အခန်း (၆၆)
Vol. 7 Ch. 66
အမတ်ချုပ်ကြီးချန်သည် သံသယများဖြင့် ထိတ်လန့်တုန်လှုပ်နေပြီး ဧကရာဇ်နန်တျန်၏ နောက်ကျောတွင် ပုန်းအောင်းနေကာ လှုပ်တောင်မလှုပ်ရဲတော့ပေ။
"အချိန်နဲ့ နေရာလွတ် စွမ်းအား... နောက်ပြီးဒီလောက်ထိနက်ရှိုင်းစွာနားလည်ထားတဲ့အဆင့်က..."
"သေချာတယ် ဒီကြောင်က ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်ယောက် အသွင်ပြောင်းထားတာပဲဖြစ်ရမယ်..."
"အချိန်နဲ့ နေရာလွတ်ဆိုတာ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ အခြေခံစည်းမျဉ်းတွေပဲ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာဆိုရင် မဟာတာအိုလမ်းစဉ် ၃၀၀၀ ထဲမှာ ထိပ်တန်းစာရင်းဝင်တဲ့ အဓိက တာအိုနိယာမတွေပဲ..."
"ကြောက်စရာကောင်းလိုက်တာ... သိပ်ကိုကြောက်စရာကောင်းလွန်းတယ်... ငါတို့ သူ့ကို လုံးဝ ပြစ်မှားလို့ မဖြစ်ဘူး..."
နန်တျန်ဧကရာဇ်က တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် ဆိုသည်။ တစ်ဖက်တွင်အမတ်ချုပ်ကြီးချန်သည် ရုတ်တရက်ပြောင်းလဲသွားသောအခြေအနေများကြောင့် ကြောင်အမ်းအမ်း ဖြစ်နေတုန်းပင်။
သူသည် ကျုံးကျဲ၏ ပခုံးပေါ်ရှိ လိမ္မော်ရောင်ကြောင်ဖက်တီးကို စိုက်ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
'ကျုံးကျဲကို ဖမ်းဖို့ အကောင်းဆုံး အခွင့်အရေး လက်လွတ်သွားပြီပဲ...'
'အဲ့ဒါ ဒီကြောင်ဖက်တီးကြောင့်ပဲ...သူကြောင့် ငါ့ရဲ့အစီအစဉ်တွေ အကုန်ဖျက်ဆီးခံလိုက်ရပြီ...'
'ဒီကြောင်ရဲ့ ကိုယ်ပေါ်မှာ ဘာအရှိန်အဝါမှ မရှိဘူး... ကြည့်ရတာပုံရိပ်ယောင်ကိုယ်ပွားဘဲနေမှာ'
'အခွင့်အရေးရရင် သူ့ကို စမ်းသပ်ကြည့်ရမယ်...'
အမတ်ချုပ်ကြီးချန်သည် အလိုရမ္မက်တို့ဖြင့်ဖုံးလွှမ်းနေပြီး ဧကရာဇ်နန်တျန်၏စကားတို့ကို မကြားရတော့ချေ။
ကျူးကျီသည် လင်ချန်တို့ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို အေးခဲစေလိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာပင် လက်သည်းဖြင့် ဖွဖွလေး ကုတ်ဆွဲလိုက်လေသည်။
"ဗြိ..."
အဝတ်စုတ်ဖြဲသကဲ့သို့ အသံထွက်ပေါ်လာပြီး နေရာလွတ်တစ်ခုလုံး အပိုင်း ၅ ပိုင်းပြဲထွက်သွားသည်။ သို့သော် နေရာလွတ် ၅ပိုင်းပြဲလုနီးပါး အချိန်တွင် လင်ချန်၏ လက်ထဲရှိ ဝိညာဉ်ကျမ်းစာအုပ်နှင့် ယမမင်းတောင်ဝှေးတို့မှ အလင်းရောင်များ လင်းလက်လာပြီး အဆုံးမဲ့ ယမမင်းစွမ်းအားများကို ထုတ်လွှတ်ကာ အတိုင်းအဆမဲ့အင်အားကြီးမားသည့် အချိန်နှင့် နေရာလွတ်စွမ်းအင် တိုက်ခိုက်မှုကို ခုခံလိုက်၏။
လင်ချန်သည် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး အေးခဲနေသော နေရာလွတ်ထဲမှ အတင်းရုန်းကန်ကာ ထွက်ပြေးလွတ်မြောက်သွား၏။
မူလနေရာလွတ်မှာ ချက်ချင်း ပြန်လည်ကောင်းမွန်သွားပြီး ကျန်ရစ်သူ ဟွမ်ရှား ကျွမ်းကျင်သူနှစ်ဦးမှာ ၅ ပိုင်း ပြတ်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလေသည်။ ထိုအချိန်ရောက်မှသာ ၅ပိုင်းပြတ်နေသောအစိတ်အပိုင်းများမှသွေးများ စီးကျလာ တော့သည်။ ဟွမ်ရှားအမျိုးသား၏ ခေါင်းပြတ်ကြီးသည် မြေပြင်ပေါ်သို့ ကျကာ ကျုံးကျဲ၏ ရှေ့သို့ လိမ့်ဆင်းလာသည်။
"အဟွတ်... အဟွတ်..."
"သိပ်ပြီး ဘဝင်မြင့်မနေနဲ့... ငါတို့ ဟွမ်ရှား စစ်တပ်ကြီးက နယ်စပ်ကိုတောင် ရောက်နေပြီ..."
"မင်း ဘယ်လောက်ပဲ စွမ်းစွမ်း ဘာတတ်နိုင်မှာလဲ..."
"ဘီလီယံချီတဲ့ စစ်တပ်ကြီး ဖြတ်သန်းသွားရင် မြက်ပင်တောင် ကျန်ခဲ့မှာမဟုတ်ဘူး... မင်းတစ်ယောက်တည်းနဲ့ ဘယ်လောက်များများ သတ်နိုင်မှာမို့လဲ... ဟားဟားဟား..."
ခေါင်းပြတ်ကြီးသည် မောက်မာစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ကျူးကျီသည် ကျုံးကျဲ၏ ကိုယ်ပေါ်မှ ခုန်ဆင်းလာသည်။
"ဟွမ်ရှားလူမျိုးစုမှာ ဒီလိုအမှိုက်တွေချည်းပဲ ရှိတာလား...မင်းတို့ရဲ့ ဟွမ်ရှားနတ်ဘုရားက လိပ်လိုအခွံထဲမာ အချိန်ပြည့်ပုံးနေပြီ သူရဲဘောကြောင်တဲ့ကောင်ဖြစ်နေတာ မဆန်းပါဘူး..."
စကားဆုံးသည်နှင့် ကျူးကျီက လက်သည်းကို ဝှေ့ယမ်းလိုက်ကာ အမှိုက်လှည်းသကဲ့သို့ ဟွမ်ရှားလူမျိုးစုတို့၏ ၅ပိုင်းပြတ်နေသောခန္ဓာကိုယ်အပိုင်းအစများကို စုစည်းလိုက်ပြီးနေရာလွတ်ထဲ ဖိသိပ်ကျုံ့ဝင်သွင်းကာ ဘောလုံးငယ်လေး တစ်ခုအဖြစ် ပြောင်းလိုက်လေသည်။
ထို့နောက်သူ၏ကြောင်လက်သည်းဖြင့် ခပ်ဖွဖွလေး ပုတ်လိုက်ရာ ဟင်းလင်းပြင် ကွဲအက်သွားပြီး ထိုနေရာလွတ်ဘောလုံးငယ်ကို အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ပစ်ချလိုက်တော့သည်။
"ပလုပ်..."
အသံတိုးတိုးလေး ထွက်ပေါ်လာပြီး ဘောလုံးငယ်သည် ဟင်းလင်းပြင်ထဲတွင်ဝင်ရောက်ပျောက်ကွယ်သွားသည်။
နိယာမနယ်ပယ် အဆင့် ၂၆ အောက် မနိမ့်သော ဟွမ်ရှားလူမျိုးစု ကျွမ်းကျင်သူနှစ်ဦးသည် ဤသို့ဖြင့် နေရာလွတ်ဘောလုံးအသွင်ပြောင်းကာဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ ကျူးကျီ၏ တစ်ကိုယ်လုံးမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး အရှိန်အဝါများ တစ်ရှိန်ထိုးမြင့်တက်လာလေသည်။
နတ်ဘုရားအလင်းတန်းများက ကောင်းကင်နှင့်မြေကြီးကို လင်းထိန်သွားစေပြီးသူ၏ကြောင်ခန္ဓာကိုယ်လေးသည် လေထဲသို့ မြောက်တက်သွားသည်။ ကျူးကျီ ထုတ်လွှတ်လိုက်သော နတ်ဘုရားအလင်းတန်းများသည် နန်ယန်စီရင်စုနယ်မြေ တစ်ဝက်ကျော်ကို လွှမ်းခြုံသွားလေသည်။
ထိုအရှိန်အဝါသည် စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးထားသကဲ့သို့ ဖြစ်ပြီး စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှ၏။
နန်ယန်စီရင်စု နယ်မြေတစ်ခုလုံးရှိ တံခါးပိတ်ကျင့်ကြံနေကြသော ကျွမ်းကျင်သူများအားလုံး တုန်လှုပ်သွားကြပြီး မျက်လုံးများ ဖွင့်ကာ နတ်ဘုရားအလင်းများ ပေါ်ထွက်ရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
တောင်ဘက် ဧကရာဇ်မြို့တော်အတွင်းရှိ စာပေပညာရှင်၊ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် စစ်သည်တော်များအားလုံးသည် ကောင်းကင်ကို တုန်လှုပ်စေသော ဖိအားအောက်တွင် မနေနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်အရိုအသေပေးချင်စိတ်များတဖွားဖွား ဖြစ်ပေါ်လာရ၏။
နိယာမနယ်ပယ် အဆင့် ၂၁ နှင့် အနည်းဆုံး ဓာတ်ကြီးငါးပါးအသွင်ပြောင်းလဲခြင်း အဆင့်ရှိကျွမ်းကျင်သူများ သာလျှင် တောင့်ခံထားနိုင်ကြခြင်းဖြစ်သည်။ ဧကရာဇ်နန်တျန်ကို သွားရောက်ပင့်ဆောင်ခဲ့သော စစ်သူကြီးရွှမ်သယ်သည် မြို့ထဲမှ ထွက်လာစဉ် ထိုနေရာပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
'ကျုံးကျဲဆိုတဲ့ ကလေးက ဘယ်လိုတောင်အံ့သြစရာကောင်းတဲ့ ကောင်းကင်ဖီဆန်နိုင်တဲ့ ကံတရားမျိုးရထားတာလဲ.....'
ထိုနတ်ဘုရားအလင်းတန်းထဲတွင် ပါဝင်သော အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် တစ်ချက်လှမ်းကြည့်လိုက်ရုံဖြင့်ပင် ရင်တုန်ပန်းတုန် ဖြစ်သွားရ၏။
နတ်ဘုရားအလင်းတန်းများ တဖြည်းဖြည်း ပြန်လည်စုစည်းလာပြီး ကြောင်လိမ္မော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက်အတန့်တွင် လူတိုင်း၏ စိတ်ထဲ၌ နတ်ဘုရားများနှင့် မိစ္ဆာများ သေဆုံးခြင်း၊ ရှေးဟောင်းသတ္တဝါကြီးများ၏ ရက်စက်ကြမ်းတမ်းသည့် သွေးရောင်လွမ်းသည့်တိုက်ပွဲများကို မြင်လိုက်ရသည်။
"ဘယ်... ဘယ်လိုတောင်ပြင်းထန်လွန်းတဲ့ ဖိအားလဲ..."
"သူတော်စင်အဆင့် အရှိန်အဝါတောင် ဒီလောက်ရှိမှာမဟုတ်ဘူး..."
တစ်စုံတစ်ယောက်၏ တုန်ရီသော အသံဖြင့် မရေမရာ ရေရွတ်သံထွက်ပေါ်လာသည်။
"ပါးစပ်ပိတ်ထားစမ်း... စကားကိုလျှောက် မပြောရဘူး.."
စစ်ဘက်အရာရှိတစ်ဦးက လှမ်းဟန့်လိုက်သည်။ စကားများလျှင် အမှားပါတတ်သည်။ အထူးသဖြင့် ခန့်မှန်းမရနိုင်အောင်ကြီးမြတ်သည့်ဖြစ်တည်မှုများအကြောင်း လျှောက်ပြောခြင်းမျိုးသည် အသက်ပင်ဘယ်ကမှန်းမသိထွက်ရတတ်၏။
ကျုံးကျဲမတ်တပ်ရပ်နေ၏။ သို့သော်သူသည် အခြားသူများကဲ့သို့ ဖိအားများကို မခံစားရပေ။ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသွားသလိုသာခံစားလိုက်ရပြီး လင်ချန်နဲ့တိုက်ပွဲအတွင်း ရရှိထားသော ဒဏ်ရာများအားလုံးသည်လည်း ကျူးကျီ၏နတ်ဘုရားအလင်းတန်းများအောက်တွင် လုံးဝ ပြန်လည်ကောင်းမွန်သွားလေသည်။
ထို့ထက်ပိုသည်မှာသူ၏စစ်ဘုရင်ခန္ဓာသည် အလိုအလျောက် နိုးထလာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို လောဘတကြီးစုပ်ယူလိုက်၏။ ကျူးကျီ၏ နတ်ဘုရားအလင်းတန်း အောက်တွင် သူ၏ ဒဏ်ရာများနှင့် ကုန်ခမ်းသွားသော စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာရုံသာမက ကျင့်ကြံခြင်းအဆင့်ပါ အနည်းငယ် တိုးတက်လာသည့် အရိပ်အယောင်ပြလာ၏။
"အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ..." ကျုံးကျဲက လက်နှစ်ဖက်ဆုပ်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
ကျူးကျီသည်သူ၏ နတ်ဘုရားအလင်းတန်းများ လင်းလက်နေသည့်ဒေါင်လိုက်မျက်ဆံများကိုဖွင့်လိုက်သည်။
ထို့နောက် သူ၏ အသံသည် ဘုံကိုးဆင့်မှ ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။
"ငါ့သခင်ရဲ့ အမိန့်တော်ကို နာခံကြလော့..."
"ကံတရားအတွက် တိုက်ခိုက်ခြင်းဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ရခြင်းပဲဖြစ်တယ်... အနိုင်ရသူက ကောင်းကင်အောင်ပွဲခံရပြီး... ရှုံးနိမ့်သူကတော့ သေဆုံးသည်အထိအရှက်တကွဲအကျိုးနည်းမှာဖြစ်တယ်... ဘယ်သူမဆို အင်အားကြီးတာကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက မျိုးဆက်တွေကို အနိုင်ကျင့်ရဲရင်... သက်ညာမှုမရှိ သေခြင်းနဲ့ရင်ဆိုင်ရမယ်..."
လူတိုင်း၏ နားထဲတွင် ထိုအသံမှလွဲ၍ အခြားမည်သည့်အသံကိုမျှ မကြားရတော့ချေ။ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
အထူးသဖြင့်ဟွမ်ရှားကျွမ်းကျင်သူနှစ်ဦး၏ အဖြစ်ကို ကိုယ်တိုင်မျက်မြင်ကြုံလိုက်ရသူများပင်။ မည်သူမျှ ထိုအရှိန်အဝါကြီးမားပြီး ရက်စက်ပြတ်သားသည့်စကားလုံးများကို သံသယ မဝင်ရဲကြပေ။ ဧကရာဇ်နန်တျန်ကဲ့သို့ အစွမ်းထက်သူပင်လျှင် တစ်ခွန်းမျှဝင်ပြောရဲခြင်းမရှိဘဲ ထိတ်လန့်နေသည်။
အစောပိုင်းကပင် သူတံခါးပိတ်ရာမှ ထွက်လာလာချင်း လင်ချန်ကို ကာကွယ်ပေးရန်အတွက် သူ၏နယ်မြေထိန်းချုပ်ခြင်းစွမ်းအင်သုံးကာ ကျုံးကျဲကိုဖိနှိပ်ခဲ့သည်။
ထိုအချက်က သူ့ကို စိုးရိမ်ပူပန်စေ၏။ ကံကောင်းသည်မှာ ကျူးကျီက အခြားသူများကို ဂရုမစိုက်ခြင်းပင်။ သူသည် ကျုံးကျဲကို ကြည့်လိုက်ပြီးသူ၏ကြောင်ပါးစပ်ကို ဖြဲကာ တတ်နိုင်သမျှ သဘောကောင်းသည့် ပုံစံပေါက်အောင် ပြုံးပြလိုက်၏။
"မင်းက ကျုံးကျဲ မဟုတ်လား..."
"သခင်က မင်းရဲ့ စစ်ဘုရင်ခန္ဓာနဲ့အောင်မြင်စွာပေါင်းစပ်နိုင်မှုနဲ့ ... ရက်အနည်းငယ်အတွင်းစစ်ဘုရင်မင်းလှံရှည်ကို အောင်မြင်စွာ ဆက်သွယ်နိုင်မှု အတွက်ချီးကျူးလိုက်တယ်..."
"ကောင်လေးဆက်ပြီးကြိုးစားကျင့်ကြံပါ... နိယာမနယ်ပယ် အဋ္ဌမအဆင့် ရောက်တဲ့အခါ မင်းရဲ့ခန္ဓာကိုယ်အတွင်းကနေပြီး ပိုကြီးမားတဲ့ ကံတရားနဲ့ မွေးရာပါနတ်ဘုရားစွမ်းရည်တွေ ပေါ်ထွက်လာလိမ့်မယ်တဲ့..."
"အဲ အချိန်ကျရင် ကောင်းကင်နှင့်မြေကြီး အစိုးရသောစစ်ဘုရင်ခန္ဓာရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းထုတ်သုံးနိုင်လာလိမ့်မယ်လို့လည်းပြောလိုက်သေးတယ်..."
"ကောင်းပြီ...မင်းရဲ့ စွမ်းဆောင်ရည်က ဆုချဖို့ ထိုက်တန်တဲ့အတွက်...သခင်က မင်းကိုပေးဖို့ ဆုလာဘ်တစ်ခု ထည့်ပေးလိုက်တယ်..."
"ဒါပေမဲ့... အဲ့ဒါမတိုင်ခင်.... သခင်ရဲ့ ဝိုင် ပန်းကန်လုံးကို အရင်ပြန်ပေးဦး..."