← Chapters

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃-၁၄၅၅)

Vol. 97 Ch. 1453-1455

အခန်း (၁၄၅၃) တစ်လောကလုံးတုန်လှုပ်သွားရလေပြီ

ကောင်းကင်တောင်တိုက်ပွဲကြီး၏သတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

မကြာသေးမီကပင် အုန်းအုန်းကျွက်ကျွက် ဖြစ်ပွားနေခဲ့သောဖြစ်ရပ်ဆိုးကြီး၏နိဂုံးမှာ ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပေ။ ဘယ်လောက်ပင် ရူးသွပ်သောသူ ဖြစ်ပါစေ၊ ဤမျှကြောက်မက်ဖွယ်ကောင်းသောရလဒ်မျိုး ထွက်ပေါ်လာမည်ဟု အိပ်မက်ပင် မမက်ဖူးကြပေ။

ချူးယွင်ဖန်းသည် စုစုပေါင်း ဂိုဏ်းပေါင်း(၁၃)ဂိုဏ်းကို အပြတ်အသတ် ချေမှုန်းခဲ့ပြီး ဂိုဏ်းချုပ်ဟောင်းကြီးအပါအဝင် အဆင့်မြင့်အကြီးအကဲအမြောက်အမြားမှာလည်း ကြမ္မာဆိုးနှင့် ရင်ဆိုင်ရကာ အသက်ပျောက်ခဲ့ကြရသည်။ အထူးသဖြင့် ကြယ်ကိုးပွင့်ဂိုဏ်းကြီးမှာ အထိနာဆုံး ဖြစ်ခဲ့သည်။

ချူးယွင်ဖန်းသည် ယခင်ကပင် ရွှေအမတေအဆင့်ရှိသူတစ်စုကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ ယခုတိုက်ပွဲတွင်လည်း နောက်ထပ်တစ်အုပ်စုကို ထပ်မံရှင်းလင်းပစ်ခဲ့သည်။ ထို့အပြင် ဂိုဏ်း၏ အကြီးမားဆုံး အားကိုးရာဖြစ်သောဂိုဏ်းချုပ်ဟောင်းကြီးမှာပင် ချူးယွင်ဖန်း လက်ချက်ဖြင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။

ဤမျှကြီးမားလှသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသော်လည်း သူတို့သည် ချူးယွင်ဖန်းကို တစ်ချက်မျှပင် အနာတရဖြစ်အောင် မလုပ်နိုင်ခဲ့ကြပေ။

ဂိုဏ်းချုပ်ဟောင်းကြီး သေဆုံးပြီးနောက် ချူးယွင်ဖန်းသည် ထိုနေရာမှ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ပြီး တိုက်ပွဲရလဒ်မှာ တစ်ကမ္ဘာလုံးသို့ လျှပ်စီးအလား ပျံ့နှံ့သွားခဲ့သည်။ ကြယ်ကိုးပွင့် ဂိုဏ်းသားများလည်း ဤသတင်းကို ချက်ချင်းရကြလေသည်။

ချူးယွင်ဖန်းထွက်ခွာသွားပြီး မကြာမီတွင်ပင် ကြယ်ကိုးပွင့်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုကြသည်။ သူ၏ရည်မှန်းချက်က ရှင်းသည်။ ၎င်းမှာ ချူးယွင်ဖန်း ကို ဖမ်းဆီးသတ်ဖြတ်ရန်ပင်။ သို့သော် ဒေါသဖြင့် တောက်လောင်နေသောဂိုဏ်းချုပ်ကြီးမှာ ချူးယွင်ဖန်း နင့်လွဲချော်ခဲ့ရပြီး သူ၏ခြေရာလက်ရာကိုပင် ရှာမတွေ့ခဲ့ပေ။

အင်အားကြီးအဖွဲ့အစည်းများကလည်း တိုက်ပွဲအကြောင်း အသေးစိတ်သတင်းများကို လက်ခံရရှိပြီးနောက် ချူးယွင်ဖန်း၏တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မှင်တက်သွားကြရသည်။ ဤနယ်မြေပေါ်တွင် မိုးကိုရွာစေ၊ လေကိုလာစေနိုင်လောက်သည့် အရှိန်အဝါရှိသော ပညာရှင်တစ်ဦး ထပ်မံပေါ်ပေါက်လာပြီဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။

အမတေမဲ့အဆင့်သည် ဤနယ်မြေ၏အရှင်သခင်ဟု ဆိုနိုင်သော်လည်း၊ လောကထိပ်တန်းအဆင့်သို့ ရောက်ရှိရန်နှင့် ကမ္ဘာကြီး၏ ဦးတည်ရာကို ထိန်းချုပ်နိုင်သူတစ်ဦး ဖြစ်လာရန်အတွက်မူ ရွှေအမတေတစ်ဦးဖြစ်ရန် လိုအပ်သည်။ ဤကဲ့သို့သော ပညာရှင်မျိုးက ကမ္ဘာပေါ်တွင် အလွန်ရှားပါးပြီး တစ်ဦးချင်းစီမှာလည်း နှစ်ပေါင်းများစွာကတည်းက နာမည်ကျော်ကြားပြီးသားသူများသာ ဖြစ်သည်။ ယခုကဲ့သို့ ရွှေအမတေအသစ်တစ်ဦး ရုတ်တရက် ပေါ်ပေါက်လာခြင်းအပေါ် မည်သို့မျှ အံ့သြခြင်းမရှိဘဲ နေနိုင်မှာတဲ့လဲ?

အင်အားကြီးအဖွဲ့အစည်းများ အံ့သြနေကြစဉ်အတွင်း ကြယ်ကိုးပွင့်ဂိုဏ်းသည် သူတို့၏ ကွန်ရက်အားလုံးကို အသုံးပြုကာ ချူးယွင်ဖန်းကို စတင်ရှာဖွေတော့သည်။ သို့သော် ယခင်က တန်စီယုကို ရှာဖွေစဉ်တုန်းကကဲ့သို့ ဝိုင်းဝန်းကူညီမည့်သူတစ်ယောက်မျှ မရှိတော့ပေ။ လူတိုင်းမှာ သေလောက်အောင် ကြောက်လန့်နေကြပြီ ဖြစ်သည်။ ချူးယွင်ဖန်းသည် တန်စီယုအတွက်နှင့် ဂိုဏ်းပေါင်း (၁၃) ဂိုဏ်းကို ဆက်တိုက်ချေမှုန်းခဲ့သူ ဖြစ်သည်။ အကယ်၍သာ ချူးယွင်ဖန်းကို သွားရောက်တိုက်ခိုက်မိပါက ဂိုဏ်းပျက်ရုံတင်မကဘဲ မျိုးဖြုတ်သုတ်သင်ခံရနိုင်ကြောင်း အားလုံးကောင်းကောင်းသိကြသည်။

ထို့အပြင် ယခင်က ထိုဂိုဏ်းများက ကြယ်ကိုးပွင့်နှင့် ပူးပေါင်းခဲ့ခြင်းက တန်စီယုကို သာမန် ရွှေအမတေအဆင့်မျှသာဟု ထင်မှတ်ခဲ့ကြသောကြောင့် ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းပြသခဲ့သော စွမ်းအားမှာမူ ရွှေအမတေသို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းမှာ လုံးဝကွဲပြားခြားနားသော အဆင့်အတန်းတစ်ခု ဖြစ်သည်။

ရွှေအမတေတစ်ဦးသည် တစ်ကိုယ်တည်းဖြစ်လင့်ကစား ကြယ်ကိုးပွင့်ကဲ့သို့သော ဂိုဏ်းကြီးများကဲ့သို့ပင် အင်အားကြီးမားလှသည်။ ဤသည်မှာ နတ်ဘုရားအချင်းချင်း တိုက်ခိုက်ခြင်းမျိုး ဖြစ်သဖြင့် မည်သူမျှ ဝင်ရောက်မစွက်ဖက်ရဲကြတော့ပေ။

ကြယ်ကိုးပွင့်ဂိုဏ်းမှာ မည်သူမျှ မကူညီရဲသဖြင့် အလွန်ဒေါသထွက်နေသကဲ့သို့ အတင်းအကျပ် ရှာဖွေခိုင်းသည့်အခါတွင်လည်း လူတိုင်းက ငြင်းဆန်နေကြသဖြင့် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရသည်။ ယခုတစ်ကြိမ် ချူးယွင်ဖန်းကို ဝိုင်းရံတိုက်ခိုက်မှုမှက သူတို့အတွက် အရှက်တကွဲ ဖြစ်စေခဲ့ပြီး ထိပ်တန်းပညာရှင်များစွာဒဏ်ရာရခြင်းနှင့် ရွှေအမတေအဆင့်ရှိသူ ထက်ဝက်ကျော် သေဆုံးခြင်းတို့ကြောင့် အင်အားကလည်း အကြီးအကျယ်ယိုင်နဲ့သွားခဲ့ရသည်။

ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကြီးသည် အခြားအလုပ်များကို ဘေးဖယ်၍ ချူးယွင်ဖန်းကို ကိုယ်တိုင်လိုက်လံရှာဖွေနေသဖြင့် ထိုကာလအတွင်း နယ်မြေအနှံ့ ပျံသန်းလှည့်လည်နေသော ကြောက်မက်ဖွယ်ပုံရိပ်ကြီးတစ်ခုကို လူတိုင်း မြင်တွေ့နေကြရသည်။ သို့သော် မြေလှန်ရှာဖွေနေသည့်ကြားမှပင် ချူးယွင်ဖန်းက ကမ္ဘာပေါ်မှပျောက်ကွယ်သွားသည့်အလား မည်သည့်နေရာတွင်မှ ရှာမရပေ။

ထို့ကြောင့် ကြယ်ကိုးပွင့်ကို ပို၍ရူးသွပ်စေသော်လည်း ဘာမှမတတ်နိုင်ပေ။ ချူးယွင်ဖန်းသည် သူ၏ မူလရုပ်သွင်ကိုပြောင်းပြီး အသွင်ပြောင်းထားခြင်းဖြစ်သဖြင့် ကြယ်ကိုးပွင့် မည်မျှပင် အင်အားကြီးပါစေ ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ချူးယွင်ဖန်းသည် ကြယ်ကိုးပွင့်ကို မျိုးဖြုတ်ပစ်ချင်သော်လည်း လက်ရှိအချိန်တွင် မလုပ်နိုင်သေးကြောင်း သူ ကောင်းကောင်းသိသည်။ သူက ဂိုဏ်းချုပ်ဟောင်းကြီးကို စွမ်းအားအကုန်ထုတ်ခိုင်းခဲ့ခြင်းမှာ လက်ရှိဂိုဏ်းချုပ်၏အစွမ်းအစကို ခန့်မှန်းတွက်ချက်ရန်အတွက်လည်း ဖြစ်သည်။

ဂိုဏ်းချုပ်ဟောင်းကြီး၏အစွမ်းအရဆိုလျှင် လက်ရှိကြယ်ကိုးပွင့်ဂိုဏ်းချုပ်သည် ရွှေအမတေအဆင့်၏အစောပိုင်းအဆင့်ထက် များစွာကျော်လွန်နေပြီး အနည်းဆုံး အလယ်အလတ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ သူသည် မိစ္ဆာလက်အောက်ခံဂိုဏ်းချုပ်ယွင်ဟွမ်းထက်ပင် ပိုမိုအစွမ်းထက်နေနိုင်သည်။

ထိုသို့သောအခြေအနေမျိုးတွင် ချူးယွင်ဖန်းသည် ဂိုဏ်းချုပ်ကြီးကို အနိုင်ယူနိုင်ရန် ယုံကြည်ချက် အပြည့်အဝမရှိသေးပေ။ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည်မှာ တစ်ပိုင်းဖြစ်ပြီး တစ်ဖက်လူကို အနိုင်ယူသတ်ဖြတ်ရန်မှာမူ အခြားတစ်ကဏ္ဍ ဖြစ်သည်။

“မလောပါဘူး။ မကြာခင်မှာ မင်းရဲ့ခေါင်းကို ငါလာဖြတ်မယ်။”

ချူးယွင်ဖန်း က ကျယ်ပြန့်သောလမ်းမကြီးပေါ်တွင် မြင်းစီးနေရင်း ခိုင်မာသောအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

တဝေအင်ပါယာ၏ လျှို့ဝှက်ထောက်လှမ်းရေးဌာနထံမှ ရရှိသောသတင်းအရ တန်စီယုကို ဒဏ်ရာအပြင်းအထန်ရအောင် ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီး ပျောက်ဆုံးသွားအောင် လုပ်ဆောင်ခဲ့သူမှာ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကိုယ်တိုင် ဖြစ်သည်။

တန်စီယုအနေဖြင့် ဤအကြွေးကို ကိုယ်တိုင်ဆပ်စေချင်သော်လည်း ယခုအခါ သူမ ပျောက်ဆုံးနေသဖြင့် ချူးယွင်ဖန်းကသာ အစားဖြေရှင်းရတော့မည် ဖြစ်သည်။ ထို့အပြင် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ကသာ တန်စီယု မည်သည့်နေရာတွင်ရှိနေသည်ကို သိကောင်းသိနိုင်လိမ့်မည်ဟု ယူဆထားသည်။

ထိုသို့တွေးတောရင်းဖြင့် ချူးယွင်ဖန်းသည် ဆေးလုံးဇစ်မြစ်အစည်းအ‌ဝေး ကျင်းပရာ လျှိုမြောင်ဒေသသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာမှာ ဆေးပညာရှင်များအဖွဲ့အစည်းနယ်မြေပင် ဖြစ်သည်။ အဆိုပါအဖွဲ့အစည်းက ဂိုဏ်းတစ်ခုမဟုတ်သော်လည်း အင်အားအနေဖြင့်ဆိုလျှင် ကြယ်ကိုးပွင့်ထက်ပင် ပိုမိုသာလွန်နေသေးသည်။

စစ်သည်တော်တစ်ဦး ဖြစ်လာသည်နှင့် ကျင့်ကြံခြင်းလုပ်ငန်းစဉ်တွင် ဆေးလုံးများကို မသုံးစွဲဘဲ မနေနိုင်သဖြင့် ဆေးပညာရှင်များအစည်းအရုံးနှင့် ပတ်သက်မှုရှိရန်မှာ မလွဲမသွေပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ စုဆောင်းလာသော အဆက်အသွယ်များအရ ကျွမ်းကျင်ပညာရှင်မည်မျှလောက်က ထိုအသင်းအပေါ် ကျေးဇူးရှိနမည်ကို မည်သူမျှ မသိနိုင်ပေ။ လိုအပ်လာပါက အမိန့်တစ်ချက်တည်းနှင့်ပင် ကြယ်ကိုးပွင့်ဂိုဏ်းကို ဖျက်ဆီးပစ်နိုင်လောက်သောအင်အားကို စုစည်းနိုင်စွမ်း ရှိသည်။

ဆေးပညာရှင်များအဖွဲ့အစည်း၏နယ်မြေဖြစ်သော ထိုလျှိုမြောင်မှာ စည်ကားသော မြို့ငယ်လေးတစ်ခုအဖြစ်ဖွံ့ဖြိုးနေသော်လည်း ဆေးဆရာများသာ ဝင်ရောက်ခွင့်ရှိသည်။

ချူးယွင်ဖန်းလျှိုမြောင်ဝသို့ ရောက်ရှိလာသည့်အခါတွင် တူညီဝတ်စုံဝတ်ထားသောအစောင့်အချို့က သူ့ကို တားဆီးလိုက်လေတော့သည်။

အခန်း (၁၄၅၄) တဝေရဲ့ဆေးဆရာတွေအားလုံးကအသုံးမကျတဲ့အမှိုက်တွေလား

“အဲ့မှာတင် ရပ်လိုက်ပါ။ နာမည်ကို အစီရင်ခံပါ။ ဒီနေရာက ဆေးဆရာများအဖွဲ့အစည်းက ဆေးလုံးဇစ်မြစ်အစည်းအဝေးကျင်းပနေတဲ့ နေရာပါ။”

အစောင့်တစ်ဦးက ပြောလိုက်သည်။

ချူးယွင်ဖန်းလည်း ထိုအခါမှ အခြေအနေကို နားလည်သွားပြီး လေဟာနယနယ်ထဲမှ ဖိတ်စာကတ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဆေးဆရာများအဖွဲ့အစည်းမှ သူ့အား အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည့်တရားဝင်ဖိတ်စာပင် ဖြစ်သည်။

“ဪ... ဆေးဆရာဖြစ်နေတာကိုး။ ကျေးဇူးပြုပြီး အထဲကို ကြွပါခင်ဗျာ။”

ချူးယွင်ဖန်းထံမှ ဖိတ်စာကို မြင်လိုက်ရသည့်အခါတွင် အစောင့်များ၏အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားပြီး ရိုသေမှုကို ထုတ်ပြကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ဆေးဆရာများအဖွဲ့အစည်း၏ လက်အောက်ငယ်သားများ ဖြစ်ကြသောကြောင့်ပင်။ ထိုကဲ့သို့ ဖိတ်စာရရှိနိုင်သူများမှာ ဆေးဆရာကြီးများ မဟုတ်လျှင်ပင် အနာဂတ်တွင် အလားအလာ အလွန်ကောင်းသည့် ကြယ်ပွင့်သစ်များ ဖြစ်ကြမည်မှာ မလွဲဧကန်ပင်။

နောင်တစ်ချိန်တွင် ဤလူများထဲမှ တစ်ဦးဦးက အဖွဲ့ချုပ်သို့ ဝင်ရောက်သွားပြီး သူတို့၏ အထက်လူကြီး ဖြစ်လာနိုင်ပေသည်။ အကယ်၍သာ ဤကဲ့သို့သောပုဂ္ဂိုလ်များကို စော်ကားမိပါက မိမိတို့၏အနာဂတ်မှာ ကောင်းနိုင်တော့မည်မဟုတ်ပေ။

အကယ်၍ အဖွဲ့ချုပ်သို့ မဝင်ရောက်နိုင်လျှင်ပင် ဤဆေးဖော်စပ်သူများက အခြေခံအင်အားစု အခိုင်အမာရှိကြသူများ ဖြစ်သဖြင့် သူတို့၏အဖွဲ့အစည်းအင်အားကို အသုံးပြုကာ အစောင့်များကို ဒုက္ခပေးရန်မှာ စကားတစ်လုံးပြောလိုက်ရုံမျှဖြင့် လွယ်ကူလှသည်။

“အင်း။”

” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်ပြီး မြင်းကို ဖြည်းညှင်းစွာ စီး၍ မြို့ထဲသို့ဝင်ရောက်သွားသည်။

အစောင့်များမှာ တစ်ဦးကိုတစ်ဦး ထူးဆန်းသောအမူအရာဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်း အဝေးသို့ ရောက်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ သူတို့ စကားပြောရဲကြတော့သည်။

“စိတ်ဝင်စားဖို့တော့ကောင်းသားပဲ။ ဒီရက်ပိုင်းအတွင်းမှာ အလင်းတန်းတွေနဲ့ ပျံသန်းလာတဲ့သူတွေကိုပဲ ငါမြင်ဖူးတာ။ ပြီးတော့ ရှားပါးငှက်တွေ၊ သားရဲတွေ စီးလာတဲ့သူတွေလည်း ရှိတာပဲ။ ဒါပေမဲ့ အားလုံးက ပျံသန်းလာကြတာချည်းပဲလေ။ အခုလို မြင်းတစ်ကောင်နဲ့ လာတဲ့သူကို မြင်ဖူးတာ ဒါပထမဆုံးပဲ။”

အစောင့်တစ်ဦးက ဝေခွဲမရစွာ မေးလိုက်မိသည်။

အမှန်စင်စစ် ဤသည်မှာ သူတို့ ဇဝေဇဝါဖြစ်ရသည့် အကြောင်းရင်းပင်။ ဤဆေးဖော်စပ်သူများက ကမ္ဘာအရပ်ရပ်မှ လာကြသူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့သည် မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ပျံသန်းလာကြစမြဲပင်။ မြင်းတစ်ကောင်တည်းကိုသာ စီးပြီးလာမည်ဆိုပါက တစ်နှစ်ပတ်လုံး အပင်ပန်းခံ သွားလာလျှင်ပင် ခရီးဆုံးသို့ ရောက်ရှိရန် မလွယ်ကူလှပေ။

သို့သော် သူတို့မသိသည်မှာ ချူးယွင်ဖန်း စီးလာသောမြင်းမှာ သာမန်အားဖြင့် အစွမ်းမထက်သော်လည်း၊ ချူးယွင်ဖန်းက သူ၏ မှော်စွမ်းအားများဖြင့် ထိုမြင်းကို အမြဲမပြတ် အားဖြည့်ပေးနေသဖြင့် နေ့ညမပြတ် မနားတမ်း သွားလာနိုင်ခြင်းပင် ဖြစ်သည်။ ဤသို့လုပ်ဆောင်နိုင်ရန်မှာ သာမန်လူများအတွက် လုံးဝမဖြစ်နိုင်သည့်ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

“ဒါပေမဲ့ သူ့ရဲ့ဖိတ်စာက တဝေကဖြစ်ပုံပဲ။ တဝေရဲ့ ဆေးဆရာကိုယ်စားလှယ်အဖွဲ့က လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ရောက်နေပြီ မဟုတ်လား။”

“ဟုတ်တယ်၊ သူလည်း အစောကြီးကတည်းက ရောက်နေသင့်တာ။ ဒါပေမဲ့ ဖိတ်စာကတော့ အစစ်ပဲ။ ဘယ်သူမှ အတုလုပ်လို့မရဘူး။ သူ့အသက်ကို ကြည့်ရတာ တဝေရဲ့ မျိုးဆက်သစ်ဆေးဆရာတစ်ယောက် ဖြစ်မယ်ထင်တယ်။”

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခု တဝေရဲ့ အခြေအနေက သိပ်မကောင်းလှဘူးလေ။”

အစောင့်များက ချူးယွင်ဖန်းအကြောင်းကို အတင်းပြောနေကြစဉ်တွင်ပင် သူသည် လျှိုမြောင်အတွင်းသို့ မြင်းစီးကာ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။ အပြင်ဘက်အဝင်ဝနှင့် သိပ်မထူးခြားလှဟု ထင်ရသော်လည်း အတွင်းဘက်မှာမူ လုံးဝခြားနားသော ကမ္ဘာသစ်တစ်ခု ဖြစ်နေသည်။ ဤလျှိုမြောင်တစ်ခုလုံးမှာ ဆေးဆရာများအဖွဲ့အစည်း၏ အခြေစိုက်စခန်းဖြစ်ပြီး နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့ရာ ယခုအခါ လူသောင်းနှင့်ချီနေထိုင်နိုင်သော မြို့ငယ်လေးတစ်ခု ဖြစ်နေပြီဖြစ်သည်။

မြို့ထဲသို့ ရောက်သောအခါတွင် ချူးယွင်ဖန်းသည် တဝေမှ ဆေးဆရာကိုယ်စားလှယ်အဖွဲ့ကို အလျင်စလို သွားမရှာသေးဘဲ စားသောက်ဆိုင်တစ်ဆိုင်သို့ အရင်ဝင်လိုက်သည်။

နေလယ်စာစားချိန်ဖြစ်သဖြင့် ဆိုင်တစ်ခုလုံးမှာ လူစည်ကားကာ ဆူညံလျက်ရှိသည်။ ချူးယွင်ဖန်း သည် ထိုဆူညံလှုပ်ရှားနေသောပတ်ဝန်းကျင်ကို တမင်တကာ ရှောင်ဖယ်မနေခဲ့ပေ။

ထိုသည်မှာ သူ၏ကျင့်ကြံမှု အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်!

သူ့အတွက်မူ ဤသို့လူအုပ်စုကြားထဲတွင်ရှိနေခြင်းကစိတ်အခြေအနေကို လွတ်လပ်ပေါ့ပါးသွားစေသည်။ ယခုအချိန်တွင် သူသည် အဆင့်ဖြတ်ကျော်ရန်အတွက် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ထားခြင်းက နောင်တစ်ချိန် ကျင့်ကြံမှုခရီးလမ်းအတွက် အဆုံးမဲ့အကျိုးကျေးဇူးများ ရရှိစေမည်ကို သိထားလေသည်။

ဟင်းပွဲအချို့ကို မှာယူပြီးနောက် ပြတင်းပေါက်နားက ခုံတွင်ထိုင်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ လူသောင်းချီရှိသော ဤမြို့ငယ်လေးမှာ အမှန်တကယ်ပင် အတော်အတန် ကျယ်ဝန်းလှသည်။

ဆေးဆရာများအဖွဲ့အစည်းဝင်များနှင့် သူတို့၏မိသားစုများအပြင် အဖွဲ့အစည်းအသီးသီးမှ ဤအစည်းအဝေးသို့ တက်ရောက်ရန် လာကြသော ဆေးဆရာများစွာလည်း ရှိနေကြသည်။

ဤ ဆေးလုံးဇစ်မြစ်အဖွဲ့အစည်းသို့ တက်ရောက်ခွင့်ရသူများမှာ သာမန်လူများ မဟုတ်ကြပေ။ သူတို့သည် မိမိတို့အဖွဲ့အစည်း၏ အဓိကဒေါက်တိုင်များ ဖြစ်ကြသည့် ဆေးဆရာဘိုးဘေးကြီးများ သို့မဟုတ် ရွေးချယ်ခံထားရသောပညာရှင်များ ဖြစ်ကြသည်။

သို့မဟုတ်လျှင်လည်း အဖွဲ့အစည်းအသီးသီးမှ အထူးချွန်ဆုံးသောလူငယ်မျိုးဆက်သစ်များ ဖြစ်ကြသည်။ ထိုလူငယ်များကို အကြီးအကဲများက အမြင်ကျယ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပညာချင်းနှိုင်းယှဉ်နိုင်ရန် ခေါ်ဆောင်လာကြခြင်းဖြစ်သည်။

အားလုံးသည် ဆေးဆရာများအဖွဲ့အစည်းချုပ်အောက်တွင် ရှိကြသော်လည်း ကိုယ်စားလှယ်အဖွဲ့များမှာ မတူညီသောအဖွဲ့အစည်းများ၊ တစ်ခါတစ်ရံ ရန်ဘက်တိုင်းပြည်များမှ လာကြသူများ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဆိုင်မှုများ ရှိနေမည်မှာတော့ မလွဲဧကန်ပင် ဖြစ်လေသည်။

မူလက ဆေးလုံးငယ်ဇစ်မြစ်အစည်းအဝေးသည် ဆေးပညာရှင်အချင်းချင်း ဗဟုသုတဖလှယ်သည့် ပွဲတစ်ခုမျှသာ ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ကြာလာသောအခါတွင်မူ အားပြိုင်ပွဲတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

တိုင်းပြည်အသီးသီးနှင့် အဖွဲ့အစည်းအသီးသီးကြားရှိ အငြိုးအတေးများက ဤနေရာအထိပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤလူများအပြင် ကမ္ဘာတစ်ဝှမ်းမှသတင်းကြား၍ လာရောက်ကြသူများလည်း ရှိကြသည်။ ဆေးဆရာများအချင်းချင်း ပညာချင်း စမ်းသပ်ကြသည့်အပြင် ပုံမှန်အားဖြင့် ဝယ်ယူရန် မလွယ်ကူသော ထူးခြားသည့်ဆေးလုံးများနှင့် ဆေးဖက်ဝင်အပင်များကိုလည်း ဤနေရာတွင် ရောင်းချလေ့ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လူသောင်းဂဏန်းသာ ဆန့်သော ဤမြို့ငယ်လေးမှာ ယခုအခါ လူများဖြင့် ပြည့်နှက်ကာ ကျပ်ညပ်နေတော့သည်။

“ခဏနေရင် ဈေးထဲကို သွားကြည့်ဦးမှပဲ။ ကောင်းတဲ့ ဆေးဖက်ဝင်အပင်တွေ ဒါမှမဟုတ်ဟုတ် ဆေးလုံးတွေ ရှိနေမလားပဲ။”

ချူးယွင်ဖန်းက တိုးတိုးလေးရေရွတ်လိုက်သည်။

ဤသည်မှာ အလွန်ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။ ဝိညာဉ်နယ်မြေသည် အရာအားလုံးတွင် ကောင်းမွန်သော်လည်း လူသားများနေရာကဲ့သို့ အလွန်တိုးတက်သောကွန်ရက်စနစ်မျိုး မရှိပေ။ တစ်စုံတစ်ခုကို ဝယ်ယူလိုလျှင် ကိုယ်တိုင်သွားရောက်ဝယ်ယူရသည့်အတွက် ဆေးဖော်စပ်သူများ၏ လုပ်ဆောင်ချက်များကို နှေးကွေးစေသည်။ လူသားနယ်မြေသည် နှစ်ပေါင်းရာဂဏန်းအတွင်း ဆေးဖော်စပ်မှုစနစ်ကို အံ့မခန်း တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။

သူ၏အတွေးများ ပျံ့လွင့်နေစဉ်တွင်ပင် ဘေးနားမှ လူအချို့၏ဆွေးနွေးသံများကို ကြားလိုက်ရသည်။

“တဝေရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ထပ်ပြီး ရှုံးပြန်ပြီတဲ့။ အရင်က တချီကို ရှုံးတယ်၊ အခုတော့ ကျင်ကျန်းဟန် ကိုတောင် မနိုင်တော့ဘူး။”

“တဝေက အင်အားကြီးသုံးတိုင်းပြည်ထဲမှာမှ ဆေးပညာပိုင်းမှာအားအနည်းဆုံးပဲလေ။ သူတို့ ရှုံးတာကတော့ သာမာန်ပါပဲ။!”

“ဟုတ်တယ်။ သုံးတိုင်းပြည်ထဲမှာ ဆေးပညာအတိုးတက်ဆုံးက တချီပေါ့။ တဝေက အရင်က ဒုတိယအဆင့်မှာ ရှိခဲ့ပေမယ့် အခုတော့ အဲ့ဒီအဆင့်တောင် မရှိတော့ဘူး။ ကျင်ကျန်းဟန်က လူရိုင်းတွေကိုတောင် မယှဉ်နိုင်တော့ဘူး။”

“မင်း သေချင်လို့လား။ ကျင်ကျန်းဟန်က လူတွေကို လူရိုင်းလို့ ဘယ်လိုလုပ် ခေါ်ရဲတာလဲ။”

တစ်ဦးက သတိပေးလိုက်သဖြင့် စောစောက ပြောမိသူမှာ အမြန်ပင် ပါးစပ်ပိတ်လိုက်ရသည်။

ကျင်ကျန်းဟန်သည် အင်အားအကြီးဆုံး ဖြစ်သော်လည်း ယဉ်ကျေးမှုပိုင်းတွင် အောက်ဆုံးမှာ ရှိသဖြင့် လူကွယ်ရာတွင် နှိမ်၍အပြောခံရလေ့ရှိသည်။ လူရှေ့တွင်မူ မည်သူမျှ မလှောင်ရဲကြပေ။

“ဒါပေမဲ့ ဒီတစ်ခေါက် ကျင်ကျန်းဟန်ကနေ ဆေးပညာပါရမီရှင်တစ်ယောက် ပေါ်ထွက်လာတာတော့ အမှန်ပဲ။ သူတစ်ယောက်တည်းနဲ့ တဝေက လူငယ်ဆေးဆရာအားလုံးကို အပြတ်အသတ် အနိုင်ယူသွားတာ။ သူက ကျင်ကျန်းဟန်မှာ ဆေးဆရာဘိုးဘေးကြီးဘွဲ့ကို ရထားတာ ကြာပြီတဲ့။”

“ဟင်... တကယ်လား? သူက အသက် ၄၀ ပဲ ရှိသေးတာ မဟုတ်လား? အဲ့ဒီအရွယ်နဲ့ ဆေးပညာရှင်ဘိုးဘေးကြီး ဖြစ်နေပြီပေါ့။”

“ဟုတ်တယ်။ သူက တကယ်ကို ပါရမီရှင်ပဲ။ ဒါကြောင့်လည်း တဝေက လူတွေဟာ အမှိုက်တွေပါလို့ သူက ရဲရဲကြီး ပြောရဲတာပေါ့။ အဲ့ဒီတုန်းက အဲ့ဒီမှာ ရှိနေတာ။ အဲ့လိုပြောလိုက်လို့ တဝေရဲ့ ဆေးဆရာများအဖွဲ့အစည်း ခေါင်‌ေးဆာင် ကုန်းစွန်းဝူလုံရဲ့ မျက်နှာကြီးတောင် မည်းသည်းသွားတာပဲ။”

အခန်း (၁၄၅၅) ကျင်ကျန်းဟန်မှပြဿနာကောင်များ

“ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ။ တဝတဝေ ဒီလိုဖြစ်တာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အမြဲတမ်း အောက်ဆုံးမှာပဲလေ။”

“ငါ့အမြင်တော့ သူတို့လည်း အခုလောက်ဆို ကျင့်သားရနေလောက်ပါပြီ။”

“အဲ့ဒါတော့ မဟုတ်သေးဘူး။ ဒီတစ်ခေါက် တဝေသားတွေက မကျေနပ်ကြဘူး။ သူတို့မှာ တကယ့်ပညာရှင်ကြီးတစ်ယောက် မရောက်သေးလို့ပါလို့ အတင်းပြောနေကြတာ။ အဲ့ဒီလူသာ ရောက်လာရင် ဒီပြိုင်ပွဲတစ်ခုလုံးကို အပြတ်အသတ် အနိုင်ယူပစ်မှာတဲ့။”

“ဟားဟားဟား... ဒါကတော့ စိတ်ဝင်စားဖို့ကောင်းသွားပြီပဲ။ ဒါကတော့ ငါဒီနေ့ကြားဖူးသမျှထဲမှာ အထူးဆန်းဆုံးနဲ့ အရှက်မရှိဆုံး ကြွားလုံးပဲ။!”

“တဝေက လူတွေက သူတို့အရှက်ကို ဖုံးဖို့အတွက် အတင်းပြောနေကြတာလို့ပဲ ငါထင်တယ်။”

စားသောက်ဆိုင်ထဲရှိ လူအများအပြားမှာ ဤအကြောင်းအရာကို ဝိုင်းဝန်းဆွေးနွေးနေကြပြီး ပါဝင်ဆွေးနွေးသူလည်း ပို၍များပြားလာသည်။ တဝေရှုံးနိမ့်သည့်ကိစ္စမှာ တော်တော်လေးကို ဂယက်ရိုက်သွားပုံရသည်။

လူအများစုက ဤကိစ္စကို ပြက်လုံးတစ်ခုကို ကြည့်နေသကဲ့သို့ ပြောဆိုနေကြသည်။ မည်သို့ပင်ဖြစ်စေ ထိုကိစ္စသည် တဝေအတွက်မူ အလွန်အမင်း အရှက်ရစရာကောင်းသည့် ကိစ္စပင်။

“တဝေက ထပ်ရှုံးပြန်ပြီပေါ့?”

ချူးယွင်ဖန်းက သက်ပြင်းချလိုက်မိသည်။

ကုန်းစွန်းဝူလုံတစ်ယောက် သူ့ထံသို့ အဘယ်ကြောင့် ထိုမျှအထိ နှိမ့်ချစွာ လာရောက်တောင်းဆိုခဲ့သည်ကို ယခုမှ နားလည်သွားတော့သည်။

တဝေသည် ဆေးပညာကဏ္ဍတွင် အမှန်တကယ်ပင် အနှိမ်ခံနေရပြီး အင်အားကြီးသုံးတိုင်းပြည်အနက် အောက်ဆုံးတွင် ရောက်နေခြင်း ဖြစ်သည်။ အခြေအနေမှာ ကုန်းစွန်းဝူလုံပြောပြခဲ့သည်ထက်ပင် ပို၍ဆိုးဝါးနေပုံရသည်။ ဆေးဆရာ အရေအတွက်တွင်သာမက မျိုးဆက်သစ်များ၏အရည်အချင်းပိုင်းမှာပါ အပြတ်အသတ် အနှိမ်ခံနေရခြင်းဖြစ်သည်။

ကျင်ကျန်းဟန်တွင် အသက်(၄၀)အရွယ် ဆေးဆရာဘိုးဘေးကြီးဘွဲ့ကို ရရှိထားသူတစ်ဦး ရှိနေသည်။ ချူးယွင်ဖန်း၏အမြင်တွင် ဤအသက်အရွယ်က ကြီးနေပြီဟုထင်ရသော်လည်း၊ ရာစုနှစ်ချီ အသက်ရှည်နိုင်သော ဆေးဆရာများ၏သက်တမ်းနှင့် နှိုင်းယှဉ်လျှင်မူ သာမန်လူတစ်ယောက်၏ အသက်(၂၀) အစောပိုင်းအရွယ်နှင့်သာ တူညီပေသည်။ ထိုသူမှာ အမှန်တကယ်ပင် ပါရမီထူးသူဖြစ်ကြောင်း ငြင်းမရပေ။

ချူးယွင်ဖန်းတွေ့ခဲ့ဖူးသော ကျန်းလန်အာနှင့် ပိုင်ရှန်ကျူးတို့မှာ ထိုသူနှင့်ယှဉ်လျှင် အဝေးကြီးတွင် ကျန်နေခဲ့သည်။ သူတို့သည် ဝါရင့်ဆေးဆရာအဆင့်သို့ပင် မရောက်နိုင်သေးရာ ဆေးဆရာဘိုးဘေးကြီး အဆင့်ဖြစ်ရန်မှာမူ အဝေးဆုံးတွင်သာရှိ၏။

အကယ်၍ ထိုကဲ့သို့သောပါရမီရှင်မျိုး မရှိခဲ့ပါက ဤမျှအထိ ကွာခြားချက်ကြီးမားမည် မဟုတ်သော်လည်း ကျင်ကျန်းဟန်မျိုးနွယ်စုတွင် ထိုသို့သော ပါရမီရှင်တစ်ဦး ရှိနေခြင်းက တဝေကို ဘက်ပေါင်းစုံမှ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေစေတော့သည်။

“စိတ်ဝင်စားစရာပဲ။”

ချူးယွင်ဖန်းက မဲ့ပြုံးပြုံးလိုက်မိသော်လည်း ဤကိစ္စကို အလေးအနက်မထားပေ။ ထိုသူတို့ ခေါ်ဆိုနေသော ပါရမီရှင်များက သာမန်လူများရှေ့တွင်သာ မင်းမူနိုင်ကြသော်လည်း၊ သူ၏ရှေ့မှောက်တွင်မူ ဘာမှမဟုတ်ကြပေ။

တဝေတွင် ချူးယွင်ဖန်းဟု ဆိုလိုက်လျှင် လူတိုင်းက ကမ္ဘာ့နံပါတ်တစ်သိုင်းပညာရှင်အဖြစ်သာ သိထားကြသော်လည်း၊ သူ၏ ဆေးဖော်စပ်မှုပညာရပ်မှာ သိုင်းပညာထက်ပင် ပိုမိုမြင့်မားကြောင်း မည်သူမျှ မသိကြပေ။

ချူးယွင်ဖန်းသည် အေးအေးလူလူပင် ထမင်းစားပြီးနောက် အောက်ထပ်သို့ ဆင်းကာ ဝေတိုင်းပြည် ကိုယ်စားလှယ်အဖွဲ့ စခန်းချရာသို့ ခြေဦးလှည့်ခဲ့သည်။ သူ ရောက်ရှိနေပြီဖြစ်သဖြင့် သတင်းပို့ရန် လိုအပ်သည် မဟုတ်ပါလား။ သို့သော် သူ စခန်းသို့ ရောက်ရှိသွားသောအခါ လူအများအပြား ဝိုင်းရံနေကြသည်ကို တွေ့လိုက်ရသည်။

သူသည် မြင်းကို စီးနင်းကာ လူအုပ်ကြီးထဲသို့ တိုးဝင်သွားခဲ့သည်။ လူပင်လယ်ကြီးသဖွယ် လူအရမ်းများသော်လည်း တစ်စုံတစ်ယောက်က သူ့ကို ထိမိတော့မည့်အချိန်တိုင်းတွင် ထိုလူမှာ အလိုလိုပင် ဘေးသို့ ဖယ်ပေးသွားကြသည်။

ခဏချင်းမှာပင် ချူးယွင်ဖန်းသည် လူအုပ်ကြီး၏ ရှေ့ဆုံးသို့ရောက်ရှိသွားသည်။ လူအုပ်ထဲတွင် သူတစ်ယောက်တည်းသာ မြင်းစီးထားသော်လည်း၊ မည်သူမျှ ၎င်းကို ထူးဆန်းသည်ဟု မထင်ကြဘဲ သူ၏ တည်ရှိမှုကိုပင် လျစ်လျူရှုထားကြသည်။

ချူးယွင်ဖန်း၏ရှေ့တွင် လူနှစ်စု ထိပ်တိုက်ရင်ဆိုင်နေကြသည်။ တစ်ဖွဲ့မှာ တိုင်းတစ်ပါးဟန် အဝတ်အစားများ ဝတ်ဆင်ထားသဖြင့် ကျင်ကျန်းဟန်မှ ဖြစ်ကြောင်း သိသာလှသည်။ အခြားတစ်ဖက်မှာမူ ဝေတိုင်းပြည် ဆေးဖော်စပ်သူများအသင်း၏ယူနီဖောင်းများကို ဝတ်ဆင်ထားသောလူငယ်မောင်မယ်များ ဖြစ်ကြသည်။

ထိုလူစု၏ ရှေ့ဆုံးတွင် ရပ်နေသူနှစ်ဦးမှာ ချူးယွင်ဖန်း၏ အသိဟောင်းများဖြစ်သော တဝေတိုင်းပြည်၏ ကျော်ကြားသည့် ဆေးဆရာများဖြစ်သည့် ကျန်းလန်အာနှင့်ပိုင်ရှန်ကျူးတို့ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ သူတို့နှစ်ဦးမှာ တစ်ဖက်ရှိ ကျင်ကျန်းဟန်မှလူများကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ကျင်ကျန်းဟန်ဘက်မှ ခေါင်းဆောင်မှာမူ ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

“တဝေတိုင်းပြည်က လူငယ်တွေက ဒီလောက်တောင် ယဉ်ကျေးမှု မရှိကြတာလား? ငါတို့က စေတနာနဲ့ ဆေးဖက်ဝင်အပင်တွေ ရောင်းပေးတာကို မင်းတို့က ငါတို့လူတွေကို ပြန်ပြီး ဒဏ်ရာရအောင် လုပ်တယ်ပေါ့လေ။”

ထိုအမျိုးသားက ရန်လိုသောလေသံဖြင့် ပြောလိုက်သည်။

“ငါ့ကို လာပြီး မစွပ်စွဲနဲ့ ဘော့ဇာ။”

ကျန်းလန်အာ၏မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။

“မင်းတို့သာ နေထွက်မြတ်အတုတွေနဲ့ ငါတို့ကို မလိမ်ခဲ့ရင် ငါတို့ ဆေးဖော်စပ်တာ ရှုံးနိမ့်မှာ မဟုတ်ဘူး။ ငါက မင်းတို့ဆီကို ကျိုးကြောင်းဆင်ခြင်ပြီး လာပြောတာကို မင်းတို့က ဒေါသထွက်ပြီး ငါ့ကို အရင်တိုက်ခိုက်ခဲ့တာ မဟုတ်လား။”

ပိုင်ရှန်ကျူးကလည်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် အမျက်ဒေါသများ လောင်မြိုက်နေ၏။

“ဘာတွေ လျှောက်ပြောနေတာလဲ! ငါတို့ ကျင်ကျန်းဟန်လူမျိုးတွေက အမြဲတမ်း ကတိတည်တဲ့သူတွေကွ…”

ကျင်ကျန်းဟန်မျိုူနွယ်မှ အသက်လတ်ပိုင်းအမျိုးသားဘော့ဇာက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“မင်းတို့ ကိုယ့်အရည်အချင်းကိုယ် မသိဘဲ ဆေးဖော်တာ ရှုံးနိမ့်တာဟာ ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ မယုံရင် မင်းတို့ဝယ်သွားတဲ့ နေမင်းရောင်ခြည်မြက်ကို ထုတ်ပြလိုက်လေ။ ဒီမှာ ပညာရှင်တွေအများကြီးရှိတယ်။ အစစ်လား အတုလားဆိုတာ အားလုံးရှေ့မှာ ဆုံးဖြတ်ကြတာပေါ့။”

ဘော့ဇာသည် အလွန်ယုံကြည်မှုရှိနေပြီး ကျန်းလန်အာက ဆေးမြက်ကို ထုတ်ပြမည်ကိုလည်း လုံးဝမကြောက်ရွံ့ပုံရပေ။

ပတ်ဝန်းကျင်ရှိလူများမှာ ဤစကားကို ကြားလိုက်ရသည့်အခါ အခြေအနေကို ရိပ်မိသွားကြသည်။ ဒေါသထွက်နေသော ကျန်းလန်အာ၏မျက်နှာနှင့် ယုံကြည်မှုအပြည့်ရှိနေသောဘော့ဇာ၏အမူအရာတို့ကို ကြည့်ပြီး နိုင်ငံနှစ်ခုကြားရှိ ရန်ငြိုးဟောင်းများကို ပြန်လည်သတိရသွားကြသည်။

အားလုံးက ငတုံးငအများ မဟုတ်ကြပေ။ ကျန်းလန်အာတစ်ယောက် အကြီးအကျယ် အရှက်ခွဲခံလိုက်ရပြီဆိုတာကို သူတို့ သဘာဝကျကျ မြင်နိုင်ကြသည်။ ကျင်ကျန်းဟန်က ဘယ်လိုနည်းလမ်း သုံးသွားသလဲဆိုတာကို အတိအကျမသိရသော်လည်း သူတို့လက်ချက်ပါသည်မှာ သေချာသည်။ လူအများစုက ကျန်းလန်အာကို သနားစရာကောင်းသလို ကြည့်နေကြသည်။

“ဘာလဲ? ထုတ်မပြရဲဘူးလား?”

ဘော့ဇာက ကျန်းလန်အာကို လှောင်ပြောင်လိုက်သည်။

“ဘာကို ကြောက်နေရမှာလဲ!”

ကျန်းလန်အာမှာ အပြောမခံနိုင်သူတစ်ဦးဖြစ်ရာ သူမ၏ဟင်းလင်းပြင်အိတ်ထဲမှ သစ်သားသေတ္တာငယ်တစ်ခုကို ချက်ချင်းထုတ်ယူကာ ဖွင့်ပြလိုက်သည်။ သေတ္တာထဲတွင် မီးတောက်တစ်ခုအလား ထိန်လင်းနေသော ဆေးမြက်တစ်ပင်ရှိနေပြီး သင်းပျံ့သော ဆေးရနံ့များ ထွက်ပေါ်နေသည်။

“ဘယ်လိုလဲ? ဒီမှာရှိတဲ့သူတွေအားလုံးက ပညာရှင်တွေပဲ မဟုတ်လား? ဒါက‌ နေမင်းရောင်ခြည်မြက်အစစ်ဟုတ်မဟုတ် ပြောကြစမ်းပါဦး”

ဘော့ဇာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ကျန်းလန်အာနှင့် ပိုင်ရှန်ကျူးတို့ အတန်ငယ် မျက်နှာပျက်သွားကြသည်။ သူတို့ အလိမ်ခံလိုက်ရပြီဆိုတာ သိသော်လည်း ဘယ်လိုနည်းနဲ့ အလိမ်ခံရသလဲဆိုတာကိုတော့ လုံးဝဝေခွဲမရဖြစ်နေကြသည်။

ဤအစည်းအဝေးသို့ လာကြသူများမှာ ဆေးဖော်စပ်သူများမဟုတ်လျှင်ပင် ဆေးပညာကို နက်နက်နဲနဲ နားလည်ထားသူများ ဖြစ်ကြရာ နာမည်ကျော်နေမင်းရောင်ခြည်မြက်ကို မမှတ်မိဘဲ မနေကြပေ။

၎င်းသည် အလွန်ပူပြင်းသောပတ်ဝန်းကျင်တွင် ပေါက်ရောက်သည့် ဆေးမြက်ဖြစ်ပြီး မီးတောက်သဏ္ဌာန် ရှိသည်။ မီးဓာတ်ဆေးလုံးများ ဖော်စပ်ရာတွင် အဓိကအသုံးပြုရသည့် အဖိုးတန်ဆေးဖက်ဝင်အပင်လည်း ဖြစ်သည်။ အမြင်အားဖြင့်တော့ ဘာမှထူးခြားမှုမရှိဘဲ အစစ်အတိုင်းပင် ဖြစ်နေသည်။ သို့သော် နှစ်ဖက်စလုံး၏ အခြေအနေအရ တစ်ခုခုတော့ မှားယွင်းနေပြီဆိုသည်မှာ သိသာလှသည်။

“မင်းတို့ ဘာမှပြောစရာမရှိတော့ဘူး မဟုတ်လား? ဒါဆိုရင်တော့ ငါ့ကို အားမနာနဲ့တော့။”

ဘော့ဇာက အေးစက်စက်ပြောလိုက်သည်။

“ငါကပဲ မင်းတို့ရဲ့ လူကြီးတွေကိုယ်စား မင်းတို့ကို သင်ခန်းစာပေးရတော့မယ်။”

“ရှင် ဘာလုပ်မလို့လဲ” ပိုင်ရှန်ကျူးက ဒေါသတကြီး မေးလိုက်သည်။

“ရိုးရိုးလေးပါပဲ။ မင်းတို့က ငါတို့ကျင်ကျန်းဟန်လူတွေကို ထိခိုက်အောင်လုပ်ထားပေမဲ့ မင်းတို့အသက်ကိုတော့ ငါမယူပါဘူး။ မင်းတို့ရဲ့ သိုင်းပညာတွေကိုပဲ ဖျက်ဆီးပစ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရုံပါပဲ။”

ဘော့ဇာက ရက်စက်သောလေသံဖြင့် ဆိုလိုက်လေ၏။

All Chapters