မွေးရာပါ ဓားရူး
Vol. 1 Ch. 1
“ဒီနေ့က စပြီး မင်းက ချင်းရှောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ... နောက်နောင် မင်းရဲ့ ဂိုဏ်းတူညီလေးတွေ၊ ညီမလေးတွေကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်ပါ...”
ထိုစကားများကို ချန်ထားရစ်ခဲ့ပြီးနောက် ချင်းရှောင်းဂိုဏ်းချုပ်ဟောင်း လင်ရွှန်းဖုန်း တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ထွက်ခွာသွားလေသည်။ တပည့်များကို ကျောခိုင်းထားသော သူ၏ မျက်နှာထားက အသက် ၃၀ ကျော်ခန့်သာ ရှိသေးသော်လည်း တည်ကြည်ပြတ်သားမှုတို့ ပြည့်နှက်နေသည်။
တောင်ပေါ်လမ်းအတိုင်း လျှောက်သွားသော လင်ရွှန်းဖုန်း၏ အစိမ်းရောင် ဝတ်ရုံက လေထဲတွင် တလွင့်လွင့် လွန့်လူးနေပြီး ကျန်းဟူ သိုင်းလောကတွင် လှည့်လည်သွားလာသူ တစ်ဦး၏ အငွေ့အသက်ကို အပြည့်အဝ ပေါ်လွင်စေ၏။
အချိန်ကား နေဝင်ရီတရော အချိန်ဖြစ်သောကြောင့်ကောင်းကင်ယံ၌ တိမ်နီများ ဖုံးလွှမ်းနေသည်။ အဝေးမှ တောင်တန်းကြီးများမှာ မီးတန်းများ ဖုံးလွှမ်းထားသကဲ့သို့ ရှိပြီး နေဝင်ချိန် ရှုခင်းက လွမ်းမောဖွယ်ရာ ကောင်းလှသည်။
ဂိုဏ်းတံခါးဝတွင် ရပ်နေသော လီချင်းချိုးမှာ ဒေါသထွက်လွန်းသဖြင့် ရင်ထဲ၌ မီးဟုန်းဟုန်း တောက်လောင်နေမိ၏။ ပြောစရာ စကားများ ကုန်ခမ်းသွားပြီ ဖြစ်သော်လည်း သူ၏ ဆရာသခင်က အကြံပေးစကားကို နားမထောင်ဘဲ အင်မော်တယ်များကို ရှာဖွေရန် တောင်ပေါ်မှ ဆင်းသွားရန်သာ ခေါင်းမာနေခဲ့သည်။
ချင်းရှောင်းဂိုဏ်း၏ အကြီးဆုံးတပည့် ဖြစ်သော လီချင်းချိုးမှာ အသက် ၁၆ နှစ်သာ ရှိသေးသည်။ သူ၏ ဂိုဏ်းတူညီလေးများနှင့် ညီမလေး ခြောက်ယောက်မှာ သူ့ထက်ပင် ငယ်ရွယ်ကြပြီး အငယ်ဆုံးမှာ အသက် ၁၀ နှစ်သာ ရှိသေး၏။
သူ့ကို ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို ပြုစုပျိုးထောင်ခိုင်းခြင်းက သူ့ဘဝကို ဖျက်ဆီးလိုက်ခြင်း မဟုတ်ပါလော။
သူသည်လည်း ဓားတစ်လက်ကို ကိုင်ဆောင်၍ ကမ္ဘာလောက အနှံ့ လှည့်လည်သွားလာပြီး လွတ်လပ်ပေါ့ပါးသော ဘဝကို ဖြတ်သန်းချင်သေးသည်။ ဤတောင်ပေါ်ရှိ အေးဆေးသက်သာသော နေ့ရက်များကို သူ ငြီးငွေ့နေပြီ ဖြစ်၏။ ယခင်ဘဝက အိမ်ထဲတွင် သေနတ်ပစ်ဂိမ်းများကို ပြင်းပြင်းထန်ထန် ဆော့ကစားပြီး မောပန်းသောအခါ ဆိုဖာပေါ်တွင် လှဲလျောင်းလျက် ဗီဒီယိုအတိုလေးများကို ကြည့်ရှုခဲ့သည့် နေ့ရက်များကိုပင် လွမ်းဆွတ်မိလာသည်။
“ဆရာ... ကျွန်တော်သာ ချင်းရှောင်းဂိုဏ်းကြီးကို ဖျက်ဆီးပစ်လိုက်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့နော်...”
လီချင်းချိုး အသံကုန် အော်ဟစ်လိုက်ရာ သူ၏ ကလေးဆန်သော အသံက တောင်တန်းများကြား၌ ပဲ့တင်ထပ်သွားသည်။ သစ်တောအစပ်သို့ ရောက်နေပြီဖြစ်သော လင်ရွှန်းဖုန်းကမူ လက်ကိုသာ မြှောက်ပြလိုက်ပြီး လှည့်မကြည့်ခဲ့ပေ။
ထိုအချိန်တွင် လက်သေးသေးလေး တစ်ဖက်က အနောက်မှ လှမ်းလာပြီး လီချင်းချိုး၏ အင်္ကျီလက်စကို ဆွဲကာ ညင်သာစွာ ဆွဲကိုင်လိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ အသက် ၁၀ နှစ်အရွယ် ဂိုဏ်းတူညီမလေး လီစီကျင်က သူ့ကို ကြောက်ရွံ့အားငယ်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရပြီး ….“ဂိုဏ်းတူအစ်ကိုကြီး... အစ်ကိုကြီးကရော သမီးတို့ကို စွန့်ပစ်ထားခဲ့မှာလား...” ဟု မေးလိုက်၏။
ထိုမေးခွန်းကြောင့် လီချင်းချိုး၏ ရင်ထဲမှ ဒေါသများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူ ဝေ့ဝဲကြည့်လိုက်သောအခါ စိတ်ရှုပ်စရာကောင်းသော တတိယညီလေး ကျန်းကျောက်ရှားမှလွဲ၍ ကျန်သော ဂိုဏ်းတူညီလေး၊ ညီမလေး ငါးယောက်စလုံးက သူ့ကို စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
သူ့ရင်ထဲတွင် ကြီးမားသော တာဝန်ဝတ္တရားတစ်ခုကို ခံစားလိုက်ရချေပြီ…
ဒါပေမဲ့ ဒါက ငါ လိုချင်တဲ့ ကူးပြောင်းလာတဲ့ ဘဝမျိုး မဟုတ်ပါဘူး...
ထိုစဉ် လီချင်းချိုး၏ မျက်လုံးရှေ့၌ စာတန်းများ ရုတ်တရက် ပေါ်လာတော့သည်။
[ အသင်သည် ပထမဆုံးအကြိမ် ဂိုဏ်းချုပ်အဖြစ် ခံယူလိုက်သဖြင့် တာအိုမျိုးဆက်ကို စတင် အသက်သွင်းလိုက်သည်။ ချင်းရှောင်းဂိုဏ်းအား စတင် စစ်ဆေးနေပါပြီ။ ]
[ စစ်ဆေးမှု အောင်မြင်သည်။ ချင်းရှောင်းဂိုဏ်းအား အကဲဖြတ်ခြင်း စတင်ပါပြီ။ ]
[ အကဲဖြတ်မှု အောင်မြင်သည်။ အဆင့်သတ်မှတ်ချက်မှာ…. အဆင့်မရှိ (Unranked) ဖြစ်သည်။ ]
[ အသင်သည် ပထမဆုံးအကြိမ်ဂိုဏ်းချုပ်တစ်ဦး ဖြစ်လာသည့်အတွက် ကံတရား ရွေးချယ်ခွင့် တစ်ကြိမ်နှင့် တာအိုမျိုးဆက် အမွေအနှစ် ရယူခွင့် တစ်ကြိမ် ရရှိပါသည်။ ]
လီချင်းချိုး မှင်သက်သွားပြီး သူ့ရှေ့မှ စာတန်းများကို ကြည့်ကာ အမြင်မှားနေသည်ဟုပင် ထင်လိုက်မိသည်။ သို့သော် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သောအခါ ထိုစာတန်းများက ရှိနေဆဲပင် ဖြစ်၏။
သူ အခြားတပည့်များကို ကြည့်လိုက်သော်လည်း သူ၏ ဂိုဏ်းတူညီလေးများနှင့် ညီမလေးများက ဤအရာကို သတိပြုမိပုံ မရပေ။
ရွှေလက်ချောင်း (Golden Finger) စနစ်ကြီး စတင် အသက်ဝင်လာတော့မှာလား...
လီချင်းချိုး၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ ဤစာတန်းများကို ယာယီ မည်သို့ ဖျောက်ထားရမည်နည်းဟု စဉ်းစားလိုက်သည်နှင့်တပြိုင်နက် သူ့မျက်စိရှေ့မှ စာတန်းများ ပျောက်ကွယ်သွား၏။ ပြန်ကြည့်ချင်သည်ဟု တွေးလိုက်သောအခါ စာတန်းများ ပြန်ပေါ်လာပြန်သည်။
ဤအချက်က သူ စိတ်ကူးယဉ်နေခြင်း မဟုတ်ကြောင်း ပိုမို သေချာသွားစေသည်။
လီချင်းချိုးက ဘဝနှစ်ခုကို ဖြတ်သန်းဖူးသူ ဖြစ်တာကြောင့် စိတ်နေသဘောထားမှာ ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦးနှင့် နှိုင်းယှဉ်၍ မရပေ။
ထို့ကြောင့် ချက်ချင်းပင်
“အဲဒါတွေက ဆရာ့ကို ဒေါသထွက်ပြီး ပြောလိုက်တဲ့ စကားတွေပါ... ဆရာ သွားချင်တယ်ဆိုမှတော့ သွားပါစေတော့... နောက်နောင် ငါတို့အချင်းချင်းပဲ အမှီပြုပြီး နေထိုင်ကြတာပေါ့...” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများက ဝမ်းသာအားရ ပြုံးလိုက်ကြသည်။
သူတို့အားလုံး လင်ရွှန်းဖုန်းထက် လီချင်းချိုးကို ပိုမို အားကိုးကြသည်။အဘယ်ကြောင့်ဆိုသော် လင်ရွှန်းဖုန်းက မကြာခဏ အပြင်ထွက်လေ့ ရှိသောကြောင့် ဖြစ်သည်။
အချိန်အများစုတွင် လီချင်းချိုးကသာ ချင်းရှောင်းဂိုဏ်းကို ဦးစီးရလေသည်။ တတိယတပည့် ကျန်းကျောက်ရှားမှလွဲ၍ ကျန်သော တပည့်အားလုံးက လီချင်းချိုးကို တွယ်ကပ်နေကြသည်။
သူတို့ကို ခေတ္တမျှ နှစ်သိမ့်ပြီးနောက် လီချင်းချိုးတယောက်ယခုလေးတင် ရရှိထားသော တာအိုမျိုးဆက် အချက်အလက်များကို လေ့လာရန် သူ့အခန်းသို့ အမြန် ပြန်ချင်နေပြီ ဖြစ်သည်။
“ယွီချွန်း... ထမင်းသွားချက်ချေ... တုန်းယွဲ့က မန်အာ၊ စီဖုန်းနဲ့ စီကျင်တို့ကို ကြည့်ထားလိုက်...”
လီချင်းချိုးက အလုပ်များကို အမြန် ခွဲဝေပေးလိုက်ပြီးနောက် ခြံဝန်းထဲသို့ ပြန်ဝင်ရန် လှည့်ထွက်လာခဲ့သည်။
ချင်းရှောင်းဂိုဏ်း ဆိုသည်မှာ နားထောင်ရကောင်းသော်လည်း လက်တွေ့တွင်မူ လူရှစ်ယောက်သာ ရှိပြီး ယနေ့မှစ၍ ခုနစ်ယောက်သာ ကျန်တော့မည် ဖြစ်သည်။ ဂိုဏ်းအတွင်း၌ ခြံဝန်း သုံးခုသာ ရှိ၏။ တစ်ခုမှာ လင်ရွှန်းဖုန်း ကျင့်ကြံရန် အတွက်ဖြစ်ပြီး၊ တစ်ခုမှာ တပည့်များ နေထိုင်ရန် ဖြစ်ကာ ကျန်တစ်ခုမှာ ပစ္စည်းဟောင်းများ ထားသိုရန် ဖြစ်သည်။
အကြီးဆုံးတပည့် ဖြစ်သည့်အတွက် လီချင်းချိုးတွင် ကိုယ်ပိုင်အခန်း ရှိပြီး ၎င်းက သူ၏ ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို အလွန် အားကျစေသည်။
လီချင်းချိုး ကုတင်ပေါ်တွင် ထိုင်လျက် တာအိုမျိုးဆက်ကို မည်သို့ ကြည့်ရှုရမည်နည်းဟု စိတ်ဝင်တစား တွေးလိုက်သည်။
ထိုအခိုက်တွင် မျက်စိရှေ့၌ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာပြီး စာတန်းများ ပေါ်လာလေသည်။
[ ဂိုဏ်း - ချင်းရှောင်းဂိုဏ်း (အမည် ပြောင်းလဲနိုင်သည်) ]
[ ဂိုဏ်းချုပ် - လီချင်းချိုး ]
[ တပည့် ဦးရေ (အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ) - ၇ ]
[ အကဲဖြတ် အဆင့် - အဆင့်မရှိ (ဖွံ့ဖြိုးတိုးတက်မှု အသေးစိတ်ကို ကြည့်ရှုရန် နှိပ်ပါ) ]
[ ကာကွယ်ရေး ဝင်္ကပါ - မရှိ ]
[ ဂိုဏ်းစောင့် နတ်သားရဲ - မရှိ ]
[ ရရှိနိုင်သော ကံတရား မဲနှိုက်ခွင့် - ၁ ]
[ ရရှိနိုင်သော အမွေအနှစ် ဆုလာဘ် - ၁ ]
လီချင်းချိုး ထိုမျက်နှာပြင်ကို ကြည့်ရင်း ဂိမ်းကစားနေရသကဲ့သို့ ရင်းနှီးသော ခံစားချက်မျိုး ခံစားလိုက်ရသည်။ ပြောရလျှင် ယခင်ဘဝက ကျင့်ကြံခြင်း မိုဘိုင်းဂိမ်းများကို ဆော့ကစားရသည်ကို နှစ်သက်ခဲ့သူ ဖြစ်သဖြင့် တာအိုမျိုးဆက်ကို အလွန် စိတ်ဝင်စားသွားမိသည်။
သူသည် ဦးစွာ တပည့် ဦးရေကို နှိပ်၍ ကြည့်ရှုရန် တွေးလိုက်ရာ မျက်နှာပြင် ပြောင်းလဲသွားပြီး လူပုံရိပ် ခုနစ်ခု ပေါ်လာကာ ဘေးတွင် အမည်များ ပါရှိကာ သူ့အမည်လည်း အပါအဝင် ဖြစ်၏။
အသက်အရွယ် အလိုက် စီစဉ်ထားခြင်း ဖြစ်ပြီး လီချင်းချိုး၊ ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစီဖုန်း နှင့် လီစီကျင် တို့ ဖြစ်ကြသည်။
သူတို့ ခုနစ်ယောက်စလုံးက ဆရာသခင် လင်ရွှန်းဖုန်း တောင်အောက်မှ ခေါ်ဆောင်လာသော မိဘမဲ့ကလေးများ ဖြစ်ကြသည်။ သူတို့၏ နောက်ခံများက အမျိုးမျိုးအဖုံဖုံ ဖြစ်ကြ၏။
လင်ရွှန်းဖုန်းက သူတို့၏ ဇာစ်မြစ်များကို မည်သည့်အခါမျှ မပြောပြခဲ့သော်လည်း လီချင်းချိုးမှာ ဘဝနှစ်ခု ဖြတ်သန်းဖူးသူ ဖြစ်ပြီး ဤဘဝတွင် မွေးကတည်းက အသိစိတ် ရှိနေခဲ့သဖြင့် သူ၏ နောက်ခံကို သိလေသည်။
လင်ရွှန်းဖုန်း ထွက်ခွာသွားသော်လည်း သူသည် မွေးရပ်မြေမှ မိဘများကို သွားရောက် ရှာဖွေရန် စိတ်ကူး မရှိပေ။ သူ့စိတ်ထဲတွင် ထိုမိသားစုနှင့် သံယောဇဉ်ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးက ကျန်းယွီချွန်း၏ ပုံရိပ်ပေါ်သို့ အာရုံစိုက်လိုက်ရာ ကျန်းယွီချွန်း၏ အချက်အလက်များ ပေါ်ထွက်လာသည်။
[ အမည် - ကျန်းယွီချွန်း ]
[ ကျား/မ - ကျား ]
[ အသက် - ၁၅ နှစ် ]
[ သစ္စာရှိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၈၉/၂၃ (အများဆုံး ၁၀၀) ]
[ ကျင့်ကြံခြင်း ပါရမီ - သာမန် ]
[ နားလည်သဘောပေါက်နိုင်စွမ်း - ကောင်းမွန် ]
[ ကံတရား -အတွင်းရေး ကြယ်တံခွန်၊ သည်းခံခြင်း ]
လီချင်းချိုး မျက်ခုံးပင့်လိုက်မိသည်။ ဒုတိယညီလေး၏ သူ့အပေါ် သစ္စာရှိမှုက ၈၉ ရှိသော်လည်း ချင်းရှောင်းဂိုဏ်းအပေါ် သစ္စာရှိမှုက ၂၃ သာ ရှိသည်လော။
ဆိုလိုသည်မှာ ကျန်းယွီချွန်း ကြီးပြင်းလာသောအခါ ချင်းရှောင်းဂိုဏ်းမှ ထွက်ခွာသွားနိုင်သည် ဟူဆိုလိုနိုင်ပါသလော။
သူသည် ကျန်းယွီချွန်း၏ ကံတရား အပေါ် အာရုံပြောင်းလိုက်ရာ အတွင်းရေး ကြယ်တံခွန် နှင့် သည်းခံခြင်း တို့၏ အသေးစိတ် ရှင်းပြချက်များ ပေါ်လာသည်။
ကံတရား ရှင်းပြချက်များက နားလည်လွယ်ပါသည် - အတွင်းရေး ကြယ်တံခွန် ဆိုသည်မှာ အတွင်းရေး ကိစ္စရပ်များအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိခြင်း ဖြစ်ပြီး၊ သည်းခံခြင်း ဆိုသည်မှာ ကိစ္စရပ်များ ကြုံတွေ့လာပါက သည်းခံနိုင်စွမ်း ရှိခြင်း ဖြစ်သည်။
တာအိုမျိုးဆက်က အလွန် စွမ်းအားကြီးမားသည်ဟု လီချင်းချိုး ရုတ်တရက် ခံစားလိုက်ရသည်။
ဤအရည်အချင်းပြ ဇယားများမှတဆင့် တပည့် တစ်ဦးစီ၏ သဘာဝ ပါရမီများ၊ စွမ်းရည်များနှင့် သစ္စာရှိမှုတို့ကို မြင်တွေ့နိုင်လေသည်။
တာအိုမျိုးဆက် ရှိနေသဖြင့် လူတို့၏ စိတ်နှလုံးသားကို ထိန်းချုပ်ရန်နှင့် တပည့်များကို ပြုစုပျိုးထောင်ရန် သူ့အတွက် လွယ်ကူပေလိမ့်မည်။
ထို့နောက် သူသည် တတိယညီလေး ကျန်းကျောက်ရှားကို ကြည့်လိုက်သည်။
ကျန်းကျောက်ရှား ငယ်စဉ်က သူ့ကို တွယ်ကပ်ခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း အလွန် ပုန်ကန်တတ်လာပြီး သူ့ကို မကြာခဏ ဆန့်ကျင်လေ့ ရှိသဖြင့် လီချင်းချိုးကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သို့သော် ကျန်းကျောက်ရှား၏ သစ္စာရှိမှုက လီချင်းချိုးကို အံ့အားသင့်သွားစေသည်။
ကျန်းကျောက်ရှား၏ သူ့အပေါ် သစ္စာရှိမှုမှာ ၉၆ အထိ ရှိနေပြီး ကျန်းယွီချွန်းထက်ပင် မြင့်မားနေကာ ချင်းရှောင်းဂိုဏ်းအပေါ် သစ္စာရှိမှုမှာမူ ၁ သာ ရှိသဖြင့် အချိန်မရွေး သစ္စာဖောက်သွားနိုင်ကြောင်း ပြသနေသည်။
ဒီကောင်လေး ဘာဖြစ်နေတာလဲ…
ငါ့ကို ဒီလောက် သဘောကျနေပြီးတော့ ဘာလို့ ငါ့ကို အမြဲ ဆန့်ကျင်နေရတာလဲ...
အောက်ဘက်သို့ ဆက်ကြည့်လိုက်သောအခါ လီချင်းချိုး ဝမ်းသာအားရ ဖြစ်သွားသည်။
[ ကျင့်ကြံခြင်း ပါရမီ - အထူးကောင်းမွန် ]
[နားလည်သဘောပေါက်နိုင်စွမ်း - ထူးခြား ]
[ ကံတရား - မူလဓားရူး၊ လောကီ ပုန်းအောင်းနဂါး ]
[ မူလဓားရူး - သဘာဝအလျောက် ဓားကျင့်ကြံသူ ဖြစ်ပြီး ဓားသိုင်းလမ်းစဉ်၌ အလွန်မြင့်မားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိကာ ဓားများကို ထိန်းချုပ်နိုင်စွမ်း အလွန် အားကောင်းသည်။ ]
[ လောကီ ပုန်းအောင်းနဂါး - ခက်ခဲကြမ်းတမ်းသော နောက်ခံ ရှိသည်။ ဘဝ၏ ကပ်ဘေးများကို ဖြေရှင်းနိုင်ပါက ပျံသန်းသော နဂါးတစ်ကောင် အဖြစ် ပြောင်းလဲနိုင်ပြီး တားဆီးမရနိုင်သော ကံကောင်းခြင်းများ ရှိလာမည်။ ]
ဘုရားရေ...
ဒီလောက်တောင် စွမ်းတာလား...
လီချင်းချိုး ရုတ်တရက် နားလည်သွားတော့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ကျန်းကျောက်ရှား သူ့ကို ဘာကြောင့် စိတ်ဆိုးနေရသနည်း ဆိုသည်ကို သူ သဘောပေါက်သွား၏။
လွန်ခဲ့သော နှစ်နှစ်က လင်ရွှန်းဖုန်း သူ့အား ရတနာဓားတစ်လက် ပေးအပ်ခဲ့ဖူးသည်။ ချင်းရှောင်းဂိုဏ်း တစ်ခုလုံးတွင် ဓားနှစ်လက်သာ ရှိသည်။ ထိုစဉ်က ကျန်းကျောက်ရှားက ဤဓားကို တောင်းဆိုခဲ့သော်လည်း သူ ငြင်းပယ်ခဲ့ဖူးသည်။
သူ ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းမှာ ကျန်းကျောက်ရှား ကိုင်တွယ်နိုင်မည် မဟုတ်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ ထိုစဉ်က ကျန်းကျောက်ရှားမှာအသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး ထက်ရှသော လက်နက်ကို ကိုင်ဆောင်ခြင်းက သူတစ်ပါးကို အလွယ်တကူ ထိခိုက်စေနိုင်သောကြောင့် ဖြစ်၏။
မူလဓားရူး တစ်ယောက်က ဓားတစ်လက်ကို တွေ့ပါလျက်နှင့် မရရှိနိုင်ခဲ့ပေ။
ကျန်းကျောက်ရှား သူ့ကို စိတ်ဆိုးသည်မှာ မဆန်းပေ။ အကယ်၍ သူတို့၏ ရင်းနှီးသော ဆက်ဆံရေးသာ မရှိခဲ့လျှင် ကျန်းကျောက်ရှားက သူ့ ဓားကို ရယူရန် နည်းလမ်းပေါင်းစုံ သုံးခဲ့လောက်ပေပြီ။
လီချင်းချိုး၏ ကျန်းကျောက်ရှားအပေါ် မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး သနားဂရုဏာစိတ်ဖြင့် အစားထိုးလိုက်မိသည်။
တတိယညီလေးရေ... အစ်ကိုကြီး မင်းကို အထင်လွဲခဲ့မိတာပဲ... ကိစ္စမရှိပါဘူး... အစ်ကိုကြီးက နောင်ကျရင် မင်းကို ဓားကောင်းတစ်လက် သေချာပေါက် ပေးမှာပါ... ဒါမှ မင်းက လည်း ချင်းရှောင်းဂိုဏ်းအတွက် တောက်ပနိုင်မှာပေါ့...
တာအိုမျိုးဆက် ရှိနေခြင်းကြောင့် လီချင်းချိုးက ပြဿနာများကို ရေရှည်ရှုထောင့်မှ စဉ်းစားကာ ဂိုဏ်းချုပ်တစ်ဦး၏ အခန်းကဏ္ဍတွင် အပြည့်အဝ တာဝန်ယူနိုင်ပြီ ဖြစ်သည်။
သူ အောက်ဘက်သို့ ဆက်လက် ကြည့်ရှုလိုက်သည်။ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစီဖုန်း နှင့် လီစီကျင် တို့ အားလုံးတွင် သူ့အပေါ် သစ္စာရှိမှု အသင့်အတင့် ရှိကြသော်လည်း ကျန်းကျောက်ရှား၏ သစ္စာရှိမှုက အမြင့်ဆုံး ဖြစ်နေဆဲပင်။ သူတို့၏ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့က ကျန်းယွီချွန်းထက် သာလွန်သော်လည်း ကျန်းကျောက်ရှားလောက် မကောင်းကြပေ။
ကံတရား အပိုင်းတွင် မည်သူမျှ ကျန်းကျောက်ရှားလောက် မတောက်ပကြဘဲ ပင်ကိုယ်စရိုက် လက္ခဏာများကိုသာ မီးမောင်းထိုးပြထားကြသည်။
ဝူမန်အာ၌ ကောင်းမွန်သော ကံတရားတစ်ခု ရှိပြီး ၎င်းမှာ "ကျားခန္ဓာ ဆင်ခွန်အား" ဖြစ်သည်။ ဤကလေးသည် ငယ်စဉ်ကတည်းက သန်မာသော်လည်း ကံဆိုးသည်မှာ သူ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိခြင်းပင်။
လီချင်းချိုး စိတ်ပူမိသည်မှာ သူ၏ ဆဋ္ဌမညီလေး လီစီဖုန်း ဖြစ်သည်။
လီစီဖုန်းနှင့်သတ္တမညီမလေး လီစီကျင်တို့ကို လင်ရွှန်းဖုန်းက အတူတကွ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဉီးက မောင်နှမအရင်းများ ဖြစ်ကြ၏။ လီစီဖုန်းက နှစ်နှစ် ပိုကြီးသည်။ သူတို့တွင် မူလက လီဟူသော မျိုးရိုးအမည် မရှိခဲ့ဘဲ လင်ရွှန်းဖုန်းက သူတို့ကို လီချင်းချိုး၏ မျိုးရိုးအမည်ကို ယူစေခဲ့ခြင်း ဖြစ်သည်။
လီစီဖုန်းက ယခုတွင် ၁၂ နှစ်သာ ရှိသေးပြီး တက်ကြွ လှုပ်ရှားကာ ဆော့ကစားတတ်သည်။ လီချင်းချိုးက သူ့ကို အလွန် ခင်တွယ်ပြီး သူတို့ ကစားသည့် အရာတိုင်းတွင် သူ့ကို ခေါ်သွားလေ့ ရှိသည်။
သို့သော် လီစီဖုန်း၏ ကံတရား အင်္ဂါရပ်များမှာ 'ဝံပုလွေရိုင်း အာသီသ' နှင့် 'ရက်စက်သော နည်းလမ်းများ' ဖြစ်နေသည်။
ဤကံတရား နှစ်ခု၏ အဓိပ္ပာယ်မှာ အမည်များအတိုင်းပင် ဖြစ်သည် - အာဏာလိုလားမှု အလွယ်တကူ ဖြစ်ပေါ်စေတတ်ပြီး မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရှိကာ ရည်မှန်းချက် အောင်မြင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲကြသည်။
ဒီကောင်လေးက နောင်ကျရင် ငါ့ရဲ့ ဂိုဏ်းချုပ်ရာထူးကို မျက်စောင်းထိုးလာရင် ငါတို့ ရန်သူတွေ ဖြစ်သွားကြမလား…
လီချင်းချိုးက လီစီဖုန်း၏ သစ္စာရှိမှုကို ကြည့်လိုက်ပြီးနောက် သူ အတွေးလွန်နေသည်ဟု ခံစားလိုက်ရသည်။
လီစီဖုန်း၏ သူ့အပေါ် သစ္စာရှိမှုမှာ ၉၂ ဖြစ်ပြီး ချင်းရှောင်းဂိုဏ်းအပေါ် သစ္စာရှိမှုမှာ ၄၀ သာ ရှိသည်။ဒါ့ကြောင့် နောင်ကျရင် ပိုမို ဂရုစိုက်ရန်သာ လိုအပ်သည်။
ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ၏ အရည်အချင်းပြ ဇယားများကို စစ်ဆေးပြီးနောက် ချင်းရှောင်းဂိုဏ်းတွင် ကြီးမားသော အလားအလာ ရှိသည်ဟု ခံစားလိုက်ရသည်။
နှမြောစရာ ကောင်းသည်မှာ သူ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ကို မကြည့်ရှုနိုင်ခြင်းပင်။
ကျန်းကျောက်ရှားကို အနာဂတ်တွင် အဓိက တိုက်ခိုက်ရေးသမား အဖြစ် ပြုစုပျိုးထောင်နိုင်ပြီး ကျန်းယွီချွန်းကို စီမံခန့်ခွဲရေး အတွက် တာဝန်ပေးနိုင်သည်။ထိုအခါ သူ့တွင် အရပ်ဖက်နှင့် စစ်ဖက် ခေါင်းဆောင် နှစ်ဦးစလုံး ရှိလာပေလိမ့်မည်။
လင်ရွှန်းဖုန်းက တပည့် ရွေးချယ်ရာတွင် အကဲခတ်တတ်သည်ဟု ပြောရပေမည်။ လင်ရွှန်းဖုန်းက ကျန်းဟူ သိုင်းလောကတွင် လှည့်လည်သွားလာရင်း မိဘမဲ့များစွာကို တွေ့ဆုံခဲ့သော်လည်း ဤခုနစ်ယောက်ကိုသာ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်းက ရွေးချယ်စိစစ်ခဲ့ကြောင်း ပြသနေသည်။
သာမန်ရက်များတွင် လင်ရွှန်းဖုန်း သူတို့ကို သိုင်းပညာ အချို့ သင်ပေးလေ့ ရှိသော်လည်း လီချင်းချိုး၏ အမြင်တွင်မူ ထိုအရာများက အခြေခံ စွမ်းရည်များသာ ဖြစ်သည်။
တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်မှု အသေးစိတ်ကို လီချင်းချိုး ဆက်လက် စစ်ဆေးကြည့်လိုက်သည်။ ဤနေရာတွင် ကြည့်စရာ များများစားစား မရှိပေ။
တွေးကြည့်စရာ မလိုဘဲ ချင်းရှောင်းဂိုဏ်းတွင် နက်နဲသော အမွေအနှစ် မရှိကြောင်း သိသာနေသည်။
သူ အောက်ဘက်သို့ ဆက်လက် ကြည့်ရှုလိုက်ရာ သူ ရရှိထားသော ကံတရား ရွေးချယ်ခွင့်နှင့် တာအိုမျိုးဆက် အမွေအနှစ် ရယူခွင့်တို့ကို တွေ့လိုက်ရသည်။
[ ကံတရား ရွေးချယ်မှု - အသင်သည် သင့်ဂိုဏ်းတပည့်များထဲမှ ကံတရား တစ်ခုကို ရွေးချယ်ပြီး သင့်ကိုယ်ပိုင် ကံတရား အဖြစ် ကူးယူနိုင်သည်။ ]
[ အမွေအနှစ် ဆုလာဘ် - ကျင့်စဉ်၊ မန္တန်၊ နတ်ဘုရားစွမ်းရည်၊ ထူးခြားသော စွမ်းရည်၊ ဝင်္ကပါ၊ အထွေထွေ ပညာရပ်များ စသည်တို့ ကဲ့သို့သော အမွေအနှစ်များကို ကျပန်း ရရှိနိုင်သည်။ ]
လီချင်းချိုး ချက်ချင်းပင် ဝမ်းသာသွားသည်။ သူ့တွင် ပါရမီရှင်များ ရှိသော်လည်း သူတို့ကို သင်ပေးစရာ ဘာမျှ မရှိပေ။
ချင်းရှောင်းဂိုဏ်း မည်သို့ ဖွံ့ဖြိုးတိုးတက်မည်နည်း။
ကံကောင်းထောက်မစွာပင် တာအိုမျိုးဆက်၌ အမွေအနှစ်များ ရှိနေသည်။
ယခု သူ့တွင် ကံတရား ရွေးချယ်ခွင့် တစ်ကြိမ်နှင့် အမွေအနှစ် ဆုလာဘ် တစ်ခု ရှိနေပြီ ဖြစ်ရာ စတင်ရန် လုံလောက်နေပြီ ဖြစ်သည်။
သူသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ကျန်းကျောက်ရှား၏ ပုံရိပ်ကို ထပ်မံ နှိပ်လိုက်ပြီး သူ၏ အကြည့်က ကျန်းကျောက်ရှား၏ ကံတရား ပေါ်သို့ ရောက်ရှိသွားသည်။
ညီလေးရေ... မင်းရဲ့ ပါရမီက အရမ်း စွမ်းတာပဲ..ဒီပါရမီက. အခုကစပြီး အစ်ကိုကြီးရဲ့ ပါရမီလည်း ဖြစ်သွားပြီ…