တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား
Vol. 5 Ch. 55
ကောင်းကင်ဘုံသည် အစပိုင်းအဆင့်များတွင် ချူကျန့်ကို အလွန်နှိပ်စက်မိသွားသည်ဟု ခံစားရ၍လောဟု မသိနိုင်သော်လည်း နောက်ထပ် ၇ ရက် ၈ ရက်အတွင်း၌ အေးချမ်းငြိမ်သက်နေခဲ့သည်။ ချူကျန့်သည် သူ၏ဒဏ်ရာအများစု သက်သာသည်အထိ သက်တောင့်သက်သာ နေထိုင်ပြီး ကုသနိုင်ခဲ့သည်။
ထို့ပြင် သူသည် နေ့စဉ်ဝေယျာဝစ္စများကိုလည်း စိတ်ပူရန် မလိုခဲ့ချေ။
အနီရောင်သခင်မသည် လူသစ်တစ်ယောက် ဖြစ်သွားသည့်အလားပင်။ သူမသည် ဤနေရာ၌ နေမည်ဟု သူမ၏သဘောဆန္ဒအလျောက် ပြောဆိုခဲ့သည်။ ထိုမျှသာမက သူမသည် မိတ်ကပ်များကို ဖျက်ပြီး ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ကာ ပင်ကိုသဘာဝမျက်နှာဖြင့် နေထိုင်လေသည်။
သူမသည် အိမ်ဖော်မလေးတစ်ယောက်အလား ဒဏ်ရာရထားသော ချူကျန့်နှင့်လင်းထိုက်ဖျဉ်တို့ကို ဂရုတစိုက် ပြုစုပေးပြီး လူငါးယောက်လုံးအတွက် ချက်ပြုတ်လျှော်ဖွပ်ပေးရသည့်တိုင် တစ်ခွန်းမျှ ညည်းညူခြင်း မရှိပေ။
ချူကျန့်က သူမကို ရက်အနည်းငယ်ကြာ စောင့်ကြည့်ခဲ့သည်။ သူ၏ထက်မြက်သော အာရုံခံစားမှုနှင့် အမြင်အာရုံကို အသုံးပြု၍ သူမ အမှန်တကယ် စိတ်ပြောင်းသွားကြောင်း သေချာမှသာ သူ၏သတိထားနေမှုကို လျှော့ချလိုက်၏။
'ဒါက တကယ့်ကို အံ့အားသင့်စရာပါလား'
ဝမ်တုံးတို့သည် သူမ၏ အတွေးအမြင်ကို မည်သို့ ပြုပြင်ပြောင်းလဲပေးခဲ့သည်ကို သူ မသိရှိချေ။ အကယ်၍ သူတို့သာ စိတ်ပိုင်းဆိုင်ရာ အကြံပေးလုပ်ငန်း ဖွင့်လိုက်မည်ဆိုလျှင် စီးပွားဖြစ်ထွန်းမည်မှာ သေချာပေါက်ပင်။
သို့သော် ချူကျန့်သည် မမျှော်လင့်ထားသော အခြေအနေနှစ်ခုဖြင့် ကြုံတွေ့ခဲ့ရသည်။
ပထမဖြစ်ရပ်မှာ သူ၏ "ချွမ်ကျန်း အတွင်းအားကျင့်စဉ်" အဆင့်တက်သွားခြင်းပင်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များမှ ပြောင်းလဲလာသော အတွင်းအားသည် အလွန်သိပ်သည်းသဖြင့် တတိယအဆင့် ရောက်ရန် လိုအပ်သော နာရီ ၂၅၀ ကို နာရီ ၃၀ အထိ အတင်းအကျပ် လျှော့ချလိုက်သည်။ ထို့ကြောင့် နေ့တိုင်း ဂိမ်းဖွင့်ထားပြီး အလိုအလျောက် ကျင့်ကြံခြင်းကို ပြုလုပ်နေသော ချူကျန့်သည် သတ္တမမြောက်နေ့ညတွင် ချွမ်ကျန်းကျင့်စဉ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ဒုတိယဖြစ်ရပ်မှာ သူ၏ ချွမ်ကျန်းအတွင်းအားကျင့်စဉ် တိုးတက်မှု ရပ်တန့်သွားခြင်းပင်။
ဤသည်မှာ အမှန်တကယ်ကို ရပ်တန့်သွားခြင်းပင်။ သူ ဂိမ်းဖွင့်ထားပြီး ကျင့်ကြံရန် ကြိုးစားချိန်၌ ဂိမ်းစနစ်မှ "သင့်၏ အရိုးအရင်းအမြစ်၂၅ မှတ်အောက် နည်းနေပါသည်...ချွမ်ကျန်း အတွင်းအားကျင့်စဉ်ကို ပိုမြင့်သော အဆင့်သို့ ဆက်လက်ကျင့်ကြံ၍ မရနိုင်ပါ" ဟု အသိပေးလာသည်။
ချူကျန့်တစ်ယောက် ကောင်းကင်ကို မော့ကြည့်ပြီး ဝမ်းသာအားရ အော်ဟစ်ရယ်မောချင်စိတ် ပေါက်သွားသည်။
ဟား...ဟား....ဟား
သူ၏အရိုးအရင်းအမြစ်အမှတ်က လက်ရှိတွင် ၂၄ မှတ်သာ ရှိပြီး ၂၅ အောက်တွင် ကပ်လျက်ရှိနေခြင်း ဖြစ်သည်။
ဤကံကောင်းမှုကြောင့် သူ အလွန်ပျော်ရွှင်ကြည်နူးသွားပြီး စတုတ္ထအဆင့်သို့ ရောက်ရှိသွားမှုကြောင့် သိုင်းပညာ အကဲဖြတ်ရမှတ် ၁၀၀ ဖြစ်သွားသဖြင့် စိုးရိမ်နေမှုများပင် ပျောက်သွားတော့သည်။
ဆိုလိုသည်မှာ နောက်ပိုင်းတွင် သူ မည်မျှထိ ဂိမ်းဖွင့်ထားပြီး ကျင့်ကြံပါစေ သူ၏အတွင်းအားသည် တစိုးတစိမျှ တိုးလာတော့မည် မဟုတ်ပေ။ သူ့ခွန်အား အကဲဖြတ်ရမှတ်သည် သူ၏နောက်ထပ်အစီအစဉ်အတွက် အရေးပါသော အမှတ်၁၅၀သို့ ရောက်သွားမည်ကို သူ စိုးရိမ်ရန် မလိုတော့ချေ။
ခွန်အား အကဲဖြတ်ရမှတ်သည် အတွင်းအား၊ သိုင်းပညာ၊ တိုက်ပွဲမှတ်တမ်းနှင့် မဟာဗျူဟာ စသည့် အချက်များစွာနှင့် ဆက်စပ်နေသော်လည်း ဤသည်မှာ သိုင်းလောကပင်။
"အတွင်း၌ လေတစ်ရှိုက်ကို ကျင့်ကြံ၍ အပြင်၌ ကြေးနီကြေးဝါ ကြွက်သားနှင့် အရိုးများကို ကျင့်ကြံသည်"
ဟူသော စကားအတိုင်း ခွန်အားကို တွက်ချက်ရာတွင် အတွင်းအားသည် အလွန်အရေးကြီးသော အစိတ်အပိုင်း ဖြစ်နေဆဲပင်။ သူ၏အတွင်းအား တိုးမလာသရွေ့ ကာလပတ်လုံး သူ၏အကဲဖြတ်ရမှတ် တိုးတက်မှုမှာ အလွန်အကန့်အသတ် ရှိနေပေမည်။
ထို့ကြောင့် ချူကျန့်သည် အနာကျက်မြန်စေရန် ရည်ရွယ်၍ သက်တောင့်သက်သာပင် ဂိမ်းဖွင့်ထားကာ ကျင့်ကြံနေလိုက်သည်။ ဂိမ်းဖွင့်ထားစဉ် ဂိမ်းထဲတွင် ငူငူငိုင်ငိုင် ထိုင်နေရသည်ကို ပျင်းသဖြင့် သူသည် Log out လုပ်လိုက်၏။ ထိုနောက် သူသည် တခြားအလုပ်များကို သွားလုပ်နေလိုက်ရာ အမှန်တကယ့်ကို စိတ်လန်းဆန်းနေတော့သည်။
ထို့ပြင် သူသည် အနီရောင်သခင်မ ထိန်းသိမ်းထားသော တိုင်းပြည်တစ်ပြည်ကိုပင် ယှဉ်နိုင်သည့် စည်းစိမ်ဥစ္စာများအကြောင်းကိုလည်း စတင်၍ စဉ်းစားလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ချူကျန့်သည် တွက်ချက်ကြည့်ပြီးလေပြီ။ အနီရောင်သခင်မသည် အသက်နုတ်အဆောင်ပညာရှင်နှင့် တခြားလူလေးယောက်တို့ စုဆောင်းထားသော ငွေကြေးအားလုံးကို မောင်ပိုင်စီးခဲ့လေ၏။ ထို့နောက် သူမသည် ဝမ်တုံးက ငွေများယူပြီးထွက်ပြေးသွားသည်ဟု စွပ်စွဲကာ လက်စားချေရန်အစီအစဉ်ကို စတင်စေခဲ့ခြင်း ဖြစ်သည်။
ဤစည်းစိမ်ဥစ္စာများသည် အနည်းဆုံး ငွေပြားတစ်သန်းခန့် ရှိသည်။ ထိုအရာများကို ရွှေတုံးနှင့် တွက်လျှင် တစ်သောင်းခန့်ရှိကာ လက်တွေ့ကမ္ဘာမှ ငွေကြေးနှင့်ဆိုလျှင် ယွမ်တစ်သန်းတန်ကြေး ရှိပေ၏။
ဤသည်မှာ ချူကျန့် သုံးနှစ်နီးပါး စုဆောင်းထားသည့် ငွေပမာဏနှင့် ညီမျှသည်။ ထို့ပြင် သူဌေးသမီးချင်ရူယွင် ပေးသည့် အခြေခံလစာ၏ နှစ်စဉ်ဝင်ငွေ ခြောက်သိန်းထက်ပင် ပိုများနေသည်။
ဤယွမ်တစ်သန်းတန်ကြေးရှိသော ငွေပမာဏကြီးသည် ချူကျန့်ကို အကြီးအကျယ် စိတ်လှုပ်ရှားသွားစေသည်။ ပါးစပ်နား ရောက်လာသော အသားတုံးကို သူ မည်သည်ကြောင့် မစားဘဲ နေနိုင်မည်နည်း။
ကံဆိုးသည်မှာ အနီရောင်သခင်မသည် ယခုအချိန်၌ စည်းစိမ်ချမ်းသာစံအိမ်ရှိ အိမ်သူအိမ်သားတစ်ဦး ဖြစ်နေပြီး အမှန်တကယ်ကို စိတ်ပြောင်းလဲသွားပုံ ရသည်။ ထိုကြောင့် ယခင်ကဆိုလျှင် သူ အသုံးပြုနိုင်မည့် အကြမ်းဖက်နည်းလမ်းများကို အသုံးပြု၍ မရတော့ချေ။
သို့ရာတွင် ချူကျန့်၌ ဉာဏ်နီဉာဏ်နက်များ မည်သည့်အချိန်တွင်မျှ မရှားပါးပေ။ သူ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် အစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ထိုညတွင် သူသည် ခြံဝင်းရှေ့၌ တစ်ယောက်တည်း ထိုင်ကာ လမင်းကြီးကို ငေးကြည့်ရင်း စိတ်ဓာတ်ကျစွာ ဝိုင်အရက်သောက်နေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ သူ မပျော်မရွှင် ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ ကောတာ့လုနှင့် တခြားလူများသည် သူ၏အနားသို့ ရောက်လာပြီး ဝိုင်းဖွဲ့ကာ အတူသောက်ကြတော့သည်။
ချူကျန့်က ဝိုင်အရက်အိုးပေါင်းများစွာကို ဆက်တိုက်မော့သောက်လိုက်သည်။ သူသည်အနည်းငယ် မူးချင်ယောင်ဆောင်ကာ သူ၏ ဆရာသခင်အကြောင်းကို ရင်ဖွင့်ပြောဆိုလေ၏။ သူ၏ဆရာသခင် ကောကျင့်သည် ရှန်ယန်မြို့ကို မွန်ဂိုကျူးကျော်သူများရန်မှ ကာကွယ်နေရသော်လည်း ရိက္ခာနှင့် ရန်ပုံငွေ ပြတ်လပ်နေကြောင်း စစ်သည်များသည် ငတ်မွတ်နေရပြီး လက်နက်ဝတ်စုံ မပြည့်စုံကြောင်း မွန်ဂိုမြင်းတပ်ဖွဲ့ကို တွန်းလှန်ရသည့် အကြိမ်တိုင်းတွင် ကြီးမားသော ပေးဆပ်မှုများ ရှိနေကြောင်း ပြောဆိုခဲ့သည်။ သူ သိုင်းလောကထဲ ရောက်လာရခြင်းမှာလည်း မိတ်ဆွေဟောင်းများထံမှ ဆရာသခင်အတွက် မြို့ကိုကာကွယ်ရန်အတွက် ရန်ပုံငွေ ရှာဖွေပေးရန် ဖြစ်ကြောင်း ပြောဆိုခဲ့လေ၏။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူသည် မိတ်ဆွေအမြောက်အများကို သွားရောက်တွေ့ဆုံခဲ့သော်လည်း ငွေကြေးများစွာ မရရှိခဲ့ဘဲ ဤနေရာတွင် အချိန်ဖြုန်းနေရကြောင်း ပြောဆိုကာ နိဂုံးချုပ်လိုက်သည်။
သူသည် ပြောရင်းဆိုရင်း ဟန်ဆောင်မျက်ရည်အချို့ပင် ညှစ်ထုတ်ပြလိုက်သေးသည်။
သရဲတစ္ဆေကိုပင် ယုံကြည်အောင် ပြောဆိုနိုင်သော သူ၏စကားပြောစွမ်းရည်နှင့် ရုပ်ရှင်မင်းသားအဆင့်ရှိသော သရုပ်ဆောင်ချက်များကြောင့် ကောတာ့လု၊ ဝမ်တုံး၊ ယန်ချီ၊ လင်းထိုက်ဖျဉ်နှင့် အနီရောင်သခင်မတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ လင်းထိုက်ဖျဉ်က တစ်စုံတစ်ခုကို ပြောချင်သကဲ့သို့ နှုတ်ခမ်းတရွရွဖြစ်နေသော်လည်း ထုတ်ပြောရန်အတွက် ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေသည်။
ရလဒ်အနေဖြင့် ထိုညတွင်ပင် အနီရောင်သခင်မသည် ချူကျန့်ထံသို့ ရောက်လာပြီး ရှန်ယန်မြို့ကို ကာကွယ်နေသော စစ်သည်များအတွက် ရိက္ခာအဖြစ် သူမ၏ စည်းစိမ်ဥစ္စာအားလုံးကို လှူဒါန်းလိုကြောင်း ပြောကြားလေသည်။ ချူကျန့်သည် အကြိမ်ကြိမ် ငြင်းဆန်သော်လည်း နောက်ဆုံးတွင် အနီရောင်သခင်မ၏ ခိုင်မာသော သဘောထားကို "မလွန်ဆန်နိုင်တော့သဖြင့်" "မတတ်သာဘဲ သဘောတူလိုက်ရသည်။ ငွေသွားပို့ရာတွင် သူမကို ကိုယ်တိုင်ခေါ်သွားပြီး ကောကျင့်လက်ထဲသို့ အပ်နှံပေးမည်ဟု သူ ပြောဆိုလိုက်၏။ ဤသည်မှာ နောက်တစ်လှမ်းဆုတ်ခြင်းဖြင့် ရှေ့တိုးသည့် နည်းဗျူဟာဖြစ်ပြီး သူ့ဘက်က ကိုယ်ကျိုးမဖက်ဘဲ တရားမျှတကြောင်း ပြသခြင်းပင်။
သူ တွေးထင်ထားသည့်အတိုင်းပင် အနီရောင်သခင်မက သူ့ကို ပို၍ ယုံကြည်သွားပြီး ခိုင်မာပြတ်သားစွာ ပြောဆိုသည်။
"ရှင်က ဝမ်တုံးရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတော့ ကျွန်မက ရှင့်ကို ယုံကြည်ပါတယ်... ရှင်ပဲ ကျွန်မကိုယ်စား သွားပြီးပို့ဆောင်ပေးပါ... ပြီးတော့ ကျွန်မရဲ့နာမည်ကို မပြောပါနဲ့... ကျွန်မက အေးအေးဆေးဆေးပဲ နေချင်ပြီးတော့ ကျော်ကြားမှုတွေကို မလိုချင်တော့ပါဘူး"
နောက်တစ်နေ့တွင် အနီရောင်သခင်မသည် စည်းစိမ်ချမ်းသာစံအိမ်မှ ထွက်ခွာသွားပေ၏။
ချူကျန့်က သူမ ပြန်လာမည့်အချိန်ကို ရင်တမမနှင့် စောင့်မျှော်နေသည်။ တစ်နေ့တွင် သူ အိပ်ယာပေါ်၌ လှဲလျောင်းရင်း အနားယူနေစဉ်တွင် ရုတ်တရက် ဂိမ်းအသိပေးချက်ဖြစ်သော "တင်" ဟူသည့် အသံကို ကြားလိုက်ရသည်။
"တင်...သင့်၏ သိုင်းလောကဂုဏ်သတင်းကျော်ကြားမှု +၁၀၀၀"
ချူကျန့်တစ်ယောက်သည် စပရိန်ကြောင့် ကန်ထွက်လာသည့်အလား အိပ်ယာပေါ်မှ ခုန်ထလိုက်ပြီး သူ၏မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုမှုများဖြင့် ပြည့်နှက်သွားပေ၏။
ဘာတွေ ဖြစ်ကုန်တာလဲ..ဂိမ်း BUG လား...အရင်ကဆိုရင် တစ်နေ့မှ ဂုဏ်သတင်းရမှတ်က ၁၀ မှတ်ပဲ တက်တာလေ....
ငါ အပြင်မထွက်တာ ၁၀ ရက် ၁၅ ရက် ရှိပြီ... ဘာထူးခြားဖြစ်စဥ်တစ်ခုနဲ့မှလည်း မကြုံရဘူး...
အိပ်နေရင်းနဲ့ ဂုဏ်သတင်းရမှတ်က တက်လို့ ရတာလား...
လောကကြီးမှာ တရားမျှတမှု မရှိတော့ဘူးလား....ဥပဒေ မရှိတော့ဘူးလား...
"တင်...Server တစ်ခုလုံး ကြေညာချက်... ကစားသမား 'ချူလော့ကျွင်း' သည် သိုင်းလောကဂုဏ်သတင်းရမှတ် ၁၅၀၀ ပြည့်သွားသဖြင့်.... မဟာသိုင်းလောကခေတ်ဂိမ်း၏ဆာဗာသစ်တွင် သိုင်းလောကဂုဏ်သတင်းရမှတ် ၁၀၀၀ ကျော်လွန်သော ပထမဆုံး ကစားသမား ဖြစ်လာသည်....ဆုလက်ဆောင်အဖြစ် အထူးပစ္စည်းတစ်ခုကို မဲနှိုက်ခွင့် ရရှိသည်....ဤဖြစ်ရပ်ကို ဆာဗာသစ်၏ 'ပိုင်ရှောင်ရှင်း၏ သိုင်းလောကဒဏ္ဍာရီ မှတ်တမ်း' တွင် မှတ်တမ်းတင်ထားသည်....ကစားသမားများအနေဖြင့် သူ့ကို စံနမူနာယူပြီး ကြိုးစားကြပါရန်နှင့် မိမိတို့၏ ထူးချွန်သော လုပ်ရပ်များကို 'ပိုင်ရှောင်ရှင်း၏ သိုင်းလောကဒဏ္ဍာရီ မှတ်တမ်း' တွင် အမြန်ဆုံး မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းကြပါ"
"တင်....ဆာဗာတစ်ခုလုံး ကြေညာချက် .... ကစားသမား 'ချူလော့ကျွင်း' သည် ကျန်းဟူ ဂုဏ်သတင်း ၁၀၀၀ ကျော်လွန်သွားသဖြင့် 'ကျန်းဟူ ဂုဏ်သတင်း ဦးဆောင်သူများ စာရင်း' ပွင့်လာမည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်.... ဦးဆောင်သူစာရင်းကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သဖြင့် ကစားသမားများသည် စနစ်၏လုပ်ဆောင်နေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ..."
သောက်ချေးပဲ.... နောက်ထပ် ဆာဗာကြေညာချက် တစ်ခုလား...
'ငါ ဒုက္ခရောက်တာ မလုံလောက်သေးဘူးလို့ ထင်နေတာလား...ရတနာတွေ လိုချင်လို့ ငါ့ကို သတ်ချင်နေတဲ့သူတွေ အများကြီး ရှိနေပြီးသားကို အခု အထူးပစ္စည်း ထပ်ပေးတယ်... ဟုတ်လား.... ဒါက မီးလောင်ရာလေပင့် လုပ်နေတာပဲ မဟုတ်လား'
'ဒါက လဲနေတဲ့သူကို ထပ်ကန်တာပဲ... နှင်းကျနေတဲ့အပေါ် ရေခဲထပ်လောင်းတာပဲ'
ချူကျန့် စိတ်ဓာတ်ကျလွန်းသဖြင့် သွေးအန်ချင်စိတ်ပေါက်သွားသည်။
သူ သည်းမခံနိုင်ဆုံး အချက်မှာ နောက်နှစ်ရက်အတွင်း သူ၏ကျန်းဟူ ဂုဏ်သတင်းသည် မကြာခဏ "တင်"ခနဲ မြည်နေကာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ခုန်တက်သွားပြီး ချူကျန့်ကို နေ့တိုင်းဆဲဆိုချင်စိတ် ဖြစ်ပေါ်စေခြင်းပင်။
အနီရောင်သခင်မ ပြန်လာချိန်၌ တာအိုငွေသားတစ်သန်းကို လှူဒါန်းရန် သူ့အား ရှာမတွေ့မှာကိုသာ မစိုးရိမ်လျှင် ချူကျန့်တစ်ယောက် Log outလုပ်ပြီး သူ၏စိတ်ဒဏ်ရာများကို ကုစားနေမိမည်မှာ အချိန်အတော် ကြာမြင့်နေလောက်လေပြီ။
ချူကျန့်၏ မျှော်လင့်တကြီး စောင့်စားမှုများအောက်တွင် အနီရောင်သခင်မသည် နောက်ဆုံး၌ ပြန်ရောက်လာပေ၏။ သူမတွင် အထုပ်ငယ်လေး တစ်ထုပ်သာ ပါလာပြီး ရွှေငွေရတနာ တစ်သန်း ပါလာသည့်ပုံစံ တစိုးတစိမျှ မပေါက်ချေ။
အနီရောင်သခင်မက တောင်းပန်သည့်လေသံဖြင့် ရှင်းပြသည်။ သူမ ငွေသွားယူသည့်အချိန်တွင် မြစ်ဝါမြစ်ရေကြီးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ မရေမတွက်နိုင်သော သာမန်ပြည်သူများ ဒုက္ခရောက်နေပြီး တောရိုင်းထဲတွင် အလောင်းများ ပြန့်ကျဲနေသည်ကို သူမ မြင်တွေ့ခဲ့ရသည်။ သူမသည် မကြည့်ရက်တော့သဖြင့် ငွေအများစုကို ပြည်နယ်အမြောက်အများရှိ ပရဟိတအဖွဲ့များသို့ ကယ်ဆယ်ရေးအတွက် လှူဒါန်းလိုက်ပြီး နောက်ဆုံး၌ ငွေသားတစ်သောင်းသာ ကျန်တော့ကြောင်း ပြောဆိုသည်။
တာအိုတစ်ထောင်တန် ငွေစက္ကူဆယ်ရွက်နှင့် သူမ ကမ်းပေးလိုက်သော လှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာများကို ကြည့်ပြီး ချူကျန့် ကြက်သေသေသွားသည်။
အကြောင်းအရင်းမှာ အလှူရှင်အမည်နေရာတွင် "ရှန်ယန်မြို့မှ ကောကျင့်၏တပည့် ချူလော့ကျွင်း" ဟု ရှင်းရှင်းလင်းလင်း ရေးသားထားသောကြောင့်ပင်။
အနီရောင်သခင်မက သက်ပြင်းချလိုက်သည်။
"ကျွန်မရဲ့ဘဝမှာ အပြစ်တွေ အများကြီး လုပ်ခဲ့မိတယ်...ဒီငွေတွေကို စစ်ပွဲနဲ့ သတ်ဖြတ်ခြင်းတွေမှာ သုံးတာထက် လူတွေကို ကယ်ဆယ်ဖို့ သုံးလိုက်တာက ကျွန်မရဲ့စိတ်ကို ပိုပြီးအေးချမ်းစေတယ်....လူငယ်သူရဲကောင်း ချူ... ရှင် စိတ်မဆိုးပါဘူးနော်....စစ်အသုံးစရိတ်အတွက် တာအို ငွေတစ်သောင်းပဲ ကျန်တော့ပေမယ့် ရှင့်ရဲ့ ဂုဏ်သတင်းကတော့ ဒီကိစ္စကြောင့် တိုင်းပြည်အနှံ့ ကျော်ကြားသွားမှာ သေချာတယ်.... သာမန်ပြည်သူတွေက ရှင့်ရဲ့ ကြင်နာမှုကို ရင်ထဲမှာ စွဲထင်နေကြမှာပါ....ဒီလိုဆိုရင် နောက်ပိုင်း ရှင် နေရာတိုင်းမှာ ရိက္ခာတွေ လိုက်လံစုဆောင်းတဲ့အချိန်ကျရင် ပိုပြီး အဆင်ပြေချောမွေ့သွားမှာပါ..."
အနီရောင်သခင်မ ဆက်ပြောသည့် စကားများကို ချူကျန့် ကောင်းကောင်းမကြားရတော့ချေ။ သူမသည် ငွေစက္ကူများကို သူ၏လက်ထဲသို့ ထိုးထည့်ပေးပြီး ပြန်လှည့်ထွက်သွားသည်ကိုပင် သူ သတိမထားမိလိုက်ချေ။
သူ၏ သိုင်းလောကဂုဏ်သတင်း မိုးထိအောင် ထောင်တက်သွားရသည့် တရားခံကို နောက်ဆုံးတွင် ရှာတွေ့သွားပြီ ဖြစ်သော်လည်း သူ မည်သည့်အရာအား ပြောနိုင်မည်နည်း။
ငွေများ လှူဒါန်းပြီးသွားကာ ဂုဏ်သတင်းလည်း မြင့်တက်သွားလေပြီ။ ဂုဏ်သတင်း ဆက်လက်၍ မြင့်တက်မသွားအောင် တားဆီးနိုင်မည့် နည်းလမ်းကိုလည်း သူ စဉ်းစား၍ မရတော့ချေ။
သူသည် အိပ်ရာပေါ်တွင် ကြောင်စီစီမျက်လုံးများဖြင့် လှဲနေမိသည်။ သူ၏လက်ထဲမှ ငွေစက္ကူများကို တစ်ချက်ကလေးပင် ငုံ့မကြည့်တော့ချေ။
ပုံမှန်အချိန်ဆိုလျှင် ဝင်ငွေတစ်သောင်း ရရှိခြင်းက သူ့ကို အလွန်ပျော်ရွှင်စေပေလိမ့်မည်။ ကံဆိုးစွာဖြင့် ယခုအချိန်တွင်မူ ရံဖန်ရံခါ သူ၏နားထဲသို့ ဝင်ရောက်လာသော ဂိမ်းအသိပေးချက် အသံများသည် စူးရှလွန်းလှပြီး သူ၏နှလုံးသားကို ဆက်တိုက်ဆွဲညှစ်နေသကဲ့သို့ ခံစားရစေသည်။
သူ၏ သိုင်းလောကဂုဏ်သတင်းမှာ လက်ရှိတွင် ၅၀၀၀ ကျော်သွားလေပြီ။