← Chapters

ထူးဆန်းသော ရွာသူလေး

Vol. 5 Ch. 60

ထူးဆန်းသော ရွာသူလေး

Vol. 5 Ch. 60

တောင်ကွေ့လမ်းလေးအတိုင်း တောင်၏တစ်ဖက်ခြမ်းသို့ လျှောက်သွားလိုက်ရာ ချူကျန့်သည် အပင်များကို ခါးကိုင်းပြီး ပြုစုစောင့်ရှောက်နေသူအား အထင်းသား မြင်လိုက်ရသည်။ ထိုလူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်နေပေ၏။

သူမသည် အရပ်ပုပြီး ခန္ဓာကိုယ်လည်း အလွန်ပိန်ပါးရာ ငယ်ရွယ်သော မိန်းမပျိုလေးတစ်ဦး ဖြစ်ပုံရသည်။

တောင်ပေါ်ရွာများရှိ ရွာသူရွာသားများ အထူးသဖြင့် မိန်းမပျိုလေးများသည် သူစိမ်းယောက်ျားများကို အလွန်သတိထားတတ်ကြောင်း ချူကျန့်က ကောင်းစွာနားလည်ထားသည်။ ထိုကြောင့် သူသည် အဝတ်အစားများကို ကမန်းကတန်း သပ်ရပ်အောင် ပြုပြင်လိုက်ပြီး ရိုင်းစိုင်းသည့်ပုံစံ မရှိကြောင်း သေချာစေကာ အန္တရာယ်ကင်းပြီး ရိုးသားဟန်ပေါက်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ သူသည် လက်သီးဆုပ်ပြီးဂါရဝပြုကာ အလွန်ယဉ်ကျေးစွာဖြင့် မေးမြန်းလိုက်၏။

"မိန်းကလေး... ဆေးဘုရင်စံအိမ်ကို သွားတဲ့လမ်းကို သိလား...."

ထိုစကားကို ကြားချိန်တွင် ရွာသူလေးက ခေါင်းမော့ပြီး ချူကျန့်ကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်၌ ချူကျန့်သည် သူမ၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရလေပြီ။

ထိုမိန်းကလေးသည် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ထက် မပိုလောက်ချေ။ သူမ၏ ရုပ်ရည်သည် သာမန်ကာလျှံကာသာဖြစ်ပြီး အရုပ်ဆိုးသည်ဟု မဆိုသာသော်လည်း အလှပဂေးဟုခေါ်ဆိုရန် ခဲယဉ်းပေ၏။

သူမ၏မျက်နှာသည် ဖြူဖျော့နေကာ ဆံပင်များဝါကျင်ကျင်ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ပိန်လှီအားနည်းနေသည်။ သူမသည် အရပ်ပုလွန်းသဖြင့် အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ် အရွယ်လောက်သာ ထင်ရသည်။ ကြည့်လိုက်သည်နှင့် ဆင်းရဲနွမ်းပါးသော နောက်ခံမှလာသည့် အာဟာရချို့တဲ့နေသော တောသူမလေးတစ်ယောက်အလားပင်။

သို့ရာတွင် သူမ၏မျက်လုံးများကမူ ထူးခြားနေကာ ကြယ်တာရာများကဲ့သို့ တောက်ပပြီး ဉာဏ်ရည်ထက်မြက်သည့်ပုံဖြင့် ရွှန်းလက်နေသည်။ ထိုမျက်ဝန်းများက ချူကျန့်ကို ကြောင်အမ်းအမ်းဖြစ်ကာ ရပ်တန့်သွားစေခဲ့သည်။

ဤမိန်းကလေး၏ ရုပ်ရည်သွင်ပြင်သည် ကောရှန်နှင့် ယှဉ်လျှင် အဆမတန် ကွာခြားသော်လည်း ထိုမျက်ဝန်းများထဲမှ အလှတရားနှင့် တည်ငြိမ်မှုတို့မှာမူ ကောရှန်ထက် သိပ်မလျော့နည်းလှချေ။

'သောက်ကျိုးနည်း.... ငါက ဘာလို့ သူ့ကို ကောရှန်နဲ့ နှိုင်းယှဉ်နေရတာလဲ ...နေပါအုံး...ငါက ဘာကိစ္စ ကောရှန်အကြောင်းကို ထည့်တွေးနေရတာလဲ'

ချူကျန့်သည် လွင့်မျောနေသော အတွေးများကို ပြန်လည်၍ ထိန်းချုပ်လိုက်သည်။ ရွာသူလေးက သူ့ကို ကြည့်နေသည်အား မြင်လိုက်ရသဖြင့် သူက ကမန်းကတန်း လက်သီးဆုပ်၍ ဂါရဝပြုကာ ထပ်မံ၍ မေးမြန်းလိုက်၏။

"မိန်းကလေး....ဆေးဘုရင်စံအိမ်ကို ဘယ်လိုသွားရမလဲဆိုတာ မေးခွင့်ပြုပါ"

ရွာသူလေးက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အေးစက်စက်လေသံဖြင့် တုံ့ပြန်သည်။

"ငါ မသိဘူး..."

ထို့နောက် သူမသည် ခေါင်းငုံ့ကာ ပေါင်းသင်မြက်နှုတ်ခြင်းကိုသာ ပြန်လုပ်နေပြီး သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုထားတော့သည်။

ချူကျန့်သည် ဘေးဘီဝဲယာသို့ ကြည့်လိုက်သော်လည်း သူ၏မြင်ကွင်းတဆုံးတွင် နောက်ထပ်လူတစ်ယောက်ကိုမျှ အရိပ်အယောင်ပင် မတွေ့ရချေ။ သူက နေရာမှ မခွာဘဲ ရွာသူလေးကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်၏။

သူမ၏ ပေါင်းသင်မြက်နှုတ်ပြီး မြေဆွနေသော လှုပ်ရှားမှုများမှာ အလွန်ကျွမ်းကျင်ပိုင်နိုင်ကြောင်း သူ သတိထားမိလိုက်သည်။ သူမ၏ လက်သေးသေးလေးများသည် ကလေးတစ်ယောက်ကဲ့သို့ ပိန်ပါးသော်လည်း အတော်လေး အားကောင်းပုံရသည်။ သူမသည် သိုင်းပညာတက်မြောက်ထားပုံရပြီး သူ့ထက် မနိမ့်ကျလောက်ချေ။

အစောပိုင်းက သူ တွေ့ခဲ့သော သိုင်းပညာအဆင့်မြင့်သည့် အဖိုးအိုနှင့် ချိတ်ဆက်စဉ်းစားလိုက်ရာ ချူကျန့်၏ဦးနှောက် လျှင်မြန်စွာ အလုပ်လုပ်သွားသည်။ ကြီးမားခြင်းမရှိသော ဤတောင်ပေါ်တွင် တောင်ဘက်၌ အဖိုးအိုတစ်ဦး မြောက်ဘက်၌ ဤရွာသူလေးတို့ကို သူ တွေ့ဆုံခဲ့ရသည်။ သူတို့နှစ်ဦးလုံးသည် သိုင်းပညာတတ်ကျွမ်းကာ ဆေးပင်နှင့်ပန်းပင်များကို စိုက်ပျိုးနေကြ၏။ ဤအရာသည် တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ချေ။

သူတို့နှစ်ဦးလုံးသည် ဆေးဘုရင်စံအိမ်မှ လူများ ဖြစ်နေသလော....

သူမနှင့် မည်သို့ ရင်းနှီးအောင် လုပ်ရမည်ကို သူ စဉ်းစားနေစဉ်မှာပင် ရွာသူလေးက သူ မသွားသေးဘဲ မတ်တတ်ရပ်နေသည်ကို မြင်တွေ့သွားသည်။ သူမက မော့ကြည့်ပြီး အေးစက်စက်လေသံဖြင့် ထပ်မံ၍ ပြောဆိုလေ၏။

"ဖယ်လိုက်တော့.... ရှင်က နေရောင်ကို ကွယ်နေတယ်"

ဤသည်မှာ အကြောင်းမဲ့သက်သက် ရန်ရှာခြင်းပင်။ ချူကျန့်သည် လမ်းဘေးတွင် မတ်တတ်ရပ်နေခြင်းဖြစ်ပြီး အနည်းဆုံး သူမနှင့် တစ်ပေကျော်ခန့် ကွာဝေးသည်။ ယခုအချိန်သည် မွန်းတည့်ချိန်ဖြစ်ပြီး နေမင်းကြီးသည် ခေါင်းပေါ်တည့်တည့်တွင် ရှိနေသဖြင့် ချူကျန့်၏အရိပ်သည် သူ၏ခြေထောက်အောက်တည့်တည့်တွင်သာ ရှိနေပေ၏။ မိန်းကလေးကို နေရောင်ကွယ်ထားရန် နေနေသာသာ ပန်းခင်းထဲမှ အရွက်တစ်ရွက်ကိုပင် အရိပ်မိုးမနေချေ။

သို့ရာတွင် ဤအချက်က ချူကျန့်၏အတွေးများကို ပို၍သေချာသွားစေသည်။ သူမ၏ အကြောက်အလန့်ကင်းမဲ့သော ပုံစံကိုကြည့်လျှင် သာမန်ရွာသူလေးတစ်ယောက် လုံးလုံးလျားလျား မဟုတ်နိုင်ချေ။

ချူကျန့်က သူ၏ ပြိုင်ဘက်ကင်း သရုပ်ဆောင်စွမ်းရည်များကို ချက်ချင်း ထုတ်သုံးလိုက်တော့သည်။ သူ၏မျက်နှာတွင် ရိုးသားဖြူစင်ပြီး အားနာတတ်သည့် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ဟုတ်ကဲ့ပါ... မိန်းကလေးရဲ့ နေရောင်ကို ကွယ်မိတဲ့အတွက် တောင်းပန်ပါတယ်....တောင်းပန်ပါတယ်"

ထိုသို့ပြောဆိုရင်း သူသည် ဒေါသထွက်သည့် အရိပ်အယောင် လုံးဝမပြဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ငြိမ်သက်စွာ ပြန်လည်၍ မတ်တတ်ရပ်နေလိုက်၏။

ရွာသူလေးက သူ့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်မရှည်သည့်လေသံဖြင့် ပြောဆိုသည်။

"ရှင်က သစ်တုံးလား... အဲ့ဒီနေရာမှာ ဘာလုပ်ဖို့ ရပ်နေတာလဲ"

ချူကျန့်က ခေါင်းကုတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိသည့် ပုံစံဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလိုက်သည်။

"ငါ...ငါက ဆေးဘုရင်စံအိမ်ကို ရှာချင်လို့ပါ... ဒါပေမဲ့ လမ်းမသိလို့ပါ"

ထိုစကားကိုပြောဆိုရင်း သူသည် မရဲတရဲ ထိုင်ချလိုက်ပြီး ပန်းခင်း၏နံဘေးပတ်လည်ရှိ ပေါင်းပင်တချို့ကို ပေါ့ပေါ့ပါးပါး ဆွဲနှုတ်လိုက်သည်။

သူသည် လယ်ယာလုပ်ငန်းခွင်နှင့် မရင်းနှီးသော်လည်း မျက်စိလျင်ပေ၏။ ရွာသူလေး အစောပိုင်းက နှုတ်လိုက်သော ပေါင်းပင်များနှင့် တူသည့်အပင်များကိုသာ ရွေးနှုတ်ပြီး သူ မသိသည့် အပင်ဟူသမျှကို လုံးဝမထိဘဲ ချန်ထားခဲ့သည်။

ရွာသူလေးက သူ့ကို အချိန်တခဏကြာမျှ စောင့်ကြည့်နေပြီးမှ ရုတ်တရက် မေးမြန်းလိုက်သည်။

"ဆေးဘုရင်စံအိမ်ကို သွားချင်တာက ဘာကိစ္စရှိလို့လဲ"

လာပြီ...

ချူကျန့် တက်ကြွသွားသော်လည်း သူ၏မျက်နှာထားကမူ ရိုးသားဖြူစင်သော ပုံစံကို ဆက်လက်၍ ထိန်းသိမ်းထားပြီး အနည်းငယ် စိတ်ဆင်းရဲနေသည့် အရိပ်အယောင်ပင် ရောယှက်သွားသည်။

"ငါ....ငါက ရောဂါကုဖို့အတွက် အဆိပ်လက်ချောင်း ဆေးဘုရင်ကို လာရှာတာပါ"

မြင်းဖြူကျောင်းတော်မြို့တွင် ပြောခဲ့ဖူးသော လိမ်ညာမှုကိုပင် သူ ထပ်မံ၍ ပြောဆိုလိုက်သည်။

ရွာသူလေးက အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ မေးမြန်းလိုက်၏။

"ရှင်က ဆေးဘုရင်ကို သိလို့လား"

ချူကျန့်က ခေါင်းခါပြလိုက်သည်။

"မြို့ထဲက သမားတော်တွေက ဆေးဘုရင်ဆီမှာ ကံစမ်းကြည့်ဖို့ လမ်းညွှန်လိုက်လို့ပါ...မိန်းကလေးက ကျေးဇူးပြုပြီးတော့ ဆေးဘုရင်နဲ့ တွေ့နိုင်မယ့်လမ်းကို ညွှန်ပြပေးပါလား.."

ရွာသူလေးက တုံ့ပြန်အဖြေမပေးချေ။ ထိုအစား ပန်းခင်းထဲရှိ မစင်ထည့်သော ပုံးတစ်စုံကို ညွှန်ပြပြီး အားနာခြင်းမရှိဘဲ ခိုင်းစေလိုက်သည်။

"ဟိုနားမှာ မစင်ကျင်းရှိတယ်... အဲ့ဒီပုံးနှစ်ပုံးနဲ့ သုံးပုံတစ်ပုံလောက် မစင်သွားခပ်လိုက်.... ပြီးရင် ဟိုဘက်က စမ်းချောင်းမှာ ရေအပြည့်ဖြည့်ပြီး ဒီပန်းခင်းတစ်ခုလုံးကို ရေလောင်းလိုက်တော့...."

ချူကျန့် ကြက်သေသေသွားသည်။

'မဟုတ်မှလွဲရော....ငါက လမ်းမေးဖို့အတွက် အလုပ်လုပ်ပေးရတော့မှာလား'

သို့ရာတွင် ဤ "အလုပ်ကြမ်းလမ်းကြောင်း" ကို ရွေးချယ်ပြီးဖြစ်သဖြင့် သူသည် အလုပ်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ လယ်ယာလုပ်ငန်းခွင် ဝင်လုပ်ရခြင်းက သိုင်းလောကထဲတွင် တိုက်ခိုက်သတ်ဖြတ်နေရခြင်းထက်စာလျှင် သက်သာပေ၏။

ထို့ကြောင့် ရွာသူမလေး၏ ဆရာလုပ်ပြီး ဆက်ဆံရေးမပြေပြစ်သော ပုံစံကို ဂရုမစိုက်ဘဲ ချူကျန့်က ရိုးသားဖြူစင်သည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် မစင်ရည်ထမ်းပိုးကို လိမ္မာစွာ ကောက်ကိုင်ပြီး သွားခပ်လိုက်သည်။ သူသည် ရေမလောင်းမီ သူမအား ထပ်မံ၍ မေးမြန်းလိုက်၏။

"မိန်းကလေး... ဒီမစင်ရည်အချိုးအစားက အဆင်ပြေရဲ့လား"

သူသည် လယ်ယာလုပ်ငန်းခွင် တစ်ခါမှ မဝင်ဘူးသဖြင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးမြန်းရခြင်းဖြစ်သည်။ အကယ်၍ သူသာ ပန်းများကို သေအောင်လုပ်မိပြီး ဆေးဘုရင်စံအိမ်နှင့် ပတ်သက်နေပုံရသော ဤရွာသူလေးကို စိတ်ငြိုငြင်စေမိပါက ချန်လင်စုကို ရှာဖွေတွေ့ရှိရန် မလွယ်ကူတော့ချေ။

ရွာသူမလေးက တစ်ချက်လှမ်းကြည့်လိုက်သည်။

"ပျစ်လွန်းတယ်... တစ်ဝက်လောက် ကျင်းထဲပြန်လောင်းပြီး ရေကြည်ပြန်ဖြည့်ခဲ့"

ချူကျန့်သည် ညည်းညူသံတစ်ခွန်းမျှခမထွက်ပေ။ သူမ ပြောဆိုသည့်အတိုင်း သူ ချက်ချင်းလုပ်ဆောင်လိုက်သည်။ သူ မစင်ရည်များကိုထမ်းပြီး ပြန်ရောက်လာချိန်၌ ထပ်မံ၍ မေးမြန်းလိုက်၏။

"မိန်းကလေး....ဘယ်လိုလောင်းပေးရမလဲ"

သူသည် အလွန်ကျိုးနွံပြီး မည်သည့်အရာကိုမဆို မလုပ်ခင် ကြိုမေးသည်အား မြင်တွေ့ချိန်၌ ရွာသူလေး၏မျက်နှာထား အတော်လေး ပျော့ပျောင်းသွားသည်။

"အမြစ်နဲ့ ပင်စည်ကိုပဲလောင်း...ပန်းပွင့်နဲ့ အရွက်နုတွေကို မထိစေနဲ့"

"ဟုတ်ကဲ့ပါ"

ချူကျန့်က ရိုးအသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏ညွှန်ကြားချက်အတိုင်း ကြီးမားသော စိတ်ရှည်သည်းခံမှုဖြင့် ပန်းများကို စတင်၍ ရေလောင်းလိုက်တော့သည်။

ဤပန်းများ၏ပုံသဏ္ဌာန်သည် အလွန်ထူးဆန်းပြီး ရှူးဖိနပ်နှင့် အနည်းငယ်ဆင်တူကာ အပြာရင့်ရောင်ရှိသည်။ ချူကျန့်သည် ဗဟုသုတ ကြွယ်ဝသူဖြစ်သော်လည်း ဤပန်းမျိုးကို မသိရှိချေ။ ဂိမ်းဖန်တီးသူများက စိတ်ကူးယဉ်ဖန်တီးထားသော မျိုးစိတ်များ ဖြစ်နေမည်လောဟု သူ တွေးတောလိုက်မိသည်။

ဤရွာသူလေးသည် ဆေးဘုရင်စံအိမ်နှင့် ပတ်သက်ဆက်နွယ်နေကြောင်း သိရှိထားပြီးဖြစ်သဖြင့် သူ စိတ်မပူတော့ချေ။ ထို့ပြင် နောက်ပိုင်းတွင် ချန်လင်စု၏ရှေ့၌ ဤမိန်းကလေးက သူ့အတွက် စကားကောင်းများ ပြောပေးနိုင်ရန် ရည်ရွယ်ပြီး သူ၏ ဂရုစိုက်မှုနှင့် စိတ်ရှည်သည်းခံမှုတို့ကို တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုလိုက်၏။ သူသည် မစင်ပုံးနှစ်ပုံးဖြင့် ရေလောင်းခြင်းကို အလေးအနက်ထား၍ ဆောင်ရွက်လိုက်သည်။ ရွာသူလေး၏ အမိန့်ကို မစောင့်ဘဲ သူသည် ယခင်ပုံစံအတိုင်း နောက်ထပ်နှစ်ပုံးသွားခပ်ကာ ဆက်လက်၍ ရေလောင်းပေးလိုက်သည်။

ရွာသူလေးက စကားထပ်မပြောတော့ဘဲ ရံဖန်ရံခါ သူ့ကို လှမ်းကြည့်တတ်သည်။ အစမှအဆုံးထိ ညည်းညူသံ တစ်ချက်မထွက်ဘဲ သူ၏အပြုအမူသည် အလွန်အလေးအနက်ထားပြီး စည်းစနစ်ကျသည်ကို မြင်တွေ့ချိန်၌ သူမ မချီးကျူးဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် သူမသည် သူ့အပေါ် အမြင်ကြည်လင်လာသည်။

ချူကျန့်၏အာရုံခံစားမှုသည် ထက်မြက်လှသဖြင့် ရွာသူလေးက သူ့ကို အကဲခတ်နေသည်အား သတိထားမိသည်။ သူသည် ပို၍ပင် အပြစ်ပြောစရာမရှိအောင် သရုပ်ဆောင်လိုက်ပြီး ပန်းများကို အလွန်အာရုံစိုက်ကာ ရေလောင်းလိုက်၏။ ရံဖန်ရံခါတွင် သူသည် ကောက်ကွေးနေသော ပန်းပင်စည်ကို ခပ်ဖွဖွကိုင်ပြီး ပြန်တည့်မတ်ပေးကာ သူ၏လှုပ်ရှားမှုများတွင် ပန်းများအပေါ် တန်ဖိုးထားမြတ်နိုးမှုများ ပေါ်လွင်နေသည်။

သူ၏သရုပ်ဆောင်စွမ်းရည်ကို ဟွမ်ရုံကဲ့သို့ ပါရမီရှင်တစ်ယောက်ပင် အကဲမခတ်နိုင်ခဲ့ရာ ဤရွာသူလေးအနေဖြင့်လည်း သေချာပေါက် ရိပ်မိမည် မဟုတ်ချေ။

ရွာသူလေးသည် ဆေးဘုရင်ကို လာရှာသူပေါင်းများစွာကို တွေ့ခဲ့ဖူးသော်လည်း ဤမျှထိ သဘောကောင်းပြီး ရိုးသားသူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူမက ရုတ်တရက် မေးမြန်းလိုက်သည်။

"ရှင်က ဒီပန်းတွေကို ကြိုက်လို့လား"

ချူကျန့်က ခေါင်းညိတ်ပြလိုက်သည်။

"ဒီပန်းတွေက အရမ်းထူးဆန်းတယ်...အပင်ကပုပြီး အနံ့ကလည်း မကောင်းဘူး....ရှင်က ဘာကို သဘောကျတာလဲ"

သူမက ထပ်မံ၍ မေးမြန်းသည်။

ချူကျန့်က တည်ကြည်လေးနက်သော အမူအယာဖြင့် တုံ့ပြန်အဖြေပေးသည်။

"တကယ်တော့ ငါလည်း မသိဘူး.... ဒီပန်းတွေက နေရောင်ဘက်ကို မျက်နှာမူပြီးတော့ ကြိုးကြိုးစားစား ရှင်သန်နေတယ်လို့ ခံစားရလို့ပါ...ဒါက ဇွဲရှိပြီး အရှုံးမပေးလိုတဲ့ စိတ်ဓာတ်မျိုးကို ပေးစွမ်းနေသလိုပဲ...အဲ့ဒါက ဘဝက လှပပြီးတော့ ဘာပဲဖြစ်ဖြစ် ဆက်ပြီးရှင်သန်ဖို့ ကြိုးစားရမယ်ဆိုတဲ့ ခံစားချက်မျိုး ရစေတယ်"

ရွာသူလေးက ဤတစ်ကြိမ်တွင် သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲသွားသည်။ သူမသည် စကားထပ်မပြောတော့ချေ။

ချူကျန့်သည် စိတ်ကျေနပ်မသွားဘဲ မနေနိုင်တော့ချေ။ အင်တာနက်ပေါ်က သူ ရှာဖွေတွေ့ရှိထားတဲ့ "စိတ်ဓာတ်ခွန်အားဖြည့် စကားစုများ"သည် အမှန်တကယ်ကို ထိရောက်မှုရှိပေ၏။

အချိန်လင့်လာကာ နေလုံးကြီးက အနောက်ဘက်သို့ ဝင်ရောက်စပြုလာသည်။ တောင်တန်းများနှင့်လွင်ပြင်များသည် ရွှေရောင်ဆေးခြယ်ထားသည့်အလားပင်။ ရွှေရောင်အလင်းတန်းများ ကျရောက်နေသော အပြာရောင်ပန်းများသည် ချက်ချင်းဆိုသလိုပင် တောက်ပလာပြီး အတိုင်းအဆမဲ့ လှပနေတော့သည်။

ချူကျန့်က မတ်တတ်ရပ်လိုက်ပြီး ပီတိဖြစ်နေသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ကြည့်လိုက်ပါအုံး...ဒါက ဘဝရဲ့ အရောင်အသွေးပဲ"

သို့ရာတွင် ရွာသူလေးက ခပ်ပြတ်ပြတ်လေသံဖြင့် ပြောဆိုသည်။

"မိုးချုပ်တော့မယ်... အဲ့ဒီနားက ပေါင်းပင်တွေကို မြန်မြန်နှုတ်ပေးပါအုံး"

ချူကျန့်သည် ရေအေးဖြင့် အပက်ခံလိုက်ရသကဲ့သို့ ခံစားမိလေ၏။ သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် အလုပ်ကိုသာ ချက်ချင်းလုပ်ဆောင်လိုက်ရတော့သည်။

မိုးကောင်းကင်ယံတခွင်လုံး မည်းမှောင်လုနီးပါး ဖြစ်သွားကာ ချူကျန့်သည်လည်း နံဘေးပတ်ဝန်းကျင်ရှိ ပေါင်းပင်များကို ပြောင်စင်အောင် ရှင်းလင်းပြီးနောက် သူက မတ်တတ်ရပ်လိုက်ပြီး အားနာသည့်လေသံဖြင့် ပြောဆိုသည်။

"မိန်းကလေး မိုးချုပ်နေပြီ...ငါ တည်းခိုဖို့ နေရာရှာရအုံးမယ်.. ဆေးဘုရင်စံအိမ်ဆီ သွားတဲ့လမ်းကို ညွှန်ပြပေးနိုင်မလား"

All Chapters