← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

အမတ်ချုပ်ကြီးချန်၏ မျက်လုံးများက အလွန်စူးရှလှသည်။

တိုက်ပွဲကို တစ်ခဏမျှ ကြည့်လိုက်ရုံဖြင့်ပင် လင်ချန်နဲ့ကျုံးကျဲတို့နှစ်ဦး၏ အခြေအနေအမှန်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

'ထင်ထားတဲ့အတိုင်းပဲ...'

လင်ချန်သည် စစ်ဘုရင်မင်းလှံရှည်၏ ကိုယ်ပွားများကို ခုခံနိုင်သည်ဆိုသော်လည်း အချိန်ကြာမြင့်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်နှင့် ငရဲစွမ်းအင်များမှာ အလွန်အမင်း ကုန်ခမ်းနေပြီဖြစ်သည်။

သူတို့ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းပြီးသန်မာသည်ဟုဆိုပါစေ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ နိယာမနယ်ပယ် သတ္တမအဆင့်သာ ရှိသေးသည်။

သူတို့၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးမှာလည်း သိပ်သည်းမှု မရှိဘဲ အဆင့်နိမ့်နေသေးသည်။

နတ်ဘုရားအဆင့် နှင့် စစ်ဘုရင်မင်း၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြုရန်အတွက် အလွန်များပြားသော ဝိညာဉ်စွမ်းအင်များကိုလိုအပ်၏။

သူတို့နှစ်ဦးလုံးမှာ နိယာမနယ်ပယ်အဆင့် ရွှေအမြုတေကိုပင် မဖွဲ့စည်းရသေးရာ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ရေရှည်ထိန်းထားနိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။

သူတို့၌ ထူးခြားသော ခန္ဓာကိုယ်များ ရှိနေသည့်တိုင် တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ ဆက်လက်တောင့်ခံမထားနိုင်တော့ပေ။

လင်ချန်ကို ကာကွယ်ပေးထားသောဒိုင်း မျက်နှာပြင်ပေါ်ရှိ ငရဲအမှတ်အသားများသည် တဖြည်းဖြည်း မှေးမှိန်လာလေသည်။

တစ်ဖက်ရှိကျုံးကျဲ၏ အခြေအနေမှာ အနည်းငယ်သာသည်ဟု ဆိုရသော်လည်း သောင်းနှင့်ချီသော စစ်ဘုရင်မင်းလှံရှည် ကိုယ်ပွားများသည်လည်း စတင်၍ မှေးမှိန်လာနေပြီပင်။

ဤကဲ့သို့ အဆုံးမရှိသော တိုက်ခိုက်မှုမျိုးတွင် ဝိညာဉ်စွမ်းအင် ကုန်ခမ်းမှု ပမာဏမှာ တွက်ချက်၍ပင် မရနိုင်ပေ။

သာမန် နိယာမနယ်ပယ် သတ္တမအဆင့် ကျွမ်းကျင်သူများဆိုလျှင် ဤကဲ့သို့ဝိညာဥ်စွမ်းအင်ကုန်ခမ်းမှုမျိူးက ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်အားလုံး ခြောက်ကပ်သည်အထိ စုပ်ယူခြင်းခံရပေမည်။

သို့ဖြစ်၍ သာမန်ကျင့်ကြံတစ်ဦးအနေဖြင့် သူတို့နှစ်ဦး ဤမျှကြာအောင် မည်သို့ ထိန်းထားနိုင်သည်ကို လုံးဝ စဉ်းစား၍ပင်မရနိုင်ချေ။

"ဝုန်း..."

ရုတ်တရက် စစ်ဘုရင်လှံရှည် ကိုယ်ပွားများအားလုံး ပျောက်ကွယ်သွားပြီး လှံရှည်အစစ်သည် ချန်လင်၏ဒိုင်းပေါ်သို့ ထိုးစိုက်ချလာသည်။

"ဖောင်း..."

ငရဲဘုရင်၏ ကာကွယ်မှု ဒိုင်းပေါ်မှ မှေးမှိန်နေသော အပိုင်းပိုင်းအစစ ကွဲကြေသွားပြီးသူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသော ငရဲစွမ်းအင်အားလုံးသည် ရေပူဖောင်းလေး ပေါက်ကွဲသွားသကဲ့သို့ ဖောင်းခနဲ ပေါက်ထွက်သွားလေ၏။

ကျုံးကျဲ ၏လက်ထဲမှ စစ်ဘုရင်လှံရှည်လည်း တုန်ခါသွားပြီး ပေါက်ထွက်မှုအရှိန် ကြောင့်နောက်သို့ ကန်ထွက်သွားသည်။

"စစ်ဘုရင်လှံရှည်က ဒီလောက်ပဲလား..."

လင်ချန်သည် လှောင်ပြောင်လိုက်ကာ ငရဲဘုရင်၏ ကာကွယ်မှု ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အလွန်မြန်ဆန်သောတုံ့ပြန်မှုဖြင့် စစ်မင်းဓားသွား စွမ်းရည်ကို ထုတ်သုံးရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ့စကားပင် မဆုံးလိုက်။ ကျုံးကျဲသည် ရေခဲကဲ့သို့အေးစက်သောမျက်နှာထားဖြင့် သူ့ဆီသို့အရှိန်ပြင်းစွာဝင်ရောက်လာသည်။

သူ့လက်တစ်ဖက်တွင် စစ်ဘုရင်လှံရှည်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် အဖြူရောင် ကြွေပန်းကန်လုံးကြီးကို ကိုင်ကာ လင်ချန်၏ ခေါင်းတည့်တည့်ကို ရိုက်ချလိုက်သည်။

သူတို့နှစ်ဦး၏ အကွာအဝေးမှာ အလွန်နီးကပ်နေသည့်အပြင် ကျုံးကျဲ၏ အရှိန်မှာလည်း အလွန်မြန်ဆန်လွန်းရာ လင်ချန်မှာ

မည်သည့် သိုင်းကွက်ကိုမျှ ထုတ်သုံးချိန် မရတော့ချေ။

စစ်မင်းဓားကျိုးကို ရင်ဘတ်ရှေ့တွင် ကာထားလိုက်ပြီး ရွှေရောင်ချိတ်ကောက်တောင်ဝှေးကိုမြှောက်ကာ သူ့မျက်နှာနှင့် ခေါင်းကိုကာလိုက်ရသည်။

"ဘန်း... ဘန်း... ဘန်း..." ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

လင်ချန်တစ်ယောက် အရိုက်နှက်ခံလိုက်ရ ပြီးကောင်းကင်ပေါ်မှ ထိုးကျလာလေသည်။

သူတို့နှစ်ဦးစလုံး၏ ဝိညာဉ်စွမ်းအင်များမှာ ခန်းခြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ကျုံးကျဲ၏ ဝိညာဉ်စွမ်းအင် ပမာဏမှာ ပို၍ များပြားသော်လည်း စစ်ဘုရင်၏ စွမ်းရည်များကိုထုတ်သုံးရသဖြင့် လင်ချန်ထက်သိပ်မသာချေ။

သို့ဖြင့်အပြန်အလှန် တိုက်ခိုက်ရင်းဖြင့် သူတို့နှစ်ဦး၏ ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းလာသည်။

ကျုံးကျဲသည် တိမ်စီးနင်း အဆင့်ကို ဆက်လက်ထိန်းထားနိုင်စွမ်း ရှိသေးသော်လည်း ဆက်လက်၍ မပျံသန်းတော့ပေ။

ထို့နောက်ဟန်ချက်ညီအောင် ထိန်းထားရင်း စစ်ဘုရင်မင်းလှံရှည်ကို ကိုင်ထားသည့် လက်ဖြင့် လင်ချန်၏ အင်္ကျီကော်လာကို ဆွဲဆုပ်လိုက်ကာ ကျန်လက်တစ်ဖက်မှ အဖြူရောင် ကြွေပန်းကန်လုံးကြီးဖြင့် လင်ချန်ကို ထပ်ခါထပ်ခါ ရိုက်နှက်လေတော့သည်။

သူတို့နှစ်ဦးစလုံး အကန့်အသတ်ထက် ကျော်လွန်ပြီး ဝိညာဉ်စွမ်းအင်များကို သုံးစွဲခဲ့ကြသဖြင့် ယခုအခါ စွမ်းအင်များ ခန်းခြောက်သွားပြီဖြစ်သည်။

ပြန်လည်ဖြည့်တင်းချင်လျှင်ပင် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေဦးမည်ဖြစ်ရာ ယခုအချိန်တွင်မူ အခြေခံအကျဆုံးဖြစ်သည့် ကာယခွန်အားချင်း ယှဉ်ပြိုင်ရန်သာ ကျန်ရှိတော့သည်။

ကျုံးကျဲ၏ အဆက်မပြတ် ရိုက်နှက်မှုအောက်တွင် သူတို့နှစ်ဦးစလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြလေ၏။

"ဝုန်း..."

မြေပြင်တွင် ပေပေါင်းများစွာ နက်သော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားပြီး ဖုန်လုံးကြီးများ လွင့်ပျံတက်လာသည်။

ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကြောင့် နှစ်ဦးစလုံး ထိခိုက်သွားကြသည်။

"အဟွတ်......"

ကျုံးကျဲသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး လက်ထဲမှ အဖြူရောင်ပန်းကန်လုံးကြီးဖြင့် ထပ်မံရိုက်ချလိုက်ပြန်သည်။

"ဟ.. သေစမ်း... ထပ်လာပြန်ပြီလား..."

လင်ချန်တစ်ယောက် ရိုက်နှက်ခံရလွန်းသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေပြီဖြစ်သည်။

သို့ပေမဲ့ တစ်ဖက်လူက ဝိညာဉ်စွမ်းအင် မရှိတော့သည့်တိုင် ကျားတစ်ကောင်၏ အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေဆဲပင်။

ဤကဲ့သို့ အရိုင်းဆန်ပြီး ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် သူ ပြန်လည်ခုခံရန် မတတ်နိုင်တော့ချေ။

"ယမမင်းစွမ်းအင်..."

သူ့လက်ထဲမှ စစ်မင်းဓားကျိုးနှင့် ရွှေရောင်ချိတ်ကောက်တောင်ဝှေးတို့မှာ စောစောကတည်းက အဝေးသို့ လွင့်စင်ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။

သူသည် လက်ဝါးနှစ်ဖက်ကို လှုပ်ရှားလိုက်ကာ လက်ကျန် ယမမင်းစွမ်းအင် အနည်းငယ်ကို မရမကညှစ်ထုတ်လိုက်ပြီး လက်ဝါးတွင်စုစည်းလျက် ကျုံးကျဲ လွင့်ထွက်သွားအောင် တွန်းထုတ်လိုက်သည်။

"အုန်း.."

မသဲမကွဲ အသံအက်အက်ကြီး ထွက်ပေါ်လာသည်။

သို့သော် ကျုံးကျဲမှာ ရွေ့ပင်မရွေ့သွားချေ။

လင်ချန်၏ လက်ဝါးနှစ်ဖက်သာ မာကျောသောကျောက်ဆောင်တစ်ခုဖြင့်ရိုက်နှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

သူ့လက်ဝါးများ ထုံကျင်သွားပြီး ပြန်ကန်အားကြောင့် နာကျင်သွားရသည်။

လင်ချန်စိတ်ထဲတွင် ထိတ်လန့်သွားပြီး တည်ငြိမ်မှုများ စတင်ပျက်ပြားလာသည်။

"ရယ်ချိုးလက်သီးသိုင်း ... ပထမကွက်... အိမ်ကထွက်ရင် ကင်းသမားကို အရင်ရိုက်..."

ကျုံးကျဲက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။ ပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုနေပြီး သူ့လက်များကလည်း လုံးဝ ရပ်တန့်မသွားပေ။

"ဘန်း..ဘန်း..ဘန်း.."

အဖြူရောင် ပန်းကန်လုံးကြီးက လင်ချန်ကို အဆတ်မပြတ်ရိုက်ချနေသည်။

တစ်ချက်တွင် သူ့၏နဖူးကိုရိုက်ချလိုက်သည်မှာ အရေပြားကွဲအက်ကာ သွေးများ ပန်းထွက်လာလေသည်။

"ရယ်ချိုးလက်သီးသိုင်း... ဒုတိယကွက်... လမ်းလျှောက်ရင် ခေါင်းငုံ့မသွားနဲ့..."

"ဘုန်း..."

ဒုတိယမြောက် ရိုက်ချက်၏ စွမ်းအားမှာ ပိုမိုပြင်းထန်လာသည်။ လင်ချန်၏ ခေါင်းမှ သွေးများ ချောင်းစီးသလိုကျလာလေ၏။

ကျုံးကျဲသည် လင်ချန်ကိုရိုက်နှက်ခြင်းတွင်အလွန်အာရုံစိုက်နေပုံရပြီး မျက်နှာတွင်လည်း ထူးဆန်းသော အပြုံးတစ်ခုကို ချိတ်ဆွဲထားလျက် ပါးစပ်မှ မနားတမ်း သိုင်းကွက်နာမည်ကို ရွတ်ဆိုနေသည်။

"ဒါ... ဒါက ဘာသိုင်းကွက်လဲဟ..."

"ရိုက်ချက်တိုင်းက အရင်ရိုက်ချက်ထက် ပိုပြီး ပြင်းထန်လာပါ့လား..."

"အားးးးး..."

လင်ချန်၏ စိတ်ထဲတွင် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာပြီး သေမင်း၏ အရိပ်အယောင်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

"ရယ်ချိုးလက်သီးသိုင်း.. တတိယကွက်...လူအများကြားမှာထောင်ထောင် ထောင်ထောင်မလုပ်နဲ့ ..."

သူ့အတွေးကို တုံ့ပြန်လိုက်သည်မှာ တတိယမြောက် ရိုက်ချက်ပင် ဖြစ်ပြီး နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။

ယခုအချိန်တွင် လင်ချန်၏ ပုံစံမှာ အလွန် သနားစရာကောင်းနေလေသည်။

ဆံပင်များဖွာလန်ကျဲကာ ခေါင်းနှင့် မျက်နှာတစ်ခုလုံးလည်းသွေးများဖြင့် ရဲရဲနီနေလေသည်။

သေဘေးနှင့်နီးကပ်လာသည့်အချိန်တွင်နောက်ဆုံး၌ သူ၏မူလစွမ်းအင်ကို ညှစ်ထုတ်လိုက်ကာ ကျုံးကျဲကိုတွန်းထုတ်လိုက်နိုင်သည်။

ထို့နောက် တွင်းနက်ကြီးထဲမှချက်ချင်း ခုန်ထွက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"ရွှမ်း..."

ကျုံးကျဲ၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိပေ။ သူသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လင်ချန်၏ အနောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။

"ရယ်ချိုးလက်သီးသိုင်း...စတုတ္ထကွက်... သူရဲကောင်းလုပ်ရင် သစ္စာတရားရှိရမယ်..."

"ဘန်း..

အဖြူရောင် ကြွေပန်းကန်လုံးကြီးသည် ထူးဆန်းသော လက်သီးသိုင်းအရှိန်အဝါဖြင့် လင်ချန်၏ ကျောပြင်ကို အားကုန် ရိုက်ချလိုက်သည်။

ဤရိုက်ချက်၏ စွမ်းအားမှာ ထပ်မံ၍ ဆတိုး မြင့်တက်လာပြန်ပြီး ပထမဆုံးရိုက်ချက်ထက် ၈ ဆ ပိုမိုပြင်းထန်ပေသည်။

လင်ချန်တစ်ယောက် ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာပြီး အဝေးသို့လွင့်စင်ထွက်သွားတော့သည်။

သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ သွေးရောင်လွှမ်းသွားပြီး သွေးလေ ကမောက်ကမ ဖြစ်ကုန်သည်။

သို့သော်ကျုံးကျဲသည် ရပ်တန့်သွားခြင်းမရှိဘဲ လင်ချန်လွင့်စင်သွားရာနောက်လိုက်ကာ ပန်းကန်လုံးကြီးကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

"ရယ်ချိုးလက်သီးသိုင်း.. ပဉ္စမကွက်... ရန်ကြွေးရှိရင် ဆပ်ရမယ်..."

"ဘန်း.."

ဤရိုက်ချက်က လင်ချန်၏ ဝမ်းဗိုက်တည့်တည့်ကို ထိမှန်သွားပြီး အသားများ ကြေမွသွားစေသည်။

"ရယ်ချိုးလက်သီးသိုင်း ဆဋ္ဌမကွက်... ကျေးဇူးတရားကို သိတတ်ရမယ်..."

"ဘန်း.."

ဤတစ်ချက်က လင်ချန်၏ ရင်ဘတ်ကို ထိမှန်သွားပြီး ရင်အုပ်ရိုးများ ချိုင့်ဝင်သွားလေသည်။

လင်ချန် မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်မှ သွေးအမြှုပ်များပင် ထွက်ကျလာ လေသည်။

"ရယ်ချိုးလက်သီးသိုင်း သတ္တမကွက်... အနားယူမယူခင် မယ်တော်ကို ဦးခိုက်ရမယ်..."

သတ္တမမြောက် သိုင်းကွက်။

ဤရိုက်ချက်၏စွမ်းအားမှာ ပထမဆုံးရိုက်ချက်၏ ၆၄ ဆ ဖြစ်သည်။

ဤရိုက်ချက်သာ အမှန်တကယ် ထိမှန်သွားပါက လင်ချန်တစ်ယောက် အသားစိုင် ဘဝသို့ ပြောင်းလဲသွားမည်ပင်။

အဝေးမှ ကြည့်နေသော လင်ကန်းမှာ နောက်ဆုံးတွင် ဒေါသကိုမထိန်းနိုင် တော့ဘဲတိုက်ပွဲအတွင်းပြေးဝင်လာတော့သည်။

အမတ်ချုပ်ကြီးချန်လည်း မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ ဝင်ဟန့်တားရန်ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ကျုံးကျဲမှာ ရွှံ့နွံအိုင်ထဲတွင် ကျရောက်သွားသကဲ့သို့ လှုပ်ရှားမှုများ အဆပေါင်းများစွာ နှေးကွေးသွားလေသည်။

ကြီးမားသော တားဆီးမှုတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ပင်။

လူတစ်ယောက်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး သူတို့၏ ခေါင်းပေါ်မှ လမ်းလျှောက်ထွက်လာသည်။

ထိုသူသည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ဆောင်းထားကာ ကောင်းကင်သားတော်၏ အရှိန်အဝါဖြင့် ခမ်းနားစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။

"ဗိုလ်မှူးကျုံးကျဲ... လုံလောက်ပြီ..."

"မင်း နစ်နာခဲ့ရတာတွေကို ငါကိုယ်တော် သိကြားပြီးပြီ... ကျေးဇူးပြု၍ အခုရပ်လိုက်ပါ... ဒီကိစ္စကို ငါကိုယ်တော် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပြီး မင်းအတွက် တရားမျှတမှု ရစေရမယ်..."

"အကယ်၍ လင်ချန်မှာ အပြစ်ရှိခဲ့ရင်... ငါကိုယ်တော်က သူ့ရဲ့ တာအိုအမှတ်အသားကို ဖျက်ဆီးပြီး မင်းကို ပြန်ပေးမယ်..."

ဧကရာဇ်သည် အထက်စီးမှ ရပ်ကြည့်နေပြီး လက်ကို နောက်ပစ်ထားသည်။

သူ၏ နယ်မြေစွမ်းအားများဖြင့် လင်ချန်နဲ့ကျုံးကျဲတို့ရပ်နေရာကို လွှမ်းခြုံထားပြီး သူတို့နှစ်ဦးလုံး၏ လှုပ်ရှားမှုကို ကန့်သတ်ထားလေသည်။

ထိုသို့လုပ်ဆောင်လိုက်ခြင်းဖြင့် ကျုံးကျဲ၏ သေမင်းတမန် ရိုက်ချက်ကိုလည်း တားဆီးလိုက်လေသည်။

ဤသည်မှာ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ လက်ရှိအုပ်စိုးသူ ဧကရာဇ်နန်တျန် ပင် ဖြစ်ပေသည်။

သူသည် ကျုံးကျဲ၏ လက်သီးသိုင်းကွက်ကြောင့် အံ့သြသင့်‌နေမိသည်။

ဤကဲ့သို့သော လက်သီးသိုင်းကွက်မျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ မည်သည့် လက်သီးသိုင်းနည်းစနစ်နှင့်မျှ တူညီခြင်း မရှိချေ။

ရိုက်ချက်တိုင်း၏ စွမ်းအားသည် ယခင်ရိုက်ချက်ထပ် နှစ်ဆ တိုးပွားလာခြင်းမျိုးပင်။

တကယ်ကို ဆန်းကြယ်လွန်းလှပေသည်။

ကျုံးကျဲ မော့ကြည့်လိုက်ပြီး ဧကရာဇ်နန်တျန်ကို စိုက်ကြည့်လိုက်သည်။

နိယာမနယ်ပယ် အဆင့် ၂၈ နယ်မြေကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်းရှိသော သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ။

ကျုံးကျဲ၏ မျက်ဝန်းများက တည်ငြိမ်ပြီး အေးစက်နေသည်။

"ဒီနေ့... ခင်ဗျားတို့ရဲ့ ဘိုးဘေး... နိုင်ငံထူထောင်ခဲ့တဲ့ ဧကရာဇ် ကိုယ်တိုင် ဒီနေရာမှာ ပြန်ရှင်လာရင်တောင်မှ... လင်ချန်ရဲ့ ခွေးအသက်ကို မကယ်နိုင်စေရဘူး..."

All Chapters