ကျွန်မက ဆရာတူမောင်လေးကို လာရှာတာပါ
Vol. 5 Ch. 56
ဂုဏ်သတင်းကျော်ကြားမှုရမှတ် ၅၀၀၀ ဆိုသည်မှာ မည်သို့သော သဘောတရားမျိုး ဖြစ်သနည်း....
သိုင်းလောကတွင် ဂုဏ်သတင်း အဆင့်အတန်းကို အနိမ့်မှ အမြင့်သို့ ယေဘုယျအားဖြင့် ဤသို့ ခွဲခြားထားသည်။ ဤသည်မှာ "ရံဖန်ရံခါ ကြားဖူးနားဝရှိရုံဖြစ်ခြင်း"၊ "လူအနည်းငယ်သိရှိခြင်း"၊ "ကျော်ကြားစပြုလာခြင်း"၊ "ခရီးဝေးတိုင် ပျံ့နှံ့ခြင်း"၊ "တခဏတာ ကျော်ကြားခြင်း"၊ "ထင်ရှားကျော်ကြားသော ဂုဏ်သတင်း"၊ "မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ခြင်း"၊ "အိမ်တိုင်းစေ့ သိရှိခြင်း"၊ "ကမ္ဘာလောက၏ အာရုံစိုက်ခံရခြင်း"၊ "ကောင်းကင်အောက်တွင် ကျော်ကြားခြင်း"၊ "ပင်လယ်လေးစင်းတိုင် အောင်မြင်ကျော်ကြားခြင်း"၊ "သမိုင်းတွင် မှတ်တမ်းတင်ခံရခြင်း"၊ "ထာဝရ နာမည်ကျော်ကြားခြင်း" နှင့် "ထာဝရ မပျက်ပြယ်နိုင်သော ဒဏ္ဍာရီ" ဟူ၍ပင်။
လက်ရှိ ချူကျန့်ရရှိထားသော ရမှတ် ၅၀၀၀ ဖြင့်ဆိုလျှင် သူသည် "တခဏတာ ကျော်ကြားခြင်း" ဟူသောအဆင့်သို့ ရောက်ရှိနေလေပြီ။ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ယခုလက်ရှိအရှိန်အတိုင်းသာ ဆက်သွားနေပါက ရမှတ် ၈၀၀၀ ဖြစ်သည့် "ထင်ရှားကျော်ကြားသော ဂုဏ်သတင်း" အဆင့်သို့ ရောက်ရှိရန် အလွန်နီးစပ်နေခြင်းပင်။ ထိုအဆင့်သည် အသက်နုတ်အဆောင်ပညာရှင်နှင့် အဆိပ်မြွေနီမတို့ကဲ့သို့ သိုင်းလောမိစ္ဆာများနှင့် တန်းတူလိုက်နိုင်သည့် အဆင့်ဖြစ်သည်။ ကွာခြားချက်မှာ သူသည် ဂုဏ်သတင်းဆိုးဖြင့် မဟုတ်ဘဲ ဂုဏ်သတင်းကောင်းဖြင့် ကျော်ကြားနေခြင်းသာ ဖြစ်ပေ၏။
နောင်တစ်ချိန် သူ သိုင်းလောကထဲ ခြေချလိုက်ပြီး NPC တစ်ယောက်ကို နာမည်ပြောပြလိုက်သည်နှင့် ထိုသူက ကြည်ညိုလေးစားသော အကြည့်ဖြင့် ကြည့်ကာ "အော်... နာမည်ကျော်ကြားတဲ့ လူငယ်သူရဲကောင်း ချူလော့ကျွင်းပဲကိုး... ကျုပ် ခင်ဗျားကို အားကျနေတာ ကြာပါပြီ" ဟု ပြောလာမည့်ကိန်း ဆိုက်နေသည်။
ဤအကြောင်းကို တွေးမိချိန်၌ ချူကျန့်သည် မျက်ရည်မထွက်ဘဲ ငိုချင်စိတ်ပေါက်လာသည်။
"အိုး ဘုရားရေ... ကျွန်တော် တကယ်ပဲ နာမည်မကြီးချင်ပါဘူး.. ကျွန်တော်က ဘယ်သူမှ သတိမထားမိတဲ့ ဘယ်သူမှ မသိတဲ့ အောက်ခြေလူတန်းစားလိုပဲ နေချင်တာပါ... ထောင့်ကျဉ်းကျဉ်းလေးတစ်နေရာမှာ အသက်မွေးဝမ်းကျောင်းပညာနဲ့ ရိုးရိုးသားသား ပိုက်ဆံရှာပြီး နေချင်ရုံပါပဲ.. ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ"
သူ၏ဂုဏ်သတင်း အဆက်မပြတ် မြင့်တက်နေသည်ကို ကြည့်ရင်း "သိုင်းလောကထဲ တစ်ခါရောက်ပြီးရင် ကိုယ့်သဘောအတိုင်း လုပ်လို့မရတော့ဘူး" ဆိုသည့် ဝမ်းနည်းဖွယ်နှင့် အစွမ်းအစမဲ့ဖွယ် ဆိုရိုးစကား၏လေးနက်မှုကို သူ ထပ်မံ၍ ခံစားလိုက်ရသည်။
ထိုအကြောင်းပြချက်များကြောင့် ချူကျန့်သည်စည်းစိမ်ချမ်းသာစံအိမ်မှ နောက်လှည့်မကြည့်ဘဲ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။
သူသည် အနီရောင်သခင်မနှင့်ဝမ်တုံးကို ထပ်မတွေ့ချင်တော့ချေ။ သူ တွေ့လိုက်လျှင် ထိုးကြိတ်ချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားမည်ကို စိုးရိမ်မိသည်။ အနီရောင်သခင်မသည် တရားခံဖြစ်သော်လည်း ဝမ်တုံးသာ မရှိလျှင် သူမသည် စည်းစိမ်ချမ်းသာစံအိမ်တွင် နေခွင့်ရပြီး စိတ်ပြောင်းသွားရန် အကြောင်းမရှိပေ။ ထို့ကြောင့် ဝမ်တုံးသည် အရာအားလုံး၏ မူရင်းဇာစ်မြစ်ပင်။
ထို့ပြင် ဤကိစ္စတစ်ခုလုံး ဖြစ်လာရခြင်းမှာ ဝမ်တုံးကြောင့်သာ ဖြစ်ပေ၏။
ဝမ်တုံး၏မျက်နှာကို မြင်လိုက်လျှင် သူ ဒေါသထွက်ပြီး ရန်စမိလိမ့်မည်ဟု ချူကျန့် ခံစားမိသည်။ သို့ရာတွင် သူသည် ဝမ်တုံးကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
"ငါက သူ့ကို မနိုင်ဘူးဆိုရင်တောင် ထွက်သွားလို့တော့ ရတယ်မလား... သောက်သုံးမကျတဲ့ စည်းစိမ်ချမ်းသာစံအိမ်... ငါ ဒီကို နောက်တစ်ခေါက် ပြန်လာရင် ခွေးဖြစ်ပါစေ"
ချူကျန့်သည် မကြာမီမှာပင် တောင်တန်းကြီးများကြားတွင် ပျောက်ကွယ်သွားတော့သည်။ သူ ဆုံးဖြတ်ချက် ချပြီးလေပြီ။ မြို့ထဲသို့ဝင်လျှင် ခရီးသွားလက်မှတ် ပြရမည်ကို စိုးရိမ်သဖြင့် မြင်းရထားဂိတ်ကိုပင် မသွားတော့ပေ။ သူ မြင်းဖြူကျောင်းတော်မြို့အထိ ခြေကျင်လျှောက်သွားပေမည်။
"ချူလော့ကျွင်း ထွက်သွားပြီ"
ကောတာ့လုသည် ကျောက်လှေကားထစ်ပေါ်တွင် ဝိုင်အရက်အိုးကို ကိုင်ကာ ထိုင်နေပြီး အနည်းငယ် အထီးကျန်နေပုံရသည်။
ဝမ်တုံးနှင့် စစ်တုရင်ကစားနေသော ယန်ချီက ရယ်မောလိုက်၏။
"ဘာလဲ... နင်က သူ့ကို မခွဲနိုင် မခွာရက် ဖြစ်နေတာလား... သူက ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားမယ့်သူပဲလေ... ပခုံးပေါ်မှာ တာဝန်ကြီးကြီးမားမား ထမ်းထားရတဲ့ သူ့လိုလူက ဘယ်လိုလုပ်ပြီး ဒီမှာ အမြဲနေမှာလဲ"
ကောတာ့လုက ဝိုင်အရက်တစ်ငုံကိူ မော့သောက်ပြီး သက်ပြင်းချလိုက်သည်။
"ငါ သိပါတယ်... ဒါပေမဲ့ တချို့လူတွေနဲ့ တစ်လလောက် အချိန်ဖြုန်းရတာက တခြားလူတွေနဲ့ ဆယ်နှစ်လောက် ပေါင်းသင်းရတာထက် ပိုပြီးတန်ဖိုးရှိတယ်... အဲ့ဒီလို စစ်မှန်တဲ့ စိတ်ရင်းရှိတဲ့ သူငယ်ချင်းမျိုးဆိုတာ တွေ့ရခဲတယ်..."
ဝမ်တုံးက ဝင်ရောက်ပြောဆိုသည်။
"သူ ပြန်လာချင်ရင်လည်း ပြန်လာမှာပါ.. ဘာပဲဖြစ်ဖြစ် သူ့ရဲ့သူငယ်ချင်းတွေက ဒီနေရာမှာ ရှိနေတာပဲလေ"
လင်းထိုက်ဖျဉ်က ရုတ်တရက် ပြောဆိုလေ၏။
"တကယ်လို့ သူ ပြန်မလာဘူးဆိုရင် ငါတို့က ရှန်ယန်မြို့အထိ လိုက်သွားပြီး သူ့ကို ရှာကြတာပေါ့"
လူတိုင်း၏အကြည့်က သူ့အပေါ် ကျရောက်လာသဖြင့် လင်းထိုက်ဖျဉ် နေရခက်သွားကာ တီးတိုးပြောဆိုသည်။
"ငါက သူ့ကို စစ်သုံးစရိတ်တွေ ပေးဆပ်ဖို့ အကြွေးတင်နေတယ်လို့ ခံစားရလို့ပါ"
ဝမ်တုံးနှင့်တခြားသူများ စကားထပ်မပြောကြတော့ချေ။ လင်းထိုက်ဖျဉ်သည် ချမ်းသာသော နောက်ခံမှ လာသူဖြစ်ကာ သူ၏မိသားစုသည် မင်းသားများနှင့်အပြိုင် ချမ်းသာကြွယ်ဝပေ၏။ ထို့ကြောင့် တာအိုငွေသား ရှစ်သောင်း တစ်သိန်းခန့် လှူဒါန်းရန်မှာ သူ့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်ကြောင်း သူတို့ ရိပ်မိကြသည်။ သို့ရာတွင် သူသည် အိမ်ပြေးတစ်ယောက် ဖြစ်နိုင်ပြီး သူ၏မိသားစုက သူ့အား တွေ့သွားမည်ကို သူ မလိုလားချေ။
ဤဆန့်ကျင်ဘက် အခြေအနေများကြောင့် သူ့ကို အကျပ်ရိုက်စေပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုစိတ်များ ပေါက်ဖွားစေသည်။
သူတို့အားလုံးအတွက် ဝိုင်အရက်ငှဲ့ပေးနေသော အနီရောင်သခင်မက နှစ်သိမ့်လိုက်သည်။
"သူငယ်ချင်းဆိုတာ ကိုယ်တတ်နိုင်တဲ့ ဘောင်အတွင်းကနေ ကူညီရတာပါ... ကိုယ်မလုပ်နိုင်တဲ့အရာကို အတင်းအကျပ်လုပ်ဖို့ မလိုပါဘူး"
လင်းထိုက်ဖျဉ်က သူမကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်၏။
ထိုအချိန်မှာပင် ခြံဝင်းတံခါးရှေ့မှ တောင်ပေါ်လမ်းအတိုင်း မြင်းခွာသံများ စည်းချက်ကျကျ ထွက်ပေါ်လာသည်။
"အမ်... ဧည့်သည် လာတယ်...."
ကောတာ့လုသည် အငြိမ်မနေနိုင်ဆုံးသူ ဖြစ်သဖြင့် ဧည့်သည်ကို ကြိုဆိုရန် ချက်ချင်းခုန်ထလိုက်သည်။
အစိမ်းရောင်ဝတ်ရုံကို ခြုံထားပြီး အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးက မြည်းတစ်ကောင်ကို စီးကာ တောင်ပေါ်လမ်းအတိုင်း တက်လာသည်ကို သူ မြင်လိုက်ရသည်။
ထိုမိန်းကလေးသည် အသက် ၁၅ နှစ် ၁၆ နှစ်ခန့်သာ ရှိပေလိမ့်မည်။ သူမသည် ကျက်သရေရှိပြီး လှပကာ အလွန်အမင်း ဆွဲဆောင်မှုရှိသည်။ သူမ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေပြီး သူမ၏ဖြူဝင်းသော လည်တိုင်တွင် ပုလဲဆွဲကြိုးတစ်ကုံးကို ဆင်မြန်းထားသည်။ ခရီးပန်းလာပုံပေါက်သော်လည်း သူမ၏မြင့်မြတ်သော အရှိန်အဝါနှင့် ကျက်သရေကို လျော့ပါးမသွားစေချေ။ အထူးသဖြင့် သူမ၏ခါးတွင် ချိတ်ဆွဲထားသော ဓားက သူမ၏ပုံပန်းသဏ္ဍာန်ကို သူရဲကောင်းဆန်သော အရှိန်အဝါနှင့် ပြည့်စုံစေသည်။
'ဒီလောက်လှတဲ့ ကောင်မလေးက ဘယ်ကနေ ရောက်လာတာပါလိမ့်'
ကောတာ့လုက သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ ယန်ချီ လျှောက်လှမ်းလာပြီး သူ့ကို ဆွဲဆိတ်လိုက်မှသာ သူ အသိပြန်ဝင်လာသည်။
ယန်ချီက လျစ်လျူရှုသော လေသံဖြင့် ပြောဆိူလိုက်သည်။
"ရှင် ဒီလို စိုက်ကြည့်နေမယ်ဆိုရင် နှာဘူးလို့ အထင်ခံရလိမ့်မယ်"
ကောတာ့လုက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့ရင်ကော့ပြီး နှုတ်ဆက်လိုက်၏။
"ညီမလေးက ဘယ်သူ့ကို လာရှာတာလဲ"
မိန်းကလေးသည် လုံးဝရှက်ရွံ့နေခြင်း မရှိချေ။ သူမသည် မြည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြံဝင်းတံခါးရှေ့တွင် ကျက်သရေရှိစွာ မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူမက ကောတာ့လုကိုကြည့်ပြီး ယဥ်ကျေးသိမ်မွေ့စွာ မေးမြန်းသည်။
"အစ်ကိုကြီး... ဒီနေရာက စည်းစိမ်ချမ်းသာစံအိမ်လား..."
သူမ၏အသံသည် ကြည်လင်ပြတ်သားပြီး ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ပုလဲလုံးများ ပြုတ်ကျသည့်အလား နားဝင်ချိုကာ ပြောပြ၍မရနိုင်အောင် သာယာငြိမ့်ညောင်းသည်။
ကောတာ့လုက ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ဒါက စည်းစိမ်ချမ်းသာစံအိမ်ပါပဲ"
မိန်းကလေးသည် ဝမ်းသာသွားပုံရသော်လည်း စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် ထပ်မံ၍ မေးမြန်းသည်။
"ကျွန်မ ဆရာတူမောင်လေးကို လာရှာတာပါ... သူ ဒီနေမှာ ရှိတယ်လို့ ကြားလို့ပါ... သူ့ရဲ့နာမည်က ချူလော့ကျွင်းပါ"
"ချူလော့ကျွင်း ဟုတ်လား... မင်းက သူ့ရဲ့ ဆရာတူအစ်မလား"
ဤတစ်ကြိမ်တွင် ကောတာ့လုသာမက အသံကြား၍ ထွက်လာကြသော လင်းထိုက်ဖျဉ်နှင့် အနီရောင်သခင်မတို့လည်း အံ့အားသင့်သွားကြပြီး မိန်းကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ကြသည်။
မိန်းကလေးက အလျင်အမြန် ပြောဆိုသည်။
"ကျွန်မရဲ့နာမည်က ကောရှန် ပါ... ကျွန်မက ချူလော့ကျွင်းထက် အရင်စောပြီး တပည့်ခံခဲ့တာကြောင့် သူ့ကို ဆရာတူမောင်လေးလို့ ခေါ်တာပါ"
နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် သူမ၏ မျက်နှာလေးသည် ရှက်သွေးဖြာသွားပေ၏။
ဤမိန်းကလေး၏မျိုးရိုးအမည်သည် "ကော" ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ကောတာ့လုနှင့် အခြားသူများသည် ချူကျန့်၏ နောက်ခံကို ချက်ချင်းပြန်သတိရသွားကြသည်။
"သြော်... ဒါဆို မင်းက ရှန်ယန်မြို့က သူရဲကောင်းကြီး ကောကျင့်ရဲ့ သမီး ဖြစ်မယ်... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်"
ကောတာ့လုက ချက်ချင်းဆိုသလိုပင် တက်ကြွသွားတော့သည်။
"မင်းက ချူလော့ကျွင်းရဲ့ မိတ်ဆွေဆိုရင် စည်းစိမ်ချမ်းသာစံအိမ်ရဲ့ မိတ်ဆွေပါပဲ... အထဲကိုဝင်ပြီး အရင်ဆုံး အနားယူလိုက်ပါအုံး"
ကောရှန်က ချိုသာစွာ ပြုံးပြလိုက်၏။
"အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် "
သူမ၏အပြုံးသည် လှပရုံသာမက ချစ်စရာလည်း ကောင်းသည်။ ကောတာ့လုသာမက လင်းထိုက်ဖျဉ်ပင်လျှင် သူမကို အကြိမ်ကြိမ် ခိုးကြည့်မိသည်အထိ ဖြစ်သွားသည်။
ခြံဝန်းထဲသို့ ဝင်လာချိန်တွင် ကုလားထိုင်ပေါ်၌ လှဲနေသော ဝမ်တုံးကလည်း ရှားရှားပါးပါး မတ်တတ်ထရပ်ကာ သူမကို ကြိုဆိုလိုက်သည်။
"ညီမလေး... မင်းက ချူလော့ကျွင်းကို လာရှာတာလား"
ကောရှန်က ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ တောက်ပသော မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် စိုးရိမ်မှုအနည်းငယ်တို့ ထင်ဟပ်နေကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်ရှုနေသည်။ သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသော ရိုးရှင်းသည့် မျက်နှာပိုင်ရှင်နှင့် ရင်းနှီးသော ပုံရိပ်ကို သူမ မြင်တွေ့လိုသည်။
ကံမကောင်းစွာဖြင့် သူမသည် သူ့ကို ခြံဝင်းထဲတွင် မတွေ့ရချေ။
"ကျွန်မရဲ့ ဆရာတူမောင်လေးက ဘယ်မှာလဲ"
ကောရှန်သည် စိတ်ပျက်သွားသော်လည်း မျှော်လင့်ချက် အရိပ်အယောင်ဖြင့် မေးမြန်းလိုက်၏။
ကောတာ့လုက တုံ့ပြန်အဖြေပေးလိုက်သည်။
"သူ မနေ့ညကပဲ ထွက်သွားပြီ... မင်းသာ တစ်ရက်လောက် စောလာခဲ့ရင် သူ့ကို မီနိုင်လိမ့်မယ်..."
"ဟင်... ဟုတ်လား..."
ကောရှန်၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားပြီး သူမ၏မျက်လုံးအိမ်များပင် အနည်းငယ် နီမြန်းလာသည်။ အနီရောင်သခင်မသည် သူမ အနားယူရန် သန့်ရှင်းသော ကုလားထိုင်တစ်လုံးကို ယူလာပေးပြီး ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံလိုက်သည်။
ဤပရိဘောဂများနှင့် ပစ္စည်းများကို အနီရောင်သခင်မက ဝယ်ယူထားခြင်းပင်။ ဤအရာများသည် ဈေးပေါသော ပစ္စည်းများ ဖြစ်သော်လည်း သူမက ပြောင်လက်နေအောင် သန့်ရှင်းရေးလုပ်ထားသည်။
"ကျေးဇူးတင်ပါတယ်...."
ကောရှန်သည် မျက်ရည်မကျအောင် ထိန်းချုပ်လိုက်ပြီး ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
သူမ၏စိတ်နှလုံးသားထဲတွင် ဖော်ပြရန်မစွမ်းသော နောင်တများ ဖြစ်ပေါ်နေသည်။ အကယ်၍ သူမသာ ကြိုသိခဲ့လျှင် တစ်ရက်လောက် စောထွက်လာခဲ့ပေမည်။
ထိုစဥ်က တောအုပ်ထဲတွင် သူမ တိုက်ခိုက်ခံရပြီးနောက် သတိလစ်သွားခဲ့သည်။ သူမ အမှန်တကယ်ကို သတိမေ့သွားပြီး အိပ်မက်ဆိုးများ မက်နေခဲ့သော်လည်း သူမ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ချူကျန့် သူမကို ကျောပိုးထားချိန်တွင် ဝိုးတဝါး သတိပြန်ဝင်လာခဲ့ဖူးသည်။
'ကိုမာဝင်နေချိန်မှာတောင် ငါက ကျယ်ပြန့်ပြီး နွေးထွေးတဲ့ ကျောပြင်တစ်ခုပေါ် ရောက်နေတာကို မှတ်မိနေတယ်... မောင်လေးက ငါ့ကို ကျောပိုးပြီး အဝေးကြီး ခေါ်သွားပေးခဲ့ပုံရတယ်... ဒါက မောင်လေးရဲ့ ကိုယ်သင်းနံ့ဆိုတာ ငါ မှတ်မိနေတယ်...'
သူမသည် ငယ်စဉ်က ကျားသစ်နို့ သောက်ခဲ့ဖူးတာကြောင့် လူများ၏အနံ့ကို လွယ်လင့်တကူ မှတ်မိနိုင်သည်။
သို့သော် ကောအိမ်တော်တွင် သူမ သတိပြန်ရလာချိန်၌ မိန်းကလေးတစ်ဦးက သူမကို ကယ်တင်ခဲ့ပြီး အစ်မဖြစ်သူထံ ပြန်ပို့ပေးခဲ့ကာ အဆိပ်ဖြေဆေး ထားရစ်ခဲ့ကြောင်း ပြောပြကြသည်။
ကောရှန်က ဆရာတူမောင်လေး၏သတင်းကို အရေးတကြီး မေးမြန်းသော်လည်း ယဲ့လွီချီးက လူများစေလွှတ်ပြီး နေရာအနှံ့အပြား၌ ရှာဖွေခိုင်းသော်လည်း သဲလွန်စ မတွေ့ရသေးကြောင်း ပြောဆိုသည်။
ထိုသတင်းကိုကြားချိန်၌ ကောရှန်က စိုးရိမ်ပူပန်စိတ်ဖြင့် ငိုကြွေးတော့သည်။ သူမက မျက်ရည်များကြားမှ အော်ဟစ်ပြောဆိုလိုက်၏။
"မောင်လေးက ကျွန်မကို ကယ်ဖို့အတွက် အဆိပ်အပ်တွေ အများကြီး အပစ်ခံလိုက်ရတာ... သူ သေချာပေါက် အဝေးကြီး ရောက်နိုင်မှာ မဟုတ်ဘူး...ခဲအို... သူ့ကို သေချာ ရှာပေးပါ... သူ့ကို မကယ်ရင် သူသေသွားလိမ့်မယ်... မဖြစ်ဘူး... ကျွန်မကိုယ်တိုင် သွားရှာမယ်"