← Chapters

အိပ်မက်ထဲ၌ 'ဆရာတူအစ်မ' ဟု ယောင်ယမ်းခေါ်ခဲ့ခြင်း

Vol. 5 Ch. 57

အိပ်မက်ထဲ၌ 'ဆရာတူအစ်မ' ဟု ယောင်ယမ်းခေါ်ခဲ့ခြင်း

Vol. 5 Ch. 57

ထိုအချိန်တွင် ကောကျင့်နှင့်ဟွမ်ယုံတို့ ပြန်ရောက်လာကြသည်။ သတင်းကြားသည်နှင့် သူတို့သည် အပြေးအလွှား ရောက်လာပြီး ကောရှန်ကို တားဆီးလိုက်ကြ၏။ ဖြစ်ပျက်သမျှကို သူမက ငိုယိုရင်း ရှင်းပြသည်ကို နားထောင်ပြီးနောက် ကောကျင့်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် သမီးဖြစ်သူကို ဆူပူကြိမ်းမောင်းရန် ရည်ရွယ်သော်လည်း ဒဏ်ရာရကာ အဆိပ်မိထားပြီး မိုးရေထဲတွင် လှပစွာပွင့်လန်းနေသော သစ်တော်ပန်းလေးကဲ့သို့ ငိုကြွေးနေသည့် သမီးဖြစ်သူကို မြင်ရချိန်၌"ဟွန့်" ဟုသာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ ထို့နောက် သူ့တပည့်လေး၏ သတင်းကို နေရာအနှံ့အပြား၌ စုံစမ်းရန် လူလွှတ်လိုက်ရတော့သည်။

ကောကျင့်ထံ၌ အဆက်အသွယ်နှင့် အာဏာရှိသောကြောင့် ရှန်ယန်မြို့တွင် လူတစ်ယောက်မဆိုထားနှင့် ကြောင်တစ်ကောင်ကိုပင် လွယ်လင့်တကူ ရှာတွေ့နိုင်သည်။ သို့ရာတွင် ရက်ပေါင်းများစွာ ကြာမြင့်သည်အထိ ချူလော့ကျွင်း၏ သတင်းအစအနကိုပင် မရရှိခဲ့ပေ။

ထိုအစား ရှန်ယန်မြို့တွင် လူစိမ်းအမြောက်အများ ထွက်ပေါ်လာပြီး "မဟာလူကြမ်းကြီးလေးယောက်"၏ အရိပ်အယောင်များကိုပင် တွေ့ရှိလာရသည်။

အရေးကြီးဆုံးမှာ မွန်ဂိုစစ်တပ်၏ ရှေ့ပြေးတပ်ဖွဲ့ အင်အားတစ်ထောင်ခန့်သည် မိုင်တစ်ရာအကွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မြင်းသည်တော်က သတင်းပို့လာခြင်ပင်။ မွန်ဂိုသူလျှိုများ မြို့ထဲသို့ စိမ့်ဝင်လာမည်ကို စိုးရိမ်သဖြင့် ကောကျင့်သည် မြို့တံခါးများကို စစ်မိန့်ထုတ်ပြန်ပြီး ပိတ်ဆို့လိုက်ရသည်။ အမိန့်ပေး အမှတ်အသား တံဆိပ်ပြား မပါဘဲ မည်သူမျှ အဝင်အထွက် လုပ်ခွင့်မရှိချေ။ ချူလော့ကျွင်းကို ရှာဖွေရန်ကိစ္စအား လုယိုကျောင်း၏သူတောင်းစားဂိုဏ်းကိုသာ အပ်နှံပြီး တိတ်တဆိတ် စုံစမ်းခိုင်းရတော့သည်။

ကောရှန်၏ဒဏ်ရာများသည် သိပ်မပြင်းထန်သဖြင့် အဆိပ်ဖြေဆေး သောက်ပြီးနောက် ခုနစ်ရက်အတွင်း အပြည့်အဝ ပြန်ကောင်းလာသည်။ သို့ရာတွင် မြို့ထဲ၌ ရှုပ်ထွေးနေမည်ကို စိုးရိမ်သဖြင့် ဟွမ်ယုံက သူမကို အပြင်ထွက်ခွင့် ပိတ်ပင်ထားပြီး အစေခံမလေးတစ်ယောက်ကို အထူးတာဝန်ပေးကာ စောင့်ကြည့်ခိုင်းထားသည်။

အခန်းထဲတွင် ပိတ်လှောင်ခံထားရသော ကောရှန်သည် အစားအသောက်ပျက်ကာ အိပ်မပျော်နိုင် ဖြစ်နေသည်။ သူမသည် ညပေါင်းများစွာဆက်တိုက် အိပ်မက်ဆိုးများ မြင်မက်လေသည်။ တစ်ကြိမ်တွင် သူမ၏ မောင်လေးကို ဓားပြများက ချက်ပြုတ်စားလိုက်သည်ဟု အိပ်မက်မက်သည်။ နောက်တစ်ကြိမ်တွင် ပြင်းထန်သော အဆိပ်ကြောင့် မောင်လေး ဝေဒနာ ခံစားနေရသည်ဟု အိပ်မက်မက်ပေ၏။ အကြိမ်တိုင်းတွင် သူမသည် ငိုကြွေးရင်း လန့်နိုးလာလေ့ရှိပြီး သူမ၏မျက်နှာတစ်ပြင်လုံး မျက်ရည်များဖြင့် ဖုံးလွှမ်းနေတတ်သည်။

ယနေ့ည သန်းခေါင်ယံတွင်လည်း သူမသည် အိပ်မက်ဆိုးကြောင့် ဇောချွေးများ ပြန်ကာ လန့်နိုးလာသည်။ ကောရှန်က တွေးတောလိုက်၏။

'အဖေနဲ့ အမေတို့ရဲ့ စွမ်းရည်နဲ့ ရှန်ယန်မြို့ ရဲ့ပတ်လည် မိုင် ၅၀ အတွင်းက ကျောက်တုံးတိုင်းကို မြေလှန်ရှာပြီးတာတောင် မောင်လေးကို မတွေ့ဘူးဆိုတော့ တစ်ယောက်ယောက်က သူ့ကို ကယ်ပြီး ရှန်ယန်နဲ့ ဝေးရာကို ခေါ်သွားတာ ဖြစ်နိုင်တယ်....အခု မွန်ဂိုစစ်တပ် ရောက်လာတော့မှာဆိုတော့ အဖေ အမေနဲ့ ခဲအိုတို့က သူ့ကို ရှာဖို့ အင်အားသိပ်ပြီးစိုက်ထုတ်နိုင်မှာ မဟုတ်ဘူး... ငါက အားနေတဲ့သူပဲ... ငါ ဘာလို့ သူ့ကို လိုက်မရှာဘဲ နေရမှာလဲ'

ထို့ကြောင့် သတ္တိကောင်းသော ဤမိန်းကလေးငယ်သည် ထိုအတွေးကို လက်တွေ့ အကောင်အထည်ဖော်တော့သည်။ သူမသည် အထုပ်အပိုးနှင့် ငွေစက္ကူတချို့ကို ထုတ်ပိုးလိုက်ပြီး ခေါင်းအုံးဘေးတွင် စာတိုလေးတစ်စောင်အား ထားရစ်ခဲ့သည်။ သူမကို စောင့်ကြည့်နေသော အစေခံမလေး သတိလက်လွတ်ဖြစ်နေချိန်တွင် ထိုမိန်းကလေးကိုရိုက်၍ သတိလစ်မေ့မြောစေလိုက်သည်။ ထို့နောက် အစေခံမလေး၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ "အရှေ့မှ အသံပေးပြီး အနောက်မှ ဝင်တိုက်ခြင်း" နည်းဗျူဟာကို သုံး၍ ကောအိမ်တော်တွင် ဖရိုဖရဲ ဖြစ်အောင် လုပ်ကာ အိမ်မှ ထွက်ပြေးခဲ့သည်။ မြို့တံခါးသို့ ရောက်ချိန်၌ ကောမိသားစု ဒုတိယသခင်မလေး၏ အဝတ်အစားနှင့် အထောက်အထားကို ပြန်လည်၍ အသုံးပြုကာ တံခါးကို အတင်းအကြပ်ဖွင့်ခိုင်းပြီး မြင်းစီးထွက်ခွာလာခဲ့သည်။

သူမသည် ဉာဏ်ကောင်းသူတစ်ယောက်ပင်။ သူမ ရွေးချယ်လိုက်သော လမ်းကြောင်းသည် မွန်ဂိုစစ်တပ် လာရာလမ်းကြောင်းကို ရှောင်ကွင်းသွားခြင်း ဖြစ်ပေ၏။ သူမ၏ မဆိုးလှသော သိုင်းပညာစွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ ဘေးကင်းစွာ ခရီးသွားနိုင်ခဲ့ပြီး ဈေးတစ်ခုတွင် သူမ လမ်းလျှောက်ရသက်သာစေရန် မြည်းတစ်ကောင်ကိုပင် ဝယ်ယူနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ကောရှန်သည် သိုင်းလောကအနှံ့အပြား၌ ချူလော့ကျွင်း၏ သတင်းကို မေးမြန်းစုံစမ်းခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အရက်ဆိုင်တစ်ဆိုင်တွင် လူတစ်ယောက်က စည်းစိမ်ချမ်းသာစံအိမ်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသည်။ ဝမ်တုံး ကောတာ့လု ယန်ချီ လင်းထိုက်ဖျဉ်နှင့် ချူလော့ကျွင်းတို့သည် နာမည်ဆိုးဖြင့် ကျော်ကြားသော အသက်နုတ်အဆောင်သခင်နှင့်အဖွဲ့ကို အနိုင်ယူခဲ့ကြောင်း ပြောဆိုနေကြသည်။ ကောရှန်သည် အတိုင်းအဆမဲ့စွာ ဝမ်းသာသွားပေ၏။ သူမသည် စည်းစိမ်ချမ်းသာစံအိမ်ရှိရာ အရပ်ကို အလျင်အမြန် မေးမြန်းပြီး အပြေးအလွှား လာခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူမ တစ်ရက် နောက်ကျသွားခဲ့သည်။ သူမ ရောက်လာချိန်တွင် သူမ၏ မောင်လေးသည် ထွက်ခွာသွားခဲ့လေပြီ။

ကောရှန်သည် ရင်ထဲတွင် ဝမ်းနည်းပက်လက် ဖြစ်နေသော်လည်း လူစိမ်းများရှေ့တွင် မျက်ရည်မကျလိုသဖြင့် အတင်းဟန်ဆောင်ပြုံးလိုက်ပြီး အနီရောင်သခင်မအား မောင်လေး မည်သည့်နေရာသို့ သွားသည်ကို မေးမြန်းလိုက်သည်။

ကောတာ့လုက ကြားဖြတ်၍ အလုအယက် အဖြေပေးလိုက်သည်။

"သူ မနေ့ညကပဲ တိတ်တဆိတ် ထွက်သွားတာ... သူ ဘယ်သွားလဲဆိုတာ ငါတို့လည်း မသိဘူး"

"ဟုတ်လား... ဒါဆို ကျွန်မလည်း ထွက်သွားသင့်ပြီ... နေရာအနှံ့ လိုက်ရှာရင် သူ့ကို တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်"

ကောရှန်က နှုတ်ဆက်ပြီး ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။

လှပပြီး ချစ်စရာကောင်းသော ဤမိန်းကလေးငယ်၏ မျက်နှာပေါ်မှ စိတ်ပျက်အားငယ်မှုကို ကြည့်ပြီး ယန်ချီပင်လျှင် စိတ်မကောင်း ဖြစ်သွားသည်။ သူမက ပြောဆိုလိုက်၏။

"ညီမလေး ကော... ညီမလေးလည်း ခရီးပန်းလာတာပဲ... ဒီမှာ ရက်နည်းနည်းလောက် နားလိုက်ပါလား... ချူလော့ကျွင်းက ငါတို့ရဲ့ သူငယ်ချင်းကောင်းပဲ... ညီမလေးလည်း ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပြီး နေပါ... ငါတို့လည်း ချူလော့ကျွင်း ဘယ်ရောက်သွားလဲဆိုတာ ဝိုင်းပြီးစုံစမ်းပေးပါ့မယ်... သတင်းအတိအကျရမှ သွားရှာတာက ရမ်းသမ်းပြီး လျှောက်သွားနေတာထက် မကောင်းဘူးလား"

အနီရောင်သခင်မကလည်း ဝင်ရောက် ဖျောင်းဖျသည်။

"ပြီးတော့ ဘယ်သူသိနိုင်မလဲ... သူ ဒီကို ပြန်လာချင်လည်း လာမှာ... အခု ညီမလေး ထွက်သွားရင် သူ့ကို လွဲသွားနိုင်တယ်နော်"

ကောတာ့လုက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောဆိုသည်။

"ပြီးတော့ ဒီရက်ပိုင်းမှာ ချူလော့ကျွင်း ဘာတွေလုပ်ခဲ့လဲဆိုတာ ငါတို့ ပြောပြလို့ရတယ်"

ကောရှန် စိတ်လှုပ်ရှားသွားသည်။

'ဟုတ်တယ်... မောင်လေး အဆိပ်တွေ အကုန်ပြယ်သွားပြီလား...ဒဏ်ရာတွေ ဘယ်လိုနေလဲဆိုတာ ငါ မေးလို့ရတာပဲ'

ထိုကြောင့် သူမ ဤနေရာ၌ ယာယီနေထိုင်ရန် သဘောတူလိုက်သည်။

သူမ၏ အပြုအမူသည် သိက္ခာရှိပြီး ကျိုးနွံကာ စိတ်နေသဘောထားလည်း ပွင့်လင်းရိုးသားသည်။ ထိုကြောင့် စည်းစိမ်ချမ်းသာစံအိမ်မှ လူတိုင်း၏ချစ်ခင်မှုကို သူမ အလျင်အမြန် ရရှိသွားသည်။ သူမသည် ချူကျန့်၏ ဆရာတူအစ်မ ဖြစ်နေခြင်းကြောင့် ကောတာ့လုနှင့် လင်းထိုက်ဖျဉ်တို့သာမက ဝမ်တုံးကလည်း သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ ယန်ချီနှင့် အနီရောင်သခင်မတို့သည် မိန်းကလေးချင်း ဖြစ်သည့်အတွက် ဤညီမငယ်လေးကို အလွန်သဘောကျပြီး အရာရာတိုင်းကို ပြောပြကြသည်။

မကြာမီတွင် ကောရှန်သည် မောင်လေး စည်းစိမ်ချမ်းသာစံအိမ်သို့ မည်သို့ ရောက်ရှိလာသည်ကို သိရှိသွားသည်။ စည်းစိမ်ချမ်းသာစံအိမ်မှ လူများနှင့် ဝိုင်အရက်သောက်ရန်နှင့် အစားစားရန်အတွက် သူပိုင်ဆိုင်သမျှ ပစ္စည်းများကို ပေါင်နှံခဲ့ကြောင်း ကြားသိရချိန်၌ သူမ မသိမသာ ဂုဏ်ယူမိသွားသည်။

'ငါ့ရဲ့မောင်လေးက အဲ့ဒီလိုပဲ ယဥ်ကျေးသိမ်မွေ့တယ်...ကြင်နာတယ်...ရက်ရောတယ်... သူရဲကောင်းဆန်တဲ့သူမျိုးပဲ'

သူသည် ဒဏ်ရာများစွာ ရရှိထားပြီး အပြည့်အဝ ပြန်မကောင်းသေးမီမှာပင် အသက်နုတ်အဆောင်သခင်တို့အဖွဲ့၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရကာ ထပ်မံ၍ဒဏ်ရာရခဲ့ကြောင်း ကြားသိရချိန်၌ ကောရှန် ချက်ချင်းစိတ်ပူသွားသည်။

မောင်လေးသည် "စွယ်စုံသုံး အဆိပ်ဖြေဆေး" နှင့် နည်းဗျူဟာများကို အသုံးပြုပြီး စည်းစိမ်ချမ်းသာစံအိမ်အား ကပ်ဘေးကြီးမှ လွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း ကြားရမှသာ သူမ သက်ပြင်းချနိုင်တော့သည်။ သူမ၏မျက်နှာပေါ်သို့ နံနက်ခင်း နေရောင်ခြည်ကဲ့သို့ နွေးထွေးသောအပြုံးတစ်ခု ပြန်လည်ရောက်ရှိလာသည်။

'ဒါပေမဲ့ မောင်လေးက စွယ်စုံသုံး အဆိပ်ဖြေဆေးကို ဘယ်က ရတာလဲ....ငါ့ကို ကယ်ခဲ့တဲ့ မိန်းကလေးက ပေးလိုက်တာလား'

မေးခွန်းများစွာက အဖြေမရှိ ကျန်ရစ်ခဲ့သည်။ ချူကျန့်သည် ဝမ်တုံးနှင့်တခြားလူများကို ဤအသေးစိတ်အချက်အလက်များအား ပြောမပြခဲ့သဖြင့် သူတို့လည်း ကောရှန်ကို ပြောမပြနိုင်ကြချေ။

သို့ရာတွင် ကောရှန်၏အတွေးများသည် တခြားကိစ္စတစ်ခုဆီသို့ အလျင်အမြန် ရောက်ရှိသွားသည်။

'မောင်လေးက သိုင်းလောကထဲ ရောက်လာပြီးတော့ ရှန်ယန်မြို့ကို ပြန်မလာခဲ့တာက ရှန်ယန်က စစ်သည်တွေအတွက် ရိက္ခာနဲ့ ရန်ပုံငွေ ရှာပေးချင်လို့ပါလား'

ကောကျင့်နှင့်ဟွမ်ယုံ၏ သမီးဖြစ်သူ ကောရှန်သည် ငယ်စဉ်ကတည်းက စည်းစိမ်ချမ်းသာများကြား ကြီးပြင်းလာသူ ဖြစ်ပြီး စားဝတ်နေရေးအတွက် ဘယ်သောအခါမျှ ပူပန်ခဲ့ရခြင်း မရှိချေ။ သို့သော် ရှန်ယန်အုပ်ချုပ်ရေးရုံးတော်သည် ရိက္ခာခွဲဝေပေးရန် မကြာခဏ ပျက်ကွက်တတ်ကြောင်း သူမ ကြားခဲ့ဖူးသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ မိဘနှစ်ပါး တိတ်တဆိတ် စိတ်ပူပန်နေကြသည်ကို သူမ မတော်တဆ သိလိုက်ရသည်။ ယခုတစ်ကြိမ်၌ မွန်ဂိုစစ်တပ်ကို တွန်းလှန်နိုင်လျှင်ပင် ရှန်ယန်ဘဏ္ဍာတိုက်ရှိ ငွေနှင့်စပါးများ ကုန်ခန်းသွားနိုင်ခြေရှိသည်။ အကယ်၍ နန်းတွင်းမှ ရန်ပုံငွေ ချမပေးလျှင် စစ်ပွဲအပြီးတွင် စစ်သည်များအတွက် ပင်စင်နှင့်ဆုကြေးငွေ မပြောနှင့် စားစရာပင် အခက်တွေ့နိုင်သည်။ ကောအိမ်တော်မှ စည်းစိမ်များအားလုံးကို လှူဒါန်းလျှင်ပင် ဤလိုအပ်ချက်ကြီးကို ဖာထေးနိုင်မည် မဟုတ်ပေ။

'မောင်လေးက ဒါကို သဘောပေါက်လို့ သိုင်းလောကထဲမှာ လှည့်လည်သွားလာရင်း ရရှိလာတဲ့ သူ့ရဲ့မပြောပလောက်တဲ့ အဆက်အသွယ်လေးတွေကို သုံးပြီး ရှန်ယန်စစ်သည်တွေအတွက် တစ်ဖက်တစ်လမ်းက ကူညီဖို့ စဉ်းစားခဲ့တာ မဟုတ်လား'

သူ့၏အရည်အချင်းမရှိမှုကို မုန်းတီးပြီး ညဘက်တွင် တစ်ယောက်တည်း စိတ်ဓာတ်ကျစွာ ဝိုင်အရက် သောက်နေသော မောင်လေး၏ပုံရိပ်ကို တွေးမိပြီး ကောရှန်၏နှလုံးသားသည် အပ်နှင့် ထိုးဆွခံရသကဲ့သို့ နာကျင်သွားသည်။

'မောင်လေးရယ်...နင်က အရမ်းရိုးတာပဲ... ရိက္ခာကိစ္စက ဖေဖေနဲ့ မေမေတောင် ခေါင်းကိုက်နေရတဲ့ ကိစ္စလေ... နင်က ဘယ်လိုလုပ်ပြီး ဒါကို ကိုယ့်တာဝန်လို့ သတ်မှတ်ပြီး ပခုံးပေါ် တင်ထားရတာလဲ'

ကောရှန်၏မျက်လုံးများ နီမြန်းလာသည်ကို မြင်တွေ့ချိန်၌ ယန်ချီက ရုတ်တရက် ပြောဆိုလိုက်သည်။

"ငါ့အမြင်အရတော့... ချူလော့ကျွင်းက ရိက္ခာအတွက် ဒီလောက်ထိ ကြိုးစားနေတာက တိုင်းပြည်နဲ့ လူမျိုးအတွက် သက်သက်ပဲတော့ မဟုတ်လောက်ဘူး... သူရဲကောင်းကြီးကောတို့ ဇနီးမောင်နှံရဲ့ စိတ်ထဲမှာ သူကို အထင်ကြီးအောင် လုပ်ချင်တာလည်း ပါကောင်းပါလိမ့်မယ်"

ကောရှန် ကြက်သေသေသွားသည်။

"မိဘတွေရဲ့ စိတ်ထဲမှာ ဆရာတူမောင်လေးအပေါ် အထင်အမြင်က ကောင်းပြီးသားပါ"

ယန်ချီက ကျီစယ်စနောက်လိုသော အပြုံးဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ တချို့အထူးတောင်းဆိုမှုတွေကို လုပ်ဖို့အတွက်တော့ လုံလောက်ချင်မှ လုံလောက်မှာလေ... ဟုတ်တယ်မလား"

"အစ်မ ဆိုလိုတာက... မောင်လေးက ကျွန်မရဲ့မိဘတွေကို အထူးတောင်းဆိုမှုတစ်ခု လုပ်ချင်နေတာလား... ဘာအထူးတောင်းဆိုမှုလဲ"

ကောရှန် နားမလည်နိုင် ဖြစ်သွားသည်။

ယန်ချီက ပြုံးနေသော်လည်း တုံ့ပြန်မဖြေဘဲ ကောတာ့လုကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ကောတာ့လုသည် သူမနှင့် နားလည်မှု အလွန်ရှိသူ ဖြစ်သဖြင့် ချက်ချင်းနားလည်သဘောပေါက်သွားသည်။ သူသည် စကားလမ်းကြောင်း လွှဲလိုက်သကဲ့သို့ပုံစံဖြင့် ပြောဆိုလိုက်၏။

"ဒါနဲ့ ပြောရအုံးမယ်... အဲ့ဒီတုန်းက ချူလော့ကျွင်း မူးနေတုန်း အိပ်မက်ထဲမှာ ယောင်ယမ်းပြီး တစ်ခုခုကို အော်ခေါ်နေသလိုပဲ... အဲ့ဒါက... ဆရာတူ... ဆရာတူအစ်မ တဲ့လား... ဟေး ယန်ချီ...အဲ့ဒီနေ့က ငါ သေချာ မကြားလိုက်ရဘူး... မင်း ကြားလိုက်လား"

ကောရှန်၏ ပါးပြင်ပေါ်တွင် ရှက်သွေးများ ဖြည်းညှင်းစွာ ဖြာတက်လာသည်ကို ကြည့်ရင်း ယန်ချီက ရယ်မောလိုက်သည်။

"ရှင်လည်း အဲ့ဒီနေ့က အရမ်းမူးနေတာကိုး... ချူလော့ကျွင်းက 'ဆရာတူအစ်မ' လို့ မနားတမ်း အော်နေတာလေ... ဘယ်လိုလုပ် မကြားဘဲ နေမလဲ"

ထို့နောက် သူမက ကောရှန်ကို ရည်ရွယ်ချက်ရှိရှိ မေးမြန်းလိုက်၏။

"ဒါနဲ့ မိန်းကလေးကော... ချူလော့ကျွင်းမှာ ဂိုဏ်းတူအစ်မ ဘယ်နှစ်ယောက် ရှိတာလဲ"

ကောရှန်သည် ခေါင်းငုံ့ထားပြီး တုံ့ပြန်အဖြေမပေးချေ။ သို့ရာတွင် မူလက ဖြူဝင်းနေသော သူမ၏ နားရွက်နှစ်ဖက်သည် ပူထူပြီး နီမြန်းနေလေပြီ။ သူမ၏နှလုံးခုန်သံသည် အလွန်လျှင်မြန်နေကာ သူမ၏နှလုံးသား ရင်ဘတ်ထဲမှ ခုန်ထွက်တော့လုမတတ်ပင်။

'မောင်လေးက မူးနေတုန်း "ဆရာတူအစ်မ" လို့ အော်ခေါ်ခဲ့တယ်တဲ့လား... သေချာတာတော့သူ့မှာ ဆရာတူအစ်မဆိုလို့ တစ်ယောက်ပဲ ရှိတာလေ'

"ကျွန်မ... ကျွန်မ နည်းနည်း ပင်ပန်းနေလို့... အခန်းကိုပြန်ပြီး အရင်နားလိုက်ပါအုံးမယ်"

ကောရှန်သည် နီမြန်းနေသောမျက်နှာဖြင့် ခေါင်းငုံ့ကာ မတ်တတ်ထရပ်ပြီး ပြေးထွက်သွားတော့သည်။

အနီရောင်သခင်မ စီစဉ်ပေးထားသော အခန်းထဲသို့ ပြေးဝင်သွားပြီးနောက် ကောရှန်၏မျက်နှာပေါ်ရှိ အပူချိန် အနည်းငယ်ကျဆင်းသွားသော်လည်း သူမ၏ရင်ထဲတွင် ဖော်ပြရန်မစွမ်းသော ပျော်ရွှင်မှုများ ဖြစ်ပေါ်နေသည်။

ယန်ချီ၏စကားကို သူမ ရုတ်တရက် သတိရလိုက်သည်။

'မောင်လေးက အဖေနဲ့ အမေကို အထူးတောင်းဆိုမှု တစ်ခုခု လုပ်ချင်နေတာလား...'

'မဖြစ်နိုင်ဘူး... မောင်လေးက ကြီးမားတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပြပြီးတော့ အောင်မြင်မှုတွေ ရယူပြီး အဖေနဲ့အမေဆီကနေ... လက်... လက်ထပ်ခွင့် တောင်းဖို့ စီစဉ်နေတာများလား'

သူမ၏ခေါင်းတစ်ခေါင်းလုံး ထူပူသွားပြီး အစောပိုင်းက အေးသွားသော သူမ၏ပါးပြင်များ ချက်ချင်းပြန်၍ ပူနွေးလာသည်။ ဤတစ်ကြိမ်တွင်မူ သူမ၏ပါးပြင်မှ မီးခိုးထွက်လောက်အောင်ပင် နီမြန်းနေပြီး သူမ၏စိတ်နှလုံးသား ဗရမ်းဗတာ ဖြစ်နေသည်။

'မဖြစ်လောက်ပါဘူး... မောင်လေးက ငါ့ကို ဘာမှလည်း မပြောဖူးဘူး... သူက ငါ့အပေါ် အရမ်းကောင်းပြီး ကြင်နာတတ်တာပဲရှိတယ်..'

မရေမတွက်နိုင်သော ပုံရိပ်များ သူမ၏ခေါင်းထဲ ဖြတ်သန်းသွားသည်။ နေရာတိုင်းတွင် သူမကို သတိရနေသော ဆရာတူမောင်လေးသည် ညည်းတွားခြင်းမရှိဘဲ သူမအတွက် ဆေးစမ်းသပ်ပေးခဲ့ပုံများ၊ လက်ရာမြောက်သော ပန်းကုံးလေး ပေးခဲ့ပုံများ၊ အသက်စွန့်ပြီး သူမကို ကယ်ခဲ့ပုံများ... ထို့ပြင် သူမကိုယ်တိုင် မမြင်လိုက်ရသော်လည်း ရှင်းရှင်းလင်းလင်း မြင်ယောင်နေမိသည့် မောင်လေးက မူးနေစဉ် "ဆရာတူအစ်မ" ဟု တဖွဖွ ရေရွတ်နေသည့်မြင်ကွင်း...။

ကောရှန်သည် ကုတင်ပေါ်တွင် ဒူးပိုက်ထိုင်ရင်း သူမက၏မျက်လုံးများ ရီဝေနေကာ တွေးတောလိုက်မိသည်။

"ကောရှန်... အိုး... ကောရှန်... တချို့ကိစ္စတွေကို သိဖို့အတွက် မောင်လေးက ဖွင့်ပြောပြမှ ယုံမှာလား"

အခန်းထဲတွင် ကောရှန်၏နှလုံးသားသည် ရေကဲ့သို့ ပျော့ပြောင်းကာ အချစ်စိတ်၏ ဖမ်းစားခြင်းကို ခံနေရသည်။ တစ်ချိန်တည်းမှာပင် ခန်းမဆောင်ကြီးထဲ၌ လင်းထိုက်ဖျဉ်က မနေနိုင်ဘဲ တီးတိုးမေးမြန်းလိုက်သည်။

"ချူလော့ကျွင်း မူးနေတုန်းက 'ဆရာတူအစ်မ' လို့ အော်ခေါ်တာ ငါ မကြားမိပါဘူးနော်"

ကောတာ့လုက မျက်တောင်ခတ်ရင်း တုံ့ပြန်မေးမြန်းသည်။

"ချူလော့ကျွင်းက ငါတို့ရဲ့သူငယ်ချင်း မဟုတ်လား"

လင်းထိုက်ဖျဉ်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။

"ဒါပေါ့... သူက အကောင်းဆုံး သူငယ်ချင်းလေ"

"ဒါဆို လိုအပ်လာရင် သူငယ်ချင်းတစ်ယောက်ကို ကူညီသင့်လား"

"ကူညီသင့်တာပေါ့"

"ခုဏက ငါ လုပ်လိုက်တာက 'လိုအပ်လာရင်' ဆိုတဲ့ အခြေအနေပဲ"

လင်းထိုက်ဖျဉ် နားမလည်သေးသည်ကို မြင်တွေ့ချိန်၌ ကောတာ့လုက 'ကောင်လေး... မင်း နုပါသေးတယ်' ဆိုသည့် အမူအယာဖြင့် သူ၏ပခုံးကို ပုတ်လိုက်သည်။

"စည်းစိမ်ချမ်းသာတွေကြားမှာ နေပြီး အလိုလိုက်ခံထားရတဲ့ မိန်းကလေးတစ်ယောက်က အန္တရာယ်ကို ဂရုမစိုက်ဘဲ သိုင်းလောကအနှံ့မှာ မင်းတစ်ယောက်တည်းကို လိုက်ရှာနေတယ်ဆိုရင်... အဲ့ဒီမိန်းကလေးက မင်းအပေါ် ကောင်းတယ်လို့ ထင်လား"

"ကောင်းတာပေါ့...."

"အဲ့ဒီလို မိန်းကလေးမျိုးက တန်ဖိုးထားဖို့ မထိုက်တန်ဘူးလား...."

"ထိုက်တန်တာပေါ့"

လင်းထိုက်ဖျဉ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

"မင်း ဆိုလိုတာက မိန်းကလေးကောရဲ့ ချူလော့ကျွင်းအပေါ် ထားတဲ့ ခံစားချက်..."

ကောတာ့လုက အားရပါးရ ရယ်မောလိုက်သည်။

"ပြီးတော့ ငါထင်တာက ချူလော့ကျွင်းကလည်း ဒီဆရာတူအစ်မလေးအပေါ် သေချာပေါက် ခံစားချက် ရှိမှာပဲ... မဟုတ်ရင် မင်းသာ သူ့နေရာမှာဆိုရင် မင်းထက် အသက်အများကြီးငယ်တဲ့ ကောင်မလေးကို 'ဆရာတူအစ်မ' လို့ ခေါ်ချင်ပါ့မလား... နေ့တိုင်း သူက မင်းကို 'မောင်လေး' လို့ ခေါ်နေတာ ကြားရရင် မွန်းကြပ်မနေဘူးလား"

လင်းထိုက်ဖျဉ်က ခေါင်းညိတ်လိုက်သည်။

"အင်း... ဟုတ်သားပဲ"

"ငါကတော့ ယန်ချီရဲ့ ထင်ကြေးက ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်"

အနီရောင်သခင်မက စကားဝိုင်းထဲ ဝင်ရောက်ပြောဆိုသည်။

"ချူလော့ကျွင်းက ရိက္ခာစုဆောင်းတဲ့ကိစ္စမှာ အရမ်း အားစိုက်လွန်းတယ်လို့ ငါ ခံစားရတယ်... ယန်ချီ ခန့်မှန်းတာ မှန်လောက်တယ်"

ကောတာ့လုက လင်းထိုက်ဖျဉ်၏ ပခုံးကို အားပါးတရ ပုတ်လိုက်ပြီး သူရဲကောင်းဆန်ဆန် လက်ဝှေ့ယမ်းပြလိုက်သည်။

"ဒါကြောင့်... နောက်ပိုင်းမှာ ငါတို့ကညီအစ်ကိုချူကို အများကြီး ကူညီပေးရမယ်"

ချူကျန့်သည် သူ့ "သူငယ်ချင်းကောင်း" များ၏ ဂျင်းထည့်ခြင်းကို ခံလိုက်ရသည်အား လုံးဝသတိမထားမိချေ။ သူသည် တောနက်များနှင့် တောင်တန်းများကြားတွင် လှည့်လည်သွားလာနေဆဲပင်။

မြင်းဖြူကျောင်းတော်မြို့သို့ ခြေကျင်လျှောက်သွားနိုင်ရန်အတွက် သူသည် ဂိမ်းထဲမှ Log outလုပ်ပြီး တရားဝင်ဝဘ်ဆိုက်ရှိ မြေပုံကြီးကိုပင် သေချာဝင်ကြည့်ခဲ့သေးသည်။ သူ၏လက်ရှိ တည်နေရာနှင့် မြင်းဖြူကျောင်းတော်မြို့ ရှိရာ အရပ်မျက်နှာ အကွာအဝေးတို့ကို သေချာတွက်ချက်ပြီးမှ ဂိမ်းထဲသို့ ပြန်ဝင်ကာ ရှည်လျားသော ခရီးကြမ်းကို စတင်ခဲ့သည်။

All Chapters