အခန်း (၁၄၄၁-၁၄၄၃)
Vol. 97 Ch. 1441-1443
အခန်း (၁၄၄၁) ကိုယ်ပိုင်စွမ်းအားဖြင့်အားလုံးကိုသတ်ဖြတ်ခြင်း
ယခုတစ်ခေါက် သွား၍မြေလှန်ရမည့်ဂိုဏ်းသည် သန့်စင်မှုဂိုဏ်းကဲ့သို့ အမတေမဲ့တစ်ဦးတည်းသာရှိသည့် ဒုတိယအတန်းအစားဂိုဏ်းမျိုးမဟုတ်ပေ။ ထို့အစား ပထမတန်းစားအဆင့်အတန်းရှိသောဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းထဲတွင် အမတေမဲ့အဆင့်သုံးဦးပင်ရှိ၏။
၎င်းတို့က ချူးယွင်ဖန်းနှင့်ပတ်သက်သည့်သတင်းများစွာရထားသည်။ တန်စီယုကိုဝိုင်းဖမ်းသည့်အထဲတွင်ပါသည့်သူများသည် ချူးယွင်ဖန်း၏ပစ်မှတ်ဖြစ်လာသည်ကို နားလည်ထားကြ၏။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လေသည်။ သုံးဦးသား ချူးယွင်ဖန်းကို ဝိုင်းဖမ်းရန် လူသုံးယောက်ပါသည့်အခင်းအကျင်းတစ်ခုကို ပြင်ဆင်ထားသည်။ ထိုအခင်းအကျင်းက ကြယ်ကိုးပွင့်မှအကြီးအကဲများရောက်လာပြီး ကူညီပေးနိုင်သည်အထိ အချိန်ဆွဲထားရုံသက်သက်မျှသာ ဖြစ်၏။ သို့သော်လည်း မကြာခင်တွင်ပင် ချူးယွင်ဖန်းကဲ့သို့ဆရာကြီးမျိုးသည် မည်သည့်နည်းလမ်းပင်သုံးပါစေ လူနည်းနည်းလေးဖြင့် တိုက်လျှင် အဓိပ္ပာယ်မရှိသည်ကို သိလိုက်ကြ၏။ အမတေမဲ့အဆင့် တစ်ယောက်မှသုံးယောက်ထိပင် ကိစ္စမရှိပေ။ အလယ်အလတ်အမတေမဲ့အဆင့်၊ နှောင်းပိုင်းအမတေမဲ့အဆင့် မဟုတ်လျှင် အထွတ်အထိပ်အမတေမဲ့အဆင့် ဖြစ်နေသည့်တိုင် တိုက်ပွဲစွမ်းအားက ရွှေအမတေအဆင့်ထိ ချိုးဖောက်ထားနိုင်သော ချူးယွင်ဖန်းအတွက် ခြားနားချက်မရှိပေ။ ထိုသူများသည် တစ်ချက်လေးပင် တောင့်ခံနိုင်မည်မဟုတ်ကြပေ။
ထိုသုံးယောက်သည် ချူးယွင်ဖန်းကို အရေအတွက်တွင်အားသာ၍ ရင်ဆိုင်နိုင်မည်ဟု ထင်ကြသော်လည်း လူသုံးယောက်အခင်းအကျင်းက ချူးယွင်ဖန်း၏အကွက်သုံးကွက်တည်းဖြင့် ချိုးဖောက်သွားတော့သည်။ ထို့နောက်တွင် ဆယ်ကွက်မပြည့်ခင်တွင်ပင် ထိုသုံးယောက်သည် ချူးယွင်ဖန်းလက်ချက်ဖြင့် သေဆုံးသွားရတော့သည်။
ချူးယွင်ဖန်း၏ကြောက်စရာကောင်းသောအင်အားဖြင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် ဂိုဏ်းတွင်ကျန်နေသောအကြီးအကဲများက မည်သို့ ရင်ဆိုင်နိုင်တော့မည်နည်း။
တန်စီယုကိုဝိုင်းသည့်ထဲတွင်ပါသည့် အထွတ်အထိပ်ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်များသည်လည်း ချူးယွင်ဖန်းရှေ့တွင် မိမိဘာသာသတ်သေသွားကြတော့သည်။ ထိုလူများက သတ်သေရန်ဆန္ဒမရှိလျှင်ပင် ရွေးချယ်စရာမရှိသောကြောင့်လုပ်လိုက်ရတော့သည်။ ကျန်သောသူများကမူ တန်စီယုကိုဝိုင်းဖမ်းသည့်ကိစ္စတွင် မပါကြပေ။ သူတို့သည် ထိုကိစ္စကြောင့် အလဟဿအသေမခံလိုကြပေ။
ချူးယွင်ဖန်းသာ မချိုးဖောက်လာလျှင် သူတို့သည် ထိုလူများကို ထောက်ပံ့ပေးနိုင်ဆဲဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်းက ဂိုဏ်းထဲကအကြီးအကဲသုံးယောက်ကို တိုက်ကွက်နည်းနည်းလေးအတွင်း သတ်လိုက်နိုင်သည်။ ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရခြင်းသာဖြစ်၏။ ထိုကြောင့် ခေါင်းဆောင်ကိုကယ်တင်ရန်အတွက် ထိုသို့လုပ်ရလေတော့သည်။
ထို့နောက်တွင် ချူးယွင်ဖန်း၏ပစ်မှတ်က တန်စီယုကိစ္စတွင်ပါဝင်သောသူများသာဖြစ်သည်ကို သိထားသည်။ သူက အခြားသူများကို စိတ်မဝင်စားပေ။ ယခုတွင် ကိစ္စများက ထိုသို့ဖြစ်လာသည့်အတွက် တစ်နေရာရာသို့ ထွက်သွားရန်သာ ရှိကြတော့သည်။ ကြယ်ကိုးပွင့်မှအကြီးအကဲများ ရောက်လာသည့်အခါတွင် သူတို့သည် အပျက်အစီးမြင်ကွင်းကိုသာ တွေ့လိုက်ကြရသည်။ အချိန်တိုလေးအတွင်းမှာပင် ချူးယွင်ဖန်းက ဒုတိယတန်းစားဂိုဏ်းနှစ်ဂိုဏ်းနှင့် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းကို ရှင်းထုတ်လိုက်တော့သည်။ ခဏမျှကြာသောအခါတွင်မူ 'ကျန်းဝူချန်'ဟုသောနာမည်ကို အပြင်ဘက်နယ်မြေတစ်ခုလုံးတွင် တုန်လှုပ်စွာထွက်ပေါ်လာတော့၏။
ချူးယွင်ဖန်းနှင့် ပဋိပက္ခမဖြစ်ဖူးသူများသည်ပင် ထိုကိစ္စကြောင့် လန့်ဖျပ်နေကြရသည်။ စာရင်းတွင်ကျန်နေသေးသည့်ကျန်းဂိုဏ်းဆယ်ဂိုဏ်းသည်လည်း ချက်ချင်းပင် ကြယ်ကိုးပွင့်ဆီသို့ လူလွှတ်ကာအကူအညီတောင်းရတော့သည်။
ဂိုဏ်းသုံးဂိုဏ်း၏ဆိုးဝါးလှသောအဆုံးသတ်ကို တွေ့ကြသောအခါတွင် ထိုသူများအတွက် စိတ်မကောင်းဖြစ်ကြရသည်။ နောင်တရကာ အငြှိုးအတေးထားမိကြသည်။ သူတို့သည် တန်စီယုကို ဝိုင်းဖမ်းပြီးနှိမ်နင်းခဲ့သည့်ကိစ္စတွင် ပါဝင်ခဲ့ကြသောကြောင့် ချူးယွင်ဖန်းက မိမိတို့ကို အလွတ်မပေးမည်ကို သိသည်။ အနှေးနှင့်အမြန်ရင်ဆိုင်ရန်သာ ရှိတော့၏။သို့သော်လည်း ကြယ်ကိုးပွင့်က ထိုအချိန်တွင် အလုပ်ရှုပ်နေကြ၏။ ကြယ်ကိုးပွင့်သည် အပြင်ဘက်နယ်မြေ၏ဘီလူးကြီးတစ်ကောင်ဟုဆို၍ရသော်လည်း ကောက်ရိုးပုံထဲတွင်ပျောက်သွားသည့်အပ်တိုတစ်ချောင်းသာသာ သာဖြစ်သည်။ အင်အားကြီးများသည် မိမိတို့ဘာသာ အားကြီးကြသော်လည်း ချူးယွင်ဖန်းကို တစ်ပြိုင်နက်တည်းလိုက်ရှာနေကြသည်။ ပန်းတိုင်ကမည်သို့ပင်ဖြစ်စေ ချူးယွင်ဖန်းဘယ်မှာရှိသည်ကို ရှာမတွေ့နိုင်ပေ။ အပြင်ပိုင်းနယ်မြေတစ်ခုလုံးကို မည်သို့ပင် သတင်းဖြန့်သော်လည်း ချူးယွင်ဖန်းကိုလိုက်ရှာရန်က မည်သို့မှအသုံးမဝင်ပေ။ သူ၏ပုံစံက အချိန်မရွေးပြောင်းလဲနိုင်၏။ ကင်းထောက်များဘေးနားက ဖြတ်သွားလျှင်ပင် မှတ်မိကြမည်မဟုတ်ပေ။
ထိုသို့အခြေအနေမျိုးတွင် ကြယ်ကိုးပွင့်ဌာနချုပ်ကအကြီးအကဲများကိုယ်တိုင်ထွက်၍ ချူးယွင်ဖန်းကို လိုက်ရှာကြရတော့သည်။ သို့သော်လည်း ရက်ပေါင်းတစ်ထောင်သူခိုးလုပ်နိုင်သည့်သူဟူ၍မရှိပေ။ အင်အားသုံးလျှင်ပင် ခြေရာမခံနိုင်ကြပေ။ ထိုသူများသည် ချူးယွင်ဖန်းရှေ့၌ အချည်းနှီးမျှသာဖြစ်ကြသည်။ သူက အချိန်မရွေးပေါ်လာနိုင်၏။ ကြယ်ကိုးပွင့်သည် ကျန်နေသောဂိုဏ်းဆယ်ဂိုဏ်းကိုမကူညီနိုင်ပေ။
ထို့ကြောင့် ထိုဂိုဏ်းဆယ်ဂိုဏ်းသည် မိမိတို့ဘာသာ အင်အားများစုစည်းပြီး ချူးယွင်ဖန်းတိုက်ခိုက်လာမည်ကို ရှိသမျှအားဖြင့် ပြန်တိုက်ရန် စီစဉ်ရတော့သည်။ ပထမဆုံးအကြိမ်အဖြစ် ဂိုဏ်းများ၏အရံအတားများကို အသက်သွင်းရသည်။ ဂိုဏ်း၏အရံအတားကိုအသက်သွင်းရန်အတွက် ကုန်ကျစရိတ်က အတော်လေးမြင့်သော်လည်း ရွေးချယ်စရာမရှိတော့ပေ။
ထိုသို့ကြောက်စရာကောင်းလှသောဆရာကြီးတစ်ဦးကို မည်သူက သွားထိရဲသနည်း။
လူများစွာက တန်စီယုနှင့်ချူးယွင်ဖန်းကြားက ပတ်သက်မှုကို စစဉ်းစားလာကြသည်။ ထိုနေ့က တန်စီယုက ရုတ်တရက်ပင် အားလုံးရှေ့၌ ပေါ်လာသည်။ ဆန်းကြယ်ခန်းမပင်လျှင် သူမရှိသည့်နေရာကို ရှာမတွေ့ခဲ့သော်လည်း လူအများကိုအံ့ဩတုန်လှုပ်အောင် လုပ်လိုက်နိုင်သည်။ ယခုတွင် ချူးယွင်ဖန်းကလည်း အတူတူပင် ဖြစ်၏။ သူသည် ကျောက်တုံးထဲမှခုန်ထွက်လာသည်ဟုပင် ထင်ရ၏။ ယခင်ကတည်ရှိမှုကိုလည်း စုံစမ်း၍မရပေ။ ထိုသို့အခြေအနေမျိုးတွင် လူများ၏စပ်စုလိုစိတ်က တစ်နေ့ထက်တစ်နေ့တိုးမြင့်လာသည်။ ကြယ်ကိုးပွင့်က သူ့ကို ရှာနေစဉ်တွင်ပင် သူကလည်းမရပ်ပေ။ သုံးရက်အတွင်းဂိုဏ်းလေးဂိုဏ်းကို သုတ်သင်လိုက်သည်။ နှစ်ဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းများဖြစ်ပြီး နှစ်ခုက ပထမတန်းစားဂိုဏ်းများ ဖြစ်ကြသည်။ ချူးယွင်ဖန်းက ထိုဂိုဏ်းမှအကြီးအကဲအားလုံးကို သတ်သေရန် ဖိအားပေးခဲ့သည်။ တစ်ယောက်မှ ခြွင်းချက်မရှိပေ။
ဂုဏ်ယူစွာဖြင့်ပြင်ဆင်ထားရသည့်ဂိုဏ်း၏အရံအတားများကလည်း ချူးယွင်ဖန်းအားမသုတ်သင်လိုက်နိုင်ပေ။ အားလုံးကို ချူးယွင်ဖန်းက တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။ တစ်ခါတစ်ရံ၌ တစ်ကွက်လေးပင် ထုတ်မသုံးလိုက်ကြရပေ။
ခေတ္တမျှကြာသည်အထိ အပြင်ပိုင်းနယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ချူးယွင်ဖန်းကဲ့သို့ ကြောက်စရာကောင်းသောတည်ရှိမှုမျိုးဖြင့် ရင်ဆိုင်ရခြင်းက အားလုံးကို ကျောချမ်းသွားစေသည်။ လက်တစ်ဖက်တည်းဖြင့် ဂိုဏ်းများကို ရှင်းပစ်နိုင်သည်။ ချူးယွင်ဖန်းသည် ခုခံနှိမ်နှင်း၍မရသောလက်နက်ဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။ ထိုသို့တည်ရှိမှုမျိုးဖြင့် ရင်ဆိုင်ရသည့်အခါတွင် မည်သူမှ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။
ကျန်ရှိနေသောဂိုဏ်းခြောက်ဂိုဏ်းကလည်း ကြောက်လန့်နေကြ၏။ သူတို့သည် မကောင်းဆိုးဝါးကို ပြန်တိုက်ရန်မှာမဖြစ်နိုင်သည်ကို သိထားသည်။ ထို့ကြောင့် နောက်ဆုံးကျန်သောဂိုဏ်းဖြစ်သည့် ကောင်းကင်တောင်ကျောင်း၏တပ်စခန်း၌ စုရုံးလိုက်ကြတော့သည်။
မည်သို့ပင်ဖြစ်စေ ချူးယွင်ဖန်းသည် သာမန်လူများကိုသတ်ခြင်းအား စိတ်မဝင်စားပေ။ သူ၏ပန်းတိုင်က အကြီးအကဲများသာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည်ဂိုဏ်းများကို လက်လျှော့လိုက်ကြပြီး ကောင်းကင်တောင်ကျောင်းဂိုဏ်းကို ခုခံခြင်းတွင်သာအာရုံစိုက်ထားကြလေတော့၏။
အခန်း (၁၄၄၂) နောက်ဆုံးတိုက်ပွဲ
ချူးယွင်ဖန်းတစ်ယောက်တည်းကပင် တစ်လောကလုံးကို တုန်လှုပ်ချောက်ချားစေခဲ့လေပြီ။
ရှေးအစဉ်အဆက်မှ ယနေ့တိုင် ဤမျှပြင်းထန်သည့်ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ ကြယ်ကိုးပွင့်အကြီးအကဲများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ပုဂ္ဂိုလ်ကြီးများပင်လျှင် ဤမျှအထိ လုပ်ရက်ကြမည်မဟုတ်။ သူတို့အဖို့မူ အစွန်းရောက်အောင်ပြုမူခြင်းသည် အပြင်ပိုင်းနယ်မြေရှိ အင်အားစုအားလုံးကို မိမိ၏ ရန်သူတော်များအဖြစ် တွန်းပို့လိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့်ပင် သူတို့သည် ထိုသို့သော အမှားမျိုးကို ဘယ်သောအခါမှ ကျူးလွန်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း အနှောင်အဖွဲ့ကင်းမဲ့စွာတစ်ကိုယ်တည်း ကျင်လည်ကျက်စားနေသည့် ချူးယွင်ဖန်းအဖို့မူကား ဂရုစိုက်နေစရာ အကြောင်းမရှိ။ သူ၌ အမြစ်တွယ်ရာ အခြေစိုက်ရာဟူ၍ မရှိချေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား ပြဿနာရှာလိုလျှင်ပင် သူ့ကိုသာ တိုက်ရိုက်ရင်ဆိုင်ရပေလိမ့်မည်။ သို့သော်လည်း သူ၏ခြေရာလက်ရာကိုပင် ရှာမတွေ့နိုင်ကြသေးရာ မည်သို့သောနည်းဖြင့် သူ့အား နှိမ်နင်းနိုင်ကြမှာတဲ့လဲ?
ထို့အပြင် ဤသည်မှာ သူ၏အမည်ဝှက်၊ ရုပ်လုံးပြမှုတစ်ခုမျှသာ ဖြစ်သဖြင့် ချူးယွင်ဖန်းအဖို့ စိုးရိမ်ပူပန်နေစရာ အလျင်းမရှိခဲ့ပေ။
အစပိုင်းတွင် အင်အားကြီးဂိုဏ်းအသီးသီးက ချူးယွင်ဖန်းအပေါ် စူးစမ်းချင်စိတ်ရှိခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုသို့သောတစ်ကိုယ်တော်သမား၏ ခြိမ်းခြောက်မှု မည်မျှကြီးမားကြောင်း သိရှိသွားကြသဖြင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။ အချို့သောအင်အားစုများသည် တိတ်တဆိတ် စတင်ပူးပေါင်းလာကြပြီး အကယ်၍သာချူးယွင်ဖန်းသည် တန်စီယုကို ဝိုင်းရံတိုက်ခိုက်ရာတွင် မပါဝင်ခဲ့သည့် အခြားဂိုဏ်းများကိုပါ ရန်မူလာခဲ့လျှင် သူ့အား အများက ဝိုင်းဝန်းတိုက်ခိုက်မည့်ပစ်မှတ်အဖြစ် သတ်မှတ်ကာ အင်အားစုအားလုံး မဟာမိတ်ဖွဲ့၍ နှိမ်နင်းရန် ပြင်ဆင်လာကြသည်။
အင်အားကြီးဂိုဏ်းများ ငြိမ်သက်နေရသည့် အကြောင်းရင်းမှာ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားသောကြောင့်လည်း ဖြစ်သည်။ သူသည် တန်စီယုအား တိုက်ခိုက်ခဲ့သူများကိုသာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန် ဖိအားပေးနေခြင်းဖြစ်ပြီး သူတို့နောက်ကွယ်က ဂိုဏ်းသားများကိုမူ အသက်ဘေးမှ ချမ်းသာခွင့်ပေးထားခဲ့သည်။
ထို့ကြောင့်ပင် လူအများက ချူးယွင်ဖန်း၏သတ်ဖြတ်မှုများသည် သွေးရူးသံရူးနိုင်လှသော်လည်း စည်းကမ်းဘောင်အတွင်းရှိနေသေးသည်ဟု ယူဆကြသည်။ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းမရှိသရွေ့ သူသည် လူအားလုံး၏ ဝိုင်းဝန်းအမုန်းပွားခြင်းကို ခံရမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။ အချို့သောသူများကမူ သူသည် ရွှေအမတေအဆင့်သို့ပင် ရောက်ရှိနေပြီလားဟု ခန့်မှန်းနေကြလေပြီ။
အစပိုင်းတွင် ထိုအချက်မှာ အချို့သူများ၏ ရဲရဲဝံ့ဝံ့ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း ချူးယွင်ဖန်း အနေဖြင့် အဆင့်မြင့်အင်အားစုများကို အလွယ်တကူ အနိုင်ယူပြပြီးနောက်တွင်မူ ထိုယူဆချက်မှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာခဲ့သည်။ စင်စစ်အားဖြင့်မူ ရွှေအမတေများဆိုလျှင်ပင် ဤမျှခက်ခဲလှသော ကိစ္စရပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။
အပြင်ဘက်နယ်မြတွင် ရွှေအမတေများသည် အထွတ်အထိပ်အုပ်စိုးသူများ ဖြစ်ကြသည်။ သူတို့၏တန်ဖိုးနှင့် အဆင့်အတန်းက သာမန် ရွှေအမတေမဲ့များနှင့် လားလားမှပင် မသက်ဆိုင်ဘဲ အလွန်ကွာခြားလှ၏။ ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း ဤအချက်သည်ပင်လျှင် လူအများကို ချူးယွင်ဖန်းအား အလွန်အမင်း ကြောက်ရွံ့သွားစေရန် လုံလောက်ခဲ့သည်။ သူတို့သည် မဆင်မခြင် စော်ကားတိုက်ခိုက်ရန်ပင် မဝံ့မရဲ ဖြစ်လာကြတော့သည်။
ထိုအချိန်အတောအတွင်း ချူးယွင်ဖန်းနှင့်ပတ်သက်သည့် သတင်းပေါင်းစုံတို့သည် အရပ်ရပ်သို့ ပျံ့နှံ့နေတော့သည်။
"သူ ဘယ်ကနေ ရောက်လာတာလဲ"
"ဘယ်သူတွေက သူ့ကို ဘယ်နေရာမှာ ထပ်တွေ့လိုက်ပြန်ပြီလဲ"
စသည်ဖြင့် သတင်းအမျိုးမျိုး ပွက်လောရိုက်နေခဲ့သည်။
ထိုသတင်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာတိုင်း ကြယ်ကိုးပွင့်မှအကြီးအကဲများသည် ချက်ချင်းပင် ထိုနေရာများသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။ ဤကာလအတွင်း ကြယ်ကိုးပွင့်၏ နယ်မြေအသီးသီးရှိ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်များကို အဆက်မပြတ် အသုံးပြုနေခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာအတွင်း အသုံးပြုခဲ့သည့်အကြိမ်ရေထက် ဤရက်ပိုင်းအတွင်း အသုံးပြုခဲ့သည့်အကြိမ်ရေကပင် ပိုများနေဦးမည်ဟု ဆိုရပေလိမ့်မည်။
ထိုကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်များကို အကြီးအကျယ် အသုံးပြုခြင်းမှာ ကုန်ကျစရိတ် အလွန်ကြီးမားလှသည်။ အကယ်၍သာ ကြယ်ကိုးပွင့်သည် တိုင်းပြည်တစ်ပြည်စာမျှ ကြွယ်ဝပြီး ခိုင်မာသည့်အခြေခံအုတ်မြစ် မရှိခဲ့လျှင် ဤမျှအထိ ဆက်တိုက်အသုံးပြုနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း သူတို့သည် ချူးယွင်ဖန်း၏လျှပ်စီးသဖွယ်မြန်ဆန်လှသည့် လှုပ်ရှားမှုများကို ဘေးမှရပ်ကြည့်နေရုံမှအပ ဘာမျှမတတ်နိုင်ခဲ့ချေ။ တန်စီယုကိစ္စတွင် ပါဝင်ပတ်သက်ခဲ့သည့်ဂိုဏ်းအသီးသီးမှာ တစ်ခုပြီးတစ်ခု ပြာပုံအတိ ဖြစ်ခဲ့ရသည်။ ချူးယွင်ဖန်း၏ ရှောင်တခင် တိုက်ခိုက်ပြီး ပျောက်ကွယ်သွားတတ်သည့် နည်းဗျူဟာများကြောင့် ကြယ်ကိုးပွင့်မှ အကြီးအကဲများသည် အကြီးအကျယ် ဒေါသထွက်နေကြတော့သည်။
သူတို့၏အမြင်တွင်မူ ချူးယွင်ဖန်းသည် ကြယ်ကိုးပွင့်မှ ပညာရှင်များကို ကြောက်ရွံ့သဖြင့် ထိပ်တိုက်မရင်ဆိုင်မဝံ့ဘဲ ကြွက်တစ်ကောင်ကဲ့သို့ ခြေရာဖျောက်နေသည်ဟုသာ ထင်မြင်နေကြသည်။
ထို့ကြောင့်ပင် ကြယ်ကိုးပွင့်မှ အကြီးအကဲများသည် ချူးယွင်ဖန်း အား သူရဲဘောကြောင်သူဟူ၍ အမျိုးမျိုး ကဲ့ရဲ့လှောင်ပြောင်ကြလေတော့သည်။
" ကျန်းဝူချန်ဆိုတဲ့ကောင်က သူရဲဘောကြောင်တဲ့ကောင်ပဲ။ သူ ကြယ်ကိုးပွင့်ကို ရင်မဆိုင်ရဲဘူး။”
" ကျန်းဝူချန် မင်းမှာ သတ္တိရှိရင် ယောက်ျားပီပီ ထွက်တိုက်ရဲသလား။"
သို့သော်လည်း ချူးယွင်ဖန်းကမူ ကြယ်ကိုးပွင့်၏ ဆူညံပွက်လောရိုက်နေသည့် ကဲ့ရဲ့သံများကို တုံ့ပြန်ရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် သူချမှတ်ထားသည့် စီမံကိန်းအတိုင်းသာ ဂိုဏ်းအသီးသီးကို တစ်ခုပြီးတစ်ခု အေးအေးဆေးဆေးပင် ရှင်းလင်းနေခဲ့တော့သည်။
ထိုဂိုဏ်းများကလည်း ချူးယွင်ဖန်းကို တုံ့ပြန်တိုက်ခိုက်ရန် အင်အားအနည်းငယ်မျှပင် မရှိကြချေ။ အမှန်စင်စစ် သူ၏ပစ်မှတ်အဖြစ် သတ်မှတ်ခံရပြီဆိုလျှင် သေလူဖြစ်သွားကြသည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။
သူတို့သည် ချူးယွင်ဖန်း မည်မျှအထိ အစွမ်းထက်သည်ကို ယနေ့တိုင် နားမလည်နိုင်ကြသေးပေ။
နောက်ဆုံးတွင်မူ ကျန်ရှိနေသောဂိုဏ်းအသီးသီးက ဆက်လက်အောင့်အည်းမခံနိုင်ကြတော့ဘဲ မိမိတို့ဂိုဏ်းများက ထွက်ခွာလာကြကာ ချူးယွင်ဖန်းကို အသေခံတိုက်ခိုက်ရန် ကောင်းကင်တောင်ဂိုဏ်းတွင် စုရုံးခဲ့ကြလေသည်။ ကျန်ရှိနေသည့် ဂိုဏ်းချုပ်၊ ဂိုဏ်းဆရာများသာမက ကြယ်ကိုးပွင့်မှ အကြီးအကဲများပါ ကောင်းကင်တောင်ဂိုဏ်းသို့ လူသိရှင်ကြားရောက်လာကြပြီး ချူးယွင်ဖန်း ကို နှိမ်နင်းရန် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြသည်။
ဤတွေ့ဆုံပွဲ၏ရည်ရွယ်ချက်မှာ ချူးယွင်ဖန်းအား အမြစ်ပြတ်သုတ်သင်ရှင်းလင်းရန်သာ ဖြစ်၏။
ကြယ်ကိုးပွင့်နှင့် အခြားသောဂိုဏ်းကြီးခြောဂိုဏ်းအပြင် အပြင်ဘက်နယ်မြေရှိ အခြားသော ဂိုဏ်းအသီးသီးကိုလည်း ဤပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားခဲ့ပြီး ၎င်းတို့၏ အစီအစဉ်ကို ဟိတ်ဟန်ကြီးမားစွာဖြင့် ကြေညာခဲ့ကြသည်။
လူအများ၏အမြင်တွင်မူ ဤသည်မှာ ချူးယွင်ဖန်းအား သိသိသာသာ စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ကြယ်ကိုးပွင့်အနေဖြင့် ချူးယွင်ဖန်း၏ ခြေရာဖျောက်တိုက်ခိုက်နေမှုများကို ငြီးငွေ့လှပြီဖြစ်ရာ သူ့အား တစ်ခါတည်းနှင့်အကျပ်ရိုက်ကာ ထွက်ပေါ်လာစေရန် ဖိအားပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
တစ်ခါမျှ မကြုံဖူးအောင်ပင် အပြင်ပိုင်းနယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ အင်အားကြီးအဖွဲ့အစည်းများမှာ ဤစစ်ပွဲတွင် မပါဝင်လိုကြသော်လည်း သူတို့၏ အဆင့်မြင့်အရာရှိများကိုမူ စူးစမ်းရန် လွှတ်ထားကြသဖြင့် သူရဲကောင်းများ စုဝေးရာပွဲကြီးသဖွယ် ဖြစ်နေတော့သည်။ ယခုအခါတွင်မူ ချူးယွင်ဖန်းတစ်ယောက် ဤပွဲသို့ တက်ရောက်ရဲခြင်း ရှိ၊ မရှိ ဆိုသည်မှာသာ အဓိကမေးခွန်း ဖြစ်လာခဲ့သည်။
ဤအစည်းအဝေးမှာ ချူးယွင်ဖန်းအတွက် ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသော်လည်း အကယ်၍ သူသာ ရောက်မလာခဲ့ပါက သူတို့၏ ကြိုးပမ်းမှုများက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ဂုဏ်သိက္ခာကလည်း ထိုးဆင်းသွားပေလိမ့်မည်။ လူအများ၏ မျက်စိထဲတွင်မူ သူသည် ကြောက်ရွံ့သွားပြီဟု ထင်မြင်ကြမည်ဖြစ်ကာ သူသည် မအောင်နိုင်သူ မဟုတ်ကြောင်း သိသွားကြသည်နှင့် တပြိုင်နက် ချောင်းမြောင်းနေကြသောအင်အားစုများက ဆာလောင်နေသည့်ကျားသစ်များကဲ့သို့ ဝိုင်းအုံလာကြပေလိမ့်မည်။
ထိုစဉ် တောအုပ်တစ်ခုအတွင်း၌ ချူးယွင်ဖန်းတစ်ယောက်မှာမူ ကျောက်စိမ်းပေလွှာတစ်ခုကို ဖတ်ရှုနေခဲ့သည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် သတင်းအချက်အလက် အမြောက်အမြား ပါဝင်နေ၏။ နတ်စွမ်းအားအဆင့်အထက်ရှိသူများသာလျှင် ဤကဲ့သို့သောကျောက်စိမ်းပေလွှာကို ပြုလုပ်နိုင်ကြခြင်းဖြစ်သည်။ ထူထဲလှသောစာအုပ်ကြီးများနှင့် နှိုင်းယှဉ်လျှင် သတင်းအချက်အလက်ပေးပို့ရန်အတွက် ကျောက်စိမ်းပေလွှာကို အသုံးပြုခြင်းက အဆပေါင်းများစွာ ပိုမိုအဆင်ပြေလှသည်။အမှန်စင်စစ်တွင် ကျောက်စိမ်းပေလွှာများ၏ဈေးနှုန်းက မချိုသာလှသော်လည်း ချူးယွင်ဖန်းအတွက်မူ အရေးပါလှသည်မဟုတ်။
ထိုကျောက်စိမ်းပေလွှာထဲတွင် တဝေရှိ မိုးကြိုးခရမ်းဓားဂိုဏ်းtနှင့် ပတ်သက်သည့်အကြောင်းအရာများ ပါဝင်နေသည်။ သို့သော်လည်း တဝေအတွင်း၌ပင် မိုးကြိုးခရမ်းဓားနှင့် ပတ်သက်သည့်အချက်အလက်များက အလွန်နည်းပါးလှသည်။ အကြောင်းမူကား ထိုဂိုဏ်းသည် တဝေမတည်ထောင်မီကပင် ပျက်သုဉ်းသွားခဲ့ခြင်းကြောင့် ဖြစ်၏။ ၎င်းမှာ အလွန်ရှေးကျလှသော ကိုယ်ခံပညာဂိုဏ်းတစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ တဝေရှိ အချို့သောဂိုဏ်းများတွင် မိုးကြိုးခရမ်းဓားနှင့် ဆက်နွှယ်သည့်အမွေအနှစ်အချို့ ရှိနေကြသော်လည်း ၎င်းတို့မှာ ဂိုဏ်းတည်ထောင်သူက ကံကောင်းထောက်မစွာဖြင့် ရရှိခဲ့သည့်အမွေအနှစ်အပိုင်းအစအချို့မျှသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ကို မိုးကြိုးခရမ်းဓား၏ တိုက်ရိုက်ဆင်းသက်လာသူများဟု သတ်မှတ်၍ မရနိုင်ချေ။
တိုက်ရိုက်ဆင်းသက်လာသူဟူ၍ပင် လုံးဝမကျန်ရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။
မှတ်တမ်းများအရ မိုးကြိုးခရမ်းဓားသည် တစ်ချိန်က အလွန်တရာ အင်အားကြီးမားခဲ့သော်လည်း နောက်ပိုင်းတွင် အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဆုတ်ယုတ်လာခဲ့ရသည်။ နောက်ဆုံးတွင် သူတို့၏ ဘိုးဘေးဘီဘင်ပိုင်နယ်မြေများပင် ကျူးကျော်ခံရကာ ဂိုဏ်းတစ်ခုလုံး သုတ်သင်ခြင်းခံခဲ့ရပြီး သူတို့၏ရတနာတိုက်ကြီးမှာလည်း ပျောက်ဆုံးသွားခဲ့ရလေတော့သည်။
အခန်း (၁၄၄၃) မဟာမိတ်ညီလာခံကျင်းပရာနေ့
တဝေပြည်နယ်မှ ရရှိသောသတင်းအချက်အလက်များသည် သန့်စင်မှုဂိုဏ်းချုပ် ပြောကြားခဲ့သည်များနှင့် ထပ်တူကျနေလေသည်။ အကယ်၍ သန့်စင်မှုဂိုဏ်းချုပ်က တစ်စုံတစ်ရာကိုဖုံးကွယ်ထားခဲ့လျှင်ပင် ယေဘုယျအားဖြင့်မှန်ကန်သည်ဟု ဆိုနိုင်ပေသည်။
မိုးကြိုးခရမ်းဓားဂိုဏ်း၏ အရှိန်အဝါကြီးမားပုံကို ကြည့်ကြည့်ရလျှင် ဂိုဏ်း၏ ရတနာတိုက်အတွင်း၌ အဖိုးတန်ပစ္စည်းများစွာရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်၏။ ထိုဂိုဏ်းသည် ကျင်ကျန်းဟန်၊ တဝေနှင့် တချီသုံးတိုင်းပြည်ပေါင်းထားသည်ထက်ပင် ပိုမိုအင်အားကြီးမားနိုင်သည့် ထိတ်ထိတ်ကြဲအင်အားစုကြီး ဖြစ်ခဲ့ဖူးသည်။
မှတ်တမ်းများအရ မိုးကြိုးခရမ်းဓားဂိုဏ်းသည် ဤကျယ်ပြောလှသောနယ်မြေဒေသကို အုပ်စိုးရန်အတွက် သန်းနှင့်ချီသောစစ်သည်တော်များကို စုစည်းခဲ့ဖူးကြောင်း သိရသည်။ ၎င်းတို့ထဲတွင် သွေးလူရိုင်းကဲ့သို့သော အထူးလေ့ကျင့်ထားသည့်အထူးတပ်ဖွဲ့ဝင်ပေါင်းတစ်သန်းကျော်ပင် ပါဝင်သည်။
သူတို့သည် လောကရှိအင်အားကြီးဂိုဏ်းအားလုံးကို ဖိနှိပ်ချုပ်ကိုင်ထားနိုင်ခဲ့ပြီး မည်သည့်အဖွဲ့အစည်းကမျှ မိုးကြိုးခရမ်းဓားကို ယှဉ်ပြိုင်စိန်ခေါ်ရန်မဝံ့ရဲခဲ့ကြပေ။ အကယ်၍သာ ထိုဂိုဏ်းသည် အကြောင်းရင်းမရှိဘဲ ဆုတ်ယုတ်မသွားခဲ့ပါလျှင် အခြားသောအင်အားစုများ ထွက်ပေါ်လာရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ချေ။
ချူးယွင်ဖန်းအနေဖြင့် ထိုဂိုဏ်း၏ရတနာတိုက်ထဲတွင် မည်သည့်ရာများရှိနေသည်ကိုသိလိုပါက သူကိုယ်တိုင် သွားရောက်စူးစမ်းရမည် ဖြစ်သည်။ သို့သော် ထိုကိစ္စမှာ နောင်မှလုပ်ရမည့်ကိစ္စသာ ဖြစ်၏။
ယခုအချိန်တွင် ချူးယွင်ဖန်းအတွက် အရေးကြီးဆုံးအရာမှာ ကြယ်ကိုးပွင့်နှင့် အခြားဂိုဏ်းကြီး ခြောက်ဂိုဏ်းတို့၏မဟာမိတ်ဖွဲ့ခြင်းပင် ဖြစ်သည်။ ကြယ်ကိုးပွင့်နှင့် ထိုဂိုဏ်းများ၏ရည်ရွယ်ချက်မှာ သူ၏ လွှမ်းမိုးထားနိုင်သောအစွမ်းအစကို ရိုက်ချိုးဖျက်ဆီးရန်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
သူသည် ဂိုဏ်းပေါင်းများစွာကို တစ်ခုပြီးတစ်ခုအနိုင်ယူပြခဲ့သဖြင့် လှုပ်ရှားရန် ချောင်းမြောင်းနေသည့် အင်အားစုများမှာ ကြောက်ရွံ့တုန်လှုပ်နေကြရသည်။ သို့သော် အကယ်၍သာ သူ၏ "မအောင်နိုင်သော ဒဏ္ဍာရီ" ကိုရိုက်ချိုးနိုင်ခဲ့လျှင် ဆုလာဘ်များကို မက်မောကြသောအင်အားစုများစွာသည် သူ့အား ဝိုင်းဝန်းတိုက်ခိုက်ရန် ပြန်လည်နိုးထလာကြပေလိမ့်မည်။ ထိုအခါ သူသည်ပြင်ပလောကရှိဂိုဏ်းအားလုံး၏ဝိုင်းရံပိတ်ဆို့ နှိမ်နင်းခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။
အကယ်၍ ချူးယွင်ဖန်းသည် ထိုသို့သောအခြေအနေကို မရင်ဆိုင်လိုပါက သူ၏မအောင်နိုင်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းရန်ထိုမဟာမိတ်ညီလာခံသို့ ကိုယ်တိုင်တက်ရောက်ရပေမည်။
သို့သော်ထိုသို့သွားခြင်းမှာ သူတို့ခင်းထားသောထောင်ချောက်ထဲသို့ တည့်တည့်တိုးခြင်းပင် ဖြစ်ပေလိမ့်မည်။
ဤသည်မှာ လျှို့ဝှက်သောပရိယာယ်မဟုတ်ဘဲ အားလုံးသိအောင် ဗြောင်ဆင်ထားသည့်အကြံအစည်သာ ဖြစ်လေသည်။ လျှို့ဝှက်ပရိယာယ်ကို ကာကွယ်ရန် ခက်ခဲသော်လည်း သတိထားလျှင် ရှောင်လွှဲနိုင်သေးသည်။ သို့သော် ဗြောင်ဆင်ထားသည့် အကြံအစည်မှာမူ အသိပေးပြီးသား ဖြစ်သဖြင့် ရှောင်ရန်၊ မရှောင်ရန်ထက် ရင်ဆိုင်ရန်၊ မရင်ဆိုင်ရန်သာ ရှိတော့သည်။
"လျှို့ဝှက်ပရိယာယ်လား... ဗြောင်ဆင်တဲ့ အကြံလား..."
ချူးယွင်ဖန်း၏နှုတ်ခမ်းဖျားတွင် အေးစက်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ ဤလူများသည် သူ့ကို ထွက်ပေါ်လာအောင် ဤနည်းဖြင့် ဖိအားပေးနေကြသော်လည်း ဤသည်မှာ သူကိုယ်တိုင် အလိုရှိနေသည့် အခြေအနေဖြစ်ကြောင်း သူတို့ မသိကြချေ။
"ဘယ်လိုနည်းဗျူဟာပဲဖြစ်ဖြစ် အင်အားရှိမှသာ အောင်မြင်နိုင်မှာပါ။ မင်းတို့အားလုံး တစ်နေရာတည်းမှာ စုဝေးနေကြတာ တော်သေးတာပေါ့။ ငါက တစ်ယောက်ချင်း လိုက်ရှာနေစရာ မလိုတော့ဘူး။"
ချူးယွင်ဖန်း ခဏမျှစဉ်းစားပြီးနောက် ဆေးလုံးငယ်မူလဆုံရပ်သို့မသွားမီ ကြယ်ကိုးပွင့်နှင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှအကြီးအကဲများအားလုံးကို တစ်ခါတည်း ရှင်းလင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးတောပြီးနောက် သူသည်တွန့်ဆုတ်မနေတော့ဘဲ ခြေဖျားမှအလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ဝေးလံသောအရပ်ဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
……….
ထိုအချိန်တွင် ကောင်းကင်တောင်ဂိုဏ်း၌ လူများရှုပ်ယှက်ခတ်၍ စည်ကားပွက်လောရိုက်နေသည်။ မကြာသေးမီက ချူးယွင်ဖန်းသည် ပြင်ပလောကတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ကာ အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
ယခုအခါ ကောင်းကင်တောင်တိုက်ပွဲဟုခေါ်ဆိုရမည့်တိုက်ပွဲကြီးမှာ နောက်ဆုံးပိတ်တိုက်ပွဲ ဖြစ်လာဖွယ်ရှိသဖြင့် အားလုံးက ဤထိတ်လန့်ဖွယ်တိုက်ပွဲ၏ ရလဒ်ကို စောင့်ကြည့်လိုကြသည်။
ဘယ်သူကမှ မယှဉ်နိုင်အောင် အစွမ်းထက်လှသည့်ချူးယွင်ဖန်းက ပိုပြီး အစွမ်းထက်မလား၊ ဒါမှမဟုတ် ကြယ်ကိုးပွင့် နဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းတို့၏အင်အားက ပိုပြီး ကြောက်စရာကောင်းမလား ဆိုသည်ကိုသိချင်နေကြသည်။
အထူးသဖြင့် ပြင်ပလောကရှိ အခြားသောအင်အားကြီးအဖွဲ့အစည်းများမှာလည်း ဖိတ်ကြားစာများ ရရှိထားကြသည်။ သူတို့သည် ဤအရှုပ်အထွေးထဲတွင် မပါဝင်လိုကြသော်လည်း အခြေအနေကို စောင့်ကြည့်ရန် ကင်းထောက်များကို စေလွှတ်ခဲ့ကြသည်။ ချူးယွင်ဖန်း ၏စည်းကမ်းရှိသော သတ်ဖြတ်မှုများကို ထောက်ရှုလျှင် သူတို့အနေဖြင့် ဝင်ရောက်မနှောင့်ယှက်သရွေ့ မိမိတို့မှာ ရန်မူခံရမည်မဟုတ်ကြောင်း နားလည်ထားကြသည်။
ထို့ကြောင့်ပင် ကောင်းကင်တောင်သည် တစ်လောကလုံး၏ စိတ်ဝင်စားမှုအချက်အချာ ဖြစ်လာခဲ့သည်။
ဖိတ်ကြားခြင်း ခံရသည့်အင်အားစုများအပြင် လောကအရပ်ရပ်မှပွဲကြည့်လိုသူများစွာလည်း ရောက်ရှိလာကြသည်။ ကောင်းကင်တောင်အနေဖြင့် သူတို့ကို လက်မခံဘဲမနေနိုင်ရာ တောင်အောက်မြို့ငယ်လေးရှိ တည်းခိုခန်းများအားလုံး လူအပြည့်ဖြစ်နေတော့သည်။
မဟာမိတ်ညီလာခံ ကျင်းပသည့်နေ့တွင် လူအားလုံးသည် နေရာကောင်းရရန် တောင်ပေါ်သို့ အပြေးအလွှား တက်လာကြသဖြင့် တောင်တစ်ခုလုံး လူပင်လယ်ဝေနေတော့သည်။
"ဒီ ကျန်းဝူချန်က အရမ်းကို သတ္တိကောင်းတာပဲ။ သူက ကြယ်ကိုးပွင့်ရဲ့ဂိုဏ်းချုပ်နေရာကို စိန်ခေါ်နေတာလား။"
"မဖြစ်နိုင်တာလည်း မဟုတ်ဘူး။ လူအတော်များများရဲ့ ခန့်မှန်းချက်အရ သူ့ရဲ့အစွမ်းက ရွှေအမတေအဆင့်တောင် ရောက်နေပြီလို့ ဆိုကြတယ်။"
"မဖြစ်နိုင်တာ။ ငါတို့ရတဲ့ သတင်းအရ ကျန်းဝူချန်က အလွန်ဆုံးရှိလှ အမတေမဲ့အဆင့်ပေါ့။ သူသာ ရွှေအမတေဆိုရင် အဲဒီအဆင့်ရဲ့တိုက်ခိုက်မှုလက္ခဏာတွေရှိရမှာပေါ့။ အခုက ဘာမှမရှိသေးဘူး။"
"ဟုတ်တယ်။ ရွှေအမတေတစ်ယောက်ရုတ်တရက်ပေါ်လာမယ်ဆိုတာ ငါမယုံဘူး။ သူက ဓားကျင့်ကြံသူဆိုတော့ တူညီတဲ့အဆင့်မှာ တိုက်ခိုက်နိုင်စွမ်း ပိုမြင့်တာကတော့ သဘာဝကျပါတယ်။"
"ဘာပဲဖြစ်ဖြစ်ပါကွာ၊ ဒီနေ့ ညီလာခံကို ပေါ်မလာရင်တော့ တော်သေးတာပေါ့။ အကယ်၍သာ ပေါ်လာရင်တော့ သူ အသက်ပျောက်မှာ သေချာသလောက်ပဲ။"
လူအများက အမျိုးမျိုးဆွေးနွေးနေကြသည်။ သူတို့အတွက်မူ ချူးယွင်ဖန်းမှာ အလွန်ထူးဆန်းလျှို့ဝှက်လွန်းနေသည်။ သူ၏ အစွမ်းဖြစ်စေ၊ နောက်ခံဖြစ်စေ သူတို့ အရင်ကသိထားခဲ့သည့် အကြီးအကဲများနှင့် လုံးဝမတူဘဲ ထူးခြားလွန်းနေသည်။
"သူ ပေါ်လာရဲမှာ မဟုတ်ပါဘူး။ ပေါ်လာတယ်ဆိုတာ သေတွင်းထဲဆင်းတာပဲ မဟုတ်လား။"
"မှန်တယ်၊ သေမယ်မှန်းသိရက်နဲ့ ဘယ်သူက လာမလဲ။ အထူးသဖြင့် သူက ကြယ်ကိုးပွင့်ရဲ့အကြီးအကဲတွေနဲ့ ထိပ်တိုက်မတွေ့ဘဲ ရှောင်နေတာကို ကြည့်ရင် သူ့အစွမ်းက ကန့်သတ်ချက် ရှိပုံရတယ်။ အခု ကြယ်ကိုးပွင့်ရဲ့ ထိပ်သီးတွေ အကုန်စုနေတာ။ သူ ဘာတတ်နိုင်မှာမို့လို့လဲ။"
လူအများစုက ချူးယွင်ဖန်းလာရဲလိမ့်မည်ဟု မယုံကြည်ကြပေ။ သို့သော် အချို့ကမူ ဆန့်ကျင်ဘက် အတွေးရှိနေကြသည်။
"ငါကတော့ အဲလိုမထင်ဘူး။ ကျန်းဝူချန်က ဘာကိုမှ ဂရုမစိုက်တဲ့ လူစားမျိုး။ သူ ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ ငါတို့အတွက် သေတွင်းလို့ထင်ရပေမဲ့ သူ့အတွက် ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူးလေ။
"
"ငါလည်း သူပေါ်လာလိမ့်မယ်လို့ ထင်တယ်။ မဟုတ်ရင် ဒီညီလာခံက အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ဒီလို အကြီးအကဲမျိုးကို ကြယ်ကိုးပွင့်က ဘယ်လိုလုပ် တစ်သက်လုံးစောင့်ကြည့်နေနိုင်မှာလဲ။"
လူအများ ဆွေးနွေးနေကြစဉ် ကောင်းကင်တောင်၏ ညီလာခံခန်းမကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် အကြီးအကဲအယောက်သုံးဆယ်ခန့် ထိုင်နေကြသည်။
ထိုသူတစ်ဦးချင်းစီ၏အရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှပြီး အားလုံးပေါင်းလိုက်သောအခါတွင် ပြင်းထန်သောဖိအားတစ်ခုကို ဖြစ်ပေါ်စေသည်။ သူတို့သည် သူတို့၏အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း သာမန် နတ်အဆင့်အဆင့်ရှိသူများမှာ စကားပင် မပြောရဲလောက်အောင် လွှမ်းမိုးခြင်း ခံထားရ၏။
ထိုသူများ၏ နောက်ကွယ်တွင် နတ်အဆင့်အဆင့်ရှိသူရာနှင့်ချီ၍ရှိနေသော်လည်း ထိုအကြီးအကဲများ၏ရှေ့တွင် တစ်ခွန်းမျှ မဟရဲဘဲ တိတ်ဆိတ်ငြိမ်သက်နေကြရသည်။
ကံကောင်းထောက်မစွာဖြင့် ညီလာခံခန်းမကြီးမှာ အလွန်ကျယ်ဝန်းသဖြင့် ရာနှင့်ချီသောလူများကို ဆံ့လေသည်။ မဟာမိတ်ညီလာခံဖြစ်သော်လည်း ကောင်းကင်တောင်တစ်ခုလုံးမှာ ပွဲတော်တစ်ခုကျင်းပနေသကဲ့သို့ စည်ကားနေ၏။
သို့သော် ရောက်ရှိနေသည့်အကြီးအကဲများအားလုံးက ဤမဟာမိတ်ဖွဲ့ခြင်း၏အဓိပ္ပာယ်ကို နားလည်ကြသည်။
မိမိတို့သည် ဂိုဏ်းတစ်ခုလုံးကို တစ်ကိုယ်တည်းနှင့် ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် "လူသားနဂါး" တစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက်ကြတော့မည် မဟုတ်ပါလား….။