အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အပိုင်း ( 349 )
ရှုကျိုး၏ စွမ်းအား ၂
နတ်ဆိုးစွမ်းအင်သည် ကန်းချီကဲ့သို့ပင် တိုက်ခိုက်ခြင်းနှင့် ခုခံကာကွယ်ခြင်း နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပေသည်။
ထိုအချိန်၌ ငွေဦးချို မြစ်နဂါး၏ အင်အား(သို့) စွမ်းအားအပြည့်ဖြင့် ပြုလုပ်ထားသော နတ်ဆိုးစွမ်းအင် ဒိုင်းကာကြီးသည် စတုတ္ထတစ်ပိုင်းအဆင့် သားရဲကောင်၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ဓားအလင်းတန်းအောက်တွင် အဆိုပါ ခုခံကာကွယ်ရေး အကာအရံသည် ကြက်ဥခွံကဲ့သို့ ချက်ချင်း ပြိုကွဲသွားခဲ့သည်။
“ ဘုမ်းးးး !! “
မီတာ ရာနှင့်ချီ၍ ရှည်လျားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်းသည် ရပ်တန့်၍ မရဘဲ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းဖျက်စီးလာခဲ့သည်။
ခရက်ဟူသော အသံနှင့်အတူ !!!
ငွေဦးချို မြစ်နဂါး၏ ဦးခေါင်းသည် နေရာမှာပင် နှစ်ပိုင်းကွဲသွားခဲ့သည်၊ ၎င်း၏ မျက်နှာတွင်လည်း အကြောက်တရားများ စွန်းထင်းနေလျက်ပင်။
ဓားအလင်းတန်းသည် အောက်သို့ဆက်၍ ဆင်းသက်လာခဲ့ပြီး၊ ငွေဦးချို မြစ်နဂါး ခန္ဓာကိုယ်၏ အစိတ်အပိုင်း အများစုကို ဖျက်စီးသွားခဲ့သည်။
သို့ရာတွင် နောက်ဆုံးအခိုက်အတန့်၌ ရှုကျိုးသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်သည်၊ ဤစတုတ္ထတစ်ပိုင်း အဆင့် မြစ်နဂါးသည် အဆင့်မြင့် သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် နတ်သားရဲတစ်ကောင်ဖြစ်ပြီး၊ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်သည့် အစာအရင်းအမြစ်တစ်ခုဖြစ်သည်။
သူသည် ၎င်းကို အလဟာသ ဖြုန်းတီးပစ်မည် မဟုတ်ပေ။
နတ်နဂါးသားရဲကြီးသည် အတွေးတစ်ချက်ဖြင့် မြစ်နဂါး၏ အလောင်းအပိုင်းအစများကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်ထားလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုတွင် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်သည် ကုဗမီတာ ၁သန်းရှိနေခဲ့ပြီဖြစ်ကာ ထိုမျှကြီးမားသော ဧရာမ သတ္တဝါကြီးကို သိုလှောင်ထားရန် အလုံအလောက် ကြီးမားနေခဲ့သည်။
…
“ ပြီးသွားပြီ “
နတ်နဂါးသားရဲကြီးသည် မြေပြင်ပေါ်တွင် ဝပ်တွား၍ အနားယူနေတော့သည်၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို နှစ်ကြိမ်တိတိ အသုံးပြုလိုက်ရခြင်းသည် သူ၏စွမ်းအင်ကို အမြောက်အများ ကုန်ခမ်းစေကာ သူ့အား အနည်းငယ် မောပန်းသွားစေခဲ့သည်။
သို့သော် သူ၏မျက်လုံးများထဲတွင်မူ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ နှစ်လလောက် ကျင့်ကြံခဲ့ပြီးတဲ့နောက်မှာ မူလကိုယ်က ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို သတ္တမအဆင့်အထိ လေ့ကျင့်နိုင်ခဲ့တယ် “
နတ်နဂါးသားရဲကြီးမှ ရေရွတ်ပြောဆိုနေတော့သည် “ ငါ့ရဲ့အခုလက်ရှိ စွမ်းအားနဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို သုံးလိုက်မယ်ဆိုရင်၊ အဲ့တာက အဆင့်၄ကို ရောက်ခါစဖြစ်တဲ့ အဆင့်မြင့် နတ်သားရဲတွေကိုတောင် ကိုင်တွယ်ဖြေရှင်းနိုင်တယ် “
သူသည် ဤငွေဦးချို မြစ်နဂါးက စတုတ္ထတစ်ပိုင်းအဆင့်မျှသာ ရှိနေလိမ့်မည်ဟု မှန်ဆခဲ့ပြီးသားဖြစ်သည်။
ရှုကျိုးသည် တကယ့် စတုတ္ထအဆင့် ပညာရှင်တို့၏ လှုပ်ရှားမှုများကို မြင်တွေ့ထားခဲ့ဖူးသောကြောင့်၊ ၎င်းတို့နှင့် ယှဥ်လိုက်မည်ဆိုပါက ဤမြစ်နဂါး၏ တိုက်ခိုက်မှုများသည် အနည်းငယ် လျော့တိလျော့ရဲဖြစ်နေခဲ့သည်။
ထို့အပြင် နတ်နဂါးသားရဲကြီး၏ တိုက်ခိုက်ရေးတိုက်ခိုက်ရေး စွမ်းအားမှာလည်း စတုတ္ထအဆင့်နှင့် များစွာကွာဟမနေဘဲ၊ စတုတ္ထအဆင့်သို့ ရောက်ခါစဖြစ်သည့် အကောင်များနှင့်ပင် ယှဥ်နေနိုင်သောကြောင့် ပြိုင်ဘက်က စတုတ္ထတစ်ပိုင်းအဆင့်ဖြစ်သော်လည်း အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
၎င်းထံတွင် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းအပြင် ဟင်းပြင်ဆိုသည့် နောက်ထပ်ဝှက်ဖဲတစ်ခုလည်း ရှိနေသေးသည်ဆိုသည်ကို အမှတ်ရကြရမည်ဖြစ်သည်။
“ အဆင့်၃နယ်ပယ်ရဲ့ သတ္တမအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းရည်က ထပ်ပြီးတော့ သိသိသာသာ တိုးတက်လာပြန်ပြီ “
နတ်နဂါးသားရဲကြီးမှာ အတွေးနက်သွားတော့သည် “ ဒါပင်မဲ့ ဘာစွမ်းရည်အသစ်မှ မရခဲ့ဘူး၊ အဆင့်၄ကို ရောက်တဲ့အချိန်အထိ စောင့်ရဦးမယ်ထင်တယ် “
“ ဒါပင်မဲ့လည်း အခုငါ့မှာက ဝှက်ဖဲတွေ တော်တော်လေးကို ပေါနေပါပြီ “
“ ဟင်းလင်းပြင် စွမ်းရည်၊ အင်မော်တယ်စွမ်းရည်နဲ့ မူလကိုယ်ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိတယ်။ ဒါတွေ တစ်ခုချင်းစီတိုင်းက အဆင့်မြင့် နတ်သားရဲတွေကိုတောင်မှ မနာလိုဖြစ်ပြီး သွေးအန်သွားစေဖို့ လုံလောက်တယ် “
“ အကြီးဆုံး အကျိုးအမြတ်ကတော့ အဆင့်၄တစ်ပိုင်း မြစ်နဂါးပဲ “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီမြစ်နဂါးနဲ့ဆိုရင် ငါက အဆင့်၄ကိုတောင် ရောက်သွားလောက်တယ် “
သူ၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားသည် အနည်းငယ် ဟာလာဟင်းလင်းဖြစ်နေခဲ့သည်။
ယခင်က သူသည် တတိယအဆင့် သားရဲကောင်တို့၏ အသားကိုသာ စားခဲ့ဖူးသည်။
ယခင်က အတွေ့အကြုံများအရ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားအတွက် မိမိထပ် အဆင့်ပိုမြင့်သည့် အစားအသောက်များကို စားသောက်ရမည်ဖြစ်သည်။
စတုတ္ထတစ်ပိုင်း အဆင့် မြစ်နဂါးကို စားသောက်ပြီးသည်နှင့်တစ်ပြိုင်နက် နတ်နဂါးသားရဲကြီး၏ ခွန်အားသည် အလျှံအပယ် မြင့်တက်လာမည်ဖြစ်သည်။
…
မသေမျိုးနတ်နဂါးသားရဲကြီးသည် မြစ်နဂါး၏ အလောင်းကို သယ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်ရန် ပြင်ဆင်နေတော့သည်။
ထိုစဥ် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌ ရှုကျိုး၏ နှစ်လတာ ကျင့်ကြံရေး ခရီးစဥ်မှာလည်း ပြီးဆုံးသွားတော့မည် ဖြစ်သည်။
ပြင်ပလေ့ကျင့်ရေးကွင်းတစ်ခု၌
ရှုကျိုးသည် လက်နှစ်ဖက် နောက်ပစ်ကာ ဖြောင့်မတ်တည်ကြည်သော ကိုယ်ဟန်အနေအထားဖြင့် လေထုထဲတွင် မတ်တပ်ရပ်နေလျက်ရှိသည်။
“ ဝှစ် !! “
ရုတ်တရက် သူလှုပ်ရှားလိုက်ရာ လေဟာနယ်ထဲ ကွဲအက်သွားသကဲ့သို့ သူခြေလှမ်းရာ နေရာတိုင်းတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ရှုကျိုးသည် ကောင်းကင်ထက်တွင် ပြေးလွှားသွားလာနေလျက်ရှိသည်၊ တစ်ခါတစ်ရံတွင် လျှပ်စီးကဲ့သို့ မြန်ဆန်နေပြီး၊ ချက်ချင်းဆိုသလိုပင် မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်၊ ရံဖန်ရံခါ၌ ခရုတစ်ကောင်ကဲ့သို့ နှေးကွေးစွာ လမ်းလျှောက်နေခဲ့သည်။
အကယ်၍ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဦးကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ တအံ့တဩဖြစ်သွားကြမည် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ရှုကျိုး၏ ခြေလှမ်းသိုင်းက ပညာရှင်အဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။
သူ၏ခြေလှမ်းများသည် ဖရိုဖရဲဖြင့် ပုံပန်းမကျ ဖြစ်နေပုံရသည်၊ သို့သော် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ နည်းဥပဒေသများ ပါဝင်နေခဲ့ကာ ခြေလှမ်းတစ်ခုချင်းစီတိုင်း၏ စည်းချက်များသည် ပြီးပြည့်စုံစွာ စည်းဝါးကိုက်နေခဲ့သည်။
ယခု၌ စတုတ္ထအဆင့် ပညာရှင်တစ်ဦးကပင် ရှုကျိုးကို အချိန်တိုအတွင်း အမိဖမ်းနိုင်တော့မည် မဟုတ်ပေ။
“ ဖရူးးးးး “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုး၏ ပုံရိပ်သည် မည်သည့်အသံမှ မဖြစ်ပေါ်စေခဲ့ဘဲ မြေပြင်ပေါ်တွင် မျောလွင့်နေခဲ့သည်။
“ နှစ်လတာလေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းက သတ္တမအဆင့်ကို ရောက်သွားပြီ “
ရှုကျိုး၏ မျက်လုံးများသည် တလက်လက် တောက်ပနေခဲ့သည် “ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကလည်း သတ္တမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ၊ အဌမအဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ် “
“ အခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားနဲ့ဆိုရင် ငါက အဆင့်၄တစ်ပိုင်း စစ်သည်တော်တွေကိုတောင် သတ်နိုင်ပြီ “
နှစ်လကြာခဲ့ပြီးသည့်နောက်တွင် သူ၏နယ်ပယ်က များစွာမတိုးတက်လာခဲ့သော်လည်း၊ အလယ်အလတ် တတိယအဆင့်အထိ အဆင့်တက်သွားခဲ့သေးသည်။
သို့သော် တိုက်ခိုက်ရေး စွမ်းရည်များ၏ တိုးတက်မှုကမူ သိသိသာသာ ကြီးမားနေခဲ့ပြီး၊ ခြေလှမ်းသိုင်းနည်းစနစ်မှာလည်း အမြင့်ပိုင်း အဆင့်အထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
“ ရှုကျိုး “
ချင်ဖုန်းမှ အံ့ဩတကြီးဖြင့် ပြောလာခဲ့သည် “ ငါကြားတာတော့ ဒီပိတ်ရက်အတွင်းမှာ မင်းက အဆင့်၃ကို ရောက်လာခဲ့ပြီဆို??? “
သူသည် ကျောင်းသို့ ရောက်လာခဲ့ပြီး သတင်းကို ကြားခဲ့ရသည်နှင့်တစ်ပြိုင်နက် ရှုကျိုးကို ချက်ချင်း လာရှာခဲ့ခြင်းဖြစ်သည်။
ရှုကျိုးသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ သူကိုယ်တိုင် ခေါ်လာပေးခဲ့သည့် လူတစ်ဦးဖြစ်ပြီး၊ ထိုအချိန်က သူသည် ပထမအဆင့် သိုင်းပညာရှင်ပင် မဖြစ်သေးချေ။
သို့သော် ထိုလူသည် နှစ်ဝက်အတွင်းမှာပင် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည့်အတွက် ချင်ဖုန်းကိုယ်တိုင်ကပင် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
“ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ အဆင့်တက်သွားတာပါ “
ရှုကျိုးမှ အပြုံးဖြင့် အေးအေးလူလူ ပြောလာခဲ့သည် “ အခုကျွန်တော်က အလယ်အလတ် အဆင့်၃ကို ရောက်နေပြီလေ “
“ မင်း ……. “
ချင်ဖုန်း၏ အမူအရာ မည်းမှောင်သွားတော့သည်။
“ မဟုတ်ဘူး၊ ငါမင်းနဲ့ တိုက်မယ် “
ချင်ဖုန်းမှ အံကြိတ်၍ ပြောလာခဲ့သည် “ ငါတို့ကြားမှာရှိတဲ့ ကွာဟချက်ကို ငါမြင်ချင်တယ် “
ရှုကျိုးသည် အနည်းငယ် တွေဝေ တုံ့ဆိုင်းသွားတော့သည် “ စီနီယာ အစ်ကိုကြီး၊ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အဆင့်၃ အထွတ်အထိပ်တွေကို အနိုင်ယူထားတာနော်၊ မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်လောက်ဘူး “
“ အဆင့်၃ အထွတ်အထိပ်က ဘာမို့လို့တုန်း? “
ချင်ဖုန်းမှ နှာမှုတ်၍ လှောင်ပြောင်လာခဲ့သည် “ ငါကရော အဆင့်၃ အထွတ်အထိပ်တွေကို မနိုင်ဖူးလို့လား? “
ရှုကျိုး၏မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ ကြည့်ရတာတော့ မတိုက်ဘူးဆိုရင်၊ ငါ့ကို အလွတ်မပေးဘူးနဲ့တူတယ်။
တစ်ခြားလူတစ်ဦးဦးသာဆိုပါက မည်သို့မျှ ခံစားရလိမ့်မည် မဟုတ်ပေ၊ သို့သော် ချင်ဖုန်းသည် ရင်းနှီးသော မိတ်ဟောင်းဆွေဟောင်းဖြစ်ပြီး၊ တစ်ခါက သူ့အား လက်နှင့် တောက်ချလိုက်ရုံဖြင့် အနိုင်ယူနိုင်ခဲ့သူတစ်ဦး ဖြစ်သည်၊ ယခု၌ ချင်ဖုန်းသည် သူ့ထပ် များစွာအားနည်းနေခဲ့ပြီဖြစ်သည်။
မည်သူက ထိုကဲ့သို့သော အပြောင်းအလဲမျိုးကို မအံ့ဩဘဲ နေနိုင်ကြမည်နည်း?
သူတို့နှစ်ဦးက လေပေါ်သို့ ဖြည်းဖြည်းချင်း ရောက်လာသည်နှင့်အမျှ အနီးအနားရှိ လူတော်တော်များများကလည်း စတင်၍ သတိပြုမိသွားကြသည်။
“ အဲ့တာက ရှုကျိုးနဲ့ ချင်ဖုန်းပဲ၊ သူတို့က ဘာလို့ တိုက်ခိုက်နေရတာလဲဟ? “
ကျောင်းပြန်ဖွင့်သည့် အချိန်တွင် နတ်သိုင်းဌာနဘက်မှ ပထမအဆင့်နှင့် ဒုတိယအဆင့် ပါရမီရှင် အကုန်လုံးသည် အစစ်အမှန် သိုင်းပညာဌာနဘက်သို့ ကူးပြောင်းလာရပြီဖြစ်သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 350 )
ရှုကျိုး၏ စွမ်းအား ၃
ထိုလူများထဲတွင် လင်းရွှယ်နှင့် တစ်ခြားလူများလည်း ပါဝင်နေခဲ့သည်။
ထိုအချိန်တွင် သူတို့သည် ရှုကျိုးနှင့် ချင်ဖုန်းတို့က တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်နေသည်ကို မြင်တွေ့သွားပြီး၊ စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။
…
ကောင်းကင်ထက်ရှိ ချင်ဖုန်းသည် ရှုကျိုးကို ကြည့်ကာ လေးလေးနက်နက်ပြောလာခဲ့သည် “ ဂျူနီယာညီလေး၊ မင်းက တော်တော်တော်စွမ်းတယ်ဆိုတာကို ငါသိတယ်၊ ဒါကြောင့် အခုချိန်ကစပြီးတော့ ငါဘာကိုမှ ထိန်ချန်ထားတော့မှာ မဟုတ်ဘူးနော် “
ရှုကျိုးသည် လက်နောက်ပစ်ထားသော ကိုယ်ဟန်အမူအရာဖြင့် ခေါင်းငြိမ့်ပြကာ စကားပြောလိုက်သည် “ စီနီယာအစ်ကိုကြီး၊ စလိုက်ကြတာပေါ့ “
“ ဂရုစိုက် “
ချင်ဖုန်းမှ အော်ဟစ်လာခဲ့ပြီး၊ သူ့လက်ထဲရှိ ဓားရှည်သည် ရုတ်တရက် လှုပ်ရမ်းလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကန်းချီများသည် ဓား၏မျက်နှာပြင်ပေါ်သို့ ကပ်ညိလာခဲ့သည်။
“ နှောင်းပိုင်း အဆင့်၃လား? “
လူအုပ်ကြီးမှ အံ့ဩတကြီးဖြင့် အော်မိသွားကြသည်။
ရှုကျိုး၏ မျက်ဝန်းများပင် မှေးကျဥ်းသွားခဲ့သည်။
ချင်ဖုန်းသည် နှောင်းပိုင်း တတိယအဆင့်သို့ အဆင့်မတက်ရသေးဘဲ၊ ဆံချည်မျှင်တစ်ခုမျှစာ လိုနေတော့ခြင်းဖြစ်သည်၊ သို့သော် သူသည် ကန်းချီကို ဖွဲ့စည်းနေနိုင်ပြီဖြစ်သည်။
သူ၏စီနီယာအစ်ကိုက ထူးခြားသော ပါရမီရှင်တစ်ဦးဖြစ်သည်ဆိုသည်ကို ဝန်ခံရမည်ဖြစ်သည်။
သူသည်လည်း ကန်းချီကို ဖွဲ့စည်းအသုံးပြုနေနိုင်ပြီဖြစ်သည်။
ချင်ဖုန်းမှ တိုးညှင်းစွာ ဟိန်းဟောက်လာခဲ့ရာ၊ ကန်းချီများ ပေါက်ထွက်လာခဲ့ပြီး၊ ထောင်ပေါင်းများစွာသော ဓားသေးသေးလေးများအဖြစ် ပြောင်းလဲသွားကာ ရှုကျိုးကို ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိ ဓားရှည်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်လာခဲ့ပြီး၊ မီတာ ၂၀မျှ ရှည်လျားသည့် ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
အဆိုပါ ဓားရှည်သည် လှံတစ်ချောင်းကဲ့သို့ လေထုကို ခုတ်ပိုင်း၍ ရှုကျိုးဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
ဓားအလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် တဝီဝီအော်မြည်သံများ ပေါ်ထွက်နေခဲ့ပြီး၊ နှောင်းပိုင်း တတိယအဆင့် ပါရမီရှင်တစ်ချို့ကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။
“ အချိန်ကိုက်ပဲ !! “
ရှုကျိုးကမူ အသာအယာ ပြုံးနေတော့သည် “ ငါ့ရဲ့ ဟင်းလင်းပြင် တုန်ခါမှုကို စမ်းသပ်ဖို့ အချိန်ကျပြီ “
ကိုယ်ပွားက တတိယအဆင့် အဆင့်၇သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ဟင်းလင်းပြင် စွမ်းရည်သည် အံ့ဖွယ်ကောင်းသည့် အမြင့်တစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။
သူသည် ဟင်းလင်းပြင် တုန်ခါမှု၏ သက်ရောက်မှုအားက မည်မျှအတိုင်းအတာအထိ ဖြစ်နေမလဲဆိုသည်ကို မသိသေးချေ။
ရှုကျိုးသည် အရှေ့ဘက်သို့ လက်ဆန့်တန်းကာ လက်သီးဆုပ်လိုက်သည် “ တုန်ခါ !! “
ခရက် ခရက် ခရက် !!!
ချက်ချင်းဆိုသလိုပင် သူ့အရှေ့ရှိ ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ခါသွားတော့သည်။
မြောက်များစွာသော ဟင်းလင်းပြင် စွမ်းအင်မျာသည် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်မိသွားကာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ ဓားအသေးလေးများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲပျက်စီးသွားခဲ့သည်။
မီတာ ၂၀ရှည်လျားသည့် ဓားအလင်းတန်းကပင် မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ထသွားခဲ့ရပြီး၊ ခရက်ဟူသော ကွဲအက်သံနှင့်အတူ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။
“ ထင်ထားတဲ့အတိုင်းပဲ၊ ဟင်းလင်းပြင် စွမ်းရည်တိုးတက်လာခဲ့ပြီးတဲ့နောက်မှာ ဟင်းလင်းပြင် တုန်ခါမှုက လူတွေအပေါ်မှာတင် မဟုတ်တော့ဘဲ၊ တိုက်ခိုက်ရေး နည်းစနစ်တွေအပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိနေပြီ “
ရှုကျိုးကား ပြုံးမိသွားတော့သည်။
၎င်းသည် သူက မတ်တပ်ရပ်နေရင်းဖြင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ဖြိုခွင်းနိုင်တော့မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
“ အခုတော့ ငါ့အလှည့်ပဲ “
ရှုကျိုးနောက်ကျောဘက်ရှိ ဆေဘာရှည်သည် ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ ပုံရိပ်သည် ချင်ဖုန်းဆီသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။
ဝှစ် !!!
ဝှစ် !!!
ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကို အသုံးပြုထားသောကြောင့် သူ၏ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ဘယ်မှညာ၊ ညာမှဘယ်သို့ ရွေ့လျားနေကာ လူအစစ်နှင့် ပုံရိပ်ကို ခွဲခြားရခက်သွားစေခဲ့သည်။
ချင်ဖုန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်၊ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် ဆေဘာအလင်းတန်းက သူ့အနားသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ချင်ဖုန်းသည် အလွန်မြန်ဆန်စွာ တုံ့ပြန်လိုက်သည်၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကန်းချီ အလွှာတစ်ခု ပေါ်လာခဲ့ကာ ခုခံကာကွယ်ရေး ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝုန်းးးးး !!!
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ဆေဘာအလင်းတန်း ကျရောက်လာခဲ့သည်။
ကာကွယ်ရေးဒိုင်းအဖြစ် ကန်းချီများဖြင့် ဖွဲ့စည်းထားသည့် အကာအရံသည် စက္ကူကဲ့သို့ ချက်ချင်း ဆုတ်ဖြဲခံလိုက်ရသည်။
ဘုမ်းးး !!
ချင်ဖုန်း၏ ပုံရိပ် လွင့်ထွက်သွားခဲ့ကာ ဘုတ်ဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
ရှုကျိုးသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ကာ အပြုံးဖြင့် အရိုအသေပြုလာခဲ့သည် “ စီနီယာအစ်ကိုကြီး၊ အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
ညစ်ပေမှုများဖြင့် ဖုံးလွှမ်းနေသည့် ချင်ဖုန်းသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့ကာ စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခုဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။
“ ဒီကောင် …….. “
သူသည် သူရှုံးနိမ့်မည်ဟု မျှော်မှန်းထားခဲ့ပြီးသားဖြစ်သည်၊ သို့သော် ဤမျှမြန်ဆန်စွာ ဖြစ်ပျက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အဓိကအရာမှာ ရှုကျိုး၏ နောက်ဆုံးတိုက်ကွက်သည် ရိုးရှင်းသော တိုက်ကွက်တစ်ခုသာ ဖြစ်နေခဲ့ပြီး၊ မည်သည့်နည်းစနစ်မှ မပါဝင်ခဲ့ပေ။
သူသည် ထိုကဲ့သို့ပင် ရှုံးနိမ့်သွားခဲ့သည်။
လင်းရွှယ်နှင့် တစ်ခြားလူများမှာလည်း ထပ်တူထပ်မျှ စိတ်ရှုပ်ထွေးသွားကြသည်။
လပိုင်းအတွင်းမှာပင် ရှုကျိုး၏ ပြိုင်ဘက်များသည် ပထမအဆင့် အထွတ်အထိပ်မှ တတိယအဆင့်အထိ ပြောင်းလဲသွားခဲ့သည်။
နောက်လပိုင်းလောက်ဆိုရင် ဒီလူက ဆဌမအဆင့် ပညာရှင်တွေနဲ့ ထပ်တိုက်နေတော့မှာလား?
“ မဟုတ်လောက်ပါဘူး “
လင်းရွှယ်နှင့် ချန်းခယ်အာတို့သည် အကြည့်များဖလှယ်ကာ ကျောချမ်းသွားကြသည်။
အနိမ့်ပိုင်း သုံးဆင့်တွင် မြန်မြန်ဆန်ဆန် တိုးတက်လာခြင်းက ယုတ္တိရှိသော်လည်း၊ အလယ်ပိုင်း သုံးဆင့်တွင်မူ ထိုကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အစစ်အမှန် သိုင်းပညာရှင်သည် အလယ်ပိုင်း သုံးဆင့်မှာပင် အချိန်အတော်ကြာ ပိတ်မိနေခဲ့မည် မဟုတ်ပေ။
…
ရှုကျိုးသည် တစ်ခြားလူများ၏ အတွေးများကို ဂရုမစိုက်ပေ၊ ချင်ဖုန်းကို နှစ်သိမ့်စကားပြောလာခဲ့ပြီးသည့်နောက်တွင် သူ၏စံအိမ်သို့ ပြန်သွားရန် ပြင်လိုက်သည်။
သို့ရာ၌ ထိုအချိန်တွင် ချင်ဖုန်းမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ပြန်ဖို့ လောမနေနဲ့ဦး၊ ဒီတစ်ခေါက်လာခဲ့တာက မင်းကို သတင်းပေးမလို့ပဲ၊ ကျောင်းဌာနချုပ်မှာ အစည်းအဝေးရှိတယ် “
“ ဌာနချုပ် အစည်းအဝေးလား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး၊ မျက်လုံးများ တောက်ပသွားခဲ့သည် “ ကွမ်ဟန်ကိစ္စများလား? “
ချင်ဖုန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ ချက်ချင်းသွားလိုက်မယ် “ ရှုကျိုးသည် တစ်ခါတည်း ထွက်ခွာသွားတော့သည်။
သူသည် ကွမ်ဟန်ခရီးစဥ်ကို စောင့်ဆိုင်းနေရသည်မှာ အချိန်အတော်ကြာ နေခဲ့ပြီဖြစ်သည်။
ရှေ့တန်းတွင် တိုက်ပွဲများကြဲပါးသွားပြီဟု ဆိုကြသော်လည်း စစ်မြေပြင်တွင် အဖိုးတန်ပစ္စည်းများစွာ ကျန်နေသေးစဲဖြစ်သည်၊ အထူးသဖြင့် ကမ္ဘာ့ကြယ်၏ အထူးပစ္စည်းများဖြစ်ပြီး၊ ၎င်းတို့သည် အစစ်အမှန် သိုင်းပညာဌာန၏ ကျင့်ကြံရေး လမ်းကြောင်းအတွက် များစွာအထောက်အကူ ပြုနေခဲ့သည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၊ အစည်းအဝေးခန်းမ
ရှုကျိုးနှင့် ချင်ဖုန်းတို့ ရောက်လာသည့်အချိန်တွင် ဝုချင်းရှန်သည် စင်မြင့်ထက်တွင် မတ်တပ်ရပ် နေရာယူထားခဲ့ပြီး ဖြစ်သည်။
စင်အောက်ရှိ လူအများစုသည် တတိယအဆင့် ကျောင်းသူကျောင်းသားများသာ ဖြစ်နေခဲ့သည်။
ရှုကျိုးနှင့် ချင်ဖုန်းတို့ နေရာယူခဲ့ပြီးသည့်နောက်တွင် သူတို့သည် တစ်ခဏခန့် စောင့်ဆိုင်းနေခဲ့သည်။
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
ဝုချင်းရှန်မှ စကားပြောလာခဲ့သည် “ ဒီနေရာကို ရောက်လာကြတဲ့ လူအားလုံးက အကြောင်းအရင်းကို မှန်းဆမိနေကြပြီလို့ ကျွန်တော် ယုံကြည်ပါတယ် “
“ ကွမ်ဟန် !! မင်းတို့အားလုံးက ဒီနာမည်ကို ကြားဖူးပြီးသားဖြစ်မှာပါ၊ ဒါပင်မဲ့ ဘယ်သူမှ မြင်ဖူးကြမှာ မဟုတ်ဘူး “
ဝုချင်းရှန်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒီနေ့မှာတော့ လေ့ကျင့်ရေးအတွက် ကွမ်ဟန်ကို သွားနိုင်မဲ့ အခွင့်အရေးတစ်ခုကို မင်းတို့အားလုံးကို ပေးမယ် “
“ ကွမ်ဟန်မှာ တိုက်ပွဲတွေနည်းသွားပင်မဲ့ ဒေသတွင်း ပဋိပက္ခတွေက ဆက်တိုက်ဖြစ်နေပြီးတော့ အန္တရာယ်များနေတုန်းပဲ “
“ နောက်ဆုံးတစ်ခေါက်တုန်းက လနတ်ဘုရားဂိုဏ်းခွဲ ဝိုင်းရံမှုမှာ မင်းတို့အကုန်လုံးနီးပါးက ဝင်ပါခဲ့ကြတယ်၊ အဲ့တာက အန္တရာယ်များတယ်လို့ မင်းတို့က ထင်နေကြတာလား? “
“ ကွမ်ဟန်မှာ ရှိတဲ့၊ ဖြစ်နေတဲ့ အရာတွေက အဲ့တာထပ် အဆပေါင်းသောင်းနဲ့ချီပြီးတော့ အန္တရာယ်ပိုရှိတယ် “
“ ဒါပင်မဲ့ အန္တရာယ်တွေနဲ့အတူ အခွင့်အလမ်းတွေလည်း ရှိတယ်၊ အဲ့မှာရှိတဲ့ အဆုံးမဲ့ အကျိုးအမြတ်တွေက မင်းတို့အားလုံးကို အဆင့်၄ရောက်သွားအောင် လုပ်ပေးနိုင်တယ်၊ တစ်ချို့ပစ္စည်းတွေကတော့ စစ်မြေပြင်မှာပဲ ရနိုင်တယ်။ မင်းတို့က အဲ့တာတွေကို ကြယ်ပြာဂြိုဟ်ပေါ်မှာ မတွေ့နိုင်သလို ပြန်လည်းမယူလာနိုင်ဘူး၊ ဒါပင်မဲ့ အဲ့တာတွေက မင်းတို့ရဲ့ ကျင့်ကြံရေးကို ကြီးကြီးမားမား အထောက်အကူ ပြုလိမ့်မယ် “
“ ဆိုတော့ မင်းတို့က ဘယ်လိုမျိုး ရွေးချယ်ကြမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ် “
ဝုချင်းရှန်၏ စကားပြောဆိုမှု ပြီးဆုံးသွားခဲ့သည့်နောက်တွင် လူတော်တော်များများသည် သူတို့၏ လက်များကို ထောင်ကာ စာရင်းပေးလာကြသည်။
အများစုသည် အစစ်အမှန် သိုင်းပညာဌာနမှ လူများဖြစ်ပြီး၊ အနည်းစုကမူ နတ်သိုင်းဌာမှ လူများဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ အစစ်အမှန် သိုင်းပညာဌာန၏ ကျင့်ကြံရေးလမ်းကြောင်းက ကမ္ဘာ့ကြယ်၏ အရင်းအမြစ်များအပေါ်တွင် ပို၍မှီခိုနေရသောကြောင့် ဖြစ်သည်။
နတ်သိုင်းဌာန၏ ကျင့်ကြံရေးလမ်းကြောင်းကမူ သားရဲမျိုးနွယ်စုမှလာသည့် အရင်းအမြစ်များအပေါ်တွင်သာ မူတည်နေခဲ့သည်။
ကမ္ဘာ့ကြယ်ပေါ်တွင် အရင်းအမြစ်များ ပေါများကြွယ်ဝလွန်းပြီး၊ တစ်ချို့သော ထူးခြားသည့် ပစ္စည်းများမှာလည်း နတ်သိုင်းဌာနအတွက် အလွန်တရာ အကျိုးရှိနေခဲ့သည်၊ သို့သော် ရင်ဆိုင်ရမည့် အန္တရာယ်မှာ အလွန်မြင့်မားနေခဲ့သည်။
ရှုကျိုးနှင့် ချင်ဖုန်းတို့သည် အကြည့်များ ဖလှယ်ကာ လက်များ မြှောက်လိုက်ကြသည်။
သူတို့အတွက်မူ ကွမ်ဟန်သို့သွားရခြင်းမှာ မရှိမဖြစ်လိုအပ်သော ခရီးစဥ်တစ်ခုဖြစ်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ မနက်ဖြန်ကျရင် ကျောင်းဂိတ်ဝမှာ လူစုပြီးတော့ ကွမ်ဟန်နည်းဗျူဟာဌာနရဲ့ လေယာဥ်ပေါ်ကို တက်ကြ “
“ ကွမ်ဟန်ကို သွားရမဲ့ ဒီခရီးစဥ်အတွက် မင်းတို့တွေက နိုင်ငံတကာက ကျောင်းသူကျောင်းသားတွေနဲ့ ကမ္ဘာ့ကြယ်ကို အတူတူဝင်ရမှာ။ သူတို့တွေကလည်း အဆင့်၃နယ်ပယ်က ပါရမီရှင်တွေပဲ၊ အဲ့တာက အချင်းချင်း ပြိုင်ဆိုင်နိုင်မဲ့ အခွင့်အရေးဆိုလည်း ဟုတ်တယ် “
ဝုချင်းရှန်မှ လေးနက်စွာ ပြောလာခဲ့သည်။
ရှုကျိုး၏ စိတ်နှလုံးသားပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေလား? မီးပြတိုက်နဲ့ မော်ရှောင်းနိုင်ငံက လူတွေကို ပြောတာလား? “
ယခုလက်ရှိအချိန်၌ ရန်ပြည်ထောင် အဖွဲ့ချုပ်အပြင်၊ တစ်ခြားသော အင်အားကြီးအဖွဲ့များမှာလည်း ကြယ်ပြာဂြိုဟ်ပေါ်တွင် တည်ရှိနေခဲ့သည်၊ ၎င်းတို့အနက်မှ ထိပ်သီးအင်အားစုကြီး နှစ်ခုကမူ မီးပြတိုက်အဖွဲ့ချုပ်နှင့် မော်ရှောင်းနိုင်ငံတို့ပင် ဖြစ်သည်။
( တကယ်က အဂ်လန်၊ အမေရိကန်ဘာညာပေါ့၊ ကျွန်တော်ကတော့ တိုက်ရိုက်ပဲ ဘာသာပြန်ပေးလိုက်ပါတယ် )
မီးပြတိုက်နိုင်ငံ၏ အလုံးစုံစွမ်းအားသည် ရန်ပြည်ထောင်ထပ်ပင် အနည်းငယ် သာလွန်နေလျက်ရှိသည်။
( ငွေကြေး၊ အင်အား၊ လူပမာဏ ဘက်ပေါင်းစုံ သာနေတာမျိုးပါ )
“ မီးပြတိုက်နဲ့ မော်ရှောင်းက ပါရမီရှင်တွေလား? သူတို့အားလုံးကလည်း အဆင့်၃တွေချည်းပဲပေါ့၊ ဘယ်သူကများ ငါ့ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်မလဲဆိုတာကို ငါသိချင်မိတယ် “
ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ကာ၊ နှုတ်ခမ်းများ သပ်နေတော့လေသည်။
……………………………………………………………………………………………………………………………….
အပိုင်း ( 351 )
တစ်ခါကြားခဲ့ဖူးတယ်၊ အခုတော့ တွေ့ရပြီပေါ့
နောက်တစ်နေ့၌ ရှုကျိုးသည် ကျောင်းဂိတ်ပေါက်ဝသို့ မနက်စောစော ရောက်ရှိလာခဲ့သည်။
တစ်ခြားလူများ မရောက်ကြသေးသော်လည်း၊ ဝုချင်းရှန်နှင့် ရှန့်ဝမ်ချန်းတို့ ရောက်ရှိနေပြီဖြစ်ကာ၊ သူတို့သည် တစ်စုံတစ်ခုကို တီးတိုးပြောဆိုနေလျက်ရှိသည်။
“ ကျောင်းအုပ်ကြီး!! “
ရှုကျိုးမှ သူတို့ကို နှုတ်ဆက်လိုက်သည်။
“ ရှုကျိုး၊ မင်းရောက်လာပြီပေါ့ “
ဝုချင်းရှန်သည် သူ့ကိုကြည့်ကာ ပြုံးပြလာခဲ့သည် “ ငါက အခုလေးတင် မင်းဆရာနဲ့ စကားပြောနေခဲ့တာ။ ဒီတစ်ခါ ကွမ်ဟန်ကိုသွားမဲ့ ရန်ပြည်ထောင်က လူတွေထဲမှာ မင်းက အသန်မာဆုံးပဲ။ ဒီတစ်ကြိမ်မှာ မင်းက ရန်ပြည်ထောင်ရဲ့ အဆင့်တက်လာအောင် ကူညီပေးနိုင်မလားပဲ “
“ အဆင့်လား? “
ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
“ နှစ်စဥ်နှစ်တိုင်းမှာ ကြယ်ပြာဂြိုဟ်ပေါ်က နိုင်ငံတွေက လေ့ကျင့်ရေးအတွက် အဆင့်၃နယ်ပယ်က ကျောင်းသူကျောင်းသားတွေကို လွှတ်လေ့ရှိတယ် “ ရှန့်ဝမ်ချန်းမှ အပြုံးဖြင့် ရှင်းပြလာခဲ့သည်။
“ ကွမ်ဟန်စစ်ဌာနချုပ်က သူတို့တွေကို နိုင်ငံအလိုက် အဆင့်သတ်မှတ်ပေးတယ် “
“ အဆင့်ဇယားရဲ့ စည်းမျဥ်းစည်းကမ်းက စစ်ပွဲအကျိုးဆောင်မှုအပေါ်မှာ မူတည်တယ်၊ ရန်သူကို သယ်လောက်သတ်ခဲ့လဲဆိုတာကိုပေါ့ “
ကွမ်ဟန်စစ်ဌာနချုပ်သည် မည်သည့်နိုင်ငံနှင့်မျှ မသက်ဆိုင်ဘဲ၊ ကြီးမားသော အချုပ်အခြာအာဏာကို ဆွဲကိုင်ထားကာ ထိုနိုင်ငံအားလုံး၏အထက်တွင် ရပ်တည်နေခဲ့သည်။
ယခင်ဘဝက ကမ္ဘာ့ကုလသမဂ္ဂကဲ့သို့ပင် ဖြစ်သည်။
ရှုကျိုးသည် ရုတ်တရက် နားလည်သွားကာ၊ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည် “ ရန်ပြည်ထောင်ရဲ့ အခုလက်ရှိ အဆင့်က ဘယ်လောက်လဲဗျ? “
ဝုချင်းရှန်မှ ပြန်ပြောလာခဲ့သည် “ မနှစ်ကတော့ ရန်ပြည်ထောင်က အဆင့်၃ချိတ်တယ် “
“ အဆင့်၃လား? ထိပ်ဆုံးနှစ်ခုက ဘယ်သူတွေလဲ? “
“ မီးပြတိုက်နဲ့ ဆင်ဖြူနိုင်ငံတွေပဲ “
“ ဆင်ဖြူနိုင်ငံလား? ” ရှုကျိုး၏မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
မီးပြတိုက်နိုင်ငံကား နားလည်၍ ရပေသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အလုံးစုံ စွမ်းအားသည် ရန်ပြည်ထောင်၏ အင်အားထပ် သာလွန်နေသောကြောင့် ဖြစ်သည်။
သို့သော် ဆင်ဖြူနိုင်ငံအတွက်ကား၊ ၎င်းသည် ရန်ပြည်ထောင်နှင့် မော်ရှောင်းနိုင်ငံနှစ်ခုစလုံးထပ် နိမ့်ကျနေလျက်ရှိသည်၊ ထိုကဲ့သို့သော နိုင်ငံက ရန်ပြည်ထောင်၏ အထက်တွင် ရပ်တည်နိုင်ခဲ့ခြင်းမှာ ………
ဝုချင်းရှန်မှ ခေါင်းခါပြလာခဲ့သည် “ မနှစ်တုန်းက ဆင်ဖြူနိုင်ငံက ဗစ်ခရမ်လို့ခေါ်တဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့တယ် “
“ သူ့ရဲ့ စွမ်းရည်က တော်တော်လေးကို ရှားတယ်၊ မီးနတ်ဘုရားဝင်စားတဲ့လူလို့ လူသိများပြီးတော့ ကြယ်ပြာဂြိုဟ်ပေါ်က လူတွေကို ဖိနှိပ်နိုင်တဲ့ စွမ်းအားတစ်ခု ပိုင်ထားတယ်။ သူတစ်ယောက်တည်းနဲ့ ကမ္ဘာ့ကြယ်က အဆင့်တူလူ ဒါဇင်နဲ့ချီ သတ်ခဲ့ပြီးတော့ ပြိုင်ဘက်ကင်းမှတ်တမ်းတစ်ခု တည်ဆောက်ခဲ့တယ် “
“ မီးနတ်ဘုရား ဝင်စားတာလား? “
ရှုကျိုး အံ့အားသင့်သွားတော့သည်။
မီးနတ်ဘုရားဆိုသည်မှာ ဆင်ဖြူနိုင်ငံ၏ အမြင့်မြတ်ဆုံးသော ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်ပြီး၊ မီးနတ်ဘုရားဝင်စားသူဟု ခေါ်ဆိုခံရခြင်းသည် ဆင်ဖြူနိုင်ငံတော်၏ အမြင့်မားဆုံး ချီးကျူးမှုကို ခံယူခဲ့ရခြင်း ဖြစ်သည်။
သို့ရာတွင် သူ၏မှတ်တမ်းမှာလည်း လျှော့တွက်၍မရသော အရာတစ်ခုဖြစ်သည်။
ကမ္ဘာ့ကြယ်မှ လူများ၏ တိုက်ခိုက်ရေးစွမ်းအားများသည် အလွန်သန်မာအားကောင်းနေခဲ့ပြီး၊ ပုံမှန်အားဖြင့် ကြယ်ပြာဂြိုဟ်မှလူသည် ၎င်းတို့နှင့် ဆယ်ယောက်တစ်ယောက်တိုက်ခိုက်နိုင်ပေသည်။
အဆိုပါ ဗစ်ခရမ်ကမူ နယ်ပယ်တူမှ လူများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့သည်မှာ အမှန်ပင် ကြောက်စရာကောင်းနေခဲ့သည်။
“ ဗစ်ခရမ်က ကြောက်ဖို့ကောင်းပါတယ်၊ ဒါပင်မဲ့ တကယ့်ပါရမီရှင်ကတော့ မီးပြတိုက်နိုင်ငံက အဲလိဇဘတ်ပဲ “
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ သူမကလည်း အစစ်အမှန် သိုင်းပညာဌာနက လူပဲ၊ သူမက ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရထားတယ်။ ဒီနှစ်မှာလည်း သူမက ကွမ်ဟန်ကို လာမလားဆိုတာကို ငါသိချင်မိတယ် “
“ နှစ်နှစ်ဆက်လား? “
ရှုကျိုး၏ စိတ်နှလုံးသားပင် အနည်းပင် လှုပ်ခတ်သွားခဲ့သည် “ ဒီအဲလိဇဘတ်က အဆင့်၃မှာပဲ နှစ်နှစ်တောင် နေနေခဲ့တာလား? “
“ အဆင့်၃မှာပဲ နှစ်နှစ်ဆက်နေတယ်ဆိုတာက ဘာစကားကြီးလဲ? “ ရှန့်ဝမ်ချန်းမှ နောင်ပြောင်နေဟန်ဖြင့် အော်ငေါက်လာခဲ့သည် “ အဆင့်၄ကို တက်ရတာက လွယ်တယ်လို့မင်းထင်နေတာလား? “
၎င်းကို ပြောခဲ့ပြီးသည့်နောက်တွင် သူသည် အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှုကျိုးသည် နှစ်ဝက်အတွင်းမှာပင် ပထမအဆင့်မှ တတိယအဆင့်အထိ အဆင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော အမြန်နှုန်းဖြင့်ဆိုပါက ရှုကျိုးသည် သိပ်မကြာခင် အချိန်မှာပင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။
မေ့လိုက်ပါတော့ ……. ဒီကလေးကို သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့မှ မရတာ။
ရှန့်ဝမ်ချန်းသည် လည်ချောင်းကို ရှင်းကာ ဆက်ပြောလာခဲ့သည် “ အဲလိဇဘတ်ရဲ့ စွမ်းရည်နဲ့ဆိုရင် အဆင့်၄ကို တက်ဖို့က သိပ်မခက်ဘူး။ ဒါပင်မဲ့ အနိမ့်ပိုင်း သုံးဆင့်က အခြေခံအုတ်မြစ်တည်ဆောက်နေတဲ့ ကာလပဲ၊ သူမက ဒီလောက်အကြာကြီး နေနေတယ်ဆိုတာက နောင်အနာဂတ် အမြင့်ပိုင်းအဆင့်တွေအတွက် ပြင်ဆင်နေတာပဲ “
“ ပြီးတော့ ကွမ်ဟန်က အဆင့်၃ ပညာရှင်တွေကို ဦးစားပေးဆက်ဆံတတ်တယ်။ အဆင့်ဇယားပေါ်ကို တက်လာနိုင်တဲ့ အဆင့်၃ ပညာရှင်တွေက တော်တော်တန်ဖိုးကြီးတဲ့ ဆုလဒ်တွေ ရတတ်တယ် “
“ ဥပမာအနေနဲ့ ကွမ်ဟန်စစ်ဌာနချုပ်က သိမ်းဆည်းရရှိထားတဲ့ ကမ္ဘာ့ကြယ်က ရတနာတွေက တကယ်ကြီးကို တန်ဖိုးကြီးတယ်၊ ရွှေထပ် အဆတစ်သောင်းလောက် တန်ဖိုးပိုရှိတယ်၊ ငါတို့ကတောင် အဲ့တာတွေကို မဝယ်နိုင်ဘူး “
“ ချန်ပီယံဆုကို နှစ်ခါရထားတဲ့ အဲလိဇဘတ်က အကျိုးအမြတ်တော်တာ်လေး ရထားခဲ့ပြီးပြီ “
“ သူမက အဆင့်၃မှာပဲ ရှိနေသေးပင်မဲ့၊ အဆင့်၄ ပညာရှင်ကတောင် သူမကို အပေါ်စီးကနေ မတိုက်နိုင်လောက်ဘူး “
ရှန့်ဝမ်ချန်းသည် လေးစားမှုတို့ဖြင့် ခေါင်းတခါခါ ဖြစ်သွားတော့သည်။
ရှုကျိုး၏ မျက်လုံးများ တလက်လက် တောက်ပသွားတော့လေသည်။
“ မြစ်ကို ဖြတ်ကူးတဲ့ ငါးကြင်းတွေလို ပါရမီရှင် အများကြီးရှိတယ်၊ သူတို့ကို လျှော့တွက်ထားလို့ မရဘူး “
သူသည် ကမ္ဘာကြယ်သို့ သွားရမည့် လာမည့် ခရီးစဥ်အတွက် ပို၍ မျှော်လင့်နေမိတော့သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤခရီးစဥ်တွင် ပါသည့် လူများမှာလည်း တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။
မကြာခင်မှာပင် ချင်ဖုန်းလည်း ရောက်လာခဲ့ပြီး၊ ရှုကျိုးနှင့်အတူ လာရပ်နေခဲ့သည်။
ထိုအချိန်၌ ရှုကျိုးသည် အဖွဲ့ခေါင်းဆောင်တစ်ဦးကဲ့သို့ အားလုံး၏ အရှေ့ဘက်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။
၎င်းမှာ ရှုကျိုးက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ၊ တစ်ခြားလူများကသာ ရှုကျိုးကို ခေါင်းဆောင်အဖြစ် ရှုမြင်နေကြခြင်း ဖြစ်သည်။
ရှုကျိုးပြသခဲ့သည့် စွမ်းအားသည် သူက ဤစစ်ဆင်ရေး၏ ခေါင်းဆောင်အဖြစ် လူတိုင်း၏ စိတ်ရင်းဖြင့် အသိအမှတ်ပြုခြင်းကို ခံရရန် လုံလောက်နေခဲ့သည်။
“ ဇွီ !! ‘
ကောင်းကင်ထက်တွင် ဟိန်းဟောက်သံတစ်ခု မြည်ဟီးလာပြီး၊ ကြယ်တစ်လုံး ပေါ်လာခဲ့သည်၊ ၎င်းသည် အစတွင် အတော်လေး သေးငယ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကြီးမားသော အာကာသယာဥ်တစ်စင်းအဖြစ် ပြောင်းလဲသွားကာ လေထုထဲတွင် ရပ်တန့်သွားခဲ့သည်။
“ ယာဥ်ပေါ်ကို တက်ကြ “
ဝုချင်းရှန်သည် လက်မြှောက်ပြ၍ အော်ပြောကာ အာကာသယာဥ်ပေါ်သို့ အရင်ဦးဆုံး ပျံသန်းသွားတော့သည်။
ထို့နောက်တွင် ရှုကျိုး လိုက်သွားခဲ့ပြီး၊ သူ့နောက်မှ ချင်ဖုန်းနှင့် တစ်ခြားလူများ လိုက်ပါလာကြသည်။
ယခုဤနေရာတွင် ရှိနေကြသည့် လူအားလုံးသည် တတိယအဆင့် ပညာရှင်များသာဖြစ်ပြီး၊ လေပေါ်တွင် လမ်းလျှောက်နေနိုင်ကြပြီဖြစ်သည်။
…
ယာဥ်ပေါ်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဤယာဥ်၏ အမည်က ရန်ပြည်ထောင်ယာဥ်ဖြစ်ကြောင်း သိရှိသွားခဲ့သည်။
၎င်းသည် ရန်ပြည်ထောင်မှ ကျောင်းသားကျောင်းသူများကို ကွမ်ဟန်သို့ ပို့ဆောင်ရန် အသုံးပြုလေ့ရှိသည်။
၎င်းသည် ကွမ်ဟန်တက္ကသိုလ်အပြင် တော်ဝင်သိုင်းပညာ တက္ကသိုလ်အပါအဝင် တစ်ခြားသော သိုင်းပညာ တက္ကသိုလ်၏ တတိယအဆင့်မှ ပညာရှင်များကလည်း ဤယာဥ်ပေါ်တွင် ရှိနေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
ရှုကျိုးသည် မူးနောက်နောက် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး၊ ငွေဖြူရောင် ခန်းမထဲတွင် ရှိနေသည့် သူ့ကိုယ်သူ မြင်တွေ့သွားခဲ့သည်။
( နံရံတွေဘာတွေက ကြည်လင်တောက်ပြောင်နေလို့ မူးဝေပြီး အမြင်ပြန်ကြည်လာတော့ သူက အခန်းထဲရောက်နေတာကို မြင်လိုက်ရတဲ့သဘောပါ )
ခန်းမ၏ အလယ်ဗဟိုတွင် တိုက်ခိုက်ရေး ဝတ်စုံတစ်ခုကို ချိတ်ဆွဲထားသည့် သုံးဘက်မြင် အခန်းငယ်လေးများ ရှိနေခဲ့သည်။
ဝုချင်းရှန်၏ အသံပေါ်ထွက်လာခဲ့သည် “ ကွမ်ဟန်တိုက်ခိုက်ရေး ဝတ်စုံက မြေဆွဲအားနဲ့ အောက်စီဂျင် မရှိတဲ့ပတ်ဝန်းကျင်တွေနဲ့ အလိုအလျောက် လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ခုခံအားတစ်ခုကို ထုတ်ပေးနိုင်တယ်။ မင်းက အခန်းထဲ သွားပြီးတော့ အဝတ်အစား အရင်လဲပေးသင့်တယ် “
၎င်းသည် နည်းပညာမှ ယူဆောင်ပေးလာခဲ့သည့် အကျိုးကျေးဇူးပင် ဖြစ်သည်။
အကယ်၍ သိုင်းပညာ တစ်ခုတည်းအပေါ်တွင် မှီခိုနေမည်ဆိုပါက အမြင့်ပိုင်းအဆင့်သို့ ရောက်သွားသည့် လူများကသာ အာကာသ ပတ်ဝန်းကျင်တွင် အပြည့်အဝ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြမည် ဖြစ်သည်။
သို့သော် ကွမ်ဟန်တိုက်ခိုက်ရေး ဝတ်စုံနှင့်ဆိုပါက တတိယအဆင့် သိုင်းပညာရှင်ကပင် ကြမ်းတမ်းသော ပတ်ဝန်းကျင်များတွင် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ထိုကိစ္စများသည် သိုင်းပညာ တက္ကသိုလ်များ၏ စာသင်ချိန်များတွင် သင်ကြားပေးထားခဲ့ပြီးသား ဖြစ်သည်။
ရှုကျိုးသည် မအံ့ဩသွားဘဲ၊ အခန်းထဲသို့ ဝင်၍ မီးခိုးရောင် တိုက်ခိုက်ရေးဝတ်စုံကို လဲကာ ပြန်ထွက်လာခဲ့သည်။
“ တကယ်ပဲ၊ ဘယ်လိုမှ နေရမခက်ဘူး “
တိုက်ခိုက်ရေး ဝတ်စံ၏ အသားသည် အလွန်နူးညံ့နေခဲ့ပြီး၊ အလေးချိန်မရှိသလောက်နီးပါး ဖြစ်နေခဲ့သည်။
၎င်းကို ဝတ်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် အလွန်သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားသွားခဲ့ရသည်။