ဂုဏ်သတင်းကျော်ကြားခြင်းရဲ့ အကျိုးကျေးဇူးများ
Vol. 4 Ch. 37
ကျန်းကျောက်ရှား ဒဏ်ရာရပြီး ပြန်လာသော်လည်း ချင်းရှောင်းဂိုဏ်းမှ တပည့်များကို ကြောက်လန့်သွားစေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လီစီဖုန်းက ကျန်းကျောက်ရှား၏ တိုက်ပွဲ အောင်မြင်မှုများကို ကွက်ကွက်ကွင်းကွင်း ပြန်လည် ပြောပြသဖြင့် မကြာမီတွင် လူတိုင်း သိရှိသွားကြသောကြောင့် ဖြစ်သည်။
ခုနစ်စဉ်တောင်ထိပ်မဟာမိတ်အဖွဲ့ ခေါင်းဆောင် ငါးယောက်ကို ငါးကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်။
ကျန်ရွှမ်တန်ကျန်ရန်ကို ခုနစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်။
ချန်ဒင်ဘုရားကျောင်းက ဘုန်းကြီးကို ၂၃ ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်။
တရားဥပဒေ စောင့်ရှောက်ရေး အကြီးအကဲ ကျန်းထဲ့ယွဲ့ဖုန်း ကို ၂၅ ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်။
ကမ္ဘာ့နံပါတ်တစ် သိုင်းပညာရှင် ယွီကျစ်ယီ နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အကွက်ပေါင်း ၂၀၀ ကျော်မှ ကပ်ပြီး ရှုံးနိမ့်ခဲ့တယ်။
ချင်းရှောင်းဂိုဏ်း တပည့်များအားလုံး ကျန်းကျောက်ရှား၏ မရေမတွက်နိုင်သော နိုင်ပွဲများကြောင့် စိတ်လှုပ်ရှားခဲ့ကြပြီး ဂိုဏ်းအတွင်း၌ ကျန်းကျောက်ရှား၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ရွှီနင်းမှလွဲ၍ တပည့်အားလုံး သူ့ကို လေးစားအားကျကြသည်။
လီစီဖုန်းမှာ ပို၍ပင် အရှက်မရှိဘဲ ကျန်းကျောက်ရှားကို ကမ္ဘာ့ဒုတိယ အကောင်းဆုံး သိုင်းပညာရှင်အဖြစ် ကြေညာလိုက်လေသည်။
"ကမ္ဘာလောကကြီးက အန္တရာယ်များတဲ့ နေရာတဲ့… ဒါက အနှစ်သာရ မရှိတဲ့ စကားသက်သက် မဟုတ်ပါဘူး၊ စာကို ကြိုးစားသင်ယူပြီး နန်းတွင်း စာမေးပွဲ အောင်ရင်တောင်မှ ကောက်ကျစ်စဉ်းလဲတဲ့ လူတွေနဲ့ တွေ့ကြုံရဦးမှာပဲ"
ဝင်းအသစ် အတွင်း၌ ….
ကျန်းယွီက ဝါးယပ်တောင်ကို ကိုင်လျက် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
တပည့်အယောက် ၃၀ ခန့် ဝင်းထဲတွင် ထိုင်လျက် ကျန်းယွီ၏ ဟောပြောပို့ချမှုကို နားထောင်နေကြသည်။ ဤသည်မှာ လီချင်းချိုး၏ အမိန့်ကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ကျန်းယွီ တစ်ယောက်တည်းဖြင့် ဤမျှ လူအများကြီးကို စုစည်းနိုင်မည် မဟုတ်ပေ။ လီစီဖုန်းကိုပင် လီချင်းချိုးက ဤနေရာ၌ ထိုင်နားထောင်ခိုင်းထားသည်။
ချင်းရှောင်းဂိုဏ်းက လောကီရေးရာများနှင့် ကင်းဝေးပြီး ငြိမ်းချမ်းကာ အေးဆေးတည်ငြိမ်သော လေထု ရှိသည်။ လောလောဆယ်တွင် အာဏာပြိုင်ဆိုင်မှု မရှိသဖြင့် တပည့်များမှာ အလွန် ရိုးရှင်းသော စိတ်ထား ရှိကြသည်။ လီချင်းချိုးက သူတို့ကို အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှုအချို့ ပေးရန် လိုအပ်သည်ဟု ခံစားမိသည်။
"သေဆုံးသွားတဲ့ အမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်၊ အကြီးအကဲလီ က အရမ်းငယ်ရွယ်သေးတော့ အရာများစွာကို သတိမထားမိခဲ့ဘူး၊ ဒီနေ့ ကျွန်တော်တို့ အဲဒီအမှုကို ပြန်လည် သုံးသပ်ကြည့်ကြမယ်။"
"ပထမအချက်၊ သူက သာမန် တည်းခိုခန်းပိုင်ရှင် တစ်ယောက် အနေနဲ့ လူမှားပြီး အဆိပ်မခတ်မိဘူး ဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ၊ သိုင်းပညာရှင် နှစ်ယောက်ရှေ့မှာ ပထမဆုံးအကြိမ် အဆိပ်ခတ်ရင် သူ သေချာပေါက် ကြောက်လန့်နေမှာပဲ၊ ဒါပေမဲ့ သူက ဘာသဲလွန်စမှ မချန်ခဲ့ဘူး။"
"ဒုတိယအချက်၊ အကြီးအကဲကျန်း မှာ နက်ရှိုင်းတဲ့ အတွင်းအား ရှိပြီး ထူးခြားတဲ့ အကြားအာရုံ ရှိတယ်၊ နံရံခြားနေရင်တောင် တခြားသူတွေ တိုးတိုးပြောတာကို ကြားနိုင်ပေမဲ့ ဒီအမျိုးသမီးက ကြိုတင်ပြီး ဘာစကားမှ မပြောခဲ့ဘူး။"
"တတိယအချက်၊ သူ တောင်ပေါ် ရောက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်၊ သူ့ရည်ရွယ်ချက်က ဘာလဲ၊ သူ တကယ် သေချင်ရင် ဘာလို့ တောင်အောက်မှာ မသေခဲ့တာလဲ၊ ဘာလို့ ငါတို့ရှေ့မှာမှ လာသေရတာလဲ၊ ငါတို့ သူ့ကို ကယ်တင်မယ်ဆိုတာ သူ သေချာပေါက် သိနေလို့များလား။"
ကျန်းယွီက မေးခွန်းများ ဆက်တိုက် မေးလိုက်ရာ အစပိုင်းတွင် စိတ်မရှည် ဖြစ်နေသော လီစီဖုန်းသည်ပင် နားထောင်ပြီးနောက် နက်နက်နဲနဲ တွေးတောမိသွားသည်။
သူ ပိုစဉ်းစားလေလေ၊ အဝါရောင်ဝတ်အမျိုးသမီးနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလေလေ ဖြစ်သည်။
ထို့နောက် ကျန်းယွီက သူ ကြားဖူးသော သိုင်းလောက ဇာတ်လမ်းများကို ပြန်လည် ပြောပြလေသည်။
သိုင်းပညာရှင် အများအပြားသည် လုပ်ကြံသတ်ဖြတ်မှုများ သို့မဟုတ် လူယုတ်မာများ၏ လက်ချက်ကြောင့် သေဆုံးကြရပြီး အစွမ်းထက်သော ပြိုင်ဘက်များနှင့် တိုက်ခိုက်ရင်း သေဆုံးရသူမှာ အလွန် ရှားပါးသည်။
သိုင်းပညာ အလွန် ထူးချွန်နေခြင်းက တစ်ခါတစ်ရံတွင် အားနည်းချက် တစ်ခု ဖြစ်သွားနိုင်သည်။
တပည့်များက ပို့ချချက်များကို အာရုံစိုက် နားထောင်ကြပြီး ကမ္ဘာ့ဒုတိယ အသန်မာဆုံး သိုင်းပညာရှင် ဖြစ်သော ကျန်းကျောက်ရှားပင်လျှင် သေလုနီးပါး ဖြစ်ခဲ့ရသည့် အချက်ကို တွေးမိကာ များစွာ တုန်လှုပ်သွားကြသည်။
လီချင်းချိုးသည်လည်း ခေတ္တမျှ နားထောင်ပြီးနောက် ကျန်းယွီက ကိုယ်ပိုင်အမြင်များ ရောထွေး ပြောဆိုခြင်း မရှိကြောင်းနှင့် သူပြောသည့် အရာများမှာ အမှန်တကယ် ကောင်းမွန်ကြောင်း အတည်ပြုနိုင်ပြီးမှ ထွက်ခွာသွားလေသည်။
သိုင်းပညာပြိုင်ပွဲတွင် ကျန်းကျောက်ရှား နာမည်ကြီးလာခြင်း၏ အကျိုးကျေးဇူးများမှာ လီချင်းချိုး မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ကျန်းကျောက်ရှားတို့ပြန်ရောက်ပြီး တစ်လအကြာတွင် ကျန်းယွီချွန်း လူသစ်စုဆောင်းရန် တောင်အောက်သို့ ဆင်းသွားရာ ပထမဆုံးအကြိမ်အဖြစ် တစ်ခေါက်တည်းနှင့် ၁၆ ယောက်တိတိ စုဆောင်းနိုင်ခဲ့သည်။ ဤတပည့်အားလုံးသည် ကျန်းကျောက်ရှား၏ ဂုဏ်သတင်းကြောင့် ရောက်လာကြခြင်း ဖြစ်သည်။
ထိုအထဲတွင် ကျင့်ကြံခြင်း ပါရမီ ကောင်းမွန်သော သူတစ်ယောက် ပါလာသဖြင့် လီချင်းချိုး တိတ်တဆိတ် မှတ်သားထားပြီး အထူးအာရုံစိုက် စောင့်ကြည့်နေလိုက်သည်။
ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို လက်ဆင့်ကမ်း သင်ကြားခြင်းသည် စံနှုန်း နှစ်ခုအပေါ် အခြေခံသည် -
ပါရမီနှင့် အကျိုးပြုမှု။
လီချင်းချိုးသည် ကြိုးစားအားထုတ်မှုကသာ ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဟု ခိုင်မာစွာ ယုံကြည်သဖြင့် ပါရမီညံ့သော တပည့်များကိုလည်း အခွင့်အရေး ပေးမည် ဖြစ်သည်။
ဆောင်းဦးရာသီ ရောက်လာသောအခါ အခြားသော သိုင်းဂိုဏ်းများက လာရောက် လည်ပတ်ကြပြီး မိတ်ဖွဲ့လိုရင်း သက်သက်သာ ဖြစ်သည်။ ခြိမ်းခြောက်မှု သို့မဟုတ် အကျိုးစီးပွား ဖလှယ်မှုများ မရှိပေ။ လီချင်းချိုးက သူတို့ကို လက်ခံတွေ့ဆုံပြီး အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ဤဂိုဏ်းမှာ ကြိုးကြာဖြူဂိုဏ်းဟု ခေါ်သည်။ ၎င်းမှာ ကုကျိုးရှိ ဒုတိယတန်းစား ဂိုဏ်းတစ်ခု ဖြစ်သည်။ ၎င်း၏ ဂိုဏ်းချုပ်သည်လည်း သိုင်းပညာပြိုင်ပွဲသို့ တက်ရောက်ခဲ့ပြီး ကျန်းကျောက်ရှားနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ထိုသူက တပည့်ငါးဦးကို ခေါ်ဆောင်၍ လာရောက်လည်ပတ်ကာ ချင်းရှောင်းဂိုဏ်းတွင် နှစ်ရက်ကြာ တည်းခိုပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။ လီချင်းချိုး၊ ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့က ထိုသူများကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ပို့ဆောင်ပေးခဲ့ကြသည်။
"ဂိုဏ်းချုပ်လီ၊ အနာဂတ်မှာ ကျုပ်ရဲ့ ကြိုးကြာဖြူဂိုဏ်းကို လာလည်ဖို့ မမေ့ပါနဲ့၊ ကျုပ် သေချာပေါက် ကောင်းကောင်း ဧည့်ခံပါ့မယ်။" ကြိုးကြာဖြူဂိုဏ်းချုပ်မှာ အသက် ၅၀ နီးပါး ရှိပြီ ဖြစ်သည်။ သူက ကြင်နာစွာ ပြုံးပြပြီး လီချင်းချိုး၏ လက်ကို ဆုပ်ကိုင်လျက် ခေတ္တမျှ စကားပြောပြီးမှ လက်လွှတ်လိုက်သည်။
တစ်ဖက်လူ၏ စိတ်အားထက်သန်စွာ ဖိတ်ကြားမှုကို ရင်ဆိုင်ရသဖြင့် လီချင်းချိုးက ချက်ချင်း သဘောတူလိုက်သော်လည်း တကယ် သွားမသွား ဆိုသည်မှာ အခြားကိစ္စ တစ်ခုသာ ဖြစ်သည်။
ကြိုးကြာဖြူဂိုဏ်းသား ခြောက်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း လီချင်းချိုး သက်ပြင်းချလိုက်သည်။ "တတိယဂျူနီယာညီလေး၊ ဒီတိုက်ပွဲမှာ မင်း တကယ်ကို နာမည်ရသွားပါပြီ။"
သတင်းအချက်အလက် စီးဆင်းမှု မလွယ်ကူသော ဤကမ္ဘာတွင် ဂုဏ်သတင်း ပျံ့နှံ့မှုသည် စိတ်ကူးယဉ်ဆန်ပြီး နှစ်ပေါင်းများစွာ စုဆောင်းရန် လိုအပ်သည်ဟု လီချင်းချိုး အမြဲ ခံစားခဲ့ရသည်။
သို့သော် သိုင်းပညာပြိုင်ပွဲ တက်ရောက်ပြီးနောက် ကျန်းကျောက်ရှား၏ ဂုဏ်သတင်း ဤမျှ လျင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ကျန်းကျောက်ရှားက ခံစားချက်မပါသော မျက်နှာထားဖြင့်
"မပြောပါနဲ့တော့ဗျာ၊ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်ရောက်လာခဲ့ရတာပဲ၊ ကျွန်တော့်အမြင် ပြောရရင် သိုင်းပညာပြိုင်ပွဲ ခရီးစဉ်က ကျရှုံးမှု တစ်ခုပါပဲ။"
ထိုကိစ္စကို ပြောလိုက်သည်နှင့် သူ့ လက်သီးများမှာ အင်္ကျီလက်စွပ်ထဲတွင် တင်းတင်းဆုပ်ထားမိလျက်သား ဖြစ်သွားသည်။ ကောင်းကင်ဓားဂိုဏ်း၏ လှည့်စားခြင်း ခံလိုက်ရသည်မှာ ကြီးမားသော အရှက်ရမှု တစ်ခုဟု သူ အမှန်တကယ် ခံစားနေရသည်။
လီချင်းချိုးက သူ့ပခုံးကို ပုတ်၍ ရယ်မောလိုက်ကာ
"လျှောက်မတွေးပါနဲ့၊ ကမ္ဘာလောကကြီးက အန္တရာယ်များတယ်၊ ကြိုတင်ပြီး ဘယ်လောက်ပဲ တွေးထားပါစေ ကိုယ်တွေ့ အတွေ့အကြုံကနေတစ်ဆင့် သင်ခန်းစာ ယူရမှာပဲ။"
ဝါရင့် သိုင်းသမားကြီး နဂါးသတ်သူရဲကောင်း ယန်ကျွယ်တိန်တောင် အဆိပ်ခတ် ခံခဲ့ရသေးတာပဲ။
အဆိပ်ခတ်ခြင်းဆိုသည်မှာ သိုင်းလောကသားများအတွက် ကာကွယ်ရန် ခက်ခဲသော အရာဖြစ်ပြီး အမြဲတမ်း ကြုံတွေ့နေရမည့် အရာလည်း ဖြစ်သည်။
ကျန်းယွီချွန်းက ရယ်မော၍ "ဟုတ်တာပေါ့၊ ကုကျိုးသိုင်းလောက တစ်ခုလုံးမှာ ကောင်းကင်ဓားဂိုဏ်းရဲ့ ဝိုင်းရံပိတ်ဆို့မှုနဲ့ လုပ်ကြံမှုတွေကနေ လွတ်မြောက်နိုင်တဲ့သူ ဘယ်နှယောက် ရှိလို့လဲ။"
သူတို့နှစ်ဦး၏ နှစ်သိမ့်ပေးမှုကြောင့် ကျန်းကျောက်ရှား စိတ်သက်သာရာ ရသွားသော်လည်း ဤကိစ္စ မပြီးသေးကြောင်း တိတ်တဆိတ် တွေးတောနေမိသည်။
သူ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်သည်နှင့် လက်စားချေမည် ဖြစ်သည်။
တတိယအဆင့်နဲ့တင် ကောင်းကင်ဓားဂိုဏ်းချုပ် လုဖူဟု ကို အနိုင်ယူနိုင်ခဲ့တာ၊ စတုတ္ထအဆင့် ရောက်ရင် ကောင်းကင်ဓားဂိုဏ်းထဲကို အတင်း ဝင်စီးပြီး လုဖူဟုကို ခုနစ်စဉ်တောင်ထိပ်မဟာမိတ်အဖွဲ့က လုထိုက်သုလိုမျိုး နောက်ဆက်တွဲ လိုက်ပါသွားအောင် လုပ်ပစ်နိုင်တယ်လို့ သူ ခံစားနေရသည်။
ညီအစ်ကို သုံးယောက် မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် လူခွဲလိုက်ကြသည်။ ကျန်းကျောက်ရှားက ကျင့်ကြံရန် ထွက်ခွာသွားပြီး လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့က အနာဂတ်တွင် ချင်းရှောင်းဂိုဏ်း ဝင်ငွေရအောင် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးကြသည်။
ပထမဦးစွာ လူများကို ချင်းရှောင်းဂိုဏ်းသို့ လမ်းညွှန်ရန် တောင်ခြေတွင် ကျောက်တိုင်တစ်ခု စိုက်ထူရမည်။
ဖြစ်နိုင်လျှင် ရိုးရှင်းသော တောင်ပေါ်လမ်း တစ်ခု ဖောက်လုပ်သင့်သည်။
သာမန်လူများအတွက် တောင်ပေါ်ရှိ ချင်းရှောင်းဂိုဏ်းကို ရှာတွေ့ရန် မလွယ်ကူပေ။ တောင်ခြေ ရွာများမှ လယ်သမားများနှင့် မုဆိုးများပင်လျှင် လမ်းပျောက်သွားနိုင်သည်။
လီတုန်းယွဲ့ပ ချင်းရှောင်းဂိုဏ်းအတွက် အကျိုးပြုလိုသဖြင့် လူထုကြားတွင် ခက်ခဲနက်နဲသော ရောဂါမျိုးစုံကို သူမ ကုသနိုင်ကြောင်း သတင်းဖြန့်ပေးရန် ကျန်းယွီချွန်းအား တောင်းဆိုခဲ့သည်။
အခြား တပည့်တစ်စုက အမဲလိုက်ပြီး ရရှိလာသော သားကောင်များကို ရောင်းချရန် ပြင်ဆင်နေကြသည်။
တပည့်များ၏ အကျိုးပြုမှုများကို မှတ်တမ်းတင်ထားရမည်ဟု လီချင်းချိုး ခံစားမိပြီး အနာဂတ်တွင် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်အပင်များဖြင့် သူတို့ကို ပြန်လည် ပေးဆပ်မည် ဖြစ်သည်။
...
ဆောင်းဦးရာသီ ရောင်စုံပန်းများ ဝေဆာနေပြီး အောက်တိုဘာလ ကုန်ဆုံးတော့မည် ဖြစ်သည်။
ရွှီနင်း ဦးဆောင်၍ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ချင်းရှောင်းဂိုဏ်းတွင် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိသော ဒုတိယမြောက် လူသား ဖြစ်လာခဲ့သည်။
မြေအောက် စိတ်ဝိညာဉ်ရေအိုင် အတွင်း၌ သူမ အဆင့်တက်လှမ်းမှုကို လီချင်းချိုး ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် ဤဝိညာဉ်အရင်းမြစ်က မည်မျှ အစွမ်းထက်ကြောင်း သူ သိသည်။
ထို့အပြင် ရွှီနင်း၏ ကျင့်ကြံခြင်း ပါရမီမှာ ထူးချွန်လွန်းသဖြင့် ချင်းရှောင်းဂိုဏ်းတွင် ပါရမီအရှိဆုံး တပည့် ဖြစ်နေသည်။ ထို့ပြင် သူမက တောင်အောက်သို့ ဆင်းခဲပြီး အချိန်တိုင်းကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးသဖြင့် ကျန်းကျောက်ရှားကို ကျော်တက်သွားခြင်း ဖြစ်သည်။
သူမ ဘာကြောင့် ဒီလောက် မြန်မြန် ကျင့်ကြံနိုင်လဲဆိုတာ လီချင်းချိုး နားလည်နိုင်ပေမဲ့ အံ့သြနေမိတုန်းပဲ။
သူမက ၁၁ နှစ်ပဲ ရှိသေးတာလေ။
၁၁ နှစ်အရွယ် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်။
လီစီကျင်၊ လီတုန်းယွဲ့နှင့် ယန်ကျွယ်တိန်တို့သည် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်တွင်သာ ရှိနေသေးရာ သူတို့၏ ကျင့်ကြံခြင်း ပါရမီ ကွာခြားချက် ကြီးမားပုံကို ပြသနေသည်။
သူမ၏ ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ပြီးနောက် ရွှီနင်း ထရပ်လိုက်ပြီး လီချင်းချိုး၏ ဘေးသို့ အမြန်သွားကာ အရိုအသေပြုလျက်
"ဆရာ…တပည့် စတုတ္ထအဆင့်ကို ရောက်သွားပြီ။"
သူမ အလွန် တည်ငြိမ်နေသော်လည်း သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားကြောင်း လီချင်းချိုး အာရုံခံမိသည်။
လီချင်းချိုးက သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူပြီး အနားသို့ ဆွဲခေါ်ကာ အာမေဋိတ် သံဖြင့် …
"နင်းအာ၊ မင်း တကယ် တော်တယ်၊ ဒီအတိုင်း ဆက်သွားရင် မကြာခင် ဆရာ့ကို ကျော်တက်သွားတော့မှာ။"
သူက ပါးစပ်ကသာ ပြောနေခြင်း ဖြစ်သည်။ သူ ကိုယ်တိုင်က မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။
ရွှီနင်းက "ဆရာက အတော်ဆုံးပါ၊ တပည့်က ဘယ်လိုလုပ် ဆရာ့ကို ကျော်တက်နိုင်မှာလဲ။"
"မင်း ထင်ပေါ်မနေအောင်လို့ မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားပြီး တခြားသူတွေနဲ့ မယှဉ်ပြိုင်ဖို့ ငါ ပြောထားတာလေ၊ မင်း အဲဒါကို မကျေနပ်ဘူးလား။"
ရွှီနင်းက ခေါင်းခါပြီး " ဘယ်လိုလုပ် မကျေနပ်ရမှာလဲ၊ ဆရာက တပည့်ကို ကာကွယ်ပေးနေတာပဲဟာ၊ ဂိုဏ်းတူဦးလေးကျန်းက အပေါ်ယံမှာတော့ ချင်းရှောင်းဂိုဏ်းရဲ့ အသန်မာဆုံး လူသား ဖြစ်လာပေမဲ့ သူ ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့တယ်၊ ပြီးတော့ ချင်းရှောင်းဂိုဏ်းအတွက် လျှို့ဝှက်လက်နက် တစ်ခုလည်း လိုအပ်တယ်လေ၊ ဒီတပည့်က ဆရာနဲ့ လက်တွဲပြီး ချင်းရှောင်းဂိုဏ်းကို ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။"
တပည့်အများအပြားက ရွှီနင်းကို ပါရမီရှင် ဖြစ်ကြောင်း သိကြသော်လည်း လီချင်းချိုး တစ်ယောက်တည်းသာ ရွှီနင်း၏ ကျင့်ကြံမှု အတိမ်အနက် အစစ်အမှန်ကို သိရှိသည်။
လီစီဖုန်း၊ ယန်ကျွယ်တိန်နှင့် အခြားသူများပင်လျှင် ရွှီနင်းက ခန့်မှန်းရခက်ကြောင်း ခံစားမိကြပြီး သူမ၏ ကျင့်ကြံမှု အဆင့်ကို မဆုံးဖြတ်နိုင်ကြပေ။
ယခုမှစ၍ ရွှီနင်းကို ခန့်မှန်းရခက်သည်ဟု ထင်မြင်မည့်သူ နောက်တစ်ယောက် တိုးလာတော့မည်၊ ထိုသူမှာ ကျန်းကျောက်ရှား ဖြစ်သည်။
သို့သော် ကျန်းကျောက်ရှားလည်း မကြာမီ စတုတ္ထအဆင့်သို့ ရောက်တော့မည် ဖြစ်ကြောင်း လီချင်းချိုး အာရုံခံမိသည်။ ထိုဂျူနီယာညီလေးသည် လက်စားချေလိုစိတ်ဖြင့် ပူလောင်နေပြီး ထိန်းချုပ်၍ မရလုနီးပါး ဖြစ်နေပြီ။
ရွှီနင်းကို ကြည့်လေ လီချင်းချိုး ပိုသဘောကျလေ ဖြစ်သည်။ ကောင်မလေးက ငယ်ရွယ်သော်လည်း လိမ္မာပြီး အသိဉာဏ် ရှိသည်။ သူမ၏ ကျင့်ကြံမှု အဆင့်ကြောင့် မောက်မာခြင်း မရှိပေ။ သူမ၏ ပြိုင်ဆိုင်လိုစိတ်က ကိုယ့်ကိုယ်ကိုယ်သာ ဦးတည်ပြီး အပြင်သို့ ထုတ်မပြချေ။
ထို့အပြင် သူ ရွှီနင်းကို မေးမြန်းကြည့်ရာ ရွှီနင်းက ထင်ရှားကျော်ကြားသော မိသားစုမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ ငယ်ရွယ်စဉ်က ဆုံးပါးသွားသော ဖခင်မှာ မုဆိုးတစ်ယောက်သာ ဖြစ်ကြောင်း ပြောပြသည်။ လက်စားချေရန် စောင့်ဆိုင်းနေသော ကြီးမားသည့် ရန်ငြိုးမျိုး သူမတွင် မရှိပေ။
ချင်းရှောင်းဂိုဏ်း တစ်ခုလုံးကို ကြည့်လိုက်လျှင် ရွှီနင်း တစ်ယောက်တည်းသာ ကျင့်ကြံသူ တစ်ယောက်နှင့် အတူဆုံး ဖြစ်ပြီး သူ့အနားတွင် အကြာဆုံး နေနိုင်မည့်သူဟု ခံစားမိသည်။
ထို့နောက် လီချင်းချိုးက သူမကို ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ ပဉ္စမအဆင့် (ယန်ယွမ်နယ်ပယ်) ကျင့်စဉ်ကို သင်ကြားပေးလိုက်သည်။
ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာက နက်နဲပြီး ကျယ်ပြန့်သည်။ နယ်ပယ်အသေး တစ်ခုချင်းစီတိုင်းတွင် ချီစွမ်းအင် စုပ်ယူနည်း မတူညီကြပေ။ သူက ဤပညာရပ်ကို တစ်ဆင့်ပြီး တစ်ဆင့်သာ လက်ဆင့်ကမ်း သင်ကြားပေးမည် ဖြစ်သည်။ ကျန်းကျောက်ရှားပင်လျှင် အဆင့်တစ်ခု တက်ရောက်တိုင်း နောက်တစ်ဆင့်အတွက် စိတ်စွမ်းအင် ကျင့်စဉ်ကို သူ့ထံတွင် လာရောက် တောင်းခံရသည်။
သူတို့ ညနေစောင်းသည်အထိ ဆက်လက် ကျင့်ကြံကြပြီးမှ မြေအောက် စိတ်ဝိညာဉ်ရေအိုင်ထဲမှ ထွက်လာကြသည်။ လမ်းတစ်လျှောက်ရှိ တပည့်များ မတွေ့မိစေဘဲ ချင်းရှောင်းဂိုဏ်း တံခါးဝသို့ ဘယ်သူ အရင်ရောက်မလဲ ပြိုင်ကြရန် သဘောတူလိုက်ကြသည်။
ပြိုင်ပွဲ ပြိုင်ရမည်ဟု ကြားလိုက်ရသည်နှင့် ကိုယ်ဖော့ပညာ သက်သက်သာ ဖြစ်လင့်ကစား ရွှီနင်း အလွန် စိတ်ဓာတ်တက်ကြွသွားပြီး သူတို့နှစ်ဦး တောတောင်များထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။
...
တောင်တစ်ဝက်ခန့်တွင် ချင်ယဲ့တယောက် သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်လျက် စစ်သည်တစ်သောင်း မိစ္ဆာနှိမ်တုတ်သိုင်းကို လေ့ကျင့်နေသည်။
သူ့ လှုပ်ရှားမှုများမှာ ကြမ်းတမ်းပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် ဆန့်ထုတ်နေရသဖြင့် လူနှင့် တုတ် တစ်သားတည်း ဖြစ်နေသကဲ့သို့ ထူးခြားသော အလှတရား တစ်ခု ရှိနေသည်။
အကြိမ် တစ်ရာ ပြည့်တိုင်း သူသည် ဉာဏ်အလင်းသစ်များ ရရှိပြီး အတွင်းအားကိုပင် ထုတ်ဖော်နိုင်လာသည်။
စစ်သည်တစ်သောင်း မိစ္ဆာနှိမ်တုတ်သိုင်း၏ စွမ်းအားက သူ့ကို ယုံကြည်မှု များစွာ ပေးစွမ်းပြီး ကြိုးစား ကျင့်ကြံသရွေ့ ဝူပေါင်ယွီအတွက် လက်စားချေနိုင်မည်ဟု ခံစားမိစေသည်။
ခွေးဧကရာဇ်ကို သတ်မယ် ဆိုတဲ့ မျိုးစေ့တစ်စေ့ သူ့ရင်ထဲမှာ စိုက်ပျိုးထားတယ် ဆိုတာကို သူ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။
ရုတ်တရက်…..
ချင်ယဲ့ သူလုပ်လက်စကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ရာက သူ့ဘေးမှ အလွန် လျင်မြန်စွာ ဖြတ်ပြေးသွားသကဲ့သို့ ရှပ်တိုက်သံ သဲ့သဲ့ကို သူ ခုနက ကြားလိုက်ရသည်။
လက်ရှိ သူ့သိုင်းပညာ အဆင့်နှင့် ဆိုလျှင် သူ နားကြားမှားသည်ဟု မထင်ပေ။
တောရိုင်းတိရစ္ဆာန်များ ဖြစ်မလား။
လွန်ခဲ့သော အချိန်အတန်ကြာက ယွမ်ချီက တောင်ပေါ်တွင် ကျားသစ်နက် တစ်ကောင် တွေ့လိုက်ရသည်ဟု ပြောဖူးသော်လည်း သူ အမြင်မှားခြင်း ဟုတ်မဟုတ် မသိချေ။
ချင်ယဲ့ ဇဝေဇဝါ ဖြစ်နေစဉ် မလှမ်းမကမ်းမှ ဝါးခမောက် ဆောင်းထားပြီး ပလွေရှည်တစ်လက် ကိုင်ဆောင်ထားသော သာမန်ဝတ်စုံနှင့် လူတစ်ယောက် သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူက ခေါင်းမော့လိုက်ရာ ဝါးခမောက်အောက်မှ ရာသီဥတုဒဏ် ခံထားရသော မျက်နှာတစ်ခု ပေါ်လာသည်။ ထိုသူသည် အဖြူရောင်ဧကရာဇ်အိမ်တော်မှ ကျန်းခွေ့ထျန်းမှတစ်ပါး အခြားသူ မဟုတ်ပေ။
ကျန်းခွေ့ထျန်းက ချင်ယဲ့ကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။ "ညီလေး၊ မင်းရဲ့ တုတ်သိုင်းက တော်တော် မိုက်တာပဲ၊ လေတိုးသံကို အဝေးကြီးကတည်းက ကြားနေရတယ်၊ မင်းက ချင်းရှောင်းဂိုဏ်း တပည့်လား။"
ချင်ယဲ့က သူ့ကို သတိထားကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ဒါ ချင်းရှောင်းဂိုဏ်းပိုင်တဲ့ တောင်ပါ ဒီတော့ ကျွန်တော်ကလည်း ချင်းရှောင်းဂိုဏ်း တပည့်ပေါ့၊ ခင်ဗျားက ဘယ်ဂိုဏ်းကလဲ၊ ဘာကိစ္စနဲ့ တောင်ပေါ် တက်လာတာလဲ။"
ထိုစကားကို ကြားသောအခါ ကျန်းခွေ့ထျန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ရယ်မောလျက် ချင်ယဲ့အနားသို့ တိုးကပ်လာကာ "နှစ်နှစ် ကြာသွားပြီ၊ အဲဒီ ကျန်းကျောက်ရှား ကောင်လေး နာမည်ကြီးလာတာတင် မကဘူး၊ ချင်းရှောင်းဂိုဏ်းက မင်းလို ပါရမီရှင်မျိုးကိုပါ မွေးထုတ်ပေးလိုက်တာပဲ၊ စိတ်ဝင်စားစရာပဲ၊ ဆရာသခင် ချင်းရှောင်း ပြန်ရောက်နေပြီလား၊ ညီလေး၊ ငါတို့ ယှဉ်ပြိုင်ကြရအောင်၊ မင်းရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ ငါ လက်တစ်ဖက်ပဲ သုံးမယ်။"