရလေတော့၏။
မကြာမီ... ရှီလေ့၊ ဟိုယွင်ကျဲ၊ ဆရာကြီးလီနှင့် အဖွဲ့သည် ရေပေါ်ဖြူမြို့တော်မှ ပြန်ရောက်လာကြ၏။ သူတို့နောက်တွင် ပြုပြင်ပြီးသား သစ်သားများ တင်ဆောင်လာသော မြင်းလှည်း (၁၀) စီးကျော် ပါလာလေသည်။
မြူခိုးတောင်ထိပ်သို့ သယ်ဆောင်ပြီးသည်နှင့် ချက်ချင်း တပ်ဆင်လို့ ရပြီ ဖြစ်သဖြင့် အချိန်ကုန်သက်သာပြီး အဆင်ပြေလှသည်။
"လာကြ... ဝိုင်းကူကြရအောင်..."
ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်နှင့် အခြားသူများကို ဦးဆောင်ပြီး အကြိမ်ကြိမ် အသွားအပြန် သယ်ဆောင်ကြရာ၊ နောက်ဆုံးတွင် ပစ္စည်းအားလုံး တောင်ထိပ်သို့ ရောက်ရှိသွားပြီး ကွင်းပြင်တွင် စုပုံထားလိုက်နိုင်ကြလေ၏။
"ကျင့်ကြံသူတွေက တကယ် စွမ်းတာပဲ... သယ်တာ မြန်လိုက်တာ... ကျွန်တော်တို့သာ ဆိုရင် တစ်နေကုန်နေပြီ..." ဟု ဆရာကြီးလီက ချီးကျူးလိုက်သည်။
အခြားသူများကလည်း ခမ်းနားထည်ဝါသော သံလက်သည်း နဂါးလင်းယုန်ကို အားကျစွာ ကြည့်နေကြလေ၏။
သစ်ပင်ပေါ်တွင် ပုန်းနေသော အသွင်ပြောင်း သားရဲသည် ထိုမြင်ကွင်းကို ကြည့်ပြီး နာကျည်းစွာ ရေရွတ်လိုက်မိ၏။
"လခွမ်း... မြင့်မြတ်တဲ့ သံလက်သည်း နဂါးလင်းယုန်က အောက်ခြေသိမ်း အလုပ်ကြမ်းတွေ လုပ်နေရတယ်... နတ်ဆိုးမျိုးနွယ်တွေက ကျွန် မဖြစ်သင့်ဘူးကွ..."
ထိုအချိန်တွင် ဆရာကြီးလီက အခြား လက်သမားဆရာ (၄) ယောက်နှင့် အလုပ်သမားသစ် (၁၀) ယောက်ကို ညွှန်ပြပြီး ယဲ့ဖုန်းကို ပြောလိုက်သည်။
"ဂိုဏ်းချုပ်ယဲ့... ဒါတွေက ယာယီ အလုပ်သမားတွေပါ... သူတို့ အကူအညီနဲ့ ဒီနေ့ အုတ်မြစ်ချလို့ ပြီးလောက်ပါတယ်..."
"ကူညီစရာ လိုရင် ကျွန်တော့် ဂိုဏ်းသားတွေလည်း အစွမ်းကုန် ကူညီပေးပါလိမ့်မယ်..." ဟု ယဲ့ဖုန်းက ပြောလိုက်သည်။
"ဂိုဏ်းသားတွေကို ဒုက္ခမပေးရဲပါဘူးဗျာ..."
"ရပါတယ်... ဒါလည်း ကျင့်ကြံခြင်း တစ်မျိုးပဲလေ..."
ယဲ့ဖုန်း လက်ပြလိုက်ရာ ဂိုဏ်းသားများ ချက်ချင်း ဝင်ကူကြ၏။ ဘယ်သူမှ ပျင်းမနေကြပေ။
အားလုံးက ဂိုဏ်းချုပ်ခန်းမဆောင်က လွဲလျှင် ကျန်သည့် တဲအိုတွေထဲက ပစ္စည်းတွေကို အရင် ပြောင်းရွှေ့လိုက်ကြ၏။ မိုယင်က ဓားပျံဖြင့် ခုတ်ပိုင်းလိုက်ရာ တဲအိုများ ပြိုကျကုန်ကြ၏။ သံလက်သည်း နဂါးလင်းယုန်က အပျက်အစီးတွေကို တိုက်ရိုက် ဆွဲယူပြီး ကွင်းပြင်သို့ ရှင်းထုတ်ပစ်လိုက်သည်။
ထို့နောက် ဆရာကြီးလီက အလုပ်သမားများကို ဦးဆောင်ပြီး ပုံစံအတိုင်း တည်ဆောက်ကြ၏။ ရှီလေ့၊ ဟိုယွင်ကျဲနှင့် အခြား တပည့်များ၏ အကူအညီဖြင့် နေ့ဝက်အတွင်းမှာပင် အုတ်မြစ်ချခြင်း လုပ်ငန်း ပြီးစီးသွားလေသည်။
"ဟုတ်ပြီ... ဒီ တိုင်မကြီးတွေရဲ့ အောက်ပိုင်းကို မြေကြီးထဲ မြှုပ်ရမယ်... မဆွေးမြည့်အောင် မျက်နှာပြင်ကို မီးနဲ့ မြှိုက်ပေးရမယ်..." ဟု ဆရာကြီးလီက ပြောလိုက်သည်။
"မီးမြှိုက်တာလား... ရတယ်လေ..."
ယဲ့ဖုန်းကက လက်ဝှေ့ယမ်းကာ အချက်ပြလိုက်ရာ ရှီလေ့က 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို အသုံးပြုပြီး တိုင်မကြီးများ၏ မျက်နှာပြင်ကို သွက်လက်စွာ ပွတ်သပ်လိုက်သည်။ ချက်ချင်းပင် အပြင်လွှာများ မီးကျွမ်းပြီး မာကျောသွားလေ၏။
“ဝေါ..ဝေါ..ဝေါ”
ဆရာကြီးလီနှင့် လက်သမားဆရာများ လက်မထောင်လိုက်ကြ၏။ "သိုင်းပညာကို ဒီလိုလည်း သုံးလို့ ရတာကိုး..."
သူတို့အားလုံး မီးသိုင်းပညာ သင်ချင်စိတ် ပေါက်သွားကြလေ၏။
ဤသို့ဖြင့် လူဒါဇင်ပေါင်းများစွာ၏ ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ညနေစောင်းချိန်တွင် တောင်ထိပ်ပေါ်၌ အဆောက်အဦး တန်းတစ်တန်း ပေါ်ပေါက်လာခဲ့သည်။ အပေါ်စီးက ကြည့်လျှင် 'ပြောင်းပြန်' ပုံသဏ္ဍာန် ရှိပြီး စုစုပေါင်း အခန်း (၁၅) ခန်း ပါဝင်လေ၏။
"တစ်ပတ်စာ အလုပ်ကို တစ်ရက်တည်းနဲ့ ပြီးသွားတယ်ဗျာ..."
ဆရာကြီးလီ နောက်ဖေးတွင် ရပ်လျက် အံ့သြနေမိ၏။ သူ့ဘဝတစ်လျှောက်လုံး ဒီလောက်မြန်သည့် ဆောက်လုပ်ရေးမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
"မနက်ဖြန် ဂိုဏ်းချုပ်ခန်းမဆောင်ကို ပြုပြင်မယ်... ကြမ်းခင်းတွေ ပြန်ခင်းမယ်... ခြံစည်းရိုး ခတ်မယ်... ဒါဆိုရင် ပြီးသလောက် ရှိပြီ..." ခေါင်မိုးပေါ်တွင် ရပ်နေသော ယဲ့ဖုန်းက ပြောလိုက်သည်။
ထိုအချိန်တွင် အသွင်ပြောင်း သားရဲသည် ပုစဉ်းရင်ကွဲ အသွင် ပြောင်းလဲထားပြီး သစ်ပင်ထိပ်ဖျားတွင် နားနေလေ၏။ စိတ်ပျက်လက်ပျက် တွေးတောနေမိ၏။ "အဟင့်၊ ဘယ်လို လုပ်ရမလဲ... သံလက်သည်း နဂါးလင်းယုန် နဲ့ ဟို ပြဿနာကောင်နားကို ကပ်လို့ကို မရဘူး..."
ရွေးချယ်စရာ မရှိတော့သဖြင့် ဆက်လက် စောင့်ဆိုင်းနေရုံသာ ရှိတော့၏။
နောက်တစ်နေ့တွင်... ယဲ့ဖုန်းနှင့် အဖွဲ့ စောစောထပြီး ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် ကူညီကြ၏။
ဂိုဏ်းချုပ်ခန်းမဆောင်ကို ပြုပြင်မွမ်းမံကြ၏။ ကြမ်းခင်းများ ပြန်ခင်းကြ၏။ တောင်ထိပ် ချောက်ကမ်းပါးစွန်း တစ်လျှောက် (၁) မီတာခန့် မြင့်သော သစ်သားလက်ရန်းများ တပ်ဆင်ကြ၏။ ပန်းပင်များနှင့် ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးကြ၏။
(၃) ရက်အတွင်းမှာပင် မြူခိုးဂိုဏ်းသည် လုံးဝ ပြောင်းလဲသွားခဲ့လေ၏။
"နောက်ဆုံးတော့ ကိုယ်ပိုင် အခန်းလေး ရပြီဟေ့..."
လီကျောက်ကျောက်သည် မြေခွေးဖြူလေးကို ပွေ့ချီလျက် (၃) မီတာ အကျယ်၊ (၅) မီတာ အရှည်ရှိသော အခန်းလေးထဲသို့ ပြေးဝင်သွားလေ၏။ မကျယ်ဝန်းသော်လည်း သစ်လွင်တောက်ပပြီး သန့်ရှင်းသပ်ရပ်နေသဖြင့် သူမ၏ မျက်လုံးလေးများ အရောင်တောက်သွားရသည်။
အခြား တပည့်များလည်း ကိုယ်ပိုင် အခန်းကိုယ်စီ ရရှိသွားကြပြီး မျက်နှာလေးများ ဝင်းပနေကြလေတော့၏။