သိုင်းလောက ဂုဏ်သတင်းကျော်ကြားမှုလား
Vol. 5 Ch. 54
ဝမ်တုံး၏ 'မိတ်ဆွေဟောင်း'များ လာရောက်လက်စားချေသည့်ကိစ္စကြီးမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။ သန်မာအားကောင်းသော ရန်သူများကို သတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ခဲ့သဖြင့် ချူကျန့်တစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။
ဝမ်တုံးနှင့်ကောတာ့လုတို့က သူ့ကို တစ်ဖက်တစ်ချက်မှ တွဲကာ ခန်းမဆောင်ကြီးဆီသို့ ပြန်လည်ပို့ဆောင်ပေးပြီး အနာဆေးထည့်၍ ပတ်တီးစည်းပေးလိုက်ကြ၏။ ဤအချိန်တွင် ချူကျန့်၏စိတ်အခြေအနေ အလွန်ကြည်နူးနေမိသည်။
သူသည် ဒဏ်ရာတချို့ ရရှိခဲ့ပြီး ၁၀ ရက် ၁၅ ရက်ခန့် လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲတွင် လှဲနေရမည်ဟု ခန့်မှန်းရသော်လည်း အနည်းဆုံးတော့ ဤ "တိုက်ခိုက်မှု အစီအစဉ်" ကြီးကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့ပြင် မမျှော်လင့်ထားသည့် အံ့အားသင့်စရာများလည်း မရှိခဲ့ပေ။
ထူးဆန်းသော ကြက်သွေးနီဖားပြုပ်ကြီး ခုန်ထွက်လာခြင်း လျှို့ဝှက်တာဝန်များ ထွက်ပေါ်လာခြင်းစသည့်အရာများ မရှိခဲ့ချေ။
"အင်း... ဘေးကင်းတာက အကောင်းဆုံးပဲ... အံ့အားသင့်စရာ မရှိတာကလည်း ကောင်းတာပဲ... ငါက သိုသိုသိပ်သိပ်နဲ့နှိမ့်ချနေထိုင်တာကမှ အမှန်တရားပဲ...အခု စည်းစိမ်ချမ်းသာစံအိမ်မှာ ခဏလောက် အေးအေးဆေးဆေး အနားယူလို့ ရလောက်ပြီ..."
"တင်..တင်...တင်..."
စနစ်ရဲ့ အသိပေးချက်များလား....
ချူကျန့် လန့်ဖျပ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခခုလုံး တောင့်တင်းသွားသည်။ သူ သေချာ နားစွင့်ကြည့်လိုက်ရာ ယန်ချီ လှေကားထစ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းများက လေတိုက်ခတ်၍ မြည်နေကြောင်း သိလိုက်ရသည်။
'ငါ အတွေးလွန်ပြီး လန့်သွားတာပဲ.... ငါပြောသားပဲ... ငါသတ်လိုက်တာက NPC တွေပါ... Bossတွေ မဟုတ်ဘူး... ဆာဗာတစ်ခုလုံး ကြေညာချက် တက်လာစရာ အကြောင်းမရှိပါဘူး...'
"တင်.....သင်သည် သင့်ထက် အဆင့်မြင့်သော ပြိုင်ဘက် ၁၅၀ကျော်ကို အနိုင်ယူနိုင်ခဲ့ပြီး ထိုလူများအနက် ငါးဦးသည် သင့်ထက် အင်အားများစွာ သာလွန်သူများ ဖြစ်သည်....သင်သည် သိုင်းပညာလမ်းကြောင်းအပေါ် ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသည်...သင်၏နားလည်နိုင်စွမ်း +1 တိုးတက်သွားသည်"
"တင်...သင် ဝမ်တုံးနှင့် တခြားလူများသည် သိုင်းလောကတွင် နာမည်ကျော်ကြားပြီး ရက်စက်ကြမ်းကြုတ်သော အသက်နုတ်အဆောင်ပညာရှင် အနီရောင်သခင်မ ကင်းခြေများနတ်ဘုရားနှင့် အဆိပ်မြွေနီတို့ကို အနိုင်ယူခဲ့သည်...သင့်၏ဂုဏ်သတင်းမှာ စတင်၍ပျံ့နှံ့သွားပြီ...နောက်ထပ် ရက်ပေါင်း၃၀အတွင်း သင့်၏ 'သိုင်းလောက ဂုဏ်သတင်းကျော်ကြားမှု' မှာ သိုင်းလောကအတွင်း ကောလာဟလ ပျံ့နှံ့မှုနှုန်းအပေါ် မူတည်၍ နေ့စဉ် ၅ မှတ်မှ ၂၀ မှတ်အထိ တိုးလာပေမည်"
"တင်....သင်၏ခန္ဓာကိုယ်ထဲရှိ 'မန်ကူ ဖားပြုပ်နီ' သွေးမျိုးဆက်သည် သင့်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အားလုံးကို အောင်မြင်စွာ ဝါးမျိုပြီး အတွင်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်... သင့်၏ အတွင်းအားကျင့်ကြံမှု အကြီးအကျယ် တိုးတက်သွားသည်"
ဂိမ်းအသိပေးချက်သုံးခု ဆက်တိုက်တက်လာမှုကြောင့် ချူကျန့် ကြက်သေသေသွားပေ၏။
ဒါက တကယ်ကို ဖြစ်ချင်တာနဲ့ တလွဲစီ ဖြစ်တတ်တဲ့ သဘောတရားပါလား....
နားလည်နိုင်စွမ်းတိုးလာခြင်းကို သူ အနည်းငယ် အံ့အားသင့်မိသော်လည်း ငြင်းဆန်ရန် အကြောင်းမရှိပေ။ ကောကျင့်ရှေ့တွင် သူသည် လူအ ဖြစ် ဟန်ဆောင်နေရန် မလိုတော့သည့်အတွက် နားလည်နိုင်စွမ်း တစ်မှတ်တိုးလာခြင်းက နောင်တွင် သူ ဆေးပညာသင်ယူရာ၌ အကျိုးရှိစေပေမည်။
သို့သော် နောက်ဆက်တွဲတက်လာသည့် သိုင်းလောက ဂုဏ်သတင်းကျော်ကြားမှုနှင့် အတွင်းအား တိုးတက်မှုများက ချူကျန့်ကို ဆဲရေးတိုင်းထွာချင်စိတ် ပေါက်သွားစေသည်။
သိုင်းလောကဂုဏ်သတင်းဆိုသည်မှာ အလွန်အရေးကြီးသော ကိုယ်ပိုင်အချက်အလက်တစ်ခုပင်။ ထိုအရာသည် "ဆာဗာတစ်ခုလုံး ကြေညာချက်" နှင့် မတူညီချေ။ ဆာဗာကြေညာချက်သည် ကစားသမားအချင်းချင်းကြားတွင်သာ ကျော်ကြားစေသော်လည်း သိုင်းလောကဂုဏ်သတင်းကမူ NPC များကြားတွင် ကစားသမား၏ရပ်တည်မှုကို သတ်မှတ်ပေးသည်။
ဤ "မဟာသိုင်းလောကခေတ်"ဂိမ်းတွင် NPC များက ကမ္ဘာကြီးကို လွှမ်းမိုးထားသည်။ NPC အရေအတွက်သည် ကစားသမားအရေအတွက်ထက် များစွာသာလွန်သည်။ ဤကမ္ဘာတွင် နေထိုင်သော ကစားသမားတစ်ဦးအနေဖြင့် တခြားကစားသမားများကို ရှောင်ရှားနိုင်သော်လည်း NPCများနှင့် ဆက်ဆံရခြင်းကိုမူ မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
သိုင်းလောကဂုဏ်သတင်း မြင့်မားလာကာအထူးသဖြင့် ကောင်းသတင်း ဖြစ်လျှင် NPC များထံမှ မျက်နှာသာပေးမှုကို ပို၍ရရှိနိုင်သည်။ ဤသည်မှာ တချို့သော ပြိုင်ဘက်ကင်း ဆရာသခင်ကြီးများထံတွင် တပည့်ခံရန်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပင်။ သို့ရာတွင် သိုင်းလောကဟူသည်မှာ သိုင်းလောကသာဖြစ်ပေ၏။
တစ်စုံတစ်ယောက်သည် နာမည်ကြီးလာလေလေ အာရုံစိုက်ခံရလေလေ၏။ သင်၏ဂုဏ်သတင်းကြောင့် NPC များက သင့်ထံ ရောက်လာပြီး တပည့်ခံချင်ကြမည် စိန်ခေါ်ချင်ကြမည် အကူအညီ တောင်းကြမည်ဖြစ်ကာ လမ်းစရိတ်ပင် လာတောင်းကြပေလိမ့်မည်။
အကယ်၍ ငြင်းပယ်လိုက်လျှင် သင်သည် နာမည်ကြီးလာပြီးနောက် မောက်မာသွားသည် လူများကို အထင်သေးသည်ဟု ပြောဆိုကြပေမည်။ အကယ်၍ ထိုကိစ္စများကို တစ်ကြိမ် လက်ခံလိုက်မိလျှင် နောက်တစ်ကြိမ်ကို သင် လျစ်လျူရှု၍ မရတော့ချေ။ ထိုသို့မဟုတ်လျှင် လူများက သင့်ကို မျက်နှာလိုက်သည် ကျော်ကြားမှုကိုသာ လိုက်စားသည်ဟု ပြောဆိုကြပေလိမ့်မည်။
ယခင်က လျှို့ဝှက်သိုင်းကမ္ဘာတွင် ကျော်ကြားမှုဒဏ်ကို အလူးအလဲ ခံစားခဲ့ရဖူးသဖြင့် ချူကျန့်သည် ကျော်ကြားလာမည်ကို လုံးဝမလိုလားပေ။ ယခုချိန်၌ ဂိမ်းသည် သူ့ကို နေ့စဉ် ဂုဏ်သတင်း ၅ မှတ်မှ ၂၀ မှတ်အထိ တိုးမည်ဟု ပြောနေသည်။ ကံမကောင်းလျှင် တစ်လအတွင်း သူ၏ရမှတ် ၆၀၀ အထိ တိုးလာနိုင်သည်။
သိုင်းလောကဂုဏ်သတင်း ရမှတ် ၅၀၀၀ ကျော်လျှင် "အတော်အသင့် ကျော်ကြားသူ" ဟု သတ်မှတ်ခံရပြီး လမ်းသွားလမ်းလာ NPC များပင် သူ၏နာမည်ကို ကြားဖူးနေမည့် အခြေအနေသို့ ရောက်ရှိသွားပေမည်။
ကျော်ကြားမှုကို ကပ်ရောဂါတစ်ခုအလား ရွံရှာမုန်းတီးနေသော ချူကျန့်တစ်ယောက် ဤအခြေအနေကို မည်သို့ လက်ခံနိုင်မည်နည်း။
အဓိက ပြဿနာမှာ သူသည် နာမည်တုတစ်ခုကို ပေး၍မရခြင်းပင်။ မြို့ထဲသို့ ဝင်သည်ဖြစ်စေ တည်းခိုခန်းတွင် တည်းခိုသည်ဖြစ်စေ အရာရှိများ၏ စစ်ဆေးမှုကို ခံရသည်ဖြစ်စေ သူ၏ ခရီးသွားလက်မှတ်ကို ထုတ်ပြပြီး နာမည်ရင်းကိုသာ ပြောပြရပေမည်။
ဤအကြောင်းများကို တွေးမိပြီး ချူကျန့် စိတ်ဓာတ် အကြီးအကျယ် ကျသွားပေ၏။
သူ့ကို အထိတ်လန့်ဆုံး ဖြစ်စေသည်မှာ တတိယမြောက် အသိပေးချက်ပင်။ အန္တရာယ်များကြားတွင် ဝိုင်းရံခံနေရချိန်၌ သူ၏ခွန်အား တိုးတက်လာခြင်းကို သူ လိုလားသည်မှာ သဘာဝကျသော်လည်း အလွန်အမင်း မြန်မြန်ဆန်ဆန် တိုးတက်လာမည်ကိုမူ သူ လုံးဝမလိုလားပေ။
မည်သည်ကြောင့် ဤမျှထိ ဆန့်ကျင်ဘက် ဖြစ်နေရသနည်း။ ချူကျန့်၏ လက်ရှိရည်မှန်းချက်သည် မြင်းဖြူကျောင်းတော်မြို့ရှိ "ဆေးဘုရင်ကျမ်း"ကို ရယူရန်ပင်။ သို့သော် ဆေးဘုရင်ကျမ်းကို ရရှိရန်အတွက် ကံတရားအပြင် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုမှာ သူ၏ "သိုင်းပညာ အကဲဖြတ်ရမှတ်"သည် ၁၅၀ ထက် မကျော်လွန်ရန်ပင်။ ထိုသို့ဖြစ်လာမှသာ အဓိက ဇာတ်ကောင် ချန်လင်စုကို ဆေးပင်များ စိုက်ပျိုးရာတွင် ကူညီပေးသည့် တာဝန်ကို ရရှိနိုင်ပေမည်။ ထိုသို့မဟုတ်ပါက ချန်လင်စုအတွက် ကြောက်မက်ဖွယ်ရန်သူများကို ကာကွယ်ပေးရမည့် အလွန်ဆိုးရွားသော လက်စားချေမှုတာဝန်သာ ထွက်ပေါ်လာပေလိမ့်မည်။
ပထမနည်းလမ်းမှာ အချိန်ကုန်သော်လည်း သက်တောင့်သက်သာရှိပြီး ဆေးဘုရင်ကျမ်းကို ရနိုင်ခြေ ပို၍မြင့်မားသည်။ ဒုတိယနည်းလမ်းမှာမူ သူ ပင်ပန်းရုံသာမက "သေလုမြောပါး အခြေအနေ" ရောက်သည်အထိ အရိုက်ခံရနိုင်သည့် အန္တရာယ်ရှိပေ၏။ ထို့ပြင် သူသည် ရန်သူများကို အနိုင်ရလျှင်ပင် ချန်လင်စုက ကျေးဇူးတင်လက်ဆောင်အဖြစ် အဆိပ်ဖြေဆေးတချို့သာ ပေးပြီး ပြီးဆုံးသွားနိုင်ခြေလည်း ရှိနေသည်။
ထို့ပြင် ဤတာဝန်ကို တစ်ကြိမ်သာ ရရှိနိုင်သည်။ ထိုကိစ္စ ပြီးဆုံးသွားလျှင် သူသည် ချန်လင်စုနှင့် နောက်တစ်ကြိမ် တွေ့ဆုံရတော့မည် မဟုတ်ပေ။
ဆေးဘုရင်ကျမ်းကို ရယူပြီး ဆေးဆရာလမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် ချူကျန့်သည် သူ၏ ခွန်အားအကဲဖြတ်ရမှတ်ကို ၁၅၀ ထက် ကျော်လွန်ခံ၍ မဖြစ်ချေ။
ထို့ကြောင့် သူ၏ခွန်အား တိုးတက်သွားကြောင်း ကြားလိုက်ရသည့်အချိန်တွင် ချူကျန့်က သူ၏အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။ သူ၏ "သိုင်းပညာ အကဲဖြတ်ရမှတ်" သည် ၉၀ အထိ ခုန်တက်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဟူး... တော်ပါသေးရဲ့...
ချူကျန့်က သက်ပြင်းချလိုက်သည်။ ဤသည်မှာ အမှတ်၁၅၀ ပြည့်ရန် အတော်အသင့်လိုအပ်သော်လည်း သူ စိတ်မလျော့ရဲသေးချေ။ စည်းစိမ်ချမ်းသာစံအိမ်သို့ စရောက်ချိန်က သူ၏သိုင်းပညာအကဲဖြတ်ရမှတ်မှာ ၅၀ သာ ရှိသည်။ ၆ ရက်မှ ၇ ရက်အတွင်း တိုက်ခိုက်မှုတာဝန်ကြောင့် သူ၏ရမှတ်သည်အမှတ်၉၀အထိ အတင်းအကြပ် တိုးမြှင့်ခံလိုက်ရသည်။
အကယ်၍ ယန်ချီ ကောတာ့လု သို့မဟုတ် လင်းထိုက်ဖျဉ်တို့၏ရန်သူများ ထပ်မံ၍ ရောက်ရှိလာပါက ချူကျန့်သည် မည်သို့ ပြုလုပ်ရမည်နည်း။
သူသည် သေမည့်အချိန်ကိုစောင့်ပြီး ရမှတ်အဆင့်များ ကျပန်းလျော့ကျသွားမည့်အရေးကို ခံယူရမည်လော။ ထိုသို့မဟုတ်ပါက သူသည် ယခုတစ်ကြိမ်ကဲ့သို့ ထပ်မံ၍တိုက်ခိုက်ပြီး သံသရာ လည်နေအုံးမည်လော။
ဤကိစ္စနှစ်ခုလုံးသည် ချူကျန့် မြင်ချင်သည့် ရလဒ်များ မဟုတ်ချေ။
မဟုတ်သေးဘူး... ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး... ငါ့ရဲ့ဒဏ်ရာတွေကို မြန်မြန်ကုသပြီးတော့ ဒီနေရာကနေ ထွက်သွားမှ ရမယ်...
သို့သော် ဤကိစ္စတွင် သူ ထပ်မံ၍ ဇဝေဇဝါဖြစ်နေသည်။ သူ၏ဒဏ်ရာများ သက်သာစေရန် အကောင်းဆုံးနည်းလမ်းမှာ "ချွမ်ကျန်း အတွင်းအားကျင့်စဉ်" ကို ကျင့်ကြံခြင်းပင်။
ဤသည်မှာ တာအိုကျင့်စဥ်မှ ကျန်းမာရေးထိန်းသိမ်းနည်းတစ်ခုဖြစ်သည့်အတွက် ဒဏ်ရာများ ပြန်လည်၍သက်သာလာမှုကို မြန်ဆန်စေသည်။ သို့ရာတွင် ထိုသို့ ကျင့်ကြံလိုက်လျှင် သူ၏ခွန်အား တဖြည်းဖြည်း တိုးတက်လာပေမည်...
ငါ့မှာ ရွေးချယ်စရာ မရှိဘူး... မကောင်းတာ နှစ်ခုထဲက ဆုံးရှုံးမှုနည်းမယ့် တစ်ခုကို ရွေးရတော့မယ်... ဒုက္ခများတဲ့ ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ ငါ အမြန်ဆုံး ကျန်းမာလာအောင် လုပ်ရမယ်...
ထိုအချိန်မှာပင် အနီရောင်သခင်မ၏ တုန်ရီနေသောအသံက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။
"ရှင်တို့ ဘာလို့ နိုင်ခဲ့သလဲဆိုတာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားပြီ... အဲဒါက မိတ်ဆွေသံယောဇဉ်ကြောင့်ပဲ... ရှင်တို့ကြားမှာ ရိုးသားဖြူစင်ကြတယ်... တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီး ယုံကြည်ရတဲ့ မိတ်ဆွေရင်းတွေအဖြစ် သတ်မှတ်ကြတယ်... အန္တရာယ်ကြုံလာရင် အလုအယက် ရင်ဆိုင်ကြတယ်... ကျွန်မတို့ကျတော့ ကိုယ်ကျိုးစီးပွားအတွက် နောက်ကွယ်က ကြံစည်ကြတယ်... အကျိုးအမြတ် အများဆုံးရဖို့အတွက် ကိုယ့်အဖော်တွေကို စွန့်စားခိုင်းကြတယ်"
ချူကျန့်သည် သူ၏ကိစ္စသာ သူ တွေးတောနေသဖြင့် ဝမ်တုံး ကောတာ့လုနှင့် တခြားလူများသည် အနီရောင်သခင်မအား မည်သို့ ပြောဆိုလိုက်သဖြင့် သူမ ဤမျှထိ နောင်တရသွားသည်ကို မသိလိုက်ချေ။
ဝမ်တုံးက မျက်နှာလွှဲထားပြီး သူမကို မကြည့်ပေ။ ယန်ချီကမူ စာနာစိတ်ဖြင့် မေးမြန်းလိုက်၏။
"နင့်ဘဝမှာ စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ တစ်ခါမှ မရှိခဲ့ဘူးလား"
အနီရောင်သခင်မက ဝမ်တုံးကို ကြည့်ရင်း မျက်ရည်များ စီးကျလာကာ သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မရှိခဲ့ပါဘူး"
အမှန်တကယ်ကိုပင် အနီရောင်သခင်မသည် မသေဆုံးခဲ့ချေ။
ဤသည်မှာချူကျန့်က သက်ညှာပေးခဲ့ခြင်းပင်။ သူမကို ထိုးစိုက်လိုက်သည့် အဆိပ်အပ်တွင် မြွေဆိပ်သုတ်လိမ်းထားခြင်း ဖြစ်ပြီး ကြွက်မြီးတိုအဆိပ် မဟုတ်ပေ။ ထိုအဆိပ်သည် သူမအား နေ့ဝက်မျှ မလှုပ်ရှားနိုင်ဘဲ အကြောသေသွားစေရုံသာရှိသည်။ သူမ၏နက်ရှိုင်းသော အတွင်းအားကြောင့် မကြာမီမှာပင် သူမ စကားပြန်ပြောနိုင်လာပြီး အချိန်တစ်ခုကြာလျှင် ဆေးကုသရန်မလိုဘဲ ပြန်ကောင်းလာပေမည်။
ချူကျန့်က သူမသည် လှပသောကြောင့် အသက်ချမ်းသာပေးခဲ့ခြင်း မဟုတ်ပေ။ အမှန်အားဖြင့် အနီရောင်သခင်မသည် ကြည့်ပျော်ရှုပျော်ရှိသော်လည်း ကောရှန် ချင်ရူယွင်တို့နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် လိုအပ်ချက် ရှိနေပေ၏။
သောက်ချေးပဲ ... ငါက ဘာလို့ အဲ့ဒီသူဌေးသမီးနှစ်ယောက်အကြောင်းကို တွေးနေမိတာလဲ....
ချူကျန့် သူမကို မသတ်ခဲ့ရသည့် အကြောင်းရင်းမှာ အပေါ်ယံအားဖြင့် ဝမ်တုံးကို လေးစားသောကြောင့်ပင်။ သို့ရာတွင် အဓိက အကြောင်းအရင်းမှာမူ ချူကျန့် စိတ်ဝင်စားနေသည့် "ကြီးမားသော အကျိုးအမြတ်"ကြောင့် ဖြစ်သည်။
အနီရောင်သခင်မနှင့် တခြားလူများသည် လက်စားချေရန် ရောက်လာကြကာ သူမနှင့် သံယောဇဉ်ရှိခဲ့ဖူးသော ဝမ်တုံးကိုပင် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်ခြင်းမှာ ကြီးမားသော အကျိုးအမြတ်ကြောင့်ပင်။
မူလက ချူကျန့်သည် အနီရောင်သခင်မကို စစ်ဆေးမေးမြန်းရန် အခွင့်အရေးရှာနေခဲ့သော်လည်း ယခုအချိန်တွင်မူ သူ၏စိတ်အခြေအနေသည် အပြင်ဘက်က ညအချိန်ထက်ပင် ပို၍မှောင်မိုက်နေသည်။ သူသည် စိတ်ဝင်စားမှုကို မစုစည်းနိုင်တော့သဖြင့် ဝမ်တုံးနှင့်ယန်ချီတို့သည် သူမကို မည်သို့ စီမံမည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
သူ၏ခေါင်းထဲတွင် ဤပြန်လည်သက်သာရေး ကာလကို မည်သို့ ဘေးကင်းစွာ ကျော်ဖြတ်ရမည်ကိုသာ တွက်ချက်နေမိသည်။
ကျေးဇူးပြုပြီး... နောက်ထပ် ပြဿနာတွေ ထပ်မဖြစ်ပါစေနဲ့တော့....