အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း (၄၃) - အသွင်ပြောင်း သားရဲ၏ ဝင်ရောက်မှုနှင့် မီးရှူးတိုင်မြို့ ခရီးစဉ်
~"ပရိဘောဂတွေ မရှိသေးပေမယ့်... အခန်းအရွယ်အစားကတော့ မဆိုးပါဘူး... တစ်ယောက်တည်း နေဖို့ ကွက်တိပဲ..."
ယဲ့ဖုန်းသည် 'U' ပုံသဏ္ဍာန် အဆောက်အဦး၏ ကွင်းပြင်လေးထဲတွင် ရပ်လျက်၊ အခန်းနံပါတ်များကို လိုက်လံကြည့်ရှုရင်း ကျေနပ်ပီတိ ဖြစ်နေမိလေ၏။
စုစုပေါင်း အခန်း (၁၅) ခန်း ရှိသည်။ "အခန်း (၀)" မှ "အခန်း (၁၄)" အထိ။
အခန်း (၀) ကတော့ ယဲ့ဖုန်း ၏ အခန်း။ အဆောက်အဦး၏ အလယ်ဗဟို ဝင်ရိုးတည့်တည့်မှာ ရှိသည်။
အခန်း (၁) မှ အခန်း (၁၁) အထိကတော့ တပည့်တွေ၏ အခန်းများ ဖြစ်ကြ၏။ ပဉ္စမမြောက် တပည့် ရှုဟုန်ယွီ ၏ အခန်းကလွဲလျှင် ကျန်တာ အကုန် လူပြည့်နေပြီ ဖြစ်သည်။
ကျန်သော အခန်း (၃) ခန်းကိုတော့ လောလောဆယ် အလွတ်ထားလိုက်သည်။
ပိုပြီး သပ်ရပ်လှပစေရန်အတွက် ဆရာကြီးလီက အိမ်သာ၊ မီးဖိုချောင်နှင့် ထင်းရုံ အစရှိသည်တို့ကို အဆောက်အဦး၏ ဘေးနှစ်ဖက်တွင် သီးခြား တည်ဆောက်ပေးထားလေ၏။
ထို့နောက် အပျက်အစီးများကို ရှင်းလင်းပြီး ပရိဘောဂ အချို့ကိုပါ လက်ငင်း ပြုလုပ်ပေးသွားသဖြင့်၊ ဆောက်လုပ်ရေး လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်စွာ ပြီးဆုံးသွားလေတော့၏။
ယခုအခါ မြူခိုးတောင်ထိပ်၏ သုံးပုံတစ်ပုံခန့်ကို အဆောက်အဦးများဖြင့် နေရာယူထားပြီ ဖြစ်သည်။
ကျန်သော နေရာလွတ်များကိုတော့ နောင်တစ်ချိန်တွင် သိုင်းလေ့ကျင့်ရေးကွင်းနှင့် နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် တို့ ဆောက်လုပ်ရန် ယဲ့ဖုန်း စီစဉ်ထားလေ၏။
"ကိုယ်ပိုင် အခန်းလေး ရလိုက်တာ တကယ် ကောင်းတာပဲ..."
ယဲ့ဖုန်းသည် သူ့အခန်း (၀) တံခါးဝသို့ ရောက်ရှိလာသည်။
ဒီအခန်းက ပထမဆုံး အခန်း မဟုတ်ဘဲ၊ 'U' ပုံသဏ္ဍာန် အဆောက်အဦး၏ အလယ်ဗဟို တည့်တည့်တွင် ရှိနေခြင်း ဖြစ်သည်။ ဘေးတစ်ဖက်စီတွင် အခန်း (၇) နှင့် အခန်း (၈) တို့ ရှိကြရာ၊ ကျားယွိလန်နှင့် ရှဟဲတို့၏ အခန်းများကြားတွင် ရောက်နေခြင်း ဖြစ်လေ၏။
"ဂိုဏ်းချုပ်ယဲ့... ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးသလောက် ရှိပါပြီ... နောက်ပိုင်း ကျွန်တော် ဥယျာဉ်မှူးတချို့ ခေါ်လာပြီး ပန်းမန်တွေ လာစိုက်ပေးပါ့မယ်..." ဆရာကြီးလီက ပြောလိုက်သည်။
"ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..."
ယဲ့ဖုန်းသည် ဆရာကြီးလီနှင့် အဖွဲ့ ပြန်သွားသည်ကို ကြည့်ပြီးနောက်၊ အသစ်စက်စက် ပြုပြင်ထားသော ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ စိတ်ထဲတွင် လန်းဆန်းတက်ကြွနေမိ၏။
ရုတ်တရက်... သစ်ထုတ်လုပ်ရေးစခန်း အနီးတွင် ရရှိခဲ့သော စစ်နိုင်ပစ္စည်းများကို သတိရလိုက်သည်။
..အဲ့ဒီပစ္စည်းတွေကို တိတ်တဆိတ် ရှင်းလင်းပစ်မှ ဖြစ်မယ်။ ကိုယ်တိုင် သုံးလို့ မဖြစ်ဘူး။ မဟုတ်ရင် မီးနဲ့ ကစားသလို ဖြစ်နေလိမ့်မယ်..
ထို့ကြောင့် မိုယင်ကို ခေါ်လိုက်လေ၏။
"ဒီပစ္စည်းတွေကို လူမသိအောင် ဘယ်လို ရှင်းထုတ်ရမလဲ..."
ယဲ့ဖုန်းသည် ကျောက်တာကျန်း၏ ဝိညာဉ်ဓားကို ထုတ်ပြလိုက်ပြီး ပြန်သိမ်းလိုက်သည်။
မိုယင် ခဏတာ စဉ်းစားလိုက်ပြီး ပြောလေ၏။
"မီးရှူးတိုင်မြို့ မှာ မှောင်ခိုဈေးကွက် တစ်ခု ရှိတယ် ၊ ဂိုဏ်းချုပ်... အဲ့ဒီမှာ သွားရောင်းလို့ ရပါတယ်... ပြီးတော့ သူတို့က ဘယ်သူဘယ်ဝါ ဆိုတာ ဂရုမစိုက်ဘူး... ပစ္စည်းကိုပဲ ကြည့်တာ..."
ယဲ့ဖုန်း မိုယင်ကို စိတ်ဝင်တစား ကြည့်လိုက်မိ၏။
'ဒီကောင်မလေးက တကယ့် ပရိုကြီးပါလား... ဘာလုပ်ရမယ်ဆိုတာ အကုန် သိနေတယ်...'
ဒါတွေကို မြန်မြန် ရှင်းထုတ်လိုက်တာ ကောင်းမယ်...
ယဲ့ဖုန်း ဆုံးဖြတ်လိုက်သည်။
ကျောက်တာကျန်း ၏ ဝိညာဉ်ဓားက ကောင်းပေမယ့်၊ ထုတ်သုံးလိုက်လျှင် မသမာသူတွေ သတိထားမိသွားနိုင်၏။
မိုယင် အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်သည်။
"မိုးချုပ်နေပြီ... မနက်ဖြန် မနက်စောစောမှ သွားလို့ ရမယ်..."
"ကောင်းပြီလေ..."
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ဦး မသိလိုက်သည်မှာ... မီတာအနည်းငယ် အကွာအဝေးရှိ ချောက်ကမ်းပါးစွန်းတွင် ပုရွက်ဆိတ်ဖြူကြီး တစ်ကောင် ပုန်းအောင်းနေခြင်းပင်။
"ဒီ သေမျိုးတွေ ထွက်သွားတာကို စောင့်နေတာ (၃) ရက် ရှိပြီ... ဘယ်တော့မှ အခွင့်အရေး ရမလဲ မသိဘူး..." အသွင်ပြောင်း သားရဲ စိတ်မရှည် ဖြစ်နေရသည်။
သို့သော်၊ လွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဖုန်း အကြောလျှော့ရင်း ကန်လိုက်တာကို ပြန်တွေးမိတိုင်း... ဒီဂိုဏ်းချုပ်က သာမန် မဟုတ်ဘူးဟု ခံစားနေရသည်။
သို့ကြောင့် အနားမကပ်ရဲပေ။
နောက်တစ်နေ့ မနက် အာရုဏ်မတက်မီ...
ကောင်းကင်ကြီး မလင်းသေးခင်မှာပင် ယဲ့ဖုန်းနှင့် မိုယင်တို့သည် 'လေညှင်းစီး ဓားပျံ' ပေါ် တက်လိုက်ကြပြီး အရှေ့ဘက် မီးရှူးတိုင်မြို့ဆီသို့ ဦးတည် ထွက်ခွာသွားကြလေ၏။
မူလကတော့ ယဲ့ဖုန်းက သံလက်သည်း နဂါးလင်းယုန်ကို စီးသွားမလို့ပင်။ မိုင် (၄၀၀) ခရီးကို မိုယင်၏ ဓားပျံစီးပြီး အသွားအပြန် လုပ်ရတာ ပင်ပန်းလွန်းသည်လေ။
သို့သော်၊ လင်းယုန်ကြီးက ထင်ပေါ်လွန်းနေ၏။
နောက်ဆုံးတော့ ဘေးကင်းဖို့အတွက် ဓားပျံနှင့်ပသာ သွားဖို့ ဆုံးဖြတ်လိုက်ကြ၏။ နေ့ချင်းပြန် ခရီးစဉ် ဖြစ်ဖို့ မျှော်လင့်ရပါသည်။
"ဟေး... ဟိုနှစ်ယောက် ထွက်သွားကြပြီ... ငါ့ အခွင့်အရေး ရောက်လာပြီ..."
အမြဲ စောင့်ကြည့်နေသော အသွင်ပြောင်း သားရဲသည် ယဲ့ဖုန်း ထွက်သွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာလေ၏။
—----
“ဝီ..ဝီ..ဝီ”
လမ်းခရီးတွင်...၊
ဓားပျံ၏ အမြန်နှုန်း သိသိသာသာ မြန်ဆန်လာကြောင်း ယဲ့ဖုန်း သတိထားမိလိုက်သည်။ လူနှစ်ယောက်တည်း စီး၍ ဖြစ်မည်။
"ဒီအရှိန်နဲ့ဆိုရင်... မီးရှူးတိုင်မြို့ကို တစ်နာရီ အတွင်း ရောက်လောက်တယ်..." မိုယင်က ရှေ့ဆုံးက ရပ်ပြီး ဓားကို ထိန်းချုပ်ရင်း ပြောလိုက်သည်။
"မြန်သားပဲ..."
ယဲ့ဖုန်း ချီးကျူးလိုက်သည်။
တစ်စက္ကန့်ကို (၁၀) မီတာလောက် သွားနေခြင်း ဆိုတော့ တကယ် မြန်သည်ပေါ့။ အဓိကကတော့ ဖြတ်လမ်းက သွား၍ ရတာ အဆင်ပြေသည်
"ဒါပေမယ့် ဒါက အကောင်းဆုံး အခြေအနေမှာ ပြောတာပါ... လက်ရှိ ဝိညာဉ်စွမ်းအင်နဲ့ ဆိုရင် တစ်နာရီ ဆက်တိုက် ပျံဖို့ မဖြစ်နိုင်ဘူး..."
မိုယင်၏ စကားက ယဲ့ဖုန်း ခေါင်းပေါ် ရေအေးနှင့် လောင်းချလိုက်သလိုပါပင်။
"ဝိညာဉ်စွမ်းအင် ဖြည့်ဖို့ ဘယ်လောက် လိုမလဲ..." ယဲ့ဖုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) တုံး ထုတ်ပေးလိုက်သည်။
လမ်းခရီးမှာ အချိန်မကြာစေချင်ဘူးလေ။ ဝိညာဉ်ကျောက်တုံး နည်းနည်း ကုန်တာက ကိစ္စမရှိပါဘူး။ ပစ္စည်းတွေ ရောင်းပြီးရင် ပြန်ရမှာပဲဟာ။
"မိုင် (၂၀၀) ပျံဖို့ဆိုရင်... ဝိညာဉ်ကျောက်တုံး (၃) တုံး လိုပါတယ်..." မိုယင်က (၃) တုံးပဲ ယူပြီး တိတ်ဆိတ်သွားသည်။
ကီလိုမီတာ (၁၀၀) အတွက် ဆီဖိုးက ဝိညာဉ်ကျောက်တုံး (၃) တုံးတောင် ကုန်တာလား…
ယဲ့ဖုန်း စိတ်ထဲကနေ တွက်ချက်ရင်း ကျန်သည့် (၂) တုံးကို ပြန်သိမ်းလိုက်သည်။
ကျန် ခရီးစဉ် တစ်လျှောက်လုံး မိုယင်က ဓားပျံကို ပုံမှန်အရှိန်နှင့် ထိန်းချုပ် မောင်းနှင်နေပြီး၊ ယဲ့ဖုန်းကတော့ ပျင်းရိစွာနှင့် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေ၏။
မိုင် (၅၀) ရောက်တိုင်း မိုယင်က ဝိညာဉ်ကျောက်တုံး တစ်တုံး ထုတ်ပြီး စွမ်းအင် ဖြည့်တင်းရသည်။
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်း မကြာခင် ပြန်မလာနိုင်မှန်း သေချာသွားတော့၊ အသွင်ပြောင်း သားရဲသည် ဂါထာရွတ်ပြီး ခြင်ဖြူကောင်လေး အဖြစ် ပြောင်းလဲလိုက်သည်။ သံလက်သည်း နဂါးလင်းယုန်၏ နားနားသို့ တိုးကပ်သွားလေ၏။
"ဝီ..."
မျက်လုံးမှိတ် အနားယူနေသော လင်းယုန်ကြီးသည် နားနားတွင် စိတ်အနှောင့်အယှက် ဖြစ်စရာ ခြင်သံ ကြားလိုက်ရသည်။
"ဖြောင်း..."
အတောင်ပံ တစ်ချက် ခတ်လိုက်ရာ၊ ခြင်ကောင် (အသွင်ပြောင်း သားရဲ) ခမျာ လွင့်စင်ထွက်သွားပြီး ဘယ်နားရောက်သွားမှန်း မသိတော့ပေ။
"သောက်ကျိုးနည်း..."
အသွင်ပြောင်း သားရဲ ပြန်လာခဲ့သည်။ ဒီတစ်ခါ ပုရွက်ဆိတ် အသွင်ပြောင်းပြီး လင်းယုန်ကြီး နားထဲ ဝင်ဖို့ ကြိုးစားပြန်သည်။
သို့သော်၊ မရောက်ခင်မှာပဲ လင်းယုန်ကြီးက ယားသလို ခံစားရ၍ အတောင်ပံ ခါလိုက်ပြန်ရာ၊ အသွင်ပြောင်း သားရဲ ထပ်လွင့်သွားပြန်သည်။
"ငါ မယုံနိုင်ဘူးကွာ..."
အသွင်ပြောင်း သားရဲ ဇွဲမလျှော့ပေ။
သို့တိုင်၊ ဘယ်အကောင်ပဲ ပြောင်းပြောင်း လင်းယုန်ကြီး အနားကို ကပ်၍၊ မရခဲ့ပေ။
သူ့ခမျာ စိတ်ပျက်လွန်း၍ မျက်နှာတောင် စိမ်းသွားရရှာသည်။
ထိုအချိန်တွင်... ဝိညာဉ်ကျောက်တုံး (၃) တုံး ကုန်ပြီးနောက်၊ ယဲ့ဖုန်းနှင့် မိုယင်တို့သည် အနီရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရှေးဟောင်းမြို့တော်ကြီး တစ်ခု၏ အရှေ့သို့ ရောက်ရှိလာကြ၏။
ဒါ မီးရှူးတိုင်မြို့ ပေါ့။
မကြာသေးခင်က နတ်ဆိုးတွေ သောင်းကျန်းထား၍ မြို့လူဦးရေက (၁) သိန်းကျော်မှ (၁) သိန်းအောက် လျော့ကျသွားခဲ့၏။ လမ်းပေါ်မှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသည်။
ယဲ့ဖုန်းနှင့် မိုယင်တို့သည် အနက်ရောင် ဝတ်စုံများ လဲဝတ်ပြီး ခမောက်ဆောင်းကာ မြို့ထဲသို့ ဝင်ရောက်လာကြ၏။
မိုယင်က လမ်းကြောင်းကျွမ်းကျင်သဖြင့် ယဲ့ဖုန်းကို စုတ်ပြတ်နေသော ကုန်စုံဆိုင်တစ်ခုသို့ ခေါ်သွားပြီး၊ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် မှောင်မိုက်သော မြေအောက်စင်္ကြံလမ်းသို့ ဝင်ရောက်သွားကြလေသည်။
စင်္ကြံလမ်း ဘေးတစ်ဖက်တစ်ချက်တွင် ဆိုင်ခန်းများစွာ ဖွင့်လှစ်ထားပြီး၊ နတ်ဆိုးသားရဲ ပစ္စည်းများ၊ ဆေးဝါးများ၊ ဝိညာဉ်ဆေးပင်များ စသည်တို့ကို ရောင်းချနေကြ၏။ ဆိုင်ရှင်တိုင်းသည် ယဲ့ဖုန်းတို့လိုပင် အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားကြသည်။
မိုယင်သည် စင်္ကြံလမ်းတွင် အချိန်မဖြုန်းဘဲ ယဲ့ဖုန်းအား "ဝူရွှမ်ဆောင်" အမည်ရှိ ဆိုင်တစ်ဆိုင်သို့ တန်းတန်းမတ်မတ် ခေါ်သွားလေ၏။
"ဟေး... ဧည့်သည် ရောက်လာတာပဲ... ဝယ်မလို့လား... ရောင်းမလို့လား..."
ဝတ်ရုံလွှမ်းခြုံထားသော ဝဝတုတ်တုတ် လူတစ်ယောက် ထွက်လာပြီး မေးလိုက်သည်။
ထိုလူ၏ ဝတ်ရုံပေါ်တွင် ဝိညာဉ်စွမ်းအင် အလွှာပါးလေး တစ်ခု ရှိနေကြောင်း ယဲ့ဖုန်း သတိထားမိလိုက်သည်။ ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်သော်လည်း အရောင်စုံ ဖြစ်နေသဖြင့် ကျင့်ကြံခြင်းအဆင့်ကို ခွဲခြား၍ မရနိုင်ပေ။
ထိုအချိန်တွင် မိုယင်က သူ့ကို ကြည့်နေသည်ကို တွေ့ရသဖြင့် ယဲ့ဖုန်း ပြောလိုက်သည်။
"အရင် ရောင်းမယ်... ခင်ဗျားဆီမှာ ပစ္စည်းကောင်း ရှိရင်တော့ ဝယ်ချင် ဝယ်မယ်..."
"ကောင်းပါပြီဗျာ..."
ဝူရွှမ်ဆောင် ပိုင်ရှင်က တဟီးဟီး ရယ်မောလိုက်ပြီး တံခါးပိတ်လိုက်လေ၏။
"ကဲ... ရောင်းချင်တဲ့ ပစ္စည်းတွေ ထုတ်ပြပါဦး…”
အခန်း (၄၄) - ဝူရွှမ်ဆောင်နှင့် လိုက်လံစောင့်ကြည့်သူများ
~"ဒုန်း..."
ယဲ့ဖုန်းသည် ကြက်နတ်ဆိုးများ၏ လက်သည်းများကို သစ်သားစားပွဲပေါ်သို့ ပစ်ချလိုက်ရာ စားပွဲမျက်နှာပြင်သည် အလေးချိန်ကြောင့် ကွေးညွတ်သွားလေ၏။
"အကုန် ကြက်နတ်ဆိုး
လက်သည်းတွေချည်းပါလား... အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် (၁) စုံ... အဆင့်နိမ့် နတ်ဆိုးစစ်သည်အဆင့် (၁၄) စုံ... တွက်ကြည့်လိုက်ဦးမယ်... အလယ်အဆင့်က (၅) တုံး... အဆင့်နိမ့်က (၂) တုံး... စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၃၃) တုံး ကျသင့်ပါတယ်..."
ဝူရွှမ်ဆောင် ဆိုင်ရှင်သည် ပုတီးစိပ်ခုံကို ထုတ်ယူကာ ချက်ချင်း တွက်ချက်လိုက်ပြီး ရလဒ်ကို ကြေညာလိုက်လေ၏။
ဝိညာဉ်ကျောက်တုံး (၃၀) ကျော် ဆိုသည်မှာ မနည်းလှသဖြင့် ယဲ့ဖုန်း အံ့သြသွားပြီး အသံထုတ်၍ ချီးကျူးလိုက်မိ၏။ "မဆိုးဘူးပဲ..."
ထို့နောက် သစ်ပင်နတ်ဆိုး၏ သစ်လုံးနှလုံးသား (၇) ခုကို စားပွဲပေါ် တင်လိုက်ရာ၊ တစ်ခုစီမှ ဖျော့တော့သော အစိမ်းရောင် ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။
"အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် (၆) ခု... အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် (၁) ခု... ဟာ... ဒါ ပိုက်ဆံ အများကြီး ရမှာပဲ..."
သု့စကားကြောင့်၊ ဝူရွှမ်ဆောင် ဆိုင်ရှင်၏ မျက်နှာပေါ်တွင် ရယ်စရာကောင်းသော အပြုံး တစ်ခု ပေါ်လာသည်။
"အဆင့်မြင့်က (၃၀) တုံး... အလယ်အဆင့်က (၁၀) တုံး... စုစုပေါင်း (၉၀) တုံး ကျပါတယ်..."
"ကြက်နတ်ဆိုး လက်သည်းနဲ့ ဈေးက ဒီလောက်တောင် ကွာသလား..." ယဲ့ဖုန်း အံ့သြသွားသည်။
အလယ်အဆင့် ကြက်နတ်ဆိုး လက်သည်းက (၅) တုံးပဲ တန်ပြီး၊ အလယ်အဆင့် သစ်ပင်နတ်ဆိုး နှလုံးသားက (၁၀) တုံးတောင် တန်တာကိုး။
"ဒါပေါ့ဗျာ... ပစ္စည်းမတူရင် တန်ဖိုးလည်း မတူဘူးလေ၊ ဟားဟားဟား..."
ဝူရွှမ်ဆောင် ဆိုင်ရှင်က တဟားဟား ရယ်မောလိုက်သည်။
"လူကြီးမင်း... ရောင်းစရာ ရှိသေးလားဗျ..."
တစ်နေ့တည်းနှင့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော်ဖိုး အရောင်းအဝယ် ဖြစ်တာက သူ့အတွက် အတော်ကြီးမားသော အလုပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယဲ့ဖုန်းအပေါ် ဆက်ဆံပုံ ပိုကောင်းလာလေ၏။
"ချွင်.."
ယဲ့ဖုန်းသည် ကျောက်တာကျန်း၏ ဝိညာဉ်ဓားကို စားပွဲပေါ် ပစ်တင်လိုက်ပြီး၊ အနီရင့်ရောင် ဆေးပုလင်းငယ်ကိုပါ ဘေးနားတွင် ချထားလိုက်သည်။
"ဒါတွေ အကုန် ရောင်းမယ်..."
ဒီပစ္စည်းတွေက ကျောက်တာကျန်းဆီက ရထားတာ ဖြစ်၍ မသုံးရဲပါ။ ဝိညာဉ်ကျောက်တုံးနှင့် လဲလိုက်တာက ပိုစိတ်ချရပါသည်။
"ဒါ အဆင့်နိမ့် ဝိညာဉ်လက်နက် 'မီးဝိညာဉ် ဓားပျံ' ပါလား... မူရင်းဈေးက ဝိညာဉ်ကျောက်တုံး (၁၈၀) လောက် ရှိတယ်... ဒါပေမယ့် လူတိုင်း အစွမ်းကုန် ထုတ်သုံးဖို့ ခက်ခဲတဲ့အတွက်... ပြန်ဝယ်တာဆိုတော့ (၁၅၀) လောက်ပဲ ပေးနိုင်မယ်..."
ဝူရွှမ်ဆောင် ဆိုင်ရှင်က ချက်ချင်း ဈေးဖြတ်လိုက်သည်။
"ကောင်းပါပြီ..."
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
"ပူနေတဲ့ ပစ္စည်း" (ခိုးရာပါပစ္စည်း) ဖြစ်နေတာမို့ ဈေးနှိမ်ခံရတာ ပုံမှန်ပါပင်။
ဝူရွှမ်ဆောင် ဆိုင်ရှင်က ဆေးပုလင်းကို ယူပြီး အနံ့ခံကြည့်လိုက်သည်။
"ဒါ အဆင့်နိမ့် 'မီးဝိညာဉ် ချီဆေးလုံး' တွေပဲ... မီးသိုင်းပညာတွေရဲ့ အစွမ်းကို တိုးမြှင့်ပေးနိုင်တယ်... (၇) လုံး ရှိတော့ (၁၄) တုံး ပေးပါမယ်..."
"ရတယ်... အဲ့ဒီလောက်ပဲ ရောင်းမယ်ဗျ..." ယဲ့ဖုန်း ကျေနပ်သွားသည်။
"စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၈၇) တုံး ကျသင့်ပါတယ်... အလယ်အဆင့် ဝိညာဉ်ကျောက်တုံး (၂) တုံးနဲ့ အဆင့်နိမ့် (၈၇) တုံး ပေးပါ့မယ်..."
ဝူရွှမ်ဆောင် ဆိုင်ရှင်က အိတ်ငယ်လေး တစ်လုံးကို စားပွဲပေါ် တင်ပေးလိုက်သည်။
ယဲ့ဖုန်း ဖွင့်ကြည့်လိုက်ရာ အဆင့်နိမ့် ကျောက်တုံးများထက် အဆ (၁၀၀) ခန့် ပိုမို ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရှားပါး အလယ်အဆင့် ဝိညာဉ်ကျောက်တုံး (၂) တုံးကို တွေ့လိုက်ရသည်။
"လူကြီးမင်းတို့... ဘာဝယ်ချင်ပါသေးသလဲ..."
ဝူရွှမ်ဆောင် ဆိုင်ရှင်က မေးလိုက်သည်။
ထိုအခါ၊ ယဲ့ဖုန်း ပြန်မေးလိုက်၏။
"ဒီမှာ ဘာပစ္စည်းကောင်းတွေ ရှိလဲ..."
ဆိုင်ရှင်က ပြုံးလိုက်ပြီး နောက်ဘက်ရှိ အနက်ရောင် လိုက်ကာကြီးကို မလိုက်ရာ၊ (၂) မီတာခန့် မြင့်မားသော စင်ကြီးတစ်ခု ပေါ်လာသည်။ ပစ္စည်းမျိုးစုံ တင်ထားသည်။
ဝိညာဉ်လက်နက်များ၊ အဆောင်လက်ဖွဲ့ စာရွက်များ၊ ဆေးဝါးများ၊ ကုန်ကြမ်းပစ္စည်းများ၊ ဝိညာဉ်ဆေးပင်များ၊ ရုပ်သေးရုပ်များ စသည်ဖြင့် မျက်စိကျိန်းလောက်အောင် စုံလင်လှသည်။ ပစ္စည်းပေါင်း (၃၀၀) ကျော် ရှိသည်။
"အခင်းအကျင်းတွေ မရှိဘူးလား..."
ယဲ့ဖုန်းက ဂိုဏ်းချုပ် ပထမအဆင့် တာဝန် ဆုလာဘ်ထဲမှာ ပါသော 'အသေးစား ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း' ကို သတိရသွား၍ မေးလိုက်ခြင်းပါ။ မြူခိုးဂိုဏ်းမှာ အခင်းအကျင်း မရှိသေးပါ။
ထိုမေးခွန်းကြောင့် မိုယင်ရော ဆိုင်ရှင်ပါ အံ့သြသွားကြ၏။
"ဟားဟား... လူကြီးမင်းက နောက်တတ်သားပဲ... အညံ့ဆုံး အသေးစား အခင်းအကျင်းတောင် ဝိညာဉ်ကျောက်တုံး (၅၀၀) လောက် ပေးရတာ... ဒီလို မှောင်ခိုဈေးကွက်မှာ ဘယ်ရှိပါ့မလဲ... ဆိုင်ကြီးကနားကြီးတွေမှာ သွားဝယ်မှ ရမှာ..."
ဆိုင်ရှင်က ခေါင်းခါလိုက်သည်။
"ဒါဆို ဆေးဝါးပဲ ဝယ်မယ်..."
ယဲ့ဖုန်း စင်ပေါ်က ပစ္စည်းတွေကို ကြည့်ပြီး 'အဆင့်နိမ့် ကုသရေး ချီဆေးလုံး' (၁၀) လုံးပါ တစ်ပုလင်း ရွေးလိုက်သည်။ ဆိုင်ရှင်က (၁၀) ရာခိုင်နှုန်း လျှော့ပေးလိုက်၍ (၄၅) တုံးသာ ကျပါသည်။
ထို့နောက် 'အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး' (၁၀) လုံးပါ တစ်ပုလင်းကို (၅၀) တုံး ပေးပြီး ထပ်ဝယ်လိုက်ပြန်သည်။
မပြန်ခင်မှာ ယဲ့ဖုန်းက အံကြိတ်ပြီး 'နက်မှောင်သော လိပ်ခွံဒိုင်း' ဆိုသည့် ကာကွယ်ရေး ဝိညာဉ်လက်နက် တစ်ခုကို (၁၅၀) ပေးပြီး ဝယ်လိုက်သည်။
ဆိုင်ရှင် ပြောတာတော့ နှစ် (၃၀၀) သက်တမ်း ရှိသော လိပ်ကြီး၏ အခွံနှင့် လုပ်ထားသည်တဲ့။ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် အောက်က ဘယ်သူမှ တစ်ချက်တည်းနှင့် မခွဲနိုင်ဘူး ဆိုပင်။
ဒီလိုနှင့် ရထားသော ဝိညာဉ်ကျောက်တုံးတွေထဲက (၄၂) တုံးပဲ ကျန်တော့၏။ ယဲ့ဖုန်း ရင်ထဲ နာကျင်သွားရရှာသည်။
"လစ်ကြစို့..."
ယဲ့ဖုန်းသည် ဆေးပုလင်း (၂) လုံးနှင့် လက်ဖဝါးလောက်ထိ သေးငယ်သွားသော လိပ်ခွံဒိုင်းကို သိမ်းဆည်းလိုက်ပြီး၊ မိုယင်နှင့်အတူ ထွက်ပြေးရန် ပြင်လိုက်သည်။
အခု မထွက်လျှင် ဒီနေ့ ပိုက်ဆံ ကုန်တော့မည်ဟု ခံစားနေရသည်လေ။
…လမ်းစရိတ် ဖယ်လိုက်ရင်... ဒီတစ်ခေါက် အမြတ်က (၃၀) ကျော်ပဲ ကျန်တော့တာလား... ဘုရားရေ…
ယဲ့ဖုန်း စိတ်ထဲကနေ ညည်းတွားလိုက်မိ၏။
သို့သော်၊ မထွက်ခင် ယဲ့ဖုန်း မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ပြန်လှည့်မေးလိုက်သည်။
"ဒီမှာ ဝိညာဉ်ခန္ဓာကိုယ်တွေ လက်ခံလား..."
ဝူရွှမ်ဆောင် ဆိုင်ရှင် ကြောင်သွားသည်။
"ဒီမှာတော့ လက်မခံဘူး... ဒါပေမယ့် လိုချင်တဲ့ ဖောက်သည်တစ်ယောက်တော့ ရှိတယ်... ဒီလိုလုပ်ပါလား... နောက် (၇) ရက်နေရင် ဒီမှာပဲ တွေ့ဆုံဖို့ စီစဉ်ပေးမယ်လေ..."
"ဈေးကရော..." ယဲ့ဖုန်း မေးလိုက်သည်။
ဈေးမကောင်းလျှင် နှစ်တစ်ရာ သစ်ပင်နတ်ဆိုး၏ ဝိညာဉ်ခန္ဓာကိုယ်ကို မရောင်းချင်ပါ။
"ဘယ်အဆင့်လောက် ရှိလဲ..." ဟု ဆိုင်ရှင်က မေးလာသည်။
"အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်ပါ..." ယဲ့ဖုန်း ဖြေလိုက်သည်။
သူ တမင်တကာ သတင်းနည်းနည်း ပေးလိုက်ခြင်းပါ။ ဆိုင်ရှင်က သတင်းဖြန့်မှာ မပူပါ။ ဒီလိုဆိုင်မျိုးတွေက ဂုဏ်သတင်းကို တန်ဖိုးထားကြသည်လေ။ မဟုတ်လျှင် စီးပွားရေး လုပ်၍ မရနိုင်ပေ။
ဆိုင်ရှင် မျက်လုံးတွေ အရောင်တောက်သွားသည်။
"ဝိညာဉ်ကျောက်တုံး (၁၀၀) အထက် ရနိုင်ပါတယ်... အတိအကျကိုတော့ လူကြီးမင်းတို့ချင်း ဆွေးနွေးမှ ရမယ်... ကျွန်တော် အာမခံနိုင်တာကတော့ ဒီထက် မလျော့စေရပါဘူး... ဒါပေမယ့် ကျွန်တော့်ဆိုင်က ပွဲခ (၁၀) ရာခိုင်နှုန်း ယူပါမယ်... ဟိုဘက်က ရှင်းပါလိမ့်မယ်..."
"ကောင်းပြီလေ..."
ယဲ့ဖုန်း ခေါင်းညိတ်လိုက်သည်။
မကြာမီ သူနှင့် မိုယင်တို့သည် မြေအောက်စင်္ကြံလမ်းမှ ထွက်ခွာလာပြီး မီးရှူးတိုင်မြို့ လမ်းမပေါ်သို့ ရောက်ရှိလာကြ၏။
"ဂိုဏ်းချုပ်... သတိထားမိလား... ဝိညာဉ်ကျောက်တုံး ရှာရတာ ခက်ပေမယ့်... သုံးရတာက အရမ်း လွယ်တယ်နော်..." မိုယင် ရုတ်တရက် မေးလိုက်သည်။
ယဲ့ဖုန်း (၂) စက္ကန့် လောက် ကြောင်အသွားပြီးမှ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်..."
အပြင်းအထန် တိုက်ခိုက်ပြီးမှ ရလာသည့် ပစ္စည်းတွေကို ရောင်းလိုက်၍ (၂၀၀) ကျော် သည်က... ခဏလေးနှင့် ကုန်သွားပြီး (၄၀) ကျော်သာ ကျန်တော့၏။
ပိုက်ဆံကုန်တာ မြန်လိုက်တာ... ရင်နာစရာကြီး။
သို့သော် ယဲ့ဖုန်း တစ်ခုခု သတိရသွားသည်။
"မင်းက မှောင်ခိုဈေးကွက်ကို ဒီလောက် ကျွမ်းကျင်နေတာ... ဂိုဏ်းဝင်ကြေး ပေးတုန်းကလည်း တောထဲမှာ နတ်ဆိုးတွေ သတ်ပြီး ဒီဆိုင်မှာ လာရောင်းခဲ့တာ မဟုတ်လား..."
"ဟုတ်ပါတယ်..." မိုယင် ဝန်ခံလိုက်သည်။
"ငါ ထင်သားပဲ... အလကားရတာ ဘာမှ မရှိပါဘူး... ဝမ်းစာအတွက်ဆိုရင် တကယ် ကြိုးစားရတာပါလား..."
ယဲ့ဖုန်း ခေါင်းနောက်ပစ်ပြီး လမ်းလျှောက်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။
ဒါကို ကြားတော့ မိုယင် ရယ်ချင်သွားသည်။
သူတို့နှစ်ဦး မသိလိုက်သည်မှာ... မီးရှူးတိုင်မြို့မှ ထွက်ခွာလာချိန်တွင် အနက်ရောင် ဝတ်စုံဝတ် လူအချို့ နောက်ယောင်ခံ လိုက်ပါလာခြင်းပင် ဖြစ်သည်။
ဓားပျံပေါ်တွင်...၊
ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံး (၅) တုံးကို မိုယင်အား ကမ်းပေးလိုက်သည်။ "ရော့... မင်းရဲ့ လမ်းစရိတ်..."
မိုယင် စကားမပြောနိုင် ဖြစ်သွားသည်။ "ကျွန်မက မြူခိုးဂိုဏ်းသားလေ... ဂိုဏ်းချုပ်ကို လိုက်ပို့ပေးတာပဲ... ဘယ်လိုလုပ် လမ်းစရိတ် တောင်းရဲမှာလဲ..."
"ယူလိုက်ပါ..."
ယဲ့ဖုန်း တိုက်တွန်းလိုက်သည်။ "နောက်ဆိုရင် ငါ ပိုက်ဆံတွေ အများကြီး ရှာပြီး... တပည့်တိုင်းကို တစ်လ (၅) တုံး ပေးမယ်... ဟင့်အင်း... မဟုတ်သေးဘူး... ငါက သဘောကောင်းတဲ့ သူဌေး ဖြစ်ချင်တာ... (၂) ဆ ပေးမယ်... ဒါမှ ပျော်ရွှင်မှုကလည်း (၂) ဆ ရမှာလေ..."
မိုယင် ဘာကြောင့်မှန်း မသိပေမယ့်... သူ၏ ထူးဆန်းပြီး ရယ်စရာကောင်းသော စကားတွေကြောင့် ရယ်ချင်စိတ် ဖြစ်ပေါ်လာမိလေတော့၏။
အခန်း (၄၅) - နတ်ဆိုးဗိုလ်ချုပ်များ၏ တိုက်ပွဲနှင့် ရှဲ့ကွမ်းစခန်း ခေါင်းဆောင်
~သို့သော် ကြည်နူးစရာ အခိုက်အတန့်လေးများမှာ ခဏတာမျှသာ ဖြစ်၏။
ယဲ့ဖုန်းနှင့် မိုယင်တို့သည် မီးရှူးတိုင်မြို့မှ မိုင် (၃၀) ခန့် ထွက်ခွာလာပြီးချိန်တွင်၊ အောက်ဘက်ရှိ သစ်တောအုပ်ကြီးထဲမှ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါကြီး နှစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာလေ၏။
ကြမ်းတမ်းသော လေစီးကြောင်းများက သူတို့ထံသို့ ဝင်ရောက်လာသဖြင့်၊ မိုယင်သည် ဓားပျံကို အလျင်အမြန် ကွေ့ရှောင်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ခြုံခိုတိုက်ခိုက်မှုကို လွတ်မြောက်သွားလေ၏။
"ဝုန်း..."
မီတာပေါင်းများစွာ မြင့်မားသော သစ်ပင်ကြီးများသည် စက်ဝိုင်းပုံစံ လဲကျကုန်ကြပြီး၊ ပတ်ဝန်းကျင် မီတာပေါင်းများစွာ အကွာအဝေးအထိ ပျက်စီးသွားလေသည်။ နားအူသော အသံကြီးများ ထွက်ပေါ်လာ၏။
ယဲ့ဖုန်းနှင့် မိုယင်တို့သည် ဓားပျံပေါ်တွင် ရပ်လျက် မီတာ (၁၀၀) အမြင့်မှ ငုံ့ကြည့်လိုက်ကြရာ၊ လဲကျနေသော သစ်ပင်များအလယ်တွင် ဧရာမ သတ္တဝါကြီးနှစ်ကောင် အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
တစ်ကောင်မှာ အတောင်ပံနှစ်ဖက် ပါရှိသော ဧရာမ မိကျောင်းကြီး ဖြစ်သည်။ အရှည် (၁၀) မီတာကျော် ရှိသော်လည်း၊ ကိုယ်ထည် ကြီးမားလွန်းသဖြင့် ပျံသန်းနိုင်ခြင်း မရှိပေ။
အခြားတစ်ကောင်မှာ အစွယ်ရှည် ရူးသွပ်ဝက်ကြီး ဖြစ်သည်။ (၃) မီတာခန့် မြင့်မားပြီး ဆင်တစ်ကောင်ကဲ့သို့ ကြံ့ခိုင်သန်မာသည်။ (၃) မီတာခန့် ရှည်လျားသော အစွယ်ကြီး နှစ်ချောင်းဖြင့် ထိုးလိုက်လျှင် မိကျောင်းကြီးကိုပင် လွင့်စင်သွားစေနိုင်လေ၏။
"နတ်ဆိုးဗိုလ်ချုပ် အဆင့်တွေပါလား..."
မိုယင်၏ မျက်နှာထား လေးနက်သွားသည်။
ယဲ့ဖုန်းသည် အဆင့်အတိအကျ မခွဲခြားတတ်သော်လည်း၊ တစ်ကောင်စီက အစ်ကိုကြီး ခေါင်းပြား (၁၀၀) လောက်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ခန့်မှန်းမိလေ၏။
"သန်မာလိုက်တာ... ဒါ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် နဲ့ ညီမျှတဲ့ နတ်ဆိုးဗိုလ်ချုပ် အစွမ်းလား... တကယ် ကြောက်စရာ ကောင်းတာပဲ... ငါသာ သူတို့နဲ့ တွေ့ရင် လှည့်ပြေးရမှာ သေချာတယ်..." ယဲ့ဖုန်း အံ့သြစွာ ရေရွတ်လိုက်မိ၏။
"အဲ့ဒါ အစွယ်ရှည် ရူးသွပ်ဝက်ကြီး နဲ့ အတောင်ပံပါ မိကျောင်းကြီး ပဲ... ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတယ်... နှစ်ကောင်စလုံး နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်အဆင့် ရောက်နေကြပြီလို့ ပြောကြတယ်... ပုံမှန်ဆို ထွက်လာလေ့ မရှိပါဘူး... ဒီနေ့မှ ဘယ်လိုလုပ်ပြီး လာတွေ့ရတာလဲ မသိဘူး..." မိုယင်၏ မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ ယဲ့ဖုန်း မမြင်လိုက်ပေ။
သူမသည် ဓားပျံကို ထိန်းချုပ်ပြီး လမ်းလွှဲသွားရန် ပြင်လိုက်လေ၏။
"ဝေါ..."
ထိုအချိန်တွင် ရူးသွပ်ဝက်ကြီးသည် နောက်သို့ မီတာပေါင်းများစွာ ဆုတ်သွားပြီး၊ အရှိန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်လိုက်ရာ မိကျောင်းကြီး၏ သွားတစ်ချောင်း ကျိုးပဲ့ထွက်သွားလေ၏။ ထိုသွားကြီးသည် ဓားတစ်လက်သဖွယ် ကောင်းကင်ယံရှိ ယဲ့ဖုန်းနှင့် မိုယင်တို့ဆီသို့ ပျံသန်းလာနေသည်။
"သတိထား..."
ယဲ့ဖုန်းသည် မိုယင်ကို တွန်းထုတ်လိုက်ပြီး၊ ပေဝက်ခန့် ရှည်လျားသော သွားကြီးကို လက်နှစ်ဖက်ဖြင့် ဖမ်းယူကာ ကာကွယ်လိုက်လေ၏။ တောဝက်ရိုင်း (၁၀) ကောင်လောက်နှင့် ဝင်တိုက်ခံရသလို ခံစားလိုက်ရပြီး၊ ဓားပျံပေါ်မှ ပြုတ်ကျသွားရရှာသည်။
"ဂိုဏ်းချုပ်..."
မိုယင်သည် ဓားပျံကို အမြန်ဆုံး ထိန်းချုပ်ပြီး လိုက်ဖမ်းလိုက်ရာ၊ ယဲ့ဖုန်းကို အချိန်မီ ဖမ်းမိလိုက်သည်။ ထို့နောက် သစ်ပင်ထိပ်ဖျားများကို ရှပ်တိုက်ပျံသန်းပြီး တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ဝေးရာသို့ အမြန်ဆုံး ထွက်ခွာလာခဲ့လေ၏။
မိုင်ပေါင်းများစွာ အကွာအဝေးတွင်...
မီတာရာပေါင်းများစွာ ကျယ်ဝန်းသော မြစ်ကမ်းပါးဘေး၌...
ဒါက ဖန်ဟွာမြစ် ဖြစ်ပါ၏။ တောင်ပိုင်းမြစ်ဝှမ်းဒေသ၏ မြစ်လက်တက် တစ်ခု ဖြစ်ပြီး၊ အနောက်မှ အရှေ့သို့ စီးဆင်းကာ မီးရှူးတိုင်မြို့ကို ဖြတ်သန်းသွားသည်။
မြစ်ကမ်းပါးအတိုင်း အနောက်ဘက်သို့ မိုင် (၁၀၀) ကျော် သွားပြီး၊ တောင်ဘက်သို့ မိုင်ပေါင်းများစွာ ဆက်ပျံသန်းလိုက်လျှင် မြူခိုးတောင်ထိပ်သို့ ရောက်ရှိပေလိမ့်မည်။
"အတောင်ပံပါ မိကျောင်းကြီးရဲ့ သွား ဆိုတော့ တော်တော် မာကျောတာပဲ... ဈေးကောင်း ရလောက်တယ်..." ယဲ့ဖုန်းသည် သွားကြီးကို ခေါက်ကြည့်လိုက်ပြီး သိမ်းဆည်းလိုက်သည်။ ထို့နောက်၊ မိုယင်ကို ကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံးများ အသုံးပြုပြီး စွမ်းအင် ပြန်ဖြည့်နေသည်ကို တွေ့လိုက်ရသည်။
"လူလာနေတယ်..."
ရုတ်တရက် မိုယင်သည် အခြား ကျင့်ကြံသူများ၏ အရှိန်အဝါကို အာရုံခံမိလိုက်ပြီး၊ တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်လေ၏။
ဤသို့ လူသူကင်းမဲ့သော တောထဲမှာ လူတွေ့တယ် ဆိုတာ... လုယက်သတ်ဖြတ်ချင်သူတွေ ဖြစ်ဖို့ များသည်လေ။
"ဟီးဟီး... နောက်ဆုံးတော့ မီပြီကွ..."
အနက်ရောင် ဝတ်စုံဝတ် လူ (၅) ယောက် သူတို့ကို ဝိုင်းထားလိုက်ကြ၏။ (၄) ယောက်က ချီစုစည်းခြင်း (၇) ဆင့်မြောက် ဖြစ်ပြီး၊ (၁) ယောက်က (၈) ဆင့်မြောက် ဖြစ်သည်။
မျက်နှာဖုံးစွပ်ထားပြီး ထူးဆန်းသော လက်နက်တစ်ခု ကိုင်ဆောင်ထားသည့် ထွားကျိုင်းသော လူကြီးက ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ လက်နက်မှာ ဓားငယ်လေး (၅) ချောင်း ပျံဝဲနေသော ချပ်ပြားဝိုင်းကြီး တစ်ခု ဖြစ်သည်။
"အစ်ကိုကြီး... ကြည့်ရတာ သာမန်လူ တစ်ယောက်နဲ့ ချီစုစည်းခြင်း (၆) ဆင့်မြောက်လောက် ရှိမယ့် မိန်းမလှလေး တစ်ယောက်ပါပဲဗျို့..." ကြက်ဖမောက် ဆံပင်ပုံစံနှင့် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်က ရယ်မောရင်း ပြောလိုက်သည်။
မိုယင်၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ကြည့်ပြီး၊ ရုပ်ဆိုးလျှင်တောင် ကိစ္စမရှိဘူးဟု သူ တွေးတောနေမိ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း စိတ်ထဲကနေ ချီးကျူးလိုက်မိ၏။
မိုယင်ရဲ့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်တဲ့ နည်းပညာက တော်တော် ကောင်းတာပဲ။ ဒီလူတွေကို လှည့်စားနိုင်ခဲ့တယ်။
"ဝိုင်းထားလိုက်..."
ခေါင်းဆောင်ဖြစ်သူက လက်ဝှေ့ယမ်းလိုက်ရာ၊ ချပ်ပြားဝိုင်းကြီးပေါ်မှ ဓားငယ် (၅) ချောင်းသည် ချက်ချင်း ပျံသန်းထွက်သွားပြီး ယဲ့ဖုန်းနှင့် မိုယင်ကို ဝိုင်းရံထားလိုက်ကြ၏။
ဤအခြေအနေမှာ ဓားပျံစီးပြီး ထွက်ပြေးလျှင်တောင်၊ ဤဓား (၅) ချောင်းထက် မြန်မှာ မဟုတ်ချေ။
"ဒါ အဆင့်နိမ့် ဝိညာဉ်လက်နက် 'မိခင်နှင့်ကလေး ဓား (၅) စင်း' ပဲ... လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး အရမ်း အန္တရာယ်များတယ်..."
မိုယင်က လက်နက်ကို မှတ်မိသွားပြီး ကပျာကယာ သတိပေးလိုက်လေ၏။
ယဲ့ဖုန်းက ထိုသို့ ကာကွယ်ရေး ဖောက်ထွင်းနိုင်သော လက်နက်တွေကို ခံနိုင်ရည် ရှိမရှိ သူမ မသေချာပါ။
ပြီးခဲ့သော တစ်ခေါက်တုန်းက သူမ၏ ဓားပျံနှင့် ယဲ့ဖုန်း၏ လက်ချောင်းကို လှီးဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။
"အို... ဒီမိန်းမလှလေးက ဗဟုသုတ စုံသားပဲ..."
ကြက်ဖမောက်နှင့် လူက ဓားမြောင် တစ်ချောင်း ကိုင်ဆောင်ရင်း ရယ်မောလိုက်သည်။
ကျန်တဲ့သူတွေလည်း သူတို့ရဲ့ ဝိညာဉ်လက်နက်တွေကို ထုတ်ပြလိုက်ကြ၏။ ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူတောင် တောင့်ခံနိုင်ဖို့ ခက်ခဲမည့် အင်အားမျိုး ဖြစ်သည်။
သို့သော် ယဲ့ဖုန်း မတုန်လှုပ်ပေ။
သည်လူတွေက သူ့ကို သာမန်လူဟု ထင်နေကြ၏။ ဒါကို အခွင့်ကောင်း ယူ၍ ရသည်။
"အစ်ကိုကြီး... စခန်း ခေါင်းဆောင်ကို စောင့်ဦးမလား..."ဟု ကြက်ဖမောက်က တိုးတိုးလေး ကပ်မေးလိုက်သည်။
"စောင့်မနေနဲ့တော့... ဒီမိန်းမလှလေးရဲ့ ချီပင်လယ်ကို အရင် ဖျက်ဆီးပစ်လိုက်... စခန်း ခေါင်းဆောင် ရောက်လာရင် ငါတို့ အလှည့် ရတော့မှာ မဟုတ်ဘူး..."
ပြောပြောဆိုဆိုနှင့်၊ ခေါင်းဆောင်က ချက်ချင်း လက်နက်ကို အသက်သွင်းလိုက်သည်။
“ဝီ…”
ဓား (၅) ချောင်းသည် လေထဲတွင် ဝဲပျံသွားပြီး မိုယင်၏ ချီပင်လယ်နှင့် ခြေလက်များထံ ပစ်လွှတ် တိုက်ခိုက်လိုက်လေ၏။
"ခွမ်း..."
သာမန်လူဟု ထင်ရသော ကောင်လေးက အစိမ်းရောင် အရာဝတ္ထုတစ်ခုကို ပစ်လိုက်ရာ၊ ချက်ချင်းပင် ဧရာမ ကြေးဝါရောင် ခေါင်းလောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓား (၅) ချောင်းလုံးကို လွင့်စင်သွားစေသည်ကို ဓားပြများ အံ့သြစွာ တွေ့လိုက်ရသည်။
"သာမန်လူက ဝိညာဉ်လက်နက် သုံးနိုင်တယ်လား..."
ဓားပြ (၅) ယောက်လုံး မျက်လုံးပြူးသွားကြ၏။
ပိုပြီး အံ့သြစရာ ကောင်းသည်က... ယဲ့ဖုန်းသည် (၁၀) မီတာ အကွာအဝေးကို ချက်ချင်း ရောက်ရှိသွားပြီး၊ လက်သီးတစ်ချက်တည်းဖြင့် ခေါင်းဆောင်ကို လွင့်စင်သွားစေခြင်းပင်။
"ချွမ်..."
မိုယင်လည်း အချိန်မဆွဲတော့ပေ။ အထွတ်အထိပ်အဆင့် 'တောက်ပသော ဓားအလင်း' သိုင်းပညာကို အသုံးပြုပြီး၊ ဓားပျံဖြင့် ကြက်ဖမောက်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းပစ်လိုက်သည်။
ထို့နောက် အဆင့်ကြီးအောင်မြင်မှု ရောက်နေသော 'ကျောဘက်မှ ဓားထိုးခြင်း' သိုင်းပညာကို သုံးကာ၊ မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး တတိယ ဓားပြ၏ နောက်ကျောတွင် ပေါ်လာကာ ဓားပျံဖြင့် ပိုင်းဖြတ်လိုက်လေ၏။
"ဒုတ်..."
တတိယ ဓားပြ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားသည်။
ကျန်သည့် နှစ်ယောက် ဦးရေပြားများ ထုံထိုင်းသွားကြ၏။
သူတို့ တိုက်ခိုက်ဖို့ ပြင်တုန်း ရှိသေး၊ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့ သေကုန်ကြပြီလား။
မိမိတို့ ပြန်ပြီး ဓားပြတိုက်ခံရသလို ခံစားလိုက်ရသည်။
"ပြေးကြ..."
"စခန်း ခေါင်းဆောင်ကို သွားတိုင်မယ်..."
ကျန်နှစ်ယောက် ထွက်ပြေးကြသော်လည်း၊ ယဲ့ဖုန်းက 'ဝိညာဉ်မူလ နာရီ' ကို ပစ်လွှတ်လိုက်ရာ တစ်ယောက်ကို ဖိမိပြီး သေဆုံးသွားစေသည်။
ကျန်တစ်ယောက်ကိုတော့ မိုယင်က ဓားပျံဖြင့် ခေါင်းဖြတ်သတ်လိုက်လေ၏။
ဤသို့ဖြင့် ဓားပြ (၅) ယောက်လုံး သေဆုံးသွားကြလေ၏။
ယခင် အတွေ့အကြုံအရ ယဲ့ဖုန်းသည် အလောင်းများကို လျှင်မြန်စွာ ရှာဖွေလိုက်ရာ၊ သူတို့၏ ဝိညာဉ်လက်နက်များမှလွဲ၍ ဘာမှ မရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် စိတ်ပျက်သွားသည်။
"ဓားပြတွေက လုယက်ဖို့ ထွက်လာရင် လက်နက်ကလွဲပြီး ဘာမှ သိပ်မယူလာတတ်ကြဘူး..."
မိုယင်က ဂိမ်းထဲက လမ်းညွှန်ပေးသူ (NPC) တစ်ယောက်လို ရှင်းပြလိုက်လေသည်။
"ဒါကြောင့် မွဲနေကြတာကိုး..."
ယဲ့ဖုန်း သဘောပေါက်သွားသည်။
သို့တိုင်၊ အဆင့်နိမ့် ဝိညာဉ်လက်နက် (၅) ခု ရလိုက်တာက မဆိုးပါ။ ပြဿနာက "စခန်း ခေါင်းဆောင်" လာနေသည် ဆိုတာပင်။
အလောင်းတွေကို မီးရှို့ဖို့ ပြင်နေတုန်းမှာပင်... သစ်တော အပေါ်ဘက်တွင် ပါးရိုးမြင့်မြင့်၊ မျက်လုံးခွက်ခွက်နှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦး ပေါ်ထွက်လာသည်။
ထိုသူသည် ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် အရှိန်အဝါများ ထုတ်လွှတ်နေပြီး၊ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားကာ၊ လက်တစ်ဖက်တွင် ဓား၊ အခြားလက် တစ်ဖက်တွင် ဓားမကြီး ကိုင်ဆောင်ထားသည်။ အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခုတောင် ပိုင်ဆိုင်ထားသူ ဖြစ်၏။
သူသည် ယဲ့ဖုန်းနှင့် မိုယင်တို့ဆီသို့ ဒေါသတကြီး ထိုးဆင်းလာပြီး အံကြိတ်ကာ ပြောလိုက်လေ၏။
“ရှဲ့ကွမ်းစခန်းက ညီအစ်ကိုတွေကို သတ်ရဲတယ်ပေါ့... သူတောင်းစားတွေ သေချင်နေတာပဲ…”