ဖုန်မှုန့်များ ငြိမ်သက်သွားခြင်း
Vol. 5 Ch. 53
အနီရောင်သခင်မက အံ့ကြိတ်လိုက်ပြီး ရုတ်တရက် စားပွဲခင်းပေါ်မှ ဟင်းပွဲအားလုံးကို တစ်လုတ်စီ လိုက်စားပြလိုက်သည်။ ထို့နောက် သူမက မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် ဝမ်တုံးကို မော့ကြည့်လိုက်၏။
"ကျွန်မ အကုန် စားပြပြီးပြီ... အဆိပ်မိရင် ကျွန်မ အရင်သေမှာ... အခု စိတ်ချပြီလား"
ဝမ်တုံးက ယခင်ကဲ့သို့ အေးစက်စက် မျက်နှာထားဖြင့်ပင် ပြန်ဖြေသည်။
"စိတ်မချဘူး"
"ကျွန်မက အဆိပ်ဖြေဆေး ကြိုသောက်ထားတယ်လို့ ရှင် သံသယဝင်နေတာလား"
အနီရောင်သခင်မ၏မျက်ရည်များ ယိုစီးကျလာပြီး မြေပြင်ကို စိုရွှဲသွားစေသည်။
"ရှင် ကျွန်မကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး... ရှင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ... ကျွန်မ ရှင်နဲ့ အတူရှိကတည်းက ရှင့်အပေါ် အမှားတစ်ခုခု လုပ်ဖူးလို့လား... ရှင့်ကို နည်းနည်းလေးမှ ဒုက္ခပေးဖူးလို့လား"
ဤတစ်ခါတွင်မူ ဝမ်တုံးသည် မျက်နှာပျက်သွားပြီး မည်သည့်စကားမျှ ပြန်မပြောတော့ချေ။
ထိုအချက်က အနီရောင်သခင်မသည် သူ့ကို အမှန်တကယ် ဒုက္ခမပေးခဲ့ဖူးရုံသာမက အမှားလည်း မလုပ်ခဲ့ဖူးကြောင်း သက်သေပြနေသည်။ သူတို့ကဲ့သို့ မကောင်းမှုဟူသမျှ လုပ်ဆောင်ခဲ့ဖူးသူများအဖို့ ဤအရာမှာ မည်မျှထိ ရှားပါးလိုက်သနည်း။ မည်မျှထိ နက်ရှိုင်းသောသံယောဇဉ် ဖြစ်သနည်း။
အနီရောင်သခင်မ နာကျင်ကြေကွဲစွာ ငိုကြွေးနေသည်ကို ကြည့်ရင်း ကောတာ့လုနှင့် လင်းထိုက်ဖျဥ်တို့သာမက ယန်ချီပင်လျှင် စိတ်မကောင်းဖြစ်ပြီး မျက်နှာလွှဲသွားသည်။ ဝမ်တုံးသည် ရက်စက်လွန်းပြီး သွေးအေးလွန်းသည်ဟု သူတို့ ခံစားမိပေ၏။
ချူကျန့်က သည်းမခံနိုင်တော့ဘဲ မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
"သူဌေးကြီးဝမ်... မရီးက လူကောင်းတစ်ယောက်ပါကွာ... မင်း ဒီလို မလုပ်သင့်ဘူး"
သူက ခြေလှမ်းကျဲကြီးဖြင့် အနီရောင်သခင်မ အနားသို့ လျှောက်သွားပြီး ကြက်ပေါင်တစ်ချောင်းကို ကောက်ကိုက်လိုက်သည်။ ထို့နောက် သူက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"မရီး... ကျွန်တော်က မရီးကို ယုံတယ်"
ချူကျန့်သည် ထမင်းနှင့်ဟင်းများကို ပန်းကန် တစ်ဝက်ကျိုးသည်အထိ အငမ်းမရ စားသောက်လိုက်ပြီး အပြုံးနှင့် ပြောဆိုသည်။
"စားလို့ကောင်းလိုက်တာ... မရီးရဲ့လက်ရာက အရမ်းကောင်းတယ်..."
ထိုစကားမဆုံးမီမှာပင် သူ ရုတ်တရက် သူ၏ဗိုက်ကို ဖိနှိပ်လိုက်သည်။ သူ၏မျက်နှာတပြင်လုံး နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး သူသည် မြေကြီးပေါ်သို့ မှောက်ကျသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ခါနေတော့သည်။
သူ၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသဖြင့် သူ၏မျက်နှာအမူအယာကို သေချာမမြင်ရသော်လည်း တုန်ခါနေသော ခန္ဓာကိုယ်နှင့် နာကျင်စွာ အော်ဟစ်သံများအရ သူ အဆိပ်မိသွားသည့်အပြင် အလွန်ပြင်းထန်သော အဆိပ်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ဝမ်တုံး ကောတာ့လု ယန်ချီနှင့် လင်းထိုက်ဖျဥ်တို့အားလုံး မျက်နှာပျက်သွားကြပြီး ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ ပြေးဝင်လာကြသည်။
အနီရောင်သခင်မ၏မျက်နှာ ဖြူဖျော့သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒါက ဘယ်လို ဖြစ်ရတာလဲ... ဒီဟင်းတွေကို ကျွန်မ ကိုယ်တိုင် ချက်တာပါ... လုံးဝ အဆိပ်ခတ်မထားဘူး...ရှင်တို့ ကျွန်မကို ယုံကြပါ"
သူမသည် အလွန်စိတ်ပူနေသဖြင့် မျက်ရည်များ တသွင်သွင် စီးကျလာသည်။
ထိုအချိန်မှာပင် လူရိပ်တစ်ခုသည် ခြံစည်းရိုးအပြင်ဘက်မှ မြှားတစ်စင်းအလား ဝင်ရောက်လာသည်။ ထိုလူသည် လေထုအတွင်းတွင် ရှိနေစဉ်မှာပင် သူ၏ခန္ဓာကိုယ်မှ ရေခဲကဲ့သို့ ကြည်လင်သော အလင်းတန်းအမြောက်အများ ထွက်ပေါ်လာပြီး ခန်းမဆောင်ဘက်သို့ တရစပ် ပစ်ခတ်လိုက်တော့သည်။
ထိုလူ ရောက်ရှိလာပုံမှာ ရုတ်တရက် ဆန်လွန်းပြီး လက်နက်ပုန်းများမှာလည်း အလွန်များပြားသည့်အပြင် အလွန်လျှင်မြန်သည်။ ဤသည်မှာ သူသည် လက်ပေါင်းတစ်ထောင်ဖြင့် လက်နက်ပုန်းများကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်သည့်အလားပင်။ သူ၏ပစ်မှတ်များအနက် ဝမ်တုံးတို့ လေးယောက်သာမက အနီရောင်သခင်မလည်း ပါဝင်နေပေ၏။
ဤသည်မှာ လက်တစ်ထောင် မျက်လုံးတစ်ထောင် ကင်းခြေများနတ်ဘုရားပင်။
ပျံ့လွင့်လာသော လက်နက်ပုန်းအလင်းတန်းများသည် တစုတဝေးတည်း ဖြစ်နေသော သူတို့၏ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
ဤကဲ့သို့ အသက်လုနေရသော အချိန်တွင် ဝမ်တုံးက လှုပ်ရှားလိုက်လေပြီ။ သူသည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့မရှိသော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် အလွန်လျင်မြန်သည်။
သူ၏လက်ထဲတွင် ပိုးကောင်ဖမ်းသည့် ပိုက်ကွန်အသေးစားနှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ ထိုအရာများကို မည်ကဲ့သို့ ထုတ်ယူလိုက်သည်အား မည်သူမျှ သေချာမမြင်လိုက်ရချေ။ လေထုအတွင်း၌ ပျံ့လွင့်နေသော ရေခဲရောင် အလင်းတန်းများအားလုံး ပျောက်ကွယ်သွားကာ သူ၏ပိုက်ကွန်ထဲသို့ ရောက်ရှိသွားတော့သည်။
တစ်ချိန်တည်းမှာပင် ယန်ချီနှင့်ကောတာ့လုတို့ကလည်း အော်ဟစ်ကာ တိုက်ခိုက်လိုက်ကြသည်။ ကောတာ့လုသည် ငှက်တစ်ကောင်အလား ခုန်ပျံလိုက်ပြီး သူ၏လက်ထဲမှ ပိုက်ကွန်အကြီးစားဖြင့် ကင်းခြေများနတ်ဘုရားကို အုပ်ဖမ်းလိုက်သည်။
ထိုတိုက်ခိုက်မှုသည် အချိန်ကိုက် ဖြစ်ပေ၏။ ဤသည်မှာ ကင်းခြေများနတ်ဘုရား မြေကြီးပေါ်သို့ ခြေချပြီး ပြန်ခုန်မတက်မီနှင့် အချိန်ကိုက်ပင်။
အကယ်၍ ကင်းခြေများနတ်ဘုရား ဆက်လက်၍ ခုန်တက်လိုက်ပါက ပိုက်ကွန်ထဲသို့ တိုးဝင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ကင်းခြေများနတ်ဘုရားသည် ဘယ်ဘက်သို့ အလျင်အမြန် လူးလိမ့်၍ ရှောင်တိမ်းလိုက်ရသည်။ သူ၏တုံ့ပြန်ပုံသည် မှန်ကန်သော်လည်း ယန်ချီ၏ကိုယ်ဖော့ပညာသည် ကောတာ့လုထက်ပင် ပို၍လျှင်မြန်ပေ၏။ သူမ ၏လက်ထဲတွင် ဓားမြှောင်တစ်လက်သည် လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာပြီး ကင်းခြေများနတ်ဘုရား၏လည်ဂုတ်ကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။
ကင်းခြေများနတ်ဘုရား၏လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ မည်သူမဆို လည်ဂုတ်ကို ထိုးစိုက်ခံရပါက အသက်ရှင်သန်ရန်မှာ မဖြစ်နိုင်ပေ။ ကင်းခြေများနတ်ဘုရား အနေဖြင့် ကင်းခြေများအစစ်ဖြစ်အောင် ကျင့်ကြံထားနိုင်လျှင်ပင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် လူသားတစ်ယောက်သာ ဖြစ်ပေ၏။
"အောင်မြင်ပြီ"
ကောတာ့လုက အောင်ပွဲခံလိုက်ချိန်မှာပင် ဝမ်းနည်းပက်လက် ငိုကြွေးနေသော အနီရောင်သခင်မက သူမ၏အင်္ကျီလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ သူမ၏အင်္ကျီလက်ထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ပျံ့လွင့်လာကာ ဝမ်တုံး၏ခါးဆီသို့ တရှိန်ထိုး ဝင်ရောက်သွားသည်။
ထိုတိုက်ခိုက်မှုသည် မြန်ဆန်လွန်းပြီး ရုတ်တရက် ဆန်လွန်းပေ၏။ ဝမ်တုံးသည် ကင်းခြေများနတ်ဘုရား၏ လက်နက်ပုန်းများကို ဖမ်းယူရန်အတွက် သူမ၏နံဘေးတွင် မတ်တတ်ရပ်နေခဲ့သည်။ ယခုအချိန်ထိ သူသည် ပိုက်ကွန်ကို ပြန်မရုတ်သိမ်းရသေးသဖြင့် ကာကွယ်ချိန် မရလိုက်ပေ။
ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအယာရှိသည့် အနီရောင်သခင်မသည် သူမ အလွန်ချစ်မြတ်နိုးသော ဝမ်တုံးကို ရုတ်တရက် လုပ်ကြံလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
သို့ရာတွင် တွေးထင်ထားသူတစ်ယောက် ရှိနေဆဲပင်။
အနီရောင်သခင်မ၏လက်ထဲမှ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာသည့် အချိန်တခဏမှာပင် မြေကြီးပေါ်တွင် အကြောဆွဲနေသော ချူကျန့်သည် သရဲတစ္ဆေ တစ်ကောင်အလား သူ၏လက်ကို ဆန့်တန်းလိုက်၏။ ထို့နောက် အဆိပ်သုတ်ထားသော ငွေအပ်တစ်ချောင်းဖြင့် သူမ၏ခါးအောက်ပိုင်းရှိ အကြောဆုံမှတ်တစ်ခုကို ထိုးစိုက်လိုက်သည်။
အနီရောင်သခင်မ ပစ်လွှတ်လိုက်သော အနက်ရောင်အလင်းတန်းသည် ဝမ်တုံး၏အင်္ကျီကို ထိရုံသာ ထိမိပြီး အားပျော့စွာ ပြုတ်ကျသွားသည်။ သူမကိုယ်တိုင်သည်လည်း အရုပ်ကြိုးပြတ် ခွေခေါက် လဲကျသွားပေ၏။
ထိုအချိန်မှာပင် နောက်ထပ် လူရိပ်တစ်ခု ပြေးထွက်သွားပြီး ခြံစည်းရိုးပေါ်မှ ခုန်ဆင်းလာသော အဝါရောင်ဝတ်စုံဝတ်လူကို သွားရောက်၍ တိုက်ခိုက်လိုက်သည်။
ဤသည်မှာ လင်းထိုက်ဖျဥ်ပင်။
သူ၏ ပြိုင်ဘက်သည် အသက်နှုတ် အဆောင်ပညာရှင်ပင်။
အသက်နှုတ် အဆောင်ပညာရှင်သည် နာမည်နှင့် လိုက်ဖက်ပေ၏။ သူ၏မျက်နှာသည် ခြောက်သွေ့တွန့်လိပ်နေသော စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြစ်နေပြီး အဝါရောင်ဝတ်စုံနှင့် တွဲဖက်လိုက်ချိန်၌ အလွန်ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ သူအသုံးပြုသော လက်နက်သည်လည်း ပို၍ထူးဆန်းပြီး သံကြိုးဖြင့် ချိတ်ဆက်ထားသော ဆူးချွန်နှစ်ချောင်းပင်။
ဤသည်မှာ "ဝိညာဉ်နုတ် ဆူးချွန်တစ်စုံ"ပင်။ ထိုအရာဖြင့် ရန်သူ၏ လည်ပင်းကို တစ္ဆေသရဲကဲ့သို့ ရစ်ပတ်နိုင်သည့်အပြင် ရန်သူ၏လက်နက်ကိုလည်း ရစ်ပတ်ချုပ်နှောင်ထားနိုင်သည်။ ထို့ပြင် ထိုလက်နက်ဖြင့် ရန်သူ၏နှလုံးသားကိုလည်း လွယ်လင့်တကူ ထိုးဖောက်နိုင်ပေ၏။
ယခုအချိန်၌ ထိုဆူးချွန်နှစ်ချောင်းသည် လင်းထိုက်ဖျဥ်၏နှလုံးသားထံသို့ ထိုးဝင်သွားသည်။
လင်းထိုက်ဖျဥ်သည် ပေါင်တွင် ဒဏ်ရာရထားသဖြင့် ခုန်ပျံသည့်အရှိန်နှင့်ခွန်အားသည် လျော့နည်းနေသော်လည်း သူ၏လက်နှစ်ဖက်မှ လှုပ်ရှားမှုကိုမူ လုံးဝထိခိုက်စေခြင်း မရှိချေ။ သူ၏ ဖြူဖွေးသော လက်ဝါးများသည် လက်ဝါးရိပ်များအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်နုတ် ဆူးချွန်စုံ၏တိုက်ကွက်များ အားလုံးကို ချေဖျက်လိုက်ရုံသာမက ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်များစွာ ဖလှယ်ပြီးနောက် လင်းထိုက်ဖျဥ်၏လက်များသည် ဆူးချွန်များကို ကွေ့ဝိုက်သွားကာ အဆောင်ပညာရှင်၏လက်ကောက်ဝတ်များကို ဖမ်းချုပ်လိုက်၏။ ထို့နောက် သူသည် အရိုးချိုးအကြောလွှဲသိုင်းကွက်ကို သုံးလိုက်ရာ အဆောင်ပညာရှင်က နာကျင်စွာ ညည်းတွားလိုက်သည်။ သူ၏လက်ကောက်ဝတ်နှစ်ဖက်လုံးမှ အရိုးများကျိုးသွားကာ လင်းထိုက်ဖျဥ်၏ကိုင်ပေါက်ခြင်းကို ခံလိုက်ရတော့သည်။
အခြေအနေသည် ပြောင်းပြန် ဖြစ်သွားပြီး စည်းစိမ်ချမ်းသာစံအိမ်ဘက်မှ အပြတ်အသတ် အနိုင်ရတော့မည့် အခြေအနေပင်။
ဝမ်တုံးက အလောတကြီး အော်ဟစ်ပြောဆိုလိုက်သည်။
"သတိမလွတ်နဲ့အုံး... အဆိပ်မြွေနီ ကျန်သေးတယ်..."
သူ၏စကား မဆုံးမီမှာပင် ခြံဝင်းထဲရှိ မြက်ခင်းပြင်များ တရှပ်ရှပ် လှုပ်ရှားသွားပြီး အစိမ်းရောင်လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ လူအုပ်ကြီးဆီသို့ အစိမ်းရောင် အငွေ့လုံးကြီးကို မှုတ်ထုတ်လိုက်သည်။
လူအများသည် လန့်ဖျပ်ပြီး ရှောင်တိမ်းနေကြစဉ်တွင် သူသည် အထက်သို့ ခုန်တက်ပြီး ပြင်ပသို့ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။
သူ၏လှုပ်ရှားမှုသည် သိပ်မမြန်လှချေ။ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည် ဆိုပါက သိုင်းပညာ အားနည်းသော ကောတာ့လုပင်လျှင် သူ့ကို တားဆီးနိုင်ပေမည်။ သို့ရာတွင် သူသည် ထိတွေ့မိသည်နှင့် သေစေနိုင်သော အဆိပ်ငွေ့များဖြင့် လမ်းဖွင့်လိုက်သဖြင့် မည်သူက မရှောင်ဘဲ နေရဲမည်နည်း။
အဆိပ်မြွေနီ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် အချက်တစ်ချက်ကို သေချာပေါက် သိနိုင်ပေမည်။ အကယ်၍ သူသာ လွတ်မြောက်သွားပါက ကျန်ရှိနေသော အပေါင်းအပါများကို စုစည်းပြီး စည်းစိမ်ချမ်းသာ စံအိမ်ကြီးကို မြေလှန်ပစ်မည် ကိုပင်။ ဝမ်တုံးတို့ငါးယောက်သည် သူ မသေမချင်း ရန်ငြိုးဖွဲ့ခြင်းကို ခံရတော့ပေမည်။
ဝမ်တုံးက အံ့တင်းတင်းကြိတ်လိုက်သည်။ သူသည် သူ၏အသက်ကို ပဓာနမထားဘဲ အဆိပ်မြွေနီနှင့် အတူသေဆုံးသွားရန်အတွက် ဝင်ရောက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် လူတစ်ယောက်က အဆိပ်မြွေနီ မှုတ်ထုတ်လိုက်သော အဆိပ်ငွေ့များကို လုံးဝဂရုမစိုက်ဘဲ အဆိပ်ငွေ့များကြားမှ တိုးဝင်သွားသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။
"ချူလော့ကျွင်း...."
ဝမ်တုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ချိန်မှာပင် ချူကျန့်သည် အဆိပ်မြွေနီ၏တိုက်ခိုက်မှုကို အသာအယာ ရှောင်တိမ်းလိုက်ပြီး သူ၏ဘယ်လက်ဖြင့် ထုံးမှုန့်များကို ပက်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ငွေအပ်တစ်ချောင်းက ဝှစ်ခနဲ ပျံ့လွင့်သွားပြီး ထုံးမှုန့်များကြောင့် မျက်စိမှိတ်ထားရသော အဆိပ်မြွေနီ၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်။
အဆိပ်မြွေနီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများသည် ငါးသေတစ်ကောင်၏မျက်လုံးများကဲ့သို့ ပြူးထွက်လာပေ၏။ သူသည် မျက်နှာပေါ်မှ ထုံးမှုန့်များကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏လက်ကို နောက်ပြန် ဝှေ့ယမ်းလိုက်ရာ ခါးတွင်ပတ်ထားသော သံကြိုးဆူးတံသည် အဆိပ်မြွေတစ်ကောင်အလား ပြေးထွက်လာပြီး ချူကျန့်၏ဝမ်းဗိုက်အောက်ပိုင်းသို့ တရှိန်ထိုးတိုးဝင်လာသည်။
ချူကျန့်သည် သူ၏ သေခါနီး ပြန်လည် တိုက်ခိုက်လာမည့် အကွက်ကို မည်သည်ကြောင့် ကြိုတင်ကာကွယ်ထားခြင်း မရှိဘဲ နေမည်နည်း။
"လေယူရာ ယိမ်းနွဲ့မည့် မိုးမခပင်" ခြေလှမ်းသိုင်းဖြင့် သူသည် မိုးမခရွက်လေး တစ်ရွက်အလား လှိမ့်ရှောင်လိုက်၏။
သို့ရာတွင် အဆိပ်မြွေနီ၏ သံကြိုးဆူးတံသည် နောက်ဆုံးအချိန်၌ 'ယူ' ပုံသဏ္ဍာန် ပြန်ကွေးလာပြီး ရိုက်ခတ်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ ချူကျန့်သည် သေကွင်းသေကွက်နေရာများကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ၏ပေါင်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ သွေးများယိုစီးကျလာခဲ့သည်။
အဆိပ်မြွေနီ၏မျက်နှာသည်ကြောက်မက်ဖွယ် ကောင်းနေပြီး သူက အော်ဟစ်လိုက်သည်။
"မင်းတို့ စောင့်နေကြစမ်း... ငါက မင်းတို့ကို မကြာခင် သတ်..."
သူ၏စကားပင် မဆုံးလိုက်ဘဲ သူ၏မျက်နှာ မည်းနက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ ငါးသေတစ်ကောင်အလား လေထုအတွင်းမှ ပြုတ်ကျလာတော့သည်။
"ချူကျန့်"
ဝမ်တုံး ကောတာ့လု ယန်ချီနှင့်လင်းထိုက်ဖျဥ်တို့အားလုံး ထိတ်လန့်တကြား အော်ဟစ်ပြီး ပြေးလာကြသည်။ ချူကျန့်သည် သူ၏ပေါင်မှ ဒဏ်ရာကို ဂရုမစိုက်ဘဲ အသက်နှုတ် အဆောင်ပညာရှင်ကို လက်ညှိုးညွှန်ပြလိုက်သည်။
"သူ့ကို အလွတ်မပေးနဲ့... မြက်ရှင်းရင် အမြစ်ပါ မကျန်စေနဲ့"
လင်းထိုက်ဖျဥ်သည် အစောပိုင်းက အဆောင်ပညာရှင်၏လက်များကို ချိုးပြီး ကိုင်ပေါက်ခဲ့သော်လည်း အသေသတ်ခဲ့ခြင်း မရှိချေ။ ယခုအချိန်၌ အဆောင်ပညာရှင်သည် ရုန်းကန်ထကာ ခြံစည်းရိုးကိုကျော်ပြီး ထွက်ပြေးရန် ကြိုးစားနေပေ၏။
ယန်ချီက ဓားမြှောင်နှစ်လက်ကို ပစ်လွှတ်လိုက်သည်။ အဆောင်ပညာရှင်သည် သူ၏နောက်စေ့သို့ လာသော ဓားကို ရှောင်နိုင်ခဲ့သော်လည်း ကျောကုန်းသို့ တိုးဝင်လာသော ဓားကိုမူ မရှောင်နိုင်ခဲ့ပေ။ ထိုဓားမြှောင်သည် သူ၏ကျောကုန်းမှ ဝင်ပြီး နှလုံးသားကို ဖောက်ထွက်သွားပေ၏။
အသက်နှုတ် အဆောင်ပညာရှင်သည် စူးရှနာကျင်စွာ အော်ဟစ်ပြီး ပြုတ်ကျလာသည်။ သူသည် နှစ်ချက် သုံးချက်မျှ အကြောဆွဲကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီးနောက် အသက်ပျောက်သွားတော့သည်။
လင်းထိုက်ဖျဥ်၏မျက်နှာ ဖြူဖျော့နေသည်။
"တောင်းပန်ပါတယ်... ကျွန်တော်... ကျွန်တော် လူတခါမှ မသတ်ဖူးလို့ပါ..."
သို့သော် ဝမ်တုံးကမူ စကားမပြောတော့ချေ။ သူသည် ချူကျန့်၏ပေါင်ရှိ ဒဏ်ရာနံဘေးမှ အဝတ်စကို ဆုတ်ဖြဲလိုက်ရာ ထွက်လာသော သွေးများသည် ရဲရဲနီနေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်ပြီး ဝမ်းသာသွားသည်။
"တော်သေးတာပေါ့... အဆိပ်မမိဘူး... မင်း ခုဏက သောက်ခဲ့တဲ့ အဆိပ်ဖြေဆေးလုံးက အဆိပ်မြွေနီရဲ့ အဆိပ်ကို ဖြေနိုင်ပုံရတယ်"
ချူကျန့်က ပြုံးလိုက်သည်။
"ငါလည်း အဲ့ဒီလို ဖြစ်လိမ့်မယ်လို့ ထင်တာပဲ"
သူက သက်ပြင်းချလိုက်၏။
"နှမြောစရာကောင်းတာကတော့ အဲ့ဒါက နောက်ဆုံးကျန်တဲ့ ဆေးလုံးလေးပဲ"
ဝမ်တုံး၏မျက်နှာအမူအယာ ပျော့ပျောင်းသွားပြီး ရှားရှားပါးပါး ပြုံးလိုက်သည်။
"ဒီတစ်ခါတော့ တန်ပါတယ်... ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ အဆိပ်မြွေနီဆိုတာ မရှိတော့လို့ပဲ"
ချူကျန့်က သူ့ထံတွင် အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိသော ခန္ဓာကိုယ် ရှိကြောင်း ထုတ်ပြောမည် မဟုတ်ချေ။ သူ့တွင် အဆိပ်ဖြေဆေးလုံး နှစ်လုံးရှိကာ တစ်လုံးကို လင်းထိုက်ဖျဥ်အား ပေးခဲ့ပြီး နောက်တစ်လုံးကို သူသောက်ကာ အဆိပ်အသုံးပြုရာတွင် အကျွမ်းကျင်ဆုံးဖြစ်သော အဆိပ်မြွေနီကို တာဝန်ယူ ဖြေရှင်းခဲ့ကြောင်းသာ ပြောဆိုလိုက်သည်။
အနီရောင်သခင်မ မမျှော်လင့်ဘဲ ရောက်ရှိလာခြင်းနှင့်သရုပ်ဆောင်မှုများကြောင့် သူတို့ငါးယောက်၏ အစီအစဉ်ကို အနည်းငယ် အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့ရာတွင် ရလဒ်ကမူ သူတို့၏ မူလအစီအစဉ်အတိုင်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။