အခန်း (၆၂)
Vol. 7 Ch. 62
"ဒီကျုံးကျဲ... ရူးသွားပြီလားဟ..."
"ကြယ်ကြွေတာကိုတောင် တိုက်ရိုက် သွားရင်ဆိုင်ရဲတယ်..."
လင်ချန်သည် အနည်းငယ် ထိတ်လန့်သွားပြီး ဘေးဘက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလိုက်သည်။
များပြားလှသော စာပေပညာရှင်၊ သိုင်းပညာရှင် အမတ်များနှင့် စစ်သားများသည်လည်း မြို့၏အကာကွယ်အစီအရင်အတွင်း၌ပုန်းနေကြပြီး ကျုံးကျဲ၏အမှတ်မထင်လုပ်ရပ်အပေါ် ဆွေးနွေးပြောဆိုနေကြသည်။
ဤအနီရောင် ကြယ်တံခွန်ကြီးမှာကောင်းကင်အမြင့်မှ အလွန်တရာ ပြင်းထန်သောအားဖြင့် တိမ်တိုက်များကိုဖောက်ထွင်းကျဆင်းလာနေသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
မကြာခင်မှာပင် လူအားလုံး၏ ခေါင်းပေါ်ရှိ မိုင်ပေါင်းတစ်သိန်း ပတ်လည်မှ တိမ်တိုက်များ အားလုံးကိုလွင့်စင်သွားစေပြီး အလွန်ကြောက်စရာကောင်းသော အရှိန်အဝါဖြင့်ပိုမိုလျင်မြန်စွာမြို့ဆီသို့ ချဉ်းကပ်လာနေသည်။
ဤသည်မှာ ခေတ်ကာလတစ်ခု၏ ကုန်ဆုံးချိန်၌ ကပ်ဘေးကြီး ရောက်လာသကဲ့သို့ပင် ဖြစ်နေ လေသည်။
အမတ်ချုပ်ကြီးချန်က လက်တစ်ချက် ဝေ့လိုက်ကာမူလရွှေအနှစ်သာရ မြို့စောင့်မဟာအစီအရင်၏ ထိန်းချုပ်ရေးခလုတ်ပြားကို သူ့လက်ထဲတွင်ပေါ်လာစေပြီး ကျရောက်လာမည့်အန္တရာယ်အတွက် အသင့်ပြင်ထားလိုက်သည်။
အကယ်၍ တောင်ဘက်ကောင်းကင် နန်းတော်ကြီး ထိခိုက်ပျက်စီးသွားပါက ဟာသကြီး ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် အမတ်ချုပ်ကြီးတစ်ယောက်အနေဖြင့် ကြီးမားသော အရှိန်အဝါဖြင့် ကျဆင်းလာသည့် ကြယ်တံခွန်ကို သေချာအလေးအနက်ထား ကိုင်တွယ်ရပေမည်။
အခြားတစ်ဖက်တွင် အကြီးအကဲဆွန်၏ မျက်လုံးများ အေးစက်သွားကာ ကောင်းကင်သို့ပျံတက်သွားပြီး ကျုံးကျဲကို ကယ်တင်ရန် ကြိုးစားလိုက်သည်။
သူ ကျုံးကျဲအနားရောက်ခါနီးတွင် ကျုံးကျဲ၏ အသံက ထွက်ပေါ်လာသာ်။
"အကြီးအကဲဆွန်... ခင်ဗျား နောက်ဆုတ်နေလိုက်ပါ..."
ကျုံးကျဲ၏ အော်သံကြောင့် တစ်ခုခုကို နားလည်လိုက်ပြီး ပေပေါင်းတစ်ထောင်အကွာသို့ ချက်ချင်း ရှောင်တိမ်းလိုက်သည်။
ကွင်းပြင်တစ်ခုလုံးတွင် ကျုံးကျဲတစ်ယောက်တည်းသာ ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့်ထိုးဆင်းလာနေသော ကြယ်တံခွန်ဆီသို့ ပျံတက်တိုးဝင်သွားသည်။
"ကျုံးကျဲက သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့များလား..."
"ငါ့အထင်တော့ ဗိုလ်မှူးလင်ချန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သူ့ကိုယ်သူသိလို့ သူ့အပြစ်အတွက်အသေခံဆပ်မလို့နေမှာ..."
"ထူးဆန်းတယ်... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက ဒီလောက်ကျယ်ဝန်းတာ... နန်ယန်စီရင်စု နယ်မြေကလည်း မသေးငယ်ပါဘူး....ဘာလို့ တခြားနေရာမှာ ကြယ်မကြွေဘဲ ဒီနေရာကိုမှ ကွက်တိ လာကျရတာလဲ..."
လူအများက ဝေဖန်ဆွေးနွေးနေကြသော်လည်း မြို့စောင့်အစီအရင် အတွင်းတွင် ရှိနေသဖြင့် ထိတ်လန့်ခြင်းမရှိကြပေ။
သူတို့ခေါင်းပေါ်ရှိ အစီအရင်ကို အလွန် ယုံကြည်မှု ရှိနေကြောင်း သိသာလှပေသည်။
တစ်ဖက်တွင် လင်ချန်သည် မိုင်တစ်ရာအကွာ ကောင်းကင်ယံအထိ ဆက်လက် ဆုတ်ခွာပျံသန်းသွားသည်။
သူ့မျက်နှာထားမှာ ကြည့်ရဆိုးနေပြီး အရှက်ရမည်စိုးသဖြင့် အစီအရင်ထဲသို့ ဝင်ရောက်ပုန်းအောင်းခြင်း မပြုခဲ့ပေ။
သာမန် ကြယ်ကြွေခြင်းသည် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူများ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသကဲ့သို့ ပျက်စီးမှု နယ်ပယ် ကျယ်ဝန်းခြင်း မရှိပေ။
မြေပြင်ကိုသာ ပျက်စီးစေခြင်းဖြစ်ပြီး လေထုထဲတွင် သက်ရောက်မှု သိပ်မရှိနိုင်ပေ။
ယခုအချိန်တွင် လင်ချန် တွေးမိလေ ကြောက်လန့်လေ ဖြစ်လာသည်။
ကံတရား၏ သားတော်များကို သတ်ဖြတ်ရန် ကြိုးစားသည့်အခါတိုင်းတွင် မမျှော်လင့်ထားသော အခြေအနေများ အမြဲ ပေါ်ပေါက်လာတတ်သည်ဟု ဆိုကြသည်။
ယခု သူ့ရှေ့မှောက်ရှိ ကြယ်တံခွန်သည် ကျုံးကျဲကို ကပ်ဘေးမှ ကယ်တင်ရန် ရောက်ရှိလာခြင်းများ ဖြစ်နေနိုင်မလား။
ထိုသို့ဖြစ်မည်ကိုစိုးရိမ်နေသော်လည်း လင်ချန်သည် ထိုကြယ်တံခွန်ကြီး ကျုံးကျဲကို ဝင်တိုက်ကာ ချေမွသွားမည့် မြင်ကွင်းကို စောင့်မျှော်နေမိသည်။
မကြာမီ ကျုံးကျဲနှင့် ကြယ်တံခွန်ကြီး ထိပ်တိုက် တွေ့သွားကြပြီးကောင်းကင်နှင့်မြေကြီး ကြားတွင် နေမင်းအသစ်တစ်စင်း ပေါ်ထွက်လာသကဲ့သို့ အလွန်တောက်ပလာသည်။
ထိုအလင်းရောင်အတွင်းရှိ မြင်ကွင်းကို သာမန်မျက်လုံးဖြင့် ကြည့်လို့လည်းမရ၊ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးလို့လည်းမရဖြစ်နေလေသည်။
ရုတ်ချည်းပင် ထိုအလင်းရောင်ပတ်ပတ်လည်မိုင်ပေါင်းတစ်သောင်းအတွင်း အလွန်အမင်းသိပ်သည်းလှသည့် အနီရောင် သတ်ဖြတ်ခြင်း စွမ်းအားများဖြင့် ပြည့်နှက်လာသည်။
"မဟုတ်သေးဘူး... ဒါက ကြယ်ကြွေတာ မဟုတ်ဘူး..."
အမတ်ချုပ်ကြီးချန် မျက်လုံးများကို မှေးလိုက်ပြီး တစ်ခုခုကိုချက်ချင်း သတိထားမိသွားသည်။
အသက်သုံးရှိုက် ငါးရှိုက်ခန့် အကြာတွင် အလင်းရောင်များ ကျုံ့ဝင်သွားပြီး အတွင်းထဲမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ခမ်းနားထည်ဝါပြီး အရှိန်အဝါ ကြီးမားလှသည်။
ထိုသူမှာ ကျုံးကျဲပင်ဖြစ်၏။
သူ့ခန္ဓာကိုယ်ပေါ်မှ ငရဲမြစ်ကြီး၏အကြွင်းအကျန်စွမ်းအားများမှာ လုံးဝပျောက်ကွယ်သွားလေသည်။ သူ့လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလက်နက် တစ်ခုကို ကိုင်ဆောင်ထားပြီး တောက်ပသော နတ်ဘုရားအလင်းရောင်များကို ထုတ်လွှတ်နေသည်။
အထွတ်အထိပ် နတ်ဘုရားလက်နက်... စစ်ဘုရင်လှံရှည်...။
"မ... မဖြစ်နိုင်ဘူး..."
"ဒါက စစ်ဘုရင်ရဲ့ နတ်ဘုရားလှံရှည်ပဲ..."
"ရှေးဟောင်းစစ်ဘုရင် ကျဆုံးပြီးနောက် ပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ပြိုင်ဘက်ကင်း လက်နက်ပဲ..."
သိပ်သည်းလှသည့်သတ်ဖြတ်ခြင်း စွမ်းအားများကြားတွင် ကျုံးကျဲသည်စစ်ဘုရင်လှံရှည်ကိုကိုင်ထားပြီး ဝင့်ကြွားစွာ မတ်တပ်ရပ်နေသည်။
သူ့ပတ်လည်ရှိအဆုံးမရှိသိပ်သည်းလှသည့် သတ်ဖြတ်ခြင်း စွမ်းအားများသည် အရပ်ရှည်ရှည် စစ်သည်တော်များ၏ ပုံရိပ်ယောင်များ အဖြစ် ပြောင်းလဲသွားပြီး မိုင်တစ်သောင်းအကျယ်အဝန်းကိုဖုံးလွှမ်းလိုက်သည်။
"တိုက်..."
ပုံရိပ်ယောင်စစ်သည်တော်တစ်ဦးမှ စတင် အော်ဟစ်လိုက်သည်ဆိုလျှင် အားလုံးသောပုံရိပ်ယောင်စစ်သည်တော်များသည်ရူးသွပ်စွာ အော်ဟစ်ကြွေးကြော်ကြရာ နားစည်ကွဲမတတ် ဆူညံသွားလေ၏။
"တိုက်...တိုက်...တိုက်..."
ထိုအော်သံများကြောင့်မြို့စောင့်အစီအရင်ပင်လျှင် ယိမ်းထိုးလှုပ်ခါသွားလေသည်။
ဤမျှ စစ်သွေးစစ်မာန် ထက်သန်နေသော စစ်တပ်မျိုးသည် နတ်ဘုရားမင်းဆက် တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။ လင်ချန်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များပေါ်လာသည်။
"စစ်ဘုရင်လှံရှည်က ဟင်းလင်းပြင်ထဲ ဝင်ရောက်ပျောက်ကွယ်နေတာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာနေပြီ မဟုတ်ဘူးလား..."
"မင်း... မင်းက ဘာလို့ ရက်ပိုင်းလေးအတွင်းမှာ နတ်ဘုရားလက်နက်နဲ့ ဆက်သွယ်နိုင်ရတာလဲ..."
"မင်းက ဘယ်သူလဲ... အနောက်ဘက် ချူစစ်ဘုရင် ချန်ထားခဲ့တဲ့ နတ်ဘုရားစိတ်အာရုံက မင်းခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းလိုက်တာလား..."
သူသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ ရရှိထားသော အမွေအနှစ် မှတ်ဉာဏ်များထဲတွင် လူအများ မသိရှိသော လျှို့ဝှက်ချက်များ ပါဝင်နေပြီး ထိုအရာများက သူ့အတွက် ကိုယ်တိုင် အတွေ့ကြုံများလိုဖြစ်နေသည်။
သို့ဖြစ်၍စစ်ဘုရင်လှံရှည်၏ ကြောက်မက်ဖွယ်ကောင်းပုံသည် သူ့မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေ၏။
ထိုစဉ်က အနောက်ဘက် ချူစစ်ဘုရင်သည် ကမ္ဘာလောကကို လှည့်လည်သွားလာခဲ့သည်။
သူသည် ဤနတ်ဘုရားအဆင့်စစ်ဘုရင်လှံရှည်ကိုကိုင်စွဲကာ စစ်တပ်ကို ဦးဆောင်ပြီး အဆုံးမဲ့ သဲကန္တာရ၏အလယ်ဗဟိုကိုဖြတ်ကျော်နိုင်ခဲ့သည်။
လှံရှည်တစ်ချက်တည်းဖြင့် သဲကန္တာရ အလယ်ဗဟိုရှိ ပေပေါင်းတစ်သိန်း မြင့်မားသော ရွှေစေတီကျောင်းဆောင်ကြီးကို အထက်မှ အောက်သို့ နှစ်ခြမ်းကွဲအောင် ခုတ်ပိုင်းပစ်ခဲ့ရာကြီးမားသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်က သဲကန္တာရ နတ်ဘုရား အများအပြားသည်ပင် အနောက်ဘက်ချူစစ်ဘုရင်ကို ပြန်လည်မခုခံရဲကြပေ။
ကြောက်ရွံ့စွာဖြင့်ဖာရိုဘုရင်၏ နတ်ဘုရားနယ်မြေထဲတွင် ခေါင်းဝှက်ပုန်းအောင်းနေခဲ့ကြရသည်။
သို့ဆိုလျှင်ချူစစ်ဘုရင်က အဆုံးမဲ့သဲကန္တာရကို ဘာကြောင့် မသိမ်းပိုက်ခဲ့ပါသနည်း။
အဆုံးမဲ့သဲကန္တာရကဲ့သို့ မြုံနေသော နေရာမျိုးကို မျက်စိထဲ မထည့်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
"ခန္ဓာကိုယ်ကို ဝင်စီးတာလား..."
"ငါ ကျုံးကျဲ.. ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး....ငါက ငါပဲ..."
"လင်ချန်... မင်းက သဲကန္တာရသေမင်းရဲ့ အမွေအနှစ်ကို ဆက်ခံထားပြီးတော့ ဒီလောက်ပဲ စွမ်းရည်ရှိတာလား...တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ..."
"ငါ့မှာ စစ်ဘုရင်ခန္ဓာ မရှိရင်တောင် မင်းကို သတ်နိုင်တယ်..."
"မင်းလို ယုတ်မာတဲ့ တိရစ္ဆာန်ကောင်... ဒီနေ့ သေနေ့စေ့ပြီလို့သာ မှတ်လိုက်တော့..."
ဘေးပတ်ဝန်းကျင်ရှိ စစ်သည်တော် ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသည်။
"ဝုန်း..."
ကျုံးကျဲက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ စစ်ဘုရင်လှံရှည် တုန်ခါသွားသည်။
ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသည့် အသံများ ပေါ်ထွက်လာပြီး နားကွဲမတက်သတ်ဖြတ်ခြင်းအော်သံများက ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားသည်။
ချက်ချင်းပင် စစ်ဘုရင်လှံရှည်သည် တစ်ချောင်းမှ နှစ်ချောင်း၊ နှစ်ချောင်းမှ လေးချောင်း၊ လေးချောင်းမှ ရှစ်ချောင်း စသဖြင့်မရေမတွက်နိုင်အောင် ကွဲထွက်သွားပြီး ကောင်းကင်တစ်ခွင်ကို သတ်ဖြတ်ခြင်းအရှိန်အဝါဖြင့် ဖုံးလွှမ်းလိုက်သည်။
သတ်ဖြတ်ခြင်းတာအို စစ်ဘုရင်လှံရှည်တိုက်ခိုက်မှု။
ထို့နောက်မိုး ရွာချသကဲ့သို့ လင်ချန်ပေါ်သို့ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် ကျုံးကျဲ၏ ခန္ဓာကိုယ်လည်း လှုပ်ရှားသွားပြီး မရေမတွက် နိုင် အောင်များပြားလှသောစစ်ဘုရင်လှံရှည် များထဲသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် လင်ချန်ရှိရာမိုင်တစ်ရာ အကွာအဝေးဆီရောက်ရှိသွားပြီး လင်ချန်ကိုလှံမိုးအတွင်းဆွဲသွင်းလိုက်၏။
"အာ... ရိုင်းစိုင်းလိုက်တာ..."
"ငရဲဘုရင် ကာကွယ်ပေးပါ..."
လင်ချန် ကျယ်လောင်စွာ အော်ဟစ်လိုက်လျှင်ခန္ဓာကိုယ်ပေါ်မှ ငရဲအမှတ်အသားများ အလွန်လျင်မြန်စွာ လည်ပတ်သွားပြီး အကာအကွယ် ဒိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
ထိုအကာအကွယ်ဒိုင်းသည် မည်းနက်တောက်ပြောင်နေပြီး ဒိုင်းမျက်နှာပြင်တွင် မရေမတွက်နိုင်သော အမှတ်အသားများ စီးဆင်းနေကာ ကြီးမားသော ဆန်းကြယ်မှုများ ကိန်းအောင်းနေသည့်ပုံပင်။
ဤသည်မှာ ငရဲဘုရင် အိုဆိုင်းရစ် ထံမှ လာသော ကာကွယ်ရေး နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်။
ကာကွယ်မှု ရရှိထားချိန်တွင် မရေမတွက်နိုင်သော သေဆုံးသူ ဝိညာဉ်များက ထိခိုက်မှုများကို ဝင်ရောက်အစားထိုးခံပေးသဖြင့် ချိုးဖျက်၍မရနိုင်ဟု ဆိုကြသည်။
သောင်းချီသော စစ်ဘုရင်လှံရှည် ကိုယ်ပွားများသည် အကာအကွယ်ဒိုင်းကာကို အဆက်မပြတ် ဝင်တိုက်နေပြီးကမ္ဘာမြေကို တုန်လှုပ်စေသော အသံကြီးများ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်နေသည်။
သူတို့အောက်ဘက်ရှိ မိုင်တစ်ရာ ပတ်လည် မြေပြင်သည် ပေပေါင်းများစွာ နိမ့်ကျသွားသည်။
ဧရာမ သတ္တဝါကြီးများ နင်းချေသွားသကဲ့သို့ပင်။
မြေပြင်တွင် ငလျင်လှုပ်သကဲ့သို့ လှိုင်းဂယှက်များထကာ လမ်းများ ကွဲအက်ကုန်ပြီး ကျောက်တုံးများလည်း ပြိုကျကုန်သည်။
အနီးနားရှိ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော စစ်သားအချို့မှာလည်း အဖျားခတ် ရိုက်ခတ်လာသော လှိုင်းဂယက်များကြောင့်
ခန္ဓာကိုယ်များ ပြင်းထန်စွာတုန်ခါသွားပြီး သွေးအန်ကာ နောက်ဆုတ် လိုက်ကြရ၏။
အမတ်ချုပ်ကြီးချန် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက်လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး သက်ရောက်မှုအားလှိုင်းများကိုကာကွယ်ရန် အကာကွယ်အလွှာတစ်ခုထပ်မံပေါင်းထည့်လိုက်သည်။
နှစ်ယောက်သား၏ တိုက်ပွဲ အရှိန်အဝါကြောင့် အကာကွယ်လွှာ၏မျက်နှာပြင်သည် ရေပြင်ကဲ့သို့ လှိုင်းထကာ ပြင်းထန်စွာ လှုပ်ခါနေသည်။
"မရိုးရှင်းဘူး... တော်တော် မရိုးရှင်းဘူး..."
"တိုက်ချက်တိုင်းရဲ့ စွမ်းအားက နိယာမနယ်ပယ် ဒသမအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုအောက် မလျော့နည်းဘူး..."
တားမြစ်စည်းထဲမှ စွမ်းအားများကို အာရုံခံရင်း သူ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။
"ကျုံးကျဲနဲ့ စစ်ဘုရင်ခန္ဓာက အရမ်းကို လိုက်ဖက်ညီလွန်းတယ်... ပေါင်းစပ်မှုက အလွန် ပြီးပြည့်စုံနေတယ်...စစ်ဘုရင် ပြန်လည်မွေးဖွားလာတယ်လို့ ပြောရင်တောင် မမှားဘူး..."
"ဒါကြောင့် နှစ်ပေါင်းများစွာ လွင့်မျောနေတဲ့ စစ်ဘုရင်လှံရှည်က ဟင်းလင်းပြင်ကို အစွမ်းကုန် ဖောက်ထွက်ပြီး ပြန်လည်ရောက်ရှိလာတာ ဖြစ်ရမယ်..."
"ဒီလင်ချန်ကို ပြန်ကြည့်မယ်ဆိုရင်... ကျုံးကျဲရဲ့ ငရဲတာအိုအမှတ်အသားကို ပေါင်းစပ်ထားပြီး စွမ်းအားကြီးလာတယ် ဆိုပေမဲ့..."
"ပေါင်းစပ်မှုက သိပ်ပြီး မပြည့်စုံလှဘူး... သေချာပေါက် ပုန်းအောင်းနေတဲ့ အန္တရာယ်တွေ ရှိနေတုန်းပဲ..."
"မမျှော်လင့်ထားတာတွေ မဖြစ်လာရင်တော့... လင်ချန် သေချာပေါက် ရှုံးတော့မှာပဲ..."