မကြုံစဖူး ကပ်ဘေး….
Vol. 18 Ch. 171
ဆောင်းရာသီတွင်
ထိုက်ခွန်းတောင်တန်းကို ဖြတ်သန်းစီးဆင်းသော ရှီးမြစ်သည်ပင် ရေခဲပြင် အဖြစ်သို့ အသွင်းပြောင်းနေချေပြီ ….
ချင်းရှောင်ဂိုဏ်းမှ လူငယ်တပည့် တစ်သိုက်က ရေခဲပြင်ပေါ်တွင် ဝပ်မှောက်လျက် ရေခဲပြင်ကို ဖောက်ထားသော အပေါက်များမှတဆင့် အောက်ဘက်ရှိ ရေစီးကြောင်းကို စူးစိုက်ကြည့်နေကြသည်။
မလှမ်းမကမ်းရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ချင်းရှောင်ဂိုဏ်းသား အမျိုးသားတစ်ယောက် ဓားသိုင်း လေ့ကျင့်နေ၏။ သူသည်ကား "ချင်းရှောင်သားတော်ခုနှစ်ပါး" အဖွဲ့ဝင် လျူကျဲပင် ဖြစ်သည်။
ဤလူငယ်တပည့်လေးများသည် တောင်အောက်ရှိ ရွာမှ လာကြသူများ ဖြစ်ပြီး အားလုံးက "ချင်းရှောင်သားတော်ခုနှစ်ပါး" နှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြသည်။
ယနေ့တွင် လျူကျဲက ဤတပည့်လေးများကို အပန်းဖြေရန် အထူးတလည် ခေါ်ဆောင်လာခြင်း ဖြစ်သည်။
သူတို့ ငါးဖမ်းနိုင်လျှင် ဤတပည့်လေးများအတွက် အကျိုးပြုမှတ် ရရှိမည် ဖြစ်သည်။
နှင်းများ ကျဆင်းနေစဉ် လျူကျဲ၏ ဓားကစားကွက်များက သွက်လက်နေပြီး ဓားချက်တိုင်း ချောမွေ့ကာ ကိုယ်ပိုင် ညှို့ဓာတ်များ ပါဝင်နေသည်။
ချင်းရှောင်သားတော်ခုနှစ်ပါးတွင် သူသည် ထူးချွန်ပြောင်မြောက်သူ မဟုတ်ခဲ့ပေ။ ယနေ့ခေတ် ဂိုဏ်းအတွင်း၌လည်း ဂုဏ်သတင်းကြီးမားသူ မဟုတ်ချေ။ သို့သော် သူ ဘယ်သောအခါမျှ မညည်းညူခဲ့ဘဲ သက်တောင့်သက်သာ ရှိသော ဘဝကိုပင် နှစ်သက်နေမိသည်။
သူ့တွင် ဟွမ်ရှန်း သို့မဟုတ် ယွီလင်းတို့လို ထူးချွန်သော စွမ်းရည်နှင့် ဇွဲလုံ့လ မရှိပေ။ သူသည် တည်ငြိမ်သော ဘဝကို ပိုနှစ်သက်ပြီး အတွေ့အကြုံ ရှာဖွေရန် တောင်အောက် ဆင်းရသည်ကိုပင် မနှစ်သက်ပေ။ထို့ကြောင့် ပုံမှန်အားဖြင့် ရွာထဲတွင်သာ အချိန်ကုန်ဆုံးလေ့ ရှိသည်။
"ချင်းရှောင်သားတော်ခုနှစ်ပါး" ဟူသော ဂုဏ်ပုဒ်သည်လည်း နောက်မှ ပေါ်လာသူများနှင့် အစားထိုးခြင်း ခံလိုက်ရပြီ ဖြစ်သည်။
လူငယ်တပည့်များက ဇာတ်လမ်းသစ်များကိုသာ နားထောင်လိုကြသည်။ လျူကျဲက အခြားသော သာမန် ဂိုဏ်းသားများကဲ့သို့ပင် ဂိုဏ်းထဲတွင် လျှောက်သွားနေလေ့ ရှိသော်လည်း သူ့ကို အားကျနေဆဲ ဖြစ်သော ရွာမှ ကလေးများမှ လွဲ၍ မည်သူမျှ သူ့ကို "ချင်းရှောင်သားတော်ခုနှစ်ပါး" အဖွဲ့ဝင်မှန်း အသိအမှတ် မပြုကြတော့ပေ။
ဓားသိုင်းကစားနေသော လျူကျဲက အဝေးမှ နှင်းမြူများကြားမှ လူတစ်ယောက် သူ့ဘက်သို့ လျှောက်လာသည်ကို ရုတ်တရက် သတိထားလိုက်မိသည်။
မူလက သူ ဂရုမစိုက်သော်လည်း ထိုလူ နီးကပ်လာလေ သူ စိတ်မသန့်လေ ဖြစ်လာသည်။
တစ်ဖက်လူက တစ်ယောက်တည်း ဖြစ်ပြီး ခန္ဓာကိုယ် တည်ဆောက်ပုံအရ ကြည့်လျှင် လူကြီးတစ်ယောက် မဟုတ်နိုင်ပေ။
ဒီလို ရာသီဥတုမျိုးမှာ သာမန် ကလေးတစ်ယောက်က ဘယ်လိုလုပ် တစ်ယောက်တည်း တောင်ပေါ်တက်လာမှာလဲ…
လျူကျဲ ချက်ချင်း ဓားကို ဓားအိမ်ပြန်သွင်းလိုက်ပြီး
"ကဲ... အားလုံး တောင်ပေါ် ပြန်တက်ကြ..." ဟု အော်ပြောလိုက်သော်လည်း
ကလေးများက သူ့ကို လျစ်လျူရှုကာ ရေခဲပြင်ပေါ်တွင် ဝပ်လျက် ငါးဖမ်းနေကြဆဲပင်…
"တော်ကြတော့..."
လျူကျဲ မူလချီစွမ်းအင်ကို ထုတ်ဖော်၍ ဟိန်းဟောက်လိုက်ရာ ကလေးများ လန့်ဖျပ်သွားပြီး တုန်ရီစွာဖြင့် သူ့ကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။
လျူကျဲက အဝေးမှ ပုံရိပ်ကို စူးစိုက်ကြည့်ရင်း အသံနက်ကြီးဖြင့်…
"ချက်ချင်း တောင်ပေါ်တက်... ချင်းရှောင်တောင်ပေါ်ကို ပြေးကြ... မြန်မြန်လုပ်..."
ကလေးများလည်း သူ ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ လူတစ်ယောက် လာနေသည်ကို တွေ့သဖြင့် ချက်ချင်း တောင်ပေါ်သို့ ပြေးတက်သွားကြသည်။သူတို့ဆီလာနေသူက အန္တရာယ် ရှိမရှိ မသေချာသော်လည်း သူတို့ လျူကျဲကို ယုံကြည်သည်။ လျူကျဲက သူတို့ကို ဒုက္ခပေးမည် မဟုတ်ပေ။
ကလေးများ လျူကျဲကို ကျော်ဖြတ် ပြေးသွားစဉ် ကောင်လေးတစ်ယောက်က လှည့်ကြည့်ပြီး…. "အစ်ကိုဝမ်းကွဲ... အကူအညီ လှမ်းခေါ်လိုက်ရမလား..." ဟု မေးလိုက်သည်။
လျူကျဲ ခဏ တွန့်ဆုတ်သွားပြီးနောက် "လှမ်းအော်လိုက်..." ဟု ပြောလိုက်သည်။
သူ မှားယွင်း ခန့်မှန်းမိလျှင် အလွန်ဆုံး စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် တိုင်ကြားခံရရုံသာ ရှိမည်။ သို့သော် သူ ကြီးမားသော အမှားတစ်ခုကို မကျူးလွန်လိုပေ။
ဖရိုဖရဲ ခေတ်ကာလတွင် ကျန်းကျောက်ရှား၏ မိသားစုပင် အသတ်ခံခဲ့ရဖူးသဖြင့် သူ သတိထားရမည် ဖြစ်သည်။
သူ့အဖြေကို ကြားသောအခါ ကလေးများ ပို၍ စိုးရိမ်သွားကြပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ နှင်းမြူများကြားတွင် ပျောက်ကွယ်သွားကြသည်။
လျူကျဲ ရှေ့ကို စိုက်ကြည့်နေရင်း မကြာမီ ဆံပင်ဖြူလူငယ် တစ်ယောက် သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ထိုလူက ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်လာပြီး သူ့တစ်ကိုယ်လုံး သွေးများ ပေကျံနေသည်ကို လျူကျဲ သတိထားမိလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ သူ သက်ပြင်းချလိုက်မိသည်။ သူ မှားယွင်း သတင်းမပို့မိကြောင်း သေချာသွားပြီ ဖြစ်သည်။
ထို့နောက် သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤဆံပင်ဖြူလူငယ်ကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်တည်း။
တစ်ဖက်လူက ငယ်ရွယ်သော်လည်း ဆံပင်ဖြူများ ပေါက်နေခြင်းက တကယ်ကို ထူးဆန်းနေသည်။
တစ်ဖက်လူက အန္တရာယ် ရှိနိုင်ကြောင်း သူ့ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။
ထိုအခိုက်အတန့်တွင် "ချင်းရှောင်သားတော်ခုနှစ်ပါး "၏ အစ်ကိုကြီး ဟွမ်ရှန်းက သူ့ကို ဆူပူခဲ့ဖူးသည်ကို လျူကျဲ ပြန်လည် သတိရလိုက်မိသည်။
"ရှောင်ကျဲ... လူတစ်ယောက်မှာ တိုက်ခိုက်လိုစိတ်ရှိရမယ်... တစ်နေ့လုံး ပျင်းရိလေးတွဲ့ မနေနဲ့... မဟုတ်ရင် တစ်နေ့ကျ နောင်တရလိမ့်မယ်..."
ထိုစဉ် ဆံပင်ဖြူလူငယ်က စတင် ပြေးလွှားပြီး သူ့ထံသို့ တိုးဝင်လာသည်ကို မြင်သောအခါ လျူကျဲ ဓားကို ချက်ချင်း ဆွဲထုတ်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဒီနေ့တော့ ငါ နောင်တရမှာ မဟုတ်ဘူး ထင်တာပဲ..."
လျူကျဲ တိတ်တဆိတ် တွေးလိုက်မိပြီး နဖူးပေါ်တွင် ချွေးစများ ထွက်ပေါ်လာသည်။ သူ့ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသော်လည်း သူ လှည့်မပြေးခဲ့ပေ။
သူသည် ချင်းရှောင်ဂိုဏ်း ပြန်လည် တည်ထောင်ပြီးနောက် ပထမဆုံး ဝင်ရောက်လာသော တပည့်များထဲမှ တစ်ဦး ဖြစ်သည်။ လျူကျဲ ဆိုသော လူတစ်ယောက် အနေဖြင့် နောက်ဆုတ်ကောင်း နောက်ဆုတ်နိုင်သော်လည်း "ချင်းရှောင်သားတော်ခုနှစ်ပါး" အဖွဲ့ဝင် တစ်ယောက် အနေဖြင့် သူ နောက်မဆုတ်နိုင်ပေ။
ယခုအချိန်တွင် သူ့ဓားကိုသာ ယုံကြည်ရမည် ဖြစ်သည်။
"ရပ်လိုက်... ဘယ်သူက ချင်းရှောင်ဂိုဏ်း နယ်မြေကို ကျူးကျော်ရဲတာလဲ..."
လျူကျဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အရေးကြီးသော အချိန်တွင် သူ အသိစိတ် လွတ်မသွားဘဲ အစွမ်းကုန် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
အနီးနားရှိ မြေပြင်က ညီညာ ပြန့်ပြူးနေသဖြင့် နှင်းပြိုမည်ကို သူ မကြောက်ပေ။ တစ်ယောက်ယောက်သာ ကြားသွားလျှင် သူ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သည်။
အကောင်းဆုံးကတော့ တစ်ဖက်လူကို သူ ကိုယ်တိုင် ဖမ်းဆီးနိုင်လျှင် ပိုကောင်းမည် ဖြစ်သည်။
သို့သော် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက သူ့ဂိုဏ်းတူ ညီအစ်ကိုများကို မည်သည့်အခါမျှ မနိုင်ခဲ့ဖူးသဖြင့် လက်တွေ့ တိုက်ခိုက်ရာတွင် ယုံကြည်မှု မရှိပေ။
ရန်သူ နီးကပ်လာသည်နှင့်အမျှ လျူကျဲ စိတ်ကို တည်ငြိမ်အောင် ထား၍ သူ သင်ယူထားသော ဓားသိုင်းများကို ပြန်လည် သတိရလိုက်သည်။
ဆံပင်ဖြူလူငယ်က နှင်းပြင်ပေါ်တွင် လှည့်လည်သွားလာနေသော တစ္ဆေတစ်ကောင်ကဲ့သို့ ပို၍ ပို၍ မြန်ဆန်လာသည်။ သူတို့နှစ်ယောက် ၇ လှမ်းအကွာသို့ ရောက်သောအခါ လျူကျဲ ဓားကို ဝှေ့ယမ်း၍ ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်တွင် သူ ၁၀ နှစ်တာ သင်ယူထားသမျှ ပညာရပ်များ ပါဝင်နေသည်။
ဘုန်း…
သွေးများ ပန်းထွက်လာပြီး လျူကျဲလည်း ကျာယီလို ခေါင်းဖြတ်ခံလိုက်ရကာ ခေါင်းပြတ်ကြီး လေထဲသို့ လွင့်စဉ်သွားသည်။
လျူကျဲကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် ဆံပင်ဖြူလူငယ်က အရှိန်မလျှော့ဘဲ ထွက်ပြေးနေသော ကလေးအုပ်စုထံသို့ ပြေးဝင်သွားပြီး သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် လောဘတကြီး အပြုံးများ ပေါ်လာသည်။
"လတ်ဆတ်တဲ့ အသွေးအသားတွေ..."
ဆံပင်ဖြူလူငယ်က သားရဲတစ်ကောင်လို ဟိန်းဟောက်လိုက်ပြီး
သူ့အမြန်နှုန်းက အလွန် မြန်ဆန်လှသဖြင့် လျူကျဲ ကာကွယ်ပေးထားသော ကလေးအုပ်စုကို မကြာမီ လှမ်းမြင်လိုက်ရသည်။
ကလေးများ လှည့်ကြည့်လိုက်ရာ ကြောက်လန့်တကြား အော်ဟစ် ငိုယိုကြလေသည်။
ရွှီး…
ထိုစဉ် လေကို ခွင်းသော အသံတစ်သံ ကောင်းကင်မှ ထွက်ပေါ်လာသဖြင့် ဆံပင်ဖြူလူငယ် လန့်ဖျပ်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ ဓားချီစွမ်းအင်များ ဝန်းရံထားသော ဓားရှည်တစ်လက် သူ့ဘေးမှ ဖြတ်သန်းသွားသည်။
သူ သေချာ ကြည့်လိုက်ရာ ရွှယ်ကျင်း ဦးဆောင်သော ချင်းရှောင်ဂိုဏ်းသားများ ဓားပျံစီး၍ လာနေကြသည်ကို တွေ့လိုက်ရသည်။
ယနေ့တွင် ရွှယ်ကျင်းက ဂိုဏ်းခွဲ တည်နေရာ ရွေးချယ်ရန်အတွက် အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များကို ဦးဆောင်၍ အခြား တောင်ထွတ်များကို လိုက်လံ စစ်ဆေးနေခြင်း ဖြစ်သည်။ သူသည် လျူကျဲ၏ အသံကို အဝေးမှ ကြားလိုက်ရသဖြင့် လူများကို ခေါ်ဆောင်၍ ချက်ချင်း ရောက်လာရာ ဤမြင်ကွင်းကို တွေ့လိုက်ရခြင်း ဖြစ်သည်။
ဆံပင်ဖြူလူငယ်က ချက်ချင်း လှည့်၍ ရွှယ်ကျင်းနှင့် အဖွဲ့ထံသို့ ခုန်အုပ်လိုက်သည်။
ရွှယ်ကျင်း အမြန်ဆုံး ပျံသန်းလာပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ စောစောက ပစ်လွှတ်လိုက်သော ဓားရှည်က ဆံပင်ဖြူလူငယ်၏ နောက်မှ တိုက်ခိုက်လိုက်သည်။
ဤတစ်ကြိမ်တွင် ဆံပင်ဖြူလူငယ်က ခေါင်းကို စောင်းရုံမျှဖြင့် တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်ပြီး ဓားလက်ကိုင်ရိုး သူ့နားရွက်ဘေးမှ ဖြတ်သွားသည်နှင့် လက်ကို မြှောက်၍ ဖမ်းဆုပ်လိုက်သည်။
ထိုအခါ ရွှယ်ကျင်းသည် ဓားနှင့် သူ့အကြား အဆက်အသွယ် ပြတ်တောက်သွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သူ ထပ်မံ မစဉ်းစားရသေးခင်မှာပင် ဆံပင်ဖြူလူငယ်က သူ့ထံသို့ တည့်တည့် တိုးဝင်လာသည်။
ရွှယ်ကျင်း လေထဲသို့ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဂါထာ ရွတ်ဆိုကာ သူ စီးနင်းလာသော ဓားရှည်ဖြင့် ဆံပင်ဖြူလူငယ်ကို တိုက်ခိုက်လိုက်ပြန်သည်။
ချွင်…
ဆံပင်ဖြူလူငယ်၏ လက်ဖဝါးက ဓားတစ်လက်ကဲ့သို့ မာကျောနေပြီး ဓားရှည်ကို ရိုက်ထုတ်လိုက်ကာ ရွှယ်ကျင်း၏ ဘေးသို့ ခုန်ဝင်လိုက်သည်။
ဆံပင်ဖြူလူငယ်သည် ရွှယ်ကျင်း၏ ဓားရှည်ကို ကိုင်ဆောင်၍ ရွှယ်ကျင်းကို ခုတ်ပိုင်းလိုက်တော့ ရွှယ်ကျင်းက ဘေးသို့ ရှောင်တိမ်းလိုက်သော်လည်း ဓားချက်ကို ရှောင်တိမ်းလိုက်သည်နှင့် တပြိုင်နက် ဆံပင်ဖြူလူငယ်က သူ့ဗိုက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ သွေးတစ်လုပ် အန်လိုက်ရပြီး ခန္ဓာကိုယ်သည်လည်း ပို၍ မြန်ဆန်သော အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားသည်။
ရွှယ်ကျင်း တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ရှီးလျန့်ခန်းမမှ အခြား တပည့်များ တုန်လှုပ်သွားကြသည်။
သို့သော် သူတို့ မကြောက်ရသေးခင်မှာပင် ဆံပင်ဖြူလူငယ်က သူတို့ကို ဆက်လက် တိုက်ခိုက်လိုက်ပြန်သည်။
ရွှယ်ကျင်းပင် ဆံပင်ဖြူလူငယ်ကို မတားဆီးနိုင်လျှင် အခြား တပည့်များမှာ ပြောစရာပင် မလိုတော့ချေ။
အော်ဟစ်သံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာပြီး သွေးမိုးများ ရွာကျလာကာ နှင်းပြင်ပေါ်တွင် သွေးပန်းများ ပွင့်လန်းလာသည်။
ရွှယ်ကျင်း နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ့ကလီစာများ ပြောင်းပြန်လှန်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ ရှီးလျန့်ခန်းမမှ တပည့်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် သူ့မျက်လုံးအိမ်များ ကျယ်သွားသည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှု၍ သူ ယိုင်နဲ့နဲ့ ထရပ်ကာ ဆံပင်ဖြူလူငယ်ထံသို့ ပြေးဝင်သွားသည်။
သူ ခြေလှမ်းလှမ်းလိုက်တိုင်း တပည့်တစ်ယောက် သွေးပျက်ဖွယ်ရာ သေဆုံးနေ၏….
ဘုန်း…
နောက်ဆုံး ကျန်ရစ်သော တပည့်၏ လည်ပင်းကို ဆံပင်ဖြူလူငယ်က ချိုးပစ်လိုက်ပြီး နှင်းပြင်ပေါ်သို့ ပစ်ချလိုက်သောအခါ ရှီးလျန့်ခန်းမမှ တပည့် ၁၅ ယောက်စလုံး သေဆုံးသွားပြီ ဖြစ်သည်။
ဆံပင်ဖြူလူငယ်က သူ့လက်မှ သွေးများကို လျှာဖြင့် လျက်လိုက်ပြီး ရွှယ်ကျင်းကို လှည့်ကြည့်ကာ… "မင်း မသေသေးဘူးလား..." ဟု အံ့သြစွာ မေးလိုက်သည်။
"နှမြောစရာပဲ... ဒီခန္ဓာကိုယ်က မူလခန္ဓာကိုယ် မဟုတ်လို့... မဟုတ်ရင် မင်းရဲ့ ကျင့်ကြံမှုတွေနဲ့ အသွေးအသားတွေကို ငါ စုပ်ယူလိုက်မှာ..."
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ရွှယ်ကျင်း ကမ္ဘာတစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရသည်။ သူ လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသော်လည်း သူ့ဂိုဏ်းတူ ညီအစ်ကိုများ ဤမျှ အများအပြား သူ့မျက်စိရှေ့တွင် သေဆုံးသွားသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ မကြုံစဖူးသော အားကိုးရာမဲ့မှု ခံစားချက်က သူ့ရင်ထဲသို့ ဝင်ရောက်လာသည်။
ဆံပင်ဖြူလူငယ်က သူ့ဘက်သို့ လျှောက်လာသောအခါ
ရွှယ်ကျင်း လက်ကို မြှောက်လိုက်ရာ လမ်းတစ်လျှောက်ရှိ ကျိုးပဲ့နေသော ဓားများ သူ့လက်ထဲသို့ ရောက်လာသည်။ သူ့မျက်နှာပေါ်တွင် သွေးများ ဖုံးလွှမ်းနေသော်လည်း ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ဂိုဏ်းတူ ညီအစ်ကိုတွေအတွက် လက်စားချေရမယ်…
ရွှီး…
ထိုစဉ် စူးရှသော အသံတစ်သံ ထွက်ပေါ်လာပြီး ဆံပင်ဖြူလူငယ် လှည့်ကြည့်လိုက်ရာ လျှပ်စီးတန်း တစ်ခုက နှင်းမြူများကို ခွဲဖြတ်၍ သူတို့ထံသို့ တိုးဝင်လာသည်ကို တွေ့လိုက်ရပြီး လျှပ်စီးတန်း၏ နောက်ကွယ်မှ ပုံရိပ်တစ်ခု သူတို့ထံသို့ ပြေးဝင်လာနေသည်။
ရွှီနင်းး….
ရွှီနင်းး၏ ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ ဝန်းရံနေပြီး သူမ၏ ငွေရောင် ဆံထုံးသရဖူကပင် လျှပ်စီးများကို ပြန်လည် ရောင်ပြန်ဟပ်နေသည်။ သူမ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားလာပြီး ဓားဖြင့် ထိုးစိုက်လိုက်တော့
ဆံပင်ဖြူလူငယ်ကလည်း နှင်းပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ချက်ချင်းပင် နှင်းပြင်အောက်မှ နွယ်ပင်များ မြွေအုပ်ကဲ့သို့ ထိုးထွက်လာပြီး ရွှီနင်းးထံသို့ တိုးဝင်သွားသဖြင့် သူမ ရှောင်တိမ်းလိုက်ရသည်။
ရွှီနင်း ရောက်လာသည်ကို မြင်သောအခါ ရွှယ်ကျင်း စိတ်သက်သာရာ ရသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျကာ သူ့ချီစွမ်းအင်များ လုံးဝ ကုန်ခမ်းသွားတော့သည်။
သစ်သားနွယ်ပင်များကို ရှောင်တိမ်းပြီး ဆံပင်ဖြူလူငယ်ထံသို့ ရွှီနင်းး တိုးဝင်သွားစဉ် သူမ၏ ဓားသိုင်းကွက်များက မုန်တိုင်းကဲ့သို့ ပြင်းထန်သော်လည်း တစ်ဖက်လူ၏ လက်များက ဓားထက်ပင် ပို၍ မာကျောနေပြီး သူမ၏ ဓားချက်များကို အလွယ်တကူ ကာကွယ်နေသည်။
ရွှီနင်း၏ လှုပ်ရှားမှုများက အလွန် လျင်မြန်လှသဖြင့် ဆံပင်ဖြူလူငယ် အတော်လေး အံ့သြသွားသည်။
"လောကီကမ္ဘာမှာ ဒီအဆင့်ထိ ကျင့်ကြံနိုင်တဲ့လူ ရှိနေတာပဲ... ချီမိသားစုက ချင်းရှောင်ဂိုဏ်းကို မနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး..." ဟု သူ့စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
သူ မထိတ်လန့်သည့်အပြင် ပို၍ စိတ်လှုပ်ရှားလာသည်။
ဘုန်း…
သူက ရွှီနင်း၏ ဓားသွားကို ကန်ထုတ်လိုက်ရာ ကြီးမားသော အားအဟုန်ကြောင့် ရွှီနင်း နောက်သို့ လွင့်ထွက်သွားပြီး တိုက်စစ်ကို ဆက်မထိန်းနိုင်တော့ပေ။ထိုအခါ
ချက်ချင်းပင် ဆံပင်ဖြူလူငယ်က ရွှီနင်းထံသို့ တည့်တည့် တိုးဝင်လာသည်။
ရွှီနင်း ဟန်ချက်ညီအောင် မနည်း ထိန်းလိုက်ရသောကြောင့် သူမ၏ လက်များ နာကျင်နေပြီး သွေးများ စီးကျလာသော်လည်း သူမ၏ အကြည့်က ဆံပင်ဖြူလူငယ်အပေါ်တွင်သာ ရှိနေသည်။
ဤတစ်ကြိမ်တွင် သူမ ပြဿနာကြီး တက်နေပြီ ဖြစ်ကြောင်း၊ ချင်းရှောင်ဂိုဏ်းသည် မကြုံစဖူး ကပ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း သူမ သဘောပေါက်လိုက်သည်။
ကျင့်ကြံခြင်း လမ်းစဉ်သို့ ရောက်ရှိပြီးကတည်းက သူမ သေဆုံးနိုင်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်သည်။ လက်တွေ့တွင် သူတို့ ထိပ်တိုက်တွေ့သည်မှာ ပထမဆုံးအကြိမ်သာ ရှိသေးသည်။
အန္တရာယ်ကို ခံစားနေရသော်လည်း သူမ မကြောက်ပေ။
ဒါ သူမ ကြိုးစား ကျင့်ကြံခဲ့တဲ့ အခိုက်အတန့် မဟုတ်ဘူးလား…
သူမ လက်ထဲမှ ဓားကို အောက်ဘက်ရှိ နှင်းပြင်ထဲသို့ အားကုန် ထိုးစိုက်လိုက်ရာ သူမ၏ ခန္ဓာကိုယ် ဆွဲထိန်းခံလိုက်ရပြီး ကပ်သီလေး ရပ်တန့်သွားသည်။ ထို့နောက် နောက်သို့ လှန်ချလိုက်ပြီး ဆံပင်ဖြူလူငယ်၏ ပျံဝဲကန်ချက်ကို ရှောင်တိမ်းလိုက်သည်။
သူတို့နှစ်ယောက် ဖြတ်ကျော်သွားစဉ် ဆံပင်ဖြူလူငယ်၏ ဆံပင်ဖြူများကြားမှ သစ်သားနွယ်ပင် တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူမ လန့်ဖျပ်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်သော်လည်း သူမ၏ ခါးကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်လာသည်။
ထိုအခါ ရွှီနင်းက အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်သည့်အနေဖြင့် ဘယ်ဘက်လက်ဖြင့် သစ်သားနွယ်ပင်ကို ဖြတ်တောက်လိုက်ပြီး "ကောင်းကင်လျှပ်စီး ခြေလှမ်း" ဖြင့် လျှပ်စီးတန်းတစ်ခုအလား လျင်မြန်စွာ ရွေ့လျားကာ ဆံပင်ဖြူလူငယ်နှင့် အကွာအဝေး တစ်ခု ယူလိုက်သည်။
သူမ ၁၀ ပေခန့် အကွာတွင် ရပ်တန့်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် မြေကြီးကို ထောက်ထားလိုက်ပြီး ငုံ့ကြည့်လိုက်တော့ ညာဘက်ခါးတွင် သစ်သားနွယ်ပင် တစ်စ စိုက်ဝင်နေပြီး သွေးများ အထိန်းအကွပ်မဲ့ စီးကျနေသည်ကို တွေ့လိုက်ရသည်။
ဆံပင်ဖြူလူငယ်က သူမကို လှည့်ကြည့်ပြီး "မင်းရဲ့ တုံ့ပြန်နှုန်းက တော်တော် မြန်တာပဲ... မင်းလို ပါရမီရှင်မျိုးကို အရင်က မတွေ့ဖူးဘူး..." ဟု အံ့သြစွာ ပြောလိုက်သည်။
ရွှီနင်းက ချက်ချင်း ထရပ်လိုက်ပြီး မျက်မှောင်ပင် မကြုတ်ဘဲ ခါးမှ သစ်သားနွယ်ပင်ကို ဆွဲထုတ်လိုက်သည်။
ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံးဟု သူ ထင်မှတ်ထားသော ရွှီနင်းပင် ဒဏ်ရာရသွားသည်ကို မြင်သောအခါ ရွှယ်ကျင်း စိတ်ပျက်အားငယ်သွားသည်။
လေပြင်းနှင့် နှင်းများကြားတွင် ရွှီနင်း၏ ဝတ်ရုံများ ပြင်းထန်စွာ လွင့်ပျံနေသည်။
သူမ ကြည့်နေစဉ်မှာပင် ဆံပင်ဖြူလူငယ်၏ ဆံပင်များ ရှည်ထွက်လာပြီး သူ့ကျောဘက်မှ သစ်သားနွယ်ပင်များ ထွက်ပေါ်လာကာ အမြီးတန်း ရှည်ကြီးများအလား ယိမ်းနွဲ့နေကြသည်။