အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အပိုင်း ( 358 )
နတ်စွမ်းရည် မျိုးစေ့ ကွဲထွက်ခြင်း ၂
သို့သော် တဲအတွင်းသို့ အလောတကြီး ပြေးဝင်သွားရခြင်းမှာ သူ၏ အကျိုးအမြတ်များကို စစ်ဆေးကြည့်ရန်အတွက် ဖြစ်သည်။
“ ဒီစိတ်ဝိညာဥ် ဝါးမြိုတာက ငါ့ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးနဂါးခြင်ဆီသွေးကို ပြန်ပြီးတော့ မွေးဖွားလာစေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ရှုကျိုး၏ စိတ်နှလုံးသားပင် အတော်အတန် လှုပ်ခတ်သွားခဲ့သည်။
ယခုလေးတင် သူသည် ကမ္ဘာ့ကြယ်သားတို့၏ အသက်ဓာတ်နှင့် စိတ်ဝိညာဥ်များကို စုပ်ယူဝါးမြိုခဲ့ပြီးသည့်နောက်၌ သူ၏ခန္ဓာကိုယ်ထဲတွင် ရွှေရောင်အရည်များ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကြည့်ရှုစစ်ဆေးနေတော့သည်။
သူသည် ကြာဖူးအထက်တွင် ရွှေရောင် အကာအရံတစ်ခု ထပ်မံ၍ ဖြစ်ပေါ်နေသည်ကို မြင်တွေ့သွားခဲ့သည်။
အဆိုပါ ရွှေရောင်အတားအဆီးသည် ရှုကျိုး အလွန်တရာ ရင်းနှီးနေသည့် အရာတစ်ခုဖြစ်ပြီး၊ ၎င်းသည် ဘိုးဘေးနဂါးခြင်ဆီသွေးပင် ဖြစ်သည်။
“ ပြီးတဲ့တစ်ခေါက်က ဒီဟာကို ဖြေရှင်းထားခဲ့ပြီးတဲ့နောက်မှာ ဒီကောင်က ထပ်ပေါ်လာမှာ မဟုတ်တော့ဘူးလို့ပဲ ထင်နေတာ။ စိတ်ဝိညာဥ် ဝါးမြိုတာက ဘိုးဘေးနဂါးခြင်ဆီကို ထပ်ပြီးတော့ သိပ်သည်းသွားစေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
ထို့ကြောင်သာလျှင် ယခင်က ရှုကျိုးသည် ကြောက်ရွှံ့မှုနှင့် ပျော်ရွှင်မှုတို့ကို တစ်ခါတည်း ခံစားလိုက်ရခြင်း ဖြစ်သည်။
ကြောက်ရွံ့သွားရခြင်းမှာ သူက ဒုတိဘအဆင့် အထွတ်အထိပ်သို့ အဆင့်မချိုးဖျက်ခင် အချိန်တွင် ၎င်းကို ပြုလုပ်ခဲ့မည်ဆိုပါက၊ တိုးတက်မှုအား ပို၍ခက်ခဲသွားစေမည်ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ယခုတွင်ကား စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ပျော်ရွှင်သွားရခြင်းကမူ ဘိုးဘေးနဂါးခြင်ဆီသွေး၏ အကူအညီဖြင့် နတ်စွမ်းရည် မျိုးစေ့ကို သိပ်သည်းစေနိုင်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ဘိုးဘေးနဂါး ခြင်ဆီသွေး အလွန်တရာ ခိုင်ခံ့လွန်းနေခဲ့ပြီး၊ သာမန်နည်းလမ်းများဖြင့် ၎င်းတို့ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကမ္ဘာ့ကြယ် သလင်းကျောက်၏ စွမ်းအင်ကို အသုံးပြု၍ အရည်ဖျော်ရမည်ဖြစ်သည်။
ကံအားလျော်စွာဖြင့် ရှုကျိုးသည် ကမ္ဘာ့ကြယ် သလင်းကျောက်အချို့ကို သိမ်းယူနိုင်ခဲ့သည်။
“ ကောင်းကင်ဘုံက ငါ့ကို တကယ်ကြီး ကူညီပေးနေတာပဲ “
ရှုကျိုးသည် မနေနိုင်တော့ဘဲ ပြုံးစိစိ ဖြစ်သွားတော့သည်။
ခြေလှမ်းတစ်ခုချင်းစီတိုင်းက နောက်တစ်လှမ်းနှင့် အဆက်အစပ်ရှိနေပြီး၊ တစ်ခုလေးပင် လွတ်သွား၍ မရပေ။
တိုက်ဆိုင်စွာဖြင့် သူသည် ၎င်းကို အောင်မြင်အောင် ပြုလုပ်နေနိုင်ခဲ့သည်။
“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း စလိုက်ကြတာပေါ့ကွာ “
ရှုကျိုးသည် ကမ္ဘာ့ကြယ် သလင်းကျောက်ကို ထုတ်ယူကာ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်သည်။
ယခင်တစ်ကြိမ်ကကဲ့သို့ပင် ဖရိုဖရဲချီများသည် ကမ္ဘာ့ကြယ် သလင်းကျောက်ဆီမှ ပေါ်ထွက်လာခဲ့ကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။
အဆိုပါ ဖရိုဖရဲချီသည် ရွှေရောင် အကာအရံနှင့် ရောစပ်သွားပြီး၊ ချက်ချင်းဆိုသလိုပင် စတင်၍ အရည်ပျော်လာခဲ့ကာ ရွှေရောင်အရည်များသည် သွေးကြောမှတ် လည်ပတ်မှုအတွင်းသို့ စီးဆင်းလာခဲ့သည်။
ဝရုန်းးး !!
ကျယ်လောင်သော အသံတစ်သံနှင့်အတူ နှလုံးသား တံခါးပေါက် ပွင့်လာခဲ့ကာ၊ ရွှေရောင်အရည်များသည် နှလုံးတံခါးပေါက်၏ လျှို့ဝှက်စွမ်းအားနှင့်အတူ ပေါင်းစပ်သွားခဲ့သည်။
“ ဒီဘိုးဘေးနဂါး ခြင်ဆီသွေးက တကယ်ကြီးကို ရန်လိုတဲ့ကောင်ပဲ၊ ငါ့ရဲ့ ကလီစာငါးခု လျှို့ဝှက်စွမ်းအားက အဆုံးမဲ့နေပြီးတော့ အဲ့တာကို သန့်စင်နိုင်တာက ကံကောင်းတယ် “
နှလုံးလျှို့ဝှက်စွမ်းအား၏ သန့်စင်မှုအောက်တွင် ရွှေရောင်အရည်သည် ရွှေရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ နတ်စွမ်းရည် မျိုးစေ့နားတွင် လှည့်ပတ်နေတော့သည်။
“ ဇွီ !! “
နတ်စွမ်းရည် မျိုးစေ့သည် အနည်းငယ် တုန်ခါလာခဲ့ပြီး၊ ထို့နောက်တွင် ရွှေရောင်စွမ်းအင်ကို သာမန်မျက်လုံးများဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် စတင်၍ စုပ်ယူနေတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရွှေရောင်စွမ်းအင်များသည် အပြည့်အဝ စုပ်ယူခံလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ရွှေရောင်အရည်များသည် အဆက်မပြတ် ဝင်ရောက်လာခဲ့ပြီး၊ ရွှေရောင် စွမ်းအင်အဖြစ် ဆက်တိုက်ပြောင်းလဲနေခဲ့ကာ နတ်စွမ်းရည် မျိုးစေ့ဖြင့် ပေါင်းစပ်နေခဲ့သည်။
တစ်မိနစ်၊ နှစ်မိနစ် ……
မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးမိနစ် ကုန်ဆုံးသွားခဲ့သည်။
“ ပေါ့ !! “
ထိုအချိန်၌ နတ်စွမ်းရည်မျိုးစေ့၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
၎င်းသည် ကြီးထွားဖွံ့ဖြိုးစဲ သားပေါက်လေးက ဥခွံထဲမှ အကောက်ပေါက်လာတော့မည့်အတိုင်း ဖြစ်နေခဲ့သည်။
ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့ဩတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ရောက်တော့မယ်၊ နောက်ထပ် အက်ကွဲကြောင်း လေးခုပေါ်လာမယ်ဆိုရင်၊ ငါ့ရဲ့ နတ်စွမ်းရည် မျိုးစေ့က အပြည့်အဝ ရင့်မှည့်သွားမှာ “
နတ်စွမ်းရည် မျိုးစေ့ထံတွင် စုစုပေါင်း အဆင့်၅ဆင့် တည်ရှိသည်။
အဆင့်တစ်ခုချင်းစီတိုင်းတွင် မျက်နှာပြင်ပေါ်တွင် အက်ကြောင်း တစ်ခုစီ ပေါ်လာမည် ဖြစ်သည်။
အက်ကြောင်းငါးခု ပေါ်လာသည့် အချိန်တွင် ၎င်းသည် စွမ်းရည်က နိုးထလာကာ စစ်မှန်သည့် နတ်စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲသွားပြီဟု ညွှန်းဆိုနေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အဆိုပါ ငါးဆင့်လုံး ပြီးမြောက်ရန်အတွက် အနည်းဆုံးအနေဖြင့် နှစ်ဝက် (သို့) နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ အချိန်ယူရလေ့ရှိသည်။
ပုံမှန်အခြေအနေများအောက်တွင် အကယ်၍ လူတစ်ဦးက စတုတ္ထအဆင့် အထွတ်အထိပ်တွင် နတ်စွမ်းရည် မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ပဥ္စမအဆင့်တွင် ၎င်းကို အစစ်အမှန် နတ်စွမ်းရည်တစ်ခုအဖြစ် သိပ်သည်းစေနိုင်မည်ဆိုပါက၊ ၎င်းက အတော်လေး ထူးချွန်နေပြီဟု သတ်မှတ်ရမည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ရှုကျိုးသည် မိနစ်ပိုင်းအတွင်းမှာပင် ပထမအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့ရာ၌ ရှုကျိုးက ဆက်လက် လုပ်ဆောင်တော့မည့် အချိန်၌
“ ဟမ်? ကမ္ဘာ့ကြယ် သလင်းကျောက်က ကုန်သွားပြီလားဟ? “
ရှုကျိုးသည် ယခင်က သူရခဲ့သည့် ကမ္ဘာ့ကြယ် သလင်းကျောက်များက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် တစ်မိနစ်လျှင် တစ်ခုနီးပါး ကုန်ဆုံးသွားခဲ့သည်ဆိုသည်ကို သိရှိသွားခဲ့သည်။
“ ဒီကမ္ဘာ့ကြယ် သလင်းကျောက်တွေထဲမှာပါတဲ့ စွမ်းအင်က အရင်တုန်းက လနတ်ဘုရားဂိုဏ်းဆီက ရခဲ့တဲ့ဟာလောက် မကောင်းလို့များလား? “
ရှုကျိုး အတွေးနက်သွားတော့သည် “ လနတ်ဘုရားဂိုဏ်းဆီက ရခဲ့တဲ့ ကမ္ဘာ့ကြယ် သလင်းကျောက်က အဆင့်ပိုမြင့်နေတာများလား? “
သူသည် ကွာခြားချက်ကို သိသိသာသာ ခံစားနေခဲ့ရသည်။
“ ကြည့်ရတာတော့ ငါက ကမ္ဘာ့ကြယ်က လူတွေကို များများသတ်ရတော့မဲ့ပုံပဲ “
ရှုကျိုးသည် ခြင့်ချိန်စဥ်းစားနေသည် အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။
သူ၏ယခုလက်ရှိ ရေတိုရည်မှန်းချက်သည် ကမ္ဘာ့ကြယ် သလင်းကျောက်များကို စုဆောင်းခြင်းပင် ဖြစ်သည်၊ အကယ်၍ ၎င်းကိုသာ တစ်ခြားလူများက မြင်တွေ့သွားမည်ဆိုပါက ပြဿနာတက်သွားရလိမ့်မည် ဖြစ်သည်။
…
နာရီဝက်မျှကြာခဲ့ပြီးသည့်နောက်၌ အပြင်ဘက်ရှိ တိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့သည်။
ဤတိုက်ပွဲသည် အားစမ်းခြင်း သဘောမျှသာဖြစ်ပြီး၊ အဲလိဇဘတ်၏ ခန့်မှန်းချက်မှာလည်း အမှန်တကယ် မှန်ကန်နေခဲ့ကာ၊ ဤအနီးအနားတစ်ဝိုက်တွင် ကမ္ဘာ့ကြယ်မှ ထောက်လှမ်းရေးများကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များက ဤနေရာတစ်ဝိုက်သို့ ရောက်ရှိနေခြင်းသည် အလွန်ဆိုးရွားသော ကြိုတင်သတိပေးမှုပင် ဖြစ်သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ဝေ့နင်းယွမ်သည် အားလုံးကို လူစုခိုင်းခဲ့သည်။
ရှုကျိုးနှင့် အဲလိဇဘတ်တို့မှာလည်း တစ်ခြားလူများနည်းတူ ရှေ့တက်လာကြသည်။
“ ရှုကျိုး၊ လုပ်တာ ကောင်းတယ် “
ဝေ့နင်းယွမ်သည် ရှုကျိုးကို အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။ သူသည် ရှုကျိုး၏ အောင်မြင်မှုများကို သိထားခဲ့ပြီးဖြစ်သည်။
ရှုကျိုးသည် သူ့ဘက်သို့ အသာအယာ လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။
ဝေ့နင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ တစ်ခြားတစ်ဖက်က ငါတို့ဘက်က ပါရမီရှင် လူငယ်တွေရဲ့ အစွမ်းအစကို စုံစမ်းစစ်ဆေးဖို့အတွက် ကင်းထောက်တွေ လွှတ်ခဲ့တယ် “
“ ရန်သူက လှုပ်ရှားမှု ကြီးကြီးမားမား လုပ်လာတော့မယ်လို့ ငါအာရုံရနေတယ် “
“ အဲ့တာကြောင့် ငါတို့က လုပ်ငန်းတွေကို အရှိန်ကုန်တင်ပြီးတော့ ရန်သူ့အခြေစိုက်စခန်းကို ရှာရမယ် “
သူသည် ရှုကျိုးနှင့် တစ်ခြားလူများကို ကြည့်ကာ ပြောလာခဲ့သည် “ မင်းတို့က လေ့ကျင့်ရေးအတွက် ဒီကို ရောက်လာကြတယ်၊ အခုလေးတင်ပဲ တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ပြီးပြီ၊ မင်းတို့တွေက ကမ္ဘာ့ကြယ်သားတွေက ဘာလဲဆိုတာကို နားလည်သွားလောက်ကြပြီမလား? “
လူတိုင်း ခေါင်းငြိမ့်ပြလာခဲ့သည်။
ဝေ့နင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ မင်းတို့က ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီးတော့ ငါ့တပ်နဲ့ လိုက်ရမယ်၊ လမ်းကြောင်းရှစ်ခု ခွဲပြီးတော့ အရပ်ရှစ်မျက်နှာလုံးမှာ ထောက်လှမ်းရေး လုပ်မယ် “
“ ဒါတွေက မင်းတို့ရဲ့ ထောက်လှမ်းရေး စက်တွေပဲ “
သူ၏လက်ဝေ့ယမ်းမှုနှင့်အတူ အလင်းတန်း အများအပြား ပေါ်လာခဲ့ပြီး၊ အားလုံးသည် လက်ပတ်ကဲ့သို့ စက်ပစ္စည်းတစ်ခုကို ရရှိသွားကြသည်။
“ ဒီလက်ကောက်ကို ဝတ်ပြီးတဲ့နောက်မှာ ပြိုင်ဘက်က အဆင့်၅အထက်က မဟုတ်ဘူးဆိုရင် မင်းတို့ကို လုံးဝရှာတွေ့မှာ မဟုတ်ဘူး “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ ဒီလက်ကောက်က နည်းပညာမြင့် ပစ္စည်းတစ်ခုပဲ !!
သူသည် ၎င်းကို တစ်ခဏမျှ စူးစမ်းလေ့လာလိုက်ရာ၊ ၎င်း၏ လုပ်ဆောင်မှုများကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
၎င်းကို ဝတ်ဆင်လိုက်ပြီးသည့်နောက်တွင် စိတ်ဝိညာဥ်နှင့် သံလိုက်စွမ်းအင်တို့ကို ရောနှောထားသကဲ့သို့ ဖြစ်နေသည့် လှိုင်းတစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။
……………………………………………………………………………………………………………………………………..
အပိုင်း ( 359 )
နတ်စွမ်းရည် မျိုးစေ့ ကွဲထွက်ခြင်း ၃
၎င်းသည် နည်းပညာနှင့် သိုင်းပညာတို့ကို ပေါင်းစပ်ထားသည့် ထုတ်ကုန်တစ်ခုဖြစ်သင့်ပြီး၊ မီးပြတိုက်နိုင်ငံမှ ၎င်းကို တီထွင်ထားပုံရသည်။
သူထင်ထားသည့် အတိုင်းပင် သူ့ဘေးနားရှိ အဲလိဇဘတ်မှ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုလာခဲ့သည် “ အဲ့တာရဲ့ အရွယ်အစားကြောင့် အရူးလုပ်မခံရစေနဲ့၊ အဲ့တာရဲ့ အနိမ့်ဆုံးဈေးကတောင် ၁ဘီလီယံကနေ စတယ် “
သူမသည် ရှုကျိုးအား လျှို့ဝှက်ဆန်းကြယ်သော အကြည့်တစ်ခုကို ပေးလာခဲ့သည်။
ကမ္ဘာ့ကြယ်၏ ထောက်လှမ်းရေးများကလည်း ထိုကဲ့သို့ ပစ္စည်းများကို အသုံးပြုကြခြင်းဖြစ်သည်။
သို့သော် ထိုအချိန်က ရှုကျိုးသည် တစ်ဖက်လူ၏ တည်ရှိမှုကို မြန်ဆန်စွာ ထောက်လှမ်းနိုင်ခဲ့ပြီး၊ ၎င်းသည် အဲလိဇဘတ်ကိုပင် တအံ့တဩဖြစ်သွားစေခဲ့သည်။
ရှုကျိုးကမူ တစ်ခြားသော ကိစ္စတစ်ခုအကြောင်းကို တွေးတောစဥ်းစားနေလျက်ရှိသည်။
“ ဒါနဲ့ဆိုရင် ငါက ကမ္ဘာ့ကြယ်စခန်းထဲကို အေးအေးဆေးဆေး ခိုးဝင်လို့ရပြီမဟုတ်ဘူးလား? “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားတော့သည်၊ သူသည် ဤလက်ပတ်နှင့် သူ၏စိတ်ဝိညာဥ် ဝါးမြိုခြင်းတို့ကို ပေါင်းစပ်လိုက်မည်ဆိုပါက၊ ပြီးပြည့်စုံသော အတွဲအစပ် ဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
သို့သော် ထိုအချိန်တွင် ဝေ့နင်းယွမ်မှ လေးလေးနက်နက် စကားပြောလာခဲ့သည် “ ဒီခရီးစဥ်အတွက် မင်းတို့တွေရဲ့ တာဝန်က ကမ္ဘာ့ကြယ်ရဲ့ စခန်းကို ရှာဖို့ပဲ၊ မဆင်မခြင် မလှုပ်ရှားကြနဲ့ “
“ ဒီဧရိယာတစ်ဝိုက်မှာရှိတဲ့ ကမ္ဘာ့ကြယ်ရဲ့ သိုင်းပညာရှင်တွေဆီမှာ ဘာကျွမ်းကျင်မှုမှ မရှိပင်မဲ့ သူတို့တွေကလည်း တိုက်ပွဲဝင် အစီအရင်တွေကို ဖွဲ့စည်းနိုင်ကြတယ်၊ အဆင့်၃ ပညာရှင် အယောက်တစ်ရာနဲ့ ဖွဲ့စည်းထားတဲ့ အစီအရင်တစ်ခုက အဆင့်၅ ပညာရှင်ကိုတောင် ခြိမ်းခြောက်နိုင်တယ် “
အဲလိဇဘတ်နှင့် တစ်ခြားလူများ၏ စိတ်နှလုံးသားများ အနည်းငယ် လေးလံသွားကြသည်။
ရှုကျိုးမှာလည်း ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားခဲ့ရသည်။
သူသည် တိုက်ပွဲဝင် အစီအရင်တို့၏ စွမ်းအားကို ယခင်က မြင်တွေ့ခဲ့ဖူးပြီး၊ ၎င်းတို့သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ကြည့်ရတာတော့ သတိထားပြီးတော့ ကြည့်ကြပ်လုပ်ရတော့မဲ့ပုံပဲဟေး။
…
ငါးမိနစ်ကြာခဲ့ပြီးသည့်နောက်၌ စခန်းရှိ စစ်သည်တော်များသည် အဖွဲ့ရှစ်ဖွဲ့အဖြစ် ခွဲထွက်သွားကာ အရပ်မျက်နှာ ရှစ်ဘက်ဆီသို့ ပြန့်ကျဲသွားခဲ့သည်။
ရှေ့တန်းစစ်တပ်ဆိုသည်မှာ ထိုအတိုင်းသာဖြစ်ပြီး၊ အမိန့်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း လှုပ်ရှားရမည် ဖြစ်သည်။
အဲလိဇဘတ်ဘက်တွင်မူ ယခင်ကအတိုင်းပင် အဖွဲ့သုံးဖွဲ့ ခွဲထားစဲဖြစ်ပြီး၊ သူတို့သည် လမ်းကြောင်းသုံးခုအဖြစ် ခွဲထွက်သွားကြသည်။
ရှုကျိုးကမူ အဲလိဇဘတ်၏ အဖွဲ့တွင်သာ ရှိနေခဲ့သည်။
မည်သူမှ မသိလိုက်ခင်အချိန်မှာပင် အဖွဲ့သည် အတော်ဝေးဝေးသို့ နာရီပေါင်းများစွာ ကြာသည်အထိ လမ်းလျှောက်လာခဲ့ပြီးပြီ ဖြစ်သည်။
အဖွဲ့ထဲရှိ တစ်စုံတစ်ဦးမှ တီးတိုးပြောဆိုလာခဲ့သည် “ နယ်မြေ ၅၆က မိုင်သောင်းနဲ့ချီပြီးတော့ ကျယ်ဝန်းရှည်လျားတယ်၊ အဆုံးကို မရောက်ခင်အချိန်အထိ ငါတို့က ဒီလိုမျိုး လမ်းဆက်လျှောက်နေရဦးမှာလား? “
“ ငါတို့လုပ်နိုင်တာက တစ်ခြားဘာရှိလို့လဲ? ငါတို့က ကင်းထောက်တွေလေ၊ အဲ့တော့ ဂရုတစိုက် လိုက်ရှာရမှာပေါ့ ပျံသွားလို့ ဘယ်ဖြစ်ပါ့မလဲ? “ တစ်ခြားလူတစ်ဦးမှ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလာခဲ့သည်။
အဲလိဇဘတ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စကားဝင်ပြောလာခဲ့သည် “ အားလုံးပဲ နိုးနိုးကြားကြားနေကြ၊ ငါတို့က စစ်မိန့်တွေကို လိုက်ကိုလိုက်နာနေမှ ရမယ် “
“ ဒီလိုမျိုး လမ်းလျှောက်နေဦးမယ်ဆိုရင် ငါတို့က ဘယ်အချိန်ကို ရောက်မှ ကမ္ဘာ့ကြယ်သားတွေနဲ့ တိုက်ခိုက်ရမှာလဲ? “
“ အမှန်ပဲ ထိပ်ဆုံးမှာရှိတဲ့ ဆိုဖီယာဆိုရင် အဆင့်၃ အထွတ်အထိပ် လူ၇ယောက်တောင် သတ်ပြီးသွားပြီ “
အားလုံးသည် အနည်းငယ် စောဒကတက်လာကြသည်။
တစ်ချို့သော လူများ၏ မျက်လုံးများထဲတွင် အားကျနေသည့် အရိပ်အငွေ့များပင် တည်ရှိနေခဲ့သည်။
တစ်ခြားလူများက စိတ်ကြိုက်သတ်ဖြတ်နေသည့် အချိန်တွင် သူတို့သည် ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေရသည်။
ထိုအချိန်တွင် ရှုကျိုးမှာ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ အဲ့ဘက်ကို သွားမယ်ဆိုရင်ရော ဘယ်လိုလဲ? “
သူသည် ဦးတည်ချက်တစ်ဖက်သို့ ညွှန်ပြလိုက်သည်။
အားလုံးသည် သူ့အား အံ့ဩတကြီး လှည့်ကြည့်လာကြသည်။
ဝေ့နင်းယွမ်က ဒီလမ်းကြောင်းအတိုင်းသွားဖို့ အမိန့်ပေးခဲ့ပြီးသားလေဟ၊ လမ်းကြောင်းပြောင်းဖို့အတွက် ရှုကျိုးက ဘာလို့ရုတ်တရက်ကြီး အကြံပေးလာရတာလဲဟ??
အဲလိဇဘတ်မှာလည်း ခေါင်းခါပြ၍ ပြောလာခဲ့သည် “ အဲ့တာက အမိန့်ကို မနာခံတဲ့ သဘောမျိုး ဖြစ်သွားလိမ့်မယ် “
ရှုကျိုးမှ ဆက်ပြောလိုက်သည် “ တကယ်လို့ ငါတို့က ဒီလမ်းအတိုင်း ဆက်သွားနေမယ်ဆိုရင်၊ မထင်မှတ်ထားတဲ့ အရာတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ငါခံစားနေရတယ် “
လူတိုင်း ထပ်မံ၍ အံ့ဩသွားရပြန်သည်။
အကယ်၍ ထိုကဲ့သို့သာ ဖြစ်လာခဲ့မည်ဆိုပါက၊ အခြေအနေအရ မီးစင်ကြည့်ကရမည်မှာ မြေကြီးလက်ခတ်မလွဲပင်၊ အားလုံးသည် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသောကြောင့် စစ်မိန့်တစ်ခုတည်းအတွက်နဲ့ သူတို့၏ ရှင်သန်ရေးကို လျစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။
သို့သော် ပြဿနာမှာ ………
မထင်မှတ်ထားသော အရာတစ်ခုခု ဖြစ်လာလိမ့်မည်ဟု ရှုကျိုးက မည်ကဲ့သို့ သိနေရသနည်း???
အဲလိဇဘတ်၏ မျက်လုံးများပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သို့သော် သူမသည် လက်ခံရန် ငြင်းဆိုနေစဲပင် ဖြစ်သည် “ ဆက်သွားကြတာပေါ့၊ တကယ်လို့ တစ်ခုခု ဖြစ်လာမယ်ဆိုရင်လည်း အဲ့တာက ငါတို့အတွက် ကောင်းပါတယ် “
မည်သို့ပင်ဆိုစေကာမူ အားလုံးသည် စစ်ပွဲ၏ အကျိုးအမြတ်များကို လိုချင်ကြလေသည်၊ အကယ်၍ သူတို့ကသာ ရန်သူနှင့် ကြုံတွေ့ရမည်ဆိုပါက လူတိုင်း၏ ဆန္ဒက ပြည့်မြောက်သွားသကဲ့သို့ပင် ဖြစ်နေမည် ဖြစ်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ထပ်မံ၍ မဖြောင်းဖြတော့ပေ။
အားလုံးသည် အရှေ့သို့ ဆက်လျှောက်သွားကြသည်။
ငါးမိနစ် မပြည့်ခင် အချိန်မှာပင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့် သူရိန်နေမင်းတို့ကို ဖုံးလွှမ်းထားသည့် အနက်ရောင် မြူထုသည် သဲမုန်တိုင်းတစ်ခုကဲ့သို့ မြင့်တက်လာခဲ့ပြီး၊ လူတိုင်းထံသို့ ပြေးဝင်လာတော့လေသည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 360 )
ထိပ်တိုက်တွေ့ဆုံခြင်း
“ အို့ မဟုတ်ဘူး၊ အနက်ရောင် မုန်တိုင်းပဲ “
ကောင်းကင်ယံတွင် လှိုက်တက်နေသည့် အနက်ရောင် မြူထုကို မြင်လိုက်ရသောအခါတွင် အားလုံး၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
အနက်ရောင် မုန်တိုင်းသည် ကွမ်ဟန်ပေါ်ရှိ ရှားပါးသော သဘာဝဖြစ်စဥ်တစ်ခုဖြစ်ပြီး၊ ၎င်းဖြစ်တည်ရသည့် အကြောင်းအရင်းကို မည်သူမှ မသိကြပေ။
ကျွမ်းကျင်ပညာရှင်များသည် အနက်ရောင်မုန်တိုင်း၏ ဖြစ်တည်မှုက ကမ္ဘာ့ကြယ်နှင့် သက်ဆိုင်နေသည်ဟု သုံးသပ်ခဲ့ကြသည်။
အနက်ရောင် မုန်တိုင်း တိုက်ခတ်လာသည်နှင့်တစ်ပြိုင်နက်၊ အထဲတွင် ပိတ်မိနေသူများသည် သူတို့၏ ဦးတည်ချက်(သို့) လမ်းကြောင်း ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။
အကယ်၍ အဆိုပါ ပြဿနာတစ်ခုတည်းသာဆိုပါက ပြဿနာဖြစ်နေမည် မဟုတ်ပေ၊ သို့သော် အဓိကအချက်ကား အနက်ရောင် မုန်တိုင်းထဲတွင် လူသားစား မွန်းစတားများ ရှိနေခြင်းပင် ဖြစ်သည်။
အဆိုပါ မွန်းစတားများသည် ကမ္ဘာ့ကြယ်မှလူသော်လည်းကောင်း၊ ကြယ်ပြာဂြိုဟ်မှလူသော်လည်းကောင်း၊ သူတို့ကြုံတွေ့ရသည့် အရာအားလုံးကို စားသုံးကြသည်။
သတ္တမအဆင့် ပညာရှင်တစ်ဦးက အနက်ရောင် မုန်တိုင်းထဲသို့ မတော်တဆရောက်ရှိသွားပြီး၊ မလွတ်မြောက်ခဲ့ဘဲ လုံးဝအစားခံလိုက်ရသည်ဟု ကောလဟာလထွက်ခဲ့ဖူးသည်။
လပေါ်၌ အနက်ရောင် မုန်တိုင်းသည် ကြောက်စရာအကောင်းဆုံး ကပ်ဘေးတစ်ခုဖြစ်သည်။
“ မြန်မြန်ပြေးကြ “
ထိုအချိန်တွင် ထောက်လှမ်းရေးနှင့် ပတ်သက်၍ မည်သူကမှ အရေးမစိုက်နိုင်တော့ပေ၊ သူတို့အားလုံးသည် လေပေါ်သို့ ပျံတက်ကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ထိုအချိန်တွင် သူတို့အားလုံးသည် ယခင်က ရှုကျိုး၏ စကားကို နားမထောင်ခဲ့မိသည့်အတွက် အနည်းငယ် နောင်တရသွားကြသည်။
အကယ်၍ သူတို့ကသာ လမ်းကြောင်းပြောင်းခဲ့မည်ဆိုပါက သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင်ကား နောင်တဆိုသည်မှာ အသုံးမဝင်တော့ပေ။
သူတို့အားလုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ၊ ထွက်ပြေးရန်အတွက် နည်းလမ်းအမျိုးမျိုး ထုတ်သုံးနေကြတော့သည်။
သို့သော် အနက်ရောင် မုန်တိုင်း၏ အမြန်နှုန်းသည် ပို၍ပင် မြန်ဆန်လာခဲ့သည်။
ပါးစပ်ကြီး တစ်ခုကဲ့သို့ဖြစ်နေသည့် အနက်ရောင် မုန်တိုင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်ဦးကို လိုက်မှီလာခဲ့ကာ သူ့အား ဝါးမြိုသွားခဲ့သည်။
ထို့နောက်တွင် ဒုတိယမြောက်လူ၊ တတိယမြောက်လူ ……….
အဲလိဇဘတ်သည် အလွန်မြန်ဆန်နေလျက်ရှိသည်၊ သို့သော် အနက်ရောင် မြူထုကို မရှောင်ရှားနိုင်သေးပေ၊ သူမ၏မျက်လုံးလေးများထဲတွင် စိတ်ပျက်အားလျော့နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ထို့နောက်စက္ကန့်ပိုင်းမျှအကြာ၌ သူမသည်လည်း အနက်ရောင် မြူထု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
“ ဝှစ် !! “
အရှေ့ဘက်၌ ပုံရိပ်တစ်ခုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကီလိုမီတာ ပေါင်းများစွာအထိ ဆက်တိုက် ရွေ့လျားသွားခဲ့သည်။
ရှုကျိုးသည် ဆက်တိုက် တည်နေရာ ကူးပြောင်းနေပြီး၊ တစ်ချိန်တည်းမှာပင် ခြေလှမ်းသိုင်း နည်းစနစ်ကိုလည်း အသုံးပြုထားခဲ့သည်၊ အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် သူသည် မီတောင် သောင်းနှင့်ချီသော နေရာဆီသို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး၊ မုန်တိုင်းစက်ကွင်းထဲမှ ပွတ်ကာသီကာ ပြေးလာနိုင်ခဲ့သည်။
“ တော်တော်ကြီးကို နီးသွားတာပဲ ….. “
ရှုကျိုးသည် ကြောက်ရွံ့မှုများဖြင့် နောက်သို့ ပြန်လှည့်ကြည့်နေလျက်ရှိသည်။
အနက်ရောင် မုန်တိုင်း၏ လှုပ်ရှားမှုက နှေးကွေးနေပုံရသော်လည်း၊ ၎င်းသည် ၎င်း၏ ကြီးမားသော ပုံရိပ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်သွားရခြင်းဖြစ်ပြီး၊ ၎င်း၏ အမြန်နှုန်းသည် စတုတ္ထအဆင့် (သို့) ပဥ္စမအဆင့် သိုင်းပညာရှင်နှင့်ပင် ယှဥ်နေနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် သတိတကြီး ရှိနေခဲ့ပြီး၊ တည်နေရာ ကူးပြောင်းခြင်း စွမ်းရည်ကို အသုံးပြုကာ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့သည်။
သို့သော် အဲလိဇဘတ်နှင့် တစ်ခြားလူများကမူ စားသောက်ခံလိုက်ရသည့်ပုံပင် ……..
ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
သူသည် သူတို့ကို သတိပေးခဲ့သော်လည်း မည်သူကမှ သူ၏စကားကို နားမထောင်ခဲ့ပေ။
ဤဖြစ်ရပ်မတိုင်ခင် အချိန်တွင် သူသည် ကြိုတင်သတိပေးချက် တစ်ခုကဲ့သို့သာ ခံစားနေခဲ့ရပြီး၊ ဤမျှ ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခုဖြစ်သည့် အနက်ရောင် မုန်တိုင်းနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“ ဒါပင်မဲ့ ဒီမုန်တိုင်းရဲ့ အမြန်နှုန်းက အဆင့်၅ ပညာရှင်နဲ့တောင် ယှဥ်နေနိုင်တယ်၊ ဆိုတော့ အထဲက အကောင်တွေက အရမ်းကြီး မသန်မာလောက်ဘူး “
တိုင်ဖွန်းကဲ့သို့ပင် အနက်ရောင် မုန်တိုင်းတွင်လည်း ကိုယ်ပိုင်အဆင့်များ ရှိနေခဲ့သည်။
သူ့အရှေ့ရှိ အနက်ရောင် မုန်တိုင်းသည် အဆင့်မြင့် မုန်တိုင်းတစ်ခုမဟုတ်သည့်အတွက် အဲလိဇဘတ်နှင့် တစ်ခြားလူများထံတွင် ရှင်သန်နိုင်မည့် အခွင့်အလမ်းများ ကျန်ရှိနေစဲပင် ဖြစ်သည်။
“ ငါက တစ်ယောက်တည်း လှုပ်ရှားရတော့မယ် “
ရှုကျိုးသည် အရှေ့သို့ ကြည့်ကာ အမူအရာ လေးနက်သွားခဲ့သည်။
သူ့ထံတွင် စခန်းသို့ ပြန်သွားမည့် အစီအစဥ်မရှိပေ၊ တစ်သင်းလုံးတွင် သူတစ်ဦးတည်းသာ ကျန်နေသော်လည်း၊ သူ၏ တစ်ချို့သော နည်းစနစ်များကြောင့် တစ်ကိုယ်တော် လှုပ်ရှားခြင်းကသာလျှင် သူ့အတွက် လွန်စွာသင့်တော်နေခဲ့သည်။
တစ်ကိုယ်တော် လှုပ်ရှားရခြင်းအတွက် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကမူ ……..
နယ်မြေ ၅၆တွင် စတုတ္ထအဆင့်အထက်မှ ပညာရှင်များကို ကြုံတွေ့ရသည်မှာ ရှားပါးလွန်းနေခဲ့ပြီး၊ အများစုသည် အနိမ့်ပိုင်း သုံးဆင့်မှ စစ်သည်တော်များသာလျှင် ဖြစ်နေခဲ့သည်။
ရှေ့တန်းနယ်မြေကျဆုံးပါက နှစ်ဖက်စလုံးသည် အလယ်အလတ် တတိယအဆင့် ပညာရှင်များကို စေလွှတ်ကြမည် ဖြစ်သည်။
၎င်းသည် နှစ်ဖက်စလုံး၏ ထုတ်မပြောကြသော သဘောတူချက်တစ်ခုဖြစ်သည်။
အကယ်၍ တစ်ဖက်ဖက်မှ အစွမ်းထက် ပညာရှင်တစ်ဦးဦးက စိတ်ရှိတိုင်း လှုပ်ရှားလာခဲ့မည်ဆိုပါက တိုက်ကွက်တစ်ခုတည်းဖြင့် သောင်းနှင့်ချီသော အနိမ့်ပိုင်း သုံးဆင့်မှ စစ်သည်တော်များကို ချေမှုန်းသွားမည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ပြုလုပ်ခြင်းသည် နှစ်ဖက်စလုံး၏ အမြင့်ပိုင်း အဆင့်များမှ တိုက်ပွဲများသည် အသေသတ်ပွဲအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
မည်သည့်အဆင့်မြင့် ပညာရှင်ကမှ ထိုကဲ့သို့ မလုပ်ချင်ကြပေ။
ထို့ကြောင့် အနိမ့်ပိုင်း သုံးဆင့်မှ စစ်သည်တော်များကသာလျှင် စစ်မြေပြင်၏ အဓိက အင်အားစုများအဖြစ် တည်ရှိနေခဲ့သည်။
ထိုလူများက ပင်ပန်းသွားကြသည့်အချိန်တွင် သူတို့သည် အလယ်အလတ် တတိယအဆင့်မှ စစ်သည်တော်များကို စေလွှတ်ကြမည်ဖြစ်ပြီး၊ ထိုလူများကလည်း မောပန်းသွားမည်ဆိုပါက အဆင့်မြင့် ပညာရှင်များ ဝင်ပါလာကြမည် ဖြစ်သည်။
အကယ်၍ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုခု မဖြစ်ပေါ်လာခဲ့ဘူးဆိုပါက ဤကမ္ဘာနှစ်ခု၏ စစ်ပွဲသည် ခံနိုင်ရည်အားချင်း ယှဥ်ပြိုင်သည့် စစ်ပွဲတစ်ခုဖြစ်သည်။
အကယ်၍ ရှုကျိုးက စတုတ္ထအဆင့် (သို့) ပဥ္စမအဆင့် တစ်ဦးဦးနှင့် အမှန်တကယ် ကြုံတွေ့ခဲ့ရမည်ဆိုပါက တစ်ကိုယ်တော် လှုပ်ရှားခြင်းသည် အဖွဲ့နှင့် လှုပ်ရှားခြင်းနှင့် မည်သို့မျှ ကွာခြားနေလိမ့်မည် မဟုတ်ပေ။
သူတို့သည် တိုက်ပွဲအစီအရင် ခင်းကျင်းရန်အတွက် လူအယောက် ၁၀၀ မရှိပေ၊ ထို့ကြောင့် သူတို့သည် ပဥ္စမအဆင့်ပညာရှင်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ပြီးတော့ အခွင့်အလမ်းတွေက အန္တရာယ်နဲ့အတူ ရောက်လာတတ်တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည်။
သူသည် အရပ်မျက်နှာတစ်ဖက်ကို ရွေးချယ်ကာ ပျံသန်းသွားတော့သည်။
သွေးကြောမှတ် လည်ပတ်မှုကြောင့် သူသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ တည်ရှိမှုကို ဝေဝေဝါးဝါး ခံစားမိနေခဲ့သည်။
…
နယ်မြေ ၅၆ အခြေစိုက်စခန်း
ကမ္ဘာ့ကြယ် သိုင်းပညာရှင်များ စုစည်းကာ တိုက်ပွဲဝင် အစီအရင်တစ်ခုကို ဖွဲ့စည်းထားပြီး၊ သတိကို အမြင့်ဆုံး ဆွဲတင်ကာ အာရုံစိုက်၍ စောင့်ကြည့်နေလျက်ရှိသည်။
“ ဒီကောင်းကင်နဂါးဓား အစီအရင်နဲ့ဆိုရင် တိုက်ပွဲနောက်တစ်ကျော့စတာနဲ့ ငါတို့က ကြယ်ပြာဂြိုဟ်က ကောင်တွေကို သေချာပေါက် အမြစ်ဖြတ်နိုင်လိမ့်မယ် “
တတိယအဆင့် အထွတ်အထိပ် ပညာရှင် တပ်မှူးမုသည် လက်ပိုက်ရင်း မတ်တပ်ကာ သူ့အရှေ့ရှိ တိုက်ပွဲအစီအရင်ကို ကြည့်ရှုနေခဲ့သည် “ သတိထားရမှာက တစ်ခုပဲ ရှိတယ် ……… ကင်းထောက်ဖို့ သွားတဲ့ လူတွေက ငါတို့နားကို ခိုးဝင်လာပြီးတော့ ငါတို့ချီတက်နေတုန်းမှာ နောက်တန်းကို လာတိုက်မှာကိုပဲ ကြောက်ရတယ် “
ထိုစကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာ့ကြယ်သားတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။
တစ်ခြားသော တတိယအဆင့် အထွတ်အထိပ် ပညာရှင်၊ တပ်မှူးလေ့မှ အေးအေးလူလူ စကားဝင်ပြောလာခဲ့သည် “ စိတ်ပူနေဖို့ မလိုပါဘူး၊ ဒီမှာ ငါနေခဲ့မှာ။ တကယ်လို့ ကြယ်ပြာဂြိုဟ်က တတိယအဆင့် အထွတ်အထိပ် ကင်းထောက်တွေကို လွှတ်လိုက်မယ်ဆိုရင်တောင်မှ၊ ငါက သူတို့က ထိန်းထားနိုင်တယ် “
သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြစ်တည်လာခဲ့သည်။
ယခင်က တိုက်ပွဲတွင် သူ၏အစ်ကိုဖြစ်သူ သေဆုံးသွားခဲ့သည်၊ ထို့ကြောင့်ပင် တပ်မှူးလေ့သည် ဤနေရာသို့ တိုက်ခိုက်ချင်သည့် သူ၏ဆုံးဖြတ်ချက်ကို ပို၍ပင်ခိုင်မာသွားစေခဲ့သည်။
သူသည် သူ၏အစ်ကိုကို အချည်းနှီးသေဆုံးခွင့် ပေးမည်မဟုတ်ဘဲ၊ သူနှင့်အတူ ဤစစ်နယ်မြေ ၅၆ကိုပါ မြေမြှုပ်ပေးလိုက်မည် ဖြစ်သည်။
“ တပ်မှူးလေ့က ဒီမှာရှိနေမယ်ဆိုရင်တော့ နောက်ဆံတင်းနေဖို့ မလိုတော့ပါဘူး “ တပ်မှူးမုမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ နောက်မှာနေနေခဲ့ဖို့ မလိုပါဘူး၊ တိုက်ပွဲ နောက်တစ်ကျော့စတော့မယ်ဆိုရင် တစ်တပ်လုံး ရှေ့တက်သွားလို့ရတယ် “
ထိုအချိန်၌ အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ထိုစကားနှင့်အတူ အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လေပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
“ အဲ့တာက …… “
တပ်မှူးမုသည် ရုတ်တရက် ပေါ်လာသည့် အနီရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသမီးကို ကြည့်ကာ တအံ့တဩဖြစ်သွားခဲ့သည် “ တပ်မှူးယောင်၊ မင်းက အဆင့်၄တစ်ပိုင်းကို ရောက်သွားပြီပေါ့?? “
တပ်မှူးယောင်၏ အမည်အပြည့်အစုံသည် ယောင်ဟော်ချင်းဖြစ်သည်။
သူမသည် ဤတပ်စခန်းမှ မဟုတ်ပေ။
တိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်နေသောကြောင့်၊ ကမ္ဘာ့ကြယ်ဘက်မှ စစ်ကူအဖြစ် သူမကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
စတုတ္ထတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခြင်းကမူ လမ်းခရီးတွင် ဖြစ်ပေါ်ခဲ့သည့် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး တပ်မှူးမုနှင့် တပ်မှူးလေ့ကပင် ၎င်းကို သတိမပြုမိခဲ့ပေ။