← Chapters

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း ၃၈၆

Vol. 39 Ch. 386

အခန်း( ၃၈၆ ) အနိုင်ယူတတ်သော ဆရာ

လမ်းတလျှောက် ကြုံတွေ့ခဲ့ရသော နတ်ဘုရားများ၏ တိုက်ပွဲများကို တွေးတောရင်း ယန်ကျွယ်တိန်က ချင်းရှောင်တံဆိပ်ပြားနားသို့ကပ်ကာ…

"ဂိုဏ်းချုပ်... ဒီနေရာက အရမ်း အန္တရာယ် များတယ်... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး..."

"ငါ အာရုံခံမိပြီးသားပါ... ဆူညံသံတွေက အတော်လေး ကြီးမားတယ်၊ ဒါကြောင့်မို့လို့ ပုန်းနေဖို့ ပြောတာ... ကောင်းပြီ... ဒီလောက်ပဲ..."

​လီချင်းချိုးက ယန်ကျွယ်တိန်၏ စကားကို ဖြတ်လိုက်ပြီးနောက် ချင်းရှောင်တံဆိပ်ပြား၏ အဆက်အသွယ်ကို ဖြတ်တောက်လိုက်သည်။

​ယန်ကျွယ်တိန်မှာ ချင်းရှောင်တံဆိပ်ပြားကို ကိုင်ထားရင်း အနည်းငယ် မှင်တက်သွားခဲ့သည်။

​အခြား ဂိုဏ်းသားများလည်း သတိပြန်ဝင်လာကြသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူတို့ ကြုံတွေ့ခဲ့ရသော အစွမ်းထက် ကျင့်ကြံသူများကို တွေးတောရင်း ဂိုဏ်းချုပ်အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။

​"ကောင်းပြီ... အခု စီနီယာအစ်ကို ရောက်နေပြီဆိုတော့ အားလုံး စိတ်အေးလက်အေး နေနိုင်ပြီ... စိတ်ဖိစီးနေစရာ မလိုတော့ဘူး..."

လီချင်းချိုး ရောက်လာပြီ ဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် ဖိအားများ သိသိသာသာ လျော့ကျသွားပြီး ကျန်းကျောက်ရှား၏ မျက်နှာပေါ်တွင် ရှားပါးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

​ပိုင်နင်းအာက လက်ခုပ်တီး၍ ရယ်မောလိုက်ပြီး…

"ဟုတ်တယ်! ဂိုဏ်းချုပ်က ကိုယ်တိုင် ရောက်လာတာမို့ ဘာကို ကြောက်စရာ လိုသေးလဲ... ဂိုဏ်းချုပ်ရဲ့ နတ်ဘုရား စွမ်းအားကိုတောင် ငါတို့ မျက်မြင် ကိုယ်တွေ့ မြင်တွေ့ရနိုင်သေးတယ်!"

ဤအကြောင်းအရာကို ပြောလိုက်သည်နှင့် ဂိုဏ်းသားများက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဂိုဏ်းချုပ်နှင့် ထိုအစွမ်းထက် ကျင့်ကြံသူများကြားတွင် မည်သူက ပိုမို အစွမ်းထက်သနည်း ဆိုသည်ကို စတင် ဆွေးနွေးကြတော့သည်။

ချင်းရှောင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာသည့် အချိန်တစ်လျှောက်လုံးတွင် ဂိုဏ်းချုပ်က ရန်သူ အစွမ်းထက်သူများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလော။

​သူတို့သည် များသောအားဖြင့် ဂိုဏ်းအတွင်းရှိ ပါရမီရှင်များကိုသာ ဆွေးနွေးလေ့ ရှိကြသော်လည်း ယွမ်လီ သို့မဟုတ် ယွင်ချိုင် မည်သူမျှ ဂိုဏ်းချုပ်နှင့် မယှဉ်နိုင်ကြောင်းကို သူတို့အားလုံး သိရှိထားကြပြီး ဂိုဏ်း၏ အစွမ်းထက်ဆုံးသူက မည်တော့မှ ပြောင်းလဲခြင်း မရှိခဲ့ချေ။

​သို့သော်လည်း သူတို့တွေ မိုးပြာနဂါးနယ်မြေအကြောင်း များများစားစား မသိရှိကြပေ။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူတို့ မြင်တွေ့ခဲ့ရသော အရာများကိုထောက်ချင့်လျှင် ချင်းရှောင်ဂိုဏ်းအနေနှင့် အခြား ကျင့်ကြံရေး ဂိုဏ်းများနှင့် ယှဉ်လျှင် အလွန် နိမ့်ကျနေသေးကြောင်း သိရှိလိုက်ရသည်။

ဂိုဏ်းချုပ်အပေါ် ကြီးမားသော ယုံကြည်မှု ရှိသော်လည်း ဂိုဏ်းချုပ် ထိခိုက်နစ်နာသွားမည်ကို သူတို့ စိုးရိမ်နေကြဆဲပင်။

​မှန်ပေသည်၊ အချို့သော ဂိုဏ်းသားများက လီချင်းချိုးကို ကိုးကွယ်နေကြပြီး ဂိုဏ်းချုပ်ကို မည်သူမျှ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်း ယုံကြည်နေကြသည်။

​အခြား တစ်ဖက်တွင်…….

လှိုဏ်ဂူအပေါက်ဝရှေ့တွင် လီချင်းချိုး၊ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့က ဂူအပြင်ဘက်ရှိ နေရောင်ခြည်ကို ကျောခိုင်း၍ မတ်တတ်ရပ်နေကြသည်။

​သူတို့အားလုံး တူညီသော မိုးပြာရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ထိုဝတ်ရုံများတွင် တူညီသော အရောင်နှင့်ချည်ထိုးပုံစံများရှိကြသည်။ သို့သော်လည်း ယင်ကျင်းရှင်း၏ မိုးပြာရောင် ဝတ်ရုံက ပိုမို သေးငယ်ပြီး မျက်နှာပေါ်ရှိ ပြဇာတ် မျက်နှာဖုံးများကြောင့် သူတို့ သုံးဦး၏ပုံစံက တနည်းတဖုံ လျှို့ဝှက်ဆန်းကြယ်နေသည်။

​ဆရာဖြစ်သူက ဂိုဏ်းချုပ် တံဆိပ်ပြားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ ယွမ်လီက…

"ဆရာ... ကျွန်တော်တို့ သူတို့ကို ဘယ်လို ရှာရမလဲ..." ဟု မနေနိုင်ဘဲ မေးလိုက်သည်။

အ​ရှေ့က အမှောင်ထု လိုဏ်ခေါင်းကို ကြည့်၍ လီချင်းချိုးက…

"သူတို့ ဘယ်မှာ ပုန်းနေလဲ ဆိုတာ ငါ မြင်ပြီးသား... စိတ်ပူစရာ မလိုဘူး.... သူတို့ ဘေးကင်းပါတယ်..."

​အကြိမ်တစ်သောင်း ဥပဒေသ ဝိညာဉ်မျက်လုံးက တိုက်ပွဲတွင်သာမက နေ့စဉ်ဘဝတွင်လည်း စူးစမ်းရှာဖွေရန်အတွက် အသုံးပြုနိုင်သည်။ ထို့အပြင် ကျင့်ကြံခြင်း အဆင့် မြင့်တက်လာသည်နှင့်အမျှ ဝိညာဉ်မျက်လုံး မြင်တွေ့နိုင်သည့် နယ်ပယ်နှင့် အကွာအဝေးကလည်း ဆက်လက် ကျယ်ပြန့်လာသည်။

​စစ်နတ်ဘုရားနန်းတော်တွင် နေရာအနှံ့ အာကာသများနှင့် ရှုပ်ထွေးသော ကန့်သတ်ချက်များ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းကျောက်ရှားနှင့် အခြားသူတို့က သူတို့နှင့် သိပ်မဝေးကွာလှပေ၊ လီချင်းချိုး မြင်တွေ့နိုင်သည်ထက် ပိုမို ဝေးကွာသော နေရာများပင် ရှိနေသေးသည်။

​ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် လီချင်းချိုးက အာရုံစိုက်မှုများကို လူသားဧကရာဇ် ခေါင်းလောင်းထံသို့ ပြောင်းလဲလိုက်သည်။

​စစ်နတ်ဘုရား ဓားတံဆိပ်ပြားက သူ့ကို အတွင်းသို့သာ လမ်းပြနိုင်ပြီး ခေါင်းလောင်းဆီသို့ လမ်းပြနိုင်ခြင်း မရှိချေ။

​"သွားကြစို့... အရင်ဆုံး ဟိုဟိုဒီဒီ ကြည့်ကြည့်ရအောင်..."

​လီချင်းချိုးက အရင်ဆုံး ပြောလိုက်ပြီး ပြောသည့်အတိုင်းပင် ရှေ့မှ ဦးဆောင်၍ အမှောင်ထုထဲသို့ လျှောက်လှမ်းသွားတော့သည်။

​ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း အနီးကပ် လိုက်ပါသွားကြသည်။သူတို့တွေ အစွမ်းထက်သော အရှိန်အဝါများကို အာရုံခံမိပြီးသား ဖြစ်ပြီး ငါးလှမ်းခန့် လျှောက်လှမ်းပြီးနောက် မြေပြင် တုန်ခါလာတော့သည်။ အသက် ဆယ်နှစ်အရွယ် ယင်ကျင်းရှင်းလေးက ယွမ်လီ၏ ရင်ဘတ်အထိသာ ရှိပြီး လက်ရှိ အသက်အရွယ်နှင့် နှိုင်းယှဉ်ပါက အရပ်ရှည်သော်လည်း ဆရာဖြစ်သူနှင့် စီနီယာအစ်ကိုတို့ ဘေးတွင် ရပ်နေချိန်တွင် ပုလွန်းနေပုံ ပေါ်သည်။

လီချင်းချိုးက ယွမ်လီနှင့် အရပ်တူသော်လည်း စိတ်နေသဘောထားကတော့ ပိုမို ထူးကဲလှသည်။ ယွမ်လီ၏ပုံစံက တည်ငြိမ်သော်လည်း မောက်မာပြီး ရက်စက်သော စရိုက်ကို ဖုံးကွယ်ရန် ခက်ခဲလှသည်။ လီချင်းချိုး၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ နှစ်ဦးစလုံး အလွန် စိတ်လှုပ်ရှားနေကြပြီး အထူးသဖြင့် ယွမ်လီပင် ဖြစ်သည်။

ဤသည်မှာ ဆရာနှင့် ဘေးချင်းယှဉ်၍ တိုက်ခိုက်ရသည့် ပထမဆုံးအကြိမ် ဖြစ်၏။ ငယ်စဉ်ကတည်းက ဆရာနှင့်အတူ တိုက်ခိုက်ရန် စိတ်ကူးယဉ်လေ့ ရှိခဲ့သော်လည်း ဖျက်ဆီးမရသော ခန္ဓာကိုယ်ကို နိုးထလာပြီးနောက်တွင်ပင် ထိုအခွင့်အရေးမျိုး မရရှိခဲ့ချေ။ ထိုအကြောင်း ဆရာ့ကို ပြောပြခဲ့ပြီးနောက် ဤသို့သော အခွင့်အရေးမျိုး လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

​သူ ကောင်းကောင်း တိုက်ခိုက်ပြရမယ်၊ ဆရာ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘူး!

​ယင်ကျင်းရှင်းကလည်း အတူတူပင် စိတ်လှုပ်ရှားနေသော်လည်း ယွမ်လီလောက် မဟုတ်ပေ၊ သူသည် တိုက်ခိုက်ချင်စိတ်သာ ရှိနေသူ ဖြစ်သည်။

သူသည် ​ချင်းရှောင်ဂိုဏ်းအတွင်း၌ ယန်စွမ်းအား မီးလျှံများကို လုံးဝ အသုံးမပြုခဲ့ဘဲ မည်သူနှင့် ယှဉ်ပြိုင်သည်ဖြစ်စေ အမြဲတမ်း ထိန်းချုပ်နေရသည်။

​ဤတစ်ကြိမ်တွင် ဆရာဖြစ်သူက တိုက်ပွဲ ဖြစ်လာလျှင် အစွမ်းကုန် တိုက်ခိုက်နိုင်ကြောင်း ပြောထားသဖြင့် အလွန် စိတ်လှုပ်ရှားနေမိသည်။

​လီချင်းချိုး ရှေ့သို့ လျှောက်လှမ်းသွားစဉ် နေရာအသီးသီးက တိုက်ပွဲများကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

​ကောင်းကင်နေမင်းနယ်ပယ်ရှိ ကြီးမြတ်သည့် ကျင့်ကြံသူ သုံးဆယ်ကျော်နှင့် ဝိညာဉ်သုံးပါး ပင်လယ်နယ်မြေရှိ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်လေးဦး ရှိနေသည်။

​ထျန်းရွှမ်ဇီ ချဲ့ကားပြောဆိုခြင်း မဟုတ်ကြောင်း သိသာလှသည်၊ လူသားဧကရာဇ် ခေါင်းလောင်းက အမှန်တကယ်ပင် ထိုမျှလောက် ဆွဲဆောင်မှု ရှိနေသည်။

​လူအများအပြားလက်ထဲမှ လူသားဧကရာဇ် ခေါင်းလောင်းကို လုယူနိုင်ခဲ့လျှင်ပင် ပြဿနာများ မတက်အောင် ဂရုတစိုက် အသုံးပြုရမည် ဖြစ်သည်။

​"တကယ့်ကို ပြင်းထန်တာပဲ..."

​ယင်ကျင်းရှင်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်တော့ ဝက်မျက်နှာဖုံးနှင့် စိတ်လှုပ်ရှားနေသော လေသံက အတော်လေး ရယ်စရာ ကောင်းနေလေသည်။

​ယွမ်လီက….

"ဒီနေရာမှာ ကောင်းကင်နေမင်း နယ်မြေ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး ရှိတယ်... နောက်ပိုင်းကျရင် မောက်မာတဲ့ လုပ်ရပ်မျိုး မလုပ်နဲ့..."

​ယင်ကျင်းရှင်းက ရယ်မော၍….

"စိတ်မပူပါနဲ့... ဝိညာဉ်အသိအာရုံအဆင့် ရှိတဲ့သူတွေကိုပဲ တိုက်မှာပါ..." ဟု ဆိုသည်။

​ညီအစ်ကို နှစ်ဦးသား လီချင်းချိုး၏ နောက်မှ လိုက်ပါသွားကြရင်း စကားစမြည် ပြောဆိုနေကြသည်။လီချင်းချိုးက သူတို့ကို စကားမပြောရန် မတားမြစ်ခဲ့ပေ။ ၎င်းမှာ သူတို့၏ စိတ်ဖိစီးမှုများကို လျော့ကျသွားစေရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

​မှိန်ဖျော့သော လိုဏ်ခေါင်းကို မဖြတ်သန်းမီမှာပင် ရင်းနှီးသော ပုံရိပ် နှစ်ခုကို မြင်တွေ့လိုက်ရသည်။

​"သူတို့ တကယ် ရောက်လာကြတာပဲ..."

​ကျိုးလင်ဟွမ်းနှင့် ဖန်းရွှမ်တို့ကို မြင်လိုက်ရချိန်တွင် လီချင်းချိုး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

​ကျိုးလင်ဟွမ်းနှင့် သူတို့ကြားက ကံကြမ္မာ အချိတ်အဆက်များ ပြတ်တောက်သွားပြီ ဖြစ်သဖြင့် သူမနှင့် ထပ်မံ ပတ်သက်ရန် မလိုတော့ဟု လီချင်းချိုး ယခင်က ခံစားခဲ့ရသည်။ သို့သော်လည်း လင်းရွှင်းဖုန်း ထျန်းချင်းမသေမျိုးဂိုဏ်းတွင် ရှိနေကြောင်း သိရှိလိုက်ရချိန်တွင် ကျိုးလင်ဟွမ်းနှင့် ဆက်လက် မိတ်ဖွဲ့၍ ဆရာ့ကို စောင့်ရှောက်ပေးရန် ပြောဆိုနိုင်သေးသည်ဟု ခံစားလိုက်ရသည်။

​လင်းရွှင်းဖုန်းနှင့် လမ်းခွဲခဲ့စဉ်က အဆင်မပြေမှုများ ရှိခဲ့သော်လည်း ထိုသူသည် သူ့စိတ်ထဲတွင် ဆရာထက် ပိုသော နေရာတစ်ခု ရှိနေဆဲ ဖြစ်သည်။

​သူ့စိတ်ထဲတွင် လင်းရွှင်းဖုန်းက ဆရာတစ်ဦးသာ မဟုတ်ပေ။

​သို့သော်လည်း ဝိညာဉ်သုံးပါး ပင်လယ်နယ်မြေ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ကျိုးလင်ဟွမ်းနှင့် သူမ၏ အပေါင်းအပါနောက်သို့ လျှို့ဝှက်စွာ လိုက်ပါသွားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အလျင်စလို မချဉ်းကပ်ဝံ့ပေ။ စုန့်ချန်ရှန်းကတော့ တစ်ယောက်တည်းသာ လှုပ်ရှားနေသည်။

​လီချင်းချိုး စိတ်ထဲတွင် အံ့ဩနေမိသည်မှာ စုန့်ချန်ရှန်းလည်း လူသားဧကရာဇ် ခေါင်းလောင်းကို စိတ်ဝင်စားနေတာများလား?

​သုက ဓားသိုင်းပညာကို ကျင့်ကြံသူ မဟုတ်ပါလား?

စုန့်ချန်ရှန်းကို လိုက်လံ ရှာဖွေရန် စိတ်ကူးမရှိချေ၊ မည်သို့ပင်ဆိုစေ လူသားဧကရာဇ် ခေါင်းလောင်းက မိစ္ဆာနယ်မြေကို ရင်ဆိုင်ရာတွင် ချင်းရှောင်ဂိုဏ်းအတွက် အရေးပါသဖြင့် စုန့်ချန်ရှန်းနှင့် တွေ့လျှင်ပင် အလျှော့ပေးမည် မဟုတ်ချေ။

​သူသည် အာရုံများကို လူသားဧကရာဇ် ခေါင်းလောင်းကို ရှာဖွေခြင်းထံသို့သာ ပြောင်းလဲလိုက်သည်။

​တစ်နာရီ အကြာတွင် ကြီးမားသော ကျောက်တံခါးကြီး တစ်ခုထဲမှ ထွက်လာကြရာ ရှေ့တွင် ကျယ်ပြောလှသော မြေအောက် အာကာသတစ်ခု ရှိနေပြီး လမ်းဆယ်ခုခန့် ရှိနေကာ ဂိုဏ်းနှစ်ခု အပြန်အလှန် တိုက်ခိုက်နေကြပြီး မြေပြင်ပေါ်တွင် ရုပ်အလောင်းများပင် ရှိနေပြီ ဖြစ်သည်။

​အဆက်မပြတ် ထွက်ပေါ်နေသော မှော်ပညာများနှင့် ထူးဆန်းသော မှော်လက်နက်များကို မြင်လိုက်ရချိန်တွင် ယင်ကျင်းရှင်း၏ မျက်နှာဖုံးအောက်က မျက်လုံးများ တောက်ပလာတော့သည်။

​ယွမ်လီကတော့ ဝမ့်ယင်းဂိုဏ်းနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲကို ကြုံတွေ့ခဲ့ဖူးသဖြင့် ယင်ကျင်းရှင်းလောက် အံ့အားသင့်ခြင်း မရှိပေ။

​လီချင်းချိုးက တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ရှေ့သို့ တိုးသွားကာ သိုလှောင်အိတ်ထဲမှ ချင်းရှောင်ဓားကို ထုတ်ယူလိုက်သည်။ထိုဓား လျင်မြန်စွာ ကြီးထွားလာပြီးနောက် ဓားပေါ်သို့ တက်ကာ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာသို့ ပျံသန်းသွားလေသည်။

​ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း သူတို့၏ ချင်းရှောင်ဓားများကို ထုတ်ယူ၍ လီချင်းချိုးနောက်သို့ လိုက်ပါသွားကြသည်။

​ဆရာဖြစ်သူ တိုက်ရိုက် ပျံသန်းသွားသည်ကို မြင်သောအခါ သူတို့နှစ်ဦး စိတ်လှုပ်ရှားသွားကြသည်။

​ဆရာဖြစ်သူက အပြင်မှာ ဒီလို ပုံစံမျိုးနဲ့ ပြုမူလေ့ ရှိတာလား?

​သူတို့သည် ဆရာဖြစ်သူ တစ်ယောက်တည်း လှုပ်ရှားနေစဉ်က ပုံစံများကို ကြားဖူးခဲ့ကြသော်လည်း တကယ်တမ်းတွင် ပုံမှန်နှင့် လုံးဝ ကွဲပြားနေသည်။

​သူတို့ သုံးဦး ရောက်ရှိလာမှုက တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို ချက်ချင်းပင် သတိပြုမိသွားစေပြီး သူတို့ သုံးဦးစလုံး မျက်နှာဖုံးများ တပ်ဆင်ထားကာ တည့်တည့် ပျံသန်းလာသည်ကို မြင်သောအခါ အားလုံး သတိထားနေကြသည်။ သို့သော်လည်း လီချင်းချိုးက မည်သူ့ကိုမျှ တိုက်ခိုက်ခြင်း မရှိဘဲ တိုက်ပွဲကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။

​ယွမ်လီနှင့် ယင်ကျင်းရှင်းတို့လည်း နောက်မှ လိုက်ပါသွားကြပြီး သူတို့ ဤမျှ လွယ်ကူစွာ ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

​တိုက်ခိုက်နေသော ဂိုဏ်းနှစ်ခုစလုံး အံ့အားသင့်သွားကြပြီး တစ်ဖက်လူက လမ်းခုလတ်မှာ ဖြတ်သွားရုံမျှဖြင့် သူတို့၏ ရန်သူများ မဟုတ်ကြောင်း သိလိုက်ကြသည်။ သို့သော်လည်း ဝက်မျက်နှာဖုံး တပ်ဆင်ထားသော ကောင်လေးတယောက် သူတို့ကို နောက်လှည့်၍ ကြည့်လိုက်ချိန်တွင် စော်ကားခံရသလို ခံစားလိုက်ရသည်။

​အလွန် ဒေါသထွက်သော်လည်း လီချင်းချိုးတို့ သုံးဦးကို လိုက်လံ သတ်ဖြတ်ရန် အခွင့်အရေး မရလိုက်ဘဲ သူတို့၏ ရန်သူများနှင့်သာ ဆက်လက် တိုက်ခိုက်နေကြရသည်။

​ဤတိုက်ပွဲမှ ထွက်ခွာပြီးနောက် လီချင်းချိုးက တပည့်နှစ်ဦးကို ခေါ်ဆောင်၍ ကြီးမားသော လိုဏ်ခေါင်းကြီးတစ်ခုအတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။

​စစ်နတ်ဘုရား မြေအောက်နန်းတော်ကြီးက တိတ်ဆိတ်သော မြေအောက် အာကာသတစ်ခုကဲ့သို့ ဖြစ်ပြီး နေရာအများစုက မှောင်မိုက်နေကာ တစ်ခါတစ်ရံ နန်းတော်များတွင် ဝိညာဉ်ကျောက်တုံးများ၊ ကျောက်ဆောင်များဖြင့် အလှဆင်ထားသည်။

"ဆရာ... ဘာလို့ သူတို့က ကျွန်တော်တို့ကို မတိုက်ခိုက်တာလဲ..."ဟု ယင်ကျင်းရှင်းက မနေနိုင်ဘဲ မေးလိုက်သည်။

​ဆရာဖြစ်သူ တိုက်ရိုက် ပျံသန်းသွားသည်ကို မြင်ရပြီး မည်သူမျှ တားဆီးရန် မဝံ့ရဲသည်ကို မြင်ရချိန်တွင် ဆရာဖြစ်သူက အလွန် အစွမ်းထက်သည်ဟု ခံစားလိုက်ရသည်။

​နောင်အခါကျရင် သူလည်း ဆရာ့လိုပဲ ဖြစ်အောင် လုပ်ရမယ်!

​လီချင်းချိုးက ပြန်မဖြေဘဲ ယွမ်လီက ဆရာ့အစား…

"သူတို့က ငါတို့ရဲ့ စွမ်းအားကို မသိဘူး... နောက်ပြီး ရန်သူများများ မတိုးချင်ကြလို့..." ဟု ဖြေလိုက်သည်။

ထိုအခါမှ ယင်ကျင်းရှင်း သဘောပေါက်သွားပြီး….

"ကျွန်တော် ထင်တာက ဒီနေရာက လူတွေ အကုန်လုံး အရူးတွေ ဖြစ်နေကြပြီ... အခုမှပဲ တစ်ခုခု ဖြစ်ပျက်နေမှန်း သိတော့တယ်..."

​ယွမ်လီက ဤစကားကို ကြားသောအခါ ရုတ်တရက် သဘောပေါက်သွားပြီး ဤနေရာရှိ ပဋိပက္ခက ရိုးရိုးရှင်းရှင်း မဟုတ်ကြောင်း သိလိုက်ရသည်။

​ဤနေရာတွင် အဎာတတရားများ ရှိနေလျှင် သူတို့၏ နောက်ကွယ်တွင် ဤအရာအားလုံးကို စီစဉ်နေသူ တစ်ယောက်ယောက် ရှိနေမည် မဟုတ်ပါလော။

​သူက ဆရာဖြစ်သူ၏ ကျောပြင်ကို လှည့်ကြည့်လိုက်ပြီး ဆရာ့ကို သတိပေးရမလားဟု တွေးတောမိသော်လည်း ဆရာ့အကြောင်း ထပ်ပြီး တွေးတောမိပြန်သည်။ သူနှင့် ယင်ကျင်းရှင်းတို့သာ တွေးမိလျှင် ဆရာလည်း သေချာပေါက် တွေးမိနေလိမ့်မည်သာ။

​လီချင်းချိုးက အကြိမ်တစ်သောင်း ဥပဒေသ ဝိညာဉ်မျက်လုံးကို အသုံးပြု၍ လူသားဧကရာဇ် ခေါင်းလောင်းကို ရှာဖွေရန် အလုပ်ရှုပ်နေသဖြင့် တပည့်နှစ်ဦး၏ စကားဝိုင်းကို ဂရုမစိုက်မိချေ။

​သူသည် ဝိညာဉ်မျက်လုံးကို အသုံးပြု၍ ရတနာများကို ရှာဖွေရန် အလွန် အဆင်ပြေကြောင်း တွေ့ရှိလိုက်ရသည်။

​ ရတနာများ ဝှက်ထားသော လိုဏ်ခေါင်းများ၊ နန်းတော်များစွာကို မြင်တွေ့ခဲ့ရပြီး ရတနာအချို့က မြေအောက် မြစ်အတွင်း၌ပင် ရှိနေသည်။

​ဤအရာများကိုကြိုမြင်၍ သူနှင့်အတူ ကြီးမားသော သိုလှောင်အိတ်ကြီး များစွာကိုပင် ယူဆောင်လာခဲ့သေးသည်။

​နောက်ထပ် အချိန်အနည်းငယ် ကြာပြီးနောက်….

​လီချင်းချိုး တောင်နံရံတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး တောင်နံရံကို လက်ဖြင့် တစ်ချက် ရိုက်ချလိုက်တော့ သတိမပေးဘဲ ရိုက်လိုက်ခြင်းကြောင့် ယွမ်လီ နှစ်ဦး လန့်သွားတော့သည်။ ဖုန်မှုန့်များမှာ သူတို့ သုံးဦး၏ ပုံရိပ်များကို ဖြတ်ကျော်သွားပြီး ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန်တွင် လီချင်းချိုးက …

"ဝင်သွားပြီး အတွင်းက အရာအားလုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်..." ဟု ညွှန်ကြားလိုက်သည်။

ထိုစကားကြောင့် ယွမ်လီ နှစ်ဦး အံ့ဩသွားပြီး ဂူပေါက်ဝအတွင်းသို့ လျှောက်သွားလိုက်ရာ မကြာမီ ယင်ကျင်းရှင်း၏ အံ့ဩသံများ ထွက်ပေါ်လာတော့သည်။

​လီချင်းချိုးကတော့ ရှေ့ကိုသာ လှည့်ကြည့်လိုက်သည်။ ဤနေရာမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော တောင်တန်းများ ဖြစ်ပြီး သူသည် တောင်ကြားလမ်းတစ်ခုတွင် ရပ်နေကာ လမ်းကြောင်းများက ကွေ့ကောက်နေပြီး အလင်းရောင် မှိန်ဖျော့နေသဖြင့် ငရဲနယ်မြေကဲ့သို့ ဖြစ်နေသည်။

​ထိုစဉ် မိမိ၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးလာနေသော လူအချို့ကို မြင်တွေ့လိုက်ရသည်။

​ကောင်းကင်နေမင်းနယ်ပယ် ကြီးမြတ်သည့် ကျင့်ကြံသူ တစ်ဦး!

​သူ့ကို အံ့ဩစေသည်မှာ သူ့ ရင်ခွင်ထဲတွင် ကောင်မလေး တစ်ယောက်ကို ပွေ့ဖက်ထားခြင်းပင် ဖြစ်သည်။

​သူ့အပြင် အခြားသူများတွေကလည်း ကလေးတွေ ခေါ်လာပြီး လေ့ကျင့်ဖို့ သတ္တိ ရှိကြသေးသလား?

​အချိန်အတော်ကြာပြီးနောက် ဝေ့ကျင်းက ဝေ့ရုံကို ပွေ့ဖက်၍ တောင်ထိပ်တစ်ခုပေါ်တွင် ပေါ်ထွက်လာပြီး အောက်ဘက်ကို ငေးကြည့်ကာ အကြည့်များက လီချင်းချိုးထံသို့ ရောက်ရှိသွားသည်။ လီချင်းချိုး မျက်နှာဖုံး တပ်ဆင်ထားသည်ကို မြင်သောအခါ အထင်သေးသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

​ဒီနေရာထိ ရောက်လာပြီးမှ မျက်နှာဖုံး တပ်ထားရဦးမှာလား?

​ "မင်းလူတွေကို ခေါ်ပြီး ထွက်သွားလိုက်ပါ...ဒီလှိုဏ်ဂူက ငါ့အတွက်ပဲ..."

​လီချင်းချိုးက တောင်နံရံ၏ ကန့်သတ်ချက်ကို ဖောက်ထွဲလိုက်ချိန်တွင် အတွင်းမှ ထွက်ပေါ်လာသော နံ့သာရနံ့ တစ်မျိုးကို သူ အာရုံခံမိခဲ့ပြီး လီချင်းချိုးက ဤနေရာရှိ သဘာဝ ရတနာအတွက် ရောက်လာခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

လီချင်းချိုးက ဝေကျင်းကို မော့ကြည့်၍…

"မင်း လက်ထဲမှာ ရှိတဲ့ ကလေးက မင်းနဲ့ ဘယ်လိုတော်စပ်တာလဲ..." ဟုသာ မေးလိုက်သည်။

​

All Chapters