အခန်း (၆၇)
Vol. 7 Ch. 67
ကျုံးကျဲ၏ မျက်နှာသည် ချက်ချင်း ရဲတက်သွားလေသည်။
‘ဘိုးဘေးရဲ့ ဝိုင်ကိုသောက်ပြီး ဘိုးဘေးရဲ့ ဝိုင်ခွက်ကိုပါ မ လာတာကို တွေးကြည့်ရင် တော်တော်လေး ရှက်စရာကောင်းတာပဲ...’
သူသည် ကြွေပန်းကန်လုံးအဖြူကြီးကို ထုတ်ယူလိုက်သည်။ ထို့နောက် ပန်းကန်လုံးပေါ်တွင် ပေကျံနေသော သွေးနှင့် အသားစများကို သူ၏ ဝတ်ရုံအနားသတ်ဖြင့် ပြောင်စင်အောင် သုတ်ပြီးမှသာ စီနီယာကြောင်ဖက်တီးကို ရိုသေစွာ ကမ်းပေးလိုက်သည်။
ကျူးကျီက လက်သည်းဖြင့် တစ်ချက်တို့လိုက်ရာ ပန်းကန်လုံးကြီး တစ်နည်း ဝိုင်ခွက်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် နတ်ဘုရားအလင်းတန်းများ ကိုပြန်လည်ရုပ်သိမ်းးလိုက်ရာ ကျူးကျီသည် အားကောင်းသော အရှိန်အဝါမရှိဘဲ သာမန်လိမ္မော်ရောင်ကြောင်ဖက်တီးအဖြစ် ပြန်လည်ရောက်ရှိသွားသည်။
သူ၏ ကြောင်ခေါင်းလေးကို ကျုံးကျဲရှိရာဘက်သို့လှည့်လိုက်ပြီး နတ်ဘုရားအလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်ရာ ကျုံးကျဲ၏ ရှေ့မှောက်တွင် လေဟာနယ်လမ်းကြောင်းတစ်ခု ပွင့်ဟသွားသည်။
ထိုလေဟာနယ်လမ်းကြောင်းမှမှုန်ဝါးဝါး အလင်းရောင်များ တောက်ပနေသော နတ်ဘုရားသံချပ်ကာတစ်စုံသည် ဆင့်ခေါ်မှုကို လက်ခံရရှိပြီး ရောက်ရှိလာတော့သည်။
သံချပ်ကာပေါ်တွင် ဒဏ္ဍာရီလာ စစ်မှန်သောနဂါး၏ သားတော်ကိုးပါးထဲမှ တစ်ပါးဖြစ်သည့် ပိရှီးသားရဲ၏ပုံသဏ္ဍာန်ကို ထွင်းထုထားသည်။ ထိုပိရှီးသားရဲသည်ကောင်းကင်ကျောက်တိုင်ကို ကျောကုန်းပေါ်တွင် ထမ်းပိုးထားပြီးဟိတ်ဟန်ကြီးစွာရပ်နေသည်မှာမိုးကောင်းကင်ကို ထောက်ပင့်ထားသည့်ပုံဖြစ်နေသည်။
ထိုသံချပ်ကာ ထွက်ပေါ်လာသည်နှင့် မိုင်ပေါင်း တစ်သိန်းပတ်လည်ရှိ တောင်တန်းများအားလုံး တုန်ခါသွားကြသည်။ မြေကြီးများမှာလည်း မရပ်မနားလှုပ်ယမ်းနေပြီး ဧရာမကြီးမားသောအရာတစ်ခု ကျဆင်းလာသကဲ့သို့ဖြစ်နေသည်။ အနီးရှိဧကရာဇ်မြို့တော်သည်လည်း ကာကွယ်ရေး အစီအရင်များ ရှိလင့်ကစားကြီးမားသော ဖိအားအောက် တောင့်မခံနိုင်သဖြင့် သုံးပေခန့် နိမ့်ဆင်းသွားသည်။
အဝေးတစ်နေရာရှိ လင်ချန်သည် ဝိညာဉ်ပုံစံဖြင့် သေလုမျောပါး ခွေးတစ်ကောင်ကဲ့သို့မြေပြင်တွင် လဲကျနေသည်။ သို့သော် သူ၏ မျက်လုံးများကမူ လေဟာနယ်လမ်းကြောင်းမှထွက်ပေါ်လာနေသည့် ပိရှီးသားရဲထွင်းထုထားသည့်ချပ်ဝတ်ကို စူးစိုက်ကြည့်နေ၏။ တစ်ဖက်လူက သူ့ရှေ့မှောက်တွင်ပင် ပေါ့ပေါ့ပါးပါးဖြင့် ဆုချီးမြှင့်ခံနေသည်။
‘သတ်ပစ်ရမယ်... ကျုံးကျဲဆိုတဲ့ အကောင်ကသေသင့်တဲ့ကောင်ပဲ...’
ယခုအချိန်တွင် သူသည် လူသားဟု မသတ်မှတ်နိုင်တော့ပေ။ ကောင်းကင်မျက်လုံးဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုလိုက်လျှင် သူ၏ သွေးသားနှင့် ကိုယ်တွင်းအင်္ဂါအားလုံးသည် ထူးဆန်းသော အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။
နှလုံးရှိသွေးကြောများပင် အနက်ရောင်အစင်းကြောင်းများ ၊ အစက်အပြောက်များဖြင့်ပြည့်နှက်နေလေ၏။ တစ်ဖက်တွင် အားကောင်သောအရှိန်အဝါကိုသယ်ဆောင်ထားသည့် ပိရှီးသားရဲပုံထွင်းထုထားသည့် သံချပ်ကာသည်ကျုံးကျဲရှေ့မှောက်လေထဲသို့ဆင်းသက်ရောက်ရှိလာပြီဖြစ်၏။
“ဒါ... ဒါက ပိရှီးကျောက်တိုင်ထမ်း သံချပ်ကာပဲ...”
“ဒါက...”
သူ့ခေါင်းထဲရှိ ရှေးဟောင်းကျမ်းစာများ၌ ဖော်ပြထားသော နတ်ဘုရားသံချပ်ကာကို သွားသတိရလိုက်မိ၏။ ဤသံချပ်ကာပုံစံမှာ ကျမ်းစာထဲမှအတိုင်း တစ်ပုံစံတည်းပင်ဖြစ်လေ၏။ အကယ်၍သာ ထို နတ်ဘုရားသံချပ်ကာ အစစ်သာ ဖြစ်ခဲ့လျှင် ဤလက်ဆောင်သည် တန်ဖိုးဖြတ်မရနိုင်လောက်အောင်အဖိုးထိုက်တန်သည့် လက်ဆောင်ပင်။ ကျုံးကျဲ၏ မျက်နှာတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာပြီး သူ့ရှေ့မှောက်ရှိ ရွှေသံချပ်ကာကို ချက်ချင်း လက်လှမ်းမယူရဲဘဲ ဖြစ်နေတော့၏။
“ကျုံးကျဲ... လက်ဆောင်ကို ဘာလို့လက်မခံသေးတာလဲ..”
ကျူးကျီက လှမ်းအော်လိုက်သည်။ ကျူးကျီ၏ ပျင်းရိသောစိတ်နေသဘောထားအရ ယခုလိုအလုပ်မျိုး လုပ်ရခြင်းသည် သူ့ကို အပြစ်ပေးနေသကဲ့သို့ခံစားရပြီး အတော်ပင် စိတ်ရှုပ်စရာကောင်းလှသည်။ တစ်ဖက်ရှိကျုံးကျဲသည်တော့ အလွန်ပင် စိတ်လှုပ်ရှားနေသည်။
သို့နှင့်သူ၏ လက်နှစ်ဖက်ကို အထပ်ထပ်အခါခါ သုတ်လိုက်ပြီးမှ ခါးကိုင်းဦးညွှတ်ကာ ရိုသေလေးစားစွာဖြင့် နတ်ဘုရားသံချပ်ကာကို လှမ်းယူလိုက်လေသည်။
ထိုအခါမှ ကျူးကျီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။
“ပိရှီးသားရဲက ရှေးဟောင်း ရွှေခေတ်က မင်္ဂလာရှိခြင်းကို ဖော်ဆောင်တဲ့သားရဲဖြစ်တယ်... သူ့မှာ မိုးကောင်းကင်ကို ထောက်ပင့်နိုင်တဲ့ စွမ်းအားရှိတယ်...သူက ကောင်းကင်တာအို ရဲ့ကောင်းမှုကျောက်တိုင်ကို ထမ်းပိုးပြီး သူတော်စင်တွေ ၊ နတ်ဘုရားတွေကို ဂုဏ်ပြုချီးကျူးပြီး ကမ္ဘာအနှံ့ လျှောက်သွားရင်းမရေမတွက်နိုင်တဲ့ ကုသိုလ်တွေနဲ့ ယုံကြည်ခြင်း စွမ်းအားတွေကို စုပ်ယူခဲ့တယ်...”
“နောက်ပိုင်းမှာ လူသားမျိုးနွယ်ရဲ့ လက်မှုပညာ နတ်ဘုရား ပန် က တောင်ကြီးငါးလုံးရဲ့ အနှစ်သာရကို ထုတ်ယူပြီး ပိရှီးရဲ့ မိုးကောင်းကင် ထောက်ပင့်နိုင်တဲ့အရှိန်အဝါနဲ့ ပေါင်းစပ်ပြီးတော့ ဒီရွှေသံချပ်ကာကို ထုလုပ်ခဲ့ခြင်းဖြစ်တယ်... ဒီလိုနဲ့ ခေတ်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ နတ်ဘုရားအဆင့်သံချပ်ကာပဲ...”
“ပိရှီးက ကောင်းကင်ကျောက်တိုင်ကို ကျောပိုးပြီး မိုးကောင်းကင်ကိုထောက်ကန်ကာ မာန်ဝင့်ကြွားစွာနေတဲ့သားရဲပဲ... သူရဲ့အင်အားက အဆုံးမရှိဘူး...”
“သခင်က မင်းကို ဒီသံချပ်ကာ ပေးလိုက်တာက... ကောင်းကင်နဲ့ မြေကြီးကြားမှာ ကမ္ဘာကို တုန်လှုပ်စေမယ့် မာန်ဟုန်ဝင့်ကြွားတဲ့ စစ်ဘုရင် ဖြစ်လာဖို့ မျှော်လင့်လို့ပဲ...”
ကျုံးကျဲက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းများသည် သံချပ်ကာအတွင်းရှိလက်နက်ဝိညာဉ်နှင့် ချိတ်ဆက်သွားလေသည်။
စစ်ဘုရင်ခန္ဓာနှင့်သတ်ဖြတ်ခြင်းစွမ်းအင်တို့၏ ဆွဲဆောင်မှုကို ခံစားမိသောအခါ ရွှေရောင်နတ်ဘုရားသံချပ်ကာ သည် လေပေါ်သို့တစ်ချက်ပျံတက်သွားပြီးနောက် ကျုံးကျဲ၏ ကိုယ်ပေါ်တွင် အလိုအလျောက် ဝတ်ဆင်သွားလေသည်။
“ဝေါင်း...”
သံချပ်ကာပေါ်ရှိ ပိရှီး ရုပ်ကြွသည် အသက်ဝင်လာပြီး လေထဲတွင် ပေပေါင်းသောင်းချီ ကြီးမားသော ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားကာ ခြေထောက်လေးချောင်းဖြင့် မြေကြီးကို နင်းလျက် ကြီးမားသော ကျောက်တိုင်ကြီးဖြင့် ကောင်းကင်ကို ထောက်ထားလိုက်လေသည်။.ပိရှီးသည် လိပ်ပုံစံ ရှိသော်လည်း စစ်မှန်သောနဂါး၏ သွေးသားရင်းဖြစ်သည်။
သူ၏စစ်မှန်သည့်နဂါးဟိန်းသံ ကျယ်လောင်စွာထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေပြင်အကြား ပဲ့တင်ထပ်သွားလေသည်။ ပိရှီးသည် သခင်အသစ်ကို ရှာဖွေတွေ့ရှိလိုက်သဖြင့် ဝမ်းသာအားရ ဖြစ်နေပုံရပြီး ကောင်းကင်ပေါ်တွင် စက်ဝိုင်းပုံခုန်ပျံလိုက်ပြီးမှ ရွှေသံချပ်ကာအတွင်းပြန်လည်ဝင်ရောက်သွား၏။
ထိုအရှိန်အဝါကို ကြည့်ရုံဖြင့် ဤအရာသည် ထိပ်တန်း ဖန်ဆင်းရှင် လက်နက်တစ်ခုနှင့် ယှဉ်နိုင်ပြီး ကံတရားတစ်ခုလုံးကို ဖိနှိပ်ချုပ်ထိန်းနိုင်သော နှိုင်းယှဉ်မရသည့် နတ်ဘုရားသံချပ်ကာတစ်စုံ ဖြစ်ကြောင်း သိနိုင်ပေသည်။
အဝေးမှကြည့်နေသော ဧကရာဇ်နန်တျန်၏ မျက်လုံးများ အရောင်တောက်ပလာသည်။ အနီးရှိဧကရာဇ်မြို့တော်အတွင်းမှ ကျင့်ကြံသူအပေါင်းတို့လည်း ယနေ့တွင် မျက်စိနားပွင့်ဖြစ်သွား ရလေသည်။
အိမ်မွေးတိရစ္ဆာန် တစ်ကောင်သည်ပင် အလွန်အမင်း စွမ်းအားကြီးမားနေပြီး ပေါ့ပေါ့ပါးပါး ပေးလိုက်သော လက်ဆောင်ကလည်း နတ်ဘုရားသံချပ်ကာ ဖြစ်နေ သေးသည်။
ထိုကျွမ်းကျင်သူမှာ မည်သူမည်ဝါ ဖြစ်မည်ကို သူတို့မခန့်မှန်းနိုင်တော့ပါ။ ယှဉ်ကြည့်လိုက်သော် နန်တျန်အင်မော်တယ်မင်းဆက်မှ ပါရမီရှင် ရာထူးတိုးများကို ပေးအပ်သော စစ်မင်းဓားကျိုး ဆိုသည်မှာ စကားထဲထည့်ပြောဖို့ပင် မတန်လှချေ။
ပိရှီးကျောက်တိုင်ထမ်း သံချပ်ကာကို ဝတ်ဆင်ထားသော ကျုံးကျဲ၏ အရှိန်အဝါသည် အဆပေါင်းများစွာ ပိုမို ကြီးမားလာသည်။ ကျုံးကျဲ၏ တစ်ကိုယ်လုံး ပိရှီးပုံရိပ်ယောင်ဖြင့်ဖုံးလွှမ်းနေပြီး မြေကြီးနှင့် တောင်တန်းများကဲ့သို့ လေးလံတည်ငြိမ်ကာ အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးထုတ်ဖော်နေသည်။
ကျူးကျီသည် ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ရာ တစ်ခဏချင်းမှာပင် အကြီးအကဲဆွန်၏ ရှေ့မှောက်သို့ ရောက်ရှိသွား၏။
“ဆွန်ယွီထျန် ရှိလား...”
အကြီးအကဲဆွန် စိတ်ရှုပ်ထွေးသွားပြီး ခါးကိုင်းလျက် ဂါရဝပြုလိုက်သည်။
“စီနီယာ... ဘာခိုင်းစရာ ရှိလို့ပါလဲခင်ဗျာ...”
ကျူးကျီက စကားအများကြီး မပြောဘဲ လက်ကို ဝှေ့ယမ်းကာ ရွှေရောင်ဖျော့ဖျော့ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်အမှတ်အသားကို ရေးထွင်းထား၏။
ဤတံဆိပ်ပြား၏ အရှိန်အဝါသည် ရှေးကျပြီး နက်ရှိုင်းလှသဖြင့် ယခုလက်ရှိ မျိုးဆက် ဂိုဏ်းချုပ်များနှင့် မတူပေ။
‘နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသည့် ဘိုးဘေး ဂိုဏ်းချုပ်တစ်ဦးများလား...’
အကြီးအကဲဆွန်တစ်ယောက်စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေစဉ် ကျူးကျီက သူ၏စကားကိုဆက်၏။
“သခင်က မင်းကိုလည်း ဆုချလိုက်တယ်... ဆွန်ယွီထျန်... ဂိုဏ်းချုပ်ရဲ့ အမိန့်တော်ကို နာခံလော့...”
အကြီးအကဲဆွန် ကြားလိုက်သည်နှင့် သူ၏ တာအိုဝတ်ရုံကို သပ်ရပ်အောင် ပြုလုပ်ပြီး မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်လိုက်ကာ လက်နှစ်ဖက်ကို မြှောက်လျက် လက်ခံမည့် ဟန်ပန် ပြုလုပ်လိုက်လေသည်။
“တပည့် ဆွန်ယွီထျန်... ဘိုးဘေးဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်.....”
ကျူးကျီက သူ့ကို ဂရုမစိုက်ဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် သခင်၏ နှုတ်မိန့်ကို စတင် ကြေညာလိုက်သည်။
“အကြီးအကဲဆွန်က မိုးကြိုးလိုပြင်းထန်တဲ့ စိတ်ဓာတ်နဲ့.. ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ ဂုဏ်သိက္ခာကို အမြဲလက်ကိုင်ထားတယ်... မင်းကတကယ့်ကို ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ ထောက်တိုင်ကြီးပဲ...”
“အခုလက်ရှိဂိုဏ်းချုပ်ရဲ့ ဘေးမှာမင်းရှိမှန်းသိရတော့ ငါ..ဘိုးဘေးကို စိတ်အနားရစေတယ်...”
“ဒီ ကောင်းကင်မိုးကြိုးဟိန်းသံဓား ကို မင်းကိုချီးမြှင့်မယ်... လက်ခံယူလိုက်ပါ...”
ကျူးကျီက ကြောင်လက်သည်းဖြင့် တွန်းပို့လိုက်သည်။
အကြီးအကဲဆွန်သည် ထျန်းဂိုဏ်းချုပ် သုံးဆက်တိုင်တိုင်ဖြတ်သန်းခဲ့သည့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ မရှိမဖြစ် ဝါရင့်အကြီးအကဲတစ်ဦးဖြစ်ပြီး ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် များစွာအကျိုးပြုခဲ့သည်။ ထိုဆုလာဒ်သည် သူ့အတွက်ရထိုက်သောဆုလာဒ်ပင်။
၄ ပေခန့် ရှည်လျားပြီး ရောင်စုံမိုးကြိုး အစင်းကြောင်း ၅ ခု ရစ်ပတ်ထားသော အေးစက်သည့် ဓားတစ်လက်သည် အကြီးအကဲဆွန်၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
“ကောင်းကင်မိုးကြိုးဟိန်းသံဓား...”
အကြီးအကဲဆွန် စိတ်လှုပ်ရှားလွန်း၍ တုန်လှုပ်သွားပြီး မိမိကိုယ်ကို အိမ်မက်မက်နေသည်ဟုပင် ထင်မှတ်လိုက်မိ၏။ ကောင်းကင်တာအိုက မိုးကြိုးမျိုးနွယ်စုများကို မိုးကြိုးနတ်ဘုရားများအဖြစ် ခန့်အပ်စဉ်က နတ်ဘုရားမိုးကြိုး ၅ သွယ် ပေးသနားခဲ့ဖူးသည်။
ထိုမိုးကြိုး၅သွယ်တွင် မိုးကြိုးမြွေ၊ မိုးကြိုးကြွက်၊ မိုးကြိုးနဂါး၊ မိုးကြိုးနွား နှင့် မိုးကြိုးမြင်း ဟူ၍ အသီးသီး အသွင်ပြောင်းလဲနိုင်စွမ်းအသီးသီးပါဝင်သည်။
မိုးကြိုးနတ်ဘုရားသားရဲ ၅ ကောင်… တစ်ကောင်ချင်းစီသည် ကောင်းကင်နှင့် မြေကြီး၏ ဖန်ဆင်းရှင်စွမ်းအားနှင့် ညီမျှသည်။ ကောင်းကင်မိုးကြိုးဟိန်းသံဓား… ထိုဓါးကို လူသားမျိုးနွယ်ရှိ မိုးကြိုးနတ်ဘုရား ကျန့် က နတ်ဘုရားမိုးကြိုး ၅ သွယ်နှင့် နှစ်သန်းပေါင်းများစွာ မိုးကြိုးပစ်ချခံထားရသော ရွှေမိုးကြိုးအနှစ်သာရကို အသုံးပြုကာ ထုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းနတ်ဘုရားများ ချန်ထားခဲ့သော နတ်ဘုရားလက်နက်များမှာ မနည်းလှပေ။ သို့သော် အများစုမှာ အသုံးအဆောင် ပစ္စည်းများသာ ဖြစ်ပြီး တိုက်ခိုက်ရေး လက်နတ်ဘုရားလက်နက်များမှာ လက်ချိုးရေ၍ ရသည်။
ဤကောင်းကင်မိုးကြိုးဟိန်းသံဓားသည် ထိုအနည်းငယ်ထဲမှ တစ်လက် ဖြစ်ပေသည်။ မိုးကြိုးနတ်ဘုရားနှင့်အတူ ကံတရား ကပ်ဘေးကြီးများကို ဖြတ်သန်းတိုက်ခိုက်ခဲ့ပြီးရှည်လျားသော သမိုင်းကြောင်းရှိသည့် လက်နက်ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးဂိုဏ်းချုပ်၏ လက်ဆောင်မှာ တကယ့်ကို အံ့မခန်းပင်။
မည်မျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်ဖြစ်နေမှသာ ဤမျှရက်ရောစွာဖြင့် နတ်ဘုရားလက်နက် ၂ ခုကို ဆုချလိုက်နိုင်မည်နည်း ဆိုသည်ကို တွေးကြည့်ရန်မှာ ခက်ခဲလှသည်။