တစ္ဆေများ၊ ငါးနှစ် စီမံကိန်း
Vol. 5 Ch. 49
ဘာတွေ ရလာခဲ့တာလဲ...
လီချင်းချိုး၏ ပထမဆုံး အတွေးမှာ ပိုင်နင်းအာဆီ ရောက်သွားသည်။ ဖိုးကံကောင်းလေး.. အစွမ်းပြလိုက်တာလား...
သူ မတ်တတ်ရပ်လိုက်ပြီး လီစီဖုန်း နောက်သို့ လိုက်ပါသွားတော့ ထောင်ချီဝိညာဉ်သီးကို ကိုင်ထားသော ယွမ်လီလည်း မတ်တတ်ရပ်ကာ သူတို့နှစ်ဦး နောက်မှ လိုက်ပါလာသည်။
"တောင်အောက်ဆင်းတဲ့ အတွေ့အကြုံကို ပြောပြပါဦး..."
လီချင်းချိုးက လီစီဖုန်းဘက်သို့ ခေါင်းလှည့်မေးလိုက်သည်။
လီစီဖုန်းသည် ယခုအခါ သူ့ပခုံးထက် ပိုမြင့်လာပြီး နားရွက်အောက်နားထိ ရောက်ရှိလာပြီ ဖြစ်သဖြင့် စိတ်လှုပ်ရှားမိသွားသည်။
ဒီကောင်လေး နောက်ဆုံးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီပဲ...
"ချောချောမွေ့မွေ့ပါပဲ... မကောင်းမှုတွေကို အပြစ်ပေးပြီး နာမည်ကောင်း တည်ဆောက်ခဲ့တယ်... ထွေထွေထူးထူး ပြောစရာ မရှိပါဘူး... ဓားပြနှိမ်နင်းရုံ သက်သက်ပဲကို... ဆရာသခင်အဆင့်တွေနဲ့ သိပ်မတွေ့ခဲ့ရပါဘူး..." ဟု လီစီဖုန်းက ဂရုမစိုက်သလို ပြောလိုက်သည်။ ဤခရီးစဉ်သည် ယခင်က သိုင်းပြိုင်ပွဲလောက် စိတ်လှုပ်ရှားစရာ မကောင်းသော်လည်း ယခင်ကနှင့်မတူဘဲ သူက ခေါင်းဆောင် ဖြစ်နေသဖြင့် ကြီးမားသော အောင်မြင်မှု တစ်ခုအဖြစ် ခံစားနေရဆဲပင်။
ထိုအချိန်၌ သေတ္တာကြီးများကို သယ်ဆောင်လာသော ဂိုဏ်းသားတစ်သိုက် ဝင်းတံခါးပေါက်မှ ဝင်ရောက်လာကြရာ လီချင်းချိုးတို့ ခြေလှမ်း ရပ်တန့်သွားကြသည်။
ချန်ချန်းဟိုင်က သူ့နောက်မှ ဝင်ရောက်လာသည်။ သူက လီချင်းချိုးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့်…
"ဂိုဏ်းချုပ်... လာကြည့်ပါဦး... ရတနာတွေ အများကြီးပဲ..."
သူတို့ သေတ္တာကြီး သုံးလုံးကို သယ်ဆောင်လာကြပြီး တစ်လုံးစီကို လူနှစ်ယောက် မနည်း သယ်ရသဖြင့် အတော်လေး လေးလံမည့်ပုံ ပေါ်သည်။
လီတုန်းယွဲ့နှင့် ဝူမန်အာတို့က နောက်မှ လျှောက်လာကြသည်။ သူတို့ ရရှိလာသော ပစ္စည်းများထက် လီတုန်းယွဲ့က ဝူမန်အာ ဒဏ်ရာ ရမရကို ပို၍ စိတ်ပူနေရှာသည်။
လီချင်းချိုး မျက်ခုံးပင့်လိုက်ပြီး…
"ဒီ တန်ဖိုးကြီး ပစ္စည်းတွေက ဘယ်က ရတာလဲ... အစိုးရက ဆုချတာလို့တော့ မပြောနဲ့နော်... ငါ မယုံဘူး..."
လီစီဖုန်းက ရှေ့သို့ တက်လိုက်ပြီး သေတ္တာကြီး တစ်လုံးကို ဖွင့်ကာ ကျေနပ်သော အပြုံးဖြင့်…
"ဒါ ဓားပြနှိမ်နင်းရင်း ရလာတာတွေလေ... အဲဒီ တောင်ပေါ်ဓားပြတွေက တကယ် ချမ်းသာတာပဲ... ဒါပေမဲ့ သူတို့က အာဏာပိုင်တွေဖမ်းဝရမ်းထုတ်ထားတော့ ပိုက်ဆံတွေကို မသုံးရဲကြဘူး..."
လီချင်းချိုး သေတ္တာကြီး အနားသို့ လျှောက်သွားပြီး အတွင်းထဲကို ကြည့်လိုက်သည်။ ကြေးပြားများ၊ ရွှေငွေ ရတနာများအပြင် ပန်းချီကားများနှင့် စာအုပ်အချို့လည်း ပြည့်နှက်နေကယ ဤပစ္စည်းများမှာ အလွန် တန်ဖိုးရှိပုံ ပေါ်သည်။
သူ ဘေးဘက်သို့ ဆက်လျှောက်သွားပြီး အခြား သေတ္တာကြီး နှစ်လုံးကို စစ်ဆေးလိုက်ရာ တန်ဖိုးကြီး ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ လီစီဖုန်းနှင့်အတူ တောင်အောက်ဆင်းပြီး ဓားပြနှိမ်နင်းရာတွင် ပါဝင်ခဲ့သော ဂိုဏ်းသားများ အားလုံး လီချင်းချိုးကို မျှော်လင့်တကြီး ကြည့်နေကြပြီး ချီးကျူးစကား ဆိုမည်ကို စောင့်မျှော်နေကြသည်။
လီချင်းချိုး၏ မျက်နှာထား သိပ်မပြောင်းလဲသည်ကို မြင်သောအခါ လီစီဖုန်းက စီနီယာအစ်ကို မပျော်ဘူးဟု ယူဆလိုက်ပြီး မေးလိုက်သည်။
"စီနီယာအစ်ကို... တစ်ခုခု မှားနေလို့လား..."
"ဒီပစ္စည်းတွေက ဓားပြတွေ လူတွေကို လိုက်ဒုက္ခပေးပြီး ရလာတာတွေလေ... အကုန်လုံးက မတရား ရယူထားတဲ့ အရာတွေပဲ..." ဟုသာ လီချင်းချိုးက ပြောလိုက်သည်။
ထိုစကားကြောင့် ဂိုဏ်းသားများ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး လီစီဖုန်း ပို၍ စိုးရိမ်လာသည်။
"ဓားပြတွေရဲ့ မကောင်းမှုတွေက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ... စီနီယာအစ်ကို... ကျွန်တော်တို့ကို ဒါတွေ ပြန်ပေးခိုင်းချင်တာတော့ မဟုတ်ပါဘူးနော်... ကျွန်တော်တို့က သိုင်းပညာ ကျွမ်းကျင်လို့ ဓားပြတွေကို ဖရဲသီးလှီးသလို ဟင်းသီးဟင်းရွက်လှီးသလို သတ်နိုင်တယ်ဆိုပေမဲ့ ဒီခရီးက အသက်နဲ့ရင်းရတာလေ..."
လီစီဖုန်းက မျက်လုံးပြူးကာ အခြား ဂိုဏ်းသားများ ကိုယ်စား ပြောလိုက်သည်။
လီချင်းချိုးက သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်ပြီး ….
"ပြန်ပေးရမယ် ဟုတ်လား... ဘယ်ကို ပြန်ပေးမှာလဲ... အစိုးရကို ပြန်ပေးရင် သူတို့ ကိုယ်ကျိုးအတွက် သုံးပစ်မှာပေါ့... နောက်ကျရင် မင်းရဲ့ ဒုတိယ စီနီယာအစ်ကိုကို စာရင်းလုပ်ခိုင်းပြီး ဒီစည်းစိမ်ရဲ့ သုံးပုံနှစ်ပုံကို ခွဲထုတ်ပြီး အသုတ်လိုက် တောင်အောက်ယူသွားပြီး ကောက်ပဲသီးနှံတွေ အထည်တွေနဲ့ လဲလှယ်လိုက်... ပြီးရင် ထိုက်ခွန်းတောင်တန်း တစ်ဝိုက်က လူတွေကို ဝေပေးလိုက်... ဒါဆိုရင် ချင်းရှောင်ဂိုဏ်းအတွက် နာမည်ကောင်း တည်ဆောက်ပြီးသား ဖြစ်သွားမယ်... ဒါက ငါတို့နဲ့ ထိုက်တန်တဲ့ အရာဖြစ်ပြီး မင်းတို့ရဲ့ အောင်မြင်မှုလည်း ဖြစ်တယ်..."
"ဒီထဲကနေ မင်းတို့ တစ်ယောက်ကို တစ်ခုစီ ဆုအဖြစ် ရွေးယူနိုင်တယ်..."
ထိုစကားကို ကြားသောအခါ ဂိုဏ်းသားများ အလွန် ဝမ်းသာသွားကြပြီး လီချင်းချိုးကို အထပ်ထပ် ကျေးဇူးတင်စကား ဆိုကြလေသည်။
ဂိုဏ်းချုပ်၏ စကားများက ရှင်းလင်းပြတ်သားသော်လည်း သူတို့ စိတ်မဆိုးကြပေ။ သူတို့ ကုသိုလ်ကောင်းမှု ပြုလုပ်ရာတွင် ဂိုဏ်းကို ကူညီပံ့ပိုးနိုင်သော်လည်း ဘာမှ ပြန်မရဘဲ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ဤပစ္စည်းများက ကြီးမားသော စွန့်စားမှုဖြင့် ရရှိထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
လီချင်းချိုးက သေတ္တာကြီး တစ်လုံးထဲမှ ရှေးဟောင်း ကြေးမုံပြင် တစ်ချပ်ကို ယူလိုက်ပြီးနောက် ဘေးဖယ်ပေးလိုက်ကာ ဂိုဏ်းသားများကို စတင် ရွေးချယ်ရန် လက်ဟန်ပြလိုက်သည်။
လီစီဖုန်းကတော့ ဂိုဏ်းသားများ လုယက် ရွေးချယ်ရာတွင် မပါဝင်ပေ။ သူ လီချင်းချိုး အနားသို့ လျှောက်သွားပြီး တိုးတိုးလေးကပ်ပြောလိုက်သည်က…
"စီနီယာအစ်ကို... သုံးပုံနှစ်ပုံ ဆိုတာ နည်းနည်း မများလွန်းဘူးလား..."
"သုံးပုံနှစ်ပုံက များတယ် ထင်ရပေမဲ့ ထိုက်ခွန်းတောင်တန်း တစ်ဝိုက်က ရွာတွေ မြို့တွေဆီ ဖြန့်ဝေလိုက်ရင် သိပ်မများပါဘူး... ကြီးကျယ်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ဆိုရင် ကပ်စေးနဲလို့ မရဘူး... ဒါ့အပြင် ဒီစည်းစိမ်က မမျှော်လင့်ဘဲ ရလာတဲ့ အကျိုးအမြတ်ပဲ... ပြည်သူတွေဆီက ယူထားတာ ပြည်သူတွေဆီ ပြန်ပေးရမှာပေါ့..."
လီချင်းချိုးက ချင်းရှောင်ဂိုဏ်းတွင် ငွေကြေး မပြတ်လပ်ကြောင်း၊ အနည်းဆုံး နေ့စဉ် ကုန်ကျစရိတ်များနှင့် တည်ဆောက်ရေး စီမံကိန်း အသီးသီးအတွက် လုံလောက်မှု ရှိကြောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့အပြင် ဤစည်းစိမ်ကို ဖြန့်ဝေခြင်းဖြင့် ချင်းရှောင်ဂိုဏ်းသို့ ဂိုဏ်းသားအသစ်များ အဆက်မပြတ် ဝင်ရောက်လာစေမည် ဖြစ်ရာ ရေရှည်အတွက် ရှုံးနိမ့်မှု မဟုတ်ပေ။
ဂိုဏ်းသားများလေလေ ပါရမီရှင် ပေါ်ထွက်လာရန် အခွင့်အလမ်း များလေလေ ဖြစ်သည်။ လွန်ခဲ့သော ခြောက်လအတွင်း ဂိုဏ်းသားသစ်များ၏ ကျင့်ကြံခြင်း ပါရမီမှာ အလွန် နိမ့်ကျခဲ့သည်။ ဂုဏ်သတင်းကို ချဲ့ထွင်ပြီး ချင်းရှောင်ဂိုဏ်းသို့ လူများ ပိုမို ဝင်ရောက်လာအောင် ဆွဲဆောင်ရန် ကျန်းယွီချွန်း၏ အကြံဉာဏ်ကို နားထောင်ခြင်းမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
လီစီဖုန်း နှုတ်ခမ်းကို စေ့လိုက်သည်။ စီနီယာအစ်ကို ဤကဲ့သို့ ပြောလာမှတော့ သူ လက်လျော့ရုံသာ ရှိတော့သည်။
လီချင်းချိုးက သူ့ းနားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "တောင်အောက်ဆင်းရင် ပိုင်နင်းအာကို ဆက်ခေါ်သွား... အဲဒီ ကောင်လေးက တော်တော်လေး ပါရမီပါတယ်လို့ ငါထင်တယ်... အချိန်ရရင် သူ့ကို လမ်းညွှန်ပေးလိုက်ဦး..."
ပြောပြီးသည်နှင့် လီချင်းချိုးက လီစီဖုန်း၏ ပခုံးကို ပုတ်လိုက်ပြီးနောက် ယွမ်လီကို ပွေ့ချီကာ မလှမ်းမကမ်းရှိ စားပွဲရှည်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုစကားကို ကြားပြီးနောက် လီစီဖုန်းက ပိုင်နင်းအာကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ပိုင်နင်းအာက ကိုယ်လုံးကိုယ်ထည် သေးငယ်သဖြင့် ဂိုဏ်းသားနှစ်ဦးကြားတွင် ညှပ်နေပြီး ခန္ဓာကိုယ် တစ်ဝက်သာ မြင်ရသည်မှာ ရယ်စရာ ကောင်းနေသည်။
သူသည် ဤကောင်လေးထံတွင် ထူးခြားချက် တစ်စုံတစ်ရာ မမြင်မိသော်လည်း စီနီယာအစ်ကို ထောက်ခံထားခြင်း ဖြစ်သဖြင့် နောင်တွင် သေချာပေါက် ပိုမို ဂရုစိုက်ရမည် ဖြစ်သည်။
ယွမ်လီကို ချပေးပြီးနောက် လီချင်းချိုး တစ်ယောက်တည်း အခန်းထဲသို့ပြန်လာခဲ့သည်။
လီစီဖုန်း၏ ခရီးစဉ်က အမှန်တကယ် အကျိုးဖြစ်ထွန်းခဲ့သော်လည်း စစ်မှန်သော အကျိုးအမြတ်မှာ စည်းစိမ်ဥစ္စာ မဟုတ်ဘဲ လီချင်းချိုး ယခုလေးတင် ယူလိုက်သော ကြေးမုံပြင်သာ ဖြစ်သည်။
အတွင်းသို့ ရောက်သောအခါ လီချင်းချိုး တံခါးပိတ်လိုက်ပြီး စားပွဲတွင် ထိုင်ကာ အိတ်ကပ်ထဲမှ ကြေးမုံပြင်ကို ထုတ်လိုက်သည်။
ထိုကြေးမုံပြင်မှ တစ္ဆေအငွေ့အသက် ဖျော့ဖျော့ ထွက်ပေါ်နေသည်။
အကယ်၍ လီချင်းချိုးသာ ဝိညာဉ်ချုပ်ကျိန်စာကို မကျင့်ကြံခဲ့လျှင် ၎င်းကို သိရှိနိုင်ရန် ခဲယဉ်းမည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် ပိုနိမ့်သော လီစီဖုန်း ဆိုလျှင် ပြောနေစရာပင် မလိုပေ။
ဝိညာဉ်ချုပ်ကျိန်စာက ရိုးရှင်းသော ဂါထာတစ်ခု မဟုတ်ပေ။ လီချင်းချိုး ထိုကျိန်စာကို ရံဖန်ရံခါသာ ကျင့်ကြံပြီး အပြည့်အဝ မတတ်မြောက်သေးသော်လည်း ဝိညာဉ်ချုပ်ကျိန်စာ ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးမှာ သူ့အား ဝိညာဉ်နှင့် ပတ်သက်ပြီး ပိုမို အာရုံခံစားလွယ်စေခြင်း ဖြစ်သည်။
ဤကြေးမုံပြင်က ထူးခြားမှု မရှိဘဲ အနည်းငယ် ဟောင်းနွမ်းနေပုံ ပေါ်ကာ မျက်နှာပြင်မှာလည်း သိပ်မကြည်လင်ပေ။
သူ ကြေးမုံပြင်ထဲသို့ မူလစွမ်းအင်ကို မဆင်မခြင် မထည့်သွင်းဘဲ ဝိညာဉ်ချုပ်ကျိန်စာကို တိတ်တဆိတ် လှည့်ပတ်ကာ ကြေးမုံပြင်ကိုသေချာစွာစိုက်ကြည့်နေသည်။
မှုန်ဝါးဝါး အခြေအနေတွင် ကြေးမုံပြင်ထဲမှ အမှောင်ထုထဲ၌ ခြေဗလာနှင့် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဆံပင် ဖရိုဖရဲ အမျိုးသမီး တစ်ဦး လဲလျောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ လန့်သွားပြီး မျက်နှာလွှဲလိုက်မိသည်။
တကယ်ကြီး သရဲ ရှိတာလား...
ဤသည်မှာ လီချင်းချိုး မှော်ပစ္စည်းများနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း မဟုတ်ပေ။ထိုအရာက ဤမြေပေါ်တွင် ကျင့်ကြံသူများ တစ်ချိန်က တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ သူတို့ကို ဘာကြောင့် မတွေ့ရတော့သလဲ ဆိုသည်ကိုမူ သူ မသိရှိပေ။
အတော်ကြာ စဉ်းစားပြီးနောက် တစ္ဆေကို အလန့်တကြား မဖြစ်စေခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကြေးမုံပြင်ထဲမှ တစ္ဆေ မည်မျှ အစွမ်းထက်သည်ကို သူ မဆုံးဖြတ်နိုင်သောကြောင့် ဖြစ်ပြီး အနည်းဆုံးတော့ လက်ရှိတွင် သူမ အိပ်ပျော်နေသည်။
သူ မတ်တတ်ရပ်လိုက်ပြီး ကြေးမုံပြင်ကို ပြတင်းပေါက် ဘောင်ပေါ်တွင် တင်လိုက်ရာ နေရောင်ခြည် တိုက်ရိုက် မထိတွေ့အောင် ရှောင်တိမ်းနိုင်ရုံသာ ရှိသည်။
ကြေးမုံပြင်ကို ထားပြီးနောက် လီချင်းချိုး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်မှ နေရောင်ခြည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ညရောက်လာသောအခါ ကြေးမုံပြင်သည် အမှောင်ထုထဲသို့ လုံးဝ ကျရောက်သွားတော့သည်။
...
နွေဦးပွဲတော် တဖန် ရောက်ရှိလာပြန်ပြီ။
ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ချင်းရှောင်ဂိုဏ်းတွင် မျက်နှာသစ် အချို့ ရှိလာပြီး ပွဲတော်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားသိုက်မြိုက်လာသည်။
ကြက်များနှင့် ဝက်များကို သတ်ဖြတ်ပြီး မီးရှူးမီးပန်းများ ဖောက်ကြသည်။ ဒီနှစ် ပွဲတော်က မနှစ်ကထက် များစွာ ကြီးကျယ်ခမ်းနားသဖြင့် ဂိုဏ်းသားအားလုံး အထက်လူကြီးများ၏ စေတနာကို ခံစားလိုက်ကြရသည်။
သုံးရက်ကြာ ပျော်ပါးပြီးနောက် ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့ လူတစ်စုစီ ဦးဆောင်၍ တောင်အောက်သို့ ဆင်းသွားကြပြန်သည်။ တစ်ဖွဲ့မှာ လက်စားချေရန် ဖြစ်ပြီး နောက်တစ်ဖွဲ့မှာ တရားမျှတမှုကို ထိန်းသိမ်းရန် ဖြစ်သည်။
သူတို့ ထွက်ခွာသွားသည်နှင့် ချင်းရှောင်ဂိုဏ်း တိတ်ဆိတ်သွားသည်။
မွန်းတည့်ချိန်တွင် သစ်တောအုပ်တစ်ခု၌ ဂိုဏ်းသား ကိုးဦး လီချင်းချိုး၏ ရှေ့တွင် ယှဉ်တွဲ ရပ်နေကြပြီး တစ်ယောက်စီတိုင်း စိတ်လှုပ်ရှားသော အမူအရာဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ဤဂိုဏ်းသား ကိုးဦးသည် လွန်ခဲ့သော တစ်နှစ်ပတ်လုံး သိုင်းပညာတွင် တိုးတက်မှု အမြန်ဆုံး သူများ ဖြစ်ကြသည်။ လီချင်းချိုးက ကတိတည်ပြီး ဟွမ်ယွမ်ကျမ်းစာ၏ ပထမအဆင့်ကို သူတို့အား လက်ဆင့်ကမ်း သင်ကြားပေးမည် ဖြစ်သည်။
"ဟွမ်ယွမ်ကျမ်းစာက ချင်းရှောင်ဂိုဏ်းရဲ့ ထူးခြားတဲ့ သိုင်းပညာပဲ... ဟွမ်ယွမ်ကျမ်းစာရဲ့ ပထမအဆင့်ကို တတ်မြောက်ပြီးတာနဲ့ စစ်မှန်တဲ့ တပည့် ဖြစ်လာနိုင်တယ်... တတ်မြောက်ဖို့ အချိန် ဘယ်လောက်ကြာမလဲ ဆိုတာ ငါ မမေးဘူး... အနှစ် ၃၀ ကြာမှ ပထမအဆင့်ကို တတ်မြောက်ရင်တောင် ဒုတိယအဆင့် စိတ်စွမ်းအင် ကျင့်စဉ်ကို ငါ သင်ပေးမယ်... မင်းတို့ မှတ်ထားရမယ့် အချက်တစ်ချက် ရှိတယ်... ဟွမ်ယွမ်ကျမ်းစာကို ပြင်ပလူတွေကို လက်ဆင့်ကမ်းလို့ မရဘူး... နောင်တစ်ချိန် တောင်အောက်ဆင်းပြီး အိမ်ထောင်ပြုရင်တောင် မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေကို လက်ဆင့်ကမ်းလို့ မရဘူး... စာရင်းထဲ မပါတဲ့သူ တစ်ယောက်ယောက်က ဟွမ်ယွမ်ကျမ်းစာကို တတ်မြောက်ထားတာ ချင်းရှောင်ဂိုဏ်းက တွေ့ရှိခဲ့ရင် သူတို့ ဘယ်နေရာမှာ ရှိနေပါစေ ချင်းရှောင်ဂိုဏ်းက သေတဲ့အထိ သေချာပေါက် လိုက်လံ ဖမ်းဆီးလိမ့်မယ်..."
လီချင်းချိုး လေးနက်စွာ ပြောလိုက်ရာ ဤစကားများက ဂိုဏ်းသား ကိုးဦးကို တည်ငြိမ်သွားစေသည်။
"ဒါပေါ့... အကယ်၍ မင်းတို့ရဲ့ သားသမီးတွေက နောင်တစ်ချိန်မှာ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံချင်တယ် ဆိုရင် သူတို့ကို ချင်းရှောင်ဂိုဏ်း ဝင်ဖို့ ထောက်ခံပေးလို့ ရတယ်... ဒါဆိုရင် အမွေအနှစ်ကို ပွင့်လင်းမြင်သာစွာနဲ့ ရရှိနိုင်တယ်... နားလည်လား..."
လီချင်းချိုးက လေသံကို လျှော့လိုက်ပြီး ဖြောင်းဖြ ပြောဆိုလိုက်သည်။
ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံသူ များလာသည်နှင့်အမျှ နှေးကွေးသည် ဖြစ်စေ မြန်ဆန်သည် ဖြစ်စေ မလွဲမသွေ ပြန့်နှံ့သွားပေလိမ့်မည်။ သူ လုပ်နိုင်သည်မှာ ကြိုတင်၍ စည်းမျဉ်းများ သတ်မှတ်ထားရန်သာ ဖြစ်သည်။
သူသည် ဟွမ်ယွမ်ကျမ်းစာကို တစ်ဆင့်ပြီးတစ်ဆင့်သာ သင်ကြားပေးမည် ဖြစ်ပြီး မည်သူမျှ သူ မသိဘဲ သူ့ကို ကျော်လွန်သွားခြင်း မရှိစေရန် သေချာအောင် လုပ်ဆောင်မည် ဖြစ်သည်။
ဂိုဏ်းသားများ အနည်းငယ် ကြောက်ရွံ့နေသည်ကို မြင်သောအခါ လီချင်းချိုး စကားရပ်လိုက်ပြီး ဟွမ်ယွမ်ကျမ်းစာ စိတ်စွမ်းအင် ကျင့်စဉ်နှင့် တရားထိုင်ကာ ချီစုပ်ယူနည်းများကို စတင် သင်ကြားပေးလိုက်သည်။
မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိသည်နှင့် သိုင်းလောကတွင် လှည့်လည်သွားလာရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။
မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိပါက ယန်ကျွယ်တိန်လို လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည်။
မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင်မူ ကုကျိုး သိုင်းလောကရှိ မည်သူ့ကိုမဆို ယှဉ်ပြိုင်နိုင်ပေသည်။
လီချင်းချိုး၏ လက်ရှိ ရည်မှန်းချက်မှာ ငါးနှစ်အတွင်း ချင်းရှောင်ဂိုဏ်းအတွက် မူလအားဖြည့်နယ်ပယ် ပထမအဆင့်ရှိသော ကျင့်ကြံသူ တစ်ရာကို လေ့ကျင့်ပေးရန် ဖြစ်သည်။
ဤရည်မှန်းချက်မှာ အောင်မြင်ရန် မလွယ်ကူပေ။ လူများစွာအတွက် မူလအားဖြည့်နယ်ပယ် ပထမအဆင့်သည် ကျော်လွှားရန် ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်နေသည်။
လီချင်းချိုး သူတို့ကို နှစ်ရက်သာ သင်ကြားပေးပြီးနောက် ဂိုဏ်းသား ကိုးဦးကို ကိုယ့်ဘာသာ ကျင့်ကြံရန် လွှတ်ထားလိုက်သည်။
ထိုဂိုဏ်းသား ကိုးဦးတွင် သူငယ်ချင်း အသီးသီး ရှိကြပြီး ဤကိစ္စနှင့် ပတ်သက်၍ သီးသန့် မေးမြန်းခြင်း ခံကြရသည်။ သူတို့အားလုံး နှုတ်လုံကြပြီး ဟွမ်ယွမ်ကျမ်းစာကို ထုတ်ဖော်မပြောကြသော်လည်း ဂိုဏ်းချုပ် လိမ်ညာခြင်း မရှိကြောင်း သက်သေပြလိုက်ကြသည်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်ပြီး သိုင်းပညာကို ကြိုးစားလေ့ကျင့်နေသမျှ ကာလပတ်လုံး ဂိုဏ်း၏ ထူးခြားသော သိုင်းပညာများနှင့် ထိတွေ့ခွင့် ရရှိမည် ဖြစ်သည်။
လီစီဖုန်း လူများကို ဦးဆောင်၍ တောင်အောက်ဆင်းသွားကတည်းက ကျန်းယွီချွန်းကတော့ ဂိုဏ်းတွင်း၌သာ နေထိုင်ပြီး အပြင်မထွက်တော့ပေ။ သူသည် ဂိုဏ်းကို တင်းကျပ်စွာ စီမံခန့်ခွဲပြီး ကိုယ်ပိုင် စီမံခန့်ခွဲရေး အဖွဲ့ကို မွေးမြူလာသဖြင့် လီချင်းချိုးအတွက် ပြဿနာ အများအပြားကို သက်သာစေခဲ့သည်။
ဆောင်းရာသီ နှင်းများ လုံးဝ အရည်ပျော်သွားပြီးနောက် လူများအပြား ဆေးကုသမှု ခံယူရန် တောင်ပေါ်သို့ စတင် လာရောက်ကြပြီး ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်းသည်လည်း ထိုက်ခွန်းတောင်တန်း တစ်ဝိုက်တွင် ပြန့်နှံ့နေပြီ ဖြစ်သည်။
ထိုနေ့တွင် ချင်းရှောင်ဂိုဏ်းသို့ လမ်းပြုပြင်ပေးခဲ့သော သူဌေးကြီး လျူဖန်ကျိုး ထပ်မံ ရောက်ရှိလာသည်။
လီချင်းချိုး၊ ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့ တို့က သူ့ကို ကိုယ်တိုင် လက်ခံတွေ့ဆုံပြီး သူ့သမီး လျူယန်ကိုလည်း စကားစမြည် ပြောရန် ဖိတ်ခေါ်လိုက်ကြသည်။
လျူယန်သည် ယခင်ကထက် များစွာ သန်မာလာပြီး မျက်နှာသွေးရောင် လွှမ်းနေသည်ကို မြင်သောအခါ လျူဖန်ကျိုး ပိုမို ပျော်ရွှင်သွားသည်။ လျူယန် လီတုန်းယွဲ့၏ တပည့် ဖြစ်လာကြောင်း သိရသောအခါ လျူဖန်ကျိုးက ကျောက်စိမ်းဆွဲပြား တစ်ခုကို ချက်ချင်း ထုတ်ယူပြီး တပည့်ခံခြင်း အထိမ်းအမှတ် လက်ဆောင်အဖြစ် လီတုန်းယွဲ့အား ပေးလိုက်သည်။
ခဏကြာ နှုတ်ဆက်စကား ပြောပြီးနောက် လျူဖန်ကျိုး နောက်ဆုံးတွင် လောကရေးရာများကို စတင် ပြောဆိုတော့သည်။
"ဂိုဏ်းချုပ်လီ... ချင်းရှောင်ဂိုဏ်း အမြန်ဆုံး ပြင်ဆင်ထားသင့်တဲ့ ကိစ္စတစ်ခုကို ကျုပ် သိထားတယ်..."
လျူဖန်ကျိုးက လေးနက်စွာ ပြောလိုက်ပြီး မျက်နှာထား တည်ကြည်သွားသည်။
"ဘာကိစ္စလဲ..."
လျူဖန်ကျိုးက မထိမ်ချန်ထားဘဲ..
"နိုင်ငံအနှံ့က သူပုန်တွေကို နှိမ်နင်းပြီးပြီ... စီရင်စုတွေကလည်း ဓားပြတွေကို တက်တက်ကြွကြွ နှိမ်နင်းနေတုန်းပါပဲ... နှစ်အနည်းငယ်ကြာခဲ့တဲ့ ဒီကပ်ဘေးက အရှင်မင်းကြီးကို အပြည့်အဝ နိုးကြားစေခဲ့ပါတယ်... တာ့လီ နယ်မြေက အရမ်း ကျယ်ဝန်းလွန်းပြီး နန်းတွင်းနဲ့ စီရင်စုတွေ မစီမံနိုင်တဲ့ နေရာတွေ အမြဲ ရှိနေတတ်တယ်... အရှင်မင်းကြီးက နိုင်ငံအနှံ့က သိုင်းပညာရှင်တွေကို နန်းတော်ဆီ ဖိတ်ခေါ်ပြီး ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်... သက်ဆိုင်ရာ ဒေသတွေက ပြည်သူတွေကို နန်းတွင်းကိုယ်စား ကာကွယ်ပေးဖို့ သိုင်းဂိုဏ်းတွေကို တရားဝင် ရာထူးတွေ သတ်မှတ်ပေးမယ်လို့ ဆိုတယ်..."