← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

အနူးဘစ်သည် နတ်ဘုရားအဆင့်အတန်း ပိုင်ဆိုင်သော စစ်မှန်သည့် နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ သူ၏ ဝိညာဉ်စိတ်အာရုံတစ်မျှင်သည်ပင် လင်ချန် ဆက်ခံထားသော ဝိညာဉ်မြင့်မြတ်ခန္ဓာနှင့် ပေါင်းစပ်လိုက်ပြီးနောက် ဝိညာဉ်ဆင်းသက်ခြင်း မဟာနည်းစနစ်ကို အသုံးပြုလိုက်ရာ လင်ချန်အား သူတော်စင်အဆင့် ဝိညာဉ်စွမ်းအားမျိုး ပိုင်ဆိုင်သွားစေလေသည်။

ယခု ကျုံးကျဲ ရင်ဆိုင်နေရသည်မှာ လင်ချန် မဟုတ်တော့ပေ။ အနူးဘစ်၏ ဝိညာဉ်ကိုယ်ပွားပင် ဖြစ်၏။ ယခုအချိန်၌ လင်ချန်သည် နတ်ဘုရားအဆင့် မရောက်သေးသော်လည်း စစ်မှန်သော နတ်ဘုရားတစ်ပါး၏ နည်းစနစ်များနှင့် စွမ်းရည်များကို အကုန်အစင် ထုတ်သုံးနိုင်စွမ်း ရှိလာပြီဖြစ်သည်။

အစောပိုင်းက စုတ်ပြတ်သပ်အောင် အရိုက်ခံခဲ့ရသော လင်ချန်သည် အနူးဘစ်၏ ဝိညာဉ်ဆင်းသက်ခြင်းကို ခံယူပြီးနောက် နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ ပြန်လည် တက်ကြွလန်းဆန်းလာသည်။

ကံတရားကို မြင်နိုင်စွမ်းရှိသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုလျှင် လင်ချန်၏ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော ကံတရားတိုင်သည် ပိုမိုခန့်ငြားထည်ဝါလာကြောင်း တွေ့မြင်ရပေလိမ့်မည်။ လင်ချန်၏ ကံတရားသည် ပိုမို အားကောင်းလာခြင်းဖြစ်၏။။

လင်ချန်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့ပတ်ဝန်းကျင်သို့ ယမမင်းနတ်ဘုရား အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ ယမမင်းနတ်ဘုရား အလင်းတန်းများနှင့် ထိတွေ့သွားသော သဲမှုန်များသည် ပျစ်ခဲလာပြီး ကြောက်မက်ဖွယ် သတ္တဝါအချို့ကို မွေးဖွားပေးနေသကဲ့သို့ ဖြစ်ပေါ်လာသည်။

ထို့နောက် သူသည် ခေါင်းမော့လိုက်ပြီး ကျူးကျီကို လျစ်လျူရှုကာ အနောက်ဘက်ရှိ ကျုံးကျဲကို လှမ်းကြည့်လိုက်သည်။

“မြင်ရဲ့လား... မင်း ငါ့ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး... ငါ့ရဲ့ ကံတရားနဲ့ အခွင့်အရေးက မင်းထက် အဆပေါင်းရာချီ ထောင်ချီ သာတယ်... မင်းက ငါ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ...”

သူ၏ အသံသည် ခြောက်ကပ်အက်ကွဲနေပြီး လူနှစ်ယောက် ပြိုင်တူ စကားပြောနေသကဲ့သို့ ဖြစ်နေကာ နားထောင်ရသည်မှာ ထူးဆန်းလှပေသည်။

သူသည် ကျုံးကျဲ ဝတ်ဆင်ထားသော ပိရှီး နတ်ဘုရားသံချပ်ကာကို လောဘတကြီး ကြည့်နေမိ၏။ ရှေးဟောင်းယမမင်း၏ အမွေအနှစ်ကို ဆက်ခံထားသူတစ်ဦးအနေဖြင့် ဤသံချပ်ကာသည် အလွန်စွမ်းအားကြီးသော နတ်ဘုရားလက်နက်တစ်ခုဖြစ်ကြောင်း သူ ဝန်ခံရပေမည်။

အထူးသဖြင့် ကောင်းခြင်းမင်္ဂလာ ဆောင်ကျဉ်းပေးသော သားရဲဖြစ်သည့် ပိရှီးနှင့် ရှေးဟောင်းနတ်ဘုရားများ၏ သမိုင်းကြောင်းတွင် ပါဝင်ပတ်သက်မှုရှိသော ဤကဲ့သို့ နတ်ဘုရားလက်နက်မျိုးမှာ ရှားပါးလှသည်။

ထိုသံချပ်ကာသည် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ရုံသာမက ဝိညာဉ်အသိဉာဏ်ပါ ရှိကြပြီး အဆင့်တူ အခြားလက်နက်များထက် များစွာ သာလွန်ကောင်းမွန်လှသည်။ သို့သော် သူသည် ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။

ရုတ်တရက် လင်ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ယမမင်းသင်္ကေတများ လင်းလက်လာပြီး အနက်ရောင်မြွေတစ်ကောင် ဟိန်းဟောက် ထွက်ပေါ်လာသည်။

ထိုမြွေသည် လင်ချန်ကို တစ်ပတ်ပတ်လိုက်ပြီးနောက် လက်ဝါးပေါ်တွင် ထူထဲလေးလံသော ကျမ်းစာအုပ်တစ်အုပ်အဖြစ် အသွင်ပြောင်းသွားကာ နတ်ဘုရားအလင်းရောင်များဖြင့် တောက်ပနေတော့၏။

ထိုနတ်ဘုရားအလင်းရောင်ထဲတွင် နတ်ဘုရားစွမ်းအင်များနှင့် သေဆုံးသူများ၏ ညည်းညူသံများ ရောထွေးပါဝင်နေပြီး အကောင်းနှင့်အဆိုး ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း ထူးဆန်းစွာဖြင့် ဟန်ချ‌က်ညီနေခဲ့သည်။

ထိုအရာကိုမြင်လျှင် ကျူးကျီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ကြောင်အမွှေးများ ထောင်တက်လာသည်။

“အနူးဘစ်ရဲ့ အထွတ်အထိပ် လက်နက်တွေထဲက တစ်ခုဖြစ်တဲ့ ဝိညာဉ်ကျမ်းစာအုပ်ပဲ... ဒါပေမဲ့ ဒီတစ်ခုက အတုပဲ... ဒါပေမဲ့လည်း နတ်ဘုရားစွမ်းအားတွေ ပြည့်နှက်နေတာဆိုတော့ နတ်ဘုရားတစ်ပါးရဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်လောက်တယ်...”

ကျူးကျီသည် အနည်းငယ်မျှ ပေါ့ဆခြင်း မရှိဘဲ လေးနက်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။

ယမမင်းနတ်ဘုရားစွမ်းအားနှင့် ထိတွေ့ထားသော သဲမှုန်များသည် ယမမင်းစွမ်းအားကို ရူးသွပ်စွာ စုပ်ယူလာကြသဖြင့် အနီးနားရှိ ဟင်းလင်းပြင်သည် တစ်စစီ အက်ကွဲကုန်သည်။ လင်ချန်၏ မျက်နှာထားသည် ကြည်ညိုလေးစားမှုအပြည့် ဖြစ်ပေါ်နေ၏။

သူသည် လက်တစ်ဖက်ဖြင့် ဝိညာဉ်ကျမ်းစာအုပ်ကို ပွတ်သပ်လိုက်ပြီး ပါးစပ်မှလည်း ရှေးဟောင်း ဟွမ်ရှားလူမျိုးစု ဂါထာမန္တန်များကို ရွတ်ဖတ်နေလေသည်။

သူ၏ ရွတ်ဖတ်မှုအောက်တွင် သဲမှုန်အစုအဝေးများသည် လျင်မြန်စွာ လည်ပတ်လာကြပြီး ပေပေါင်းများစွာ မြင့်မားသော သဲလူသားကြီးများအသွင် ပြောင်းသွားသည်။

ထိုသဲလူသားကြီးများသည် မျက်နှာသေများဖြင့် သဲဦးထုပ်များကို ဆောင်းထားကြပြီး တစ်ကိုယ်လုံး၌လည်း ဝိညာဉ်သင်္ကေတများ အပြည့်ပါရှိ၏။

လက်ထဲတွင် တံစဉ်များကို ကိုင်ဆောင်ထားကြပြီး ရွှေရောင်အစင်းကြောင်းပါသော သံချပ်ကာများကို ဝတ်ဆင်ထားကြကာ သူတို့တစ်ဦးချင်းစီ၏ အရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သူတော်စင်တစ်ပိုင်းအဆင့် ရှိသော ဧကရာဇ်နန်တျန်ထက် မနိမ့်ကျပေ။

သူတို့ကား ခေတ်အဆက်ဆက် ပျောက်ကွယ်နေခဲ့သော ဖာရိုဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ သို့မဟုတ် သဲကန္တာရ၏ ပထမဆုံး နတ်ဘုရားဖြစ်သော ဖာရိုဘုရင် ဆက်တီ၏ လက်အောက်ငယ်သားများပင် ဖြစ်တော့သည်။

“ဟားဟားဟား...”

“သဲမှုန်ပြန်လည်ဝင်စားခြင်း မဟာနည်းစနစ်... ဖာရိုဘုရင် ကိုယ်ရံတော်တွေရဲ့ အစွမ်းကို မြည်းကြည့်လိုက်စမ်း...”

“ကျုံးကျဲ... မင်းသေနေ့စေ့ပြီ... ငရဲပြည်တံခါးမကြီး... ပွင့်စေ...”

လင်ချန်က မောက်မာစွာ ရယ်မောလိုက်ကာ ကြုံးဝါးလိုက်လျှင် ခမ်းနားထည်ဝါသော အနက်ရောင် တံခါးမကြီးတစ်ခု သူ၏ နောက်ကျောဘက်တွင် ပေါ်လာ၏။ ထိုတံခါးကြီးသည် အနူးဘစ်၏ ဝိညာဉ်စွမ်းအား အထောက်အပံ့ဖြင့် လင်ချန်ဆင့်ခေါ်လိုက်သည့် ငရဲတံခါးပင် ဖြစ်သည်။

တံခါးရွက်မကြီးပေါ်တွင် သက်ရှိများ သေဆုံးနေပုံကို ထွင်းထုထားပြီး တံခါး၏ အလယ်တည့်တည့်တွင် စီရင်ချက်ချိန်ခွင် ကိုင်ဆောင်ထားသော အနူးဘစ်၏ပုံကို ထွင်းထုထားသည်။

ယခုအခါ ထိုတံခါးမကြီးသည် လက်သီးဆုပ်ခန့် အက်ကွဲကြောင်းတစ်ခု ဖြည်းညှင်းစွာ ပွင့်ဟလာနေပြီး အထဲမှ အရှိန်အဝါ ပြင်းထန်သော ငရဲဝိညာဉ်များစွာသည် ဟိန်းဟောက်လျက် လက်များကို ဆန့်ထုတ်ကာ ငရဲတံခါးကို ဖြတ်ပြီးထွက်ခွာရန် ရုန်းကန်နေကြသည်။

ဤဝိညာဉ်များသည် အနူးဘစ်ကိုယ်တိုင် သုတ်သင်ခဲ့သော စွမ်းအားကြီး သက်ရှိများ၏ ဝိညာဉ်များ ဖြစ်ပြီး လူသားမျိုးနွယ် ကျွမ်းကျင်သူများသာမက ရှေးဟောင်းသားရဲကြီးများ၊ မျိုးကွဲ မိစ္ဆာသူတော်စင်များလည်း ပါဝင်သည်။ ငရဲပြည်တံခါးမကြီးထဲတွင် နှစ်ပေါင်းများစွာ ချုပ်နှောင်နှိပ်စက်မှု ခံရသဖြင့် ယင်းတို့၏ နာကျည်းချက်များက ပျောက်ကွယ်မသွားချေ။

တံခါးမကြီးတစ်ခုလုံးသည် နာကျည်းချက်‌အော်ရာများ၊ သေဆုံးခြင်း အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေသည်။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများသာ ဤမြင်ကွင်းကို တစ်ချက်ကြည့်မိလိုက်ပါက ကြောက်ရွံ့ခြင်းကြောင့် ကိုယ်တွင်းနတ်ဆိုးများ‌ ပေါ်ပေါက်လာနိုင်ကာ ကျင့်ကြံခြင်းလမ်းစဉ် တစ်ဆို့သွားနိုင်ပေသည်။

အနူးဘစ် ဆင်းသက်လာခြင်းကြောင့် ကောင်းကင်ကို ဖုံးလွှမ်းသွားသော သေခြင်းတရား အငွေ့အသက်များ ပိုမိုပျံ့နှံ့လာပြီး သဲကန္တာရအဖြစ် ပြောင်းလဲသွားသော မိုင်တစ်သိန်းပတ်လည်သည် ပိုမို ခြောက်သွေ့ကာ သက်ရှိကင်းမဲ့သွားလေသည်။ ငရဲတံခါးသည် အနည်းငယ်သာ ဟနေခြင်းဖြစ်သော်လည်း ဝိညာဉ်များ၏ အတင်းရုန်းကန်မှုကြောင့် နောက်ဆုံးတွင် ကင်းမြီးကောက်ပုံစံ ဝိညာဉ်တစ်ခုသည် အက်ကွဲကြောင်းထဲမှ တိုးထွက်လာကာ လင်ချန်၏ ခေါင်းပေါ်တွင် စိတ်လှုပ်ရှားစွာ ဝဲပျံနေလေသည်။

ကျူးကျီက ယင်း၏ အရှိန်အဝါကို အာရုံခံကြည့်လိုက်ရာ သူတော်စင်အဆင့် သတ္တဝါတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အဝေးရှိ ဧကရာဇ်မြို့တော်အတွင်းတွင် ဧကရာဇ်နန်တျန်သည် တိုက်ပွဲကွင်းပြင်မှ မိုင်တစ်ရာအကွာတွင် ရှိနေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရိုက်ခတ်လာမှုအောက်တွင် အသည်းအသန် ခုခံနေရကာ အစီအရင်ပြားအတွင်းသို့ ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ထည့်သွင်းနေရလေသည်။

ထိုအချိန်၌ ဧကရာဇ်မြို့တော်၏ နက်ရှိုင်းသော တစ်နေရာမှ တားမြစ်စည်းများစွာဖြင့် ကာရံထားသော လျှို့ဝှက်ခန်းတစ်ခုထဲတွင် ကြေးမုံတစ်ချပ်သည် ရုတ်တရက် လက်သွားပြီး ယင်နှင့် ယန် သင်္ကေတ မျက်လုံးအသွင် ပြောင်းလဲသွားကာ အကာအကွယ်အလွှာများကို ဖောက်ထွင်း၍ လင်ချန်နှင့် ကျုံးကျဲ တို့တိုက်ခိုက်နေသော နေရာကို လှမ်းကြည့်လိုက်၏။

ကျူးကျီနှင့် လင်ချန်တို့သည် တစ်စုံတစ်ယောက်၏ အကဲဖြတ်သလို အကြည့်ကို ခံစားလိုက်ရသဖြင့် တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်မိကြသည်။ ထို့နောက် သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ မူမမှန်မှု၏ အရင်းမြစ်ကို ရှာဖွေလိုက်သည်။

သို့သော် ဘာမျှ မတွေ့ရပေ။ ကောင်းကင်ဘုံ၏ တားမြစ်ချက်များကို ဖုံးကွယ်နိုင်သော ရတနာတစ်ခုခုက ကျူးကျီနှင့် လင်ချန်တို့၏ စုံစမ်းစစ်ဆေးမှုကို တားဆီးထားသကဲ့သို့ပင်။ သို့ဖြစ်၍ ထိုကိစ္စကို ဆက်မတွေးတော့ဘဲ သူတို့ရှေ့ရှိ ရန်သူကိုသာ ပြန်လည်အာရုံစိုက်လိုက်ကြသည်။

လင်ချန်သည် သေစေနိုင်သော တိုက်ကွက်များကို ဆက်တိုက် ထုတ်သုံးလာကာ ကျုံးကျဲကို သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချထားကြောင်း ထင်ရှားနေသည်။ သူ့နောက်တွင် သဲကန္တာရ ရှေးဟောင်းနတ်ဘုရားအနူးဘစ် ရှိနေပြီဖြစ်ရာ လူသားမျိုးနွယ်နှင့် ဆန့်ကျင်ရမည်ကို မကြောက်တော့ဘဲ ဟွမ်ရှားလူမျိုးစုနှင့် သူ၏ ပတ်သက်မှုကို လူသိရှင်ကြား ထုတ်ဖော်လိုက်လေသည်။

တစ်ဖက်ရှိ ကျူးကျီသည် ကြောင်တစ်ကောင်ဖြစ်နေသော်လည်း သူတော်စင်အဆင့်ပင် ဖြစ်သည်။ လွန်ခဲ့သည့်ရက်အတွင်း ကျုံးရှန်က သူ၏ စိတ်ဝိညာဉ်ယဇ်ပလ္လင်ဖွင့်လှစ်ပေးခဲ့သဖြင့် အဆင့်တစ်ဆင့် တက်ရောက်သွားခဲ့ရာ ယခုအခါ သူတော်စင်အဆင့် စတုတ္ထအဆင့် ဖြစ်သော ဖရိုဖရဲပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်ချန်၏ နည်းလမ်းများက ဆန်းကြယ်ပြီး ရှေးဟောင်းနတ်ဘုရားကို ဆင့်ခေါ်နိုင်သော်လည်း ကျူးကျီကတော့ သူ နိုင်မည်ဟု ယုံကြည်ချက် ရှိနေဆဲပင်။ သို့သော် ဤတိုက်ပွဲသည် ပါရမီရှင်များ၏ တိုက်ပွဲ ဖြစ်ပြီး သူကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခြင်းက မဖြစ်သင့်ပေ။

ကျုံးကျဲ၏ စွမ်းအားကို မြှင့်တင်ပေးပြီး လင်ချန်ကို မျက်နှာချင်းဆိုင် တိုက်ခိုက် အနိုင်ယူစေခြင်းဖြင့်သာလျှင် ကျုံးကျဲသည် သူ၏ စစ်မှန်သော ကံတရားကို ရရှိမည်ဖြစ်သည်။

ထိုအချက်ကို တွေးမိပြီးနောက် ကျူးကျီက ပြောလိုက်သည်။

“မြောင်...”

“ခွေးစုတ်... မင်းပဲ ဝိညာဉ်ဆင်းသက်ခြင်း လုပ်တတ်တယ် ထင်နေလား... ဟောဒီ ဘိုးဘိုးကြီးရဲ့ အစွမ်းကို ပြရသေးတာပေါ့...”

ကျူးကျီ၏ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်တက်သွားကာ ကျုံးကျဲဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ဟေး... ကောင်လေး... ခဏနေကျရင် ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို မင်းရဲ့ ခန္ဓာထဲ လွှဲပြောင်းပေးမယ်... စိတ်ကိုလျှော့ထား... မခုခံနဲ့... မကြာခင်မှာပဲ သူတော်စင်အဆင့် စစ်ဘုရင်ခန္ဓာကိုယ်က ဘယ်လိုမျိုးလဲဆိုတာ မင်း ခံစားရလိမ့်မယ်... မှတ်ထားနော်... လုံးဝ ခုခံမနေနဲ့...”

All Chapters