မြင်းဖြူကျောင်းတော်မြို့ နှင့် ဆေးဘုရင်စံအိမ်
Vol. 5 Ch. 59
မြင်းဖြူကျောင်းတော်မြို့သည် စည်းစိမ်ချမ်းသာစံအိမ်၏အနီးရှိ တောင်ပေါ်မြို့လေးထက် များစွာမကြီးမားချေ။ လမ်းမများသည် ကျဉ်းမြောင်းပြီး မြင်းနှစ်ကောင် ယှဉ်သွားရန်ပင် မလွယ်ကူပေ။ မြို့ထဲသို့ မဝင်မီ ချူကျန့်သည် ကြည်လင်သောမြစ်ထဲတွင် ရေချိုးခဲ့ပြီး သန့်ရှင်းသော်လည်း ကြမ်းတမ်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ လက်နက်များကို ဖုံးကွယ်ထားခဲ့သည်။ လဝက်ခန့်အတွင်း ရှည်ထွက်လာသော မုတ်ဆိတ်မွေးများနှင့်အတူ သူသည် ဖိုသီဖတ်သီ ပုံစံပေါက်နေသော ဆင်းရဲသား စာပေပညာရှင်တစ်ယောက်နှင့် တူညီနေပြီး လူအများ သတိထားမိစရာ လုံးဝမရှိပေ။
စိတ်သက်သာစရာ ကောင်းသည်မှာ မြို့ထဲရောက်သည်နှင့် သူ၏ IDနှင့် ဘွဲ့ထူးဂုဏ်ထူးများ အလိုအလျောက် ဖုံးကွယ်သွားခြင်းပင်။ ဤနေရာသည် ဘေးကင်းဇုန်ပင်။
သူ ဖတ်ခဲ့ဖူးသော ဂိမ်းလမ်းညွှန်ကို ပြန်သတိရပြီး ချူကျန့်သည် "ကယ်တင်ရှင် ဆေးခန်း" ဟု ခေါ်သော ဆေးခန်းသို့ ရောက်ရှိလာသည်။ ညအချိန် ဖြစ်၍ ဆိုင်ပိတ်ထားသည်ကို တွေ့ရသော်လည်း သူ စိတ်မပူချေ။ ချမ်းသာသော အိမ်တစ်အိမ်၏ ခြံစည်းရိုးကို ကျော်ခွဝင်ကာ သိုလှောင်ရုံတစ်ခုထဲတွင် ဝင်ရောက်အိပ်စက်လိုက်၏။
သူ၏သိုင်းပညာ အကဲဖြတ်ရမှတ်သည် တစ်ရာသာ ရှိသေးသဖြင့် ဤတာဝန်၏ လက်စားချေမှု လမ်းကြောင်း ပွင့်သွားမည်ကို စိုးရိမ်ရန် မလိုသေးချေ။ သို့ရာတွင် လမ်းညွှန်အရ အလုပ်ကြမ်း လမ်းကြောင်းမှတစ်ဆင့် ဆေးဘုရင်နတ်ဘုရားကျမ်းကို ရယူရန်အတွက် ကြီးမားသော ကံတရားလည်း လိုအပ်သည်ဟု ဖော်ပြထားပေ၏။
ပထမလိုအပ်ချက်မှာ ဆေးဘုရင်စံအိမ်၏ စိတ်ဝင်စားမှုကို ရယူရန်ပင်။ ဤအတွက် မြို့ထဲတွင် ရှားပါးရတနာများ ရောင်းချခြင်း သို့မဟုတ် မြင်းဖြူကျောင်းတော်မြို့ရှိ သမားတော်တိုင်း လက်မြှောက်ရမည့် ရောဂါဆန်းတစ်ခုကို တင်ပြခြင်းဖြင့် ဆေးဘုရင်စံအိမ်သို့ ပို့ဆောင်ခံရအောင် လုပ်ဆောင်ရပေမည်။
ဤအဆင့်တစ်ခုတည်းကပင် ကစားသမားအများစုကို တားဆီးထားနိုင်သည်။ အဆိပ်မိသောနည်းလမ်းသည် သာမန်ဖြစ်သော်လည်း အဆိပ်မိပြီးသည်နှင့် မြို့သို့ရောက်အောင် အသက်ရှင်သန်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ပုံမှန်နည်းဗျူဟာအရ သေစေလောက်သည်အထိ မဖြစ်စေသော ရှားပါးအဆိပ်များကို ဝယ်သောက်ခြင်း ဖြစ်သော်လည်း ထိုအဆိပ်များသည် ဆာဗာအဟောင်းများတွင်ပင် ဈေးကြီးပြီး ပစ္စည်းပြတ်လပ်နေတတ်သည်။ ဤဆာဗာသစ်တွင်မူ မျှော်လင့်ချက် မရှိချေ။ ထို့ပြင် ချူကျန့်သည် အဆိပ်ပြီးသူ ဖြစ်သဖြင့် အဆိပ်သောက်သည့်တိုင် မည်သို့မျှ ထိခိုက်လာမည် မဟုတ်ချေ။
သို့ရာတွင် သူ့ထံ၌ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသား ဖြစ်ပေ၏။
ဒုတိယလိုအပ်ချက်မှာ အဆိပ်လက်ချောင်း ဆေးဘုရင်၏ တိုက်ရိုက်ဆက်ခံသူ ချန်လင်စု ဆိုသော မိန်းကလေးနှင့် တွေ့ဆုံရန် လုံလောက်သော ကံတရား ရှိရပေမည်။ ဤမိန်းကလေးသည် ရှာတွေ့ရန် ခက်ခဲပြီး ကံမပါလျှင် နှစ်တစ်ရာကြာအောင် လှည့်ပတ်ရှာဖွေသည့်တိုင် မည်သို့မျှ တွေ့ဆုံရမည် မဟုတ်ပေ။
တတိယလိုအပ်ချက်မှာ သူမကို ကူညီပေးရန် စည်းရုံးခြင်း ဆေးပညာကို စိတ်ဝင်စားကြောင်း ပြသခြင်းနှင့် သူမအတွက် ဆေးပင်များ စိုက်ပျိုးပေးရန် လုပ်အားပေးခြင်းတို့ ဖြစ်သည်။ သူမ၏မျက်နှာသာပေးမှုကို ရယူပြီး တပည့်ခံခြင်းဖြင့် နောက်ဆုံးတွင် ဆေးဘုရင်နတ်ဘုရားကျမ်းကို ဆက်ခံရရှိနိုင်ပေမည်။
တတိယအဆင့်သည် အခက်ခဲဆုံးပင်။ လမ်းညွှန်ရေးသားသော ကျွမ်းကျင်ပညာရှင်ပင်လျှင် ထိုနေရာတွင် သောင်တင်ခဲ့ဖူးသည်။ သူသည် တစ်လလုံး အလုပ်လုပ်ပေးခဲ့သော်လည်း ချန်လင်စုကို နှစ်ကြိမ်ထက် ပိုမတွေ့ရဘဲ နောက်ဆုံးတွင် အဆင့်မြင့် အဆိပ်ဖြေဆေး တစ်လုံးတည်းဖြင့် အိမ်ပြန်လွှတ်ခြင်း ခံလိုက်ရသည်။ သူမ၏ ဆက်ခံသူ ဖြစ်လာနိုင်သည် ဆိုသော အချက်မှာ 'ဆေးဘုရင်နတ်ဘုရားကျမ်းကို ချန်လင်းစုထံမှ သင်ယူနိုင်သည်'ဟူသော တရားဝင် ဇာတ်လမ်းနောက်ခံ စာကြောင်းတစ်ကြောင်းအပေါ် အခြေခံ၍ ခန့်မှန်းထားခြင်းသာ ဖြစ်သည်။
ဤ "အလုပ်ကြမ်း လမ်းကြောင်း" သည် အလွန်ငြီးငွေ့ဖွယ် ကောင်းသဖြင့် ကစားသမား အနည်းစုကသာ ကြိုးစားကြပေ၏။ အများစုသည် "သူရဲကောင်းက မိန်းမလှကို ကယ်တင်ခြင်း" လမ်းကြောင်းဖြစ်သည့် လက်စားချေမှု လမ်းကြောင်းကို ပိုနှစ်သက်ကြသည်။ သို့ရာတွင် ထိုလမ်းကြောင်းတွင် အားကောင်းသော ရန်သူအမြောက်အများကို ရှင်သန်ကျော်ဖြတ်နိုင်ရန် မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည် လိုအပ်ပြီး ဆုလက်ဆောင်မှာလည်း ဆေးလုံးတစ်လုံးသာ ဖြစ်လေ့ရှိသည်။
အထက်ပါအကြောင်းများကြောင့် လမ်းညွှန်ထဲတွင် "ဆေးဘုရင်နတ်ဘုရားကျမ်း" ကို ကံကောင်းမှသာ ရရှိနိုင်ပြီး တကယ်တမ်း ရရှိရန်မှာမူ မျှော်လင့်ချက် မထားသင့်ကြောင်း ရေးသားထားပေ၏။
ချူကျန့်သည် ဆေးဘုရင်တောင်ကြားကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းထဲသို့ မဝင်လို့သဖြင့် သူ၏ရွေးချယ်စရာများမှာ အကန့်အသတ် ရှိနေသည်။ မြို့ရှိ သမားတော်များထံမှ ဆေးပညာသင်ယူပြီး အဆင့်နိမ့် ဆေးပညာရှင်အဖြစ် ထာဝရ နေမည်လော သို့မဟုတ် ချန်လင်းစုထံမှ ကျမ်းစာအုပ်ကို ရအောင် ယူမည်လောဟူသော ရွေးချယ်မှုနှစ်ခုသာ သူ့ထံ၌ ရှိသည်။
နောက်တစ်နေ့နံနက်တွင် ချူကျန့်သည် လူအုပ်နှင့် ရောနှောပြီး ကယ်တင်ရှင်ဆေးခန်းသို့ ဝင်ရောက်လာခဲ့သည်။
မြို့ထဲတွင် ဆေးခန်းနှစ်ဆယ်ကျော် ရှိသော်လည်း ကယ်တင်ရှင်ဆေးခန်းသည် အကျော်ကြားဆုံးပင်။ ဆေးပညာအလုပ်သင်တစ်ယောက်က သူ့ကို ကြိုဆိုခဲ့သည်။ ဆေးဖိုးငွေကို ပေးချေပြီးနောက် ဆေးပညာအလုပ်သင်က ပျင်းရိပျင်းတွဲဖြင့် သူ၏ရောဂါလက္ခဏာများကို မေးမြန်းလေ၏။
ချူကျန့်က နာကျင်လွန်း၍ ရှုံမဲ့နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ကျွန်တော့်ရဲ့ အပ်စိုက်မှတ် ကိုးနေရာက မကြာခဏဆိုသလို တစ်ချိန်တည်းမှာ နေရာရွေ့သွားတတ်တယ်... အဲ့ဒီလိုဖြစ်ရင် တစ်ကိုယ်လုံး နာကျင်ပြီး တက်သွားတာပဲ... ပြန်သက်သာဖို့အတွက် တစ်နာရီလောက် ကြာတယ်... ကယ်တင်ရှင်ဆေးခန်းက နှစ်တစ်ရာ သမိုင်းကြောင်းရှိပြီးတော့ ထူးချွန်တဲ့ သမားတော်တွေ ရှိတယ်လို့ ကြားဖူးတာကြောင့် ကျွန်တော်က အကူအညီ လာတောင်းတာပါ"
ဆေးပညာအလုပ်သင်သည် ဤကဲ့သို့သော ရောဂါလက္ခဏာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သဖြင့် ကြက်သေသေသွားသည်။ သူတို့ စကားပြောဆိုနေစဉ် အချိန်အတွင်းမှာပင် ချူကျန့်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။
ဆေးပညာအလုပ်သင်သည် တခြားလူများကို ခေါ်ပြီး သူ့ကို ဖိထားခိုင်းကာ စမ်းသပ်စစ်ဆေးလိုက်၏။ ချူကျန့်၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် ကိုးနေရာသည် အမှန်တကယ်ကို နေရာရွေ့သွားပြီး တည်နေရာ အဆက်မပြတ် ပြောင်းလဲနေကြောင်း တွေ့ရသဖြင့် သူ ထိတ်လန့်သွားသည်။
ဆေးပညာအလုပ်သင်သည် ဇောချွေးပြန်လာပြီး သူ နှိပ်နယ်ပေးသော်လည်း မည်သို့မျှ ထူးခြားမလာချေ။ သူသည် ဆိုင်တာဝန်ခံဖြစ်သော သူ၏ဆရာကို အလျင်အမြန် သွားခေါ်လိုက်၏။ အသက်ငါးဆယ်အရွယ် ဆိုင်တာဝန်ခံသည် အစပိုင်းတွင် ယုံကြည်မှု ရှိသော်လည်း မကြာမီမှာပင် လက်မှိုင်ချသွားသည်။ နောက်ဆုံးတွင် သူတို့သည် နောက်ဖေးခြံဝန်းမှ ဝါရင့်သမားတော်ကြီးကို ပင့်ဖိတ်လာကြသည်။
ထိုနာမည်ကျော် ဝါရင့်သမားတော်အိုကြီးပင်လျှင် မျက်မှောင်ကြုတ်သွားသည်။ ထိုသတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး မြို့အနှံ့မှ နာမည်ကြီး သမားတော်များ စုရုံးရောက်ရှိလာကြသော်လည်း သူတို့အားလုံး အကျပ်ရိုက်သွားကြ၏။
ချူကျန့်က သူ၏စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ ဤ "ရောဂါလက္ခဏာ"သည် အမှန်အားဖြင့် "နေရာရွေ့၍ သွေးကြောတွန်းခြင်း" ဟုခေါ်သော ပျောက်ဆုံးနေသည့် သိုင်းပညာရပ်တစ်ခုပင်။ ဤပညာရပ်သည် အပ်စိုက်မှတ်များကို တိုက်ခိုက်မခံရစေရန် အတွင်းအားကို အသုံးပြု၍ ယာယီရွှေ့ပြောင်းခြင်း ဖြစ်သည်။ သူ၏အတွင်းအားသည် အလွန်နည်းပါးနေသဖြင့် ဤနည်းလမ်းကို အတင်းအကြပ် သုံးလိုက်ချိန်တွင် သူ့အား အမှန်တကယ်ကို ဇောချွေးပြန်ပြီး တက်သွားစေသည်။
သူ၏သရုပ်ဆောင်မှုတွင် အပြစ်ပြောစရာ မရှိချေ။ တစ်နာရီခန့်ကြာချိန်၌ သူ သက်သာသွားဟန်ဆောင်လိုက်သည်။ သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေကာ ချွေးများရွှဲနစ်နေပြီး သမားတော်များကို ကုသပေးရန် တောင်းပန်လိုက်၏။
ဝါရင့်သမားတော်အိုကြီးက သက်ပြင်းချပြီး ပြောဆိုသည်။
"ငါတို့ရဲ့ ဆေးပညာစွမ်းရည်က နိမ့်ပါးလွန်းတယ်... ဆေးဘုရင်စံအိမ်က အဆိပ်လက်ချောင်းဆေးဘုရင်ကလွဲရင် မင်းကို ဘယ်သူမှ ကယ်နိုင်မယ် မထင်ဘူး"
သူ အောင်မြင်သွားခဲ့ကာ ပထမဆုံး လိုအပ်ချက်ကို ပြည့်မီသွားခဲ့လေပြီ။
ချူကျန့်သည် သူတို့ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဆေးဘုရင်စံအိမ်ရှိရာ ယေဘုယျအရပ်မျက်နှာကို မေးမြန်းလိုက်သည်။ သို့ရာတွင် သမားတော်များပင်လျှင် ထိုစံအိမ်၏ တည်နေရာအတိအကျကို မသိကြချေ။
သူသည် မြို့မှ ထွက်ခွာပြီး အနောက်ဘက်ရှိ တောင်ကုန်းငယ်များဆီသို့ ဦးတည်သွားလိုက်သည်။ သူ သိချင်နေသည်မှာ သမားတော်များက အဆိပ်လက်ချောင်း ဆေးဘုရင်ဟုသာ ပြောကြသော်လည်း လမ်းညွှန်တွင်မူ ပစ်မှတ်သည် တပည့်ဖြစ်သူ ချန်လင်စုဟု ပြောထားခြင်းပင်။
အချိန်တခဏကြာမျှ လမ်းလျှောက်ပြီးနောက် သူသည် တောင်ခြေသို့ ရောက်ရှိလာပြီး ဆေးပင်တူးပေါက်ပြားကို ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦးက ဆေးပင်များ ရှာဖွေနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအဘိုးအို၏ တည်ငြိမ်သော ခြေလှမ်းများနှင့် မွန်မြတ်သော ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် အားကောင်းသော သိုင်းသမားတစ်ဦးဖြစ်ကာ ယန်ချီနှင့် တန်းတူအဆင့်တွင် ရှိနေနိုင်သူ ဖြစ်ကြောင်း ချူကျန့်က ရိပ်မိလိုက်သည်။
'ဒါက အဆိပ်လက်ချောင်း ဆေးဘုရင် ဖြစ်နေမလား'
ချူကျန့်သည် ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေပေးပြီး စမ်းသပ်မေးမြန်းလိုက်သည်။
"စီနီယာ... ဆေးဘုရင်စံအိမ်က ဒီဘက်မှာလား...."
ထိုအဘိုးအိုသည် နားမကြားသကဲ့သို့ ပြုမူနေသော်လည်း တိတ်တဆိတ် သတိထားနေကြောင်း ချူကျန့်က သိရှိထားသည်။ ဤလူသည် ဆေးဘုရင် မဟုတ်လျှင်ပင် ဆေးဘုရင်စံအိမ်နှင့် ပတ်သက်ဆက်နွယ်နေသူတစ်ဦး သေချာပေါက် ဖြစ်ပေလိမ့်မည်။
ချူကျန့်သည် ထိုအဘိုးအို၏ မျက်နှာသာပေးမှုကို အရယူရန် ဆုံးဖြတ်လိုက်သည်။ သူသည် နံဘေးတွင် ယဉ်ကျေးစွာ ရပ်စောင့်နေကာ အဘိုးအို အနားယူချိန်ရောက်မှ ထပ်မံ၍ မေးမြန်းလိုက်သည်။ သို့ရာတွင် အဘိုးအိုသည် သူ့ကို လှည့်ပင် မကြည့်ချေ။
ချူကျန့်သည် မတတ်နိုင်တော့သဖြင့် လမ်းညွှန်အတိုင်း ချန်လင်စုကိုသာ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ "စံအိမ်"ဟု ခေါ်သောကြောင့် ကြီးမားသော အိမ်တော်ကြီးတစ်လုံး ဖြစ်မည်ဟု သူ မျှော်လင့်ထားသည်။
သူ တောင်ထိပ်သို့ အရှိန်မြှင့်၍ တက်သွားလိုက်၏။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ စိမ်းလန်းစိုပြေသော သစ်ပင်များမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရပေ။ ဝေးလံသော တောင်စောင်းတစ်ခုတွင် ခြောက်ကပ်နေသော တဲအိမ်လေးသုံးလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီး မရှိသည့်အပြင် တခြားသက်ရှိလက္ခဏာများကိုလည်း မတွေ့ရချေ။
တောင် မှားယွင်းနေသလော...အနောက်ဘက်သို့ ပိုကျနေသလော...
သူ သေချာကြည့်လိုက်ချိန်၌ တဲအိမ်သုံးလုံး၏ နောက်ဘက်တွင် ကြီးမားသော ပန်းခင်းကြီးတစ်ခု ရှိနေပြီး သစ်ရွက်များကြားတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် လူတစ်ယောက်သည် အပင်များကို ပြုစုစောင့်ရှောက်နေပေ၏။
သူ ထိုလူအား သွားရောက်မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။