← Chapters

ကျွန်မတို့ မနက်ဖြန်လက်ထပ်ရတော့မယ်

Vol. 20 Ch. 270

ကျွန်မတို့ မနက်ဖြန်လက်ထပ်ရတော့မယ်

Vol. 20 Ch. 270

အခန်း (၂၇၀) ကျွန်မတို့ မနက်ဖြန်လက်ထပ်ရတော့မယ်

သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ၏တည်နေရာကို ထိုးဖောက်ကြည့်ရှုနေကြောင်း သိလိုက်ရသည်။ သို့သော် ထိုသူ၏ တည်နေရာကိုတော့ သိရှိရခြင်း မရှိပေ။

ခါတိုင်းဆိုလျှင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သူ့ကို စိုက်ကြည့်နေသူများ၏ တည်နေရာကို ညွှန်ပြပေးလေ့ရှိသည်။ ယခုတော့ ညွှန်ပြနိုင်ခြင်း မရှိခဲ့ပေ။

ဖြစ်နိုင်ခြေ (၂)ခု ရှိသည်။

တစ်ဖက်လူက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသောကြောင့်လည်း ဖြစ်နိုင်သလို တစ်ဖက်လူ၏ တည်နေရာက အလွန်ဝေးကွာသောကြောင့်လည်း ဖြစ်နိုင်သည်။

ကျန်းလန်၏ လက်ရှိတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် တစ်ဖက်လူက အလွန်ဝေးကွာသည့် နေရာတွင် ရှိနေပါက တည်နေရာကို ရှင်းလင်းပြတ်သားစွာ သိရှိနိုင်မည် မဟုတ်ပေ။

သူ့ကို စောင့်ကြည့်နေသူက မည်သူများ ဖြစ်နိုင်မည်လဲ။

နတ်လူသားမျိုးနွယ်များ ဖြစ်နိုင်သလို နတ်မိစ္ဆာများလည်း ဖြစ်နိုင်ခြေရှိသည်။ တစ္ဆေတိုင်းပြည်ကတော့ ထိုသို့ ပြုလုပ်လိမ့်မည်မလုပ်ဟု ထင်ရသော်လည်း အတိအကျတော့ ပြော၍မရပြန်ပေ။

ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက အဆက်မပြတ်လှည့်ပတ်နေပြီး တစ်ဖက်လူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုပင် ထိုးဖောက်ကြည့်နေကြောင်း လက္ခဏာများ ပြသနေသည်။

တစ်ဖက်လူက ကျန်းလန်ကို အာရုံခံကြည့်ရှုနိုင်ရန်အတွက် သာမန်မဟုတ်ဘဲ ထူးခြားသည့်မှော်ဝင်စ္စည်းတစ်ခုကို အသုံးပြုနေဟန် ရှိသည်။

မှော်ဝင်ပစ္စည်းများအသုံးပြုသည်ဆိုလျှင် နတ်လူသားမျိုးနွယ်များထက် နတ်မိစ္ဆာများ ပိုပြီး ဖြစ်နိုင်ခြေရှိသည်။ သူ့ကို အာရုံခံကြည့်နေခြင်းထက် သူရရှိထားသည့် နတ်ဘုရားရာထူးကို အာရုံခံကြည့်နေခြင်း ဖြစ်နိုင်သည်။

နတ်မိစ္ဆာများသည်လည်း 'ဧကရာဇ်ချုန်းကိုး' ဆိုသည့် နတ်ဘုရားရာထူးတစ်ခု ရရှိထားလေရာ 'လက်သီးနတ်ဘုရား' ၏ တည်ရှိမှုကို သေချာပေါက် အာရုံခံမိပေမလိမ့်မည်။

သို့သော် သူတို့က 'လက်သီးနတ်ဘုရား' မည်သည့်နေရာတွင် ရှိနေသည်ကိုတော့ အတိအကျ သိရှိဟန် မတူပေ။

"ဧကရာဇ် ရှီးဟယ်က ငါ ခွန်လွန်တောင်မှာ ရှိနေရင် သူသိတယ်လို့ ပြောထားတယ် ၊ ဒါဆိုရင် အခြားနတ်ဘုရားရာထူးရှိတဲ့သူတွေလည်း ငါ့ တည်နေရာကို သိနိုင်မလား မသိဘူး"

ကျန်းလန် တွေးလိုက်သည်။

"ဒါပေမဲ့ အခု ငါ့ကို အာရုံခံကြည့်နေတဲ့သူတွေက ငါရှိတဲ့နေရာကို လိုက်ရှာနေတာပဲ ၊ သူတို့က နတ်မိစ္ဆာတွေသာဆိုရင်တော့ ငါ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို မသိလောက်သေးဘူး ၊ ဒါဆိုရင် ငါ့ရထားတဲ့ နတ်ဘုရားရာထူးရဲ့ တည်နေရာကို လူအတော်များများက မသိသေးဘူးပေါ့ ၊ ဒီကိစ္စတွေကို ငါတော့ သိပ်နားမလည်ဘူး ၊ ဧကရာဇ်ရှီးဟယ်ကပဲ နားလည်နိုင်မယ်ထင်တယ်"

ကျန်းလန် ဖြစ်နိုင်ခြေအရှိဆုံးများကို ခန့်မှန်းကြည့်လိုက်သည်။

သို့သော် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူ့အကြောင်းလျှို့ဝှက်ချက်များ ပေါ်သွားမည်ကို စိတ်ပူပန်ခြင်း အလျဉ်းမရှိပေ။

ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ပစ်မှတ်ထားစောင့်ကြည့်ခြင်းခံရသည်ကတော့ အန္တရယ်များသည်ဟု ဆိုရမည်။

လက်ရှိတွင်တော့ တစ်ဖက်လူက သူ၏တည်နေရာကိုသာ ခန့်မှန်းနေခြင်းဖြစ်ပြီး တိကျသည့်အချက်အလက်များကို သိရှိခြင်း မရှိသေးပေ။

သို့သော် 'လက်သီးနတ်ဘုရား' ဆိုသူက ခွန်လွန်တောင်တွင် တည်ရှိကြောင်းကို ရက်အနည်းငယ်အတွင်း သိရှိသွားမည် ဖြစ်သည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်သည်။

တန်ခိုးစွမ်းအားမြင့်မားလာစေရန် အမြန်ဆုံးကျင့်ကြံသည်မှလွဲပြီး သူ့တွင် အခြားလုပ်စရာမရှိပေ။

ထို့နောက် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို မရဏဂူထဲမှ အပြင်သို့ ပြန်လည်ယူဆောင်လာခဲ့သည်။

ယနေ့က ရှောင်ယွိရောက်လာမည်ဖြစ်လေရာ သူမကို အဖော်ပြုပေးရမည့်နေ့ရက် ဖြစ်သည်။

ခြံဝန်းဆီ ရောက်လာသည်နှင့် သစ်ကိုင်းတစ်ကိုင်ကို မမီတမီဖြင့် ခုန်ဖမ်းနေသည့် မိန်းကလေးငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ကျန်းလန်ရောက်လာတော့ မိန်းကလေးငယ်က သူ့ထံ အကြည့်များရွှေ့လာပြီး စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလာသည်။

"ဂိုဏ်းတူမောင်လေး... ကျွန်မ အရပ်နည်းနည်းမြင့်လာတယ် မဟုတ်လား"

"နဂိုအတိုင်းပဲ ၊ တစ်လက်မတောင် အရပ်မြင့်မလာဘူး"

ထိုစကားကို ကျန်းလန် စိတ်ထဲမှ ပြန်ပြောလိုက်ခြင်းပင်။

ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို နေရာချထားပြီးနောက် ကျန်းလန်က ရှောင်ယွိကို တိုးတိတ်သည့်လေသံဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူအစ်မ... ဒီနားလာခဲ့ပါလား"

ရှောင်ယွိက ခေါင်းလေးကိုအသာစောင်းငဲ့ရင်း ကျန်းလန်ကို စိတ်ရှုတ်ထွေးဟန်ဖြင့် ကြည့်သည်။

ထို့နောက် သူမက ကျန်းလန်အနားသို့လျှောက်လာပြီး…

"ဂိုဏ်းတူမောင်လေး... ဘာလုပ်မလို့လဲ"

ကျန်းလန်က ရှောင်ယွိအတွက် နေရာဖယ်ပေးလိုက်ရင်း…

"ဒီနားမှာခဏရပ်နေ..."

ရှောင်ယွိက မတ်တတ်ရပ်နေစဉ် ကျန်းလန်က စကားဆက်ပြောသည်။

"မျက်လုံးမှိတ်လိုက်..."

ရှောင်ယွိ ပဟေဠိဖြစ်နေသော်လည်း မျက်လုံးများကို အသာမှေးမှိတ်လိုက်သည်။ သူမ၏ဂိုဏ်းတူမောင်လေး နောက်ထပ်ဘာလုပ်မည်ကို သူမ သိချင်နေမိသည်။

ထို့နောက် ကျန်းလန်၏အသံ ထပ်မံထွက်ပေါ်လာသည်။

"စိတ်ကို တည်ငြိမ်အောင်ထားပြီး ပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်"

မကြာမီ ပတ်ဝန်းကျင်ရှိ ခြံဝန်းတစ်ခုလုံး အသွင်ပြောင်းလဲသွားပြီး နာမ်ဝိညာဉ်ခြံဝန်းကြီးအတွင်းသို့ ရှောင်ယွိ ရောက်ရှိသွားလေသည်။

ခြံဝန်းထဲတွင် ပန်းပင်များ ၊ သစ်ပင်များနှင့် သာယာလွန်းပြီး ရေခဲပုစဉ်းရင်ကွဲများပင် ပျံသန်းလျှက် ရှိကြသည်။

ရှောင်ယွိ ပဟေဠိဖြစ်နေဆဲမှာပင် ရေခဲပုဇဉ်းရင်ကွဲတစ်ကောင်က သူမထံ ရုတ်တရက် ပျံသန်းလာသည်။ ရှောင်ယွိ လန့်သွားပြီး မျက်လုံးအပြူးသားလေးဖြင့် ရှောင်တိမ်းရန် ဟန်ပြင်လိုက်သည်။

သို့သော်…

"ဘုတ်"

ရေခဲပုစဉ်းရင်ကွဲက ရှောင်ယွိထံသို့ အရှိန်ဖြင့် ဝင်ရောက်လာပြီး နဖူးတည့်တည့်သို့ ဘုတ်ခနဲ ဝင်တိုက်သည်။ သိပ်တော့ နာကျင်ခြင်းမရှိသော်လည်း ရှောင်ယွိနဖူးလေး ရဲရဲနီသွား၏။

ထို့နောက် ရေခဲပုစဉ်းရင်ကွဲငယ်က ပတ်ဝန်းကျင်သို့ လှည့်ပတ်ပျံသန်းသွားရင်း သစ်ပင်များနှင့် ဝင်တိုက်နေပြန်သည်။

ရှောင်ယွိက ကျန်းလန်ကို မကျေမနပ်ဖြင့် နှုတ်ခမ်းလေးစူကာ ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး..."

ဟု အော်လိုက်၏။

ရေခဲပုစဉ်းရင်ကွဲကောင် သူမကို ဝင်တိုက်စေရန် ကျန်းလန် တမင်သက်သက် စီစဉ်ထားခြင်း မဟုတ်ပါလား။

ကျန်းလန်က ဘာမှ မသိသလိုမျက်နှာထားဖြင့် ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

ပြီးမှ…

"မင်းရဲ့နောက်မှာ ရေခဲပုစဉ်းရင်ကွဲတွေ အများကြီး ရှိသေးတယ်"

ကျန်းလန်က ကျောက်သားစားပွဲလေးထက် ဝင်ထိုင်လိုက်ရင်း ရှောင်ယွိကို အေးဆေးစွာပင် သတိပေးလိုက်သည်။ သူက ရှောင်ယွိကို နူးညံ့သည့်အကြည့်များဖြင့် ကြည့်နေသည့်တိုင် တည်ငြိမ်သည့်အသွင်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။

ရှောင်ယွိက ခြေတစ်ချက်စောင့်လိုက်ပြီး ကျန်းလန်ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

"ဂိုဏ်းတူမောင်လေး… ရှင်ဟာလေ… အား…"

နောက်ထပ် ရေခဲပုစဉ်းရင်ကွဲတစ်ကောင်က ရှောင်ယွိနဖူးကို ဝင်တိုက်ပြန်သည်။

ထို့နောက်တွင်တော့…

ရှောင်ယွိ ရေခဲပုစဉ်းရင်ကွဲများကို လိုက်ဖမ်းဆီးလေတော့သည်။

ကျန်းလန်ကတော့ ရှောင်ယွိကို ကြည့်ရင်းဖြင့် နာမ်ဝိညာဉ်ရောင်ပြန်ပညာ ကျမ်းစာအုပ်ကို ထုတ်ယူလိုက်သည်။ သို့သော် သူက တကယ်တမ်းတွင် သူက စာဖတ်ခြင်းမရှိဘဲ ရှောင်ယွိကိုသာ ငေးကြည့်နေခဲ့လေသည်။

ခဏအကြာတွင်တော့…

ရှောင်ယွိက သူမကို ဝင်တိုက်သည့် ရေခဲပုစဉ်းရင်ကွဲများကို ရှောင်တိမ်းလိုက် ၊ လိုက်ဖမ်းလိုက်ဖြင့် ဆော့ကစားနေပြီး သူမ၏မျက်နှာထက်တွင်ဂုဏ်ယူဝင့်ကြွးသည့် အပြုံးလေးကို ဆင်မြန်းထားတော့သည်။

ရှောင်ယွိက ကလေးလေးလိုပဲဟု ကျန်းလန်တွေးလိုက်သည်။

ထို့နောက် ကျန်းလန် သူမဆီမှ အကြည့်လွှဲကာ စာအုပ်တစ်အုပ် ဖတ်နေလိုက်သည်။

နာမ်ဝိညာဉ်ရောင်ပညာကျမ်းစာအုပ်ကိုဖတ်ချင်မိသော်လည်း ထိုစာအုပ်ဖတ်လိုက်လျှင် စာထဲနစ်မျောသွားမည်ဖြစ်လေရာ ရှောင်ယွိကို လျစ်လျူရှုသလိုဖြစ်သွားမည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် ပန်းပင်များအကြောင်းရေးထားသည့် စာအုပ်ကိုသာ ဖတ်နေလိုက်သည်။ သူက ကျောက်စိမ်းရေကန်တွင် သစ်ပင်ပန်းပင်များစိုက်ပျိုးနိုင်ရန် နည်းလမ်းရှိလေမည်လားဟု ရှာဖွေနေခြင်း ဖြစ်သည်။

ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထိပ်တွင် သစ်ပင်ပန်းပင်များ မဖြစ်ထွန်းသည့်အကြောင်းရင်းမှာ ကျောက်စိမ်းရေကန်ကြောင့် ဖြစ်လေသည်။

သာမန်သစ်ပင်ပန်းပင်များက ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားကို ခံနိုင်ရည် မရှိကြပေ။

ကျန်းလန်က စာဖတ်နေရင်း ရှေင်ယွိ၏ အခြေအနေကိုလည်း အကဲခတ်လျှက် ရှိသည်။ သူမလက်ထဲတွင် ရေခဲပုစဉ်းရင်ကွဲ (၂)ကောင်ခန့် ဖမ်းမိနေပြီ ဖြစ်၏။

နေ့လည်ပိုင်းတွင်တော့…

"ဘုတ်…"

ရှောင်ယွိက ပုဇဉ်းရင်ကွဲများအားလုံးကို ဖမ်းမိသွားပြီး စားပွဲထက်သို့ ပစ်တင်လိုက်သည်။

ကျန်းလန်က ရေခဲပုစဉ်းရင်ကွဲများကို တစ်ချက်ကြည့်ရင်း…

"ဂိုဏ်းတူအစ်မ အရမ်းတော်တာပဲ…"

ရှောင်ယွိလည်း နေ့တစ်ဝက်ခန့် ပြေးလိုက်လွှားလိုက်ဖြင့် ကစားပြီးပြီ ဖြစ်လေရာ အတော်လေးပင်ပန်းနေပြီ ဖြစ်သည်။ ရေခဲပုစဉ်းရင်ကွဲများ ဝင်တိုက်သည့်အတွက် သူမနဖူးပြင်မှာ နီရဲလျှက်ရှိသည်။

ရှောင်ယွိက သူမနဖူးကို လက်ညှိုးထိုးညွှန်ပြလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ကျွန်မကို ဒီလိုဖြစ်အောင် ရှင် တမင်သက်သက် လုပ်တာမလား"

ကျန်းလန်က နီရဲနေသည့် ရှောင်ယွိ၏ နဖူးပြင်ငယ်ကို  တစ်ချက်ကြည့်လိုက်ပြီး…

"မရည်ရွယ်ပါဘူးဗျာ… အဲဒါ ရေခဲပုစဉ်းရင်ကွဲတွေ လုပ်တာပါ…"

သူက ရှောင်ယွိနဖူး နီရဲသွားသည်အထိ ရိုက်ရန်မှာ အဘယ်သို့လွယ်ကူပါမည်နည်း။

"ဒေါက်…"

ရှောင်ယွိက ကျန်းလန်နဖူးကို လက်ဖြင့်တောက်လိုက်သည်။

"ဒါက ကျွန်မလက်က လုပ်တာသိလား ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး"

ပြောပြီးသည်နှင့် သူမက ကျန်းလန်နံဘေးဝင်ထိုင်လိုက်ရင်း လက်ချောင်းလေးများကို ကျန်းလန်ရှေ့ဖြန့်ပြလိုက်သည်။ မိန်းမပျိုလေး၏ လက်ချောင်းသွယ်သွယ်တို့သည် ဖြူစင်နူးညံ့လျှက်ရှိလေသည်။

"ဒီလက်တွေက နဂါးလက်သည်းတွေအဖြစ် ပြောင်းလဲသွားရင်ရော" ဟု ကျန်းလန် တွေးလိုက်မိ၏။

သို့ဆိုလျှင် လက်သည်းများက ပိုမိုရှည်လျားနေပေလိမ့်မည်။

ထို့နောက် ကျန်းလန်က ရှောင်ယွိထံမှ သစ်သားဓားလေးကို ယူလိုက်ပြီး နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလိုက်သည်။

ကျန်းလန်အလုပ်လုပ်နေသည်ကိုကြည့်ရင်း ရှောင်ယွိက သစ်သားစားပွဲလေးထက် အသာလှဲချလိုက်သည်။

"ပေါက်…"

ရုတ်တရက် ရှောင်ယွိမျက်နှာထက်သို့ မိုးရေစက်တစ်စက် ကျလာ၏။

"ပေါက်…"

သစ်သားဓားကိုကိုင်ထားသည့် ကျန်းလန်လက်ပေါ်သို့လည်း မိုးရေစက်တစ်စက် ကျလာသည်။

ထို့နောက် မိုးရေစက် သုံးစက် ၊ လေးစက်…။

ကျန်းလန်က ခေါင်းကိုမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ရင်း…

"မိုးရွာလာတာလား"

ထို့နောက် သူက လက်ချောင်းလေးများကို အသာဝှေ့ယမ်းလိုက်ရာ သူနှင့် ရှောင်ယွိရှိသည့် ကျောက်သားစားပွဲငယ်ထက်တွင် မမြင်ရသည့်ထီးတစ်လက်ဖွင့်လိုက်သည့်အလား မိုးစက်များကို ကာကွယ်ပြီးသား ဖြစ်သွားသည်။ မိုးရေစက်များက ဘေးဘက်တွင်သာ ရွာကျနေလေတော့သည်။

ရှောင်ယွိက လှဲအိပ်နေရာမှ ထထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။

"မိုးဖွဲလေးတွ ကျလာတာပဲ"

သို့သော် မိုးဖွဲလေးများမှ တဖြည်းဖြည်း သည်းကြီးမည်းကြီး မိုးရွာသွန်းလာသည်။

ရှောင်ယွိက တစ်ချက်သမ်းဝေလိုက်ပြီး စားပွဲထက်တွင် ပြန်လှဲအိပ်လိုက်ရင်း…

"မိုးအေးအေးနဲ့ အိပ်လိုက်ဦးမယ်နော် ၊ မိုးတိတ်သွားရင် ကျွန်မကို နှိုးနော် ဂိုဏ်းတူမောင်လေး…"

ထို့နောက် သူမ အိပ်ပျော်သွားလေတော့သည်။

ကျန်းလန်က ရှောင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေလိုက်သည်။

မိုးကအဆက်မပြတ်ရွာနေသော်လည်း မိုးသံများကြောင့် ကျန်းလန် စိတ်ပျံ့လွင့်သွားခြင်း မရှိပေ။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ထင်မှတ်ရသည်။

ယခင်ကလည်း မိုးရွာဖူးသည့်တိုင် ယနေ့ရွာသည့်မိုးက ပို၍အေးမြနေသယောင် ထင်မှတ်ရ၏။

မိုးရေကျသံများက သူ့နားထဲ ပဲ့တင်ထပ်လျှက်ရှိပြီး မိုးစက်များဆိုသည်က ရေ၏သဏ္ဌန်ပြောင်းလဲခြင်းတစ်ခုဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်သည်။

ထို့နောက် သူ မျက်လုံးများကို ဖြည်းညင်းစွာမှေးမှိတ်လိုက်ပြီး ရေတံခွန်ပမာ ကျဆင်းနေသည့် မိုးရေစက်များကို အာရုံစူးစိုက်လိုက်သည်။

သူ၏ စိတ်အစဉ်က မိုးရေစက်များနှင့်ပေါင်းစပ်သွားပြီး လောကကြီး၏ အစိတ်အပိုင်းတစ်ခုပမာ ပြောင်းလဲသွားသည်။

တာအိုတံခါးသို့ ရောက်ရှိနေပြီဖြစ်သော ကျန်းလန်သည် အရှေ့ဆီတွင် မရေမတွက်နိုင်သည့်လမ်းများကို တွေ့မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

တာအို၏ မတူကွဲပြားမှုများကို နားလည်သွားပြီး တစ်ချက်ကြည့်လိုက်သည်နှင့် အဆုံးသတ်ကို သိမြင်သွားသည်။

အချိန်တစ်ခု ကြာမြင့်ပြီးနောက်…

ထိုအချိန်တစ်ခုဆိုသည်က တစ်ရက်လည်းဖြစ်နိုင်သလို ၊ ရက်ပေါင်း (၁၀၀)မကလည်း ဖြစ်နိုင်သည်။

ကျန်းလန်၏ ပတ်ဝန်းကျင်တစ်ခုလုံး ေ၀ဝါးလျှက်ရှိပြီး မြင်ကွင်းများက ကြည်လင်ခြင်း မရှိတော့ပေ။ သို့သော် သူ့ခြေထောက်အောက်တွင် လမ်းတစ်လမ်း ပေါ်လာလေသည်။ ထိုလမ်းသည်ကား တာအိုနှင့်ပတ်သက်သည့် ဉာဏ်အလင်း ဖြစ်သည်။

ထို့နောက် အရာအားလုံး ပျောက်ကွယ်သွားပြီး ကျန်းလန် ပြန်လည်နိုးထလာလေသည်။

သူ ပထမဆုံးတွေ့မြင်လိုက်ရသည်က အလွန်လှပကာ အသက်ဝင်လှသည့် ချစ်စဖွယ်မျက်ဝန်းလေးများပင်။

ထိုမျက်ဝန်းများပိုင်ရှင်က လက်နှစ်ဖက်ထက်တွင် မေးဖျားလေးကိုတင်ရင်း သူ့ကို ရွှန်းရွှန်းစားစားကြည့်နေလေသည်။ ရှောင်ယွိမှ လွဲပြီး အခြားသူ မဟုတ်ပါပေ။

"ဂိုဏ်းတူမောင်လေး… ဆရာနဲ့ အခြားတောင်သခင်တွေက ကျွန်မတို့ မနက်ဖြန်လက်ထပ်ရတော့မယ်လို့ ပြောတယ်"

ကျန်းလန် မျက်လုံးများဖွင့်ကြည့်လာသည်နှင့် ရှောင်ယွိထံမှ စကားသံလေး ထွက်ပေါ်လာသည်။

ကျန်းလန်က တမင်တကာ အံ့သြသွားဟန်ဆောင်လိုက်ရင်း…

"ဟင်… ဟုတ်လား"

ဟု ပြန်လည်မေးမြန်းလိုက်လေ၏။

All Chapters