← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အပိုင်း ( 361 )

ထိပ်တိုက်တွေ့ဆုံခြင်း ၂

ကြယ်ပြာဂြိုဟ်ဘက်ကမူ ဤအကြောင်းအရာများကို သိနေမည် မဟုတ်ပေ။

“ ဒီစခန်းကို ငါကြီးကြပ်နေမှာ၊ တကယ်လို့ ဝေ့နင်းယွမ်ဖြစ်နေမယ်ဆိုရင်တောင်မှ ငါသူ့ကို တိုက်နိုင်တယ် “

ယောင်ဟော်ချင်းသည် လက်နောက်ပစ်ထားသော ကိုယ်ဟန်အမူအရာဖြင့် မတ်တပ်ရပ်နေကာ တတိယအဆင့် အထွတ်အထိပ်ထပ် သာလွန်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေလျက်ရှိသည် “ အခုဆိုရင် ငါက အဆင့်၄နဲ့ ဆံချည်မျှင်တစ်ခုစာလောက်ပဲ ဝေးတော့တယ်၊ အဆင့်၃ အထွတ်အထိပ်က လူတွေကို လက်လေးဝေ့ရုံနဲ့ ဖိနှိပ်နိုင်တယ် “

တပ်မှူးမုနှင့် တပ်မှူးလေ့တို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ တပ်မှူးယောင်က ဒီမှာရှိနေပြီဆိုတော့ နောက်လာမဲ့ တိုက်ပွဲကို ကျုပ်တို့က သေချာပေါက် နိုင်ပြီပဲ “

“ အောင်မြင်မှုက ကျုပ်တို့အတွက်ပဲ !! “

ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များသည် ‌အော်ဟစ်ကြုံးဝါးလာကြပြီး၊ သူတို့ဆီမှ ပေါ်ထွက်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်များသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

“ အင်း၊ နင်တို့အားလုံး ပြင်ဆင်ထားကြ၊ ရှေ့တန်းက သိုင်းပညာရှင်အားလုံးကို ပြန်ခေါ်လိုက်ကြ၊ နောက်လာမဲ့တိုက်ပွဲအတွက် နှစ်နာရီအတွင်း ဒီနေရာမှာ လူစုထားကြ “

“ ဒီတစ်ခါတော့ ငါတို့က တိုက်ပွဲကြီးတစ်ခုလုပ်ပြီးတော့ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေ အကုန်လုံးကို လုံးဝချေမှုန်းမယ် “

ယောင်ဟော်ချင်းမှ အေးအေးလူလူ ညွှန်ကြားလာခဲ့သည်။

…

ကွမ်ဟန်နယ်မြေ ၅၆အတွင်း၌ ကမ္ဘာ့ကြယ် သိုင်းပညာရှင် အဖွဲ့များသည် စတင်၍ ရွေ့လျားကာ သူတို့၏ အခြေစိုက်စခန်းဆီသို့ ဦးတည်လာကြသည်။

ထိုနေရာနှင့် မိုင်ရာပေါင်းများစွာ ဝေးကွာသော နေရာတစ်ခု ……..

မြေပြင်ပေါ်တွင် ရွေ့လျားသွားလာနေသည့် ရှုကျိုးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ထို့နောက်တွင် သူ၏ပုံရိပ်လှုပ်ရှားသွားခဲ့ကာ ကျောက်တုံးကြီးတစ်တုံး၏ အနောက်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် အရှေ့ဘက်ကို ကြည့်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ စိတ်ဝင်စားစရာပဲ၊ ဒီလောက်များတဲ့ ကမ္ဘာ့ကြယ်သားတွေက ရုတ်တရက်ကြီး ဘယ်ကနေ ပေါ်လာတာလဲဟ? “

သူ၏အရှေ့ဘက်တွင် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် တစ်ဒါဇင်ကျော်သည် အလောတကြီး ပြေးလွှားနေကြသည်။

“ ကြည့်ရတာတော့ အမိန့်တစ်ခုခု ရထားလို့ထင်တယ်၊ သူတို့တွေက သူတို့ရဲ့ အခြေစိုက်စခန်းဆီကို ပြန်နေကြတာများလား? “

ရှုကျိုးသည် တွေးတောစဥ်းစားနေရင်းဖြင့် လက်ကောက်ဝတ်တွင် ရှိနေသည့် သူ၏လက်ပတ်ကို ပွတ်ကာ သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်အဖွဲ့နောက်သို့ လိုက်သွားတော့သည်။

လက်ပတ်ကြောင့်ပင် ကမ္ဘာ့ကြယ်သားတို့သည် ရှုကျိုး၏ တည်ရှိမှုကို မည်သို့မျှ သတိမပြုမိခဲ့ကြပေ။

ထို့ကြောင့် ရှုကျိုးသည် သူတို့နောက်သို့ ဖြည်းဖြည်းချင်း လိုက်သွားကာ ရှေ့ဆက်သွားနေတော့သည်။

မိနစ်၂၀ကြာခဲ့ပြီးသည့်နောက်၌

“ ဇွီ ဇွီ ဇွီ !!! “

ရှုကျိုးသည် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ် လည်ပတ်မှုက သိသိသာသာ လှုပ်ခါလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“ ဒါက ……. “

ရှုကျိုး၏မျက်နှာပေါ်တွင် ပျော်ရွှင်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ကမ္ဘာ့ကြယ်စခန်းနားကို ရောက်တော့မှာလား? “

သူ၏ သွေးကြောမှတ် လည်ပတ်မှုသည် ကမ္ဘာ့ကြယ် သလင်းကျောက်ကို အာရုံခံနေနိုင်လျက်ရှိသည်။

ကမ္ဘာ့ကြယ် သလင်းကျောက်ကသာ အနီးအနားတွင် ရှိနေသရွေ့၊ သူ၏ သွေးကြောမှတ် လည်ပတ်မှုက စတင်၍ လှုပ်ခါလာမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဖြစ်ပေါ်လာသည့် သွေးကြောမှတ် လည်ပတ်မှု၏ တုံ့ပြန်မှုသည် ယခင်တစ်ကြိမ်ကထပ်ပင် ပိုမိုပြင်းထန်နေခဲ့သည်။

၎င်းသည် ဤနေရာတစ်ဝိုက်တွင် ကမ္ဘာ့ကြယ် သလင်းကျောက် ပမာဏအမြောက်အများ ရှိနေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ရှုကျိုး ပျော်ရွှင်ကျေနပ်နေသည့် အချိန်တွင် …..

ဝှစ် ဝှစ် ဝှစ် ~~~

လေတိုးသံများ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်၌ ရှုကျိုးသည် အနီးအနားတွင် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အဖွဲ့များ ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။

အဆိုပါ ကမ္ဘာ့ကြယ် သိုင်းပညာရှင်များသည် ဘက်ပေါင်းစုံမှ ရောက်ရှိလာခဲ့ကာ အရှေ့သို့ တိုးဝင်သွားကြသည်။

သူတို့က ဤနေရာတွင် လူစုရန် အမိန့်ရထားသည်မှာ သိသာလွန်းနေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ဤနေရာက နယ်မြေ၅၆ရှိ ကမ္ဘာ့ကြယ်သားတို့၏ အခြေစိုက်စခန်းဖြစ်ကြောင်းကို ပိုမိုသေချာသွားခဲ့သည်။

သို့သော် တစ်ချို့သော အကြောင်းပြချက်များကြောင့် အရှေ့ဘက်ရှိ မြင်ကွင်းသည် ဟာလာဟင်းလင်းသာ ဖြစ်နေခဲ့သည်။

“ ကမ္ဘာ့ကြယ်ရဲ့ အကာအရံ နည်းစနစ်က တကယ်ကြီးကို အထင်ကြီးဖို့ကောင်းတာပဲ၊ တော်တော်ကြီးကို နီးနေတဲ့ ငါကတောင် အဲ့တာရဲ့ တည်ရှိမှုကို မထောက်လှမ်းနိုင်ဘူး “

ရှုကျိုးသည် တောင်ထိပ်တစ်ခု၏ အနောက်တွင် လှဲလျောင်းကာ အရှေ့သို့ သတိတကြီး ထောက်လှမ်းနေခဲ့သည်။

ကမ္ဘာ့ကြယ် သိုင်းပညာရှင်များ အဖွဲ့များသည် အရှေ့သို့ လျှောက်လှမ်းကာ ရုတ်တရက် ပျောက်ကွယ်သွားကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အရှေ့ဘက်တွင် ကမ္ဘာ့ကြယ်သားတို့၏ အခြေစိုက်စခန်းရှိနေသည်ကို လုံးဝသေချာသွားခဲ့သည်။

“ ငါက အထဲကို ဘယ်လိုဝင်သင့်လဲ? “

ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည်။

သူသည် အထဲသို့ တိုက်ရိုက်ပြေးဝင်သွားလောက်ရသည်အထိ အလျင်မလိုပေ။

ပြိုင်ဘက်များကြားတွင် အလယ်အလတ် သုံးဆင့်မှ ပညာရှင် ရှိ၊ မရှိဆိုသည်မှာ မသေချာသေးသောကြောင့်၊ အလျင်စလို လှုပ်ရှားမည်ဆိုပါက ဉာဏ်တိမ်ရာကျသွားပေလိမ့်မည်။

“ ငါက ပြိုင်ဘက်ရဲ့ အခြေစိုက်စခန်းကို တွေ့ထားပြီဆိုတော့ မစ်ရှင်က အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရတယ် “

ရှုကျိုးအတွေးနက်သွားတော့သည် “ ဒါပင်မဲ့ တကယ်လို့ ငါက ဒီအတိုင်းပဲ ပြန်သွားမယ်ဆိုရင်လည်း စိတ်ကျေနပ်စရာ မကောင်းဘူး “

သူသည် ကမ္ဘာ့ကြယ်သား အများစုက တတိယအဆင့် ပညာရှင်များဖြစ်ပြီး၊ အနည်းငယ်မျှသော လူတစ်စုကသာလျှင် တတိယအဆင့် အထွတ်အထိပ်ဖြစ်ကြောင်းကို လေ့လာသိရှိထားခဲ့ပြီဖြစ်သည်။

သူ့အတွက်ကား ထိုလူများသည် လက်ဝေ့ယမ်းလိုက်ရုံဖြင့် ပျောက်ကွယ်သွားနိုင်သည့် လူများဖြစ်သည်။

ဤအရာများသည် သူ၏နတ်ဘုရားမျိုးစေ့ကို ကျင့်ကြံရန်အတွက် အကောင်းမွန်ဆုံးသော အခွင့်အလမ်းများဖြစ်သည်။

“ ခဏလောက် ထပ်စောင့်ကြည့်တာပေါ့ကွာ “

မကြာခင်မှာပင် ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

သူသည် ကမ္ဘာ့ကြယ်သားများက ဤနေရာတွင် ရုတ်တရက် စုစည်းနေရသည်မှာ ကြီးမားသော စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ရန် ဖြစ်နိုင်သည်ဟု မှန်းဆမိနေခဲ့သည်။

ရှုကျိုးသည် တောင်ထိပ်ပေါ်တွင် လှဲလျောင်းကာ သူ့ကိုယ်သူ ဖုံးကွယ်ထားပြီး၊ အရှေ့ဘက်သို့ တိတ်တဆိတ် စောင့်ကြည့်လေ့လာနေတော့သည်။

မိနစ်၂၀ကြာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် အရှေ့ဘက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် တုန်ခါသွားခဲ့သည်။

ထို့နောက်တွင် ယောင်ဟော်ချင်းသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်အုပ်ကြီးဖြင့် စခန်းထဲမှ ထွက်လာခဲ့သည်။

“ ဒီတိုက်ပွဲက တားဆီးလို့မရတဲ့ အောင်ပွဲပဲ !! “

ယောင်ဟော်ချင်းမှ လက်သီးလက်မောင်းတန်း၍ ကြုံးဝါးလိုက်ရာ၊ အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်များသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချက်ချင်း ဟိန်းဟောက်ကြွေးကြော်လာကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ယောင်ဟော်ချင်းသည် အသာအယာ ခေါင်းငြိမ့်ကာ နည်းဗျူဟာတစ်ချို့ကို ဆွေးနွေးနေတော့သည်။

စကားပြောနေရင်းဖြင့် သူမ၏ မျက်လုံးများ ရုတ်တရက် စူးရှသွားကာ ဦးတည်ချက်တစ်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

“ ဘယ်သူလဲ? ထွက်လာခဲ့ “

ရှုကျိုးသည် သူ့ကို တွေ့သွားပြီဟု ထင်သွားကာ စိတ်ထဲတွင် လန့်ဖျပ်သွားခဲ့သည်၊ သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဓားအလင်းတန်းက အဝေးတစ်နေရာသို့ ကျရောက်သွားသည်ကို အံ့ဩတကြီးဖြင့် မြင်တွေ့လိုက်ရသည်။

“ဝုန်းးးးး !! “

ကျောက်တုံးများ ပေါက်ကွဲသွားကာ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် အပြုံးကြီးကြီးတစ်ခုဖြင့် လျှောက်လှမ်းလာကာ စကားပြောလာခဲ့သည် “ မတိုက်ပါနဲ့၊ ငါတို့က တစ်ဖက်တည်းကပါ၊ ငါက လနတ်ဘုရားဂိုဏ်းက “

ယောင်ဟော်ချင်းက နားမလည်နိုင်ဖြစ်နေသည်ကို မြင်တွေ့သွားသောအခါတွင် သူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလာခဲ့သည်။

တံဆိပ်ပြားကို မြင်တွေ့လိုက်ရသောအခါတွင် ယောင်ဟော်ချင်းသည် ထိုလူ၏ အထောက်အထားကို နားလည်သွားခဲ့သည်၊ သို့သော် သူမ၏အမူအရာမှာ အေးစက်နေစဲသာ ဖြစ်သည် “ နင်ဒီနားမှာ ဘာကိစ္စ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ? “

အနက်ဝတ်လူသည် စကားမပြောဘဲ လက်နှစ်ဖက်စလုံးဖြင့် ရုတ်တရက် ညွှန်ပြလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရှုကျိုးအရှေ့ရှိ ကျောက်တုံးကြီး ပေါက်ကွဲသွားခဲ့သည်။

သူသည် ရှုကျိုး၏ တည်ရှိမှုကို အမှန်တကယ် ရှာတွေ့ထားကာ ရှုကျိုးက ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြသလာအောင် တွန်းအားပေးခဲ့သည်။

“ ကြယ်ပြာသိုင်းပညာရှင်လား? “

ယောင်ဟော်ချင်း၏ အမူအရာသည် ချက်ချင်း အေးစက်သွားခဲ့သည်။

တပ်မှူးလေ့နှင့် တပ်မှူးမုတို့၏ အမူအရာများမှာလည်း အေးစက်သွားကြသည်၊ တစ်ခြားသော ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကလည်း သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်ပြသလာခဲ့သည်။

“ သူ့ကို သတ် “

ယောင်ဟော်ချင်းမှ အမိန့်ပေးလာခဲ့ရာ၊ တပ်မှူးလေ့၏ စွမ်းအားများ ချက်ချင်း ပေါက်ထွက်လာခဲ့သည်။

ထိုအချိန်၌ ရှုကျိုး၏ မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် သူ့ကို ကမ္ဘာ့ကြယ်သားများက ရှာမတွေ့သည့် အချိန်တွင်၊ လူသားတစ်ဦး၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

အင်း၊ လနတ်ဘုရားဂိုဏ်းကကောင်တွေက လူလို့လည်း သတ်မှတ်လို့မရပါဘူးကွာ။

ဒီကောင်တွေဆီမှာ လက်ပတ်ကို ထောက်လှမ်းနိုင်မဲ့ နည်းလမ်းတစ်ခုခု ရှိနေတာ သေချာတယ်။

ရှုကျိုးသည် တပ်မှူးလေ့ကို လျစ်လျူရှုထားပြီး၊ လနတ်ဘုရားဂိုဏ်းမှ ပညာရှင်ကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်၌ အနက်ဝတ်လူသည် ထွက်ပြေးရန် ကြိုးပမ်းနေခဲ့သည်။

“ သစ္စာဖောက်တာက ရန်သူတွေထပ်တောင် ပိုပြီးတော့ ရွံ့ဖို့ကောင်းတယ် “

ရှုကျိုး၏ မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြစ်တည်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ဓားရှည် ခုန်ထွက်လာခဲ့သည်။

“ ဘုန်းးး !! “

ကျယ်လောင်သော အသံနှင့်အတူ ဓားအလင်းတန်းသည် ကောင်းကင်ဘုံ အမျက်ဒေါသကဲ့သို့ တောက်ပလာခဲ့ကာ အနက်ဝတ်လူကို ခုတ်ပိုင်းလာခဲ့သည်။

“ မင်းက ငါ့ကို တားနိုင်လိမ့်မယ်လို့ ထင်နေတာလား? အိမ်မက်သာ ဆက်မက်နေလိုက် “

အနက်ဝတ်လူသည် ဓားသေးသေးလေး တစ်လက်ကို ကိုင်ကာ လှောင်ပြောင်လာခဲ့သည်။

ဓားချီသည် သူ့လက်များထဲတွင် တစ်ခုပြီးတစ်ခု စုစည်းလာခဲ့သည်။

သူသည် နှောင်းပိုင်း တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။

ထိုအချိန်၌ သူမှ သူ၏အကျ်ီ လက်ကို လှုပ်ရှားလိုက်သည့် အခါတွင် ဓားသေးသေးလေးတစ်ချောင်း ပျံသန်းလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို သယ်ဆောင်ကာ ရှုကျိုး၏ ဓားအလင်းတန်းနှင့် တိုက်မိသွားခဲ့သည်။

ခွမ်း ခလမ်း ခွမ်း !!

သတ္တုထိတွေ့သံများ ပေါ်ထွက်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဓားအသေးသည် အက်ကွဲကြောင်းတစ်ခုနှင့်အတူ ကျိုးပဲ့ပျက်စီးသွားခဲ့သည်၊ ဓားအလင်းတန်းကမူ မည်သို့မျှ ပုံပျက်မသွားဘဲ အနက်ဝတ်လူထံသို့ ဆက်၍တိုးဝင်လာခဲ့သည်။

“ ဘာကြီး?? ဘယ်လိုလုပ် ဖြစ် ………… “

အနက်ဝတ်လူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်တည်လာခဲ့သည်။

သူသည် အလယ်အလတ် တတိယအဆင့် ပညာရှင်က သူ၏ နည်းစနစ်အား မည်ကဲ့သို့ ဤမျှ မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်ခဲ့လဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဓားအလင်းတန်းကြောင့် နှစ်ပိုင်းကွဲကာ ချက်ချင်းသေဆုံးသွားခဲ့သည်။

အနက်ဝတ်လူကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ယောင်ဟော်ချင်းနှင့် တစ်ခြားလူများကို လှည့်ကြည့်လာခဲ့သည်။

“ ဒီနေရာမှာ အသန်မာဆုံးလူက အဆင့်၄တစ်ပိုင်းပဲ ရှိတာလား? “

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စတုတ္တအဆင့် ပညာရှင်မရှိဘူးဆိုသည်မှာ သူသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်ပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထိုအချိန်၌ တပ်မှူးလေ့သည် ရှုကျိုး၏ စွမ်းအားကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည် သူ့အရှေ့ရှိ ဤလူသားက အလယ်အလတ် တတိယအဆင့်နယ်ပယ်တွင်သာ ရှိသော်လည်း အနိမ့်ဆုံးအနေဖြင့် တတိယအဆင့် အထွတ်အထိပ် ခွန်အား ပိုင်ဆိုင်ထားကြောင်းကို သိသွားခဲ့သည်။

“ တပ်မှူးမု၊ အတူတူ တိုက်ရအောင် “ တပ်မှူးလေ့မှ အော်ပြောလာခဲ့သည်။

“ မလိုဘူး၊ သူ့ကို ငါဖြေရှင်းလိုက်မယ် “

ယောင်ဟော်ချင်းသည် ဓားရှည်ကို ကိုင်၍ ရှေ့တက်လာခဲ့ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးတို့ဖြင့် ရှုကျိုးကို စိုက်ကြည့်နေလျက်ရှိသည်။

သူမသည် ဤကြယ်ပြာဂြိုဟ်မှ လူကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမည်ဖြစ်သည်၊ အကယ်၍ သတင်းသာ ပေါက်ကြားသွားမည်ဆိုပါက သူမတို့၏ အစီအစဥ်သည် လုံးဝကျရှုံးသွားရမည် ဖြစ်သည်။

တပ်မှူးလေ့နှင့် တပ်မှူးမုတို့သည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။

တပ်မှူးကိုယ်တိုင် လှုပ်ရှားပြီဆိုတော့ အဲ့လူမသားတော့ သေပြီပဲ !!

ထိုအချိန်၌ ရှုကျိုးသည် ယောင်ဟော်ချင်း တက်လာသည်ကို မြင်တွေ့သွားကာ စိတ်ဝင်တစားဖြစ်သွားတော့သည် “ အဆင့်၄ တစ်ပိုင်းလား? ကောင်းပြီလေ၊ အခုဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်အဆင့်အထိ ရောက်နေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “

…………………………………………………………………………………………………………………………………….

အပိုင်း ( 362 )

လူရာနှင့်ချီ၍ သတ်ဖြတ်ခြင်း !!!

“ အလယ်အလတ် အဆင့်၃ နယ်ပယ်နဲ့ အဆင့်၃ အထွတ်အထိပ် စွမ်းအားကိုပိုင်ထားတယ် ………. “

ယောင်ဟော်ချင်းသည် ရှုကျိုးကို စိုက်ကြည့်နေခဲ့သည် “ ဒီလောက်တောင် ငယ်တယ်ဆိုတော့ နင်က ကြယ်ပြာဂြိုဟ်က ကောင်းကင်သားတော် သိုင်းပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ် “

( တော်တော်ကြီးတော်တဲ့ လူတွေကို ချီးကျူးတဲ့ ဂုဏ်ပုဒ်တစ်ခုပါပဲ )

သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်နေလျက်ရှိသည်။

သူက ပါရမီရှင်တစ်ယောက်ဆိုတော့ ပိုပြီးတော့တောင် အစောကြီး ဖယ်ရှားလိုက်သင့်တယ် !!!

ယောင်ဟော်ချင်း၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ကြက်သွေးရောင် သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့ကာ သူမ၏လက်များဖြင့် စည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်သည်။

“ ဝှစ် !!! “

သင်္ကေတလောင်ကျွမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု ထုတ်လွှင့်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ကေတသည် ပြာအဖြစ် ပြောင်းလဲသွားပြီး၊ သွေးနီရောင် ဓားရှည်အဖြစ် ရုပ်ခန္ဓာဖြစ်တည်လာခဲ့ကာ အံ့မခန်း အရှိန်အဝါတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

“ ဟမ်? “

ရှုကျိုးသည် အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားကာ သူ၏မျက်နှာပေါ်တွင် ကြောင်အသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ကြယ်ပြာဂြိုဟ်ပေါ်၌ သင်္ကေတ ပညာရပ်များလည်း ရှိပြီး၊ ၎င်းတို့သည် ချီ-သွေးစွမ်းအင်ကို သုံးစွဲရကာ အံ့ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုများကို ထုတ်လုပ်ပေးနိုင်သည်။

သို့သော် ၎င်းတို့သည် အရန်နည်းစနစ်များသည် ဖြစ်ပြီး၊ ယခုမြင်တွေ့နေရသည့် မြင်ကွင်းလောက် အစွမ်းထက်မနေခဲ့ပေ။

ယောင်ဟော်ချင်း ဖွဲ့တည်ထားသည့် သင်္ကေတဓားသည် ပုံမှန်တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးထပ်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

“ အကယ်၍ လွန်ခဲ့တဲ့နှစ်လလောက်တုန်းကဆိုရင်တော့ ရှိသမျှ အကုန်ထုတ်သုံးမယ်ဆိုရင်တောင်မှ ငါက ဒီလူကို ယှဥ်နိုင်မှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ အခုကတော့ လူသားဧကရာဇ် စည်းတံဆိပ်ကို မသုံးဘူးဆိုရင်တောင်မှ ငါက ဒီမိန်းမကို ဖမ်းနိုင်တယ် “

ရှုကျိုးသည် အမူအရာကင်းမဲ့နေသည့် မျက်နှာထားဖြင့် ခံ့ညားစွာ မတ်တပ်ရပ်နေခဲ့သည်။

ပြိုင်ဘက်၏ အထင်ကြီးဖွယ်ကောင်းသည့် စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါတွင် သူ၏စိတ်ထဲတွင် လုံးဝယုံကြည်ချက် ရှိသွားခဲ့သည်။

“ ဒါပင်မဲ့ ငါက စိတ်ကျေနပ်ဖို့ကောင်းတဲ့ တိုက်ပွဲကို တိုက်ခဲ့ရတာ တော်တော်ကြာနေပြီ။ ဒီမိန်းမကနဲ့ အကွက်နည်းနည်းလောက် အရင်ဖလှယ်ကြည့်တာပေါ့ကွာ …………. အချိန်ကျလာရင်တော့ စိတ်ဝိညာဥ် ဝါးမြိုတာကို တိုက်ရိုက်သုံးလိုက်မယ် “

ထိုအတွေးနှင့်အတူ ရှုကျိုး လက်ထဲရှိ ဆေဘာရှည်သည် လေထဲသို့ ရုတ်တရက် မျောလွင့်လာခဲ့သည်။

ဘုမ်းဟူသောအသံနှင့်အတူ ဆေဘာသည် လေတိုက်တိုင်း ကြီးမားလာခဲ့ကာ၊ အဆုံးမဲ့ ချီ-သွေးစွမ်းအင်များသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

၎င်းမှာ ဆေဘာက ကြီးမားလာခြင်း မဟုတ်ဘဲ၊ ချီ-သွေးစွမ်းအင်က အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့ကာ၊ ပုံရိပ်ယောင်တစ်ခု ဖန်တီးပေးလာခဲ့ခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေဘာအလင်းတန်းသည် မီတာ၄၀အထိ ကြီးမားလာခဲ့ကာ၊ သွေးနီရောင် ဓားရှည်ကို ဒေါင်လိုက် ပိုင်းဖြတ်သွားခဲ့သည်။

“ ခွမ်းးး !!! “

ဓားနှင့် ဆေဘာတို့ တိုက်မိသွားကာ၊ တောက်ပသော အဖြူရောင် အလင်းတန်းကို ထုတ်လွှင့်လာခဲ့သည်။

ယောင်ဟော်ချင်း၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုနေသည့် အေးစက်စက် အမူအရာတစ်ခု ရှိနေခဲ့သည် “ ပါရမီရှင်တစ်ယောက်က ထင်ထားတဲ့အတိုင်းပဲ “

သူမ၏လက်ထဲတွင် အလင်းတန်းတစ်ခု ထပ်ပေါ်လာခဲ့ကာ၊ ခရမ်းရောင် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။

ခရမ်းရောင် အလင်းတန်းနှင့်အတူ သင်္ကေတသည် ပြာအဖြစ် ပြောင်းလဲသွားပြီး၊ ခရမ်းရောင် လျှပ်စီးအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သွေးနီရောင် ဓားရှည်ထံသို့ ပြေးဝင် ပေါင်းစပ်သွားတော့သည်။

ဆေဘာအလင်းတန်းနှင့် ထိတွေ့နေသည့် ဓားရှည်ပေါ်တွင် ခရမ်းရောင် လျှပ်စီးများ လက်လာခဲ့ကာ၊ ၎င်းသည် ဆေဘာအလင်းတန်းတစ်လျှောက် လှည့်ပတ်သွားလာ၍ ဓားလက်ကိုင်မှတစ်ဆင့် ရှုကျိုး၏ လက်မောင်းထဲသို့ တိုးဝင်လာခဲ့ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ၌ ယောင်ဟော်ချင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

သူမ အသုံးပြုလိုက်သည့် နည်းစနစ်သည် ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များကြားတွင် နာမည်ဆိုးနဲ့ကျော်ကြားသည့် “ ခရမ်းရောင်အလင်း အဆိပ်မိုးကြိုး သင်္ကေတ “ ဖြစ်သည်။

အဆိုပါ သင်္ကေတသည် ပဥ္စမအဆင့် ပညာရှင်တစ်ဦးမှ ဖန်တီးထားခဲ့ခြင်း ဖြစ်ပြီး၊ တစ်ကြိမ်ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် အလွန်အားကောင်းပြင်းထန်သော အဆိပ်အတောက်များ ပေါ်ထွက်လာမည် ဖြစ်သည်။

စတုတ္ထတစ်ပိုင်း အဆင့်ပညာရှင်ကပင် ၎င်းနှင့် ထိတွေ့မိပါက သူ၏ဆဲလ်များနှင့် ကြွက်သားများ လျင်မြန်စွာ ထုံထိုင်းသွားကာ၊ မလှုပ်ရှားနိုင်ဖြစ်သွားပြီး၊ အကာအကွယ်မဲ့နေသည့် ပစ်မှတ်တစ်ခု ဖြစ်သွားမည် ဖြစ်သည်။

ဤအချိန်၌ ရှုကျိုးသည် အဆိုပါ အလင်းတန်းနှင့် ထိတွေ့မိသွားပြီဖြစ်သောကြောင့် မည်သို့မျှ လှုပ်ရှားနိုင်တော့မည် ဖြစ်သည်။

သို့သော် မကြာခင်အချိန်မှာပင် ယောင်ဟော်ချင်းမျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲတောင့်သွားခဲ့သည်။

“ ကမ္ဘာ့ကြယ်က သိုင်းပညာရှင်တွေရဲ့ နည်းစနစ်တွေက တကယ်ကို ထူးဆန်းပြီးတော့ အမြဲပြောင်းလဲနေတာပဲ “

ရှုကျိုးမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ ကံကောင်းထောက်မစွာဖြင့် သူသည် အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူ့ဘဝ ဇာတ်သိမ်းသွားရလိမ့်မည် ဖြစ်သည်။

“ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့ “

သူသည် အချိန်ကြာကြာ ဆွဲမနေတော့ဘဲ မထင်မှတ်ထားသည့် ဖြစ်ရပ်များကို ရှောင်ရှားရန်အတွက် ယောင်ဟော်ချင်းကို ချက်ချင်းချေမှုန်းရန် ပြင်ဆင်လိုက်သည်။

“ ကောင်းကင်ဖြိုခွင်း ဆေဘာ !!! “

ရှုကျိုးလက်ထဲရှိ ဆေဘာရှည်သည် ချက်ချင်းတောက်ပလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအရှိန်အဝါကို ထုတ်လွှင့်လာခဲ့သည်။

လေထုထဲတွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် လောကတစ်ခုလုံးသည် တစ်ခဏခန့် မှောင်ကျသွားခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အဖြူရောင် အလင်းတန်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပိုင်းခြားသည့် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ နဂါးငွေ့တန်းတစ်ခု ကျဆင်းလာသကဲ့သို့ ယောင်ဟော်ချင်းဆီသို့ ပြေးဝင်လာခဲ့သည်။

ယောင်ဟော်ချင်း၏ အမူအရာ ပြောင်းလဲသွားကာ၊ သူမ၏ ပုံရိပ်သည် လျင်မြန်စွာ နောက်ဆုတ်သွားရင်းဖြင့် နောက်ထပ်သင်္ကေတတစ်ခုကို ပစ်လွှတ်လာခဲ့ရာ၊ ၎င်းသည် အနက်ရောင် မြစ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ တက်လှမ်းလာခဲ့သည်။

ကမ္ဘာ့ကြယ်မှ သင်္ကေတ ပညာရပ်များသည် အလွန်တရာ ရှုပ်ထွေးလွန်းလှသည်၊ အထူးသဖြင့် အမြင့်ပိုင်အဆင့်များ ဖြစ်ပြီး၊ ထူးဆန်းပြီး ကွဲပြားသော အကွက်များစွာ ပါဝင်နေခဲ့သည်။

၎င်းမှာ ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် ပညာရှင်များက ကမ္ဘာ့ကြယ်၏ အဆင့်မြင့် ပညာရှင်များကို မယှဥ်နိုင်ရသည့် အ‌ကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်၊ ပြိုင်ဘက်၏ နည်းလမ်းများသည် အလွန်များပြားနေခဲ့သည်။

သို့သော် ဤအချိန်၌ ယောင်ဟော်ချင်း ဖွဲ့စည်းထားသည့် မြစ်နဂါးသည် ကောင်းကင်ဖြိုခွင် ဆေဘာအောက်တွင် ကျယ်လောင်စွာ အော်ဟစ်ညီးတွားနေခဲ့ရသည်။

အက်ကြောင်းတစ်ခုသည် မြစ်နဂါး၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ဝုန်းဟူသောအသံနှင့်အတူ အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။

၎င်းတို့ဖြစ်ပွားခဲ့သည်မှာ အသက်ရှူကြိမ် တစ်ကြိမ်မျှပင် မကြာခဲ့ချေ။

“ ဝုန်းးးး !! “

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေဘာအလင်းတန်း ဆင်းသက်လာခဲ့သည်။

ဆွပ်ဟူသော အသံနှင့်အတူ လက်မောင်းတစ်ဖက်သည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် အနောက်သို့ လွင့်ထွက်သွားကာ ကမ္ဘာ့ကြယ် စခန်းထဲသို့ ကျဆင်းသွားခဲ့သည်။

အံ့ဩတကြီး အော်ဟစ်သံများ ပေါ်ထွက်လာခဲ့သည်။

“ တပ်မှူးယောင် !!! “

တပ်မှူးလေ့နှင့် တပ်မှူးမုတို့သည် တအံ့တဩဖြစ်နေသည့် အမူအရာများဖြင့် အရှေ့သို့ ပြေးတက်လာကြသည်။

ကြယ်ပြာဂြိုဟ်ကကောင်က ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလားဟ?

စတုတ္ထတစ်ပိုင်းအဆင့်က တပ်မှူးယောင်ကတောင် တစ်ကွက်တည်းနဲ့ ရှုံးသွားတယ်။

ယောင်ဟော်ချင်းသည် ပြတ်တောက်သွားသည့် သူမ၏လက်မောင်းကို ဆုပ်ကိုင်ကာ မည်းမှောင်နေသော အမူအရာဖြင့် မတ်တပ်ထရပ်လာခဲ့သည်။

အရေးအကြီးဆုံး အခိုက်အတန့်တွင် သူမသည် နောက်ထပ်သင်္ကေတကို အသုံးပြုကာ အသေသတ်တိုက်ကွက်ကို ရှောင်ရှားခဲ့သည်။

သို့တောင်အောင် လက်မောင်းတစ်ဖက် ပေးဆပ်ခဲ့ရသည်။

ကြယ်ပြာဂြိုဟ်မှလူ၏ စွမ်းအားသည် သူမတွေးထင်ထားသည်ထပ် ကျော်လွန်နေခဲ့သည်။

သူမသည် လူစုနောက်သို့ ပြန်ဆုတ်ကာ အော်ပြောလာခဲ့သည် “ တိုက်ပွဲ အစီအရင်ဖွဲ့ပြီးတော့ သူ့ကို သတ်ကြ “

ယခုတွင် ယောင်ဟော်ချင်းသည် သူမ၏ ပြိုင်ဘက်က သာမန်ပါရမီရှင်တစ်ဦး မဟုတ်ဘဲ၊ အမြင့်ပိုင်းအဆင့်များအတွက် ပြိုင်ဘက်ကင်းမျိုးစေ့အဖြစ် သတ်မှတ်၍ရသည့် ထိပ်တန်းပါရမီရှင်ဖြစ်ကြောင်းကို သတိပြုမိသွားခဲ့သည်။

ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက သူမသည် ထိုလူ့ကို ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။

အကယ်၍ အဆုံးအရှုံးကြီးမားနေမည်ဆိုလျှင်တောင်မှ သူမတို့သည် သူ့ကို ဤနေရာတွင် ရှင်းထုတ်ပစ်ရမည် ဖြစ်သည်။

“ ကောင်းကင်နဂါး ဓားအစီအရင်ဖွဲ့စည်းပြီးတော့ သတ်ကြ “

ယောင်ဟော်ချင်းမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့ရာ၊ သူမအနောက်ဘက်ရှိ ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက်၁၀၀ကျော်သည် ဟိန်းဟောက်၍ တုံ့ပြန်လာခဲ့ရာ တိုက်ပွဲအစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းလာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

“ တိုက်ပွဲ အစီအရင် ဖွဲ့တယ်ပေါ့?? “

“ ကမ္ဘာ့ကြယ်ကကောင်တွေက အဆင့်၃မှာပဲ ရှိနေပင်မဲ့၊ တကယ်လို့ သူတို့က တိုက်ပွဲအစီအရင်ကို ဖွဲ့စည်းလိုက်မယ်ဆိုရင်တော့ အဆင့်၄ ပညာရှင်ကတောင် ဒီနေရာမှာ ကျဆုံးသွားနိုင်တယ် “

ရှုကျိုးမှ အေးစက်စွာ နှာမှုတ်လိုက်သည်၊ သို့‌သော် သူ၏ အမူအရာတွင် မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ။

ထိုအချိန်တွင် ရှုကျိုးမှ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ရာ၊ လျှို့ဝှက်ဆန်းကြယ်သည့် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ အသက်ဓာတ် ဝါးမြိုခြင်း !!! “

ရှုကျိုးမှ သူ၏လက်ဖဝါးကို အရှေ့သို့ ဆန့်ထုတ်လာခဲ့ရာ တိုင်ဖွန်းကဲ့သို့သော လှိုင်းလုံးတစ်ခုသည် သူ၏လက်ဖဝါးမှ ချက်ချင်းပေါက်ထွက်လာခဲ့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 363 )

လူရာနှင့်ချီ၍ သတ်ဖြတ်ခြင်း !!! ၂

သူသည် သူ၏ ဝါးမြိုခြင်း အမြန်နှုန်းနှင့် သူတို့၏ အစီအရင် ဖွဲ့စည်းသည့် အမြန်နှုန်း၊ မည်သည့်အရာက ပိုမိုမြန်ဆန်နေမလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေသကဲ့သို့ ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်တို့၏ ရာနှင့်ချီသော အလောင်းများသည် ကောင်းကင်ထက်သို့ ထိန်းမရသိမ်းမရ ပျံတက်လာခဲ့သည်။

“ ဘာဂယ်?? “

“ ဘာဂယ် !!! “

ကမ္ဘာ့ကြယ်သားတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ငါတို့က ငါတို့ရဲ့ ခန္ဓာကိုယ်ကို ဘာလို့ ထိန်းချုပ်လို့မရတာလဲဟ?

သို့သော် နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ယခင်ကထပ် ပိုမိုကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုသည် သူတို့အရှေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏ အရေပြားများသည် လျင်မြန်စွာ ခြောက်သွေ့သွားပြီး၊ ထို့နောက်တွင် အဆီ၊ ကြွက်သားနှင့် ခြင်ဆီ ……………..

သူတို့၏ မျက်နှာများမှာလည်း သိသိသာသာ ခြောက်‌သွေ့ညှိုးနွမ်းသွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးခေါင်းခွံများအဖြစ် ပြောင်းလဲသွားကာ အလွန်အမင်း ဖြူစွပ်၍ ကြောက်စရာ ကောင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဖြူရောင် စွမ်းအင်လှိုင်းများသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။

၎င်းတို့သည် အသက်ဓာတ် အရှိန်အဝါများ ဖြစ်သည်။

ရှုကျိုးသည် သူ၏ပါးစပ်ကို ကျယ်ကျယ်ဟကာ အလွန်သန့်စင်သည့် အသက်စွမ်းအင်များကို ရှူရှိုက်ကာ စိတ်ကျေနပ်သွားခဲ့သည် “ ကြွယ်ဝလွန်းတဲ့ အသက်ဓာတ်တွေပဲ၊ တကယ်ကို စွဲမက်ဖို့ကောင်းတယ် ……. “

သူသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အသက်စွမ်းအင်များက ဘိုးဘေးနဂါးခြင်ဆီသွေးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားလာသည်ကို ခံစားနေခဲ့ရသည်။

ထိုအချိန်၌ တပ်မှူးလေ့နှင့် တပ်မှူးမုတို့မှာလည်း ချွင်းချက်မဟုတ်ဘဲ သူတို့၏ စွမ်းအင်များ လျင်မြန်စွာ လျော့နည်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ခြောက်သွေ့သော အလောင်းများအဖြစ် ပြောင်းလဲသွားကာ၊ အသက်ဓာတ်များ ခမ်းခြောက်သွားခဲ့သည်။

၎င်းသည် စိတ်ဝိညာဥ် ဝါးမြိုခြင်း၏ စွမ်းအားပင် ဖြစ်သည်။

ရှုကျိုး၏ စွမ်းအားကသာ ပြိုင်ဘက်ထပ် အားကောင်းနေသရွေ့ ပြိုင်ဘက်သည် မည်သို့မျှ ခုခံနိုင်မည်မဟုတ်သကဲ့သို့ မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့သည် စွမ်းအားများကို အရှင်လတ်လတ် စုပ်ယူခံလိုက်ရကာ ရှုကျိုး၏ အာဟာရဓာတ်များ ဖြစ်သွားခဲ့ကြသည်။

သို့ရာတွင် ရှုကျိုးက ယောင်ဟော်ချင်းကို ဝါးမြိုလိုက်သည့်အချိန်တွင် သူသည် ခုခံမှုတစ်ချို့ကို ရင်ဆိုင်ရလိုက်ကာ အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့သည်။

ထိုအချိန်၌ ယောင်ဟောင်ချင်းသည် သူမအရှေ့ရှိ မြင်ကွင်းကို မြင်တွေ့သွားခဲ့ကာ၊ ကြောက်ရွံ့မှုများဖြင့် မျက်နှာဖြူဖျော့သွားခဲ့သည်။

“ မ ….. မဖြစ်နိုင်ဘူး၊ အဲ့တာက ဘယ်လို မှော်ပညာကြီးလဲ?? “

ယောင်ဟော်ချင်းသည် ကြောက်လန့်တကြားဖြစ်သွားခဲ့သည်၊ သို့သော် သူမ၏ လှုပ်ရှားမှုမှာ မြန်ဆန်နေခဲ့သည်။

သူမလက်ထဲရှိ ဓားသည် သူမ၏ နဖူးကို ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။

ဖလွပ် ~~~

သွေးများ တောက်ပလာခဲ့ကာ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ၊ ယောင်ဟော်ချင်းသည် မီတာ၁၀၀ ရှည်လျားသည့် ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် ကမ္ဘာကြယ်မှ သိုင်းပညာရှင်တို့၏ ပေါက်ကွဲခြင်း နည်းစနစ်ဖြစ်ပြီး၊ တားမြစ်နည်းလမ်းတစ်ခုနှင့် ညီမျှကာ ၎င်းကို အသုံးပြုလိုက်သည့် လူထံတွင် ပြင်းထန်သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်သွားစေခဲ့ကာ တစ်နှစ်ကျော်ကြာသည်အထိ မည်သို့မျှ ပြန်ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းသည် ကြီးမားသော စွမ်းအားကိုလည်း ယူဆောင်ပေးလာနိုင်သည်။

ကမ္ဘာကြယ် သိုင်းပညာရှင်များက ၎င်းကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် သူတို့အသက်များအတွက် တိုက်ခိုက်နေပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်၌ ယောင်ဟော်ချင်းသည် တားမြစ်နည်းစနစ်ကို အသုံးပြုခဲ့ပြီးသည့်နောက်တွင် နောက်သို့ ပြန်လှည့်မကြည့်ဘဲ အဝေးသို့ ချက်ချင်းထွက်ပြေးသွားတော့သည်။

သူမထံတွင် ဆက်တိုက်လိုစိတ် မရှိတော့ပေ။

ရှုကျိုး၏ ကြောက်မက်ဖွယ်ကောင်းသည့် ဝါးမြိုခြင်း နည်းစနစ်ကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် သူမ၏ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကာ ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားလိုစိတ်သာ ရှိနေခဲ့သည်။

…

“ ငါ့ရဲ့ အခုလက်ရှိ စွမ်းအားနဲ့တောင်မှ အဆင့်၄တစ်ပိုင်း ပညာရှင်ကို တိုက်ရိုက်ဝါးမြိုဖို့က ခက်ခဲနေတုန်းပဲလား? “

ရှုကျိုးသည် ပြေးထွက်သွားသည့် ယောင်ဟော်ချင်းကို ကြည့်ကာ အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် ယောင်ဟော်ချင်းကို ဝါးမြိုနေသည့်အချိန်တွင် ယခင်ကကဲ့သို့ ချောမွေ့မနေဘဲ၊ အတားအဆီးတစ်ချို့ ရှိနေသည်ကို သိသိသာသာ ခံစားနေခဲ့ရသည်။

၎င်းမှာပြိုင်ဘက်ထံတွင် လွတ်မြောက်ရေး နည်းလမ်းပေါင်းများစွာ ရှိနေသောကြောင့် ဖြစ်နိုင်လေသည်။

“ ကမ္ဘာ့ကြယ်ရဲ့ ပေါက်ကွဲရေး နည်းစနစ်က တကယ်ကြီးကို အံ့ဩစရာကောင်းတာပဲ “

ရှုကျိုး အတွေးနက်သွားတော့သည် “ ခန္ဓာကိုယ်တစ်ခုလုံးကို ဓားအဖြစ် ပြောင်းလဲနိုင်တယ်၊ ဒီလိုနည်းစနစ်မျိုးကို လုံးဝမကြားဖူးခဲ့ဘူး “

သူသည် အလောင်းများ ပြည့်နှက်နေသည့် မြေပြင်ကို လှမ်းကြည့်၍ လက်ဝေ့ယမ်းလိုက်ရာ နက်ရှိုင်းသော ဝဲဂယက်တစ်ခု ဖြစ်တည်လာခဲ့သည်။

ထို့နောက်၌ သူသည် အဆိုပါ အလောင်းအားလုံးကို သူ၏ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပို့လိုက်သည်။

သူ၏ ဟင်းလင်းပြင် စွမ်းရည်က ပို၍သန်မာအားကောင်းလာနှင့်အမျှ၊ သူသည် ဟင်းလင်းပြင်ကို လွယ်လွယ်ကူကူ ထိန်းချုပ်လာနိုင်သည်။

၎င်းတို့အားလုံးကို လုပ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ အမူအရာ အေးစက်သွားခဲ့သည်။

“ လွတ်မယ်လို့ ထင်နေတာလား? နင်က တကယ်ကြီးကို လွတ်နိုင်လို့လား? “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူသည် ကမ္ဘာ့ကြယ်သားတို့၏ အလောင်းများပေါ်ရှိ သလင်းကျောက်များကို မရှာအားသေးပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ယောင်ဟော်ချင်းကို လွတ်မြောက်ခွင့် မပေးနိုင်သောကြောင့် ဖြစ်သည်။

…

ဝှစ် !!

ကောင်းကင်ယံတွင် ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဓားအလင်းတန်းသည် မျက်စိကန်းသွားစေလောက်ကာ စတုတ္ထတစ်ပိုင်အဆင့် ပညာရှင်ကပင် အမူအရာ ပြောင်းလဲသွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

သို့သော် ဤအချိန်တွင် ဓားအလင်းတန်းသည် ကြောက်ရွံ့ထိတ်လန့်မှုများကိုသာ သယ်ဆောင်ထားခဲ့သည်။

ဧရာမဓားကြီး၏ အလယ်ဗဟိုတွင် ဖြူဖျော့နေသည့် လူသားမျက်နှာတစ်ခု ပေါ်လာခဲ့ကာ၊ သူမ၏မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များဖြင့် ပြည့်နှက်နေခဲ့သည်။

“ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင် ………….. ဒီလူ့ရဲ့ စွမ်းအားက အဆင့်၄တစ်ပိုင်းမှာ ရှိတယ်ဆိုတာ သေချာတယ်၊ သူက ဘာလို့ အလယ်အလတ် အဆင့်၃ ပညာရှင်အဖြစ် ဘာလို့ ရုပ်ဖျက်ထားရတာလဲ? “

ယောင်ဟော်ချင်းသည် ရှုကျိုးက အပေါ်ယံတွင် မြင်နေရသည်ထပ် ပိုမို ရှုပ်ထွေးသည်ကို အခိုင်အမာ ယုံကြည်နေခဲ့သည်။

မည်သည့် အလယ်အလတ် တတိယအဆင့် သိုင်းပညာရှင်က တတိယအဆင့်နယ်ပယ်မှ သိုင်းပညာရှင် အယောက် ၁၀၀ကျော်ကို တစ်ပြိုင်နက် ချေမှုန်းနိုင်သနည်း??

ထိုအထဲတွင် တတိယအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်သည့် တပ်မှူးလေ့နှင့် တပ်မှူးမုတို့ပင် ပါဝင်နေခဲ့သည်။

သူက အလယ်အလတ် တတိယအဆင့်နယ်ပယ်မှာပဲ ရှိနေတယ်လို့ ‌ပြောနေတာလား?

ပြက်လုံးတွေကတောင် အဲ့လောက်ကြီး ရယ်နေရမှာ မဟုတ်ဘူး။

ယောင်ဟော်ချင်းသည် လျင်မြန်စွာ ပြေးလွှားနေသော်လည်း ဤအညှိုးအတေးကို သူမ၏စိတ်နှလုံးသားတွင် ထွင်းထုထားရန် မမေ့လျော့ခဲ့ပေ။

“ နယ်မြေ ၅၆က လုံးဝကျဆုံးသွားပြီလို့ ပြောလို့ရတယ်၊ ငါက အဲ့လူရဲ့မျက်နှာကို သေချာပေါက် မှတ်မိနေရမယ် “

သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည် “ ငါက ဘေးဘက်က နယ်မြေ ၅၅မှာ ပုန်းနေရမယ်၊ အဆင့်၄ကို ရောက်တာနဲ့ သူ့ကို ချေမှုန်းပစ်မယ် “

သူမက ၎င်းကို တွေးတောနေသည့် အချိန်မှာပင် အနောက်ဘက်မှ လေတိုးသံများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ယောင်ဟော်ချင်းသည် နောက်သို့ လှည့်ကြည့်ကာ ချက်ချင်း ကြောက်ရွံ့သွားခဲ့သည် “ သူလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !!! သူ့ရဲ့ အမြန်နှုန်းက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ?? “

သူမသည် ပေါက်ကွဲရေး နည်းစနစ်ကို အသုံးပြုထားကာ ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး၊ သူမ၏အမြန်နှုန်းသည် အဆင့်တူတွင် ပြိုင်ဘက်ကင်းသွားပြီဖြစ်သည်။

သို့သော် ရှုကျိုးသည် သူမကို လျင်မြန်စွာ အမှီလိုက်နေနိုင်စဲပင် ဖြစ်သည်။

“ ပလုပ် ~~~ “

ဓားကြီးသည် သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကြောက်စရာကောင်းသည့် လျှို့ဝှက်နည်းစနစ် တစ်ခုခုကို အသက်သွင်းလိုက်ပြီး၊ သူမ၏ အမြန်နှုန်းကို ထပ်မံ၍ မြှင့်တင်လိုက်ပြန်သည်။

“ ကြယ်ပြာဂြိုဟ်က ကောင်စုတ် ………. ငါ့ကို ဒီလောက်တောင် ဒုက္ခပေးတယ်၊ နောင်အနာဂတ်မှာ နင်က အဆ၁၀၀မက ပြန်ပြီးတော့ ပေးဆပ်ရမယ် “

သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေခဲ့သည်၊ သို့သော် သူမ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေကာ ဒုံးကျည်တစ်စင်းကဲ့သို့ နယ်မြေ ၅၅ဆီသို့ ဦးတည်နေခဲ့သည်။

နယ်မြေ ၅၅တွင် စတုတ္ထအဆင့် ပညာရှင်တစ်ဦး ရှိနေသောကြောင့် သူမကသာ ထိုနေရာသို့ အရောက်သွားနိုင်သရွေ့ ဘေးကင်းလုံခြုံသွားမည် ဖြစ်သည်။

…

ရှုကျိုးနှင့် ယောင်ဟော်ချင်းတို့သည် ပြေးတမ်းလိုက်တမ်း ကစားနေလျက်ရှိသည်။

ထိုအချိန်၌ ကွမ်ဟန်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးကြီးများ ပေါ်ထွက်လာခဲ့သည်။

နယ်မြေ ၂၃

စခန်းအတွင်း၌ သိုင်းပညာရှင်တစ်စုသည် တင်ပျဥ်ခွေထိုင်ကာ ဒဏ်ရာများ ကုသနေကြသည်။

သူတို့အားလုံးသည် လေ့ကျင့်ရေးအတွက် ကွမ်ဟန်ကို ရောက်လာကြသည့် သိုင်းပညာရှင်များ များဖြစ်ကြပြီး၊ ယခုလေးတင် တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရကာ လူတော်တော်များများသည် အလွန်အားနည်းနေပုံရသည်။

အားလုံး၏ အရှေ့ဘက်တွင် ဆံပင်ဖြူနှင့် မိန်းမပျိုလေးတစ်ဦး ရှိနေခဲ့ကာ သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လာခဲ့သည်။

ကြယ်ပြာဂြိုဟ်၏ အဆင့်ဇယားသည် ယခုလေးတင် ပြောင်းလဲသွားခဲ့သည်။

“ ဟမ်?? တစ်ယောက်ယောက်က ငါ့ရဲ့ ပထမနေရာကို ယူသွားတာလား? “

ဆိုဖီယာသည် လှပသည့် မျက်လုံးလေးများဖြင့် သူမရှေ့ရှိ အလင်းတန်း မျက်နှာပြင်ကို ငေးကြည့်နေခဲ့သည်။

အဆင့်ဇယားက ပြောင်းလဲသွားသည့် အချိန်တိုင်းတွင် အလင်းတန်း မျက်နှာပြင်သည် အလိုအလျောက် လင်းလက်လာလေ့ရှိသည်။

[ ပထမ : ရှုကျိုး : တတိယအဆင့် အထွတ်အထိပ် ၃ဦး၊ တတိယအဆင့် ၁၀၅ဦး သတ်ဖြတ်ခဲ့သည် ]

“ အဆင့်၃ ၁၀၅ယောက်လား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !! “

စခန်းရှိ လူများသည် အဆင့်ဇယားကို မြင်တွေ့လိုက်ရသောအခါတွင် အံ့ဩတကြီး ဖြစ်သွားကာ အော်ပြောမိသွားကြသည်။

မကြာခင်မှာပင် အနီးအနားရှိ လူအားလုံး တအံ့တဩ ဖြစ်သွားကြသည်။

“ အရင်တုန်းက ရှုကျိုးက ထိပ်ဆုံးဆယ်ယောက်ထဲမှာတောင် မရှိဘူးလေ၊ အဆင့်၃ ပညာရှင် ဒီလောက် အများကြီးကို ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် သတ်နိုင်သွားရတာလဲ? “

“ သူက အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ? “

“ အဆင့်၃ ပညာရှင် အယောက်၁၀၀ကျော်ကို သတ်ခဲ့တယ်ဆိုတော့ သူက ကမ္ဘာ့ကြယ် တပ်စခန်းတစ်ခုကို တစ်နည်းနည်းနဲ့ အပျောက်ရှင်းနိုင်ခဲ့တာလား? “

သူတို့သည် အလွန်အံ့ဩသွားကြသည်၊ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကမ္ဘာ့ကြယ်စခန်းကို ယခုလေးတင် တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်။

ဤနေရာတွင် ရှိနေကြသည့် လူအားလုံးသည် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အယောက် ၁၀၀ကျော်၏ တိုက်ခိုက်ရေး အစီအရင်က မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ကောင်းစွာသိရှိထားကြသည်။

ယခု၌ ရှုကျိုးတစ်ကိုယ်တည်းဖြင့် တတိယအဆင့် ပညာရှင် အယောက်၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ခြင်းမှာ မဖြစ်နိုင်သော အရာတစ်ခုဖြစ်သည်။

ဆိုဖီယာသည် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ ရေရွတ်ပြောဆိုနေတော့သည် “ ရှုကျိုး …. ဆိုတော့ နင်က ဒီနှစ်ရဲ့ မြင်းနက်ပေါ့??? “

သူမသည် ယမန်နှစ်က တတိယအဆင့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ တစ်နှစ်တိတိ ကြိုးစားအားထုတ်ခဲ့ပြီးသည့်နောက်တွင် သူမက ပထမနေရာကို သိမ်းပိုက်နိုင်တော့မည်ဟု ထင်နေခဲ့သည်။

သို့သော် မထင်မှတ်ထားစွာဖြင့် ပိုမိုလင်းလက်တောက်ပနေသည့် မြင်းနက်တစ်ကောင် ပေါ်ထွက်လာခဲ့လေသည်။

…

နယ်မြေ ၄၅

“ ဝုန်းးးး !!! “

ဓားအလင်းတန်း တောက်ပလာခဲ့ကာ ကမ္ဘာ့ကြယ်သားတစ်ဦးကို သတ်ဖြတ်သွားသည်။

ဗစ်ခရမ်သည် သူ၏ဓားကို သိမ်းကာ ပြုံးနေတော့သည် “ ဆယ်ယောက်မြောက် !! ငါက အဆင့်၁နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ် “

ထိုအချိန်၌ သူ၏လက်ပတ်သည် အနည်းငယ် တုန်ခါလာခဲ့သည်။

“ အဆင့်ဇယား ပြောင်းသွားတာလား? “

ဗစ်ခရမ်သည် အဆင့်ဇယားကို ဖွင့်ကြည့်လိုက်ကာ အမူအရာ အေးခဲသွားခဲ့သည်။

“ ရှုကျိုး၊ အဆင့်၃ ပညာရှင် ၁၀၅ယောက်ကို သတ်ခဲ့တယ်၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!! “

…

နယ်မြေ ၁၆

ချင်ဖုန်းမှာလည်း အဆင့်ဇယားပေါ်ရှိ မှတ်တမ်းကို ကြည့်ကာ တအံ့တဩဖြစ်သွားခဲ့သည်။

သူသည် အောက်ဘက်သို့ အချိန်အတော်ကြာ ပွတ်ဆွဲခဲ့ပြီးသည့်နောက်မှပင် သူ၏အဆင့်ကို ရှာတွေ့သွားခဲ့သည် “ အဆင့်၃ အထွတ်အထိပ် ၁ယောက်၊ အဆင့်၃ ၇ယောက် “

ဤမှတ်တမ်းသည် သူ၏ အလယ်အလတ် တတိယအဆင့် ကျင့်ကြံရေးနှင့်ဆိုပါက အတော်လေး အထင်ကြီးဖွယ် ကောင်းနေခဲ့ပြီဖြစ်သည်။

သို့သော် ရှုကျိုးနှင့် ယှဥ်လိုက်မည်ဆိုပါက …….

အချိန်အတော် ကြာခဲ့ပြီးသည့်နောက်တွင် ချင်ဖုန်းသည် သက်ပြင်းရှည်ကြီးတစ်ခု ချလာခဲ့သည်။

“ ဒီကောင့်ကို အမှီလိုက်ဖို့က ပိုပိုပြီးတော့ ခက်လာတာပဲ “

…

ကွမ်ဟန်တစ်ခုလုံးရှိ လူများသည် ရှုကျိုး၏ မှတ်တမ်းကြောင့် အံ့ဩတကြီးဖြစ်သွားကြသည်။

သို့သော် ရှုကျိုး နောက်ထပ်ပြုလုပ်လာမည့် အရာက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သည်ဆိုသည်ကို မည်သူမှ မသိကြပေ။

All Chapters