← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အပိုင်း ( 355 )

ကမ္ဘာ့ကြယ် သိုင်းပညာရှင် ၂

“ ကိစ္စမရှိပါဘူး၊ ငါကလည်း အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး “

၎င်းမှာ မီးပြတိုက်နိုင်ငံမှ သိုင်းပညာရှင်များဖြစ်ပြီး၊ သူသည် ထိုလူများကို အမိန့်ပေးရန် စိတ်မပါလှချေ။

အဲလိဇဘတ်သည် ခေါင်းငြိမ့်ပြလာခဲ့ကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

သူသည် ရန်ပြည်ထောင်၏ အဆိုပါ ခေါင်းဆောင်နှင့် ပတ်သက်၍ အတော်လေး သိချင်ခဲ့ဖူးသည်၊ သို့သော် ယခု၌ ပိုမိုသိရှိရန် စိတ်မဝင်စားတော့ပေ။

သူမအတွက် ရှုကျိုး၏ တိုက်ပွဲရလဒ်များက အံ့ဖွယ်ကောင်းနေခဲ့သော်လည်း၊ သူ၏နယ်ပယ်မှာ အလွန်တရာ နိမ့်ကျနေခဲ့သည်။

အကယ်၍ ရှုကျိုးက အဆင့်ကျော်တိုက်ခိုက်နိုင်မည်ဆိုပါက၊ မည်သည့်အရာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ၊ သူမမှာလည်း အစစ်အမှန် သိုင်းပညာဌာန၏ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သည်။

ထို့ကြောင့် သူမသည် ရန်ပြည်ထောင် ခေါင်းဆောင်၏ အရေးကို တွေးပူနေမည် မဟုတ်ပေ။

…

မကြာခင်မှာပင် အားလုံးသည် အနားယူရန် ထိုင်ချလိုက်သည်။

ရှုကျိုးကမူ လူရှင်းသောဘက်တွင် ထိုင်ချကာ တစ်ကိုယ်တည်း ကျင့်ကြံနေတော့သည်။

သူ၏ခန္ဓာကိုယ်ကို အတွင်းပိုင်းကို ကြည့်လိုက်ရာ သွေးကြောမှတ် လည်ပတ်မှုမှ ဆန့်ထွက်လာသည့် နတ်တံတား၏ ပုံရိပ်ကို မြင်တွေ့သွားခဲ့ပြီး၊ တံတား၏ အခြားတစ်ဖက်တွင်မူ မည်သည့်အရာမှ ရှိမနေခဲ့ပေ။

၎င်းသည် ရှုကျိုးကျင့်ကြံနေသည့် နတ်တံတားပင် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် နတ်တံတားသည် ကလီစာငါးခုထဲသို့ မဝင်ရသေးဘဲ၊ လမ်းကြောင်းရှာဖွေသည့် အဆင့်တွင်သာ ရှိနေသေးသည်။

“ ငါက နတ်တံတားရဲ့ ပုံရိပ်ကို ကလီစာငါးခုစီ သွားခွင့်ပေးလိုက်တာနဲ့ နှောင်းပိုင်း အဆင့်၃ကို ရောက်သွားလိမ့်မယ် “

ရှုကျိုးမှာ တစ်ကိုယ်တည်း တွေးတောစဥ်းစားနေလျက်ရှိသည် “ ဧကရာဇ်ရဲ့ ရွှေရောင်တံတား အကူအညီနဲ့၊ ဆရာနဲ့ ဆရာဘိုးဘိုး ပေးခဲ့တဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်၊ ဒီအဆင့်က ငါ့အတွက် ခက်ခဲနေမှာ မဟုတ်ဘူး “

ယခင်က လျူချင်းယွမ်သည် တတိယအဆင့် နယ်ပယ်အတွက် ကျင့်ကြံရေး အရင်းအမြစ်များစွာ ဝယ်ယူခဲ့သည်။

အားလုံးသည် နတ်တံတားကျင့်ကြံရေးကို အရှိန်မြှင့်တင်ရန် ကူညီပေးနိုင်လေသည်။

၎င်းတို့သည် ရှုကျိုး၏ ကျင့်ကြံရေး အမြန်နှုန်းကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်လေသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် နှစ်လအတွင်းမှာပင် အလယ်အလတ် တတိယအဆင့်အထိ ရောက်ရှိခဲ့မည် မဟုတ်ပေ။

“ တကယ်လို့ ငါက စိတ်ဝိညာဥ် ဖွဲ့စည်းရေး ပုလဲလုံးကို ရမယ်ဆိုရင်၊ အဆင့်၃ အထွတ်အထိပ်ကို ချိုးဖျက်ရာမှာ တွေ့ရမဲ့ အတားအဆီးတွေလည်း ရှင်းသွားမှာပဲ “

တတိယအဆင့်မှ နှောင်းပိုင်း တတိယအဆင့်သို့ သွားရောက်ရမည့် ကျင့်ကြံရေး ခရီးစဥ်တွင် နတ်တံတား၏ ပုံရိပ် ဖွဲ့စည်းခြင်းနှင့် ကလီစာငါးခုဆီသို့ လမ်းကြောင်းဖောက်ခြင်းတို့ ပါဝင်နေခဲ့သည်။

နှောင်းပိုင်း တတိယအဆင့်မှ တတိယအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံရခြင်းသည် နတ်တံတားအား ခိုင်မာအောင် ပြုလုပ်ရခြင်းပင် ဖြစ်သည်။

စိတ်ဝိညာဥ် ဖွဲ့စည်းရေး ပုလဲလုံးသည် ထိုအဆင့်အတွက် အမြင့်ဆုံး ဓာတ်ကူပစ္စည်းဖြစ်သည်။

ရှေ့ဆက်ရမည့် ကျင့်ကြံရေး အစီအစဥ်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ စိတ်အခြေအနေသည် တဖြည်းဖြည်း အေးဆေးတည်ငြိမ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့သည်။

“ တီတီ တောင်တောင် “

ရုတ်တရက်ဆိုသလိုပင် စခန်းတစ်ခုလုံးသည် အချက်ပေးသံများဖြင့် ပွက်လောရိုက်လာခဲ့သည်။

“ ရန်သူ တိုက်ခိုက်လာပြီ !! “

“ပထမတပ်ခွဲနဲ့ ဒုတိယတပ်ခွဲက ရန်သူနဲ့ ရင်ဆိုင်ဖို့ စခန်းက ထွက်ကြ။ ကျန်တဲ့ လူတွေက စခန်းကို စောင့်ကြပ်နေ “

အော်ဟစ်သံတစ်ခုသည် စခန်းတစ်ခုလုံးအနှံ့ ပျံ့လွင့်ရောက်ရှိလာခဲ့သည်။

တဲအတွင်းရှိ လူအားလုံး အံ့ဩတုန်လှုပ်သွားကြသည်။

အဲလိဇဘတ်မှ ထရပ်ရန် ပြင်လိုက်သည့်အချိန်တွင် တဲအပေါက်ဝသို့ ပုံရိပ်တစ်ခု ရောက်ရှိလာခဲ့ကာ၊ ဝေ့နင်းယွမ်၏ အသံ ပေါ်ထွက်လာခဲ့သည်။

“ အဲလိဇဘတ်၊ တိုက်ခိုက်ဖို့အတွက် အဖွဲ့ကို ဦးဆောင်သွားတော့ “

“ နားလည်ပါပြီ “

အဲလိဇဘတ်သည် ချက်ချင်းထရပ်ကာ သူမနောက်ရှိ လူများကို စကားလှည့်ပြောလာခဲ့သည် ” အားလုံးပဲ၊ ထွက်ခွာဖို့ ပြင်ဆင်ကြ “

မီးပြတိုက်နိုင်ငံမှ သိုင်းပညာရှင်များသည် လေးနက်နေသော အမူအရာများဖြင့် ချက်ချင်း လှုပ်ရှားလာကြသည်။

ရှုကျိုးမှာလည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်၊ ဝေ့နင်းယွမ်မှ တိုက်ပွဲတွင် ကျောင်းသူကျောင်းသားများကို ပါဝင်ခွင့်ပြုလိုက်ခြင်းသည် တိုက်ပွဲက လွန်စွာပြင်းထန်မနေဘူးဟု သွယ်ဝိုက်ပြောဆိုနေခြင်းပင် ဖြစ်သည်။

အကယ်၍ အခြေအနေကသာ ပြင်းထန်နေမည်ဆိုပါက ကျောင်းသူကျောင်းသားများသည် စခန်းကို စောင့်ကြပ်ရန်အတွက်သာ ကျန်နေခဲ့ရမည် ဖြစ်သည်။

မကြာခင်မှာပင် ရှုကျိုးသည် အဲလိဇဘတ်၏ အဖွဲ့နှင့် ပူးပေါင်းလိုက်သည်။

အဖွဲ့သုံးဖွဲ့စလုံးသည် တဲအပြင်သို့ အလောတကြီး ထွက်သွားကြသည်။

ထိုအချိန်၌ လူတော်တော်များများသည် တဲများအတွင်းမှ အလောသုံးဆယ် ပြေးထွက်လာကြသည်။

အများစုသည် အနိမ့်ပိုင်း သုံးဆင့် ပညာရှင်များဖြစ်ပြီး၊ အလယ်အလတ် သုံးဆင့် ပညာရှင်များကမူ အတော်လေး မြင်ရခဲနေခဲ့သည်။

( ပထမအဆင့်ကနေ တတိယအဆင့်အထိက အနိမ့်ပိုင်း သုံးဆင့်၊ စတုတ္ထအဆင့်ကနေ ဆဌမအဆင့်အထိက အလယ်အလတ် သုံးဆင့်၊ အမြင့်ပိုင်း သုံးဆင့်က သတ္တမအဆင့်ကနေ နဝမအဆင့်အထိပါ၊ အမျိုးအစားနဲ့ အခေါ်အဝေါ်လေးတွေပဲ ပြောင်းသွားတာမျိုးပါ )

ရှေ့တန်းစစ်မျက်နှာပြင်ရှိ လူအများစုသည် ပါရမီပါသည့် သာမန်လူများသာဖြစ်ပြီး၊ တတိယအဆင့် ပညာရှင်များသည် သူတို့ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်နေခဲ့သည်။

သို့ရာတွင် အနိမ့်ပိုင်း သုံးဆင့်မှ ပညာရှင်များက ပမာဏများများဖြင့် တိုက်ပွဲ အစီအရင်တစ်ခု(သို့) တိုက်ပွဲဝင် ပုံစံအဖြစ် ဖွဲ့စည်းလိုက်မည်ဆိုပါက သူတို့သည် အံ့ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နေနိုင်စဲပင် ဖြစ်သည်။

အနိမ့်ပိုင်း သုံးဆင့် သိုင်းပညာရှင် အယောက် ၁၀၀ဖြင့် ဖွဲ့စည်းထားသော တိုက်ခိုက်ရေး အစီအရင်သည် စတုတ္ထတစ်ပိုင်းအဆင့် ပညာရှင်(သို့) အစောပိုင်း စတုတ္ထအဆင့် ပညာရှင်ကိုပင် သတ်ဖြတ်နိုင်ပေသည်။

ထိုအချိန်တွင် ပထမတပ်ခွဲနှင့် ဒုတိယတပ်ခွဲတို့မှ စစ်သည်များသည် တဲများထဲမှ ပြေးထွက်လာကြပြီး၊ လူတစ်ရာပါ တိုက်ပွဲဝင် အစီအရင်တစ်ခုကို ဖွဲ့စည်းကာ ရှေ့တက်သွားကြတော့သည်။

“ ဝုန်းးးး !! “

ရှေ့ဘက်တွင် ထိတွေ့မှု ပေါက်ကွဲသံများ ပေါ်လာခဲ့ပြီး၊ သူတို့သည် ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေရတော့သည်။

အဲလိဇဘတ်သည် ကျောင်းသူကျောင်းသား အဖွဲ့များကို ဦးဆောင်ကာ နောက်မှ လိုက်လာခဲ့သော်လည်း၊ ဝေလံခေါင်ပါးသော နေရာမျိုးသို့ မသွားဘဲ၊ စခန်းနှင့် မိုင်အနည်းငယ်ခန့် အကွာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရပ်တန့်လိုက်သည်။

သူမသည် အနောက်သို့ ပြန်ကြည့်၍ ပြောလာခဲ့သည် “ ဒါက နင်တို့ရဲ့ ပထမဦးဆုံးအကြိမ်ပဲ၊ ဆိုတော့ စခန်းနဲ့ ဝေးတဲ့နေရာကို သွားဖို့ မလိုအပ်သေးဘူး၊ အနီးအနားမှာ ကင်းလှည့်နေပြီးတော့ ပိုက်ကွန်ထဲက လွတ်လာတဲ့ ငါးလေးတွေကို အပြတ်ရှင်းကြ “

အားလုံးသည် လိုင်းတစ်ခုအဖြစ် စီတန်းကာ သတိတကြီး စောင့်ကြပ်နေကြတော့သည်။

ရှုကျိုးမှာလည်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေခဲ့သည်၊ သို့သော် သူ၏အတွေးအများစုကမူ အရှေ့ရှိ စစ်မြေပြင်တွင်သာ ရှိနေစဲပင် ဖြစ်သည်။

သူတို့ထဲမှ လူအများစုထံတွင် ကမ္ဘာ့ကြယ်သားတို့နှင့် တိုက်ခိုက်ဖူးသည့် တိုက်ပွဲအတွေ့အကြုံ မရှိသောကြောင့် ဤတစ်ကြိမ် ရန်သူ့ထိုးစစ်သည် သူတို့အတွက် စူးစမ်းလေ့လာရေးသပ်သပ်သာ ဖြစ်နေခဲ့သည်။

သို့သော် ရှုကျိုးကမူ ခံစားချက်တစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

“ ထူးဆန်းတယ်၊ ငါ့ရဲ့ သွေးကြောမှတ် လည်ပတ်မှုက ကမ္ဘာ့ကြယ်သားတွေနဲ့ တုံ့ပြန်မှုတစ်ခု ရှိနေတဲ့ပုံပဲ “

ဘာတွေ ဖြစ်နေတာလဲဟ??

ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သူသည် ၎င်းကို ရန်သူများ ဝင်လာသည့် အချိန်ကတည်း အာရုံခံမိနေခဲ့ခြင်းဖြစ်ပြီး၊ သူ၏ သွေးကြောမှတ် လည်ပတ်မှုသည် အနည်းငယ် လှုပ်ခါသွားခဲ့သည်။

“ လှည့်စားမှုတစ်ခုများလား? “

ရှုကျိုးသည် စစ်မြေပြင်ဘက်သို့ ကြည့်ကာ အတွေးနက်သွားတော့သည်။

“ ဝေါင်းးးး !!! “

သားရဲဟိန်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်၊ ထို့နောက်တွင် မီတာ ၁၀၀မြင့်မားသည့် ကြီးမားသော သားရဲကြီးတစ်ကောင် ပေါ်လာခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ တိုက်ပွဲဝင် အစီအရင်ထံသို့ ပြေးဝင်လာခဲ့သည်။

“ ကမ္ဘာ့ကြယ်ရဲ့ သိုင်းပညာရှင်တွေက သားရဲအသွင် ပြောင်းလိုက်ကြပြီ “

အဲလိဇဘတ်မှ လေးလေးနက်နက် ပြောလာခဲ့သည်။

ရှုကျိုး၏ အမူအရာမှာလည်း လေးနက်သွားခဲ့သည်။

သူသည် ကမ္ဘာ့ကြယ်မှ လူများက လူသားများနှင့် လွန်စွာတူညီနေပြီး၊ တိုက်ပွဲများတွင် သူတို့သည် ထူးဆန်းသော ပုံပန်းအသွင်အပြင်များအဖြစ် ပြောင်းလဲနိုင်ကြပြီး၊ အများဆုံးအနေဖြင့် သားရဲအသွင် ပြောင်းလေ့ရှိသည်ဟု လျူချင်းယွမ်ဆီမှ ယခင်က ကြားသိခဲ့ရသည်။

ထိုကဲ့သို့သော ပြောင်းလဲမှုအား သားရဲ အသွင်ပြောင်းခြင်းဟု ခေါ်ဆိုကြသည်။

၎င်းသည် ကမ္ဘာ့ကြယ်သားတို့၏ တိုက်ခိုက်ရေး စွမ်းအားက အပြည့်အဝ ပေါက်ကွဲထွက်လာပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ရှုကျိုးသည် ယခင်က ၎င်းမှာ အတော်လေး ထူးဆန်းလွန်းသည်ဟု တွေးတောမိခဲ့ဖူးသည်၊ သို့သော် ယခု၌ ၎င်းတို့က မှန်ကန်နေပုံရသည်။

“ သတ် !!! “

စစ်သည်တော်များသည် အော်ဟစ် ကြုံးဝါးလာခဲ့ရာ၊ တိုက်ပွဲဝင် အစီအရင်သည် မီတာ ၁၀၀ရှည်လျားသည့် ရွှေရောင်လှံတစ်လက်အဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ဘုံနှင့် မြေကမ္ဘာတို့ကို လှုပ်ခါသွားစေပြီး၊ သားရဲကြီးကို ထိုးစိုက်သွားခဲ့သည်။

“ ဘုမ်း ဝုန်းးး ဘုမ်းးး !!! “

တိုက်ပွဲသည် အလွန်ပြင်းထန်နေခဲ့ပြီး၊ လူတိုင်း၏ ခြေထောက်များအောက်တွင် ရှိနေသည့် မြေပြင်ကပင် အနည်းငယ် လှုပ်ခါသွားခဲ့သည်။

“ ဒီကောင်တွေ တိုက်နေတာက ………………… တိုက်ခိုက်မှုကို ဒီလောက်အထိ တက်တက်ကြွကြွ မစလာသင့်ဘူး “

အဲလိဇဘတ်မှ ပြောလာခဲ့သည် “ ငါတို့က စခန်းနဲ့နီးတယ်၊ လူသားပညာရှင်တွေ ဖွဲ့စည်းထားတဲ့ တိုက်ပွဲဝင် အစီအရင်က တော်တော်ကြီးကို အစွမ်းထက်တယ်၊ ကမ္ဘာ့ကြယ်သားတွေက ဒီနေရာကို လာပြီးတော့၊ ချုံခိုတိုက်ခိုက်မှု လုပ်တယ်ဆိုရင် တော်တော်ကြီးကို မိုက်မဲရာ ရောက်သွားလိမ့်မယ် “

“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကမ္ဘာ့ကြယ်ရဲ့ ထောက်လှမ်းရေး ကင်းထောက်တွေက ဒီအနီးအနားမှာ ပုန်းနေပြီးတော့ ငါတို့ကို ရှာနေတာပဲ ဖြစ်နေလိမ့်မယ် “

သူမ၏မှန်းဆက်ချက်မှာ သွေးထွက်အောင် မှန်နေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ သားရဲကြီးသည် လှံရှည်၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။

လူသားပညာရှင်များသည် ရှေ့သို့တက်ကာ တိုက်ခိုက်လာခဲ့သည့် ကမ္ဘာကြယ်သားကို ချေမှုန်းလိုက်သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 356 )

ကမ္ဘာ့ကြယ် သိုင်းပညာရှင် ၃

လူတိုင်းက စိတ်သက်သာရာရသွားသည့် အချိန်တွင် ရှုကျိုးမှ အမူအရာ ပြောင်းလဲသွားကာ ရုတ်တရက် အော်ဟစ်လာခဲ့သည် “ လူစုခွဲကြ “

သွေးကြောမှတ် လည်ပတ်မှုသည် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။

အကယ်၍ သူ၏ အာရုံခံစားမှုကသာ မှန်ကန်နေမည်ဆိုပါက၊ ရန်သူများသည် အနီးအနားတွင် ချောင်းမြောင်းနေကြကာ ပြင်းထန်သော တိုက်ခိုက်မှုဖြင့် သူတို့ကို တိုက်ခိုက်ရန် အသင့်ပြင်နေကြခြင်း ဖြစ်သည်။

ရှုကျိုးသည် အော်ဟစ်ကာ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။

တစ်ခြားလူများသည် သူ၏ဆိုလိုရင်းကို နားမလည်ကြသော်လည်း၊ ထိုအတိုင်းသာ လိုက်လုပ်ခဲ့ကြသည်။

“ ဘုမ်းးးးး !!!! “

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဥက္ကာပျံကဲ့သို့သော အနက်ရောင် အလင်းတန်းသည် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့ကာ ရေခဲပြင်မြေထုကို ပေါက်ကွဲသွားစေခဲ့သည်။

အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားသည့် ပုံရိပ်များ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပြီး၊ သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြသလာခဲ့သည်၊ သူတို့၏မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေကြသည်။

“ မာက ဂူက၊ ဘာဂရာ လု !!! “

သူတို့သည် ကျိန်ဆဲသံကဲ့သို့သော စကားလုံး အနည်းငယ်ကို ရေရွတ်ပြောဆိုလာခဲ့သည်။

အဲလိဇဘတ်၏ မျက်နှာမှာ အေးစက်သွားတော့သည် “ ထင်ထားတဲ့အတိုင်းပဲ ကင်းထောက်တွေ “

ကင်းထောက်များ၏ အကြီးမားဆုံးသော သရုပ်လက္ခဏာများသည် ရှာဖွေရ ခက်ခဲခြင်းနှင့် အမျိုးမျိုးသော ကိုယ်ယောင်ဖျောက် နည်းစနစ်များကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

အကယ်၍ ရှုကျိုးကသာ ရုတ်တရက် အော်မပြောခဲ့ဘူးဆိုပါက၊ လူအများစုသည် ဒဏ်ရာအပြင်းအထန် ရရှိသွားကြမည် ဖြစ်သည်။

အဲလိဇဘတ်သည် ရောထွေးနေသော စိတ်ခံစားချက်တို့ဖြင့် ရှုကျိုးကို လှမ်းကြည့်လိုက်သည်။

ဤအချိန်တွင် သူမသည် များများစားစား မတွေးတောနိုင်ခဲ့ပေ၊ ကမ္ဘာ့ကြယ်သိုင်းပညာရှင်များထဲမှ လူတစ်ဦးသည် စတုတ္ထအဆင့် ပညာရှင်ဖြစ်ပြီး၊ ဤကသောင်းကနင်းဖြစ်စဥ်တွင် လူသားပါရမီရှင်များကို သတ်ဖြတ်လိုသည်မှာ သိသာလွန်းနေခဲ့သည်။

“ မဂ္ဂ !!! “

စတုတ္ထအဆင့် ပညာရှင်မှ အော်ပြောလာခဲ့ပြီး၊ လက်ဝါးရိုက်ချက်တစ်ခုကို ရှုကျိုးနှင့် တစ်ခြားလူများဆီသို့ ပစ်လွှတ်လာခဲ့သည်။

ဘွန်းးး !!!

လပေါ်ရှိ ပါးလွှာသောလေထုသည် ကြောက်မက်ဖွယ်ကောင်းသည့် လေတိုးသံကို ထုတ်လွှင့်လာခဲ့ကာ အဆိုပါ တိုက်ခိုက်မှု၏ စွမ်းအားကို လှစ်ဟပြသနေခဲ့သည်။

“ စခန်းကို ပြန်ကြ “

အဲလိဇဘတ်မှ အော်ပြောလာခဲ့သည်၊ မီတာ ၅၀မျှရှိသည့် ဓားအလင်းတန်းတစ်ခုသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့ကာ၊ ပြိုင်ဘက်ထံသို့ ခုတ်ပိုင်းသွားတော့သည်။

ဓားအလင်းတန်းသည် အဆုံးမဲ့စွမ်းအားတို့ဖြင့် တလက်လက် တောက်ပနေခဲ့ကာ၊ ကောင်းကင်ဘုံကို လှုပ်ခါသွားစေခဲ့သည်၊ သို့သော် ၎င်းသည် စတုတ္ထအဆင့် ပညာရှင်ကို မလှုပ်ရှားနိုင် ဖြစ်သွားစေခဲ့သည်။

၎င်းကို အခွင့်ကောင်းယူကာ အားလုံးသည် လျင်မြန်စွာ ဆုတ်ခွာသွားတော့သည်။

…

ရှုကျိုးသည် ပို၍မြန်ဆန်စွာ ဆုတ်ခွာသွားခဲ့သည်၊ သူ့ထံတွင် ဟင်းလင်းပြင် စွမ်းရည်ရှိပြီး၊ ပင်မစခန်းဆီသို့ တည်နေရာကူးပြောင်း နိုင်ပေသည်။

သို့သော် သူသည် ထိုကဲ့သို့ မပြုလုပ်ခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်ဦးသည် သူ့ဆီသို့ ပျံသန်းလာနေသည်ကို သူအာရုံခံမိနေသောကြောင့် ဖြစ်သည်။

အငွေ့အသက်ကို အကဲခတ်ကြည့်ရခြင်းဖြင့် ၎င်းသည် တတိယအဆင့်နယ်ပယ်တစ်ဝိုက်တွင် ရှိနေခဲ့သည်။

“ ကမ္ဘာ့ကြယ်သား ပညာရှင်တွေက အသက်စွန့်ဖို့ လုပ်နေကြတာလားဟ? “

သူတို့သည် စခန်းနှင့် လွန်စွာနီးကပ်နေပြီဖြစ်သော်လည်း၊ ပြိုင်ဘက်သည် ဆက်လိုက်ရဲနေစဲဖြစ်သည်။

၎င်းက အတော်လေး ရဲတင်းလွန်းသည်ဟု ပြောရမည် ဖြစ်သည်။

ကမ္ဘာ့ကြယ်ဘက်တါင် လူသား ပါရမီရှင် သိုင်းညာရှင်များအတွက် မြင့်မားသော ဆုကြေးများ ထုတ်ထားသည်မှာ သိသာလွန်းနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အဆိုပါ ကမ္ဘာ့ကြယ်သားသည် ဤမျှလောက် ရူးသွပ်နေလိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် အနောက်သို့ ခေါင်းလှည့်၍ ကြည့်လိုက်ပြီး၊ သူ၏မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ငါ့ရဲ့ စွမ်းရည်အသစ်ကို စမ်းသပ်ဖို့ အံကိုက်ပဲ “

ပြိုင်ဘက်က ချဥ်းကပ်လာသည်နှင့်အမျှ သူ၏ သွေးကြောမှတ် လည်ပတ်မှုက ဆက်တိုက် လှုပ်ခါလာသည်ကို သူခံစားနေခဲ့ရသည်။

ရှုကျိုး စဥ်းစားနိုင်ခဲ့သည့် တစ်ခုတည်းသော ဖြေရှင်းချက်မှာ သူ၏ သွေးကြောမှတ် လည်ပတ်မှုက ရွှေရောင်လူသေးသေးလေးကို စုပ်ယူထားခြင်းကြောင့်ဆိုသည်ပင် ဖြစ်သည်။

ရွှေရောင်လူသေးသေးလေးသည် လနတ်ဘုရားဆီမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လနတ်ဘုရားသည် ကမ္ဘာ့ကြယ်၏ စောင့်ကြပ်သူဖြစ်သည်။

ထို့ကြောင့် သူ၏ သွေးကြောမှတ် လည်ပတ်မှုနှင့် ကမ္ဘာ့ကြယ်ကြားရှိ ပတ်သက်ဆက်နွယ်မှုမှာ မရှင်းမလင်း ဖြစ်နေခဲ့သည်။

ထိုအချိန်၌ ကမ္ဘာ့ကြယ်သိုင်းပညာရှင်သည် တစ်စုံတစ်ခုကို အော်ပြောလာခဲ့ရာ၊ သတ်ဖြတ်လိုစိတ်သည် လေထုကို ထိုးဖောက်၍ ရှုကျိုးဆီသို့ ပြေးဝင်လာခဲ့သည်။

“ ခွမ်းးးး !! “

ရှုကျိုးသည် ဓားရှည်ကို ကိုင်ဆောင်၍ အနောက်မှ ရောက်လာသည့် တိုက်ခိုက်မှုကို ဖြတ်တောက်လိုက်သည်။

ကမ္ဘာ့ကြယ်သိုင်းပညာရှင်သည် အရူးအမူး ဆက်လိုက်လာနေစဲဖြစ်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်၊ ပိုမိုအားကောင်းသော ပွဲသိမ်းကွက်ကို ထုတ်သုံးကာ ရှုကျိုးကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်လာခဲ့သည်။

ရှုကျိုးသည် အနောက်သို့ အေးစက်စွာ လှည့်ကြည့်လိုက်ပြီး၊ သူ၏လက်ကို ညင်သာစွာ ဆုပ်ခဲလိုက်သည်။

“ ဟင်းလင်းပြင် တုန်ခါမှု !! “

ချက်ချင်းဆိုသလိုပင် ပြေးလိုက်လာနေသည့် ကမ္ဘာ့ကြယ် ပညာရှင်သည် လဲကျလုမတတ် ယိမ်းထိုးသွားခဲ့သည်။

အဆိုပါ တုန်ခါမှုကြောင့် သူ၏ ပွဲသိမ်းတိုက်ကွက်သည် အတင်းအကြပ် တားဆီးခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ရာ၊ အရာအားလုံးကို ဝါးမြိုနိုင်သည့် လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အသက်ဓာတ် ဝါးမြိုခြင်း !!! “

အဆိုပါစွမ်းရည်သည် ရွှေရောင်လူသေးသေးဆီမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး၊ သွေးကြောမှတ် လည်ပတ်မှု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင် ရှုကျိုးသည် အဆိုပါစွမ်းရည်ကို အမွေဆက်ခံရရှိခဲ့သည်။

၎င်းသည် သူ့ထပ်အားနည်းသည့် ပစ်မှတ်များကို ဝါးမြိုနိုင်ပေသည်။

ရှုကျိုးမှ စည်းတံဆိပ်များကို ဖွဲ့တည်လိုက်သည်နှင့်အမျှ ရှုကျိုးနှင့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့ကြားတွင် လျှို့ဝှက်ဆန်းကြယ်သော အခွင့်အလမ်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ယူလိုက် !! “

ရှုကျိုးသည် ရုတ်တရက် ရပ်တန့်သွားကာ၊ သူ၏လက်ဝါးကို နောက်ဘက်ရှိ ကမ္ဘာ့ကြယ် သိုင်းပညာရှင်ထံသို့ ဖိချလိုက်သည်။

“ ဘာဂယ်?? “

ကမ္ဘာ့ကြယ် သိုင်းပညာရှင်၏ မျက်နှာပေါ်တွင် ကြောက်လန့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ပြီး၊ သူသည် သူ၏ကြွက်သားများနှင့် အရိုးများက လျင်မြန်စွာ သေးကျုံ့သွားသည်ဟု ခံစားသွားခဲ့ရသည်။

အဆိုပါ ကမ္ဘာ့ကြယ်သားသည် ကြောက်လန့်သွားသော အမူအရာဖြင့် ချက်ချင်း လှည့်ပြေးသွားတော့သည်။

“ အခုမှ ပြေးချင်နေတယ်ပေါ့? နောက်ကျသွားပြီ “

ရှုကျိုးမှ အေးစက်စွာ လှောင်ပြောင်လိုက်သည်၊ သူ့လက်ထဲရှိ ဓားရှည်သည် ကောင်းကင်ယံသို့ ထောင်တက်သွားပြီး၊ တောက်ပသော အဖြူရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ လေထုကို ပိုင်းဖြတ်သွားသည်။

တောက်ပသော ဓားအလင်းတန်းသည် ကောင်းကင်ဘုံနှင့် မြေကမ္ဘာတို့ကို ဖုံးလွှမ်းသွားခဲ့ကာ ဥက္ကာပျံတစ်လုံး ကြွေကျလာသကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ဆင်းသက်လာခဲ့သည်။

“ အားးးးး “

ကမ္ဘာ့ကြယ်သားသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လာခဲ့သည်၊ ပခုံးမှ ခါးအထိ နက်သည့် ဓားဒဏ်ရာတစ်ခု ဖြစ်ပေါ်လာခဲ့ကာ သွေးများ ပန်းထွက်လာခဲ့သည်။

ဝှစ် !!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခန္ဓာကိုယ်သည် ရှုကျိုးထံသို့ အလိုအလျောက်ဆွဲခေါ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကြွက်သား၊ အဆီ၊ အသက်ဓာတ်၊ အရိုးများ စသည်ဖြင့် အရာအားလုံး ညှိုးနွမ်းသွားကာ၊ အဖြူရောင် ဂတ်စ်ငွေ့များအဖြစ် ပြောင်းလဲကာ ရှုကျိုးဆီသို့ ပျံသန်းလာခဲ့သည်။

( ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ဟာတွေ အငွေ့ပျံသွားပြီးတော့ အပြင်ကို ထွက်လာတာပါ )

အဆိုပါ အဖြူရောင် မြူမှုန်များသည် အာဟာရဓာတ်ကဲ့သို့ ဖြစ်နေခဲ့ကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။

“ အူထော်၊ အူထော် ……. “

ကမ္ဘာ့ကြယ် သိုင်းပညာရှင်သည် သနားညှာတာရန်အတွက် တောင်းပန်နေသော အကြည့်ဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်၊ သို့သော် အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်သွားခဲ့ခြင်း ဖြစ်ပြီး၊ သူသည် ခြောက်သွေ့သော အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“ ဒီလိုမျိုး ပြီးသွားတာလားဟ? “

ရှုကျိုးသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်၊ သူကိုယ်တိုင်ကပင် အနည်းငယ် အံ့ဩမှင်သက်သွားခဲ့သည်။

ထိုကဲ့သို့ မြန်ဆန်ကာ တိုက်ရိုက်ဆန်သော နည်းလမ်းသည် သူ၏ ပွဲသိမ်းတိုက်ကွက်ထပ်ပင် ပို၍မြန်ဆန်နေခဲ့သည်။

အသတ်ဓာတ် ဝါးမြိုခြင်း၏ အကျိုးသက်ရောက်မှုအောက်တွင် အဆိုပါ ကမ္ဘာ့ကြယ်သားသည် မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ ထွက်ပင် မပြေးနိုင်ခဲ့ချေ။ တိုက်ရိုက်ခြောက်သွေ့ညှိုးနွမ်းကာ အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဟမ်? ”

ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုတစ်ချို့ ဖြစ်ပေါ်နေသည်ကို သတိပြုမိသွားခဲ့သည်။

ကမ္ဘာ့ကြယ် သိုင်းပညာရှင်၏ အသက်ဓာတ်ကို စုပ်ယူခဲ့ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားသော အရာတစ်ခုခု မွေးဖွားလာသည့်ပုံပင်။

သို့သော် ရှုကျိုးက ၎င်းကို သေချာကြည့်ရှုမစစ်ဆေးရသေးခင် အချိန်မှာပင် ဒေါသတကြီးဖြစ်နေသည့် အော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ မဂ္ဂ !! “

ပိုများသော တတိယအဆင့်နယ်ပယ်မှ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များ ချီတက်လာကြပြီး၊ ရှုကျိုးက သူတို့၏ ရဲဘော်ရဲဘက်များ သတ်လိုက်သည်ကို မြင်တွေ့သွားကြသောအခါတွင် ဒေါသတကြီးဖြစ်သွားကာ အော်ဟစ် တိုက်ခိုက်လာကြသည်။

“ အချိန်ကိုက်ပဲ !! “

ရှုကျိုးမှ လှောင်ပြောင်လိုက်သည်၊ သူသည် အသက်ဓာတ် ဝါးမြိုခြင်းကို အကြိမ်အနည်းငယ်မျှ ထပ်သုံးရန် စိတ်အားထက်သန်နေခဲ့သည်။

သို့ရာတွင် မျက်လုံးပေါင်းများစွာ ရှိနေသောကြောင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားတော့သည်။

ငါးမိနစ်ကြာခဲ့ပြီးသည့်နောက်၌

လူသူကင်းမဲ့နေသော ဧရိယာတစ်ခု

“ မဂ္ဂ !! “

ကမ္ဘာ့ကြယ်သား အနည်းငယ်သည် ရှုကျိုးကို ဒေါကြီးမောကြီး လိုက်ဖမ်းနေလျက်ရှိသည်၊ သူတို့သည် ထိုကောင်က ထိုမျှမြန်ဆန်စွာ ထွက်ပြေးနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် သူတို့က သူ့ကို လိုက်မှီလာခဲ့ကာ ဖမ်းမိတော့မည်ဟု ထင်သွားသည့် အချိန်တွင် လူသားသိုင်းပညာရှင်သည် ရုတ်တရက် ရပ်တန့်သွားပြီး၊ နောက်သို့လှည့်ကာ သူတို့ကို ပြုံးပြလာခဲ့သည်။

“ ဟမ်? “

ကမ္ဘာ့ကြယ်သားတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီး၊ သူတို့၏ စိတ်ထဲတွင် အချက်ပေးသံများ အော်မြည်လာခဲ့ကာ အလိုအလျောက် နောက်ဆုတ်ချင်သွားကြသည်။

သို့သော် ရှုကျိုးကား သူ့လက်ထဲသို့ ရောက်လာပြီဖြစ်သော အစာကို အလုခံမည် မဟုတ်ပေ။

“ အသက်ဓာတ် ဝါးမြိုခြင်း !!! “

ရှုကျိုးသည် စည်းတံဆိပ်များကို ထပ်မံ၍ ရေးဆွဲကာ လျှို့ဝှက်နည်းစနစ်ကို ထပ်မံ၍ ဖော်ထုတ်လိုက်ပြန်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ ကမ္ဘာ့ကြယ်သားတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့သည်။

သူတို့၏ ခန္ဓာကိုယ်များသည် ကြောက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် သေးကျုံ့သွားကြသည်။

ချီ-သွေးဖြစ်စေ၊ စိတ်ဝိညာဥ်ဖြစ်စေ …. အရာအားလုံးသည် လျင်မြန်စွာ ညှိုးနွမ်းခမ်းခြောက်သွားတော့သည်၊ အရေးအကြီးဆုံးအရာမှာ သူတို့သည် သူတို့၏ အသက်ဓာတ်က လျင်မြန်စွာ လျော့ပါးသွားသည်ဟု ခံစားသွားကြရသည်။

“ ဘာဂယ်?? ဘာဂယ် !! “

ကမ္ဘာ့ကြယ်သားသည် အော်ဟစ်ကာ လွတ်မြောက်ရန်အတွက် နည်းပေါင်းစုံကို ထုတ်သုံးလာကြသည်။

သို့သော် သူတို့၏ စွမ်းအားသည် တတိယအဆင့် အထွတ်အထိပ်ထပ် မပိုသောကြောင့် သူတို့အားလုံးသည် ရှုကျိုး၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ရလဒ်တစ်ခုတည်းသာလျှင် ပေါ်ထွက်ခဲ့သည်။

သူတို့အားလုံးသည် ခြောက်သွေ့သော အလောင်းများအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ လဲပြိုလာခဲ့သည်။

အဖြူရောင် မြူမှုန်ပမာဏ အများအပြားသည် ရှုကျိုး၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

ရှုကျိုးသည် ကြက်သီးများထကာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

“ ဒီအသက်ဓာတ် ဝါးမြိုတာက ငါ့အတွက် ဒီလိုအကျိုးသက်ရောက်မှုတွေ ယူလာပေးနိုင်တာပဲ “

ရှုကျိုးသည် အံ့ဩတုန်လှုပ်သွားကာ ကြောက်ရမလား၊ ပျော်ရမလားဆိုသည်ကိုပင် ဝေခွဲမရ ဖြစ်သွားတော့သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 357 )

နတ်စွမ်းရည် မျိုးစေ့ ကွဲထွက်ခြင်း

ဝုန်းးးးး !!!

အဝေးမှ ပေါ်ထွက်လာသည့် ကျယ်လောင်သော ပေါက်ကွဲသံများအရ တိုက်ပွဲသည် အဆုံးသတ်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်။

ရှုကျိုးသည် စခန်းနှင့် အတန်ငယ် လှမ်းနေသော ဤနေရာတွင် ကြာကြာဆက်မနေဝံ့တော့ပေ။

အကယ်၍ စတုတ္ထအဆင့် (သို့) ပို၍အဆင့်မြင့်သည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင်က ရောက်ရှိလာခဲ့မည်ဆိုပါက၊ ဖြေရှင်းရခက်သွားလိမ့်မည် ဖြစ်သည်။

အဆိုပါ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် သူသည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

“ ဟမ်? “

ထိုအချိန်၌ ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ ထူးဆန်းတယ်၊ ငါ့ရဲ့ သွေးကြောမှတ် လည်ပတ်မှုက ဘာလို့တုန်ခါနေရသေးတာလဲဟ? ”

အဆိုပါ ကမ္ဘာ့ကြယ်သားများက သေသွားပြီဖြစ်သော်လည်း ရှုကျိုးသည် သူ့အား တစ်စုံတစ်ခုက ဆွဲဆောင်နေသေးသည်ဟု ခံစားနေခဲ့ရသည်။

မြေပြင်ပေါ်ရှိ ခြောက်သွေ့နေသော အလောင်းများကို ငေးကြည့်လိုက်ပြီး၊ သူ၏စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည် “ အဲ့တာများ …… “

သူသည် အရှေ့သို့ ပြေးတက်လာခဲ့ကာ၊ အလောင်းများကိုယ်ပေါ်တွင် ရှာဖွေနေတော့သည်။

သူထင်ထားသည့် အတိုင်းပင် သူသည် တစ်စုံတစ်ခုကို အမှန်တကယ် ရှာတွေ့ခဲ့သည်။

“ ဒါက …… “

ရှုကျိုးသည် သူ့လက်ထဲရှိ မီးခိုးဖြူရောင် သလင်းကျောက်ကို ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ ဒါက ကမ္ဘာ့ကြယ် သလင်းကျောက်လား? “

သူသည် ဤအရာက လနတ်ဘုရားဂိုဏ်း၏ အဖိုးတန် ရတနာ ကမ္ဘာ့ကြယ် သလင်းကျောက်ဖြစ်သည် ဆိုသည်ကို သေချာနေခဲ့သည်။

မထင်မှတ်ထားစွာဖြင့် သူသည် တတိယအဆင့် အထွတ်အထိပ် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်ဦး၏ အလောင်းပေါ်တွင် ၎င်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရှုကျိုးမှ ကျန်အလောင်းများကို ဆက်လက်၍ ရှာဖွေလိုက်ရာ အလောင်းတစ်ခုချင်းစီတိုင်းထံတွင် ကမ္ဘာ့ကြယ် သလင်းကြောက် အစိတ်အပိုင်းတစ်ခုစီ သယ်ဆောင်ထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

သို့သော် ထိုလူများ သယ်ဆောင်ထားသည့် ကမ္ဘာ့ကြယ် သလင်းကျောက်များသည် အလွန်သေးငယ်နေခဲ့ကာ လက်သန်းအရွယ်မျှသာ ဖြစ်နေခဲ့သည်။

“ ကမ္ဘာ့ကြယ်သားတိုင်းဆီမှာ ကမ္ဘာ့ကြယ် သလင်းကျောက်တွေ ရှိနေတာလားဟ? “

ရှုကျိုး အတွေးနက်သွားတော့သည် “ ဒါတွေက သူတို့ရဲ့ ကျင့်ကြံရေးအတွက် သုံးတဲ့ ပစ္စည်းတွေများလား? “

“ ဝှစ်၊ ဝှစ် !! “

အဝေးမှ လေတိုးသံများ ပေါ်ထွက်လာခဲ့သည်။

“ သွားဖို့ အချိန်ကျပြီ “

ရှုကျိုးသည် ဤနေရာတွင် ဆက်မနေတော့ဘဲ ကမ္ဘာ့ကြယ် သလင်းကျောက်များကို သိမ်းဆည်းကာ စခန်းဆီသို့ လှည့်ပြန်သွားတော့သည်။

…

စခန်း၌

အဲလိဇဘတ်နှင့် တစ်ခြားလူများသည် စခန်းဆီသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကာ၊ လူအများစုသည် ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ကြပေ။

သို့ရာတွင် အဲလိဇဘတ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ရှုကျိုး ဘယ်မှာလဲ? “

တစ်ခြားလူများသည် တစ်ဦးကို တစ်ဦး လှည့်ကြည့်ကာ ခေါင်းခါပြလာကြသည်။

ရှုကျိုးသည် သူတို့နှင့် ရှိမနေခဲ့ပေ။

တစ်စုံတစ်ဦးမှ ပြောလာခဲ့သည် “ သူက မြေပုံမပေါ်သေးတဲ့ နယ်မြေဘက် ထွက်ပြေးသွားတာကို ခုနက ကျွန်တော် မြင်လိုက်ရတယ် “

( မြေမျက်နှာသွင်ပြင် အနေအထားတွေကို မလေ့လာရသေးလို့ မြေပုံမသတ်မှတ်ရသေးတာပါ )

“ ဒီလူကတော့ !!! “

အဲလိဇဘတ် မျက်မှောင်ကြုတ်သွားခဲ့ကာ သူမ၏ ပြာလဲ့သော မျက်လုံးလေးများထဲတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ စခန်းဆီကို ပြန်ဆုတ်ဖို့ ငါပြောခဲ့ပါတယ်၊ သူက မြေပုံမပေါ်သေးတဲ့ နယ်မြေထဲကို ဘာလို့ ပြေးသွားရတာလဲ? “

ကွမ်ဟန်ရှိ အကန့်အသတ်မဲ့ ရေခဲပြင်ကြီးသည် ကြယ်ပြာစစ်တပ် သိမ်းပိုက်ထားသော နေရာများနှင့် မြေပုံမပေါ်သေးသည့် ကျန်နယ်မြေအားလုံးကို လွှမ်းခြုံထားခဲ့သည်။

ထိုနေရာများသည် နည်းဗျူဟာအရ တန်ဖိုးမရှိသော နေရာများဖြစ်သည်၊ ထို့ကြောင့် တပ်မတော်သည် ထိုနေရာများတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲလှသည်။

သို့ရာတွင် တစ်ချို့သော အစွမ်းထက် အမှောင်သိုင်းပညာရှင်များကမူ တိုက်ပွဲတွင် ကျန်ရစ်ခဲ့သည့် ရတနာများကို ရှာဖွေမည်ဟူသည့် မျှော်လင့်ချက်များဖြင့် အဆိုပါ နယ်မြေများအတွင်းသို့ စွန့်စား ဝင်ရောက်လေ့ရှိကြသည်။

သို့သော် တတိယအဆင့် သိုင်းပညာရှင်များအတွက်မူ အဆိုပါ နယ်မြေများသည် အလွန်တရာ အန္တရာယ်များလွန်းနေခဲ့သည်။

အကယ်၍ သူတို့ကသာ အဆင့်မြင့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်နှင့် ကြုံတွေ့ခဲ့မည်ဆိုပါက၊ စစ်တပ်ကပင် သူတို့ကို ကယ်ဆယ်ရန်အတွက် အချိန်မှီ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

အဲလိဇဘတ်၏ အမူအရာသည် အတော်လေး ဆိုးရွားသွားခဲ့သည်၊ သူမသည် ရှုကျိုး၏ မဆင်မခြင်ပြုလုပ်သော လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။

“ အဆင့်ဇယားကို ကြည့်ကြဦး “

ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ဦးမှ အော်ပြောလာခဲ့သည်။

အဲလိဇဘတ်သည် ခေါင်းဆောင်းအတွင်းရှိ အတွင်းပိုင်း မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

တစ်ခြားလူများမှာလည်း အဆင့်ဇယားကို ဖွင့်ကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။

“ ရှုကျိုးက အဆင့်၃ အထွတ်အထိပ် တစ်ယောက်နဲ့ နှောင်းပိုင်း အဆင့်၃ လေးယောက်ကို တကယ်ကြီး သတ်ခဲ့တာလား? “

အဆင့်ဇယားပေါ်၌ ရှုကျိုးသည် တတိယနေရာတွင် ရှိနေခဲ့သည်။

ထိပ်ဆုံးမှ လူနှစ်ဦးသည် မော်ရှောင်းနိုင်ငံမှ ဆိုဖီယာနှင့် ဆင်ဖြူနိုင်ငံမှ ဗစ်ခရမ်တို့ပင် ဖြစ်သည်။

သူတို့မှာလည်း ရောက်လျှင်ရောက်ချင်းမှာပင် စစ်ပွဲနှင့် ရင်ဆိုင်နေရသည့်ပုံပင်။

သို့သော် ဤအချိန်၌ အားလုံးသည် ထိပ်ဆုံးနှစ်ဦးနှင့်ပတ်သက်၍ များများစားစား တွေးတောမနေခဲ့ပေ၊ ရှုကျိုးက တတိယနေရာတွင် ရှိနေခြင်းသည် သူတို့အားလုံးကို အံ့ဩသွားစေခဲ့သည်။

ရှုကျိုးသည် အလယ်အလတ် တတိယအဆင့်တွင်သာ ရှိနေသေးသည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် သူသည် ကမ္ဘာ့ကြယ်သား ငါးယောက်ကို သတ်ကာ တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။

သူ့ရဲ့စွမ်းအားက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလားဟ?

အဲလိဇဘတ်ကပင် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်၊ သူမသည် ရှုကျိုးက ပေါ့ဆလွန်းသည်ဟု ယခုလေးတင် တွေးထင်နေခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာမှာပင် ရှုကျိုးသည် ကမ္ဘာ့ကြယ်သားတို့ကို သတ်ဖြတ်ကာ သူ့ကိုယ်သူ သက်သေပြလာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းဆောင်ဖြစ်သည့် သူမကမူ တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကိုပါ သတ်ဖြတ်နိုင်သေးသည်။

ရှုကျိုးနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ၎င်းသည် အလွန်ကွာခြားလွန်းနေခဲ့သည်။

“ ဝှစ် !! “

ထိုအချိန်တွင် အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာခဲ့ပြီး၊ စခန်းဝင်ပေါက်ဝသို့ ဆင်းသက်လာခဲ့သည်။

၎င်းသည် ရှုကျိုးပင် ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် အားလုံးသည် ဘေးဖယ်ကာ သူ့အတွက် လမ်းပေးလိုက်ကြသည်။

မီးပြတိုက်နိုင်ငံမှ ပညာရှင်များ၏ မျက်နှာများပေါ်တွင် လေးစားမှု အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်။

မည်သည့်နိုင်ငံကဖြစ်နေပါစေ၊ ခွန်အားကြီးပါက လေးစားမှုကို ခံယူရမည် ဖြစ်သည်။

အယုံအကြည် လွန်ကဲနေသည့် ဆင်ဖြူနိုင်ငံမှ ပညာရှင်များကမူ ချွင်းချက်ဖြစ်သည်။

ဤအချိန်တွင် ရှုကျိုးပြသခဲ့သည့် စွမ်းအားသည် မီးပြတိုက်နိုင်ငံမှ သိုင်းပညာရှင်တို့၏ လေးစားမှုကို ရရှိရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

အဲလိဇဘတ်ကပင် လေးစားမှုများ ထင်ဟပ်နေသည့် မျက်လုံးပြာလေးများဖြင့် လမ်းလျှောက်လာခဲ့သည် “ ရှုကျိုး၊ နင်က တကယ် ထူးချွန်တာပဲ၊ အရင်က ငါနင့်ကို အကဲဖြတ်မှားသွားခဲ့တယ် “

ထိုလူများ၏ တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားလည်သွားခဲ့သည်။

သူသည် အသာအယာ ပြုံးပြပြီး စကားပြောလာခဲ့သည် “ ကိစ္စမရှိပါဘူး၊ ငါက တစ်ခြားလူတွေရဲ့ အမြင်ကို စိတ်ထဲမထည့်ထားဘူး “

အဲလိဇဘတ်သည် ခေါင်းငြိမ့်ပြကာ ဆက်ပြောလာခဲ့သည် “ နင်က အရာအားလုံး ထုတ်သုံးဖို့ ထိုက်တန်တဲ့ တကယ့်ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ၊ ဒါပင်မဲ့ ဒီတစ်ကြိမ်မှာတော့ နင်က ပထမနေရာကို ရမှာ မဟုတ်ဘူး “

သူမ၏မျက်လုံးလေးများထဲတွင် အားကောင်းသော တိုက်ခိုက်လိုစိတ်များနှင့် ရဲဝင့်သော စိတ်ပိုင်းဖြတ်ထားမှုတို့ ရှိနေခဲ့သည်။

ရှုကျိုးသည် အေးအေးလူလူ တုံ့ပြန်ပြောဆိုလာခဲ့သည် “ ဒါကတော့ ငါတို့ရဲ့စွမ်းရည်တွေအပေါ်မှာ မူတည်တယ် ”

သူသည် သူမကို အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ အလျင်လိုနေသည့် အမူအရာမျိုးဖြင့် တဲဆီသို့ ခပ်သုတ်သုတ် လျှောက်လှမ်းသွားတော့သည်။

အဖွဲ့ထဲရှိ အနီရောင်ဆံပင်ဖြင့် လူငယ်တစ်ဦးသည် မကျေမနပ်ဖြင့် မှတ်ချက်ပေးလာခဲ့သည် “ ရှုကျိုးက မောက်မာလွန်းနေတယ် မဟုတ်ဘူးလား? “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အဲလိဇဘတ်သည် ‌ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ ပါရမီရှင်တွေက အမြဲတမ်း မာနကြီးတာပဲလေ “

“ သူက နင့်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မသတ်မှတ်ထားဘူးလို့ ငါခံစားနေရတယ် “ အနီရောင်ဆံပင်ဖြင့် လူငယ်လေးမှ စောဒကတက်လာခဲ့သည်။

အဲလိဇဘတ်မှ ခေါင်းခါပြလိုက်သည် “ ဒေးဗစ်၊ နင်နားမလည်ပါဘူး။ အစစ်အမှန် သိုင်းပညာဌာနရဲ့ ပါရမီရှင်က အဲ့လိုမျိုးပဲ ဖြစ်နေသင့်တာ “

သူမသည် ရှုကျိုး၏ နောက်ကျောကို ငေးကြည့်နေရင်းဖြင့် တိုက်ပွဲဝင်လိုစိတ်များ မြင့်တက်သွားခဲ့သော်လည်း၊ သူမ၏အသံသည် ချိုသာပျော့ပျောင်းနေခဲ့သည်။

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အစွမ်းထက် စစ်သည်တော်တစ်ယောက်က သူ့ကိုယ်သူပဲ အာရုံစိုက်နေပြီးတော့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတစ်ခုလုံးရဲ့ လေးစားမှုကို ခံယူရမယ်၊ ငါတည်ရှိနေသမျှ ငါသည်သာ ပြိုင်ဘက်ကင်းပဲ “

အဲလိဇဘတ်၏ ကြွေထည်ကဲ့သို့ ဖြူဝင်းနေသည့် မျက်နှာလေးသည် စိတ်အားထက်သန်မှုများဖြင့် တောက်ပလာခဲ့သည် “ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒဿနပဲ၊ ဘယ်နေရာကိုပဲ ရောက်နေနေ၊ အဲ့တာက ငါ့ရဲ့ အိမ်ကွင်းပဲ “

မီးပြတိုက်နိုင်ငံ၏ အစစ်အမှန် သိုင်းပညာဌာနသည် ယုံကြည်မှုကို ပို၍အလေးပေးသည်။

ယုံကြည်ခြင်းက အထွတ်အထိပ်တွင် ရှိနေခဲ့ပြီး၊ ငါ၏တည်ရှိမှုအား မည်သူက ယှဥ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်၌ အဲလိဇဘတ်၏ မျက်လုံးများထဲတွင် ရှုကျိုးသည် အဆိုပါ ယုံကြည်မှုကို ကိုင်စွဲထားသကဲ့သို့ ဖြစ်နေခဲ့သည်။

…

ရှုကျိုးကမူ နယ်ပယ်သာ တူနေသရွေ့ သူက မည်သူ့ကိုမှ မရှုံးဘူးဟုသာ ယုံကြည်နေခြင်း ဖြစ်သည်။

All Chapters