← Chapters

မိစ္ဆာသုတ်သင် ကြယ်ကြွေမိုး နတ်ဘုရားလေဟုန်စီး သိုင်းကွက်

Vol. 5 Ch. 58

မိစ္ဆာသုတ်သင် ကြယ်ကြွေမိုး နတ်ဘုရားလေဟုန်စီး သိုင်းကွက်

Vol. 5 Ch. 58

စည်းစိမ်ချမ်းသာစံအိမ်မှ မြင်းဖြူကျောင်းတော်မြို့အထိ အကွာအဝေးမှာ မိုင်ငါးရာခန့် ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မြင်းရထားဂိတ်မှ ရထားငှားစီးပါက စနစ်၏ ပုံသေ "အရှိန်မြှင့်တင်ခြင်း" လုပ်ဆောင်ချက်ကြောင့် ခရီးသွားချိန်မှာ နှစ်ရက်ခန့်သာ ကြာမြင့်ပေမည်။ သို့ရာတွင် ကစားသမားတစ်ယောက်သည် မိုင်ငါးရာခရီးကို ကိုယ်တိုင် မြင်းစီးသွားရန်ဖြစ်စေ လမ်းလျှောက်သွားရန်ဖြစ်စေ ရွေးချယ်လိုက်လျှင်မူ ဤသည်မှာ မယုံနိုင်လောက်အောင် ရှည်လျားပြီး ပင်ပန်းခက်ခဲသော ခရီးတစ်ခု ဖြစ်လာပေလိမ့်မည်။

အဓိကလမ်းမကြီးများကို ရှောင်ရှားပြီး တောကြီးမျက်မည်းများနှင့် တောင်စွန်းများကို ဖြတ်ကျော်ရန် ရွေးချယ်ထားသော ချူကျန့်ကဲ့သို့ လူမျိုးအတွက်ဆိုလျှင် အခြေအနေသည် ပို၍ပင်ဆိုးရွားပေ၏။ ဤရွေးချယ်မှုသည် ခရီးအကွာအဝေးကို ပို၍ဝေးကွာသွားစေရုံသာမက လမ်းခရီးကိုလည်း ပို၍ကြမ်းတမ်းသွားစေသည်။

ကံကောင်းထောက်မစွာဖြင့် ချူကျန့်၏ကံတရားသည် မျက်နှာသာပေးလာခဲ့ပေ၏။ သူ အားလပ်နေချိန်တွင် သိုလှောင်အိတ်ကို ရှင်းလင်းကြည့်လိုက်ရာ အထူးပစ္စည်းသုံးမျိုးကို ထပ်မံ၍ တွေ့ရှိခဲ့သည်။ ထိုအရာများသည် ယခင်က "ဆာဗာတစ်ခုလုံး ကြေညာချက်" များအတွက် ကျပန်းမဲနှိုက်ပေးသော လျှို့ဝှက်ဆုလက်ဆောင်များ ဖြစ်ပုံရသည်။ ထိုပစ္စည်းများအနက် တစ်ခုသည် သူ့အတွက် အလွန်အကျိုးရှိစေမည့် အရာဖြစ်နေသည်။

[ မိုင်တစ်သောင်း ချောမွေ့လမ်းလျှောက်ဖိနပ် ]

အမျိုးအစား: သံချပ်ကာ (အထူး)

အဆင့်: အပြာရောင် ကြယ်တစ်ပွင့်

ကာကွယ်မှု : ၁၅

ဖျတ်လတ်မှု : ၁၅

တပ်ဆင်ရန် လိုအပ်ချက်: ဝန်+၅

တပ်ဆင်မှု ဆုကြေး : တောင်ပေါ်နှင့်တောလမ်းများတွင် လမ်းလျှောက်သည့်အချိန်၌ ဖျတ်လတ်မှုကို +၁၀ ရရှိသည်။ ကိုယ်ဖော့ပညာ ကျွမ်းကျင်မှု တိုးတက်နှုန်းကို ၃% မြှင့်တင်ပေးသည်။

ဖော်ပြချက်: "နတ်ဘုရားအဆင့် သဘာဝရတနာ" တစ်ခုကို ပထမဆုံး စားသုံးနိုင်ခဲ့သည့် ကစားသမားအား ဂုဏ်ပြုရန် ကျပန်းမဲနှိုက်ပေးသော လျှို့ဝှက်ဆုလက်ဆောင်။ ချူလော့ကျွင်း အတွက်သာ သီးသန့်ဖြစ်ပြီး ရောင်းချ၍ မရ လွှဲပြောင်း၍ မရချေ။ ပိုးသားနှင့်ဝါဂွမ်း အကောင်းစားများဖြင့် ပြုလုပ်ထားသော ဤဖိနပ်များသည် သက်တောင့်သက်သာရှိပြီး ပေါ့ပါးကာ ကြံ့ခိုင်မှု အလွန်ကောင်းမွန်သည်။ ဓားသွားပေါ်တွင် နင်းလျှင်ပင် အလွယ်တကူ ထိခိုက်ဒဏ်ရာ မရနိုင်ချေ။

ဤပထမဆုံး အထူးပစ္စည်းသည် ချူကျန့်၏ လက်ရှိခရီးကြမ်းအတွက် အလွန်သင့်လျော်လှပေသည်။ ဝန် +၅ တိုးလာသည့်တိုင်အောင် တောထဲတွင် သွားလာရာ၌ ဖျတ်လတ်မှု ၂၀မှတ် အသားတင် တိုးလာမည်ဖြစ်ရာ သူ၏ခရီးသွားနှုန်းကို ထက်ဝက်နီးပါး မြန်ဆန်စေပေမည်။

ထို့ကြောင့် ထိုဖိနပ်မှ ဖျော့တော့တော့ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေခြင်းမှာ အနည်းငယ် သိသာလွန်းနေသော်လည်း ချူကျန့်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စီးလိုက်၏။ တောနက်ထဲတွင် တခြားကစားသမားများနှင့် တွေ့ဆုံရန် အခွင့်အရေးမှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေသောကြောင့်ပင်။

အမှန်အားဖြင့် သူ မဲပေါက်ထားသော ဒုတိယမြောက် အထူးပစ္စည်းမှာ ပို၍ပင် စွမ်းအားကြီးမားသည်။ သို့ရာတွင် ချူကျန့်သည် ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး ဝတ်ဆင်ရန် စိတ်ကူး လုံးဝမရှိတော့ချေ။

[ ချန်လန် လွတ်လပ်ဝိညာဉ် ဝတ်ရုံ ]

အမျိုးအစား: သံချပ်ကာ (အထူး)

အဆင့်: ခရမ်းရောင် ကြယ်တစ်ပွင့်

ကာကွယ်မှု : ၅၀

ရုပ်ရည်သွင်ပြင် : ၁၀

တပ်ဆင်ရန် လိုအပ်ချက်: +၂၅

တပ်ဆင်မှု ဆုကြေး: ဝတ်ဆင်သူကို ရေပေါ်တွင် မနစ်မြုပ်ဘဲ ပေါ်နေစေသည်။ ရေထဲတွင် ရှိနေစဉ် ဝန်ကို သုညသို့ လျှော့ချပေးပြီး ဖျတ်လတ်မှုကို ထိခိုက်စေခြင်း မရှိချေ။

ဖော်ပြချက်: ကစားသမားတစ်ဦးသည် သူ့ထက် အဆင့်ဆယ်ဆင့်မြင့်သော Boss တစ်ကောင်ကို ပထမဆုံး သတ်ဖြတ်နိုင်ခဲ့သည့် ကစားသမားအတွက် လျှို့ဝှက်ဆုလက်ဆောင်။ ချူလော့ကျွင်း အတွက်သာ သီးသန့် ဖြစ်ပြီး ရောင်းချ၍ မရ လွှဲပြောင်း၍ မရချေ။ ထူးဆန်းသော သားရဲများ၏ အရေခွံများ အကြောများနှင့် ရှားပါးငှက်မွေးများ ပိုးသားကောင်းများဖြင့် ယက်လုပ်ထားသည်။ ရေစိုခံနိုင်စွမ်း အလွန်မြင့်မားပြီး ဝတ်ဆင်သူအား လှေမလိုဘဲ မြစ်များကို ဖြတ်ကူးစေနိုင်သည်။ ထိုအရာ၏ လက်ရာမြောက်သောဒီဇိုင်းနှင့် စတိုင်ကျသော ပုံစံသည် အမျိုးသမီး NPC များ၏ အကြည့်ကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး သူမတို့၏မျက်နှာသာပေးမှုကို တိုးမြှင့်ပေးပေလိမ့်မည်။

တခြားကစားသမားတစ်ယောက်သာ ခရမ်းရောင်တောက်ပနေသော ဤဝတ်ရုံကို မြင်လိုက်လျှင် စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်မိကြပေလိမ့်မည်။ ဤသည်မှာ ခရမ်းရောင်အဆင့် သံချပ်ကာပင်။ လက်ရှိတွင် အစိမ်းရောင်အဆင့် ပစ္စည်းများပင် ခေတ်မစားသေးသဖြင့် ကစားသမားအများစုသည် အခြေခံအဆင့် အဖြူရောင်ပစ္စည်းများကိုသာ ဝတ်ဆင်နေကြရပြီး အပြာရောင်အဆင့်သည်ပင် ရှားပါးမြင်ကွင်း ဖြစ်နေသေးသည်။ ခရမ်းရောင် အဆင့်မြင့်ပစ္စည်းဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဤဝတ်ရုံသည် ဆာဗာသစ်တစ်ခုလုံးတွင် ပထမဆုံးနှင့်တစ်ခုတည်းသော ခရမ်းရောင်ပစ္စည်း ဖြစ်နိုင်သည်။

သို့ရာတွင် ချူကျန့်အတွက်မူ... 'အမျိုးသမီး NPC တွေကို ဆွဲဆောင်တာတွေ သေလိုက်စမ်း... မျက်နှာသာပေးမှု တိုးတာတွေ သေလိုက်စမ်း'

သူ ဤဖော်ပြချက်ကို ဖတ်ပြီး ရယ်ရလွန်း၍ မျက်ရည်ပင် ထွက်ချင်လာသည်။ ဂိမ်းဖန်တီးသူများသည် မည်မျှထိ အချစ်စိတ်များ ထက်သန်နေကြသနည်း။ သာမာန်လူအဖြစ် သိုသိုသိပ်သိပ်နေလိုသော ချူကျန့်အတွက် အာရုံစိုက်ခံရခြင်းသည် အဆိုးရွားဆုံး အဆိပ်အတောက်ပင်။ ဤဖော်ပြချက်ကို မေ့ထားလိုက်လျှင်ပင် ရုပ်ရည်သွင်ပြင်+၁၀ တိုးလာခြင်း တစ်ချက်တည်းဖြင့်ပင် သူ ငြင်းပယ်ရန် လုံလောက်နေလေပြီ။ ထို့ပြင် ကစားသမားပေါင်းများစွာ၏ လိုက်လံသတ်ဖြတ်ခြင်း ပစ်မှတ် ဖြစ်နေသူအနေဖြင့် ဤမျှ တောက်ပြောင်ပြီး ခရမ်းရောင်လင်းလက်နေသော ရတနာကို ဝတ်ဆင်ထားခြင်းသည် ပြဿနာကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဝန် +၂၅ လိုအပ်ချက်က သူ၏ဖျတ်လတ်မှု၂၅ မှတ်ကို လျှော့ချပစ်ပေမည်။ ဤအခြေအနေဖြင့် သူ မည်သို့ လမ်းလျှောက်ရမည်နည်း။

သေချာသည်မှာ သူ ဤပစ္စည်းကို မရောင်းလိုချေ။ မည်သို့ပင်ဆိုစေကာမူ သူ ရောင်းချ၍လည်း မရနိုင်သော ပစ္စည်း ဖြစ်နေသည်။ ရေပေါ်တွင် ပေါ်နိုင်ခြင်းနှင့် ရေထဲတွင် ဝန်သုညဖြစ်ခြင်းကြောင့် သူ မြစ်ကူးရာတွင် အသုံးဝင်ပေမည်။ သို့ရာတွင် သူ အသတ်ခံရပြီး ပစ္စည်းအလုခံရနိုင်ခြေ ရှိနေသော်လည်း သူကိုယ်တိုင် ရောင်းချ၍ မရအောင် လုပ်ထားခြင်းက အမှန်တကယ်ကို အကျင့်ယုတ်သော ဂိမ်းစည်းမျဥ်းပင်။

တတိယမြောက် ပစ္စည်းကမူ ချူကျန့်ကို အချိန်တခဏကြာမျှ ကြက်သေသေသွားစေပေ၏။ ဖော်ပြချက်ကို ဖတ်ပြီးနောက် သူသည် ထိုအရာကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး နောက်ပိုင်း၌ ပြန်ရှာတွေ့နိုင်ရန် သော့ခတ်၍ အမှတ်အသား ပြုလုပ်ထားလိုက်၏။

မိုင်တစ်သောင်း ချောမွေ့လမ်းလျှောက်ဖိနပ်ကို စီးလိုက်သည့်အချိန်၌ ချူကျန့်၏ခရီးလမ်း ပို၍သက်တောင့်သက်သာ ဖြစ်သွားသည်။ ဖျတ်လတ်မှု၂၀မှတ် တိုးလာခြင်းက သူ၏ကိုယ်ဖော့ပညာရပ်များကို ကောင်းစွာအသုံးချနိုင်ရန် လုံလောက်သည်။ လျှို့ဝှက်သိုင်းကမ္ဘာတွင် ကိုယ်ဖော့ပညာရပ်ပေါင်း ဆယ်နှင့်ချီ၍ ကျွမ်းကျင်ခဲ့ဖူးသူ ဖြစ်သဖြင့် သူ၏ကျွမ်းကျင်မှုအဆင့်သည် သာမန်ထက် လွန်ကဲနေလေပြီ။ "ဆီးနှင်းပေါ် ခြေရာမထင်ဘဲ လျှောက်ခြင်း" ဆိုသည်မှာ သူ့အတွက် ကလေးကစားစရာသက်သက်ပင်။

သူသည် တောင်ပေါ်မြေပြင်အနေအထားနှင့် အလွန်ကိုက်ညီသော "စိတ်ဝိညာဉ်မျောက် အသွင်ပြောင်းခြင်း"ဟု ခေါ်သော ကိုယ်ဖော့ပညာရပ်ကို ထုတ်သုံးလိုက်သည်။ သူသည် မျောက်တစ်ကောင် သို့မဟုတ် ငှက်တစ်ကောင်ကဲ့သို့ တောထဲတွင် ခုန်လွှားပျံသန်းနေပေ၏။ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချွမ်ကျန်းအတွင်းအားကျင့်စဥ်ကြောင့် သူ၏အသက်ရှူနှုန်းသည် ရှည်လျား၍ တည်ငြိမ်နေပြီး ကိုယ်ဖော့ပညာကို အချိန်ကြာမြင့်စွာ ဆက်တိုက်အသုံးပြုနိုင်စေသည်။

သူသည် နေ လ နှင့် ကြယ်တာရာများကို ကြည့်ပြီး လမ်းကြောင်းကို ဆုံးဖြတ်သည်။ သူ ဗိုက်ဆာလျှင် အမဲလိုက်ကာ ရေငတ်လျှင် စမ်းချောင်းရေကို သောက်ပြီး သူ ပင်ပန်းလျှင် Log out လုပ်ပြီး အနားယူလိုက်၏။ ခရီးလမ်းသည် အထီးကျန်ဆန်သော်လည်း ချူကျန့်သည် တစ်ယောက်တည်း နေရခြင်းကို ကျင့်သားရနေလေပြီ။

အချိန်ငါးရက် ကြာမြင့်သွားခဲ့သည်။ ချူကျန့်သည် ခရီးတစ်ဝက်နီးပါးသို့ ရောက်ရှိနေပေ၏။ သူ သစ်ကိုင်းတစ်ခုပေါ်သို့ ကျွမ်းထိုးပြီး ဆင်းသက်အနားယူလိုက်စဉ်တွင် "တင်" ဟူသော အသံကို ကြားလိုက်ရသည်။

"သင်သည် ကိုယ်ဖော့ပညာ လှုပ်ရှားမှုများကို တိကျပြတ်သားစွာနှင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်...စစ်ဆေးချက်များအရ ဤလှုပ်ရှားမှုကို 'သိုင်းပညာ စာကြည့်တိုက်' တွင် မှတ်တမ်းတင်ထားခြင်း မရှိသေးချေ....ထိုကြောင့် သင့်၏မူပိုင်ဖန်တီးမှုအတွက် လိုအပ်ချက်များနှင့် ပြည့်မီသည်... ကျေးဇူးပြု၍ သိုင်းကွက်အမည်ကို သင် ပေးရမည်.... စက္ကန့်သုံးဆယ်အတွင်း အမည်မပေးပါက စနစ်မှ အလိုအလျောက် အမည်သတ်မှတ်ပေးမည်"

ချူကျန့် အံ့အားသင့်သွားသည်။ မူပိုင်ကိုယ်ဖော့ပညာရပ်ဟု ဆိုသလော။ သူသည် ဤရက်ပိုင်းအတွင်းတွင်း "စိတ်ဝိညာဉ်မျောက် အသွင်ပြောင်းခြင်း" လှုပ်ရှားမှုတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်နေခဲ့မိသဖြင့် စနစ်က ထိုအရာကို မှတ်တမ်းတင်သွားခြင်း ဖြစ်ပေမည်။

ချူကျန့်သည် သူ့နဖူးသူ ရိုက်လိုက်မိ၏။ သူသည် ခရီးသွားရန်ကိုသာ အာရုံစိုက်နေမိသဖြင့် ဂိမ်းစနစ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး "မူပိုင် သိုင်းပညာရပ်များ" အဖြစ် ဆုံးဖြတ်ပေးတတ်သည်ကို မေ့လျော့နေခဲ့သည်။ သူ၏ "စိတ်ဝိညာဉ်မျောက် အသွင်ပြောင်းခြင်း"သည် "လေပြင်းဓားသိုင်း"ကဲ့သို့ အသုံးမဝင်သော ပညာရပ် မဟုတ်ချေ။ ဤသည်မှာ ခရီးသွားလာခြင်းနှင့် တိုက်ပွဲတွင်ရှောင်တိမ်းခြင်းတို့အတွက် အသုံးဝင်သည့် အဆင့်မြင့်သိုင်းပညာရပ်တစ်ခုပင်။

အကယ်၍ အကဲဖြတ်ရမှတ် မြင့်မားပြီး ဆာဗာတစ်ခုလုံး ကြေညာချက် ထပ်တက်လာလျှင် သူ ဒုက္ခတွေ့ပေတော့မည်။ မူပိုင်သိုင်းပညာရပ်သည် ဖန်တီးသူ၏တည်နေရာကိုလည်း ထုတ်ပြန်ကြေညာလေ့ရှိပေ၏။

သူသည် ထိုမူပိုင်နာမည်ပေးခြင်းလုပ်ငန်းစဉ်ကို ဖျက်သိမ်းရန် ကြိုးစားသော်လည်း မရခဲ့ချေ။ အချိန်မှတ်နာရီ ကုန်ဆုံးခါနီးတွင် သူ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး Log out လုပ်လိုက်သည်။ သူ အော့ဖ်လိုင်းဖြစ်နေစဥ်တွင် စနစ်မှ အတင်းအကြပ် နာမည်ပေးခိုင်း၍မရဟု သူ ယုံကြည်သည်။

သို့ရာတွင် သူ နေ့လယ်စာစားကာ တစ်မှေးအိပ်ပြီး ဂိမ်းထဲသို့ ပြန်ဝင်လာချိန်၌ တက်လာသော စာသားကြောင့် သူ ကြက်သေသေသွားတော့သည်။

"ဂုဏ်ယူပါသည်....သင့်၏ မူပိုင် ကိုယ်ဖော့ပညာရပ်ဖြစ်သော 'မိစ္ဆာသုတ်သင် ကြယ်ကြွေမိုး နတ်ဘုရား လေဟုန်စီး သိုင်းကွက်'ကို အောင်မြင်စွာ မှတ်တမ်းတင်လိုက်ပါပြီ..."

ချူကျန့် သွေးအန်ချင်စိတ်ပေါက်သွားသည်။

'နောက်ထပ် အဓိပ္ပါယ်မရှိဘဲ ဟိတ်ဟန်ကြီးတဲ့ ဆယ်ကျော်သက်စိတ်ကူးယဥ် နာမည်ကြီးလား... စနစ်ရဲ့ Aiက အလယ်တန်းကျောင်းသားလေးများ ဖြစ်နေမလား"

သူသည် ကြောက်လန့်တကြားဖြင့် "ပိုင်ရှောင်ရှင်း၏ မဟာသိုင်းလောကဒဏ္ဍာရီ မှတ်တမ်း" ကို ဝင်ရောက်စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဆာဗာတစ်ခုလုံး ကြေကြာချက် တက်မလာခဲ့ချေ။ သူ သိုင်းပညာ စာမျက်နှာကို ချက်ချင်းဖွင့်ကြည့်လိုက်၏။

[ မိစ္ဆာသုတ်သင် ကြယ်ကြွေမိုး နတ်ဘုရား လေဟုန်စီး သိုင်းကွက် ]

အဆင့်: အဆင့်မြင့်

ကျင့်ကြံမှု: အဆင့် ၁ / ၇

သက်ရောက်မှု: ဖျတ်လတ်မှု +၃၀%

ဖော်ပြချက်: ကစားသမား ချူလော့ကျွင်း ဖန်တီးထားသော ထူးခြားသည့် ကိုယ်ဖော့ပညာရပ် ဖြစ်ပြီး လှုပ်ရှားမှု ၅၆ မျိုး ပါဝင်သည်...ဘက်စုံအသုံးဝင်ပြီး တောင်များနှင့် တောအုပ်များကို ဖြတ်သန်းသွားလာရာတွင် အလွန်ကောင်းမွန်ကာ တိုက်ခိုက်မှုများကို ရှောင်တိမ်းရာတွင်လည်း ထိရောက်မှု ရှိပုံရသည်...

ချူကျန့် သက်ပြင်းချလိုက်သည်။ ဤကိုယ်ဖော့ပညာရပ်ကို "အဆင့်မြင့်"ဟုသာ သတ်မှတ်ခံရသည်။ သူသည် ယခင်က အဆင့်မြင့် သိုင်းကွက်တစ်ခုကို ဖန်တီးခဲ့ဖူးပြီး ဖြစ်သောကြောင့် ဤတစ်ခုအတွက် ကြေညာချက် ထွက်မလာခြင်းပင်။ သူသည် ယခုအချိန်၌ မူပိုင်သိုင်းပညာရပ် ဦးဆောင်သူစာရင်းတွင် အဆင့်တစ် နှင့် အဆင့်နှစ် နေရာများကို ရယူထားသည်။ သို့ရာတွင် "ကြွေးထူ အတိုးမကြောက်" ဟူသည့်အတိုင်း သူ ဂရုမစိုက်တော့ချေ။ သူ၏တည်နေရာကို မကြေညာသမျှ ကိစ္စမရှိပေ။ ထို့ပြင် ဖျတ်လတ်မှု ၃၀% ဆုကြေးက သူ၏ခရီးစဉ်ကို များစွာပို၍ လျှင်မြန်စေလိမ့်မည်။

ရှစ်ရက်ရှစ်ညနီးပါး ခရီးနှင်ပြီးနောက် ချူကျန့်သည် နောက်ဆုံးတွင် မြင်းဖြူကျောင်းတော်မြို့၏ အစွန်အဖျားသို့ ရောက်ရှိလာသည်။ ဤသည်မှာ တုံထင်ရေအိုင်၏ကမ်းစပ်ရှိ မြို့ငယ်လေးဖြစ်ပြီး မြို့ရိုးများ မရှိချေ။ မြို့၏အဓိကဝင်ပေါက်ရှိ ကင်းတဲတွင်သာ အစောင့်များ ရှိပြီး ခရီးသည်များထံမှ လာဘ်ငွေများ စစ်ဆေးတောင်းခံလေ့ရှိသည်။ ညရောက်သည်နှင့် ကင်းတဲထံတွင် လူသူကင်းမဲ့သွားလေ့ ရှိပေ၏။

ချူကျန့်သည် ခရီးသွားလက်မှတ် ပြရန်မလိုဘဲ မှောင်ရိပ်ခိုကာ မြို့ထဲသို့ ဝင်ရောက်သွားနိုင်တော့သည်။

All Chapters