← Chapters

မိုးကောင်းကင်ထက် ပျံတက်မယ့် လင်းယုန်ဘုရင်

Vol. 5 Ch. 51

မိုးကောင်းကင်ထက် ပျံတက်မယ့် လင်းယုန်ဘုရင်

Vol. 5 Ch. 51

စာခြောက်ရုပ်က ချက်ချင်းဆိုသလိုပင် မီးထတောက်လာသည်။ မီးတောက်များသည် စိမ်းဖန့်ဖန့် အရောင်ဖြစ်ပြီး စူးရှသော အနံ့ဆိုးများကိုလည်း သယ်ဆောင်လာခဲ့သည်။

ဝမ်တုံး၏မျက်နှာပျက်သွားပြီး အရေးတကြီး အော်ပြောလိုက်သည်။

"မီးခိုးတွေမှာ အဆိပ်ပါတယ်... အသက်အောင့်ထား... အိမ်ထဲကို ချက်ချင်းဆုတ်ကြတော့"

သူသည် လက်တစ်ဖက်ဖြင့် လင်းထိုက်ဖျဥ်ကို ပွေ့ချီကာ အိမ်မကြီးတံခါးပေါက်ဆီသို့ ပြေးဝင်သွားလိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် လွန်စွာလျင်မြန်ဖြတ်လတ်ပေ၏။ ချူကျန့်အဖို့ ဝမ်တုံး၏ သိုင်းကွက်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ ပုံမှန်အချိန်တွင် သူသည် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေတတ်သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် အမှန်တကယ်ကို ထူးခြားပြောင်မြောက်သည်။

ကောတာ့လုကလည်း လှုပ်ရှားလိုက်သည်။ သို့သော် သူသည် အိမ်ထဲသို့ ဆုတ်ခွာသွားခြင်း မဟုတ်ဘဲ မီးပွားများ ပစ်လွှတ်လိုက်သည့် နေရာဆီသို့ တရှိန်ထိုး ပြေးထွက်သွားလေသည်။ သူသည် လက်ဦးမှုရယူပြီး မီးပွားပစ်လွှတ်လိုက်သည့် ရန်သူကို ဖမ်းဆီးရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

သူ ပြေးထွက်သွားသည်နှင့် ယန်ချီကလည်း လိုက်ပါသွားရန် ဟန်ပြင်လိုက်သည်သည်။ သို့သော် သူမ ခြေလှမ်းစလိုက်သည်နှင့် သူမ၏ လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲထားလိုက်သဖြင့် အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ ချူကျန့်က သူမကို ခေါင်းယမ်းပြနေသည်အား မြင်တွေ့လိုက်ရသည်။

တံခါးပေါက်နားသို့ ရောက်နေပြီဖြစ်သော ဝမ်တုံးက စိတ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။

"ရှောင်ကော... ပြန်လာခဲ့"

ကောတာ့လုသည် ကြားပုံမရသည့်အပြင် ပို၍ပင်မြန်မြန် ပြေးထွက်သွားလေသည်။ သူသည် ဆုံးဖြတ်ချက် တစ်ခုခု ချပြီးလျှင် နွားကိုးကောင်အားနှင့် ဆွဲထားလျှင်ပင် ပြန်လှည့်လာမည့်သူ မဟုတ်ချေ။

ယန်ချီက ကောတာ့လု ရှိရာဘက်သို့ စိတ်ပူပန်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ချူကျန့်က သူမကို တီးတိုးပြောဆိုလိုက်သည်။

"ကိစ္စမရှိဘူး... ငါ့မှာ နည်းလမ်းရှိတယ်"

ထို့နောက် သူက အသံကုန်ဟစ်၍ အော်ဟစ်ပြောဆိုလိုက်သည်။

"ယန်ချီ ဒဏ်ရာရသွားပြီ"

လေကဲ့သို့ ပြေးထွက်သွားသော ကောတာ့လု၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွားသည်။ သူ ပြေးထွက်သွားတုန်းက မြန်ဆန်ခဲ့သည့်အပြင် ပြန်ရောက်လာသည်မှာလည်း အလွန်မြန်ဆန်သည်။

"ယန်ချီ ဒဏ်ရာရသွားတာလား... ဘယ်နား ထိသွားတာလဲ"

ကောတာ့လု၏ စိုးရိမ်တကြီး ဖြစ်နေသော ပုံစံကို ကြည့်ပြီး ယန်ချီ၏မျက်နှာ နီမြန်းသွားသည်။ သူမက တီးတိုးပြောဆိုလိုက်၏။

"အူကြောင်ကြောင်နိုင်လိုက်တာ...ထွက်ပြေးပြီး မျှော်လင့်ချက်မဲ့နေတဲ့ ရန်သူကို နောက်ကမလိုက်ရဘူးဆိုတာ မကြားဖူးဘူးလား... ဒီလောက် ရိုးရှင်းတဲ့ သိုင်းလောကစည်းမျဉ်းလေးကိုတောင် ရှင် နားမလည်ဘူးလား"

"ဒါဆို မင်း ဒဏ်ရာ မရဘူးပေါ့"

ကောတာ့လုက သက်ပြင်းချလိုက်ပြီး ရယ်မောလိုက်သည်။

"ငါ့တစ်သက်မှာ အလိမ်ခံရတာ ကောင်းတယ်လို့ ပထမဆုံးအကြိမ်ခံစားဖူးတာပဲ"

ယန်ချီ၏မျက်နှာ ပို၍နီမြန်းသွားသည်။ ချူကျန့်က သူတို့နှစ်ယောက်လုံးကို အားနှင့် တွန်းလိုက်ရင်း ပြောဆိုလိုက်၏။

"မင်းတို့နှစ်ယောက် အီစီကလီ လုပ်မနေကြနဲ့တော့... ငါတို့က အဆိပ်မီးခိုးငွေ့တွေ ရှိနေတဲ့ နေရာမှာပဲ ရှိသေးတယ်... ဝမ်တုံး နောက်ကို အမြန်လိုက်ကြ... သူတစ်ယောက်တည်း ကျန်ခဲ့ပြီး အလစ်တိုက်ခံရရင် ဒုက္ခရောက်ကုန်လိမ့်မယ်"

ယန်ချီက သူ့ကို ကျေးဇူးတင်သည့် အပြုံးဖြင့် ပြုံးပြလိုက်ပြီး ကောတာ့လုကို ဆွဲကာ သုံးယောက်သား ခြံဝင်းထဲသို့ ပြန်ပြေးဝင်လာခဲ့ကြသည်။

ဝမ်တုံးသည် ဝေးဝေးလံလံသို့ ရောက်မသွားသေးပေ။ လူသုံးယောက် ပြေးလာသည်ကို မြင်တွေ့ချိန်၌ သူသည် မျက်နှာထားတင်းတင်းဖြင့် ပြုံးဖြဲဖြဲလုပ်နေသော ကောတာလုကို ကြည့်လိုက်သည်။ သို့သော် ချူကျန့်ဘက်သို့ လှည့်လာချိန်တွင်တော့ သူ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်၏။

"ရှောင်ချူ... မင်းရဲ့နည်းလမ်းက တကယ်အလုပ်ဖြစ်တယ်"

ကောတာ့လု မမြင်နိုင်သော လျှို့ဝှက်ချက်များကို ချူကျန့် မြင်နိုင်ရုံသာမက ထိုအခြေအနေကိုအသုံးချနိုင်ခဲ့သည်ကိုလည်း သူ သိလိုက်သည်။ ထိုကဲ့သို့သော ဖြတ်ထိုးဉာဏ်မျိုးမှာ အမှန်တကယ်ကို လေးစားဖွယ်ကောင်းသည်။

ချူကျန့်က သူ၏ အကျင့်အတိုင်း နှိမ့်ချ၍ ပြန်ပြောလိုက်သည်။

"ကျွန်တော်လို ပါရမီမရှိ သိုင်းပညာညံ့တဲ့သူက အသက်ရှင်ဖို့အတွက် ဒီလို ဉာဏ်နီဉာဏ်နက် ကလေးကစားစရာ နည်းလမ်းလေးတွေပဲ သုံးတတ်တာပါ"

ကောတာ့လုက ကြားဖြတ်ပြောဆိုသည်။

"မင်းက ဉာဏ်သုံး... ငါက အားသုံးမယ်... ငါက ခေါင်းစားရမှာ အပျင်းဆုံးပဲ... နောက်ဆို မင်းက ငါတို့ စည်းစိမ်ချမ်းသာစံအိမ်ရဲ့ စစ်ဗျူဟာရှင်ပဲ"

ချူကျန့်က ပြုံးလိုက်သော်လည်း ပြန်မပြောခဲ့ပေ။ ဤဘေးဒုက္ခမှ လွတ်မြောက်သွားလျှင် သူ တတ်နိုင်သလောက် ဝေးဝေးကို ထွက်ပြေးမည်ဟု တွေးတောထားသည်။ ဤကဲ့သို့ ထူးဆန်းသောအဖြစ်အပျက်များ ကြုံနေရသည့် နေရာမျိုးတွင် သူ မည်သည်ကြောင့် ဆက်နေရမည်နည်း။

ခြံဝင်းထဲတွင် အသားကင်နံ့များ ပျံ့လွင့်နေသည်။

ချူကျန့် ကင်ထားခဲ့သော တောကြက်နှစ်ကောင်သည် တူးခြစ်မသွားခဲ့ပေ။ မီးထင်းဖြည့်မည့်သူ မရှိသဖြင့် မီးပုံသည် အလိုအလျောက် ငြိမ်းသေသွားခဲ့ပြီး ကျန်ရှိနေသော မီးကျီးခဲများက ကြက်ကင်များကို ရွှေအိုရောင် သန်းသွားအောင် ကင်ပေးထားသည့်အလားပင်။

တစ်ညလုံး ဗိုက်ဟောင်းလောင်း ဖြစ်နေပြီး မနက်ခင်းတစ်ခုလုံး ပြေးလွှားနေရသော လူငါးယောက်အဖို့ ကြက်ကင်နံ့က လွန်စွာ ဆွဲဆောင်မှု ရှိနေသည်။

ကောတာ့လုက ရယ်မောလိုက်သည်။

"ဒီလိုအချိန်မှာ ပူပူနွေးနွေး အသားကင် စားရတာထက် ပိုပြီးပျော်စရာကောင်းတာ ဘာရှိဦးမလဲ"

သူက ကြက်ကင်ကို လှမ်းယူရန် လက်လှမ်းလိုက်သည်။

ဝမ်တုံးနှင့် ချူကျန့်က တပြိုင်နက်တည်းနီးပါး အော်ပြောလိုက်ကြသည်။

"မစားနဲ့ ....မလုပ်နဲ့"

ချူကျန့်က ဝမ်တုံးကို ကြည့်လိုက်သည်။ တခြားသူတစ်ယောက်က ဦးအောင် ပြောလိုက်သောကြောင့် သူက ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ အချိန်တိုင်းတွင် လူအများ သတိထားမိအောင် မနေခြင်းက သူ၏အကျင့် ဖြစ်နေလေပြီ။

သူ အသံတိတ်သွားသဖြင့် ဝမ်တုံးလည်း ဆက်မပြောတော့ဘဲ ယန်ချီကိုသာ လှမ်းကြည့်လိုက်သည်။ ဆိုလိုရင်းမှာ 'ဒီကောင့်ကို မင်းပဲ ရှင်းလိုက်တော့' ဟူသော သဘောပင်။

ယန်ချီက မျက်လုံးအဝိုင်းသားဖြင့် ချက်ချင်း နားလည်သွားသည်။

"ဒီကြက်ကင်ကို စားလို့မရလောက်တော့ဘူး"

"ဘာလို့ စားမရမှာလဲ... မီးအရှိန်က အနေတော်ပဲလေ"

"စောစောက ငါတို့ထဲက ဘယ်သူမှ ဒီမှာမရှိဘူး... တစ်ယောက်ယောက်က အဆိပ်ခတ်ချင်ရင် အခါတစ်ရာလောက်တောင် ခတ်ဖို့ အချိန်ရတယ်"

ကြက်ကင်၏အပေါ်ယံသည် ရွှေအိုရောင် သန်းနေပြီး မွှေးကြိုင်နေဆဲဖြစ်ကာ အဆိပ်ခတ်ထားသည့် ပုံစံ လုံးဝမပေါ်ပေ။ ကောတာ့လုက သံသယဖြစ်နေသည်။

"မင်းတို့က အဲ့ဒီလူတွေကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား... လောကကြီးမှာ အရောင်မရှိ အနံ့မရှိတဲ့ အဆိပ်မျိုး တကယ်ရှိလို့လား"

ယန်ချီက ငွေအပ်တစ်ချောင်းကို ထုတ်လိုက်ပြီး ကြက်ကင်ထဲသို့ ထိုးစိုက်လိုက်သည်။ ငွေအပ်သည် ချက်ချင်းဆိုသလို မည်းနက်သွားပြီး ခရမ်းရောင်သန်းသည်အထိ အရောင်ပြောင်းသွားပေ၏။

ကောတာ့လု၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ အချိန်တခဏကြာမှ သူက သက်ပြင်းချကာ ပြောဆိုလိုက်သည်။

"သိပ်ကိုကြောက်စရာကောင်းတဲ့ အဆိပ်ခတ်နည်းပါလား... ငါတော့ တကယ်ကို လက်မြှောက်ပါတယ်... နှမြောစရာကောင်းလိုက်တဲ့ ချူလုကျွင်းရဲ့ ကြက်ကင်လေး..."

ဝမ်တုံးက နောက်ဆုံးတွင် ပါးစပ်ဟလာသည်။ သူက စကားတစ်လုံးချင်း ပြောဆိုလိုက်၏။

"မင်း အရှုံးပေးလိုက်တာ ကောင်းတယ်... ဘာလို့လဲဆိုတော့ သူ့ကို အရှုံးမပေးတဲ့လူတွေ အကုန်လုံး သေသွားကြပြီမလို့ပဲ"

ယန်ချီက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"သူဌေးကြီးဝမ်... အဆိပ်ခတ်တဲ့လူက ဘယ်သူလဲဆိုတာ ရှင် သိလား"

ဝမ်တုံး၏မျက်ခွံများ လှုပ်ခတ်သွားပြီး တခဏကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ ပြောဆိုသည်။

"နေရာအနှံ့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ 'မြွေနီ'"

ယန်ချီက လန့်ဖျပ်ပြီး အော်ဟစ်လိုက်သည်။

"နေရာအနှံ့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ မြွေနီ...ဟုတ်လား"

သူမ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခန္ဓာကိုယ်သည်လည်း ပျော့ခွေသွားကာ မြက်ခင်းပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့သည်။

ချူကျန့်သည် ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။ သို့သော် သူ မေးရန်ပင် မလိုလိုက်ချေ။ ကော့တာလုက အရင်ဦးအောင် မေးမြန်းလိုက်လေပြီ။

"အဲ့ဒီ မြွေနီဆိုတာက လူလား... မြွေလား"

ယန်ချီက အားအင်ချည့်နဲ့သောအသံဖြင့် ပြောဆိုသည်။

"လူ... အဆိပ်သုံးတာမှာ အရမ်းတော်တဲ့ လူတစ်ယောက်... ပြီးတော့ လူတွေကို ဒုက္ခပေးတဲ့ သူ့ရဲ့ နည်းလမ်းတွေက နေရာအနှံ့ကို ထိုးဖောက်ဝင်ရောက်နိုင်တယ်... သူ့ရဲ့ပစ်မှတ် ဖြစ်သွားတဲ့လူက အဆိပ်မိပြီး သေရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး"

ကောတာ့လုက လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။

"အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"

ယန်ချီက ခေါင်းခါယမ်းလိုက်သည်။

"သူက အဆိပ်သုံးတာတော့ ထူးချွန်တယ်... ဒါပေမဲ့ သိုင်းပညာက သာမန်ပါပဲ... ပြဿနာက သူက ဘယ်တော့မှ တစ်ယောက်တည်း လှုပ်ရှားလေ့ မရှိဘူး"

သူမက ကောတာ့လုကို ကြည့်လိုက်သည်။

"ရှင် စွန်ငါးခုကို မှတ်မိတယ်မလား"

"မြွေတစ်ကောင်၊ ကင်းခြေများတစ်ကောင်၊ ကင်းမြီးကောက်တစ်ကောင် အဆောင်လက်ဖွဲ့တစ်ခု၊ ပြီးတော့ လင်းယုန်တစ်ကောင်..."

ယန်ချီက ဖျော့တော့တော့လေသံဖြင့် ပြောဆိုလိုက်၏။

"ဟုတ်တယ်... သူတို့ ငါးယောက်က အမြဲတမ်း အတူတူ လှုပ်ရှားကြတယ်... ကင်းခြေများ ဆိုတာက 'လက်တစ်ထောင် မျက်လုံးတစ်ထောင် ကင်းခြေများနတ်ဘုရား' ကို ပြောတာ... အဲ့ဒီလူက လက်နက်ပုန်း အသုံးပြုတဲ့နေရာမှာ ဆရာကြီးပဲ... လက်နက်ပုန်းတွေကို ထုတ်သုံးတဲ့နေရာမှာ သူ့မှာ လက်တစ်ထောင်နဲ့မျက်လုံးတစ်ထောင် ရှိသလိုပဲ... ဒဏ္ဍာရီတွေအရဆိုရင် သူ့ရဲ့တစ်ကိုယ်လုံးမှာ လက်နက်ပုံးတွေချည်းပဲ... သူက နှာခေါင်းကနေတောင် လက်နက်ပုန်းကို ပစ်ထုတ်နိုင်တယ်လို့ ဆိုကြတယ်"

ကောတာ့လုက ထပ်မေးလိုက်သည်။

"ဒါဆို ကင်းမြီးကောက်ကရော... အဆိပ်ပြင်းလို့ အနီရောင်ကင်းမြီးကောက်လို့ ခေါ်တာလား"

ယန်ချီက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုသည်။

"ကင်းမြီးကောက် ဆိုတာက 'ဒုက္ခကယ်တင် အနီရောင်သခင်မ' ကို ပြောတာ... သူက အပြင်ပန်းကြည့်ရင် လှပပေမယ့် ယောကျာ်းတွေကို ဘဝဒုက္ခတွေကနေ စောစောစီးစီး ကျွတ်လွတ်အောင် ကူညီပေးတဲ့နေရာမှာ ဆရာကျတယ်... သူရဲ့ နည်းလမ်းတွေကို ကာကွယ်နိုင်တဲ့ ယောကျာ်းဆိုတာ ဒီလောကမှာ မရှိသလောက် ရှားတယ်"

မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသော လင်းထိုက်ဖျဥ် ရုတ်တရက် ဝင်မေးလိုက်သည်။

"စာခြောက်ရုပ် လုပ်တာက သူ လား"

"မဟုတ်ဘူး... သူက အဲ့ဒီလို ရုပ်သေးထောင်ချောက်တွေကို မကျွမ်းကျင်ဘူး... ကျွန်မ ထင်တာတော့ အဲ့ဒါက 'တမလွန်ခေါ်သံ အသက်နှုတ် အဆောင်ပညာရှင်'ရဲ့ လက်ရာပဲ နေမှာ... အဲ့ဒီလူက ဉာဏ်နီဉာဏ်နက် များတယ်... ရုပ်သေးထောင်ချောက်တွေကို ကျွမ်းကျင်ပြီးတော့ ဒီငါးယောက်ထဲမှာ ခေါင်းဆောင်ပဲ... ဒါပေမဲ့ အဲ့ဒီလူငါးယောက်ထဲမှာ သိုင်းပညာ အတော်ဆုံးက ဘယ်သူလဲလို့ မေးရင်တော့..."

ယန်ချီ၏မျက်လုံးများထဲတွင် ကြောက်ရွံ့လေးစားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

" 'မိုးကောင်းကင်ထက် ပျံတက်မယ့် လင်းယုန်ဘုရင်'ပဲ... ဒီလူရဲ့ ကိုယ်ဖော့ပညာက အံ့မခန်းပဲ... သူ့ရဲ့သိုင်းပညာကလည်း ကြောက်ခမန်းလိလိ ကောင်းလွန်းတယ်... သူ့လက်ချက်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ နာမည်ကျော် သိုင်းသမားတွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးတယ်"

သူမက သက်ပြင်းချလိုက်သည်။

"သူဌေးကြီးဝမ်... ရှင် အဲ့ဒီ စွန်တွေကို မြင်မြင်ချင်း ရှင့်ကို ရန်ရှာမယ့်လူတွေက ဒီ ကြောက်စရာကောင်းတဲ့ ရန်သူငါးယောက်ဆိုတာ ရိပ်မိလိုက်လို့ ကျွန်မတို့ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့တာမလား"

ဝမ်တုံးက ရုတ်တရက် ပြောဆိုသည်။

"မင်းတို့ အခု ထွက်သွားရင် မီသေးတယ်... ငါက အရှေ့ဘက် တောင်အောက်ဆင်းမယ်... မင်းတို့လေးယောက်က အနောက်ဘက်က ဆင်းကြ... ဝေးနိုင်သမျှ ဝေးဝေးကို ပြေးကြ... သူတို့ရဲ့ ပစ်မှတ်က ငါပဲ... မင်းတို့ကို သေချာပေါက် လိုက်ဖမ်းမှာ မဟုတ်ဘူး... ငါ သူတို့ရဲ့ စိတ်နေသဘောထားကို သိတယ်... ဒီနည်းလမ်းက ဖြစ်နိုင်ချေရှိတယ်"

ချူကျန့် စိတ်ဝင်စားသွားသည်။ ဤသည်မှာ အမှန်တကယ်ကို လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော အကြံအစည်ပင်။ သူ ကောတာ့လုနှင့် တခြားသူများကို ဆွဲဆောင်ရန် အကြောင်းပြချက်ရှာရင်း သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။

"ဒီနည်းလမ်းက..."

"အဓိပ္ပါယ်မရှိတဲ့ ပေါက်ကရတွေ""

ကောတာ့လုက သူ့စကားကို ဖြတ်ပြောလိုက်ပြီး ချူကျန့်ကို ပြုံးပြလိုက်သည်။

"ချူလော့ကျွင်း... မင်းက စာတတ်ပေတတ် လူယဉ်ကျေးဆိုတော့ မင်းအစား ငါပဲ ကိုယ်စား ဆဲပေးမယ်... စိတ်မပူနဲ့ ငါလည်း မင်းလိုပဲ ဒေါသထွက်နေတာ"

ချူကျန့်၏ပါးစပ်ဖျားသို့ ရောက်နေပြီဖြစ်သော "အတော်ကောင်းတယ်" ဆိုသည့် စကားလုံးနှင့် နောက်ဆက်တွဲ ဆင်ခြေများသည် လည်ချောင်းထဲတွင် တစ်ဆို့ပြီး ပြန်မြိုချလိုက်ရသည်။

ကောတာ့လုက ဝမ်တုံးကို စိုက်ကြည့်လိုက်သည်။

"သူဌေးကြီးဝမ်... ငါတို့လေးယောက် ဒီမှာ သောင်တင်နေပြီးတော့ အလကား စားလိုက်နေလိုက် လုပ်နေတာ ဒီလောက် ကြာနေပြီ... မင်း ငါတို့ကို အိမ်လခ တောင်းဖူးလား"

"မတောင်းဖူးဘူး"

ကောတာ့လုက အသံကျယ်ကျယ်ဖြင့် အဖြေပေးလိုက်သည်။

"မင်း မတောင်းတာက ငါတို့လေးယောက်ကို မိတ်ဆွေတွေလို့ သတ်မှတ်ထားလို့ပဲ... အခု ငါတို့လေးယောက် မသွားဘူး ဆိုတာကလည်း မင်းကို မိတ်ဆွေလို့ သတ်မှတ်ထားလို့ပဲ"

ယန်ချီက ရယ်မောလိုက်၏။

"ရှင် ဘယ်ရောက်ရောက် ကျွန်မတို့လေးယောက်က နောက်ကနေ တစ်ကောက်ကောက် လိုက်နေမှာ... ရှင် ခါချချင်ရင်တောင် ခါချလို့ မရဘူး"

လင်းထိုက်ဖျဥ်က စကားဝင်မပြောသော်လည်း သူ၏ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။

ချူကျန့် ပြောစရာ စကားမဲ့သွားသည်။

'မင်းတို့သုံးယောက်က ဘာလို့ ငါ့ကိုပါ ထည့်တွက်နေရတာလဲ'

သို့သော် သူ သေချာသွားသည်မှာ ဒီအရူးသုံးကောင်ကို ထွက်သွားခိုင်းရန် မဖြစ်နိုင်တော့ခြင်းပင်။ ထိုကြောင့် သူသည်လည်း စကားပြောဆိုပြီး အာပေါက်ခံမနေတော့ပေ။

ဝမ်တုံး၏မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝေ့သီလာသည်။ သူက စကားတစ်လုံးချင်း ပြောဆိုလိုက်သည်။

"မင်းတို့လေးယောက်က ငါ ဝမ်တုံးရဲ့ တစ်သက်တာ မိတ်ဆွေစစ်တွေပါပဲ"

ကောတာ့လု၏မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။ သူသည် လေးလံထိုင်းမှိုင်းနေသော အခြေအနေကို ပေါ့ပါးသွက်လက်အောင် လုပ်ဆောင်ရာတွင် အတော်ဆုံးပင်။

"သူဌေးကြီးဝမ်... သူတို့ဘက်မှာ ငါးယောက်ရှိတယ်... ငါတို့ဘက်မှာလည်း ငါးယောက်ရှိတယ်... အင်အားချင်း မကွာပါဘူး... ချလို့ရပါတယ်"

ဝမ်တုံးက ခေါင်းယမ်းလိုက်သည်။

"သူတို့ဘက်မှာ လေးယောက်ပဲ ရှိတယ်"

ကောတာ့လု မျက်လုံးပြူးသွားသည်။

"သူဌေးကြီး... မင်း ရေတောင် မရေတတ်တော့ဘူးလား... မြွေတစ်ကောင်...ကင်းမြီးကောက်တစ်ကောင်...အဆောင်လက်ဖွဲ့တစ်ခု.. ကင်းခြေများတစ်ကောင်နဲ့လင်းယုန်တစ်ကောင်... ငါးယောက်လေ"

"လေးယောက်ပါ"

ဝမ်တုံးက အဝေးတစ်နေရာကို ငေးကြည့်ရင်း အချိန်တခဏကြာမျှ တိတ်ဆိတ်နေလိုက်သည်။ ထို့နောက် သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ဘာလို့လဲဆိုတော့... အဲ့ဒီ 'မိုးကောင်းကင်ထက် ပျံတက်မယ့် လင်းယုန်ဘုရင်' ဆိုတာက ငါ ဖြစ်နေလို့ပဲ"

All Chapters