← Chapters

ကံကြမ္မာ၏ စွမ်းအား

Vol. 14 Ch. 136

ကံကြမ္မာ၏ စွမ်းအား

Vol. 14 Ch. 136

နွေရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီ ရောက်ရှိလာပြန်ပြီ…..

နှစ်လကျော်ကြာ သတင်းများ ပျံ့နှံ့ပြီးနောက် လောကသားများ လုံးဝ သေချာသွားသော အချက်တစ်ချက် ရှိခဲ့သည်။

အဲဒါကတော့ ဧကရာဇ် တကယ် သေသွားပြီ ဆိုတာပါပဲ…

ပြည်နယ်အသီးသီးရှိ မြို့စားမင်းများကလည်း စစ်သားများ စုဆောင်းလာကြသည်။ နိုင်ငံအနှံ့ရှိ တော်ဝင်မိသားစုဝင်များနှင့် မျိုးကြီးဆွေကြီး မိသားစုများ ပေါ်ထွက်လာကြပြီး ပညာရှင်များစွာကလည်း ပြည်သူများကို စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လာကြသည်။ လောကကြီးတွင် တားဆီး၍ မရနိုင်သော ဖရိုဖရဲ အခြေအနေများ ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်း လူတိုင်း ခံစားမိကြသည်။

လီချင်းချိုး၏ စွမ်းဆောင်ရည်ကြောင့် ချင်းရှောင်ဂိုဏ်းသည်လည်း မကြုံစဖူး တိုးတက်မှု အဆင့်သို့ ရောက်ရှိလာသည်။ ဂိုဏ်းတံခါးဝတွင် လူများဖြင့် ပြည့်နှက်နေပြီး ကုန့်လင်ခန်းမ၏ တံခါးခုံသည်ပင် လူနင်းလွန်း၍ ပွန်းပဲ့လုနီးပါး ဖြစ်နေသည်။

လီချင်းချိုးကတော့ လူရှေ့သို့ ထွက်မလာတော့ဘဲ မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ တက်လှမ်းရန် အစွမ်းကုန် ကြိုးစားနေသည်။

ကျန်းယွီချွန်းသည်လည်း ယခုအခါတွင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အခွင့်အရေးကောင်း တစ်ခုဟု ယူဆကာ ပိုမို ခန့်ညားထည်ဝါစွာ နေထိုင်ပြုမူလာသည်။

ဤကာလအတွင်း ချင်းရှောင်ဘိုးဘေး၊ ဖုန်းသိုက်နှင့် မာယုတို့ ချင်းရှောင်ဂိုဏ်းသို့ ပြန်ရောက်လာကြသည်။

ချင်းရှောင်ဘိုးဘေးက ဂိုဏ်း၏ ကြီးမားသော ပြောင်းလဲမှုများကို တွေ့မြင်ရသဖြင့် အလွန် အံ့အားသင့်သွားပြီး မှားယွင်းသော နေရာသို့ ရောက်နေသလားဟုပင် သံသယ ဝင်ခဲ့မိသည်။

လီချင်းချိုးက ကျန်းယွီချွန်း၊ ဝူမန်အာ၊ လီစစ်ဖုန်းနှင့် လီစစ်ကျင်တို့ကို စုရုံးစေပြီး ချင်းရှောင်ဘိုးဘေးနှင့် မိတ်ဆက်ပေးကာ စကားပြောခိုင်းလိုက်သည်။

ထို့နောက် ဖုန်းသိုက်နှင့် မာယုတို့ကို သွားရောက် လက်ခံတွေ့ဆုံခဲ့သည်။ နှုတ်ဆက်စကား ပြောကြားပြီးနောက် ယွမ်ချီကို ခေါ်၍ သူတို့ တည်းခိုရန် စီစဉ်ပေးလိုက်သည်။

တစ်နေ့တွင်...

မြေအောက် ဝိညာဉ်ရေကန် အတွင်း၌…

ချူကျင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ လီချင်းချိုး ကျင့်ကြံနေသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်လေသည်။

"ဂိုဏ်းချုပ်က အခုတောင် တော်တော် စွမ်းနေပြီ... ကျုပ်ရော၊ ကျောက်ကျိရော၊ နတ်ဆရာကျန်းရော ဂိုဏ်းချုပ်ရဲ့ ဓားတစ်ချက်တည်းနဲ့တင် ရှုံးနိမ့်သွားကြတာ... ဘာလို့ ဒီလောက် ကြိုးစားပမ်းစား ကျင့်ကြံနေသေးတာလဲ..."

သူသည် သိုင်းပညာ မြင့်မားသော်လည်း အနားယူရန် လိုအပ်ခဲ့သည်။ သို့သော် လီချင်းချိုးနောက်သို့ လိုက်ပါလာပြီးနောက် လီချင်းချိုးက တပည့်များကို လမ်းညွှန်ခြင်း၊ စားသောက်ခြင်းနှင့် ဆွေးနွေးခြင်းမှလွဲ၍ ကျန်အချိန်များတွင် ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးကြောင်း တွေ့ရှိခဲ့ရသည်။

လီချင်းချိုး ဘာကြောင့် ဒီလောက် သန်မာသလဲ ဆိုတာကို သူ နားလည်လာသော်လည်း ဘာကြောင့် ဒီလောက် ကျင့်ကြံနေရသလဲ ဆိုတာကိုတော့ နားမလည်နိုင်ပေ။

လီချင်းချိုးက မျက်လုံးပင် မဖွင့်ဘဲ ပြန်ဖြေလိုက်လေသည်။

"ဘာလို့လဲဆိုတော့ ငါ သဘောကျလို့လေ..."

"သဘောကျတယ် ဟုတ်လား..."

"အင်း... ကိုယ့်ကိုယ်ကိုယ် ပိုပြီး သန်မာလာအောင် လုပ်ရတာ ကောင်းတယ်လို့ မင်း မထင်ဘူးလား... ပြီးတော့ ကျောက်ကျိလိုပဲ ငါလည်း မသေမျိုး ဖြစ်ချင်တယ်... ဒါပေမဲ့ ငါ လိုချင်တာက ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ စစ်မှန်တဲ့ မသေမျိုး ဖြစ်လာဖို့ပဲ..."

လီချင်းချိုး၏ အဖြေကြောင့် ချူကျင်း အတွေးနက်သွားသည်။

ထိုအချိန်တွင် မလှမ်းမကမ်းရှိ ဂူတစ်ခုထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဆရာ... ကျွန်တော် ဝင်လာလို့ ရမလား..."

ကျောက်ကျိန်း၏ အသံ ဖြစ်သဖြင့်

လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဝင်ခဲ့လေ..."

ထိုစကားကို ကြားသောအခါ ကျောက်ကျိန်း ဂူထဲမှ ချက်ချင်း ပြေးထွက်လာပြီး လီချင်းချိုးထံသို့ ဦးတည်လာသည်။

ချူကျင်း ကျောက်ကျိန်းကို ကြည့်လိုက်မိသည်။ သူ ချင်းရှောင်ဂိုဏ်းသို့ ယခင်က ရောက်ဖူးပြီး ကျောက်ကျိန်းနှင့် တွေ့ဖူးသည်။ ကျောက်ကျိန်းက သူ့ကိုပင် အံ့အားသင့်စေခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကျောက်လန်၏ သား၊ ကျောက်ကျိ၏ မြေးဖြစ်ကြောင်းလည်း သူ သိထားသည်။

"ဆရာ... ကျွန်တော် မဟာနေမင်းယန်စွမ်းအင်သိုင်းကို ပိုကောင်းအောင် ပြုပြင်နိုင်ခဲ့ပြီ..."

ကျောက်ကျိန်းက လီချင်းချိုးအနားသို့ ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူသည် မဟာနေမင်းယန်စွမ်းအင်သိုင်းကို ကျင့်စဉ်အဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ဟွမ်ယွမ်ကျမ်းစာနှင့် ယှဉ်လျှင် ကွာခြားမှု ရှိနေသေးသည်ကို ခံစားမိသဖြင့် ပိုမို ကောင်းမွန်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

လီချင်းချိုး စကားမပြောနိုင်ခင်မှာပင် ကျောက်ကျိန်းက အတွင်းအားကို စတင် လည်ပတ်လိုက်သည်။

သူက လက်နှစ်ဖက်ကို မြှောက်၍ စိတ်စွမ်းအား ကျင့်စဉ်အတိုင်း ဝှေ့ယမ်းလိုက်ရာ တစ်ခဏချင်းပင် မြေအောက် ဝိညာဉ်ရေကန် အတွင်းရှိ ဝိညာဉ်ချီများ အားလုံး သူ့ထံသို့ စီးဝင်လာပြီး ပတ်ဝန်းကျင် အပူချိန် လျင်မြန်စွာ မြင့်တက်လာသည်။

"မဟာနေမင်းယန်စွမ်းအင်သိုင်း ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ချူကျင်း၏ မျက်လုံးအိမ်များ ကျယ်သွားပြီး မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။

မဟာနေမင်းယန်စွမ်းအင်သိုင်းက ကျောက်မိသားစုမှ တိုက်ရိုက် ဆင်းသက်လာသော ကျင့်စဉ်ဖြစ်ကြောင်း သူ သိထားသည်။

ကျောက်ကျိလည်း တတ်မြောက်သော်လည်း နတ်ဆရာကျန်းက မိစ္ဆာကျင့်စဉ်ကို ပေးအပ်ပြီးကတည်းက ကျောက်ကျိက မဟာနေမင်းယန်စွမ်းအင်သိုင်းကို စွန့်လွှတ်ခဲ့သည်။

ချူကျင်း ကိုယ်တိုင်လည်း မဟာနေမင်းယန်စွမ်းအင်သိုင်းကို တိတ်တဆိတ် ကျင့်ကြံခဲ့ဖူးသဖြင့် မည်သို့ ရှိသည်ကို သိသည်။

အသက် ၉ နှစ်သာ ရှိသေးသော ဤကလေးငယ်က မဟာနေမင်းယန်စွမ်းအင်သိုင်းကို မည်သို့ ဤမျှအထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သနည်း။

ကံကြမ္မာ၏ စွမ်းအားကို သူ ရုတ်တရက် ခံစားလိုက်ရချေပြီ။

လီချင်းချိုး မရှိလျှင်တောင် ကျောက်ကျိန်း၏ ပါရမီဖြင့် သူရော ကျောက်ကျိပါ သေဆုံးရမည့် ကိန်းဆိုက်နေပေမည်။

သူ ကျောက်ကျိန်းကို လုပ်ကြံရန် လူမလွှတ်ခဲ့ခြင်းမှာ ကျောက်ကျိန်း၏ ဖခင် ကျောက်လန်ကို လေးစားသောကြောင့် ဖြစ်သည်။

အကယ်၍ ကျောက်လန်၏ မျိုးရိုးနာမည်သာ နန်ကုန်း ဖြစ်ခဲ့လျှင် သူ အိပ်ပျော်နေရင်းတောင် ရယ်မောမိမည် ဖြစ်သည်။

ကျောက်ကျိန်း စွမ်းအင် စုစည်းလိုက်သောအခါ သူ့ရဲ့ မူလချီများက အနောက်ဘက်တွင် မီးလုံးကြီး တစ်ခုအဖြစ် ပုံပေါ်လာပြီး တဖြည်းဖြည်း ကြီးထွားလာကာ မြေအောက် ဝိညာဉ်ရေကန် အတွင်းရှိ အပူချိန်ကို မြင့်တက်လာစေသည်။

လင်းချွမ်နှင့် နန်ကုန်းအာတို့ ကြောက်လန့်ပြီး နောက်ဆုတ်သွားကြသော်လည်း ချူကျင်းကမူ ကျောက်ကျိန်းကို တုန်လှုပ်စွာ ကြည့်နေမိသည်။

ဒီကျင့်စဉ်က သရဲတစ္ဆေတွေကိုတောင် ပူလောင်စေနိုင်တယ်လား…

ဒီကလေးက…

ထိုသို့တွေးမိရင်း ချူကျင်း၏ မျက်နှာထား ရှုပ်ထွေးသွားသည်။

မသေမျိုးလမ်းစဉ်ကို ကျင့်ကြံပြီးနောက် သူ့ရဲ့ ပါရမီက သိုင်းပညာ ကျင့်ကြံစဉ်ကထက် ပိုမို ကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရသည်။

သူသည် မသေမျိုး ဖြစ်လာရန် မွေးဖွားလာသူဟုပင် ဂုဏ်ယူခဲ့ဖူးသည်။

သို့သော် ယနေ့ ကျောက်ကျိန်း ကိုယ်တိုင် ဖန်တီးထားသော ကျင့်စဉ်ကို မြင်တွေ့လိုက်ရသောအခါ သူ့ရဲ့ ပါရမီနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့က ဘာမျှ မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

လီချင်းချိုးလည်း အံ့အားသင့်နေသည်။ ကျောက်ကျိန်းက မဟာနေမင်းယန်စွမ်းအင်သိုင်းကို ဤအဆင့်ထိ တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

မူလချီ ပိုမို အားကောင်းလာရုံသာမက ကောင်းကင်မြေကြီး ဝိညာဉ်ချီများကိုပါ စုပ်ယူပြီး မူလချီကို မြှင့်တင်နိုင်စွမ်း ရှိနေသည်။

အံ့မခန်းပါပဲ…

ကျောက်ကျိန်း ဖန်တီးထားသော မီးလုံးကြီး ပိုမို ကြီးထွားလာသည်ကို မြင်သောအခါ လီချင်းချိုး ချက်ချင်းပင်အမိန့်ပေးလိုက်ရသည်။

"ကဲ... ရပ်လိုက်တော့..."

ကျောက်ကျိန်း ချက်ချင်း ရပ်တန့်လိုက်ပြီး လီချင်းချိုးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"တော်လိုက်တာ ကျိန်းအာ... မင်းက ဆရာ တွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ ထိပ်ဆုံးပဲ... မင့်ရဲ့ လက်ရှိ မဟာနေမင်းယန်စွမ်းအင်သိုင်းက ချင်းရှောင်ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းမှာ ရေးထိုးဖို့ လုံလောက်သလို ဂိုဏ်းက မင့်အတွက် ကျောက်တိုင် စိုက်ထူပေးဖို့လည်း ထိုက်တန်တယ်... ကျမ်းစာဆောင်မှာ ထည့်သွင်းဖို့ သဘောတူလား... မင့်အတွက် ကျောက်တိုင် စိုက်ထူပေးတာကိုရော သဘောတူလား..."

လီချင်းချိုးက လေးနက်စွာ မေးလိုက်တော့

ကျောက်ကျိန်း ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။

"သဘောတူတာပေါ့ ဆရာ... ကျွန်တော် ဖန်တီးထားတဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာတွေ အကုန်လုံးကို ကျမ်းစာဆောင်မှာ ထည့်သွင်းနိုင်ပါတယ်... တကယ်တော့ ကျွန်တော့်ရဲ့ ဖန်တီးမှုတွေက ဆရာ့ဆီကနေ မြစ်ဖျားခံလာတာပါ... ဆရာက အရာအားလုံးရဲ့ အရင်းအမြစ်ပါပဲ..."

လီချင်းချိုး ပြုံးလိုက်မိသည်။ ဤကလေးငယ်က ရင့်ကျက်လွန်းလှသည်။

ကျောက်ကျိန်း ကျင့်စဉ်ကို ကြိုးစား ဖန်တီးရခြင်း အကြောင်းရင်းမှာ ကျောက်တိုင် စိုက်ထူခံချင်သောကြောင့် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းအတွင်း၌ အခြားတပည့် များစွာသည်လည်း မင်းကွမ်းကဲ့သို့ ဂိုဏ်းအတွက် အကျိုးပြုသူများ ဖြစ်လာရန် ဆန္ဒရှိကြသည်။

မင်းကွမ်းသည် ထိုကျောက်တိုင်ကြောင့် ဂိုဏ်းအတွင်းရှိ ပါရမီရှင်များထက်ပင် ပိုမို ထင်ရှားကျော်ကြားလျက် ရှိသည်။

ကျောက်ကျိန်းက လီချင်းချိုးအနားသို့ တိုးကပ်လာပြီး သူ့ရဲ့ အခြား စိတ်ကူးများကို ပြောပြရာ လီချင်းချိုးကလည်း အာရုံစိုက် နားထောင်နေသည်။

ချူကျင်းကတော့ ဘေးတွင် ထိုင်လျက် ထိုမြင်ကွင်းကို ကြည့်ရင်း ငေးငိုင်နေမိသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ ငယ်ရွယ်စဉ် အချိန်တုန်းက တာ့ဝေမင်းဆက်၏ ဧကရာဇ်ဝမ် ရှေ့မှောက်တွင် သိုင်းပညာ စွမ်းရည်များကို ထုတ်ပြခဲ့ဖူးသည်ကို သတိရသွားသည်။ ထိုအချိန်က ဧကရာဇ်ဝမ်သည်လည်း ယခု လီချင်းချိုး ကြည့်နေသကဲ့သို့ပင် သူ့ကို ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့် ကြည့်ခဲ့ဖူးသည်။

"ဒါနဲ့ ကျိန်းအာ... အနာဂတ်အတွက် မင်းမှာ ဘာအစီအစဉ် ရှိလဲ..."

"ဘာအစီအစဉ် ရှိရမှာလဲ... ကျင့်ကြံခြင်းကို ကြိုးစားလုပ်ဆောင်ပြီး ချင်းရှောင်ဂိုဏ်းအတွက် ကျင့်စဉ်တွေ၊ သိုင်းပညာတွေ အများကြီး ဖန်တီးပေးဖို့ပေါ့... ကျွန်တော့်ရဲ့ ကလဲ့စားကို ဆရာက ချေပေးပြီးပြီပဲ... တခြား ဘာအစီအစဉ် ရှိဦးမှာလဲ..."

"ဆရာ့ကို အပြစ်တင်မိလား..."

"ဘာလို့ အပြစ်တင်ရမှာလဲ... ဆရာသာ မရှိရင် ကျွန်တော်က အဘိုးကို ကိုယ်တိုင် သတ်ရမှာ... အဲဒီလိုသာ ဆိုရင် ကျွန်တော့် စိတ်အခြေအနေ ဘယ်လို ဖြစ်သွားမလဲ မသိဘူး... ဒါကြောင့် ဆရာ့ကို ကျေးဇူးပဲ တင်ပါတယ်... အပြစ်မတင်ပါဘူး..."

သူ တကယ် ထိုသို့ တွေးမိခြင်း ဖြစ်သည်။ သို့သော် သူ ပို၍ တောင့်တမိသည်မှာ ဆရာ့လို စစ်သည်ထောင်ချီကြားမှ တစ်ယောက်တည်း ထိုးဖောက်တိုက်ခိုက်နိုင်သော ပြိုင်ဘက်ကင်း သိုင်းပညာ စွမ်းရည်မျိုးပင် ဖြစ်သည်။

ကျောက်ကျိန်း၏ ကံကြမ္မာ အလွယ်တကူ ပြောင်းလဲသွားသည်ကို လီချင်းချိုး တွေးမိလိုက်သည်။ ကျောက်ကျိနှင့် လျှို့ဝှက်မြို့စားမင်း နှစ်ယောက်စလုံး သေဆုံးသွားပြီ ဖြစ်ရာ သူ နောက်ထပ် ကပ်ဘေးများနှင့် ကြုံတွေ့ရဦးမည်လော။

သေချာ ပြန်စဉ်းစားကြည့်လျှင် ကျောက်ကျိရော လျှို့ဝှက်မြို့စားမင်းပါ ကျောက်ကျိန်းကို တကယ်တမ်း ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။

လီချင်းချိုးက ကျောက်ကျိန်းအတွက် လုပ်ဆောင်ပေးခဲ့ခြင်း မဟုတ်ပေ။

အနာဂတ်တွင် ကျောက်ကျိန်း ပိုမို ကြီးမားသော ကပ်ဘေးများနှင့် ကြုံတွေ့ရမည်ကို သူ စိုးရိမ်မိသည်။

"လောကကြီးက ဖရိုဖရဲ ဖြစ်နေပြီ... တော်ဝင်မျိုးဆက် တစ်ယောက် အနေနဲ့ မင်း ဧကရာဇ် ဖြစ်ချင်လား..."

"မဖြစ်ချင်ပါဘူး... ကျွန်တော်က ဧကရာဇ် ဖြစ်ဖို့ မသင့်တော်ဘူး... သိုင်းပညာကိုပဲ လေ့လာချင်တယ်... အနာဂတ်မှာ ကျွန်တော့် မျိုးဆက်တွေနဲ့ တိုက်ခိုက်ရမှာမျိုး မလိုချင်ဘူး..."

ကျောက်ကျိန်း ဤမျှ ပွင့်လင်းမြင်သာ ရှိလိမ့်မည်ဟု လီချင်းချိုး ထင်မထားခဲ့ပေ။

လီချင်းချိုး ထိုအဖြေကို ကျေနပ်သွားသည်။ အမှန်တကယ်တော့ သူသည်လည်း ကျောက်ကျိန်းကို ချင်းရှောင်ဂိုဏ်းတွင် ဆက်ထားချင်သည်။ ကျောက်ကျိန်း၏ ပါရမီနှင့် ကံကြမ္မာအရ ဧကရာဇ် ဖြစ်သွားလျှင် နှမြောစရာ ကောင်းပေလိမ့်မည်။

"ဒီနေ့ မင်းကို နောက်ထပ် သိုင်းပညာ တစ်ခု သင်ပေးမယ်..."

လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်တော့

ကျောက်ကျိန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး မျှော်လင့်တကြီး ဖြစ်သွားသည်။

ချူကျင်း၏ ခံစားချက်များကတော့ ပိုမို ရှုပ်ထွေးလာသည်။

သူ အမြတ်တနိုး တန်ဖိုးထားသော ဧကရာဇ် အာဏာကို ကျောက်ကျိန်းက အလွယ်တကူ စွန့်လွှတ်လိုက်သည်။ လီချင်းချိုးသာ ထောက်ပံ့ပေးမည် ဆိုပါက ကျောက်ကျိန်း သေချာပေါက် ရာဇပလ္လင်ပေါ်သို့ ရောက်ရှိနိုင်မည်ဟု သူ ယုံကြည်သည်။

တာ့ဝေမင်းဆက်ကို ပြန်လည် တည်ထောင်နိုင်ခဲ့လျှင်တောင် ဘာအဓိပ္ပာယ် ရှိတော့မှာလဲဟု သူ တွေးတောမိလိုက်သည်။

သူ အလုပ်အကျွေး ပြုခဲ့သော ဧကရာဇ်ဝမ်ကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလေ…

…

ကုန့်လင်ခန်းမ၌…

ဒီနေ့ ကျန်းဖိန် တာဝန်ကျသော နေ့ဖြစ်သဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်လျက် အလုပ်ပြီးသွားသဖြင့် သက်ပြင်းချလိုက်သည်။

"ဒီလို အခြေအနေက ဘယ်လောက်ကြာဦးမှာလဲ မသိဘူး... တပည့်ရင်း ဖြစ်ခွင့် သတ်မှတ်ချက် မမြှင့်ခင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်ကို ရောက်ပါစေလို့ ဆုတောင်းပါတယ်..."

ကျန်းဖိန် စားပွဲပေါ်တွင် မှောက်လျက် ညည်းတွားလိုက်သည်။

ဂိုဏ်းချုပ် ဧကရာဇ်ကို သတ်ဖြတ်ပြီးကတည်းက ဂုဏ်သတင်း ကျော်ကြားလာပြီး ကုန့်လင်ခန်းမသည်လည်း ပိုမို အလုပ်ရှုပ်လာသည်။ ဤအချက်က ကျန်းဖိန်၏ ကျင့်ကြံချိန်ကို လျော့နည်းစေခဲ့သည်။

လစာတိုးလာသော်လည်း သူ မကျေနပ်နိုင်ပေ။

သူသည် ငွေကြေးထက် ကိုယ်ပိုင် စွမ်းအားကို ပိုတန်ဖိုးထားသည်။

ချင်းရှောင်ဂိုဏ်းတွင် သိုင်းပညာ မဟုတ်ဘဲ မသေမျိုး ပညာရပ်များကို သင်ကြားပေးသည်ဟု လူတွေ ပြောနေကြပြီး ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံနေသော သူကိုယ်တိုင်ကလည်း ထိုအချက်ကို အခိုင်အမာ ယုံကြည်သည်။

နတ်ဘုရားပညာရပ် ဖြစ်သည့်အတွက် သူသည် မသေမျိုး ဖြစ်ရန်နှင့် ဂိုဏ်းချုပ်ကဲ့သို့ စွမ်းအားကြီးလာရန် ကြိုးစားရမည်။

"ဟေ့ ကောင်လေး... ငါ့ကို ကူညီနိုင်မလား..."

ထိုစဉ် အသက်ကြီးကြီး အသံတစ်သံ အထဲမှ ထွက်ပေါ်လာသဖြင့် ကျန်းဖိန် မော့ကြည့်လိုက်ရာ မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုတစ်ဦး ခန်းမထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

"မကူညီနိုင်ပါဘူး... ကျွန်တော်က အလုပ်လုပ်ရုံပဲ လုပ်တာ... ဘာကိစ္စလဲ..."

ထိုကဲ့သို့သော လူမျိုးများကို သူ မကြာခဏ တွေ့ရလေ့ရှိသည်။ သူသည် ကုန့်လင်ခန်းမမှ သာမန်တပည့် တစ်ယောက်သာ ဖြစ်သော်လည်း အာဏာရှိသူများနှင့် အခြားတပည့်များက သူ့ကို စည်းရုံးရန် ကြိုးစားလေ့ ရှိကြသည်။

မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုက ချင်းရှောင်ဘိုးဘေး ဖြစ်သည်။

ချင်းရှောင်ဘိုးဘေးက စားပွဲအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်က…..

"ငါ လူသုံးယောက်ကို ချင်းရှောင်ဂိုဏ်း ဝင်ဖို့ ထောက်ခံပေးချင်လို့..."

"ဂိုဏ်းဝင်ချင်ရင် တံခါးကနေ ထွက်ပြီး ဘယ်ဘက်ကို ချိုးလိုက်ပါ... ဘေးက ခြံဝင်းက တပည့်သစ် စုဆောင်းရေး စစ်ဆေးတဲ့ နေရာပါ..."

ကျန်းဖိန်က မျက်နှာထား မပြောင်းလဲဘဲ ပြန်ဖြေလိုက်တော့

ချင်းရှောင်ဘိုးဘေးက ချောင်းဟန့်လိုက်ပြီး ….

"ငါ့ရဲ့ ဘွဲ့နာမည်က ချင်းရှောင်ဘိုးဘေး ပါ... ချင်းရှောင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးပါ... မျက်နှာသာ ပေးလို့ ရမလား..."

ထိုစကားကိုကြားသောအခါ ကျန်းဖိန်က သူ့ကို အံ့သြစွာ ကြည့်လိုက်ပြီး မေးစေ့ကို မော့ကာ မာန်တက်သော အမူအရာဖြင့် ပြောလိုက်သည်။

"တည်ထောင်သူ ဘိုးဘေးဆိုတာ တစ်ခါမှ မကြားဖူးဘူး... ရှိခဲ့ရင်တောင် အရင်က ချင်းရှောင်ဂိုဏ်းနဲ့ အခု ချင်းရှောင်ဂိုဏ်းက မတူတော့ဘူး... ကျွန်တော်ကတော့ ဂိုဏ်းချုပ်ကိုပဲ တည်ထောင်သူ ဘိုးဘေးအဖြစ် အသိအမှတ်ပြုထားတယ်... တခြားလူကို ထည့်ချင်ရင် တခြားလူကို သွားပြောပါ... ကျွန်တော် တာဝန်မယူနိုင်ပါဘူး..."

ဂိုဏ်းချုပ်နှင့် ခန်းမသခင်များတွင် လင်းရွှန်းဖုန်း ဆိုသော ဆရာတစ်ယောက် ရှိခဲ့ဖူးသည်ဟု သူ ကြားဖူးသည်။ ထို လင်းရွှန်းဖုန်းက ငယ်ရွယ်သော ဂိုဏ်းချုပ် ၇ ယောက်ကို ပစ်ထားခဲ့ပြီး မသေမျိုး လမ်းစဉ်ကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။ ရလဒ်အနေဖြင့် ချင်းရှောင်ဂိုဏ်းက ဂိုဏ်းချုပ် ၇ ယောက်၏ ကြိုးပမ်းမှုကြောင့် နှစ်အနည်းငယ်အတွင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လင်းရွှန်းဖုန်း ပြန်လာပြီး ချင်းရှောင်ဂိုဏ်းတွင် မှော်ပညာရပ်များ ရှိနေသည်ကို သိသွားလျှင် ဘယ်လို တွေးမလဲ…

ထိုအချက်ကို တွေးမိပြီးနောက် ချင်းရှောင်ဂိုဏ်းတွင် ဆက်နေမည့် ကျန်းဖိန်၏ ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာသည်။

ချင်းရှောင်ဘိုးဘေးက ကျန်းဖိန်၏ စကားကို ဂရုမစိုက်ဘဲ ကိုယ်ကို ကိုင်းညွှတ်၍ တိုးတိုးလေး ပြောလိုက်လေသည်။

"ဒီသုံးယောက်က သာမန်လူတွေ မဟုတ်ဘူး... ထူးခြားတဲ့ နောက်ခံရှိတဲ့ ရှားပါး ပါရမီရှင်တွေ... ချင်းရှောင်ဂိုဏ်းအတွက် သေချာပေါက် အကျိုးရှိစေမယ့်သူတွေ..."

"ဒါဆို ခင်ဗျား ဘာလို့ ခန်းမသခင်ကို သွားမပြောတာလဲ..."

"ကျန်းယွီချွန်းက စကားပြောရ ခက်တယ်ကွ... ငါ့ကို အထင်လွဲမှာ စိုးလို့..."

"ဒါဆို ဂိုဏ်းချုပ်ကို သွားပြောလေ..."

"အဲဒီ ကောင်စုတ်လေး အကြောင်း မပြောပါနဲ့... ငါ ပြန်ရောက်ကတည်းက သူ့ကို တစ်ခါပဲ တွေ့ရသေးတယ်... အခုဆို လင်းရှောင်ခြံဝင်းထဲတောင် ဝင်လို့ မရတော့ဘူး..."

ကျန်းဖိန်က လီချင်းချိုးအကြောင်း ပြောလိုက်သည်နှင့် ချင်းရှောင်ဘိုးဘေး ချက်ချင်း ဒေါသထွက်လာသည်။

ထိုအခါ ကျန်းဖိန်က ပခုံးတွန့်လိုက်ပြီး

"စီနီယာကြီး... ကျွန်တော် မတတ်နိုင်ပါဘူး... အများဆုံး လုပ်ပေးနိုင်တာက ခန်းမသခင်ဆီ သတင်းပို့ပေးရုံပဲ လုပ်ပေးနိုင်ပါမယ်….."

All Chapters