← Chapters

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း ၃၃၅

Vol. 34 Ch. 335

အခန်း (၃၃၅)ကောင်းကင်ဘုံ၏ ကျော်ကြားသောဓာစံးအိမ်နှင့် နတ်ဘုရားဓားကိုးလက်

လီချင်းချိုးက ထိုက်ကျွယ်နတ်ဘုရားဓား၏ အရှိန်အဝါရှိရာဆီသို့ ဦးတည်လျှောက်လှမ်းခဲ့ပြီး ကျန်းဖိန်၊ ပိုင်နင်းအာနှင့် ယွင်ချိုင်တို့ကလည်း နောက်မှ ကပ်လျက်လိုက်ပါလာကြသည်။

သူတို့တွေ ရှေ့သို့လှမ်းရင်း ပတ်ဝန်းကျင်ရှုခင်းများကို ဝေ့ဝဲကြည့်ရှုကာ စိတ်ထဲ၌ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမြေအောက်နန်းတော်ကြီးအတွင်း၌ပင် ဤကဲ့သို့သော သုခဘုံကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးထားနိုင်သည်အထိ ရှေးခေတ်ကာလက ထိုက်ကျွယ်ဂိုဏ်း မည်မျှအထိ စည်ပင်ဝပြောခဲ့သနည်း။

ယွင်ချိုင်ကတော့ အဆင်ပြေနေသည်။

သူမအနေဖြင့် ဤကမ္ဘာငယ်လေးသည် မြင်တွေ့နေရသလောက် ကျယ်ဝန်းခြင်းမရှိဘဲ တားမြစ်ချက်မန္တန်များဖြင့် ဖန်တီးထားခြင်းသာဖြစ်ကြောင်း အကဲခတ်မိ၍ ဖြစ်သည်။ သို့သော် ကျန်းဖိန်နှင့် ပိုင်နင်းအာတို့အတွက်မူ တကယ့်ကို သုခဘုံတစ်ခုသို့ ရောက်ရှိသွားသလို အံ့ဩမှင်တက်နေကြရှာသည်။

သူတို့တွေ လိုဏ်ခေါင်းလမ်းမှ ထွက်လာပြီးနောက် မဟာမြစ်ကြီးကို ဖြတ်ကျော်ကာ အရှေ့တွင်မြင်နေရသော သစ်တောကြီးဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

ဤနေရာရှိ သစ်တောကြီးမှာ ထူထပ်လှပြီး ဝိညာဉ်ချီစွမ်းအင်များလည်း အလွန် ကြွယ်ဝလှပေသည်။ ပန်းမန်များနှင့် သစ်ပင်အောက်ခြေမှ အပင်ငယ်လေးများမှာ ထူးခြားစွာပင် စိမ်းလန်းစိုပြည်လန်းဆန်းနေကြပြီး ငှက်များနှင့် ပိုးမွှားငယ်များ၏ ပုံရိပ်များကိုပါ မြင်တွေ့နေရသည်။

သို့သော် လီချင်းချိုး၏ မျက်ဝန်းထဲတွင်မူ ဤသက်ရှိသတ္တဝါအားလုံးမှာ ဝိညာဉ်ချီစွမ်းအင်များဖြင့်သာ ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ချေ။ ထို့ကြောင့် လမ်းခရီးတစ်လျှောက်ရှိ မြင်ကွင်းများကြောင့် စိတ်ပျံ့လွင့်ခြင်းမရှိသလို ခြေလှမ်းများကိုလည်း လျှော့ချခြင်းမရှိခဲ့ပေ။

သစ်တောကြီးကို ဖြတ်သန်းပြီးနောက် တောင်တစ်လုံးပေါ်သို့ စတင်တက်ရောက်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာရှိ တောင်တန်းများမှာ အလွန်အမင်း မြင့်မားမတ်စောက်ခြင်းမရှိချေ။

လီချင်းချိုး တောင်ပေါ်သို့ တိုက်ရိုက်ပျံသန်းမသွားရခြင်းမှာ ဤနေရာရှိ တားမြစ်ချက်မန္တန်များကို မဖျက်ဆီးလိုသောကြောင့် ဖြစ်၏။ ဤနေရာမှ တားမြစ်ချက်မန္တန်များက အလွန်ပင် ပြည့်စုံကောင်းမွန်လှသဖြင့် နောင်တွင် ချင်းရှောင်ဂိုဏ်းသားများ လေ့လာဆန်းစစ်နိုင်ရန်အတွက် အကောင်းတိုင်း ထိန်းသိမ်းထားသင့်သည်ဟု ယူဆထားသည်။

"ဟင်..."

ပိုင်နင်းအာထံမှ ရုတ်တရက် အံ့အားသင့်သံတစ်သံ ထွက်ပေါ်လာသဖြင့် လီချင်းချိုး နောက်သို့လှည့်ကြည့်လိုက်ရာ ပိုင်နင်းအာက ဧရာမသစ်ပင်ကြီးတစ်ပင်၏ အနီးသို့ လျှောက်သွားပြီး သစ်ခေါက်ကို လက်ဖြင့် ခွာယူရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။

လီချင်းချိုး မျက်မှောင်ကြုတ်၍ အာရုံစိုက်ကြည့်လိုက်ရာ သစ်ပင်ပင်စည်အတွင်း၌ မြှုပ်နှံထားပြီး ဝိညာဉ်ချီစွမ်းအင်အနည်းငယ် ထွက်ပေါ်နေသော ကျောက်ခဲငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ရှိ မဟာဝိညာဉ်ချီများနှင့် နှိုင်းယှဉ်ပါက ဤကျောက်ခဲငယ်လေးမှ ထွက်ပေါ်နေသော ဝိညာဉ်ချီမှာ အလွန်အမင်း အားနည်းလွန်းလှသဖြင့် စောစောက သူ သတိမထားမိခဲ့ခြင်းပင်။

သို့သော် ပိုင်နင်းအာ အနီးသို့ ကပ်သွားသည့်အခါမှသာ အဆိုပါကျောက်ခဲငယ်မှာ သာမန်မဟုတ်ဘဲ အတွင်း၌ လျှို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သဘောပေါက်လိုက်သည်။

ယွင်ချိုင်ကလည်း ပိုင်နင်းအာကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်လိုက်မိသည်။ သူမသည်လည်း စောစောက ဤသစ်ပင်တွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိနေသည်ကို သတိမပြုမိခဲ့ပေ။

ပိုင်နင်းအာက ထိုအရာကို မည်သို့ ရှာဖွေတွေ့ရှိသွားခဲ့သနည်း။

'ဂိုဏ်းချုပ် သူ့ကို ဒီခရီးစဉ်မှာ ဘာလို့ ခေါ်လာခဲ့သလဲဆိုတာ မဆန်းတော့ဘူးပဲ'

ကျန်းဖိန်ကမူ ဤအခြေအနေကို ပုံမှန်အတိုင်းသာ သဘောထားလိုက်သော်လည်း ပိုင်နင်းအာ ဘာကို ရှာတွေ့သွားခဲ့သလဲဆိုသည်ကိုတော့ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။

ပိုင်နင်းအာက ကျောက်ခဲငယ်လေးကို သစ်ပင်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် လဓာတ်လိုက်ခံရသလို တစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွားပြီး နေရာတွင်တင် ကျောက်ရုပ်ပမာ တောင့်တင်းငြိမ်သက်သွားလေသည်။

၎င်းကို မြင်လိုက်ရသောအခါ ကျန်းဖိန် အလိုလို ရှေ့သို့လှမ်း၍ သူ့ကို သွားရောက်ပုတ်နှိုးရန် ကြိုးစားလိုက်သည်။

"သူ အမွေအနှစ်ကျင့်စဉ်ကို လက်ခံနေတာ… သွားမနှောင့်ယှက်နဲ့" ဟု လီချင်းချိုးက တားမြစ်လိုက်သည်။

ဤစကားကို ကြားရသောအခါ ကျန်းဖိန် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ပိုင်နင်းအာကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေမိတော့သည်။

ယွင်ချိုင်လည်း အံ့အားသင့်သွားခဲ့သည်။

ဤမျှအစွမ်းထက်လှသော ကံကောင်းခြင်း အခွင့်အလမ်းမျိုးကို ဒီအတိုင်း လမ်းလျှောက်ရင်း ရှာတွေ့သွားခဲ့သည်လော။

"သူ ခဏအတွင်းမှာ နိုးလာမှာ မဟုတ်ဘူး… မင်းတို့နှစ်ယောက် သူ့ကို ဒီမှာပဲ စောင့်ရှောက်ပေးထားလိုက်ကြ၊ ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိဘူး… ငါ ဓားသွားယူပြီးတာနဲ့ မင်းတို့ဆီ ပြန်လာခဲ့မယ်" ဟု လီချင်းချိုးက မှာကြားလိုက်ပြီး စကားအဆုံးတွင် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့လေသည်။

ယွင်ချိုင်နှင့် အခြားသူနှစ်ဦး ဘေးတွင်မရှိတော့သဖြင့် လီချင်းချိုးက ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး

တောင်ထိပ်များကို အလျင်အမြန် ဖြတ်ကျော်သွားခဲ့သည်။

တောင်ပေါ်တွင် ကျန်ရစ်ခဲ့သော ယွင်ချိုင်က ကျန်းဖိန်ကို ကြည့်ကာ …

"နင် သူနဲ့ အတော်လေး ရင်းနှီးလား" ဟု မေးလိုက်သည်။

ကျန်းဖိန်က ခေါင်းညိတ်ပြပြီး…

"ကျွန်တော်တို့ အတူတူ လေ့ကျင့်ဖူးကြတယ်လေ" ဟု ပြန်‌ဖြေလိုက်သည်။

"သူ အမြဲတမ်း ဒီလောက်တောင် ကံကောင်းတတ်တာလား"

"အမှန်အတိုင်းပြောရရင်... အစ်မ တွေးထားတာထက်တောင် သူက ပိုပြီး ကံကောင်းလွန်းပါသေးတယ်..."

"ဘာကို ဆိုလိုတာလဲ..."

ယွင်ချိုင်၏ စိတ်မရှည်သော အမေးကို ရင်ဆိုင်ရင်း ကျန်းဖိန်က ယခင်က ပိုင်နင်းအာနှင့်အတူ အတွေ့အကြုံခရီးထွက်စဉ်က ကြုံတွေ့ခဲ့ရသော ထူးဆန်းအံ့ဩဖွယ်ရာ ကံကောင်းခြင်းဖြစ်ရပ်များကို ပြန်ပြောင်း ပြောပြလိုက်တော့သည်။

တစ်ဖက်တွင်မူ…

လီချင်းချိုးတယောက် တောင်တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်ခဲ့ပြီးနောက် နောက်ဆုံး၌ ထိုက်ကျွယ်နတ်ဘုရားဓား တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုက်ကျွယ်နတ်ဘုရားဓားက တောင်စောင်းတစ်ခု၏ မြေပြင်ပေါ်တွင် ထိုးစိုက်လျက် ရှိနေသည်။၎င်း၏နောက်ကွယ်တွင်မူ ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေသော ဂူဗိမာန်သင်္ချိုင်းတစ်ခု ရှိနေသည်။

ဓားနှင့် သင်္ချိုင်းဂူ၏ကြားတွင် နွယ်ပင်များ ရစ်ပတ်ဖုံးလွှမ်းနေသဖြင့် စာသားများကို သဲသဲကွဲကွဲ မမြင်ရသော ကျောက်စာတိုင်တစ်ခု ရှိနေသည်။

လီချင်းချိုး ထိုက်ကျွယ်နတ်ဘုရားဓား ရှေ့မှောက်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အကြည့်များက ဓားဆီသို့ ကျရောက်သွားခဲ့သည်။

ဓားတစ်လက်လုံးမှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော်လည်း ၎င်း၏ ထက်မြက်လှသော အရှိန်အဝါကတော့ စိုးစဉ်းမျှ လျော့ပါးသွားခြင်း မရှိပေ။

ဓားသွားမှာ သာမန်ဓားများထက် ပိုမိုကျယ်ဝန်းပြီး ဧကရာဇ်တစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်း၍ လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ ဓားကာမှာ အပြင်ဘက်သို့ ဆန့်ထွက်နေသော ဧရာမ နဂါးလက်သည်းနှစ်ခုနှင့် တူလှပြီး၊ ဓားရိုကတော့ နဂါးအကြေးခွံများ စီခြယ်ထားသကဲ့သို့ ရှိနေသည်။

ထိုစဉ်၌ ကျောက်စာတိုင်အတွင်းမှ ဝိညာဉ်တစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ဓားသခင်ကြီးပင် ဖြစ်သည်။

ဓားသခင်ကြီးက လီချင်းချိုးကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ….

"မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ…လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် မင်းက ကောင်းကင်နေမင်းနယ်ပယ်ကိုတောင် အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်မှတ်ထားခဲ့ဘူး" ဟု ဆိုလိုက်သည်။

သူသည် ယခင်က စမ်းသပ်မှုအတွင်း ကြုံတွေ့ခဲ့ရသော လီချင်းချိုးနှင့် နှိုင်းယှဉ်ပါက ယခုအခါ လီချင်းချိုးမှာ တစ်ကျော့ပြန် မွေးဖွားလာသလို အလုံးစုံ ပြောင်းလဲသွားပြီဖြစ်ကြောင်း အတိုင်းသား အာရုံခံမိနေသည်။

လီချင်းချိုးက သူ့ကို ကြည့်ကာ….

"ခင်ဗျားကိုယ်ခင်ဗျား ဓားသခင်ကြီးလို့ အမည်တပ်ထားပေမယ့်၊ အမှန်ဆို ခင်ဗျားမှာ တခြားသော အထောက်အထား နောက်ခံတစ်ခု ရှိနေသေးတယ် မဟုတ်လား" ဟု မေးမြန်းလိုက်သည်။

ဓားသခင်ကြီးက ရှေ့မှောက်ရှိ ထိုက်ကျွယ်နတ်ဘုရားဓားကို ကြည့်ရင်း….

"ငါ့မှာ ဘာနောက်ခံမှ မရှိပါဘူး… ဒီနတ်ဘုရားဓားကို စောင့်ကြပ်ဖို့က ငါ့ရဲ့ တာဝန်သက်သက်ပဲလေ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုစကားကို ကြားပြီးနောက် လီချင်းချိုး တိတ်ဆိတ်သွားခဲ့သည်။ အဖိုးအို၏ လေသံကို အကဲခတ်ရရုံမျှဖြင့် တစ်စုံတစ်ရာသော အကြောင်းအရာကို မှာကြားလိုနေကြောင်း သိသာလှပေသည်။ ထို့ကြောင့် လီချင်းချိုးအနေဖြင့် ဓားကို တိုက်ရိုက်ဆွဲထုတ်လိုက်ခြင်းက မလျော်ကန်ကြောင်း ယူဆလိုက်မိသည်။

ဓားသခင်ကြီးက အကြည့်ကို လီချင်းချိုးထံသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ပြီး….

"လောကကြီးမှာ နတ်ဘုရားဓား ကိုးလက် ရှိတယ်… ထိုက်ကျွယ်ကတော့ တတိယမြောက် အဆင့်ရှိတဲ့ ဓားပေါ့… ထိုက်ကျွယ်နတ်ဘုရားဓားက မင်းရဲ့လက်ထဲမှာဆိ စစ်မှန်တဲ့ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"နတ်ဘုရားဓား ကိုးလက် ဟုတ်လား... ထိုက်ကျွယ်နတ်ဘုရားဓားက ခင်ဗျားတို့ဂိုဏ်းက သွန်းလုပ်ခဲ့တာ မဟုတ်ဘူးလား"

"ငါတို့ဂိုဏ်းက သွန်းလုပ်ခဲ့တာ အမှန်ပါပဲ၊ ဒါပေမဲ့ ဓားအောက်ခံပုံစံနဲ့ ဓားနှလုံးသားကိုတော့ ကျော်ကြားသောဓားစံအိမ်က ပေးအပ်ချီးမြှင့်ခဲ့တာ… ကျော်ကြားသောဓားစံအိမ်က နတ်ဘုရားဓား ကိုးလက်ကို သွန်းလုပ်ပြီး လောကမြေပြင်အနှံ့က မဟာဂိုဏ်းကြီးတွေဆီ ပေးအပ်လှူဒါန်းခဲ့ပြီး ကံပါလာမယ့် သခင်အစစ်အမှန်တွေကို စောင့်ဆိုင်းစေခဲ့တာ… နတ်ဘုရားဓားတစ်လက်စီမှာ မထင်မှတ်နိုင်လောက်အောင် အစွမ်းထက်တဲ့ စွမ်းပကားတွေ ကိန်းအောင်းနေကြတယ်…. မင်း ထိုက်ကျွယ်နတ်ဘုရားဓားကို ရရှိပြီးတဲ့နောက်မှာ ဒီကံကြမ္မာရေစက်ထဲကို မလွဲမသွေ သက်ဆင်းရတော့မယ်…နောက်ပိုင်းကျရင် တခြားနတ်ဘုရားဓားပိုင်ရှင်တွေနဲ့ ပြိုင်ဆိုင်တိုက်ခိုက်ရမယ့် ကံကြမ္မာဆိုးကိုလည်း မရှောင်လွှဲနိုင်ဘဲ ရင်ဆိုင်ရတော့မယ်"

ဤစကားကို ကြားလိုက်ရသောအခါ လီချင်းချိုး ဤထိုက်ကျွယ်နတ်ဘုရားဓားကို ရုတ်တရက် အလိုမရှိတော့သလို ခံစားလိုက်ရသည်။

ဓားသခင်ကြီးက လီချင်းချိုး၏ အတွေးကို ဖတ်မိသွားဟန်ဖြင့် ….

"မင်း အလွန်အမင်း စိုးရိမ်ပူပန်မနေပါနဲ့.. ဒီကံကြမ္မာက အချိန်တိုအတွင်းမှာ ချက်ချင်း ရောက်လာမှာ မဟုတ်သေးဘူး… ဒါ့အပြင် ထိုက်ကျွယ်နတ်ဘုရားဓားရဲ့ စွမ်းပကားက မင်းရဲ့ဂိုဏ်းကို ပိုပြီး ဝေးဝေးတက်လှမ်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်"

"ခင်ဗျားက ကျုပ်တို့ဂိုဏ်းရှိနေတာကို သိတာလား..."

"ငါ ဒီနေရာကနေ အပြင်ကို ထွက်သွားလို့မရပေမယ့်၊ ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးရဲ့ အခြေအနေကိုတော့ အတိုင်းအတာတစ်ခုအထိ အကဲခတ်စောင့်ကြည့်လို့ရပါသေးတယ်…. မင်းရဲ့ဂိုဏ်းက အတော်လေး ကောင်းမွန်ပါတယ်… အရင်က ထိုက်ကျွယ်ဂိုဏ်း မပြီးဆုံးသေးဘဲ ကျရှုံးခဲ့ရတဲ့ တာဝန်ကို မင်းတို့ဂိုဏ်းက ဆက်လက်ထမ်းဆောင်ပြီး ဒီကမ္ဘာမြေကို ပိုမိုစည်ပင်ဝပြောတဲ့ ခေတ်ကာလဆီ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ယူဆရတယ်"

ဤစကားကို ပြောဆိုနေစဉ်အတွင်း ဓားသခင်ကြီး၏ မျက်နှာတွင် စိတ်လှုပ်ရှားတမ်းတရိပ်များ ထွက်ပေါ်လာခဲ့သည်။

လီချင်းချိုးက …."အကယ်၍ ကျုပ်သာ ထိုက်ကျွယ်နတ်ဘုရားဓားကို ရယူလိုက်ရင်၊ ခင်ဗျားအတွက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ထိုက်ကျွယ်ဂိုဏ်းအတွက်ဖြစ်ဖြစ် ကျုပ်ကို တစ်ခုခု စွမ်းဆောင်ပေးစေချင်တာ ရှိလား"

"ထိုက်ကျွယ်ဂိုဏ်းက မိစ္ဆာနယ်မြေရဲ့ တိုက်ခိုက်မှုကို မတောင့်ခံနိုင်ခဲ့ဘူး..ထိုက်ကျွယ်ဂိုဏ်းရဲ့ ကံကြမ္မာ ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ ပြန်လည်ထူထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး…ထိုက်ကျွယ်နတ်ဘုရားဓားကို ချန်ထားရခြင်းက ကျော်ကြားသောဓားစံအိမ်အပေါ် ထားရှိခဲ့တဲ့ ကတိကဝတ်ကို တည်ရုံသက်သက်ပါပဲ… ဒီနေ့ပြီးရင် ငါ့ရဲ့ ဝိညာဉ်အကြွင်းအကျန်လည်း လွင့်ပျယ်သွားတော့မှာဖြစ်လို့ ဒီလောကမှာ ထိုက်ကျွယ်ဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး…ဒီထိုက်ကျွယ်နန်းတော်ကိုလည်း မင်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်"

စကားအဆုံးတွင် ညာလက်ကို မြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်ရာ မြေပြင်အောက်မှ ရွှေရောင်တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာပြီး လီချင်းချိုးထံသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

၎င်း၏ပေါ်တွင် 'ထိုက်ကျွယ်' ဟူသော စာလုံးများကို ထင်ထင်ရှားရှား ထုဆစ်ထားသည်။

လီချင်းချိုး ထိုက်ကျွယ်တံဆိပ်ပြားကို လှမ်းယူလိုက်တော့ အလွန် အေးစက်သော ခံစားချက်ကို ရရှိလိုက်သည်။ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်သောအခါ တံဆိပ်ပြားအတွင်း၌ သန်းပေါင်းများစွာသော ပိုက်ကွန်စိပ်များကဲ့သို့ ရှုပ်ထွေးစွာ ရစ်ပတ်ယှက်နွယ်နေသည့် တားမြစ်ချက်မန္တန်များကို မြင်တွေ့လိုက်ရသဖြင့် အလွန် ဆန်းကြယ်လှကြောင်း နားလည်လိုက်သည်။

ဓားသခင်ကြီးက လီချင်းချိုးကို ကြည့်ကာ တည်ကြည်စွာဖြင့် မှာကြားလိုက်သည်။

"မိစ္ဆာနယ်မြေက နှစ်တစ်ထောင်တိုင်းမှာ တောင်ဘက်ကို တစ်ကြိမ် ရွှေ့လျားလာတတ်တယ်…ဒါက မင်းတို့ ချင်းရှောင်ဂိုဏ်းအနေနဲ့ ဘယ်လိုမှ ရှောင်လွှဲလို့မရမယ့် ကပ်ဘေးကြီးတစ်ခုပဲ… ဒီကပ်ဘေးရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခု ရှိနေနိုင်ပြီး အပြင်ပန်းမြင်တွေ့နေရသလောက် ရိုးရှင်းမှာ မဟုတ်တာတော့ အသေအချာပဲ… ငါတို့ ထိုက်ကျွယ်ဂိုဏ်းက ဒီကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့သလို၊ အတိတ်က တခြားဂိုဏ်းတွေလည်း မကျော်ဖြတ်နိုင်ခဲ့ကြဘူး… မင်းကတော့ ဒီကံကြမ္မာဆိုးကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

စကားအဆုံး၌ ဓားသခင်ကြီး၏ ဝိညာဉ်ပုံရိပ် တဖြည်းဖြည်း လွင့်ပျယ်သွားပြီး လေထုထဲ၌ ကွယ်ပျောက်သွားခဲ့လေသည်။

လီချင်းချိုးကလည်း ဓားသခင်ကြီး၏ ဝိညာဉ်အကြွင်းအကျန် လုံးဝ ကွယ်ပျောက်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်ရာ ၎င်းမှာ ပုံရိပ်ယောင်

မဟုတ်သည်မှာ သေချာလှပေသည်။

သူသည် ဓားသခင်ကြီး၏ မှာကြားချက်ကို အချိန်အကြာကြီး တွေးတောမနေတော့ဘဲ ရှေ့သို့ လှမ်းတက်လိုက်ကာ ထိုက်ကျွယ်နတ်ဘုရားဓား၏ ဓားရိုးကို လက်လှမ်း၍ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ထိုက်ကျွယ်နတ်ဘုရားဓားအတွင်း၌ ကိန်းအောင်းနေသော အတိုင်းအဆမဲ့သည့် ဓားဆန္ဒများကို အတိုင်းသား ခံစားလိုက်ရသည်။

ထိုဓားဆန္ဒကြီးများက လီချင်းချိုး၏ ထိတွေ့မှုနှင့်အတူ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဝုန်း…

ဓားချီမျာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ ပျံ့နှံ့သွားခဲ့ပြီး တောင်တန်းများကို တုန်ခါသွားစေကာ၊ သစ်တောကြီးကို မြေလှန်ပစ်လုနီးပါး ဖြစ်စေသည့်အပြင် ကောင်းကင်ယံကြီးကိုပါ အရောင်အသွေး ပြောင်းလဲသွားစေခဲ့သည်။

ဝေးကွာလှသော သစ်တောကြီးအတွင်း၌ ရှိနေကြသော ယွင်ချိုင်နှင့် ကျန်းဖိန်တို့လည်း အလိုလို နောက်သို့ လှည့်ကြည့်လိုက်ကြမိသည်။ ပြင်းထန်လှသော လေပြင်းကြီးတစ်ခု သူတို့ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီး သူတို့၏ ဝတ်ရုံများကို တဖျတ်ဖျတ် လွင့်ပျံသွားစေခဲ့သည်။

"ဒါက..."

ကျန်းဖိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩမှင်တက်သွားခဲ့သည်။

ယွင်ချိုင်ကမူ ၎င်း၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ အဝေးဆီမှ လီချင်းချိုး၏ ပုံရိပ်နှင့် ထိုက်ကျွယ်နတ်ဘုရားဓားကို လှမ်းမြင်တွေ့လိုက်ရသည်။

ထိုက်ကျွယ်နတ်ဘုရားဓားက အခြားကမ္ဘာတစ်ခု၏ တံခါးဝကဲ့သို့ ဖြစ်နေပြီး ၎င်း၏အတွင်းမှ အဆုံးမရှိသော ဓားချီလှိုင်းလုံးကြီးများ တလိမ့်လိမ့် ထွက်ပေါ်နေခြင်း ဖြစ်သည်။ သူမအနေဖြင့် ဤမျှလောက်အထိ ကြီးမားကျယ်ပြန့်လှသော ဓားချီလှိုင်းများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

၎င်းမှာ အဆုံးမရှိသလိုဖြစ်နေပြီး အလွန်အမင်း ပြင်းထန်ပူလောင်လှပေသည်။

'ဒါက ဂိုဏ်းချုပ်ရှာနေတဲ့ ဓားပေါ့...'

ယွင်ချိုင်၏ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ သူမ ယခင်က မြင်ဖူးခဲ့သမျှသော မှော်ပစ္စည်းအားလုံးပင် ဤဓား၏ ရှေ့မှောက်တွင် အရေးမပါသော အရာများကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ခံစားလိုက်ရသည်။ ဂိုဏ်းချုပ်၏ မူလချီစွမ်းအင်နှင့် သွေးသားအင်အားမှာ နတ်ဘုရားတမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီးဖြစ်ရာ၊ ယခု ဤကဲ့သို့သော ဓားတစ်လက်ကိုပါ ထပ်မံပိုင်ဆိုင်လိုက်လျှင် ဂိုဏ်းချုပ် မည်မျှအထိ အစွမ်းထက်လာမည်ကို သူမ ဘယ်လိုမှ စိတ်ကူး၍ မရနိုင်တော့ပေ။

သူမ ကြည့်နေစဉ်မှာပင် လီချင်းချိုးက ထိုက်ကျွယ်နတ်ဘုရားဓားကို မြေပြင်ထဲမှ ဆွဲထုတ်လိုက်သဖြင့် ပိုမို ကြီးမားထည်ဝါလှသော ဓားချီလှိုင်းလုံးကြီးများ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံအထက်ဆီသို့ တဟုန်ထိုး ပြေးတက်သွားခဲ့သည်။

ဓားကြီးက အလွန်ပင် စိတ်လှုပ်ရှားနေပုံရပြီး ဤနည်းလမ်းဖြင့် ၎င်း၏ သခင်အစစ်အမှန်ကို ကြိုဆိုဂုဏ်ပြုနေခြင်း ဖြစ်ပေသည်။

ထိုက်ကျွယ်နတ်ဘုရားဓားကို ကိုင်ဆောင်ထားစဉ်၌ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကြီးတစ်ခု မိမိ၏ ပတ်ပတ်လည်တွင် ဝဲပျံနေပြီး၊ သူ့ရဲ့ကိုယ်ပိုင် ဓားဆန္ဒနှင့် ပေါင်းစပ်၍ သခင်အဖြစ် ကတိသစ္စာပြုရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသည်။

ထို့ကြောင့် ငြင်းဆန်ခြင်းမရှိဘဲ ထိုက်ကျွယ်ဓားဆန္ဒကို စတင်လက်ခံကာ စုပ်ယူလိုက်တော့သည်။

ထိုက်ကျွယ်ဓားဆန္ဒ သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်နှင့်အမျှ လီချင်းချိုး၏ စိတ်အာရုံထဲတွင် မြင်ကွင်းများစွာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုက်ကျွယ်နတ်ဘုရားဓားကို စတင်သွန်းလုပ်ခဲ့စဉ်က မြင်ကွင်းများ၊ အတိတ်က ဓားသခင်အဆက်ဆက်၏ ပုံရိပ်များနှင့်၊ အချို့သော ကျင့်ကြံသူများက ထိုက်ကျွယ်နတ်ဘုရားဓား ကိန်းအောင်းနေသော ဓားမီးဖိုကြီးအတွင်းသို့ မိမိကိုယ်မိမိ ပူဇော်ကာ ခုန်ချသွားခဲ့ကြသည့် ဖြစ်ရပ်များကိုပါ အတိုင်းသား မြင်တွေ့လိုက်ရသည်။

များပြားလှစွာသော မြင်ကွင်းပုံရိပ်ပေါင်းမြောက်မြားစွာ သူ့ဦးနှောက်အတွင်းသို့ အတင်းအကျပ် တိုးဝင်လာခဲ့သဖြင့် ထိုက်ကျွယ်နတ်ဘုရားဓား၏ အတိတ်နောက်ကြောင်းသမိုင်းကို အလိုလို နားလည်သဘောပေါက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေကမ္ဘာ၏ ဝိညာဉ်ချီစွမ်းအင်များ လီချင်းချိုး၏ ခန္ဓာကိုယ်အတွင်းသို့ စုပြုံစီးဝင်လာပြီး ကျင့်ကြံမှုကိုပါ ပိုမိုတိုးတက်လာအောင် ကူညီပေးခဲ့သည်။

ယွင်ချိုင်တယောက် ဤမြင်ကွင်းကို ကြည့်ရင်း မျက်ဝန်းများတွင် ချီးမွမ်းကိုးကွယ်ရိပ်များဖြင့် ပြည့်နှက်နေလေသည်။

ဤမျှအစွမ်းထက်လှသော နတ်ဘုရားဓားကြီးကို ဤမျှလွယ်ကူစွာဖြင့် သခင်အဖြစ် အသိအမှတ်ပြုလာအောင် စွမ်းဆောင်နိုင်ခြင်းက လီချင်းချိုး၏ အစွမ်းသတ္တိမှာ သူမ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေကြောင်း သက်သေပြနေသည်။

သူမသည် ရည်မှန်းချက်ကြီးမားပြီး အမြဲတမ်း ပြိုင်ဆိုင်လိုစိတ် ပြင်းပြသူဖြစ်သော်လည်း၊ လီချင်းချိုးကိုတော့ သူမထက် အမြဲတမ်း ပိုမိုအစွမ်းထက်နေရန်သာ မျှော်လင့်နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး

တစ်နာရီခန့် အချိန်ပြည့်သွားပြီးနောက်တွင်မှ ဓားဆန္ဒချင်း ပေါင်းစပ်ခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

သူ မျက်လုံးဖွင့်လိုက်သောအခါ ထိုက်ကျွယ်နတ်ဘုရားဓားပေါ်ရှိ ဖုန်မှုန့်အားလုံး လွင့်ပျယ်သွားပြီး တောက်ပလှသော ဓားအလင်းရောင်က သူ့မျက်နှာပေါ်သို့ ရောင်ပြန်ဟပ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ကျေနပ်နှစ်ခြိုက်သော အမူအရာကို ဖော်ပြလိုက်မိသည်။

၎င်းသည် စမ်းသပ်မှု ပုံရိပ်ယောင်အတွင်းက မြင်တွေ့ခဲ့ရသော ထိုက်ကျွယ်နတ်ဘုရားဓားထက်ပင် ပိုမိုနတ်ဘုရားဆန်သော အရှိန်အဝါမျိုး ရှိနေသည်။

လီချင်းချိုး ဤထိုက်ကျွယ်နတ်ဘုရားဓားကို ချက်ချင်းပင် စွဲလန်းနှစ်သက်သွားချဲ့ချပြီ။

သဘာဝကျစွာပင် သူ အနှစ်သက်ဆုံးအရာမှာ ဓားအတွင်း၌ ကိန်းအောင်းနေသော ပြိုင်ဘက်ကင်း လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ဓားချီစွမ်းအင်ပင် ဖြစ်သည်။ ယခုအခါ မူလချီစွမ်းအင်ကို အသုံးမပြုဘဲ ဤဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် တောင်တန်းများကို ကြေမွသွားစေကာ မဟာမြစ်ကြီးများကို ဖြတ်တောက်နိုင်မည့် စွမ်းပကားမျိုးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

လီချင်းချိုးက ထိုက်ကျွယ်နတ်ဘုရားဓားကို ကိုင်ဆောင်ကာ ရှေ့မှောက်ရှိ ကျောက်စာတိုင်ဆီသို့ ဦးညွှတ်၍ ရိုသေစွာ ဂါရဝပြုလိုက်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။

ဤနတ်ဘုရားဓားကို ရရှိခဲ့ပြီဖြစ်၍ သူတို့ ပြန်လည်ထွက်ခွာနိုင်ပြီ ဖြစ်သည်။

နောင်တစ်ချိန်ကျမှသာ ဤထိုက်ကျွယ်နန်းတော်ကြီးကို အလုံးစုံ လာရောက်ထိန်းချုပ်ရန် အချိန်ယူရပေလိမ့်မည်။

ထိုက်ကျွယ်နန်းတော်ကြီးမှာ အလွန်ကျယ်ဝန်းလှသဖြင့် အတွင်း၌ ရင်းမြစ်ပစ္စည်းများစွာ ရှိနေမည်မှာ အသေအချာပင်။ သူသည် စောစောကပင် မန္တန်လျှို့ဝှက်ကျမ်းစာများ သိုလှောင်ထားသော နန်းဆောင်အခန်းများကို မြင်တွေ့ခဲ့ရသည့်အပြင်၊ ဤနေရာရှိ တားမြစ်ချက်မန္တန်များမှာလည်း အလွန်တန်ဖိုးရှိလှပေသည်။

ဤထိုက်ကျွယ်နန်းတော်၏ တန်ဖိုးမှာ ကံကောင်းခြင်း ရတနာများထက်ပင် များစွာ ပိုမိုကြီးမားလှသည်။ သို့သော် ၎င်းတွင် ထောင်ချောက်မန္တန်များစွာ ရှိနေသေးသဖြင့် လောလောဆယ်တွင် ဂိုဏ်းသားများကို စေလွှတ် ရှာဖွေခိုင်းရန် မသင့်တော်သေးပေ။

သို့သော်လည်း မထွက်ခွာမီ လီချင်းချိုးအနေဖြင့် အချို့သောအရာများကိုတော့ သိုလှောင်အိတ်ထဲသို့ သိမ်းကျုံးယူဆောင်သွားနိုင်သည်။

သူသည် ထိုက်ကျွယ်နတ်ဘုရားဓားကို သယ်ဆောင်ကာ ကျန်းဖိန်နှင့် ကျန်ရှိသူနှစ်ဦးရှိရာဆီသို့ လျှောက်လှမ်းလာခဲ့သည်။

လက်ရှိအချိန်တွင် ပိုင်နင်းအာမှာ အမွေအနှစ်ကျင့်စဉ်ကို ဆက်လက်လက်ခံရယူနေဆဲပင် ဖြစ်၏။ လီချင်းချိုး သူတို့ရှိရာ သစ်တောကြီးအတွင်းသို့ ရောက်ရှိလာသောအခါ ယွင်ချိုင်နှင့် ကျန်းဖိန်တို့နှစ်ဦးစလုံး၏ အကြည့်များက သူ့လက်ထဲရှိ ထိုက်ကျွယ်နတ်ဘုရားဓားဆီသို့ စုပြုံကျရောက်သွားခဲ့ကြသည်။

သူတို့ ကြည့်လိုက်မိသည့်နေရာတိုင်း၌ စူးရှလှသော ဓားအလင်းရောင်များ သူတို့၏မျက်ဝန်းထဲသို့ စီးဝင်လာသဖြင့် အလိုလို မျက်လုံးမှိတ်လိုက်ကြရသည်။

အစက ထိုက်ကျွယ်နတ်ဘုရားဓားကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန် ကြံရွယ်ခဲ့သော်လည်း၊ ဓားကြီးက သိုလှောင်အိတ်ထဲသို့ မဝင်လိုဘဲ သူ့ခန္ဓာကိုယ်ပေါ်တွင်သာ အမြဲတစေ သယ်ဆောင်ထားစေချင်သော ဆန္ဒ ရှိနေသည်။

ထို့ကြောင့် စောင့်ဆိုင်းနေရမည့် အချိန်ကို အသုံးချကာ လီချင်းချိုးက ထိုက်ကျွယ်နတ်ဘုရားဓားကို မြေပြင်ပေါ်သို့ ခဏ စိုက်ထူထားလိုက်ပြီးနောက်၊ သိုလှောင်အိတ်ထဲမှ ကြိုးများနှင့် သားရေစများကို ထုတ်ယူကာ ၎င်းကို သူ့ကျောပြင်တွင် တင်းကျပ်စွာ သိုင်းချည်လိုက်သည်။

ထိုက်ကျွယ်နတ်ဘုရားဓားတွင် ကိုယ်ပိုင် စိတ်ဆန္ဒ ရှိနေသဖြင့် သိုလှောင်အိတ်ထဲသို့ ဝင်ရောက်ခြင်းကို ရွံရှာမုန်းတီးသလို၊ သာမန်ဓားအိမ်ထဲသို့ ထည့်သွင်းခြင်းကိုလည်း လက်မခံပေ။

ထို့ကြောင့် နောင်အနာဂတ်ကျမှသာ ၎င်းအတွက် သီးသန့်အထူးပြုလုပ်ထားသော ဓားအိမ်တခု သွန်းလုပ်ပေးရမည်ဟု လီချင်းချိုး ဆုံးဖြတ်လိုက်လေတော့သည်။

All Chapters