အခန်း (၁၄၄၇-၁၄၄၉)
Vol. 97 Ch. 1447-1449
အခန်း (၁၄၄၇) မလွတ်တမ်းထောင်ချောက်အားချိုးဖောက်ပြီ
အမတေမဲ့အဆင့်ရှိသူတစ်ဦးအား တစ်ချက်တည်းဖြင့် သုတ်သင်လိုက်နိုင်သည့် အစွမ်းက တစ်ကွင်းလုံးကို မှင်တက်သွားစေခဲ့သည်။
ချူးယွင်ဖန်းသည် အရင်က ဂိုဏ်းပေါင်းများစွာကို စိန်ခေါ်ခဲ့သည်ဆိုသော်လည်း ဤအကြီးအကဲများမှာ သူ၏တိုက်ခိုက်ပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြသည်မဟုတ်ပေ။ ထို့ကြောင့် ယခုကဲ့သို့ ရွှေအမတေမဲ့တစ်ဦးအား ပေါ့ပေါ့ပါးပါး သတ်ပစ်လိုက်သည်ကို မြင်လိုက်ရသောအခါ အံ့ဩမဆုံး ဖြစ်သွားကြတော့သည်။
မြန်ဆန်လွန်းလှ၏။ ရွှေအမတေမဲ့တစ်ဦးသည် ချူးယွင်ဖန်၏ရှေ့မှောက်တွင် ရင်ဆိုင်နိုင်စွမ်း အလျင်းမရှိချေ။
"တိုက်ကြစမ်း! သူ့ကို သတ်ပစ်ကြ…"
ဒုတိယဂိုဏ်းချုပ်ကျန်းမှာ အကြီးအကျယ် ဒေါသထွက်နေပြီဖြစ်သည်။ သူ၏မျက်စိရှေ့ ပင်လူသတ်သွားခြင်းမှာ သူ့ပါးကို အားရပါးရ ရိုက်နှက်သွားခြင်းနှင့် မခြားတော့ပေ။ ဒုတိယဂိုဏ်းချုပ်ကျန်း၏နောက်ကွယ်တွင် လူပေါင်းရာနှင့်ချီ၍ ဖွဲ့စည်းထားသော စစ်ဗျူဟာအစီအရင်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းမှာ သူတို့ ကြိုတင်လေ့ကျင့်ထားသော အစီအရင်ဖြစ်၏။ စင်စစ်အားဖြင့် နတ်စွမ်းအားအဆင့်သို့ ရောက်ရှိထားသူများသည် ကိုယ်ခံပညာအပေါ် နားလည်မှု အလွန်မြင့်မားကြသဖြင့် ဤကဲ့သို့သော အစီအရင်များကို အထူးတလည် လေ့ကျင့်နေစရာမလိုဘဲ အလွယ်တကူ ထိန်းချုပ်နိုင်ကြသည်။
လူပေါင်းရာနှင့်ချီသောစွမ်းအားများသည် အစီအရင်မှတစ်ဆင့် ချူးယွင်ဖန်းထံသို့ ဦးတည်လာသည်။ အားလုံး၏စွမ်းအားများက မြစ်ရေအဟုန်ကဲ့သို့ စုစည်းကာ သူ့အား ဝါးမြိုရန် လှိုင်းတံပိုးကြီးသဖွယ် တိုးဝင်လာလေတော့သည်။
"ဒီလောက်လေးနဲ့ ငါ့ကို နှိမ်နင်းမလို့လား။"
ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။
သူ၏ကျောပြင်ထက်မှဓားရှည်သည် ရုတ်ချည်းပင် ဓားမြှောင်ထဲမှ ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူသည် ဓားကို ဆွဲကိုင်ကာ အစီအရင်ကြီးထဲသို့ တိုးဝင်သွားတော့သည်။
ချွင်!
ဓားရှည်ထံမှထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဓားအလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တိုးဝင်လာသော စွမ်းအင်လှိုင်းကြီးကို အမှုန့်ဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ချူးယွင်ဖန်းသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ အစီအရင်ကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို အားလုံး မြင်လိုက်ကြရသည်။ သူသည် လျှပ်စီးစွမ်းအားကို နင်း၍ သူ၏အမြန်နှုန်းကို အထွတ်အအိပ်အထိ မြှင့်တင်ထား၏။
"နေဝင်ချိန်မြစ်ဖျားဓားချက်…"
ချူးယွင်ဖန်း၏ဓားချက်က ဝေ့ဝဲထွက်ပေါ်လာသည်။ ထိုဓားအလင်းအောက်တွင် မြစ်ပြင်ထက်၌ နေဝင်သွားသည့်ပုံရိပ်ယောင်တစ်ခု ထင်ဟပ်လာပြီး ဓားအရှိန်အဝါများမှာ ပြိုကျလာတော့သည်။ ပြင်းထန်လှသောဓားအရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည့် နတ်စွမ်းအားအဆင့်အကြီးအကဲဒါဇင်ပေါင်းများစွာသည် မခုခံနိုင်ဘဲ ကောင်းကင်ယံထက်၌ပင် ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကြသည်။
စစ်ဗျူဟာအစီအရင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်အောက်မှာတင် အစီအရင်၏ထောင့်တစ်နေရာမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရလေပြီ။
"မကောင်းတော့ဘူး! သူ့ကို တားကြစမ်း!"
ဒုဂိုဏ်ချုပ်ကျန်းက အော်ပြောလိုက်သည်။
အမတေမဲ့အဆင့်အကြီးအကဲသုံးဆယ်သည် ချူးယွင်ဖန်းကို ဝိုင်းရံရန် စတင်လှုပ်ရှားလာကြသည်။ နတ်စွမ်းအားအဆင့်များ၏အစွမ်းက သူတို့နှင့်ယှဉ်လျှင် အလှမ်းဝေးလှသော်လည်း အဆင့်မြင့်နတ်စွမ်းအားအဆင့် ရာနှင့်ချီ၍ စုစည်းထားခြင်းက ဤအစီအရင်၏အုတ်မြစ်ဖြစ်နေသည်။ အကယ်၍ ချူးယွင်ဖန်းက ဤအတိုင်း ဆက်လက်သတ်ဖြတ်နေပါက အစီအရင်ကြီးတစ်ခုလုံး ပြိုလဲသွားပေလိမ့်မည်။
သို့သော် သူတို့၏အရှိန်မှက ချူးယွင်ဖန်းကို မည်သို့မှ မမှီနိုင်ချေ။ သူတို့ ဝိုင်းမိတော့မည့်အချိန်တိုင်းတွင် ချူးယွင်ဖန်းမှာ အလင်းတန်းတစ်ခုကဲ့သို့ ထိုနေရာမှ လွတ်မြောက်သွားသည်ကိုသာ မြင်ကြရသည်။ သူသည် အခြားသော နတ်စွမ်းအားအဆင့်အုပ်စုတစ်ခုဆီသို့ ဦးတည်တိုက်ခိုက်ပြန်သည်။ လူအင်အား အလွန်များပြားနေသဖြင့် သူသည် ဘာကိုမျှ စိုးရိမ်နေစရာမလိုဘဲ စိတ်ကြိုက် သုတ်သင်နေတော့သည်။
ရွှီး…
နောက်ထပ် ဓားအလင်းတစ်ခု ဝေ့ဝဲသွားပြန်ရာ နတ်စွမ်းအားအဆင့်ဒါဇင်ပေါင်းများစွာ ကောင်းကင်ပေါ်မှာတင် ပေါက်ကွဲကုန်ကြရ၏။
ဝုန်း! ဝုန်း! ဝုန်း!
ကောင်းကင်တောင်ပေါ်ရှိ တောင်စဉ်တောင်တန်းများပေါ်သို့ ကောင်းကင်ယံမှ သွေးမိုးများ ရွာသွန်းဖြိုးလာတော့သည်။
ကောင်းကင်တောင်ဂိုဏ်းမှ ကျန်ရှိနေသောတပည့်များနှင့် ပြင်ပလောကရှိ အင်အားစုအသီးသီးမှ ကင်းထောက်များသည် ဤမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြရသည်။ တိုက်ပွဲက အစပိုင်းမှာတင် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။
"ကြောက်စရာကောင်းလိုက်တာ... ဒါ ကျန်းဝူချန်ရဲ့အစွမ်းလား?"
"ဟုတ်တယ်လေ... ဂိုဏ်းအများကြီးကို ဆက်တိုက်စိန်ခေါ်ရဲတယ်ဆိုကတည်းက ဒီလောက်အစွမ်းမရှိရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လူအများမှာ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်ရွံ့လာကြသည်။ ဤပွဲသည် ချူးယွင်ဖန်းအတွက် ဆင်ထားသည့ ထောင်ချောက်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ သူ့အတွက် သေတွင်းတစ်ခု မဟုတ်တော့သည်မှာ ထင်ရှားလှသည်။
ကောင်းကင်ယံ၌ ချူးယွင်ဖန်း၏သတ်ဖြတ်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။ အစီအရင်ကြီးက သူ့ကို ဖမ်းဆီးတိုက်ခိုက်ရန် ကြိုးစားနေသော်လည်း ချူးယွင်ဖန်းကမူ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သူသည် ပန်းခြံထဲတွင် လမ်းလျှောက်နေသည့်နတ်သားတစ်ပါးကဲ့သို့ပင် အေးအေးလူလူ ရှိနေသော်လည်း သူ၏လက်ချက်ကြောင့် သေဆုံးသူများမှာမူ ရေတွက်၍ပင် မရတော့ချေ။ ဤသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းဖြစ်၏။
ချူးယွင်ဖန်း၏မျက်နှာမှာ အလွန်ပင်တည်ငြိမ်နေသည်။ ဤအစီအရင်က သူ့ကို မဖမ်းဆီးနိုင်ဘဲ ဖြစ်နေသလို တစ်စုတစ်ဝေးတည်းရှိနေသော နတ်စွမ်းအားအဆင့် များကလည်း သူ့အတွက် အသားတုံးများကဲ့သို့ ဖြစ်နေတော့သည်။ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ အကြီးအကဲဖြစ်စေ၊ ကြယ်ကိုးပွင့်မှ အကြီးအကဲဖြစ်စေ ချူးယွင်ဖန်းရှေ့မှောက်တွင်မူ အတူတူပင် ဖြစ်သည်။
အမတေမဲ့အဆင့်အယောက်သုံးဆယ်က ချူးယွင်ဖန်း၏အရှိန်ကို မမှီနိုင်သဖြင့် ဒေါသတကြီး အော်ဟစ်နေရုံမှအပ ဘာမျှမတတ်နိုင်ဘဲ ဤသတ်ဖြတ်ပွဲကြီးကို ငေးကြည့်နေရတော့သည်။
" ကျန်းဝူချန် ... မင်းမှာ သတ္တိရှိရင် ယောက်ျားပီပီ ထိပ်တိုက်ရင်ဆိုင်စမ်း!"
ရွှေအမတေမဲ့တစ်ဦးက အော်ပြောလိုက်၏။
"အဲလိုလား... မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်။"
ချူးယွင်ဖန်း၏အသံက ထိုသူ၏နားနားတွင် ရုတ်ချည်းထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်းက ထိုသူ၏ရှေ့သို့ ရောက်ရှိလာပြီး ဓားအလင်းတစ်ခု ကောင်းကင်မှ ကျဆင်းလာတော့သည်။
ဖျတ်!
ထိုရွှေအမတေမဲ့အကြီးအကဲမှာ ဘာမျှပင် မလုပ်ရသေးမီမှာတင် အသတ်ခံလိုက်ရလေ၏။
အခြားသော အမတေမဲ့အဆင့်များက ကူညီရန် အပြေးအလွှားရောက်လာချိန်တွင်မူ ချူးယွင်ဖန်းက ထိုလူကို သတ်ဖြတ်ပြီးစီးသွားသည်ကိုသာ တွေ့လိုက်ကြရသည်။
ထို့နောက် သူက သတ်ဖြတ်ပွဲကို ပြန်လည်စတင်ပြန်သည်။
လူပေါင်းရာနှင့်ချီသည်မှာ များပြားလှသည်ဟုထင်ရသော်လည်း အမှန်တကယ်အစွမ်းထက်သောသူတစ်ဦးရှေ့တွင်မူ ထိုအရေအတွက်မှာ အချည်းနှီးသာ ဖြစ်ကြောင်း သူတို့ သိသွားကြပြီ။
လူအများက ချူးယွင်ဖန်းကို စိုက်ကြည့်နေကြသော်လည်း သူတို့၏မျက်လုံးများက တစ်ဖက်သူ၏အရှိန်ကို မမှီနိုင်ကြချေ။ မျက်လုံးများထဲသို့ စွမ်းအင်များ ထည့်သွင်းကြည့်သော်လည်း မရချေ။ ကောင်းကင်ယံ၌ နတ်စွမ်းအားအဆင့်များ တစ်ဦးပြီးတစ်ဦး ဓားချက်အောက်တွင် လွင့်ထွက်သွားပြီး သွေးများမှာ ပန်းပွင့်များကဲ့သို့ လွင့်စင်နေသည်ကိုသာ မြင်ကြရတော့သည်။
ပွဲကြည့်နေသူများကလည်း ပွဲကြည့်ချင်သည့်စိတ်မရှိတော့ဘဲ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။
အံ့ဩဖွယ်ကောင်းလှသည့် တိုက်ပွဲ... အံ့ဩဖွယ်ကောင်းလှသည့် သတ်ဖြတ်ပွဲ!
သူတို့ စိတ်ကူးထားသည့်မြင်ကွင်းနှင့် လုံးဝကွာခြားလှသည်။ ဤသည်မှာ အပြန်အလှန် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းသာ ဖြစ်သည်။
ဒုတိယဂိုဏ်းချုပ်ကျန်းနှင့် အခြားသူများက ချူးယွင်ဖန်းကို သတ်ရန် မလွတ်တမ်းပိုက်ကွန်ခင်းထားသည်မဟုတ်ဘဲ ချူးယွင်ဖန်းကသာ သူတို့ကို အေးအေးဆေးဆေး သုတ်သင်နေခြင်း ဖြစ်နေတော့သည်။
ခဏလေးအတွင်းမှာပင် ဤနတ်စွမ်းအားအဆင့်ရာနှင့်ချီသောအကြီးအကဲများမှာ ချူးယွင်ဖန်းလက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရသည်။ တစ်ခုခုမှားနေပြီဟု သူတို့ သတိထားမိချိန်တွင်မူ နောက်ကျသွားခဲ့လေပြီ။
အကြောင်းမှာ ချူးယွင်ဖန်း၏သတ်ဖြတ်နှုန်းမှက မြန်လွန်းလှသောကြောင့်ပင်။ သူ၏ ဓားချက်တစ်ချက် ဝေ့ဝဲလိုက်တိုင်း ထိုဧရိယာအတွင်းရှိ နတ်စွမ်းအားအဆင့်အားလုံး သေဆုံးကုန်ကြရသည်။
"ဒါ မင်းတို့ပြောတဲ့ မလွတ်တမ်းပိုက်ကွန်လား။ ကြည့်ရတာ ဒီနေ့ မင်းတို့အားလုံး သေဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးထင်တယ်။"
ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်လေတော့သည်။
အခန်း (၁၄၄၈) ကြယ်ကိုးပွင့်၏နောက်ဆုံးဝှက်ဖဲ
နတ်စွမ်းအားအဆင့်အကြီးအကဲအားလုံးကို သုတ်သင်ပြီးနောက် ချူးယွင်ဖန်းသည် ကျန်ရှိနေသော အမတေမဲ့အဆင့်သုံးဆယ်ခန့်ထံသို့ သူ၏အကြည့်က ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ထိ အမတေမဲ့အဆင့်များသည် ရှေးဟောင်းကမ္ဘာမှ ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင် နိုးထလာသည်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ တစ်စုံတစ်ဦး၏ အစွမ်းမှာ ဤမျှအထိ ထိတ်လန့်ဖွယ်ကောင်းနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ စင်စစ်အားဖြင့်မူ ၎င်းတို့ကဲ့သို့ အကြီးအကဲများပင်လျှင် ဤမျှကြီးမားသော စစ်ဗျူဟာအစီအရင်ကြီးထဲ၌ ပိတ်မိပါက အသက်ဘေးမှ လွတ်မြောက်ရန် ခဲယဉ်းလှပေသည်။ ထိုကဲ့သို့သောအစီအရင်ကြီးကို ပြန်လည်အံတုရန်မှာ သူတို့အဖို့ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။
သို့သော် ချူးယွင်ဖန်းကမူ လုပ်ဆောင်ပြခဲ့လေပြီ။ သူတို့က ဤအစီအရင်သည် ချူးယွင်ဖန်း ကို ဖမ်းဆီးနိုင်လိမ့်မည်ဟု တွက်ဆခဲ့ကြသော်လည်း သူ၏ခြေလှမ်းများကို အနည်းငယ်မျှပင် နှေးကွေးသွားအောင် မစွမ်းဆောင်နိုင်ခဲ့သည်မှာ သူတို့အတွက် အကြီးမားဆုံးအမှားပင် ဖြစ်တော့သည်။
ချူးယွင်ဖန်းသည် သူတို့ကြားထဲသို့ တည့်တည့်တိုးဝင်ကာ ဖြတ်သန်းသွားခဲ့သည်။ အချိန်တိုလေးအတွင်းတွင်ပင် နတ်စွမ်းအားအဆင့်ရာနှင့်ချီ၍ သူ၏လက်ချက်ဖြင့် နိဂုံးချုပ်သွားခဲ့ရသည်။
ချူးယွင်ဖန်းက အေးစက်စွာ ပြုံးလိုက်သည်။ အကယ်၍သာ ရွှေအမတေအဆင့်အကြီးအကဲ ရာနှင့်ချီ၍ ဖွဲ့စည်းထားသောအစီအရင်ဆိုလျှင်မူ အနည်းငယ် စိုးရိမ်မိကောင်း စိုးရိမ်မိပေလိမ့်မည်။ သို့သော် နတ်စွမ်းအားအဆင့်များဖြင့် ဖွဲ့စည်းထားသောအစီအရင်ကိုမူ သူ အလေးပင်မထားခဲ့ချေ။ အဆုံးသတ်တွင်မူ ဤလူများသည် သူ့ကို လျှော့တွက်ခဲ့ကြခြင်းသာ ဖြစ်၏။ ကျင့်ကြံခြင်းအဆင့်သည် ချူးယွင်ဖန်း၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်သောအခါမှ ကိုယ်စားမပြုနိုင်ခဲ့ပေ။
ထို့အပြင် ကျင့်ကြံသူတစ်ဦးသည် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားပါက လူအများကို တစ်ကိုယ်တည်းနှင့် ရင်ဆိုင်နိုင်စွမ်းရှိလာပြီး သူ၏တိုက်ခိုက်နိုင်စွမ်းမှာလည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားတတ်သည်။ သာမန်လူတစ်ယောက်အဖို့ မိမိနှင့် အဆင့်တူသူကို အနိုင်ယူရန်ပင် မလွယ်ကူလှရာ သတ်ဖြတ်ရန်ဆိုသည်မှာ သာ၍ပင် ခဲယဉ်းလှသည် မဟုတ်ပါလား။
ဤကဲ့သို့သော သာမန်အတွေးအခေါ်များကြောင့်သာ သူတို့သည် ဤအစီအရင်ကြီးကို ယုံကြည်အားကိုးခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍သာ သူတို့သည် ချူးယွင်ဖန်း၏အစွမ်းနှင့် တိုက်ခိုက်နိုင်စွမ်းကို ကောင်းစွာ သိရှိနားလည်ခဲ့ကြမည်ဆိုလျှင် ဤကဲ့သို့သော အချည်းနှီးကိစ္စမျိုးကို လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော "မလွတ်တမ်းပိုက်ကွန်"က ချူးယွင်ဖန်းအတွက်မူ ကလေးကစားစရာမျှသာ ဖြစ်သည်။
စင်စစ် ချူးယွင်ဖန်းသည် သူ၏လောကအလယ် ကျင်လည်မှုသက်တမ်းတစ်လျှောက် သေခြင်းနှင့် ရှင်ခြင်းကြား ဗျာများခဲ့ရသော အခြေအနေပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးသည်။ ဘယ်နှစ်ကြိမ်တောင် ကြုံခဲ့ရသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ အခြားသူများအဖို့ ဤအခြေအနေမှာ အလွန်ကြောက်စရာကောင်းလှသဖြင့် လာရဲမည်မဟုတ်သော်လည်း သူ့အတွက်မူ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။
ချူးယွင်ဖန်း၏အကြည့်က သူတို့အပေါ်သို့ ကျရောက်လာသောအခါ အမတေမဲ့အဆင့်သုံးဆယ်သည် ချက်ချင်းပင် တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။ သူတို့သည် ရေခဲဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
တစ်ခုခုတော့မှားနေပြီဟု အားလုံး ရိပ်မိလိုက်ကြသည်။ ဤအဆင့်အထိ ကျင့်ကြံထားသော အကြီးအကဲများသည် သူတို့၏ ဗီဇစိတ်ကို ပို၍ ယုံကြည်တတ်ကြသည်။ ထိုဗီဇစိတ်သည် တစ်ခါတစ်ရံတွင် မိမိတို့၏ ဆင်ခြင်တုံတရားထက်ပင် ပို၍ မှန်ကန်တတ်ပြီး ၎င်းမှာ မမြင်နိုင်သောလောက၌ ရှိနေသည့် ထူးခြားသောအစွမ်းတစ်မျိုးပင် ဖြစ်၏။
ချူးယွင်ဖန်းသည် သူတို့အားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိကြောင်း သူတို့ ချက်ချင်းပင် နားလည်လိုက်ကြသည်။
ဖြစ်နိုင်သည်မှာ ချူးယွင်ဖန်းသည် အစမှ အဆုံးတိုင်အောင် သူ၏ အစွမ်းအစစ်အမှန်ကို ထုတ်မသုံးသေးဘဲ သူတို့ကို ကစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသို့ တွေးမိသည်နှင့် သူတို့အားလုံး အသက်ရှူပင် မှားသွားကြရသည်။
ချူးယွင်ဖန်း၏မျက်နှာအမူအရာကို ကြည့်မိသောအခါ ကျောပြင်မှပင် ချွေးစေးများ ထွက်လာတော့သည်။ သူတို့က ချူးယွင်ဖန်းကို ဖမ်းရန် ပိုက်ကွန်ခင်းထားသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ဤသည်မှာ သူတို့အားလုံးကို တစ်ပြိုင်တည်း အမြစ်ပြတ်ရှင်းလင်းရန် ချူးယွင်ဖန်း ရသွားသောအခွင့်အရေးကြီး ဖြစ်နေခဲ့သည်။
အင်အားချင်းနှိုင်းယှဉ်လျှင် သူတို့က အသာစီးရနေသည်ဟုသာ မည်သူမဆို ထင်မြင်ခဲ့ကြမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အဆင့်မြင့်နတ်စွမ်းအားအဆင့် ရာနှင့်ချီ၍ တစ်ခဏချင်းအတွင်း သေဆုံးကုန်ကြရသည်။ အင်အားကြီးမားလှသော ကြယ်ကိုးပွင့် အတွက်ပင် ဤသည်မှာ အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်၏။ နတ်စွမ်းအားအဆင့် များသည် ထိပ်တန်းအကြီးအကဲများ မဟုတ်သော်လည်း ထိပ်တန်းအကြီးအကဲဖြစ်သည့် အမတေမဲ့အဆင့်များမှာ ထိုသူများထဲမှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့်ပင်။
ဤမျှများပြားသော အကြီးအကဲများကို ဆုံးရှုံးလိုက်ရခြင်းက ကြယ်ကိုးပွင့်ကဲ့သို့သော အင်အားစုကြီး၏ နောင်လာနောက်သားမျိုးဆက်ကို ပြတ်တောက်သွားစေရန် လုံလောက်လှသည်။
"နောက်တစ်လှည့်က မင်းတို့ပဲ!"
ချူးယွင်ဖန်း က အေးစက်စွာ ပြုံးလိုက်သည်။
"ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။"
"ဂိုဏ်းချုပ်ဟောင်းကြီး... ကြွပါတော့ခင်ဗျ…!"
ဤအချိန်တွင် ဒုတိယဂိုဏ်းချုပ်ကျန်းမှာ မည်မျှပင် မိုက်မဲပါစေ၊ လက်ရှိ ချူးယွင်ဖန်းမှာ သူတို့ ရင်ဆိုင်နိုင်သည့်အဆင့်မဟုတ်တော့ကြောင်း သဘောပေါက်သွားလေပြီ။ ခြေလှမ်းတစ်ဝက်အမတေအဆင့်တစ်ဦးဖြစ်သည့်သူပင်လျှင် ချူးယွင်ဖန်း၏ရိပ်ခနဲ လှုပ်ရှားမှုနောက်သို့ လိုက်ရန် ခဲယဉ်းနေသည် မဟုတ်ပါလား။
ချူးယွင်ဖန်း၏အံ့မခန်းအစွမ်းအတွက် ရှင်းပြချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ ချူးယွင်ဖန်း သည် ရွှေအမတေအဆင့်သို့ ရောက်ရှိနေပြီဆိုသည့်အချက်ပင်။ သူ၏ ကျင့်စဉ်အဆင့်ဖြစ်စေ၊ တိုက်ခိုက်ရေးစွမ်းရည်ဖြစ်စေ ဆွေးနွေးနေရန် မလိုတော့ပေ။
ရွှေအမတေအဆင့်အကြီးအကဲတစ်ဦးကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းမှာ မိမိကိုယ်တိုင်လည်း ရွှေအမတေအဆင့် အကြီးအကဲ ဖြစ်နေရမည်ဟူသော အချက်ပင်။ ဤသည်မှာ သူတို့ ရင်ဆိုင်နိုင်သော အနေအထား မဟုတ်တော့သဖြင့် သူ၏ နောက်ဆုံးဝှက်ဖဲကို အသုံးပြုရန်မှအပ အခြားနည်းလမ်း မရှိတော့ချေ။
ထိုစဉ် ဟင်းလင်းပြင်အတွင်း၌ ပြင်းထန်သောတုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ခဏအတွင်းမှာပင် အလွန်ကြီးမားလှသော ရေခဲတောင်ကြီးတစ်ခုက လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်။
၎င်းမှာ ပေရာနှင့်ချီ၍ မြင့်မားသောရေခဲတောင်ကြီး ဖြစ်သည်။ ထိုရေခဲတောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တောင်တစ်ခုလုံး၏အပူချိန်မှက (၁၀)ဒီဂရီကျော်ခန့် ရုတ်ချည်း ကျဆင်းသွားကာ အေးစက်သောလေပြင်းများ ကောင်းကင်ယံ၌ တိုက်ခတ်လာတော့သည်။
ကောင်းကင်ပေါ်တွင် နေမင်းကြီးထွန်းလင်းနေဆဲ ဖြစ်သော်လည်း ဤရေခဲတောင်၏ အအေးဓာတ်မှာ မည်မျှအထိ ပြင်းထန်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
"ဒါ ဘာကြီးလဲ... အကြီးကြီးပါလား!"
လူအများမှာ အံ့သြတကြီး အော်ဟစ်လိုက်ကြသော်လည်း မကြာမီမှာပင် တစ်ခုခု မှားနေကြောင်း သတိထားမိသွားကြသည်။ ထိုကြီးမားလှသော ရေခဲတောင်အတွင်း၌ လူရိပ်တစ်ခု ရှိနေသည်ကို သူတို့ မြင်လိုက်ကြရခြင်း ဖြစ်၏။ ရိပ်ရိပ်မျှသာ မြင်ရသည် ဆိုဦးတော့ ကျင့်စဉ်အောင်မြင်ထားသည့်သူတို့အဖို့မူ ထိုအတွင်း၌ လူသားတစ်ဦး ရှိနေကြောင်း ကောင်းစွာ မြင်နိုင်ကြသည်။
ဒုတိယဂိုဏ်းချုပ်ကျန်း၏ခေါ်သံနှင့် ပေါင်းစပ်လိုက်သောအခါတွင် လူအများက တစ်စုံတစ်ခုကို ပြေး၍ သတိရလိုက်ကြသည်။ သေချာစွာကြည့်လိုက်သောအခါမှ ရေခဲတောင်ပေါ်၌ ရှုပ်ထွေးလှသောအစီအရင်များနှင့် ပုံရိပ်လွှာများကို ထွင်းထုထားသည်ကို တွေ့ရသည်။ ၎င်းမှာ အတွင်းမှ လူသား၏ =ခန္ဓာကိုယ်ကို ရေခဲဖြင့် ပိတ်လှောင်ထားသည့် ရှေးဟောင်း= တားမြစ်အစီအရင်တစ်ခုပင် ဖြစ်သည်။
" ကြယ်ကိုးပွင့်ရဲ့ ဂိုဏ်းချုပ်ဟောင်းကြီးက အဲဒီထဲမှာ ရှိနေတာလား!"
တစ်ယောက်က အလန့်တကြား အော်ဟစ်လိုက်သည်။
" ကြယ်ကိုးပွင့် ဂိုဏ်းချုပ်ဟောင်းကြီး ကွယ်လွန်သွားပြီလို့ ပြောကြပေမဲ့ မသေခဲ့ရင်တော့ သူက ဒီရေခဲတောင်ထဲမှာ ပိတ်လှောင်ပြီး အသက်ဆက်နေတာ ဖြစ်ရမယ်။"
လူအများက အမျိုးမျိုး ခန့်မှန်းနေကြပြီး ထိုခန့်မှန်းချက်ကို အားလုံးလက်ခံယုံကြည်သွားလေသည်။
အထူးသဖြင့် အင်အားကြီးဂိုဏ်းများမှ ကင်းထောက်များးအဖို့ ဤသည်မှာ မထူးဆန်းပေ။ သူတို့သည် အစွမ်းအထက်ဆုံး မဟုတ်ကြသော်လည်း ဗဟုသုတမှာမူ အလွန် ကျယ်ပြောလှသည်။ ရှေးယခင်ကတည်းက ဤကဲ့သို့သော အသက်ဆက်နည်းလမ်းများ ရှိခဲ့ကြောင်း သူတို့ ကောင်းစွာ သိကြသည်။
သို့သော် နည်းလမ်းကို သိရှိခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမှာမူ ကွာခြားလှသည်။
အကြောင်းမှ ာရွှေအမတေအဆင့်ရှိသူတစ်ဦး၏ အသက်ဓာတ်က အလွန်တရာ ပြင်းထန်လှသဖြင့် သာမန်ရေခဲများဖြင့် ထိုကဲ့သို့သောအကြီးအကဲကို ပိတ်လှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးမှာ ရွှေအမတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ထိုအဆင့်ရှိ အကြီးအကဲတစ်ဦးကို အေးခဲထားနိုင်ရန်အတွက် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းတိုင်အောင် အရည်မပျော်သည့် ရေခဲတောင်မျိုး လိုအပ်လှသည်။
ထူးခြားသောအစီအရင်များ၊ တားမြစ်ချက်များနှင့် ပေါင်းစပ်လိုက်သောအခါမှသာ အတွင်းရှိလူကို အေးခဲထားနိုင်မည်ဖြစ်သည်။ ထိုသို့ အေးခဲခံထားရသူသည် မိမိ၏သက်တမ်း ကုန်ဆုံးမှုကို အနည်းဆုံးအဆင့်သို့ လျှော့ချထားနိုင်ကာ မိမိ၏အသက်ကို အရှည်ကြာဆုံး ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
ဤသည်မှာ ထိပ်တန်းအင်အားစုကြီးများသာ တတ်နိုင်သည့် အခြေခံအုတ်မြစ် ဖြစ်သည်။ သာမန်ဂိုဏ်းငယ်လေးများအဖို့ နှစ်ပေါင်းတစ်သောင်းတိုင် အရည်မပျော်သည့်ရေခဲတောင်ကို ရှာရန်ပင် မလွယ်ကူလှရာ၊ အစီအရင်နှင့် တားမြစ်ချက်များအကြောင်းဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ဤရေခဲတောင်တားမြစ်ချက်ကြီး တစ်ခုတည်းကပင် ကြယ်ကိုးပွင့်၏ ထူးကဲလှသော အင်အားကို သက်သေပြနေလေတော့၏။
အခန်း (၁၄၄၉) အမတေမဲ့အဆင့်အားသတ်ဖြတ်ခြင်း
လူပေါင်းများစွာက အံ့အားသင့်စွာဖြင့် မချီးကျူးဘဲ မနေနိုင်ကြတော့ချေ။ ရွှေအမတေအဆင့် အကြီးအကဲတစ်ဦးကို ရေခဲတောင်အတွင်း၌ ပိတ်လှောင်ထားရန် လိုအပ်သော အရင်းအမြစ်မျိုးစုံမှာ သာမန်လူတို့ စိတ်ကူးကြည့်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ရွှေအမတေအဆင့်အကြီးအကဲများသာလျှင် ဤကဲ့သို့ တန်ဖိုးထားခြင်း ခံရကြသည်။ သူတို့၏ သက်တမ်းကို ရှည်ကြာစေရန် ရည်ရွယ်ချက်ဖြင့် ဤသို့ရေခဲတောင်အတွင်း ပိတ်လှောင်ထားခြင်းမှာ ရှေးယခင်ကတည်းက ဂိုဏ်းကြီးများ လုပ်ဆောင်လေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့်မူ ဤသည်မှာ သူတို့၏ နောက်ဆုံးဝှက်ဖဲဖြစ်ပြီး အလွယ်တကူ ထုတ်သုံးလေ့မရှိကြချေ။
ကြယ်ကိုးပွင့်အနေဖြင့် ချူးယွင်ဖန်းကို သတ်ရန် ဤမျှအထိ အစွမ်းထက်သောဝှက်ဖဲကို ထုတ်သုံးလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။
" ကြယ်ကိုးပွင့်မှာ ဒီလို အစီအစဉ်ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ သူတို့ရဲ့ ပြင်ဆင်မှုက ပေါ့သေးသေး မဟုတ်ဘူးပဲ။ အရာရာကို ထည့်သွင်းစဉ်းစားပြီး မလွတ်တမ်းပိုက်ကွန်ကြီး ခင်းထားတာပဲ။ သူတို့ မမျှော်လင့်မိတာ တစ်ခုတည်းက ကျန်းဝူချန်ရဲ့အစွမ်းက အားလုံးရဲ့ ထင်ကြေးတွေကို တစ်ခုပြီးတစ်ခု ရိုက်ချိုးပစ်နိုင်လောက်အောင် သန်မာနေတာပဲ။"
"ဟုတ်ပါ့... ကြယ်ကိုးပွင့်က ဒီလောက် နှစ်ပေါင်းများစွာ ရပ်တည်လာတာ အလကားမှ မဟုတ်တာ။"
" ကျန်းဝူချန်တော့ အခြေအနေ မကောင်းတော့ဘူးထင်တယ်။ ကြယ်ကိုးပွင့်ရဲ့ ဂိုဏ်းချုပ်ဟောင်းကြီးတောင် ထွက်လာပြီဆိုတော့။"
လူအများက ကြယ်ကိုးပွင့်၏လုပ်ဆောင်ပုံကို ချက်ချင်းပင် ချီးကျူးလာကြသည်။ အချို့မှာမူ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်ရွံ့လာကြ၏။ ကြယ်ကိုးပွင့်က ပို၍ စေ့စပ်သေချာလေလေ သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ပို၍ ပြင်းထန်လေလေ ဖြစ်ကြောင်း ပြသနေသည်။ သူတို့သည် ချူးယွင်ဖန်းကို အသေရရ အရှင်ရရ သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြပြီ ဖြစ်သည်။
"ဒါပေမဲ့ ကျန်းဝူချန်ကို သတ်ဖို့ ပေးရတဲ့တန်ဖိုးက အရမ်းကြီးလွန်းတယ်။ အေးခဲခံဖို့ ဆန္ဒအလျောက် ရွေးချယ်တဲ့လူတွေဟာ သူတို့သက်တမ်းရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီး သက်တမ်း ထပ်တိုးလို့ မရတော့တဲ့လူတွေလို့ ကြားဖူးတယ်။ တစ်ခါ ပိတ်လှောင်ထားရာကနေ ပြန်ထွက်လာပြီဆိုရင် ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်သွားမှာပဲ။ ပြန်ပြီး အေးခဲခံနိုင်ဦးတော့ နောက်တစ်ကြိမ် ပြန်နိုးထလာဖို့ အခွင့်အရေး မရှိတော့ဘူး။"
"မှန်တယ်... ကြယ်ကိုးပွင့်ရဲ့ ဂိုဏ်းချုပ်ဟောင်းကြီးဟာ ရေခဲထဲမှာပဲ တဖြည်းဖြည်း သေဆုံးသွားရလိမ့်မယ်။"
" ကျန်းဝူချန်တစ်ယောက်တည်းကို ရင်ဆိုင်ဖို့ ဒီလောက် တန်ဖိုးကြီးကြီး ပေးရတာ တန်ရဲ့လားဗျာ။"
အချို့ကလည်း သက်ပြင်းချကာ နှမြောတသ ဖြစ်နေကြသည်။ ကြယ်ကိုးပွင့်သည် ပုရွက်ဆိတ်ကို သတ်ရန် အမြောက်နှင့်ပစ်သကဲ့သို့ အပိုတွေ လုပ်နေသည်ဟု ခံစားရသော်လည်း၊ ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါတွင်မူ သူတို့၏ လုပ်ဆောင်ချက်မှာ လုံးဝ တန်ဖိုးရှိကြောင်း ချက်ချင်း သိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင် ကြည့်စေကာမူ ချူးယွင်ဖန်းသည် ထိုသို့သော ဆက်ဆံမှုမျိုးနှင့် ထိုက်တန်သော အရည်အချင်းရှိသူ ဖြစ်နေသောကြောင့်ပင်။
ချူးယွင်ဖန်းသည် ရေခဲတောင်ကြီးကို မြင်လိုက်ရသည်။ ရေခဲတောင်ပေါ်တွင် ထွင်းထုထားသောအစီအရင်များမှာ လျင်မြန်စွာ လည်ပတ်လာပြီး တားမြစ်ချက်များက တစ်လွှာပြီးတစ်လွှာ ပွင့်ထွက်လာတော့သည်။ သူသည် အောက်ကလူများထက် များစွာ ဗဟုသုတကြွယ်ဝသူဖြစ်ရာ ဤရေခဲတောင်ထဲတွင် မည်သို့သောပုဂ္ဂိုလ်ရှိနေကြောင်း ကောင်းစွာ သိရှိသည်။
သာမန်လူများမှာ ရေခဲတောင်ထဲကပုဂ္ဂိုလ်၏အရှိန်အဝါကို မခံစားနိုင်ကြသော်လည်း ချူးယွင်ဖန်း၏ နတ်ဘုရားအာရုံမှာမူ ဤလူများထက် အဆတစ်ရာမက ပို၍ ထက်မြက်လှသည်။ ထို့ကြောင့် သူသည် ဂိုဏ်းချုပ်ဟောင်းကြီး၏တည်ရှိမှုကို အလွယ်တကူ သိရှိနိုင်ခြင်း ဖြစ်သည်။
အသက်ရှူသံက အလွန်တရာအားနည်းနေသော်လည်း သူသည် အသက်ရှင်နေဆဲ ဖြစ်သည်။
ဂိုဏ်းကြီးအချို့တွင် ယခုကဲ့သို့ သေလုဆဲဆဲ ဝါရင့်အကြီးအကဲကြီးများကို နှစ်ပေါင်းသောင်းချီသော ရေခဲတောင်များအတွင်း ပိတ်လှောင်ထားကာ လိုအပ်သည့်နေ့မှ နိုးထစေသည့်နည်းလမ်းရှိကြောင်း ချူးယွင်ဖန်း သိသည်။ သို့သော် လက်တွေ့တွင်မူ အများစုမှာ ထိုနေ့ကို မစောင့်နိုင်ဘဲ ရေခဲထဲတွင်ပင် သေဆုံးသွားကြသည်။ အေးခဲထားခြင်းဖြင့် အသက်ဓာတ်အားဆုံးရှုံးမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချထားနိုင်သော်လည်း လုံးဝ ရပ်တန့်သွားခြင်း မဟုတ်ပေ။ သာမန်လူဆိုလျှင် ပြဿနာမရှိသော်လည်း ဤအကြီးအကဲကြီးများမှာ အသက်တစ်မျှင်မျှသာ ကျန်တော့သည့်လူများဖြစ်သဖြင့် ရေခဲတောင်ထဲတွင်ပင် တဖြည်းဖြည်း သေဆုံးသွားတတ်ကြခြင်း ဖြစ်သည်။
" ကျန်းဝူချန် ... အခုချိန်မှာ ထွက်ပြေးဖို့ မစဉ်းစားနဲ့တော့။"
ရေခဲတောင်ကြီးထွက်ပေါ်လာပြီး အစီအရင်များပွင့်သွားသည်ကို မြင်သောအခါ ကျန်ရှိနေသော အမတေမဲ့အဆင့်သုံးဆယ်က စိတ်အားတက်ကြွလာကြသည်။ ဂိုဏ်းချုပ်ဟောင်းကြီး နိုးထလာရန် မကြာတော့ချေ။ ထိုအချိန်သည် ချူးယွင်ဖန်း၏နောက်ဆုံးနေ့ ဖြစ်သွားပေလိမ့်မည်။
ယခုအချိန်တွင် သူတို့မှာ မကြောက်တော့ဘဲ ချူးယွင်ဖန်းထွက်ပြေးမည်စိုး၍ သူ့ကို ဝိုင်းရံထားကြတော့သည်။
"ပြေးရမယ်တဲ့လား။ ငါက ဘာလို့ ပြေးရမှာလဲ။"
ချူးယွင်ဖန်းက လှောင်ပြုံးပြုံးလိုက်သည်။
"သူက သေခါနီး အဘိုးကြီးတစ်ယောက်ပဲ။ သူက ငါ့ကို သတ်နိုင်မယ်လို့ မင်းတို့ ထင်နေတာလား။"
"ဒီလို အကြီးအကဲမျိုး ရေခဲထဲမှာ သေသွားရမှာ နှမြောစရာပဲ။ သူက အတင်းအကျပ် နိုးထလာချင်မှတော့ ငါကိုယ်တိုင်ပဲ သူ့ကို နောက်ဆုံးခရီး ပို့ပေးလိုက်ရတော့မှာပေါ့။"
ချူးယွင်ဖန်းက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းတို့ကို အရင် ရှင်းပစ်ရဦးမယ်။"
ထိုအမတေမဲ့အဆင့်များက ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ ဤအခြေအနေမျိုး ရောက်နေသည့်တိုင် ချူးယွင်ဖန်းက ဤမျှအထိ မောက်မာရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ထိုသူသည် မိမိတို့အားလုံးကို အနည်းငယ်မျှပင် အရေးမထားသည်မှာ သိသာလှသည်။
"တောက်... ကျန်းဝူချန်! မင်းက အရမ်းကို မောက်မာလွန်းတာပဲ။"
ရွှေအမတေမဲ့တစ်ဦးက အော်ပြောလိုက်သည်။
ရေခဲတောင်ထဲမှ ဂိုဏ်းချုပ်ဟောင်းကြီး၏အသက်ဓာတ်အား ပြန်လည်နိုးထလာသည်ကို သူ ခံစာမိသည်။ အရင်က မသိမသာသာ ရှိခဲ့သည့် နှလုံးခုန်သံမှာ ယခုအခါ ပို၍ ပို၍ ပြင်းထန်လာနေပြီ ဖြစ်သည်။ အကယ်၍ သူတို့ ခေတ္တမျှ ထိန်းထားနိုင်လျှင် ဂိုဏ်းချုပ်ဟောင်းကြီး နိုးထလာပေလိမ့်မည်။
ဤအချိန်တွင် ဒုတိယဂိုဏ်းချုပ်ကျန်းက အနည်းငယ် နောင်တရနေမိသည်။ အဘယ်ကြောင့် ဂိုဏ်းချုပ်ဟောင်းကြီးကို အစောကတည်းက မနှိုးခဲ့တာလဲ။
ယခုမူ ချူးယွင်ဖန်းက အသာစီး ရနေလေပြီ။ သူသည် ရှိသမျှအင်အားသုံးကာ ချူးယွင်ဖန်း ကို တစ်ချက်တည်းနှင့် အပြတ်သတ်သင့်ခဲ့ခြင်း ဖြစ်သည်။
"မောက်မာတာလား။ ငါကတော့ အဲလို မထင်ဘူး။ ငါက အမှန်တရားကိုပဲ ပြောနေတာ။"
ထို အမတေမဲ့အဆင့်အကြီးအကဲ၏ နားထဲသို့ ချူးယွင်ဖန်း၏အသံက ရုတ်တရက် တိုးဝင်လာသည်။
ထို့နောက် သူ၏ အမြင်အာရုံများ ဝေဝါးသွားကာ ချူးယွင်ဖန်းသည် မည်သည့်အချိန်က သူ့ရှေ့သို့ ရောက်နေမှန်းပင် မသိလိုက်ရချေ။ သူ ဘာမျှ စဉ်းစားရန် အချိန်မရမီမှာပင် ရင်ဘတ်အတွင်းမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ဓားက မည်သည့်အချိန်က သူ့ကိုယ်ကို ဖောက်ထွက်သွားသည်ကို သူ မသိလိုက်ချေ။
ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည့်ဓားရှည်သည် သူ၏ အတွင်းကလီစာများကို အမှုန့်ဖြစ်အောင် ချေမှုန့်ပစ်လိုက်လေပြီ။
မြန်လိုက်တာ!
မြန်လိုက်တာ!
မြန်လိုက်တာ!
ချူးယွင်ဖန်း၏အရှိန်က မြန်လွန်းလှသဖြင့် ရွှေအမတေမဲ့များပင် တုံ့ပြန်ရန် အချိန်မရကြချေ။ သူ၏ ခြေထောက်အောက်တွင် လျှပ်စီးလှိုင်းများ ဖြာထွက်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အမတေမဲ့အဆင့်တစ်ဦးမှာ ချူးယွင်ဖန်း လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရပြန်သည်။ ချက်ချင်းဆိုသလိုပင် အရင်ကထက် သာ၍ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ပွဲကြီး စတင်တော့သည်။
ချူးယွင်ဖန်းသည် လျှပ်စီးလှိုင်းများကို နင်းကာ တစ်ဟုန်ထိုး လှုပ်ရှားနေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ်အမတေမဲ့အဆင့်တစ်ဦးကို ထပ်မံ သုတ်သင်လိုက်ပြန်သည်။
ရွှတ်….
ကောင်းကင်ယံတွင် သွေးမြူများ ပေါက်ကွဲထွက်နေပြီး သွေးမိုးများ ရွာသွန်းနေတော့သည်။ အစောပိုင်းက နတ်စွမ်းအားအဆင့်များ၏အလှည့်ဖြစ်သော်လည်း ယခုမူ ရွှေအမတေမဲ့များ၏ အလှည့် ရောက်လာခဲ့လေပြီ။
ဤအချိန်တွင် ထိုရွှေအမတေမဲ့များသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် မတုံ့ပြန်နိုင်ဘဲ အသတ်ခံခဲ့ရသည့် နတ်စွမ်းအားအဆင့်များ၏မျှော်လင့်ချက်မဲ့မှုကို ကောင်းစွာ နားလည်သွားကြတော့သည်။ သူတို့သည် မိမိတို့ကိုယ်ကို ချူးယွင်ဖန်း၏ပြိုင်ဘက်ဟု ထင်ကာ အကောင်းမြင်လွန်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ သူတို့သည် ပုရွက်ဆိတ်များနှင့် ဘာမျှမခြားနားချေ။
ခဏလေးအတွင်းတွင်ပင် ရွှေအမတေမဲ့သုံးဆယ်ကျော်သည် တစ်ဦးပြီးတစ်ဦး ချူးယွင်ဖန်း လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရပြီး ဒုတိယဂိုဏ်းချုပ်ကျန်း တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ထိုအချိန်တွင် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးသည် အပြည့်အဝ နိုးထလာခဲ့ပြီဖြစ်ကာ ရေခဲတောင်ကြီးပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာတော့၏။