"ဒီနေ့ကစပြီး မင်းက ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သွားပြီ" ထိုစကားကို ဆိုပြီးနောက် ဆရာဖြစ်သူသည် လီချင်းချိုးနှင့်တကွ ဂိုဏ်းသားများကို စွန့်ပစ်ကာ မသေမျိုးလမ်းစဉ်ကို ရှာဖွေရန် တစ်ကိုယ်တည်း တောင်အောက်ဆင်းသွားခဲ့လေသည်။ ထိုနေ့၌ပင် လီချင်းချိုးသည် သူ၏ တာအိုမျိုးဆက် အမွေအနှစ်စနစ်ကို စတင် အသက်သွင်းနိုင်ခဲ့၏။ သူသည် ဂိုဏ်းသားများ၏ သစ္စာရှိမှု၊ ပါရမီနှင့် ကံတရားတို့ကို စနစ်မျက်နှာပြင်မှတစ်ဆင့် မြင်တွေ့နိုင်လေသည်။ ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာသည့် အဆင့်တိုင်းတွင် ဂိုဏ်းသားတစ်ဦး၏ ကံတရားကိုလည်း ပုံတူကူးယူနိုင်စွမ်း ရှိလာခဲ့၏။ သိုင်းလောကမှ အစပြု၍ လူ့လောကအလယ်၌ မသေမျိုးကျင့်စဉ်ကို သူ ကျင့်ကြံအားထုတ်ခဲ့လေသည်။ သိုင်းလောက၌ ဥပဒေမဲ့သူများ ပေါများကာ အာဃာတတရားများ လွှမ်းမိုးနေသကဲ့သို့ အာဏာရှိသူနှင့် ငွေကြေးချမ်းသာသူများသည်လည်း လူ့အသက်ကို ပဓာနမထားဘဲ မသေမျိုးဖြစ်ရန်သာ အားထုတ်နေကြကုန်၏။ ဤသို့ မငြိမ်မသက်ဖြစ်နေသော ခေတ်ကာလကြီးထဲ၌ လီချင်းချိုးသည် ချင်းရှောင်ဂိုဏ်းကို တစ်ဆင့်ချင်းစီ ဦးဆောင်မြှင့်တင်ရင်း လောကီအရှုပ်အထွေးများကြားမှ ဖောက်ထွက်လာနိုင်ခဲ့လေသည်။ ကျယ်ပြောလှသော ကျင့်ကြံခြင်းလောကကြီးတွင် တာအိုမျိုးဆက်အများအပြား အာဏာလု အပြိုင်အဆိုင် ဖြစ်တည်နေကြသော်လည်း သာမန်လူ့လောကမှ စတင်လာသည့် ချင်းရှောင်ဂိုဏ်းသည်ကား လူတိုင်း၏ ရင်ထဲ၌ ထာဝရရှင်သန်ရာ မသေမျိုးဂိုဏ်းကြီး ဖြစ်လာခဲ့ပေသည်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် လီချင်းချိုးအား ပါရမီရှင်များကို ရှာဖွေနိုင်ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပါရမီရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်သူဟူ၍ သိမှတ်ထားကြလေတော့သည်။

