အခန်း (၇၀)
Vol. 7 Ch. 70
ကျုံးကျဲသည်လည်း အလွန်ပြတ်ပြတ်သားသားရှိသူ တစ်ဦး ဖြစ်ပေသည်။ ကျူးကျီ၏ စကားကို ကြားလိုက်ရသည့်အခါ သူသည် အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“စီနီယာ... သဘောရှိသလို လုပ်ပါ... ကျွန်တော် စီနီယာကို ယုံကြည်တယ်...”
ထိုစကားများကို ကြားလိုက်ရလျှင် ကျူးကျီက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ... ငါ့ရဲ့ စွမ်းအားက ပြင်ပက အားဖြစ်တဲ့အတွက်... မင်းခန္ဓာကိုယ်ထဲ ကူးပြောင်းနေစဉ်မှာ နည်းနည်းတော့ နာကျင်လိမ့်မယ်... စိတ်ကိုလျှော့ထားပြီး မင်းရဲ့ အသိစိတ်ကို သေချာထိန်းထား...”
“ငါ့အစား အဲ့ဒီ ခွေးခေါင်းကို ကြေမွသွားအောင် ရိုက်ခွဲပစ်လိုက်...”
ထိုသို့ပြောပြီးသည်နှင့် ကျူးကျီသည် လေထဲသို့ ခုန်တက်လိုက်ရာ နေရာလွတ်တစ်ခုလုံးသည် သူနှင့်အတူ အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ လင်ချန် ရုတ်တရက် တိုက်ခိုက်လာလျှင် အပြောင်းအလဲများကို မနှောင့်ယှက်နိုင်စေရန်အတွက် သူတို့ပတ်လည်ရှိ လေဟာနယ်ကို ကွဲထွက်စေကာ သီးသန့်ကမ္ဘာတစ်ခု ဖြစ်ပေါ်စေလိုက်ခြင်း ဖြစ်သည်။
ကျူးကျီ၏ မူလခန္ဓာကိုယ်မှ စူးရှတောက်ပသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ကြီးမားသော ကြောင်ပုံရိပ်ယောင်အသွင် ပြောင်းလဲသွား၏။ ထိုပုံရိပ်သည် နောက်ခြေနှစ်ချောင်း ကွေးညွှတ်ကာ သူ၏ ချွန်ထက်သော လက်သည်းများကို ထုတ်လျက် ရန်သူမှန်သမျှကို ချေမှုန်းမည့်အသွင် ဆောင်နေသည်။
ပတ်ဝန်းကျင်တွင် မိစ္ဆာအရှိန်အဝါ လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ထိုပုံရိပ်ယောင် ကြောင်သားရဲအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ကျူးကျီသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ မိစ္ဆာအရှိန်အဝါကို ထုတ်ဖော်ပြသလိုက်ခြင်းပင်ဖြစ်သည်။ မိစ္ဆာသူတော်စင်တစ်ပါး၏ အရှိန်အဝါသည် သာမန် ရှေးဟောင်းသားရဲကြီးများထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုပုံရိပ်ယောင်ကြီး၏ အနောက်ဘက်တွင် မြင့်မြတ်သော အရှိန်အဝါကို သယ်ဆောင်ထားသည့် ဂိတ်တံခါးကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုမြင့်မြတ်နယ်မြေမှ ဂိတ်တံခါးကြီးသည် အနူးဘစ်၏ ငရဲတံခါးကဲ့သို့ အေးစက်သော သေခြင်းအရှိန်အဝါများ မရှိဘဲ မြင့်မြတ်သော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေပြီး မည်သူမျှ ကျူးကျော်စော်ကား၍ မရဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
လင်ချန်သည် ရုတ်တရက် ထွက်ပေါ်လာသည့် မြင့်မြတ်နယ်မြေမှ ဂိတ်တံခါးကြီးကို မှင်သက်စွာ ကြည့်နေမိ၏။ အနူးဘစ်ကဲ့သို့ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော စစ်မှန်သည့် နတ်ဘုရားတစ်ပါး၏ အတွေ့အကြုံထဲတွင်ပင် ဤမျှ ထူးဆန်းသော ဂိတ်တံခါးကြီးကို မမြင်ဖူးခဲ့ချေ။
“ဒါက ဘာတံခါးမကြီးလဲ... ဘာလို့ မိစ္ဆာအရှိန်အဝါမရှိဘဲ မြင့်မြတ်ခြင်း အလင်းရောင်တွေ ဖုံးလွှမ်းနေရတာလဲ...”
“မိစ္ဆာသူတော်စင်ရဲ့ မြင့်မြတ်နယ်မြေဆိုရင် မိစ္ဆာအငွေ့အသက်တွေနဲ့ ပြည့်နေသင့်တာလေ.... ဒီကြောင်က တကယ်ပဲ ဘယ်ကရောက်လာတာလဲ...”
“ငါ နားလည်ပြီ... သူက သူ့မျိုးဆက်ရဲ့ လမ်းစဉ်ကို ချိုးဖျက်ပြီး ပြိုင်ဘက်ကင်းတဲ့ ကိုယ်ပိုင်လမ်းစဉ်အသစ်ကို ဖောက်ချင်နေတာပဲ...”
“ဒီလိုကြောင်မျိုး ရှေးဟောင်းခေတ်မှာသာ မွေးဖွားခဲ့ရင် သေချာပေါက် ပြိုင်ဘက်ကင်းတဲ့ ကံတရားကို ရရှိမှာပဲ... ဆိုးတာက အခုလို ခေတ်ပျက်ကြီးမှာဆိုတော့...”
“အင်း... ငါ့ရဲ့ ငရဲတံခါးထဲမှာ ကြောင်မိစ္ဆာဝိညာဉ် မရှိသေးဘူး ကွက်တိပဲ...”
သူ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေစဉ်မှာပင် ကျူးကျီ၏ မြင့်မြတ်နယ်မြေမှ ဂိတ်တံခါးကြီးသည် ပွင့်ဟလာပြီး အဆုံးမဲ့ သန့်ရှင်းစင်ကြယ်သော သူတော်စင်အလင်းတန်းများ ဖြာကျလာသည်။
ကြီးမားသော ကြောင်လိမ္မော်ရောင် ပုံရိပ်ယောင်ကြီးသည် ထိုသူတော်စင်အလင်းတန်းများထဲသို့ ဝင်ရောက်ပေါင်းစည်းသွားလေပြီး နောက်ဆုံးတွင် အလင်းတန်းတစ်ခုတည်းအဖြစ် ပြောင်းလဲသွားကာ ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
ကျုံးကျဲတစ်ယောက် သူတော်စင်အလင်းတန်းများကြားတွင် လေပေါ်သို့ မြောက်တက်သွားပြီး မျက်စိကျိန်းမတတ် အလင်းရောင်များဖြင့် တောက်ပသွားသည်။ နာကျင်မှုကြောင့် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားပြီး သွားများကို ကြိတ်ထားသော်လည်း နောက်ပိုင်းတွင် သူ၏ မျက်နှာထားသည် တဖြည်းဖြည်း ပြေလျော့လာသည်။
တစ်ကိုယ်လုံးရှိ အရှိန်အဝါများသည်လည်း မျက်စိတစ်မှိတ်အတွင်း မြင့်တက်လာပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နိယာမနယ်ပယ် သတ္တမအဆင့်မှ သူတော်စင်အဆင့်သို့ ထိုးတက်သွားလေသည်။
သူတော်စင် ပထမအဆင့် ကျွမ်းကျင်သူ။
သူတော်စင်အဆင့်သို့ ဝင်ရောက်သွားပြီးနောက် ကောင်းကင်နှင့်မြေပြင်အတွင်း ထူးခြားဖြစ်စဉ်များ ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ကောင်းကင်ယံတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။
အမျိုးသားသည် ခန့်ညားထည်ဝါသော သံချပ်ကာ ဝတ်စုံပြည့် ဝတ်ဆင်ကာ ဘေးတွင် ထိုင်နေပြီး အမျိုးသမီးမှာမူ သူမ၏ ကျော့ရှင်းသော အင်္ကျီလက်စများကို ဝှေ့ယမ်းလျက် ညှင်သာစွာ တီးခတ်နေသော သီချင်းသံအကြားတွင် ကခုန်နေခဲ့၏။
ဝမ်းနည်းဆွေးမြေ့ဖွယ်ကောင်းသော သီချင်းသံတစ်ခုသည် နူးညံ့ညှင်သာသော သီဆိုသံနှင့်အတူ ထွက်ပေါ်လာလေပြီ။
“အရှင်မင်းကြီးရဲ့ နောက် စစ်မြေပြင်ဆီလိုက်ကာ နှစ်ပေါင်းများစွာ.. ဒုက္ခဆင်းရဲအမျိုးမျိုးကို သည်းခံခဲ့ပါတယ်.... မုန်းတီးမိတာကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချင်မင်းဆက်ရယ်ပါ... အဆုံးမရှိတဲ့ ဆင်းရဲဒုက္ခတွေကို ပြည်သူတွေဆီ သယ်ဆောင်လာသူကိုပေါ့...”
အမျိုးသမီး သီဆိုပြီးနောက် အမျိုးသားက ပြန်လည် သီဆိုလိုက်သည်။
“ဟန်တပ်စခန်းက စစ်သူကြီးတွေကို ကိုယ် လှံရှည်နဲ့ ထိုးသတ်ခဲ့ပေမဲ့... သူရဲကောင်းတို့ မည်သို့ပင် စွမ်းအားကြီးပါစေ... အရပ်ဆယ်မျက်နှာမှ ဝိုင်းရံပိတ်ဆို့ထားသော ထောင်ချောက်ကို မကာကွယ်နိုင်ခဲ့ပါတကား.... နာကျင်စွာဖြင့် အားမာန်လျော့ကာ တပ်ဆုတ်ရန်သာ အမိန့်ပေးနိုင်ခဲ့တယ်...”
အသံသည် အစပိုင်းတွင် ကျယ်လောင်ပြတ်သားပြီး အားမာန်အပြည့် ပါဝင်ကာ နောက်ဆုံးတွင် ခံပြင်းနာကျဥ်းစိတ်များဖြင့် အဆုံးသတ်သွားလေသည်။
စစ်ဘုရင်မင်းခန္ဓာ သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် ပေါ်ထွက်လာသော ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဉ်သည် စစ်ဘုရင်မင်းနှင့် ကြင်ယာတော်၏ နှုတ်ဆက်ခြင်းဇာတ်ကွက် ဖြစ်နေလေသည်။ လွမ်းဆွတ်တမ်းတနေသော်လည်း အဆုံးတွင် ငိုကြွေးမှုဖြင့် နှုတ်ဆက်ခဲ့ရသည့် ဝမ်းနည်းဖွယ်သီးချင်းတစ်ပုဒ်ပင်။
သူ့ရှေ့ရှိ မြင်ကွင်းကို လင်ချန်တစ်ယောက် လိုက်ပါခံစား စီးမျှောကာ ထိုင်ကြည့်မနေနိုင်ပါချေ။ ချက်ချင်းပင် ဝိညာဉ်ကျမ်းစာအုပ်ကို ကိုင်ဆောင်ထားသော လက်ဖြင့် ကျုံးကျဲရှိရာသို့ ညွှန်လိုက်လျှင် ဖာရိုဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့် သူတော်စင်အဆင့် ကင်းမြီးကောက် ဝိညာဉ်တို့သည် အမိန့်ရလိုက်သကဲ့သို့ ကျုံးကျဲဆီသို့ ခုန်ဝင်သွားကြ၏။
သို့သော် သီးခြားနေရာလွတ် အတားအဆီးကိုသာ ဝင်တိုက်မိလိုက်ပြီး ပြင်းထန်သော အရှိန်ဖြင့် ပြန်ကန်ထွက်သွားကြ၏။ ကျူးကျီ၏ အချိန်နှင့် နေရာလွတ် တာအိုနိယာမ စွမ်းအားဖြင့် ပေါင်းစပ်ဖန်တီးထားသော ဟင်းလင်းပြင်အတားအဆီးသည် အဘယ်သို့ လွယ်ကူစွာ ချိုးဖျက်နိုင်ပါမည်နည်း။
လင်ချန် မျက်နှာပျက်သွားပြီး လက်နှစ်ဖက်ဖြင့် ဝိညာဉ်ကျမ်းစာအုပ်ကို ရိုက်ချလိုက်သည့်အခါ ကျမ်းစာအုပ်သည် ရွှေရောင်ဖျော့ဖျော့ လင်းလက်နေသည့် သေမင်းတံစဉ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်လိုက်ကာ ကျုံးကျဲဆီသို့ ပြေးဝင်သွားလိုက်သည်။
တစ်ဖက်တွင် ကျုံးကျဲ၏ အရှိန်အဝါသည် သူတော်စင် ပထမအဆင့်သို့ ရောက်ရှိပြီးနောက် ရပ်မသွားဘဲ ဆက်လက် မြင့်တက်နေခဲ့ကာ သူတော်စင် စတုတ္ထအဆင့် ဖရိုဖရဲပေါင်းစည်းခြင်းနယ်ပယ် သို့ ရောက်ရှိပြီးမှသာ ရပ်တန့်သွားလေသည်။ သူတော်စင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကျုံးကျဲ၏ စုပ်ယူမှုကို ခံလိုက်ရ၏။
ရုတ်တရက် ကျုံးကျဲ၏ မျက်လုံးများ ပွင့်လာကာ ထူးခြားသော အရောင်အဝါဖြင့် တောက်ပနေသည်။ လက်ထဲရှိ စစ်ဘုရင်လှံရှည်သည် ဆက်ကနဲ တုန်ခါသွားပြီး ကောင်းကင်တစ်ခွင်ကို သတ်ဖြတ်ခြင်းစွမ်းအားများက ဖုံးလွှမ်းသွားသည်။ အချိန်ကိုက်ပင် ကျူးကျီ အေးခဲထားသော သီးခြားနေရာလွတ်အတားအဆီးသည် ပျောက်ကွယ်သွား၏။
ကျုံးကျဲသည် သူ့ဆီသို့ အရှိန်ပြင်းစွာဖြင့် ဝင်ရောက်လာသော လင်ချန်ကို ကြည့်ကာ အထင်သေးစွာ ပြုံးလိုက်၏။
“ငါက... စစ်ဘုရင်ပဲ...”
လက်ထဲရှိ စစ်ဘုရင်လှံရှည်ဖြင့် မြေကြီးကို ဖွဖွလေး ဆောင့်လိုက်လျှင် မိုင်တစ်ထောင်ပတ်လည်ရှိ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဆူးချွန်များသည် မြေကြီးထဲမှ ထိုးထွက်လာကာ လင်ချန်ကို ရက်စက်စွာ ထိုးစိုက်ချလာသည်။
သို့သော် လင်ချန်သည် မြန်နှုန်းမြင့်အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျုံးကျဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ မရေမတွက်နိုင်သော ဆူးချွန်များ၏ ထိုးစိုက်လာမှုမှ လွတ်မြောက်သွားလေသည်။
နန်တျန်ဧကရာဇ်မြို့တော်မှာ မြေငလျင်များ လှုပ်ခတ်မှုအကြားတွင် ပင်လယ်လှိုင်းတံပိုးများကြားမှ လှေငယ်လေးတစ်စင်း ဖြစ်လာသည့်အလား သနားစရာကောင်းစွာဖြင့် ယိမ်းထိုးလှုပ်ရှားနေ၏။ ဧကရာဇ်နန်တျန်မှာ စိတ်ထဲတွင် တိတ်တဆိတ် ခါးသက်နေလေသည်။
‘နတ်ဘုရားများ တိုက်ခိုက်ကြလျှင် မြေစာပင်တွေ ဒုက္ခရောက်တယ် ဆိုတာ ဒါမျိုးပါလား...’
‘ဒီဘိုးဘေးနှစ်ယောက်ကတော့လေ...’
သူ့အနေဖြင့် ထိုနှစ်ယောက်ကို မောင်းလည်းမထုတ်နိုင်သ လို တိုက်လည်းမနိုင်သည့်အတွက် ဧကရာဇ်နန်တျန်တစ်ယောက် ကြေကွဲနေရသည်။ ဧကရာဇ်မြို့တော်တစ်ခုလုံးသာ မပြီး ပြေးချင်နေတော့သည်။
“ဒီကိစ္စပြီးရင်... သေချာပေါက် ရှိသမျှ အင်အားအကုန် သုံးပြီး ဧကရာဇ်မြို့တော်ကို ဒီနေရာကနေ ရွှေ့ပစ်ရမယ်...”
ထိုအချိန်၌ လင်ချန်သည် သေမင်းတံစဉ်ကို ကိုင်ဆောင်လျက် ကျုံးကျဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ လက်ထဲမှ တံစဉ်ဖြင့် ကျုံးကျဲ၏ မျက်နှာတည့်တည့်ကို ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။
ဓါးသွားခုတ်ချလိုက်ရာ လမ်းကြောင်းရှိ ဟင်းလင်းပြင်သည် ဓားသွား၏ ခုတ်ပိုင်းမှုကို မခံနိုင်သကဲ့သို့ ကွဲအက်သွား၏။ ထို့နောက် ဓားအရှိန်သည် ဟင်းလင်းပြင်ထဲသို့ ဆက်လက် တိုးဝင်သွားပြီး မိုင်ပေါင်းသောင်းချီ ဖြတ်သန်းသွားပြီးမှသာ ပျောက်ကွယ်သွားသည်။ ပေါ့ပေါ့ပါးပါး ခုတ်ချက်တစ်ခုတည်းနှင့်ပင် ကမ္ဘာပျက်မတတ် စွမ်းအားကို ထုတ်ဖော်လိုက်ခြင်းပင်။
ဖာရိုဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့် ကင်းမြီးကောက် ဝိညာဉ်တို့သည်လည်း အရှိန်အဝါ အပြည့်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ဝင်ရောက်တိုက်ခိုက်ကြသည်။
သို့သော် ကျုံးကျဲသည် တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရပ်နေပြီး သူ၏မျက်လုံးများထဲတွင် အထင်သေးမှုများသာ ပြည့်နှက်နေ၏။ သူ့ကိုယ်ပေါ်ရှိ ပိရှီးကျောက်တိုင်ထမ်း သံချပ်ကာသည် ရောင်စုံအလင်းများ ဖြာထွက်လာပြီး အလင်းတန်းများ လှည့်ပတ်သွားကာ ပိရှီးပုံရိပ်ယောင် ပေါ်ထွက်လာသည်။
ကောင်းကင်ကျောက်တိုင်ကို ထမ်းပိုးထားပြီး ကောင်းကင်အောက်တွင် ဝင့်ကြွားစွာ ရပ်နေသည်မှာ ပေပေါင်းသောင်းချီ မြင့်မားသော မသေမျိုး တောင်တန်းကြီးတစ်ခုအလား ဖြိုဖျက်၍ မရနိုင်အောင် ရှိနေလေသည်။
“ဒိုင်း...”
လင်ချန်တို့၏ ပူးပေါင်းတိုက်ခိုက်မှုများသည် ပိရှီး၏ ပုံရိပ်ယောင်နှင့် ထိပ်တိုက်တွေ့ဆုံသွား၏။ ကောင်းကင်နှင့် မြေပြင်ကြားတွင် တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားပြီး ထိုတုန်ခါမှု အရှိန်အဝါ သက်သက်ဖြင့်ပင် မိုင်ပေါင်းတစ်သောင်းအကွာရှိ သစ်တောများကို သင်တုန်းဓားဖြင့် ရိတ်လိုက်သကဲ့သို့ ပြောင်သလင်းခါသွားစေသည်။
လင်ချန်၏ တိုက်ခိုက်မှုသည် ကျုံးကျဲအပေါ် မည်သည့် ဒဏ်ရာမျှ မရရှိစေခဲ့ပေ။ ကျုံးကျဲသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် နတ်ဘုရားသံချပ်ကာ၏ စွမ်းရည် အများစုကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် နတ်ဘုရားသံချပ်ကာ ဆိုသည်မှာ လင်ချန်၏ တိုက်ခိုက်မှုလောက်ဖြင့် မည်သို့ ကျိုးပျက်နိုင်ပါမည်နည်း။
“မင်းက လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီးတော့ ဒီလောက် စွမ်းရည်လေးပဲ ရခဲ့တာလား...”
“အယားတောင် မပြေဘူး...”
ကျုံးကျဲက လှောင်ပြောင်ရယ်မော ပြောဆိုလိုက်လေသည်။