← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အပိုင်း ( 373 )

စွမ်းရည်အသစ် ရရှိခြင်း ၂

လေးလံသည့် ချပ်ဝတ်တန်ဆာကဲ့သို့ ဖြစ်နေသော အဆိုပါ အရေပြားသည် နတ်နဂါးသားရဲကြီးအား အလွန်ခိုင်ခံ့အားကောင်းသည့် ခုခံနိုင်စွမ်းကို ပေးစွမ်းနေခဲ့ပြီး၊ စတုတ္ထအဆင့် သားရဲ၏တိုက်ခိုက်မှုများကိုပင် တောင့်ခံနိုင်သွားစေရန် ပြုလုပ်ပေးခဲ့သည်။

ထိုအချိန်တွင် ပြောင်းလဲမှုဖြစ်စဥ်သည် အဆုံးသတ်နားသို့ ရောက်ရှိလာခဲ့သည်။

“ ဝေါင်းးး !!! “

နတ်နဂါးသားရဲကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့ရာ၊ အလင်းတန်းပိုးအိမ်သည် ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သည်။

ဟိန်းဟောက်သံသည် မိုင်တစ်ထောင်အကွာထိ ပဲ့တင်ထပ် ပျံ့လွင့်သွားကာ၊ ထိုဧရိယာအတွင်းရှိ သားရဲအကုန်လုံးကို ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ဝပ်တွားသွားစေခဲ့သည်။

ယနေ့တွင် အလွန်များပြားသော သားရဲများမှ ခေါင်းမော့ကြည့်လာခဲ့ရာ ရှင်ဘုရင်တစ်ပါးကဲ့သို့သော အရှိန်အဝါကို ထုတ်လွှင့်ကာ ခန့်ညားစွာ ရပ်နေသည့် မီတာ၅၀မြင့်၍ ၈၀မီတာအထိ ရှည်လျားသော သားရဲကြီးတစ်ကောင်ကို မြင်တွေ့သွားခဲ့သည်။

၎င်းမှာ မသေမျိုး နတ်နဂါးသားရဲကြီးမှလွဲ၍ တစ်ခြားသော အကောင် မဟုတ်ပေ။

[ အဆင့် : စတုတ္ထအဆင့် အဆင့်၁ ( ၁၀% ) ]

“ နောက်ဆုံးတော့ အဆင့်၄ကို ရောက်လာခဲ့ပြီ “

နတ်နဂါးသားရဲကြီးသည် ၎င်း၏ တောင်ပံများကို ခတ်ကြည့်လိုက်ရာ၊ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် မုန်တိုင်းကဲ့သို့ အားကောင်းလွန်းလှသော ခွန်အားနှင့် စွမ်းအားတို့ကို ခံစားမိသွားကာ စိတ်ကျေနပ်သွားတော့သည်။

“ တော်တော်ကြီးကို စွမ်းတာပဲ …….. အခုဆိုရင် ငါက အတိတ်ကငါ့ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ ထိုးသတ်နေနိုင်ပြီ “

တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တိုးတက်သွားခြင်းသည် နယ်ပယ်ကြီးတစ်ခုသာ တိုးတက်သွားခြင်း မဟုတ်ဘဲ၊ အနိမ့်ပိုင်း သုံးဆင့်မှ အလယ်အလတ် သုံးဆင့်သို့ပါ အဆင့်တက်သွား ဖြစ်သည်။

ယခုလက်ရှိ နတ်နဂါးသားရဲကြီး၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ယခင်ကထပ် ဆယ်ဆပို၍ အားကောင်းနေခဲ့ပြီ ဖြစ်သည်။

၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာလျှင် ဖြစ်သည်။

အရေးအကြီးဆုံး အရာမှာ နတ်နဂါးသားရဲကြီးသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စွမ်းရည်အပေါ်တွင် ပိုမိုအာရုံခံမိကာ၊ ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည်။

အတွေးတစ်ခုတည်းဖြင့် များပြားလွန်းလှသော ဟင်းလင်းပြင် စွမ်းအင်များသည် နတ်နဂါးသားရဲကြီး၏ အရှေ့တွင် စုစည်းလာခဲ့သည်။

“ ခရက်၊ ခရက်၊ ခရက် !!! “

အဆိုပါ စွမ်းအင်များသည် ၎င်း၏ အရှေ့တွင် သိပ်သည်းသွားကာ၊ ကြီးမားသော ဟင်းလင်းပြင် နံရံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဟင်းလင်းပြင် ဒိုင်းကာ !!! “

နတ်နဂါးသားရဲကြီးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ ဟင်းလင်းပြင်စွမ်းအားနဲ့ ခုခံကာကွယ်ရေး ဒိုင်းတစ်ခု ဖွဲ့စည်းနိုင်တယ်၊ အဲ့တာရဲ့ ခံနိုင်ရည်အားကလည်း တော်တော်ကြီးကို မြင့်တယ် “

အဆိုပါ ဟင်းလင်းပြင် ဒိုင်းကာသည် လွန်စွာ လျော့တိလျော့ရဲ ဖြစ်နေပုံရသော်လည်း၊ အမှန်တကယ်တွင် အလွန်ခိုင်ခံ့နေခဲ့သည်။

စတုတ္ထအဆင့် ပညာရှင်တစ်ဦး၏ အင်အားအပြည့် တိုက်ခိုက်မှုကပင် ဟင်းလင်းပြင် အက်ကွဲကြောင်း မဖန်တီးနိုင်ဘူးဆိုသည်ကို သိထားရမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဟင်းလင်းပြင်မှာ အလွန်တည်ငြိမ်အားကောင်းသောကြောင့် ဖြစ်သည်။

နတ်နဂါးသားရဲကြီး ဖွဲ့စည်းထားသည့် ဟင်းလင်းပြင် ဒိုင်းကာသည် အလွန်အားကောင်းသော ဟင်းလင်းပြင် စွမ်းအားတို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ၎င်းအား ဖြိုခွဲရ ခက်သွားစေခဲ့သည်။

“ အဲ့တာတင် မဟုတ်ဘူး ……. “

အတွေးတစ်ခုနှင့်အတူ နတ်နဂါးသားရဲကြီးသည် ဟင်းလင်းပြင် နံရံကို ပျောက်ကွယ်သွားစေပြီး၊ ထို့နောက်တွင် များပြားသော ဟင်းလင်းပြင် ဓားသွားများကို ဖန်တီးလိုက်သည်။

ဤတစ်ကြိမ်၌ စွမ်းရည်တစ်ခုသာလျှင် မဟုတ်ဘဲ နှစ်ခုတိတိ ရရှိခဲ့လေသည်။

“ ဟင်းလင်းပြင် ဖြတ်တောက်ခြင်း !! “

ဟင်းလင်းပြင် ဓားသွားတို့သည် မိုးရွာချနေသကဲ့သို့ အရှေ့ဘက်ရှိ မီတာ တစ်ထောင်မြင့်မားသော တောင်တစ်တောင်ကို ထိုးဖောက်သွားခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာ၌ တောင်၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ကာ အပေါက်ပေါင်းများစွာဖြင့် ပြည့်နှက်သွားခဲ့သည်။

“ ကြည့်ရတာတော့ ဒါက ဟင်းလင်းပြင် ဖြတ်တောက်ခြင်းရဲ့ တကယ့်စွမ်းအားကို မပြသနိုင်တဲ့ပုံပဲ “

နတ်နဂါးသားရဲကြီးသည် မကျေမနပ်ဖြစ်သွားခဲ့သည်။

ဟင်းလင်းပြင် ဖြတ်တောက်ခြင်း၏ စွမ်းအားသည် ယခုမြင်တွေ့နေရသည်ထပ် များစွာသာလွန်နေမည် ဖြစ်သည်။

အဆိုပါ ဓားသွားတို့သည် တကယ့်ဓားသွားများ မဟုတ်ပေ၊ သို့သော် ရှုကျိုးသည် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်ထဲတွင် ယာယီအက်ကွဲကြောင်းများ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ နည်းဥပဒေသများကြောင့် အဆိုပါ အက်ကွဲကြောင်းများသည် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားကြသည်။

ဤဖြစ်စဥ်ကာလအတွင်း၌ အဆိုပါ အက်ကွဲကြောင်းများကြားထဲတွင် ပစ်မှတ်တစ်ခု ထားလိုက်ခြင်းသည် ဟင်းလင်းပြင် ဖြတ်တောက်ခြင်း၏ အကျိုးသက်ရောက်မှုကို ထုတ်လွှတ်ပေးသည်။

၎င်း၏ တကယ့်စွမ်းအားသည် အကယ်၍ ပစ်မှတ်က ၎င်းကို ခုခံမည်ဆိုပါက၊ ၎င်းသည် ဟင်းလင်ပြင်တစ်ခုလုံး၏ ဖိအားကို ခုခံရခြင်းနှင့် ညီမျှသည်ဆိုသည့် အချက်အပေါ်တွင် မူတည်နေခဲ့သည်။

( အဲ့တိုက်ခိုက်မှုထဲမှာက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဟင်းလင်းပြင်စွမ်းအားမျိုး ပါနေတာကို ပြောတာပါ )

ထိုအဆင့်သို့ ရောက်ရှိရန်မှာလည်း ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။

“ ဒီဟင်းလင်းပြင် ဖြတ်တောက်ခြင်းစွမ်းရည်နဲ့ဆိုရင်၊ အဆင့်၄ အထွတ်အထိပ် ပညာရှင်ကတောင် ငါ့ပြိုင်ဘက် ဟုတ်မနေမှာကို ကြောက်မိတယ် “

ပုံမှန်အားဖြင့် ပဥ္စမအဆင့်အထက်မှ ပညာရှင်များကသာ ဟင်းလင်းပြင်ကို ထိန်းချုပ်ကိုင်တွယ်နိုင်ပေသည်။

ဟင်းလင်းပြင်စွမ်းရည် ပိုင်ဆိုင်ထားသည့် ပညာရှင်များမှာ ချွင်းချက် ဖြစ်သည်။

ထို့ကြောင့် ယခုလက်ရှိ နတ်နဂါးသားရဲကြီးသည် စတုတ္ထအဆင့်နယ်ပယ်တွင် ပြိုင်ဘက်တွေ့နိုင်တော့မည် မဟုတ်ပေ။

“ အခုတော့ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေဆီကို သွားကြည့်ဖို့ အချိန်ကျပြီ “

နတ်နဂါးသားရဲကြီးသည် ငွေရောင် တံဆိပ်ပြားတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။

ဤတံဆိပ်ပြားသည် ငွေဦးချိုမြစ်နဂါးမှ ရရှိခဲ့သော အရာဖြစ်သည်။

“ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေမှာ ဘယ်လိုမြင်ကွင်းမျိုးက ငါ့ကို စောင့်မျှော်နေမလဲဆိုတာကို ငါသိချင်မိတယ် “

နတ်နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် ဝေဟင်ထက်သို့ ခုန်တက်ကာ မြောက်ဘက်သို့ ပျံသန်းသွားတော့သည်။

…

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ၊ သားရဲမျိုးနွယ်စု၏ မြင့်မြတ်နယ်မြေ

ဤနေရာသည် အဆင့်မြင့် နတ်သားရဲနှင့် အစစ်အမှန် နတ်သားရဲတို့အတွက် သုခဘုံတစ်ခုဖြစ်သည်၊ သို့သော် အဆင့်နိမ့် နတ်သားရဲများနှင့် သွေးနှောသားရဲများအတွက်မူ ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။

ထိုအချိန် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေ၏ ဝင်ပေါက်ဝတွင်

တတိယအဆင့် ကျားသားရဲကြီးတစ်ကောင်သည် ဂိတ်ပေါက်ကို စောင့်ကြပ်နေလျက်ရှိသည်။

၎င်းသည် အလယ်အလတ်အဆင့် နတ်သားရဲတစ်ကောင်ဖြစ်ပြီး၊ အလယ်အလတ်အဆင့် အခွင့်အလမ်းများကို ပိုင်ဆိုင်ထားခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် ဤမျှအရေးကြီးသော ဂိတ်တံခါးပေါက်ကို စောင့်ကြပ်ရန် တာဝန်အပေးခံရလိမ့်မည် မဟုတ်ချေ။

ငြိမ်သက်စွာ မတ်တပ်ရပ်နေသည့် ကျားသားရဲကြီး၏ မျက်လုံးများ ရုတ်တရက် လှုပ်ခတ်သွားကာ အရှေ့ကောင်းကင်ယံသို့ မော့ကြည့်လာခဲ့သည်။

ရွှေရောင်ပုံရိပ်တစ်ခုသည် စတုတ္ထအဆင့် အရှိန်အဝါများကို ထုတ်လွှင့်ကာ ကောင်းကင်ယံမှ ထိုးဆင်းလာခဲ့သည်။

ကျားသားရဲကြီးသည် တအံ့တဩဖြစ်သွားခဲ့သည် “ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဘက်က လူတစ်ယောက်ယောက်က အဆင့်၄ကို ရောက်အောင် လုပ်နိုင်ခဲ့တာလားဟ? “

၎င်းသည် ရိုသေလေးစားမှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်၊ စတုတ္ထအဆင့်သည် သန်မာသော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်၍ ရလေသည်။

မကြာခင်မှာပင် နတ်နဂါးသားရဲကြီးသည် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

သူသည် ငွေရောင် တံဆိပ်ပြားကို ထုတ်ယူကာ စကားပြောလိုက်သည် “ တမန်တော်က ဒီတံဆိပ်ပြားကို သုံးပြီးတော့ တားမြစ်နယ်မြေထဲ ဝင်ဖို့ ငါ့ကို ပြောခဲ့တယ် “

ကျားသားရဲကြီး၏ မျက်လုံးများထဲတွင် သိလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

“ သွေးနှောမျိုးဆက်လား? ဒီလို အဆင့်နိမ့်သားရဲကောင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ အဆင့်၄အထိ ချိုးဖျက်နိုင်ခဲ့တာလား? “

ကျားသားရဲကြီးသည် တံဆိပ်ပြားကို ယူလိုက်ကာ မထီမဲ့မြင်ပြုနေသည့် စိတ်သဘောထားကို လှစ်ဟပြသလာခဲ့သည် “ အထဲကိုဝင်၊ အနောက်မြောက်ဘက်ကို မိုင်တစ်ထောင်လောက် ပျံသွားလိုက်၊ မင်းရဲ့ သခင်ဖြစ်တဲ့ မြစ်နဂါးမျိုးနွယ်စုဆီကို ရောက်သွားလိမ့်မယ် “

ရှုကျိုး၏ တံဆိပ်ပြားကို မြင်လိုက်ရသောအခါတွင် ၎င်းသည် တစ်ဖက်လူက ငွေဦးချိုမြစ်နဂါး မျိုးနွယ်စု၏ လက်အောက်ခံဖြစ်သည်ဟုသာ အထင်မှားသွားခဲ့သည်။

သွေးနှောသားရဲကောင် ဖြစ်နေသည့်အတွက် အကယ်၍ ၎င်းက စတုတ္ထအဆင့်သို့ ရောက်ရှိနေမည်ဆိုလျှင်တောင်မှ ကျားသားရဲကြီးသည် နတ်နဂါးသားရဲကြီးကို မည်သို့မှ မလေးစားတော့ပေ။

ထို့အပြင် လက်အောက်ခံများသည် အမြှောက်စာများအဖြစ်သာ အဆက်အဆံခံခဲ့ရပြီး၊ ၎င်းတို့သည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲတွင် အဆင့်အနိမ့်ဆုံးသော တည်ရှိုမှုဖြစ်သည်။

နတ်နဂါးသားရဲကြီးသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့ပြီး၊ အေးအေးလူလူ မေးမြန်းလိုက်သည် “ မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေက ဘယ်မှာလဲ? “

သူသည် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေအတွက်ကြောင့်သာ ဤနေရာသို့ ရောက်လာရခြင်း ဖြစ်သည်။

ထိုနေရာတွင် အဆုံးမဲ့ သတ်ဖြတ်မှုများနှင့် သွေးစွန်းသော ဖြစ်ရပ်များ ဆက်တိုက် ပေါ်ထွက်နေသည်ဟု ဆိုကြသည်။

မသေမျိုးနတ်နဂါးသားရဲကြီး အတွက်မူ ၎င်းသည် သူ့ကိုယ်သူ တိုးတက်အောင် ပြုလုပ်ရန်အတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော နေရာတစ်ခုဖြစ်သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 374 )

စွမ်းရည်အသစ် ရရှိခြင်း ၃

ကျားသားရဲကြီးသည် မျက်မှောင်ကြုတ်သွားကာ ပြောလာခဲ့သည် “ မင်းက မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေကို တိုက်ရိုက်သွားချင်နေတာလား? အဲ့တာအတွက် မင်းသခင်မိသားစုရဲ့ သဘောတူညီချက် လိုလိမ့်မယ်။ အဲ့လိုမှ မဟုတ်ဘဲ ပင်မမိသားစုရဲ့ ကာကွယ်ပေးမှု မရှိဘူးဆိုရင် မင်းမြန်မြန် သေသွားလိမ့်မယ် “

မြစ်နဂါးမျိုးနွယ်စုရဲ့ သဘောတူညီချက်ကို ယူရမှာလား?

နတ်နဂါးသားရဲကြီး၏ မျက်လုံးများ တိတ်တဆိတ် လှုပ်ခတ်သွားခဲ့သည်။

သူသည် မြစ်နဂါးမျိုးနွယ်စုက ငွေဦးချိုမြစ်နဂါးကြီး၏ သေဆုံးမှုကို သိထားသည်မှာ အချိန်အတော်ကြာနေပြီဟု မှန်းဆမိနေခဲ့သည်။

အကယ်၍ သူကသာ မြစ်နဂါး မျိုးနွယ်စုဆီသို့ သွားမည်ဆိုပါက ထောက်ချောက်ထဲ တိုးဝင်သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

“ စိတ်ပူစရာ မလိုပါဘူး၊ ငါ့ကိုသာ ပြောပြလိုက်ပါ “ နတ်နဂါးသားရဲကြီးသည် တစ်ဖက်လူက သဘောမတူဘဲ နေနေမည်ကို စိုးရိမ်သောကြောင့် ထပ်ဖြည့်ပြောလာခဲ့သည် “ အဲ့တာက ငါ့ကို တမန်တော် လုပ်ခိုင်းခဲ့တဲ့ အရာပဲ “

ကျားသားရဲကြီးသည် တစ်ခဏခန့် တွေးတောစဥ်းစား၍ ခေါင်းငြိမ့်ပြလာခဲ့သည် “ အရှေ့ဘက်ကို မိုင်သုံးသောင်းလောက်အထိ ပျံသွားလိုက်၊ မီးလျှံတောင်တန်းကို ကျော်ရင် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေကို ရောက်ပြီ “

“ ကျေးဇူးတင်ပါတယ် “

နတ်နဂါးသားရဲကြီးသည် တောင်ပံများကို ဖြန့်ကာ အရှေ့ဘက်သို့ ပျံသန်းသွားတော့သည်။

ကျားသားရဲကြီးသည် ၎င်း၏ ပုံရိပ်ကို ကြည့်ကာ လှောင်ပြောင်ပြောဆိုနေတော့သည် “ ကြည့်ရတာတော့ တမန်တော်ကို မျက်စိဆံပင်မွှေးစူးသွားအောင် လုပ်ခဲ့တဲ့ပုံပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူ့ကို အသေခံဖို့ လွှတ်လိုက်မှာ မဟုတ်ဘူး “

မျိုးနွယ်စုတစ်သောင်း တိုက်ပွဲနယ်မြေသည် အဆုံးမဲ့ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်ပြီး၊ ပင်မမျိုးနွယ်စု၏ ကာကွယ်ပေးမှုသာ မရှိဘူးဆိုပါက အဆင့်နိမ့် သွေးနှောသားရဲများသည် ထိုနယ်မြေထဲတွင် တစ်ရက်အတွင်း သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

ကျားသားရဲကြီးသည် ထိုကဲ့သို့သော ဖြစ်ရပ်များနှင့် နေသားကျနေခဲ့ပြီးသားဖြစ်သည်၊ ၎င်းမှာ သူနှင့် မည်သို့မျှ မဆက်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်။

“ ဒါနဲ့ နဂါးနဲ့ ဖီးနစ်မျိုးနွယ်စုတွေလို ထိပ်သီးအင်အားစုတွေက သူတို့ရဲ့ မျိုးဆက်တွေကို တိုက်ပွဲနယ်မြေထဲ စေလွှတ်ထားတယ်လို့ ကြားခဲ့ရတယ် “

ကျားသားရဲကြီးသည် အဆင့်ဇယားကို ငေးကြည့်ကာ လွမ်းမောတမ်းတမိသွားခဲ့သည် “ ဒီတစ်ခေါက် ပထမနေရာကတော့ နဂါးနဲ့ ဖီးနစ်မျိုးနွယ်စုထဲက တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ် “

…

နတ်နဂါးသားရဲကြီးသည် ၎င်း၏ ခရီးစဥ်အသစ်ကို အစပျိုးနေခဲ့ပြီဖြစ်သည်။

ထိုစဥ် ကွမ်ဟန်ရှိ ရှုကျိုး၏ တိုက်ပွဲမှာလည်း အဆုံးသတ်အချိန်နှင့် နီးကပ်နေခဲ့ပြီဖြစ်သည်။

“ ဗွီ !! “

ကောင်းကင်ထက်တွင် ကြီးမားသော ရွှေရောင်စည်းတံဆိပ်ကြီးတစ်ခု ဖြစ်တည်လာခဲ့ကာ၊ တိုက်ပွဲနယ်မြေထဲရှိ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အကုန်လုံးကို ချက်ချင်းသတ်ဖြတ်သွားခဲ့သည်။

ရှုကျိုးသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး၊ အောက်ဘက်ရှိ အရိုးစုပုံကြီးကို ကြည့်ကာ စိတ်ကျေနပ်သွားခဲ့သည် “ လူသားဧကရာဇ် စည်းတံဆိပ်က ကိစ္စကို ပိုပြီးတော့ လွယ်သွားအောင် လုပ်ပေးနေတာပဲ “

“ ဆက်တိုက် သတ်နေခဲ့ပြီးတဲ့နောက်မှာ အခုဆိုရင် ငါက တတိယအဆင့်နယ်ပယ်က ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အယောက် ၂၀၀၀ကျော်ကို သတ်ထားနိုင်ပြီ၊ အဆင့်၄ ပညာရှင် ဆယ်ယောက်ကျော်လည်း သတ်ထားသေးတယ် “

ရှုကျိုးသည် ဤသတ်ဖြတ်မှုလမ်းကြောင်းကို ပြန်၍ စဥ်းစားသုံးသပ်ကာ အနည်းငယ် မောပန်းနေပြီဟုပင် ခံစားသွားခဲ့ရသည်။

နေ့ရက်ပေါင်းများစွာ ဆက်တိုက်တိုက်ပွဲဝင်နေခဲ့ရခြင်းသည် သူ့အား ပင်ပန်းနွမ်းနယ်သွားစေခဲ့သည်။

“ ပီ ပီ ပီ !!! “

ထိုအချိန်တွင် စကားပြောစက်သည် ရုတ်တရက် အော်မြည်လာခဲ့သည်။

“ ဟမ်? “ ရှုကျိုးသည် စကားပြောစက်ကို ထုတ်ယူကာ ကြည့်လိုက်သည် “ တပ်မှူးဂျယ်ရီဆီကလား? “

သူသည် ခေါ်ဆိုမှူလက်ခံလိုက်ကာ တလေးတနက် ဖြစ်သွားတော့သည်။

“ နယ်မြေ၄၅က တိုက်ပွဲစတော့မှာလား? ကောင်းပြီလေ၊ ကျွန်တော် အဲ့ကို ချက်ချင်းလာခဲ့မယ် “

စကားပြောစက်ကို ပိတ်လိုက်ပြီးသည့်နောက်တွင် ရှုကျိုးသည် အရှေ့သို့ကြည့်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ဒီတိုက်ပွဲပြီးတာနဲ့ လေ့ကျင့်ရေး ခရီးစဥ်ကလည်း ပြီးသွားလောက်ပြီ “

သူ၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

…

ရှုကျိုးထွက်သွားပြီး သိပ်မကြာခင်မှာ အချိန်မှာပင်

သူ၏ နေရာတွင် ပုံရိပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ရှည်လျားသော ဆံပင်နှင့် တောက်ပသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားခဲ့သည်။

သူ၏ အရှိန်အဝါသည် အပြည့်အဝ ထိန်းချုပ်ခံထားရပြီး၊ အနည်းငယ်မျှပင် ယိုဖိတ်မနေခဲ့ချေ။

အကယ်၍ ဂျယ်ရီယန်ကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက သူသည် ဤလူကို မှတ်မိနေလိမ့်မည် ဖြစ်သည်။

သူသည် ကမ္ဘာ့ကြယ်ဘက်မှ နာမည်ကြီး ပါရမီရှင်၊ ဆဌမအဆင့်နယ်ပယ်မှ ပါရမီရှင် လန်ယုပင် ဖြစ်သည်။

ဤအချိန်၌ လန်ယုသည် အပေါက်များဖြင့် ပြည့်နှက်နေသည့် မြေပြင်ကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ဖရူးးးး ~~ “

သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ သူ့အရှေ့ရှိ ဟင်းလင်းပြင်တွင် လျှို့ဆန်းကြယ်သော စွမ်းအင်မှုန်လေးများ စုဝေးလာခဲ့ပြီး၊ ရွှေရောင်အရည်ထုကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

လန်ယုသည် ၎င်းကို လက်ယပ်ခေါ်ကာ သူ၏နှာခေါင်းနားတွင် တေ့၍ အနံ့ကို ရှူကြည့်လိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ မျက်လုံးများ အေးစက်သွားတော့သည် “ ရှေးဟောင်း တားမြစ်ချက်ပဲ၊ ရှေးဧကရာဇ်ရဲ့ အမွေဆက်ခံသူ ပေါ်လာပြီလား? “

လန်ယုသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ၊ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

“ ရှေးဧကရာဇ်ရဲ့ အမွေခံ ပေါ်လာပြီ၊ သူ့ကို ဆက်ပြီးတော့ ကြီးထွားခွင့်ပေးလို့ မဖြစ်ဘူး။ သူ့ကို ရှင်းပစ်မှ ဖြစ်မယ် “

ကြယ်ပြာဂြိုဟ်ပေါ်၌ မည်သည့်အမွေအနှစ်ပင် ရှိနေပါစေ၊ ရှေးဧကရာဇ်၏ အမွေဆက်ခံသူအပေါ်တွင် ထားရှိသည့် သဘောထားများကမူ ဟိုယခင်အချိန်များကတည်းက အလွန်စည်းလုံးလေ့ရှိခဲ့သည်။

ဆိုလိုသည်မှာ သူတို့၏ ရေသောက်မြစ်ကို ဖြတ်တောက်ပါ၊ မျိုးနွယ်စုကို သုတ်သင်ပါ၊ အနာဂတ်တွင် ပေါ်လာနိုင်သည့် ကြိုးစများကို ဖယ်ရှားရမည်ပင် ဖြစ်သည်။

( စည်းလုံးလို့ အဲ့လူ အရွယ်မရောက်ခင်မှာ ဖယ်ရှားရမယ်ဆိုပြီး လန်ယုက တွေးနေတာပါ )

လန်ယု၏ အမူအရာသည် အလွန်တရာ အေးစက်သွားခဲ့သည်၊ ထို့နောက်တွင် သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့ကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

…………………………………………………………………………………………………………………………………..

အပိုင်း ( 375 )

နောက်ဆုံးတိုက်ပွဲ

တိုက်ပွဲနယ်မြေ ၄၅

ထိုအချိန်တွင် စစ်တပ်နှစ်စလုံးသည် ထိပ်တိုက်ရင်ဆိုင်မှုကို စတင်လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သည်။

ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ် တပ်စခန်းတို့သည် မိုင်ငါးဆယ်အကွာတွင် စခန်းချထားကြပြီး၊ အချိန်မရွေး ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

ကြယ်ပြာဂြိုဟ် တပ်စခန်းဘက်တွင်မူ

တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့် ဗစ်ခရမ်သည် တိုက်ပွဲအစီအရင်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့သည်။

ထိုအချိန်တွင် တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်စုနှင့် နှောင်းပိုင်း တတိယအဆင့် ပညာရှင်များသည် သူ့အနားတွင် ဝိုင်းရံကာ တိုက်ပွဲအစီအရင် ရေးဆွဲရာတွင် ကူညီပေးနေခဲ့သည်။

သို့ရာတွင် ဗစ်ခရမ်၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့သည် “ ဒီတစ်ခါကံက တော်တော်ဆိုးတာပဲ၊ နယ်မြေ၄၅က တိုက်ပွဲ တော်တော်နည်းနေတယ်၊ ငါ ရန်သူအများကြီးကို မသတ်ရတော့ဘူး “

သူသည် အဆင့်ဇယားပေါ်ရှိ ရှုကျိုးကို မြင်တွေ့ခဲ့ပြီး၊ သူ၏မှတ်တမ်းများသည် အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။

ရှုကျိုးသည် ထွက်သွားသည့် နေ့မှစ၍ ဆက်တိုက်သတ်ဖြတ်နေခဲ့ရာ ယခုတွင် သူသတ်ဖြတ်ထားသည့် လူများသည် တတိယအဆင့် ပညာရှင် အယောက် ၂၀၀၀ကျော် ရှိနေပြီဖြစ်ပြီး၊ ပို၍ အံ့ဖွယ်ကောင်းသည်မှာ စတုတ္ထအဆင့် နယ်ပယ်မှ ပညာရှင်တစ်ဒါဇင်ကျော်ကို သတ်ထားခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော ရလဒ်မျိုးသည် အဆင့်ဇယားပေါ်ရှိ ထိပ်တန်းဆယ်ဦးအဆင့်ဝင်သူများ၏ မှတ်တမ်းများ ပေါင်းစည်မှုကပင် ရှုကျိုးလောက် များပြားနေလိမ့်မည် မဟုတ်ပေ။

“ ဘာမှ မဟုတ်သလိုမျိုး သတ်နေတာပဲ “

ထိုအချိန်၌ ဗစ်ခရမ်၏ စိတ်ထဲတွင် ထိုစာကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ဆင်ဖြူနိုင်ငံမှ တစ်ခြားသော ပညာရှင်များမှာလည်း စိတ်မသက်မသာ ဖြစ်နေကြသည်။

သူတို့သည် ရန်ပြည်ထောင်၏ ယခုနှစ် ခေါင်းဆောင်က ကြက်ကလေး၊ ငှက်ကလေးသာ ဖြစ်သည်ဟုသာ ပြောခဲ့ဖူးသည်၊ ထိုအချိန်က အော်ကျယ်ကျယ် ပြောခဲ့လေလေ၊ ယခုတွင် ပို၍အရှက်ရရလေလေပင် ဖြစ်သည်။

ရှုကျိုး၏ တောက်ပသော တိုက်ပွဲမှတ်တမ်းများနှင့် ယှဥ်လိုက်မည်ဆိုပါက၊ သူတို့၏ အစွမ်းအထက်ဆုံး ပါရမီရှင်ဖြစ်သည့် ဗစ်ခရမ်ကမူ အဆင့် ၇တွင်သာ ရှိနေခဲ့ပြီး၊ တတိယအဆင့် အထွတ်အထိပ် တစ်ဒါဇင်ကျော်မျှသာ သတ်ဖြတ်ရသေးသည်။

၎င်းသည် နယ်မြေ၄၅သို့ မရောက်ခင် အချိန်ကတည်းက ရရှိထားသည့် မှတ်တမ်းဖြစ်သည်။

ဤနယ်မြေထဲသို့ ရောက်လာခဲ့သည့် အချိန်ကတည်းက သူတို့သည် မည်သည့်တိုးတက်မှုမှ မရှိသလောက်နီးပါး ဖြစ်ခဲ့ရသည်။

၎င်းမှာ နယ်မြေ၄၅ရှိ ရန်သူများက အလွန်တရာ အစွမ်းထက်လွန်းနေသောကြောင့်လည်း ဖြစ်သည်။

စတုတ္ထအဆင့် ပညာရှင်နှစ်ဦးနှင့် တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက် ၅၀ကျော် ပေါင်းစည်းထားသည့် အင်အားစုသည် အနိမ့်ပိုင်း သုံးဆင့်နယ်ပယ်၏ တိုက်ပွဲတွင် ကမ္ဘာ့ကြယ်၏ အတောင့်တင်းဆုံး လူစာရင်းပင် ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ဤနယ်မြေရှိ ရန်သူ့တပ်စခန်းသည် စစ်နယ်မြေအားလုံး၏ ဘုရင်ပင် ဖြစ်သည်။

ဗစ်ခရမ်သည် ကောင်းကင်ကို မော့ကြည့်ကာ ဟိတ်ဟန်ထုတ်လိုက်သည် “ အဆင့်မြင့်နေတယ်ဆိုတော့ရော ဘာဖြစ်လဲ? ဒီနယ်မြေကို ပြန်မလာရဲဘဲနဲ့၊ အားနည်းတဲ့ ရန်သူတွေကိုပဲ ကိုင်တွယ်တတ်တာကိုးများ “

ဝှစ် !!

သူ့စကားဆုံးသွားသည့် အချိန်မှာပင်၊ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

အလင်းတန်းသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ကြယ်ပြာဂြိုဟ် စစ်တပ်စခန်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။

“ ခေါင်းဆောင်၊ သူ …….. ကြည့်ရတာတော့ သူပြန်လာပြီလို့ ထင်တယ် “

ဗစ်ခရမ်ဘေးနားရှိ လူတစ်ဦးသည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလာခဲ့သည်။

“ ပါးစပ်ပိတ်ထား !!! ငါ မကန်းသေးဘူး “

ဗစ်ခရမ်မှ အော်ငေါက်လာခဲ့ပြီး၊ ထို့နောက်တွင် မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် အရှေ့သို့ လှည့်ကြည့်လာခဲ့သည်။

“ အဲ့ဒီခွေးကောင်က တကယ်ကြီးကို ပြန်လာတာလား? “

ရှုကျိုး ပြန်လာသည်ကို မြင်လိုက်ရသောအခါတွင် သူလုံးဝ မပျော်တော့ပေ၊ သူသည် သူ၏ ကျော်ကြားမှုများက ထပ်မံ၍ လုယူခံလိုက်ရတော့မည်ဟု ထင်သွားခဲ့သည်။

ဆင်ဖြူနိုင်ငံမှ ပါရမီရှင်တစ်စု၏ အမူအရာမှာလည်း အမျိုးမျိုး ပြောင်းလဲနေခဲ့သည်၊ သူတို့သည် ရှုကျိုးက ဤနေရာသို့ မလာရဲဘူးဟု ထင်နေခဲ့ကြသော်လည်း၊ စစ်ပွဲစသည့်အချိန်တွင် သူပေါ်လာခဲ့လေသည်။

ရှုကျိုးသည် ထိုလူများကို လျစ်လျူရှုကာ တဲအတွင်းသို့ တိုက်ရိုက် ဝင်သွားတော့သည် “ တပ်မှူးဂျယ်ရီ “

တဲအတွင်းရှိ ဂျယ်ရီယန်သည် ရှုကျိုး ပြန်လာသည်ကို မြင်လိုက်ရသောအခါတွင် ဝမ်းသာအားရ မတ်တပ်ထရပ်လာခဲ့သည် “ ညီအစ်ကိုရှု၊ မင်းက အချိန်မှီ ပြန်ရောက်လာတာပဲ “

ရှုကျိုးသည် ပြုံးပြ၍ ထိုင်ချလိုက်သည် “ တပ်မှူး၊ အခုလက်ရှိ အခြေအနေက ဘယ်လိုရှိလဲ? “

ဂျယ်ရီယန်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ မနေ့ကတည်းက ရန်သူ့စခန်းဘက်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေပြီးတော့ အင်အားစုတွေ ဆင့်ခေါ်နေတာကို ငါတို့ ရှာတွေ့ခဲ့တယ်၊ ကြည့်ရတာတော့ ငါတို့ကို စစ်ကြေညာဖို့ ပြင်ဆင်နေတဲ့ပုံပဲ “

ရှုကျိုး အတွေးနက်သွားတော့သည် “ ကြည့်ရတာတော့ ကမ္ဘာ့ကြယ်ဘက်က လူတွေက သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ ရုန်းကန်မှုကို လုပ်ချင်နေတာထင်တယ် “

“ အဲ့တာက ဘာကြီးလဲ? “ ဤတစ်ကြိမ်တွင် ဂျယ်ရီယန် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်က တစ်ခြားစစ်နယ်မြေတွေကို လွတ်မြောက်နယ်မြေဖြစ်အောင် ကူတိုက်ပေးခဲ့တယ်လေ၊ ကွမ်ဟန်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကလည်း မဟာဗျူဟာတွေအရ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာတယ်။ လွတ်မြောက်နယ်မြေတွေက တစ်ခြား စစ်နယ်မြေတွေကို ကူညီပေးနေပြီးတော့ ကွင်းဆက်တုံ့ပြန်မှုအခြေအနေကို ဖြစ်ပေါ်စေခဲ့တယ် “

“ အခုဆိုရင် ကျုပ်တို့ရဲ့ သိုင်းပညာရှင်တွေက စစ်နယ်မြေ အကုန်လုံးမှာ ရှိတဲ့ ကမ္ဘာ့ကြယ် တပ်စခန်းတွေ အကုန်လုံးကို ဝိုင်းရံပြီးတော့ ကွမ်ဟန်ကနေ ကမ္ဘာ့ကြယ်သားတွေကို မောင်းထုတ်နိုင်ဖို့ ပြင်ဆင်နေကြတယ် “

“ ကမ္ဘာ့ကြယ်ဘက်မှာတော့ သူတို့က ဒီလိုအခြေအနေမျိုးကို မမြင်ခဲ့ဖူးဘူး၊ အဲ့တာကြောင့် သူတို့က ကျုပ်တို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပြီးတော့ သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး ရုန်းကန်မှုမျိုးကို လုပ်လာကြလိမ့်မယ် “

ရှုကျိုးမှ ဖြည်းဖြည်းချင်း ပြောပြနေခဲ့သည် “ နယ်မြေ၄၅က ကမ္ဘာ့ကြယ် တပ်စခန်းတွေထဲမှာ အားအကောင်းဆုံး တပ်စခန်းပဲ၊ သူတို့က ဒီစစ်နယ်မြေကို နောက်ဆုံးနယ်မြေအဖြစ် သတ်မှတ်ပြီးတော့ ကျုပ်တို့နယ်မြေတွေထဲကို တိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး လုပ်လာကြမှာပဲ “

၎င်းကို ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန်၏ အမူအရာသည် ချက်ချင်း တင်းမာသွားခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက သူ့ထံတွင် အဆိုပါ အခြေအနေနှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်တစ်ချို့ ရှိနေခဲ့သည်။

သူသည် ရှုကျိုးကဲ့သို့ စစ်နယ်မြေများကြားတွင် ကူးလူးမသွားလာနိုင်သောကြောင့်သာ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရခြင်း ဖြစ်သည်။

ယခု ရှုကျိုးထံမှ ကြားလိုက်ရသောအခါတွင် သူသည် နိုးနိုးကြားကြား ဖြစ်သွားတော့သည်။

နယ်မြေ၄၅သည် အဓိက တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။

ဂျယ်ရီယန်၏ စိတ်နှလုံးသား လေးလံသွားခဲ့သည် “ စစ်ကူလွှတ်ပေးဖို့အတွက် တစ်ခြားနယ်မြေတွေကို ဆက်သွယ်လိုက်မယ်၊ သူတို့ရောက်လာတဲ့ အချိန်အထိ တောင့်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ရမှာပဲ “

ရှုကျိုးမှ ပြုံးပြလိုက်သည် “ စိတ်ပူနေဖို့ မလိုပါဘူး၊ တကယ်လို့ ရန်သူက တိုက်ခိုက်လာမယ်ဆိုရင်တောင်မှ၊ ကျွန်တော်ရှိနေရင် ဒီခံစစ်က လုံးဝကျိုးပေါက်သွားမှာ မဟုတ်ဘူး “

ဂျယ်ရီယန်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ ရှုကျိုး၏ တိုက်ပွဲရလဒ်များကို အမှတ်ရသွားကာ အနည်းငယ် စိတ်ချမ်းသာသွားခဲ့သည်။

သို့ရာတွင် ထိုအကြောင်းကို တွေးမိသွားသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့လေသည် “ ညီအစ်ကိုရှု၊ မင်းက အဆင့်၃ ပညာရှင် အယောက်နှစ်ထောင်ကျော်ကို ဘယ်လိုသတ်ခဲ့တာလဲ? အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ? “

အဆိုပါ မှတ်တမ်းသည် စစ်နယ်မြေများစွာရှိ တပ်မှူးများကို တအံ့တဩဖြစ်သွားစေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းက မယုံနိုင်စရာကောင်းနေသောကြောင့် ဖြစ်သည်။

လူတစ်ဦးတည်း၏ အင်အားဖြင့် တတိယအဆင့် ပညာရှင် အယောက် ၂၀၀၀ကျော် သတ်ဖြတ်ခြင်း ………. ၎င်းမှာ ရူးသွပ်ဖွယ်ကောင်းလွန်းလှသည်။

ရှုကျိုးမှ အပြုံးဖြင့် ပြောလာခဲ့သည် “ အဲ့တာအတွက်ကတော့ ခင်ဗျားကို ကျေးဇူးတင်ရမှာပဲ၊ ခင်ဗျားပေးခဲ့တဲ့ မြေပုံသာ မရှိဘူးဆိုရင် ကျွန်တော်က စစ်နယ်မြေအမျိုးမျိုးမှာရှိတဲ့ ရန်သူ့တပ်စခန်းတွေကို လွယ်လွယ်ကူကူ ရှာနိုင်ခဲ့မှာ မဟုတ်ဘူး “

၎င်းကို ပြောနေရင်းဖြင့် သူသည် လက်ချောင်းများ ထောင်ကာ ရေတွက်နေတော့သည် “ အခုအထိတော့ ကျွန်တော်က ရန်သူ့တပ်စခန်း ဆယ်ခုကျော် ဖျက်ဆီးထားခဲ့ပြီးပြီ “

၎င်းကို ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန်သည် အံ့ဩတကြီး ဖြစ်သွားရတော့သည် “ ဒီတိုက်ပွဲမှတ်တမ်းတွေ ရလာတာက ရန်သူ့တပ်စခန်းတွေကို မင်းတစ်ယောက်တည်း ချေမှုန်းခဲ့လို့လို့ ပြောနေတာလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ ဟူးးးး “

ဂျယ်ရီယန်သည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေရတော့သည် “ ဒါကြီးက …… ကြောက်ဖို့ကောင်းတာထပ်တောင် ပိုသွားပြီ “

ဤအချိန်တွင် ရှုကျိုးကို ကြည့်နေသည့် သူ၏ မျက်လုံးများထဲတွင် အံ့ဩမှုနှင့် လေးစားမှုတို့ ပြည့်နှက်လာခဲ့ကာ၊ အကြည့်များ ပြောင်းလဲသွားတော့သည်။

ကမ္ဘာ့ကြယ် တပ်စခန်းဆယ်ခုကျော်ကို တစ်ကိုယ်တော် ဖယ်ရှားခြင်း !!!

၎င်းအား မချိုးဖျက်နိုင်သော မှတ်တမ်းဟု ပြောဆိုလျှင်တောင်မှ လွန်ရာကျမည် မဟုတ်ပေ၊ ၎င်းသည် အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့သည်။

All Chapters