← Chapters

အနီရောင်သခင်မ

Vol. 5 Ch. 52

အနီရောင်သခင်မ

Vol. 5 Ch. 52

ဝမ်တုံးဟူသော လူတစ်ယောက် "မိုးကောင်းကင်ထက် ပျံတက်မယ့် လင်းယုန်ဘုရင်" ဖြစ်လာရသည့် ဇာတ်လမ်းမှာ သိပ်ပြီးမရှုပ်ထွေးလှပေ။

သူသည် ငယ်စဉ်ကတည်းက ထူးခြားသော လူစွမ်းကောင်းတစ်ဦးထံမှ သိုင်းပညာများကို သင်ယူခဲ့ရပြီးနောက် အိမ်မှထွက်ပြေးကာ သိုင်းလောကထဲသို့ ဝင်ရောက်၍ လေလွင့်နေခဲ့သည်။ စိတ်လှုပ်ရှားဖွယ် ကောင်းသော ဘဝပုံစံကို ရှာဖွေရင်း မကြာမီမှာပင် သူ၏ ချစ်သူရည်းစားဖြစ်လာမည့် "အနီရောင်သခင်မ" နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက်တွင်မူ သူသည် "အဆိပ်မြွေနီ" "အသက်နှုတ် အဆောင်ပညာရှင်" "ကင်းခြေများနတ်ဘုရား" တို့နှင့် ဆက်လက်၍ ရင်းနှီးကျွမ်းဝင်ခဲ့သည်။ သူတို့၏ "အားပေးမှု" နှင့် "လမ်းပြမှု" အောက်တွင် ဝမ်တုံးသည် သိုင်းလောက၏ အပျော်အပါး အာဃာတနှင့် ကျေးဇူးတရားများကြားတွင် လမ်းပျောက်ခဲ့ရလေ၏။ သူသည် ဂုဏ်သတင်းကျော်ကြားလာသည့်အပြင် အမှားများစွာကိုလည်း ကျူးလွန်မိခဲ့သည်။

တစ်နေ့တွင် သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံး မှန်ကန်သလောဟု ရုတ်တရက် သံသယဝင်လာခဲ့သည်။ သူ အိပ်မပျော်နိုင် ဖြစ်လာကာ အိမ်ကို လွမ်းဆွတ်ပြီး မိဘများကို သတိရလာသည်။ သူ လူကောင်းတစ်ယောက်အဖြစ် နေထိုင်ချင်လာခဲ့သည်။

ထို့ကြောင့် သူသည် အခွင့်ကောင်းတစ်ရပ်ကို ရှာဖွေပြီး အနီရောင်သခင်မနှင့်တခြားလူများကို တိတ်တဆိတ် စွန့်ခွာကာ ဤ "စည်းစိမ်ချမ်းသာစံအိမ်"သို့ ပြန်လာခဲ့သည်။ သို့သော် သူ အိမ်မှထွက်ပြေးလာပြီး နှစ်နှစ်မပြည့်မီမှာပင် သူ၏မိဘများသည် စိတ်ထိခိုက်ကြေကွဲပြီး ကွယ်လွန်သွားကြပြီ ဖြစ်ကြောင်းကို သူ သိလိုက်ရပေ၏။

ကြီးကျယ်ခမ်းနားသော စည်းစိမ်ချမ်းသာစံအိမ်ကြီးတွင် အစေခံများလည်း မရှိတော့ဘဲ စုတ်ပြတ်ပျက်စီးနေခဲ့လေပြီ။ထို့နောက်တွင်မူ ဝမ်တုံးသည်လည်း တက်ကြွလန်းဆန်းပြီး ဩဇာအာဏာ ကြီးမားသော သိုင်းလောက သားတစ်ယောက်အဖြစ်မှ ကုတင်ပေါ်တွင် ပျင်းရိလေးတွဲ့စွာ လဲလျောင်းရင်း ကိုယ့်ကိုယ်ကို ယ် အပြစ်ဒဏ်ခတ်ကာ နောင်တရနေသော လူတစ်ယောက် ဖြစ်လာခဲ့တော့သည်။

ကောတာ့လုနှင့်တခြားလူများသည် ထိုအကြောင်းကို နားထောင်ရင်း မျက်ရည်ဝဲလာကြသည်။

ဝမ်တုံး၏ဇာတ်လမ်းသည် လူငယ်တိုင်း ကြုံတွေ့ရလေ့ရှိသော လူငယ်ဘဝ၏ ပုန်ကန်လိုစိတ်နှင့် အတ္တတို့ပင်။ ဝမ်းနည်းစရာကောင်းသည်မှာ ဝမ်တုံး ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ကြီးမားလွန်းပေ၏။ တန်ကြေးကြီးမားလွန်းသဖြင့် သူသည် လူတစ်ယောက်အဖြစ် နေထိုင်နိုင်မည့် ရည်မှန်းချက်နှင့်မျှော်လင့်ချက်များ ပျောက်ဆုံးကုန်ပြီး ခေါင်းမော့ကာ ဆက်လက်အသက်ရှင်နိုင်မည့် သတ္တိများပင် ကုန်ခန်းသွားခဲ့ရသည်။

ချူကျန့်လည်း အချိန်တခဏကြာမျှ အတွေးလွန်သွားသည်။သူ့တွင်လည်း ဆွေမျိုးသားချင်းများ ရှိခဲ့ဖူးသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူ၏ ကျော်ကြားမှုနှင့် တချိန်က ပြိုင်ဘက်ကင်းခဲ့သော ဂုဏ်သတင်းများကြောင့်ပင် သူ၏ဆွေမျိုးသားချင်းများသည် ရန်သူများမှ သူ့ကို တိုက်ခိုက်ရန်အတွက် အသုံးချခံများ ဖြစ်လာခဲ့ရသည်။

နောက်ပိုင်းတွင် သူသည် ရန်သူများ၏ဆွေစဉ်မျိုးဆက် တစ်ခုလုံးကို ကြက် ခွေး မကျန်အောင် ရက်ရက်စက်စက် လက်စားချေ သတ်ဖြတ်ခဲ့လေ၏။ သို့ရာတွင် သွေးအိုင်ထဲတွင် လဲကျနေသော သူ့ဆွေမျိုးသားချင်းများ၏ပုံရိပ်များသည် သူ့ရင်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့လေပြီ။

ညဉ့်နက်သန်းခေါင် လူခြေတိတ်ချိန် ရောက်တိုင်း ထိုအမှတ်ရစရာများသည် အဆိပ်မြွေတစ်ကောင်အလား ခေါင်းထောင်ထလာပြီး သူ၏နှလုံးသားကို ကိုက်ခဲနေလေ့ ရှိသည်။

သူသည် ဤကမ္ဘာသို့ မတော်တဆ ရောက်ရှိလာပြီးနောက် သူ့ထံ၌ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်သည့် သိုင်းပညာများ ရှိနေသော်လည်း တန်ဖိုးနည်း အစားအစာများကိုသာ စားသောက်ခြင်း ရိုးရိုးရှင်းရှင်း ဝတ်ဆင်ခြင်း သာမန်အိမ်တွင် နေထိုင်ခြင်းတို့ကို ရွေးချယ်ခဲ့သည်။

သူ ငွေနည်းနည်းသာ ရှာနိုင်လျှင်ပင် သိုသိုသိပ်သိပ်နေထိုင်ရန်သာ ဆန္ဒရှိခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည်လည်း ဝမ်တုံးကဲ့သို့ပင် သူ၏ အတိတ်ကို ထွက်ပြေးတိမ်းရှောင်နေခြင်း မဟုတ်လော။ သူ၏ ဖြတ်သန်းခဲ့ဖူးသော ဘဝလမ်းကြောင်းကို ကြည့်ပါက ထွက်ပြေးနေခြင်းသာ ဖြစ်ပေမည်။

ချူကျန့်က ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ရင်ထဲမှ နက်ရှိုင်းသော မကောင်းသည်ခံစားချက်များကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်။ ထို့နောက် သူက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်၏။

"မင်းက နှုတ်မဆက်ဘဲ ထွက်လာခဲ့တယ် ဆိုတော့.....သူတို့က မင်းကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ မင်း သိနေမှာပေါ့"

ဝမ်တုံးက အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ၏မျက်လုံးထဲမှ မျက်ရည်စများနှင့် အားငယ်မှုများ အားလုံး ပျောက်ကွယ်သွားပြီး ဖြည်းညှင်းစွာ တုံ့ပြန်ပြောဆိုသည်။

"ဟုတ်တယ်... ငါ ထွက်သွားပြီးရင် သူတို့က ငါ့ကို မရရအောင် ရှာမယ်ဆိုတာ ငါ သိတယ်... ဘာလို့လဲဆိုတော့ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို ငါ သိထားလို့ပဲ... ငါ အသက်ရှင်နေသရွေ့ သူတို့ အိပ်ပျော်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာမယ်လို့တော့ ငါ ထင်မထားမိဘူး... လောကကြီးက ဒီလောက်ထိ ကျယ်ဝန်းတာတောင် သူတို့က သုံးနှစ်အတွင်းမှာ ဒီနေရာကို ရှာတွေ့ခဲ့တယ်"

အမှန်တကယ်ကို ကမ္ဘာလောကကြီးသည် အလွန်ကျယ်ဝန်းသော်လည်း ဝမ်တုံး ပုန်းအောင်းနေသော စည်းစိမ်ချမ်းသာစံအိမ်ကို သူတို့ ရှာတွေ့ရန် အချိန်သုံးနှစ်သာ ကြာမြင့်ခဲ့သည်။ ဤအချက်က သူတို့သည် ဝမ်တုံးကို အမြန်ဆုံး ရှင်းပစ်ရန် ဆုံးဖြတ်ထားကြောင်းနှင့် အမုန်းတရား ကြီးမားကြောင်း သက်သေပြနေသည်။

ကောတာ့လုက အကောင်းမြင်စိတ်ဖြင့် ပြောဆိုလိုက်သည်။

"စစ်သည်လာရင် စစ်သူကြီးနဲ့ တားမယ်.. ရေလာရင် မြေစာနဲ့ ပိတ်မယ်... ငါတို့ငါးယောက်နဲ့ သူတို့လေးယောက်ဆိုတော့ ငါတို့ နိုင်ခြေများပါတယ်"

ထို့နောက် ချူကျန့် စဉ်းစားတွေးတောနေသည်ကို မြင်သဖြင့် သူက မေးမြန်းလိုက်သည်။

"စစ်ဗျူဟာမှူးချူ... မင်းမှာ ဘာအကြံကောင်း ရှိလဲ"

ချူကျန့်သည် ထိုကဲ့သို့ ထင်ပေါ်သော ဘွဲ့ထူးဂုဏ်ထူးကို မလိုချင်ပေ။ ထို့ကြောင့် သူက မျက်စောင်းထိုးကာ ပြောဆိုလိုက်သည်။

"ငါ့ကို စစ်ဗျူဟာမှူးလို့ မခေါ်နဲ့... ချူလော့ကျွင်းလို့ပဲ ခေါ်... "

ထို့နောက် သူက ဝမ်တုံးဘက်သို့ လှည့်ကာ မေးလိုက်သည်။

"သူဌေးကြီးဝမ်... မင်း သူတို့နဲ့ အတူရှိတုန်းက အရင်းအနှီးမလိုတဲ့ လုပ်ငန်းတွေ လုပ်ရင်း စည်းစိမ်ဥစ္စာတွေ အများကြီး စုမိခဲ့တယ်လို့ ပြောဖူးတယ်နော်... ပြီးတော့ မင်း ထွက်လာတုန်းက တစ်ပြားမှ မယူလာခဲ့ဘူး မဟုတ်လား"

"ဟုတ်တယ်"

"သူတို့အတွက်ကတော့ ဝေစုခွဲမယ့်လူ တစ်ယောက် လျော့သွားတာက ပိုမကောင်းဘူးလား... ဘာကိစ္စ သုံးနှစ်လုံးလုံး လောကကြီးအနှံ့မှာ မင်းကို လိုက်ရှာနေမှာလဲ... မင်းက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို သိတယ် ဆိုရင်တောင် သုံးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ သိုင်းလောက တစ်ခုလုံး ပြန့်သွားအောင် ဖြန့်ဖို့ လုံလောက်နေပြီ... ဒီလောက်ထိ အားစိုက်ထုတ်ပြီးတော့ မင်းကို လိုက်သတ်နေတာက သူတို့ရဲ့ဒေါသတွေကို ဖြေဖျောက်ဖို့ သက်သက်ပဲ ဆိုရင်တော့ ဘာအဓ်ပ္ပါယ်မှ မရှိဘူး"

ယန်ချီက ဝင်ရောက်ပြောဆိုသည်။

"ရှင် ပြောချင်တာက... သူတို့ သူဌေးကြီးဝမ်ကို လိုက်ရှာတာက လက်စားချေဖို့ သက်သက် မဟုတ်ဘဲ တခြား ရည်ရွယ်ချက် ရှိနေတယ် ပေါ့"

"ဟုတ်တယ်... ပြီးတော့ အဲ့ဒီ ရည်ရွယ်ချက်က သုံးနှစ်လုံးလုံး ပင်ပန်းခံ ရှာဖွေရကျိုး နပ်စေမယ့်အရာ ထောင်ချောက်တွေ အဆိပ်တွေနဲ့ လုပ်ကြံမှုတွေကို ပြင်ဆင်ရကျိုး နပ်စေမယ့် ကြီးမားတဲ့ အကျိုးအမြတ် တစ်ခုခု ဖြစ်လိမ့်မယ်... ငါတို့ အနိုင်ရမယ့် အခွင့်အရေးက အဲ့ဒီ အချက်ပဲ"

ညအချိန် ရောက်ရှိလာလေပြီ။ နွေရာသီ၏ နေဝင်ချိန် အလင်းရောင်များ ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားလေသည်။ တောင်တန်းများနှင့် လွင်ပြင်များဆီမှ ဖားအော်သံများက နွေည၏ ရောက်ရှိခြင်းကို ကြေညာနေကြသည်။

စည်းစိမ်ချမ်းသာစံအိမ်၏ ဧည့်ခန်းမဆောင် တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်ထားပြီး အတွင်းဘက်တွင် မှိန်ဖျဖျ မီးရောင်လေးသာ လင်းနေသည်။

ခြံဝင်းတံခါး၏အပြင်ဘက်ရှိမြေပြင်ပေါ်တွင်မူ ညနေပိုင်းကတည်းက စာတစ်ကြောင်း ရေးသားထားသည်။

"ခွေးအချိန် (ည ၇ နာရီမှ ၉ နာရီ)အတွင်း လာခဲ့ပါ... နောက်ကျရင် ဖျက်ဆီးပစ်မယ်... မင်းတို့ သံသယ မဝင်ပါနဲ့.. မီးလောင်ဗုံးနဲ့ ဖျက်ဆီးလို့ မရတဲ့အရာဆိုလို့ ဘာမှမရှိဘူး"

ထိုစာသားသည် ကြီးမားပြီး အလွန်ထင်ရှားသဖြင့် စည်းစိမ်ချမ်းသာစံအိမ်ကို စောင့်ကြည့်နေသူ ရှိပါက သေချာပေါက် မြင်တွေ့ရပေလိမ့်မည်။

ထို့ကြောင့် ဝမ်တုံးနှင့်အဖွဲ့သည် ဤနည်းလမ်းဖြင့် ဖိအားပေးခံရသူအဖြစ်မှ ဖိအားပေးသူ အဖြစ် ပြောင်းလဲနိုင်မည်ဟု ယုံကြည်မှု ရှိနေကြသည်။

သူတို့ထင်ထားသည့်အတိုင်းပင် ခွေးအချိန် မတိုင်မီမှာပင် လူတစ်ယောက် ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး ခန်းမတံခါးကို ခေါက်လိုက်၏။

ဝမ်တုံးက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ"

"ငါပါ"

ပျိုမျစ်နုနယ်သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းက ဘယ်သူလဲ"

အပြင်ဘက်မှ အမျိုးသမီးက သက်ပြင်းချလိုက်သည်။

"သုံးနှစ်လောက် မတွေ့ရတာနဲ့ပဲ ရှင်က ကျွန်မရဲ့အသံကို မမှတ်မိတော့ဘူးလား... ကျွန်မကတော့ နေ့တိုင်း ရှင့်ကို လွမ်းနေခဲ့ရတယ်"

သူမ၏လေသံသည် အနည်းငယ် စိတ်ကောက်သည့်ပုံစံ ပေါက်နေသော်လည်း ရွံရှာဖွယ် မကောင်းဘဲ ကြားရသူ၏ စိတ်နှလုံးကို အလွယ်တကူ ပျော့ပြောင်းသွားစေနိုင်သည်။

ဝမ်တုံး၏မျက်နှာသည် သံပရာသီး စားထားသကဲ့သို့ ရှုံမဲ့သွားပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"တံခါး ပိတ်မထားဘူး"

သူသည် ရောက်ရှိလာသူမှာ မည်သူဖြစ်ကြောင်း ထုတ်မပြောသော်လည်း လက်ရှိနေရာတွင် ရှိနေသူ အားလုံးကမူ ဧည့်သည်သည် 'အနီရောင်သခင်မ' ဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။

"ရှင်က အဲ့ဒီလောက်ထိ ရက်စက်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိသားပဲ"

ငွေခေါင်းလောင်းသံကဲ့သို့ သာယာနာပျော်ဖွယ် ရယ်မောသံနှင့်အတူ တံခါးပွင့်သွားပြီး အနီရောင် အလင်းတန်းများ ဖြာထွက်နေသယောင် ထင်ရသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။

လူတစ်ယောက်၏ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နိုင်ရန် အကြောင်းမရှိပေ။ သို့သော် ခန်းမထဲမှ မှိန်ဖျဖျ မီးရောင်နှင့် ယှဉ်လိုက်လျှင် ထိုအမျိုးသမီး ဝင်လာသည်နှင့် တပြိုင်နက် သူတို့အားလုံး၏ မျက်စိရှေ့တွင် လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခန်းမတစ်ခုလုံး ကျက်သရေရှိသွားသည့်အလားပင်။

အနီရောင်သခင်မသည် လှပသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာပေါ်မှ ပန်းပွင့်ကဲ့သို့ နူးညံချိုသာသောအပြုံးနှင့် လိုက်ဖက်ညီသဖြင့် သူမဆီမှ အကြည့်လွှဲရန် ခက်ခဲပေ၏။

သူမသည် အလှပဆုံး အမျိုးသမီး မဟုတ်လျှင်ပင် သူမ၏အပြုံးတွင် သက်ရှိများကို ညှို့ယူဖမ်းစားနိုင်သော ဆွဲဆောင်မှုမျိုး ရှိနေပြီး မည်သူမဆို သူမကို မုန်းတီးရန် ခက်ခဲပေလိမ့်မည်။

အမှန်တကယ်ကိုပင် သူမ ဝင်ရောက်လာသည်နှင့် ခန်းမထဲမှ တင်းမာနေသော အခြေအနေများ ချက်ချင်းပျောက်ကွယ်သွားသည်။

ယန်ချီ အပါအဝင် လူတိုင်းက သူမကို ငေးမော၍ ကြည့်ရှုနေမိကြသည်။ သူတို့၏မျက်လုံးထဲမှ ရန်လိုမှုများသည် တွေဝေမှု သံသယဝင်မှုနှင့်အတူ ထိန်းချုပ်၍မရသော နှစ်သက်သဘောကျမှုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဝမ်တုံး တစ်ယောက်သာ သူ၏မျက်နှာကို တင်းထားဆဲပင်။

"ဘာလို့ မင်း ရောက်လာတာလဲ... ဆရာကြီးချွေ့ တို့ရော"

"ဘာလို့ ကျွန်မက လာလို့ မရရမှာလဲ"

အနီရောင်သခင်မက သူမ၏လက်ထဲမှ ဝါးခြင်းတောင်းကို မြှောက်ပြလိုက်သည်။

"ကျွန်မကက ရှင်တို့ကို ညစာ လာပို့တာလေ... ဒီလောက် မိုးချုပ်နေပြီ... ရှင်တို့ ထမင်း မစားရသေးဘူးမဟုတ်လား... ရှင် မစားချင်ရင် နေပါ... ဒါပေမဲ့ ရှင်ရဲ့ မိတ်ဆွေတွေကတော့ ဗိုက်အဆာခံလို့ မဖြစ်ဘူးလေ... မဟုတ်ရင် ငါ့လို မရီးတစ်ယောက်က ဧည့်ဝတ်မကျေဘူးလို့ အပြောခံနေရဦးမယ်"

အနီရောင်သခင်မက လက်ရှိနေရာတွင် ရှိနေသူများကို ပြုံးရွှင်သောမျက်နှာဖြင့် ဝေ့ဝိုက်၍ကြည့်လိုက်သည်။ သူမ၏အပြုံးသည် နွေးထွေးပြီး ဖော်ရွေလှသဖြင့် လူအများကို ရင်းနှီးလိုစိတ်များ အလိုအလျောက် ပေါက်ဖွားလာစေသည်။

"မရီး... ဟုတ်လား"

ကောတာ့လုက ကြောင်တောင်တောင်ဖြင့် မေးမြန်းလိုက်သည်။

"ဝမ်တုံးက ရှင်တို့ကို ကျွန်မရဲဘအကြောင်း တခါမှ မပြောပြဖူးဘူးလား"

သူမသည် ဝမ်တုံးကို စိတ်ကောက်သကဲ့သို့ မျက်စောင်းထိုးကြည့်လိုက်ပြီး တခြားလူများကို ဖိတ်ခေါ်လိုက်သည်။

"လာကြ... ဒါတွေအားလုံးကို ကျွန်မကိုယ်တိုင် ချက်လာတာ...မရီးကို အားမနာကြနဲ့"

အနီရောင်သခင်မက ကြမ်းပြင်ပေါ်တွင် စားပွဲခင်းတစ်ခုကို ဖြန့်ခင်းလိုက်ပြီး ခြင်းတောင်းကြီးထဲမှ ဖွယ်ဖွယ်ရာရာ ဟင်းပွဲများနှင့်အရက်များကို တစ်ခုချင်း ထုတ်ခင်းလိုက်သည်။ သူမ၏ အိမ်ရှင်မပီသသော အပြုအမူမှာ အပြစ်ပြောစရာ တစ်ကွက်မှ ရှာမတွေ့လောက်အောင်ပင်။

"ဝမ်တုံး... ရှင် ကျွန်မရဲ့လက်ရာ မစားရတာ သုံးနှစ်ရှိပြီနော်... မြန်မြန် လာထိုင်လေ"

ဝမ်တုံးက မလှုပ်မယှက် မတ်တတ်ရပ်နေသည်။ သူ မလှုပ်သည့်အတွက် ကျန်လေးယောက်သည်လည်း မလှုပ်ရဲကြပေ။

အနီရောင်သခင်မ၏မျက်လုံးအတွင်း၌ မျက်ရည်များဝဲလာသည်။ သူမက နှုတ်ခမ်းကိုက်ပြီး ပြောဆိုလိုက်၏။

"ဒီတစ်ကြိမ်မှာ ကျွန်မက ဆရာကြီးချွေ့တို့နဲ့ ပူးပေါင်းပြီး ရှင့်ကို ဒုက္ခလာပေးတယ်လို့ ရှင် ထင်နေတာလား... ဒီဟင်းတွေထဲမှာ အဆိပ်ခတ်ပြီး ရှင့် ကို သတ်မယ်လို့ ထင်နေတာလား"

သူမ၏မျက်ရည်ကျလုဆဲဆဲ ပုံစံမှာ ကျောက်တုံးကိုပင် အရည်ပျော်သွားစေနိုင်သော်လည်း ဝမ်တုံးကမူ မျက်နှာထားတင်းတင်းဖြင့် တုံ့ပြန်အဖြေပေးလိုက်သည်။

"ဟုတ်တယ်"

All Chapters