လောကကြီးအတွက် မျှော်လင့်ချက်လေး ချန်ထားခြင်း…
Vol. 5 Ch. 46
"ခင်ဗျားက ဘယ်သူလဲ..."
ထန်ကျစ်ချီက သတိထားပြီး မေးလိုက်သည်။ အဘိုးကြီး တစ်ယောက် ဖြစ်နေရင်တောင် ဒီလိုနေရာမျိုးမှာ လူတစ်ယောက်နဲ့ တွေ့ရတာ ပေါ့ဆလို့ မရဘူး...
ထို့အပြင် သိုင်းလောကတွင် အတွင်းအား ကျင့်ကြံသော သိုင်းပညာရှင်များက အသက်ကြီးလေ ပိုမို ကောက်ကျစ်စဉ်းလဲလေ ဖြစ်ကြသည်။
ဖရိုဖရဲ ဖြစ်နေသော အဘိုးကြီးက ခြေလှမ်းရပ်တန့်လိုက်ပြီး မျက်လုံးတစ်ဖက် ဖွင့်ကာ လီချင်းချိုးနှင့် အခြားနှစ်ယောက်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ့အကြည့်က ယန်ဝူကျင်းအပေါ် ကျရောက်သွားသည်။
"တာ့ရီကျစ်ယန် သိုင်းကျမ်း.. မင်းနဲ့ ကျောက်ယန် ဘယ်လိုပတ်သက်လဲ..." ဟု ဖရိုဖရဲ အဘိုးကြီးက အက်ကွဲသော အသံဖြင့် မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ ယန်ဝူကျင်းနှင့် ထန်ကျစ်ချီတို့၏ မျက်နှာ အမူအရာများ သိသာစွာ ပြောင်းလဲသွားကြသည်။
လီချင်းချိုးသည်လည်း ကျောက်ယန် ဆိုသည့် အမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
နေပါဦး...
ဧကရာဇ်၏ အစ်ကိုတဖြစ်လဲ ယခင် အိမ်ရှေ့စံမင်းသား၏ အမည်မှာ ကျောက်ယန် ဖြစ်ပြီး သူသည် ဝူပေါက်ယွီ၏ နောက်လိုက် တစ်ဦးလည်း ဖြစ်သည်။
ထန်ကျစ်ချီက အေးစက်သောလေသံဖြင့်…
"ဒါနဲ့ ခင်ဗျားကရော ဘယ်သူလဲ... တာ့ရီကျစ်ယန် သိုင်းကျမ်း အကြောင်း ဘယ်လိုလုပ် သိနေတာလဲ..."
ဖရိုဖရဲ အဘိုးကြီးက သစ်ခေါက်ကဲ့သို့ ကြမ်းတမ်းသော မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး….
"မင်းတို့ စိတ်လှုပ်ရှားနေစရာ မလိုပါဘူး... မင်းက တာ့ရီကျစ်ယန် သိုင်းကျမ်းကို ဆက်ခံနိုင်တယ် ဆိုမှတော့ ငါတို့က မိသားစုဝင်တွေပါပဲ... ငါက တစ်ချိန်တုန်းက အိမ်ရှေ့စံမင်းသား လက်အောက်က ကောင်းကင်စောင့်ရှောက်ရေး တပ်မတော်ရဲ့ နည်းပြချုပ် ဖြစ်ခဲ့ဖူးတယ်... ငါ့နာမည်က အရေးမကြီးတော့ပါဘူး... ငါ့ကို အရူးအဘိုးကြီးလို့ပဲ ခေါ်နိုင်ပါတယ်... အတိတ်က အရာအားလုံး ငါနဲ့ မဆိုင်တော့ဘူး... ငါ့ရဲ့ ဇာတ်သိမ်းခန်းကို ဒီနေရာမှာ ရူးရူးမိုက်မိုက်ပဲ ကုန်ဆုံးချင်တော့တယ်..."
ထန်ကျစ်ချီ မနေနိုင်တော့ဘဲ လှည့်၍ ယန်ဝူကျင်းကို ကြည့်လိုက်မိသည်။
ယန်ဝူကျင်းက ရှေ့သို့ တက်လိုက်ပြီး…
"ကျုပ်အဖေရဲ့ ပေးစာထဲမှာ သူ သေဆုံးပြီးတဲ့နောက် ကောင်းကင်စောင့်ရှောက်ရေး တပ်မတော် သေချာပေါက် သန့်စင်ခံရလိမ့်မယ်လို့ ရေးထားတယ်... လက်ရှိ ဧကရာဇ်ရဲ့ လိုက်လံ ဖမ်းဆီးတာကို ရှောင်ဖို့ ဒီမှာ ပုန်းနေတာလား..."
"ငါက တတိယမင်းသားရဲ့ လိုက်လံ ဖမ်းဆီးတာကို ရှောင်ဖို့ ထိုက်ခွန်းတောင်တန်းကို ထွက်ပြေးလာခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ အခုတော့ ဒီမှာ ပိတ်မိနေပြီး ထွက်ပြေးလို့ မရတော့ဘူး..."
အရူးအဘိုးကြီးက ပြောရင်းနှင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။
ယန်ဝူကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး.. "ဒီနေရာက မြူထူတွေကြောင့်လား..."
"ဟုတ်တယ်... ဒီ အဆိပ်မြူတွေက အဆိပ်မရှိပေမဲ့ လူကို သေအောင် ပိတ်လှောင်ထားနိုင်တယ်... ငါ ဒီမှာ ပိတ်မိနေတာ အနှစ် ၂၀ နီးပါး ရှိနေပြီ... အသားစိမ်း ငါးစိမ်းတွေ စား၊ သွေးသောက်ပြီး အခုထိ မသေမရှင် ရပ်တည်နေခဲ့ရတာ..."
အရူးအဘိုးကြီး၏ စကားများက ယန်ဝူကျင်းနှင့် အခြားတစ်ယောက်၏ ကျောရိုးထဲထိ စိမ့်တက်သွားစေသည်။
အနှစ် ၂၀ တောင် ပိတ်မိနေခဲ့တာလား...
ဒါက လုံးဝ ယုံနိုင်စရာ မရှိဘူး…
ရုတ်တရက် ထန်ကျစ်ချီ တစ်စုံတစ်ခုကို တွေးမိသွားပြီး လီချင်းချိုးဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒါနဲ့ မင်းကရော... ဒီကို ဘာလို့ ရောက်လာတာလဲ..."
ယန်ဝူကျင်းနှင့် အရူးအဘိုးကြီး နှစ်ဦးစလုံး သူတို့၏ အကြည့်များကို လီချင်းချိုးထံ ပြောင်းလိုက်ကြသည်။ လီချင်းချိုး၏ အဝတ်အစားများက သန့်ရှင်းနေပြီး ဘေးအန္တရာယ်မှ ထွက်ပြေးလာသူ တစ်ယောက်နှင့် မတူကြောင်း သူတို့ သတိထားမိလိုက်ကြသည်။
လီချင်းချိုးက ပြုံးလိုက်ပြီး..
"ဒါက ကျွန်တော့်ဂိုဏ်းရဲ့ နောက်ဘက်တောင်လေ... ဘာလို့ မလာရမှာလဲ... လမ်းလျှောက် ထွက်လာတာပါ..."
ယန်ဝူကျင်း မျက်မှောင်ကြုတ်လိုက်ပြီး ထန်ကျစ်ချီကမူ လီချင်းချိုးမှာ ထူးဆန်းလွန်းသည်ဟု ခံစားရကာ ရှင်းပြမရသော မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရသည်။
အရူးအဘိုးကြီးက လီချင်းချိုးကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် …
"မင်းက ချင်းရှောင်ဂိုဏ်းသားလား... မင်းဆရာက ဘယ်သူလဲ..."
"လင်းရွှန်းဖုန်း..."
"အဲဒီတုန်းက သူက လူသစ်လေးပဲ ရှိသေးတာ... အခုတော့ ဆရာသခင် ဖြစ်နေပြီပေါ့... အချိန်တွေ ကုန်တာ မြန်လိုက်တာ..."
အရူးအဘိုးကြီးက သက်ပြင်းချလိုက်ပြီးနောက် သူ့ မျက်ဝန်းထဲတွင် ကြမ်းတမ်းသော အလင်းရောင်တစ်ခု လက်သွားကာ လေသံကလည်း အေးစက်သွားသည်။
"မင်းက လင်းရွှန်းဖုန်းရဲ့ တပည့်ဆိုမှတော့ ချင်းရှောင်လူကြီးမင်းက မင်းရဲ့ ဘိုးဘေးပေါ့... အကယ်၍ သူသာ အဲဒီတုန်းက ခွင့်မလွှတ်နိုင်လောက်အောင် မဖြစ်ခဲ့ရင်... ငါ့ကို လိုက်မဖမ်းခဲ့ရင် ငါ ဒီနေရာကို ထွက်ပြေးလာခဲ့ရမှာ မဟုတ်ဘူး... ကောင်းပြီ... မင်းကို သတ်လိုက်တာက လက်စားချေမှု တစ်ခု ဖြစ်မှာပေါ့..."
ပြောပြီးသည်နှင့် လက်ထဲမှ ဘူးသီးခြောက်ကို ရုတ်တရက် ပစ်ပေါက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်ခု လီချင်းချိုးထံ တိုးဝင်သွားသဖြင့် ယန်ဝူကျင်း ထိတ်လန့်သွားပြီး ထန်ကျစ်ချီကို အနောက်သို့ အမြန် ဆွဲခေါ်လိုက်ရသည်။
ဖောက်...
လီချင်းချိုးက ဘူးသီးခြောက်ကို ဖမ်းလိုက်ပြီး ၎င်းနှင့်အတူပါလာသော စွမ်းအင်များကို ဖျက်ဆီးပစ်လိုက်သည်။သို့သော် သူ့ လက်မောင်းမှာ လုံးဝ တုန်ယင်ခြင်း မရှိသကဲ့သို့ ခန္ဓာကိုယ်မှာလည်း မလှုပ်မယှက် ရှိနေသည်။ ဤမြင်ကွင်းကြောင့် ယန်ဝူကျင်းနှင့် အခြားတစ်ယောက်၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြသည်။
ဒီကောင်လေးက သာမန်လူ မဟုတ်ဘူး...
ဒါကို မြင်သောအခါ အရူးအဘိုးကြီးက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး… "ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီလို အရည်အချင်း ရှိတာ... မင်းက မှတ်သားထားလောက်တဲ့သူပဲ... မင်းနာမည် ဘယ်သူလဲ... နာမည်ပြောစမ်း..."
လီချင်းချိုးက လက်ထဲမှ ဘူးသီးခြောက်ကို ချေမွလိုက်ပြီး ရယ်မောကာ …
"အဘိုးကြီး... ခင်ဗျားက ရက်စက်သားပဲ..."
လေထဲတွင် ရှိနေသော သူ့ ညာဘက်လက်က ရုတ်တရက် လှည့်သွားပြီး လက်ချောင်းနှစ်ချောင်းဖြင့် သံအပ်တစ်ချောင်းကို ပစ်လွှတ်လိုက်ရာ အရူးအဘိုးကြီး၏ နဖူးတည့်တည့်ကို ဖောက်ဝင်သွားတော့သည်။
အရူးအဘိုးကြီး မျက်လုံးပြူးသွားပြီး နောက်သို့ လဲကျသွားချေပြီ။
ယန်ဝူကျင်းကတော့ လီချင်းချိုး ပစ်လွှတ်လိုက်သည့်အရာကို ဝါးတားတားသာ မြင်လိုက်ရပြီး အရူးအဘိုးကြီး လဲကျသွားသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။
ဒီ အရူးအဘိုးကြီးရဲ့ သိုင်းပညာက သူ့ထက် မလျော့နည်းကြောင်း သူ အာရုံခံမိသော်လည်း ထိုကဲ့သို့သော လူတစ်ယောက်သည်ပင် ချက်ချင်း အသတ်ခံလိုက်ရသည်တဲ့လား...
ချင်းရှောင်ဂိုဏ်းထဲမှာ ဘီလူးသရဲစီးတဲ့သူ ဘယ်နှယောက်တောင် ပုန်းအောင်းနေတာလဲ...
ထန်ကျစ်ချီ သတိပြန်ဝင်လာပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကာ လီချင်းချိုးကို မယုံနိုင်စွာ ကြည့်နေမိသည်။
မိုးမလင်းမီ တောအုပ်ထဲတွင် မြူထူများ လှည့်ပတ်နေပြီး လီချင်းချိုး၏ မျက်နှာထားကို ထန်ကျစ်ချီ မမြင်ရပေ။ ယခုအချိန်တွင် လီချင်းချိုးပုံစံက လက်စားချေလိုသော တစ္ဆေတစ်ကောင်နှင့်တူနေသည်။
ယန်ဝူကျင်းမှာ ချွေးများ ရွှဲနစ်နေချေပြီ။ တဖက်လူ စောစောက ထုတ်သုံးလိုက်သော တိုက်ကွက်အရ သူ လွတ်မြောက်ရန် အခွင့်အရေး မရှိကြောင်း ခံစားလိုက်ရသည်။ အထူးသဖြင့် သူ့ ဒဏ်ရာများ မသက်သာသေးချိန်တွင် ဖြစ်သည်။
ထန်ကျစ်ချီလည်း ကြောက်လွန်းသဖြင့် မလှုပ်ရဲတော့ပေ။ ခဏတာမျှ တောအုပ်ကြီးတခုလုံး တိတ်ဆိတ်သွားပြီး အလွန်အမင်း ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။
လီချင်းချိုးက အကြည့်ကို ယန်ဝူကျင်းထံ ပြောင်းလိုက်သည်။ နှုတ်ဆိတ်နေသော်လည်း သူ့ အကြည့်က ယန်ဝူကျင်းအပေါ် ကြီးမားသော ဖိအား ပေးနေသည်။
ရွှတ်...
လီချင်းချိုးက ခါးကြားမှ ကောင်းကင်သက်တံဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ရာ ဓားရောင် လက်သွားပြီး ယန်ဝူကျင်းနှင့် ထန်ကျစ်ချီတို့၏ မျက်နှာကို ဖြတ်သန်းသွားသည်။
ဒုန်း...
ထန်ကျစ်ချီ ရုတ်တရက် ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်လေသည်။
"ကျေးဇူးပြုပြီး... ... ကျုပ်တို့ကို ခွင့်လွှတ်ပါ... ကျုပ်တို့ မသေလို့မဖြစ်ဘူး..... မဟုတ်ဘူး... သူ မသေလို့မဖြစ်ဘူး ..."
ထိုစကားကို ကြားသောအခါ ယန်ဝူကျင်း ခေါင်းငုံ့လိုက်သည်။ လက်သီးများကို လက်အင်္ကျီစ အတွင်းတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရင်ထဲတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
"ဘာလို့ သေလို့မဖြစ်တာလဲ..."
ထန်ကျစ်ချီက ရှေ့သို့ ခြေလှမ်းအနည်းငယ် တွားသွားပြီး ယန်ဝူကျင်း၏ ဘေးသို့ ရောက်လာသည်။ သူက ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ် ဝပ်တွားကာ နဖူးကို မြေပြင်နှင့် ထိကပ်ထားပြီး အံကြိတ်၍ …
"သူက အရင်အိမ်ရှေ့စံမင်းသား ကျောက်ယန်ရဲ့ သား... ဧကရာဇ် ကောင်းကျူရဲ့ မြေးတော်... စစ်မှန်တဲ့ ကောင်းကင်ဘုံရဲ့ သားတော်ပါ... သူ့ဖခင်က သစ္စာဖောက်တွေရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး သူလည်း လူ့လောကထဲမှာ ခြေရာဖျောက်နေရတာပါ.. လက်ရှိ ဧကရာဇ်က အရည်အချင်း မရှိဘဲ စုန်းကဝေတွေကို အလွယ်တကူ ယုံကြည်တတ်လို့ တိုင်းပြည်ကို ဖရိုဖရဲ ဖြစ်စေပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ မကဘူး... မိစ္ဆာဧကရာဇ်က ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေပါတယ်... သူက ထာဝရ အသက်ရှင်ချင်နေတာ... အဲဒီအတွက်ကြောင့် လူငယ်လေးတွေ မိန်းကလေးတွေကို တိတ်တဆိတ် ပြန်ပေးဆွဲပြီး လူသားချင်း စာနာမှုကင်းမဲ့တဲ့ အဖြစ်ဆိုးတွေ ဖန်တီးနေပါတယ်... ယန်ဝူကျင်း လက်ရှိ ဧကရာဇ်ကို ဖြုတ်ချနိုင်မှသာ လောကကြီးက အလင်းရောင် ပြန်ရပြီး ပြည်သူတွေ ငြိမ်းချမ်းသာယာတဲ့ ခေတ်ကို ရောက်နိုင်မှာပါ..."
"တော်တော့..."
ယန်ဝူကျင်းက လေးနက်သော အသံဖြင့် ပြောလိုက်ရာ ဒေါသ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထန်ကျစ်ချီက သူ့ဘက်သို့ လှည့်ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့်…
"အစ်ကိုကြီး... ခင်ဗျား သေလို့ မဖြစ်ဘူး... ကျုပ်တို့ ဒီမှာ သေလို့မဖြစ်ဘူး..... ဒီည ကျုပ်တို့ ဂုဏ်သိက္ခာတွေ အကုန်ဆုံးရှုံးရရင်တောင် ကျုပ်တို့အသက်ကို ချမ်းသာပေးဖို့ သူ့ကို တောင်းပန်ရမယ်... ခင်ဗျားရဲ့ ပခုံးပေါ်မှာ အသက်ပေါင်းများစွာကယ်တင်ရမယ့် တာဝန်တွေ ရှိနေတယ်..."
ယန်ဝူကျင်းမှာ ကောင်းကင်နှင့် လူသားကြား တိုက်ပွဲဝင်နေရသကဲ့သို့ ဖြစ်နေသည်။
"မင်းက လောကကြီးကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ချင်တာလား... ငါ့ ချင်းရှောင်ဂိုဏ်းကို ရန်စခဲ့တာ မင်းတို့လေ... ဘာလို့ အခုမှ နစ်နာသူလို လုပ်ပြနေတာလဲ..." လီချင်းချိုး၏ လေသံမှာ ပြောင်းလဲခြင်း မရှိပေ။
ထန်ကျစ်ချီက သူ့ဘက်သို့ လှည့်ကြည့်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျုပ်တို့မှာ ရွေးချယ်စရာ မရှိလို့ သိုင်းလောကကနေ စတင် အင်အားစုစည်းကပြီး လက်ရှိ ဧကရာဇ်ရဲ့ ပြစ်မှု သက်သေတွေကို ရှာဖွေရတာပါ... ထိုက်ခွန်းတောင်တန်းက လောကီနဲ့ ဝေးကွာပြီး နန်းတွင်းက ဒီနေရာကို ဝင်စွက်ဖက်တာ ရှားလို့ ချင်းရှောင်ဂိုဏ်းကို ရွေးချယ်ခဲ့တာပါ... ကျုပ်တို့ ခင်ဗျားတို့ကို မျိုးဖြုတ်သတ်ဖြတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး... ပူးပေါင်းချင်ရုံ သက်သက်ပါ... ခင်ဗျားတို့ဘက်က သေမထူး နေမထူး ပြန်တိုက်ခိုက်မှသာ ကျုပ်တို့က သတ်မှာပါ..."
လီချင်းချိုးက ဓားကို ပြန်မသိမ်းသကဲ့သို့ အသံလည်း မပြုဘဲ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆနေပုံ ရသည်။
ထန်ကျစ်ချီက…"ကျုပ်တို့ အမှားကို ဝန်ခံပါတယ်... အမှားပြင်ဖို့ ဘာမဆို လုပ်ပေးပါ့မယ်... ကျုပ်တို့ အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်... ကျုပ်တို့ သေလို့ ရပေမဲ့ ဒီနေရာမှာတော့ မသေသင့်ဘူး..."
သူ အမှန်တကယ် လက်လျော့လိုက်ပြီ ဖြစ်ပြီး နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။
ယန်ဝူကျင်းနှင့် စတွေ့ကတည်းက ထိုသူ၏ နက်ရှိုင်းသော သိုင်းပညာ စွမ်းရည်များကို အားကျခဲ့ရသည်။ဘဝ ဇာတ်ကြောင်းကို သိရှိပြီးနောက် ရည်မှန်းချက်များ ပြည့်ဝလာခဲ့သည်။ ယန်ဝူကျင်း၏ ထူးချွန်သော သိုင်းပညာနှင့် မင်းညီမင်းသား မျိုးနွယ် အဆင့်အတန်းတို့ဖြင့် ကြီးမားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု တည်ဆောက်နိုင်မည်ဟု သူ ထင်ခဲ့မိသည်။
မထင်မှတ်ဘဲ သူ၏ ဂိုဏ်းတခုကို အစပျိုးချိန်မှာပင် ချေမှုန်းခံလိုက်ရပြီး ယခု ဤမျှ အတိဒုက္ခရောက်နေသော အခြေအနေတွင် ခွေးတစ်ကောင်ကဲ့သို့ အသနားခံနေရသည်။
ငယ်စဉ်ကတည်းက ယခုအချိန်အထိ ထန်ကျစ်ချီသည် အမြဲတမ်း မာနကြီးသူ တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ လုံးဝ ကျိုးနွံနေပြီ ဖြစ်သည်။
"မင်းက သူ့ရဲ့ မဟာဗျူဟာမှူး မဟုတ်လား... သူက နှစ်ပေါင်းများစွာ သိုင်းကျင့်နေခဲ့တာဆိုတော့ သိပ်မစဉ်းစားတတ်တာ နားလည်ပေးလို့ ရပါတယ်... ဒါပေမဲ့ မင်းက သူ့ရဲ့ မဟာဗျူဟာမှူး အနေနဲ့ ဘာမှမလုပ်ခင် ပြိုင်ဘက်ရဲ့ အခြေအနေကို မစုံစမ်းဘူး... မင်းလိုလူက သူ့ကို ကူညီပြီး လောကကြီးကို ကယ်တင်နိုင်ပါ့မလား..."
လီချင်းချိုး၏ အသံ ထန်ကျစ်ချီ၏ နားထဲသို့ ရောက်ရှိလာရာ ထန်ကျစ်ချီ အလွန်အမင်း ရှက်ရွံ့သွားပြီး ပြန်မချေပနိုင် ဖြစ်သွားသည်။
ယန်ဝူကျင်းက ထန်ကျစ်ချီထက် ပို၍ပင် နာကြည်းနေမိသည်။သို့သော် သူ ထန်ကျစ်ချီကို အပြစ်မတင်ပေ။ အကယ်၍ သူသာ လုံလောက်အောင် သန်မာခဲ့လျှင် ဤအဆင့်ထိ ရောက်လာမည် မဟုတ်ချေ။
"ဒီလမ်းအတိုင်း သွား... မျက်လုံးတွေ မှိတ်ထား... အအေးဓာတ်ကို မခံစားရတော့တဲ့ အထိ မဖွင့်နဲ့..."
လီချင်းချိုး၏ စကားကြောင့် ယန်ဝူကျင်းနှင့် ထန်ကျစ်ချီတို့ အံ့သြစွာ မော့ကြည့်လိုက်ရာ လီချင်းချိုးက ဓားကို မြှောက်၍ လမ်းကြောင်းတစ်ခုကို ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
ထန်ကျစ်ချီက အလျင်အမြန် ဦးညွှတ် ကျေးဇူးတင်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ယန်ဝူကျင်းကို ဆွဲခေါ်ရန် ကြိုးစားသော်လည်း ယန်ဝူကျင်းကို ရွေ့အောင် မလုပ်နိုင်ပေ။
"မင်း ငါတို့ကို ဒီလောက် လွယ်လွယ် ယုံတာလား..."
ယန်ဝူကျင်း မနေနိုင်ဘဲ မေးလိုက်သည်။ ထိုစကားကို ကြားသောအခါ ထန်ကျစ်ချီ အလွန် စိုးရိမ်သွားသည်။ ဒီလူ ဘာလို့ ရုတ်တရက် အမှားလုပ်လိုက်တာလဲ...
လီချင်းချိုးက သူ့ကို ကြည့်ပြီး …
"ငါ မင်းတို့ကို ယုံတာ မဟုတ်ပါဘူး... လောကကြီးအတွက် မျှော်လင့်ချက် ရောင်ခြည်လေး ချန်ထားပေးချင်လို့ပါ..."
ယန်ဝူကျင်းက သူ့ကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ လျှို့ဝှက် ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်ကာ သူ့ထံ ပစ်ပေးလိုက်ရင်း …
"ငါတို့ရဲ့ ရည်မှန်းချက်ကြီးက အောင်မြင်ချင်မှ အောင်မြင်မှာပါ... ဒီ တာ့ရီကျစ်ယန် သိုင်းကျမ်း ကို ချင်းရှောင်ဂိုဏ်းမှာ ထားခဲ့လိုက်ပါတော့မယ်..."
သူ လှည့်ထွက်သွားပြီး လီချင်းချိုး ဓားဖြင့် ညွှန်ပြသော လမ်းကြောင်းအတိုင်း ထန်ကျစ်ချီကို ဦးဆောင် ခေါ်သွားရာ မကြာမီ ထူထပ်သော မြူထူများကြားတွင် ပျောက်ကွယ်သွားတော့သည်။
လီချင်းချိုး တာ့ရီကျစ်ယန် သိုင်းကျမ်းကို စာမျက်နှာ အနည်းငယ် လှန်လှောကြည့်လိုက်ပြီး လျှို့ဝှက်လက်နက် သို့မဟုတ် အဆိပ် မပါရှိကြောင်း တွေ့ရှိရမှသာ စိတ်ချလက်ချ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
သူသည် စနစ်ကပေးထားသော မှတ်ဉာဏ်များ ညွှန်ပြသော လမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သော်လည်း ငယ်စဉ်က မှတ်ဉာဏ်များ စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာနေသည်။
သူ အသက် တစ်နှစ် မပြည့်ခင်က သူ့ဖခင်သည် လင်းချွမ်ဒေသ လီမိသားစုသို့ ဝင်ရောက်လိုပြီး ကျန်ရစ်ခဲ့သော လီမိသားစုဝင် တစ်ဦး၏ အမည်ကို ယူချင်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူက သူ့ကို မိခင်နှင့်အတူ လင်းချွမ်ဒေသရှိ လီမိသားစု ဘိုးဘွားပိုင် ခန်းမဆောင်သို့ ခေါ်သွားသောအခါ ခန်းမဆောင်ထဲတွင် စုန်းကဝေ တစ်ယောက် ရှိနေခဲ့ပြီး သူ(လီချင်းချိုး)သည် ကံဆိုးသော ကလေးဖြစ်သဖြင့် စွန့်ပစ်ရမည် ဖြစ်ကြောင်းနှင့် လီမိသားစု ဆွေစဉ်မျိုးဆက် စာရင်းတွင် ထည့်သွင်း၍ မရကြောင်း ပြောခဲ့သည်။ သို့မှသာ သူ့ မိဘများကို လီမိသားစုသို့ ဝင်ရောက်ခွင့် ပြုမည်ဟု ဆိုခဲ့သည်။
သူ့မိဘများက သဘောတူခဲ့ကြပြီး သူ့ကို မြို့ပြင်တွင် စွန့်ပစ်ခဲ့ကြသည်။ မခွဲခွာမီ နောက်ဘဝကျမှ သားအဖ သို့မဟုတ် သားအမိ တော်စပ်ကြမည်ဟု ပြောခဲ့ကြသည်။
ယခင်က လီချင်းချိုး လီမိသားစုကို မမုန်းခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ဖခင်က လီမျိုးနွယ်ဝင် အစစ် မဟုတ်သောကြောင့် ဖြစ်သည်။ သူ့ မိဘများကိုလည်း မမုန်းခဲ့ဘဲ သူ့ကို မွေးဖွားပေးခဲ့သည့် ကျေးဇူးကြွေးကို ဆပ်သည်ဟုသာ သဘောထားခဲ့သည်။
ယခုအခါတွင်မူ ဆရာသခင် သူနှင့်အတူ ရှိနေစဉ်က သူတို့ ဘာကြောင့် လိုက်လံ ဖမ်းဆီးခံခဲ့ရသည်ကို နားလည်သွားပြီ ဖြစ်သည်။
သူ့ဖခင် လီမျိုးနွယ်ကို ဝင်ရောက်ခဲ့လျှင်တောင် သာမန် မျိုးနွယ်ဝင် တစ်ယောက်မျှသာ ဖြစ်သည်။ အမှန်တကယ် အကြောင်းရင်းမှာ ဧကရာဇ်က ကလေးများကို ဖမ်းဆီးချင်နေသောကြောင့် ဖြစ်သည်။ အကယ်၍ ဆရာသခင်သာ မကယ်တင်ခဲ့လျှင် သူ့ထံတွင် မည်သို့သော ကံကြမ္မာမျိုး ရှိလာမည်ကို တွေးကြည့်ရန် ခက်ခဲလှသည်။
ထိုစုန်းကဝေ ဆိုသူမှာ ဧကရာဇ် စီစဉ်ထားသူ ဖြစ်နိုင်ပြီး လီမိသားစု ရာထူး အဆင့်အတန်း လျင်မြန်စွာ တိုးတက်လာခြင်းကလည်း ဧကရာဇ်နှင့် နီးကပ်စွာ ဆက်စပ်နေပေလိမ့်မည်။
ထိုအတိတ်ကို ပြန်လည် အမှတ်ရရင်း လီချင်းချိုး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ဤနေရာရှိ အဆိပ်မြူများမှာ အဆိပ်မရှိသော်လည်း လူတို့၏ အာရုံခံစားမှုကို ရှုပ်ထွေးစေနိုင်သည်။ လမ်းမပျောက်စေရန် မြေပြင်ကို မျက်ခြည်မပြတ် ကြည့်နေရမည်။ သို့သော် အဆိပ်မြူများကြားတွင် အခြားသော တောရိုင်းတိရစ္ဆာန်များ ရှိနေသဖြင့် မျက်နှာကို အောက်စိုက်ထားရန်မှာ မလွယ်ကူပေ။
သေချာ ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသော်လည်း မှေးမှိန်သော လမ်းကြောင်းတစ်ခု ရှိနေသည်။ ၎င်းမှာ ရှေ့က လူများ နင်းဖြတ်သွားသော လမ်းကြောင်း ဖြစ်သည်။
သူ လျှောက်သွားနေစဉ် မနက်ခင်း နေရောင်ခြည် တောအုပ်ထဲသို့ ဖြာကျလာသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဖြူဖွေးသော အရာများသာ ရှိနေဆဲ ဖြစ်သည်။
မိုင် ၂၀ ခန့် ခရီးနှင်ပြီးနောက် လမ်းတစ်လျှောက်တွင် အဝတ်အစားများ ဝတ်ဆင်ထားသော လူအရိုးစုများကို တွေ့လိုက်ရသည်။သို့သော် သူ မရပ်တန့်ခဲ့ပေ။ ဦးစွာပထမ သစ်ပင်ကြီးကို ရှာဖွေလိုပြီး နောက်မှသာ လမ်းတစ်လျှောက်ရှိ အလောင်းများကို စစ်ဆေးမည် ဖြစ်သည်။
ဤသစ်ပင်က သူ့အတွက် ကောင်းချီး ဖြစ်လာနိုင်ရာ လက်ရှိတွင် ဤလမ်းပေါ်၌ သူ့ကို ခြိမ်းခြောက်နိုင်မည့်အရာ မရှိနိုင်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။