နတ်ဆိုးကလေး ငယ်ဝင်စားခြင်း
Vol. 7 Ch. 64
ထူးချွန်တယ်... အထူးကောင်းမွန်တယ်...
ရွှီနင်းနဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ပဲ...
လီချင်းချိုး စိတ်လှုပ်ရှားသွားသည်။ စစ်မှန်သိုင်းခန္ဓာ ကံကြမ္မာက အလွန် အစွမ်းထက်ပုံ ရသော်လည်း ကံကြမ္မာက ကျိုးပဲ့လွယ်သဖြင့် သတိထားရန် လိုအပ်သည်။ ကျောက်ကျိန်း အသက် ၁၆ နှစ်အထိ ကြီးပြင်းလာပါက ကံကြမ္မာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။
၁၁ နှစ် လိုသေးသည်။
ကျိုးပဲ့လွယ်သော ကံကြမ္မာက ပြဿနာ မည်မျှ ဖြစ်စေနိုင်မည်ကို လီချင်းချိုး မဆုံးဖြတ်နိုင်သော်လည်း ကျောက်ကျိန်း၏ ပြဿနာများသည် အဓိကအားဖြင့် နန်းတွင်း အာဏာလုပွဲမှ မြစ်ဖျားခံလာခြင်း ဖြစ်မည်ဟု သူ့ပင်ကိုယ်အသိစိတ်က ပြောပြနေသည်။
ကျောက်ကျိန်း ချင်းရှောင်ဂိုဏ်းမှာ နေရင် ဒါကို ဖြေရှင်းနိုင်မလား...
ကျောက်ကျိန်းက ချင်းရှောင်ဂိုဏ်းကို ဒုက္ခပေးမှာ စိုးရိမ်မိတယ်...
သို့သော်လည်း သူ တွေးလိုက်သည်မှာ ချင်းရှောင်ဂိုဏ်းက ဂိုဏ်းသားသစ်များ ဆက်လက် စုဆောင်းနေသရွေ့ ဂိုဏ်းကို ဒုက္ခပေးမည့် ဂိုဏ်းသားများ အမြဲ ရှိနေမည်သာ။ ရွေးချယ်မှုတိုင်းတွင် အားသာချက်နှင့် အားနည်းချက်များ ရှိကြသည်။ ယခု သူ စဉ်းစားရမည်မှာ ကျောက်ကျိန်းအတွက် စွန့်စားရကျိုး နပ်မနပ် ဆိုသည်ပင်။
ကျောက်ကျိန်း၏ ပါရမီက ရွှီနင်းနှင့် ယှဉ်နိုင်နေပြီ။ ရွှီနင်းသည် အရွယ်မရောက်သေးသော်လည်း သိုင်းလောကမှ ထိပ်တန်းကျွမ်းကျင်သူများကို အလွယ်တကူ အနိုင်ယူနိုင်သည်။
ကျောက်ကျိန်း ၁၆ နှစ်ပြည့်ပြီး ဉာဏ်ရည်ဉာဏ်သွေး အဆင့်မြှင့်တင်ပြီးပါက သူသည် ချင်းရှောင်ဂိုဏ်းတွင် ပါရမီအရှိဆုံး ဂိုဏ်းသား ဖြစ်လာပေလိမ့်မည်။
ဒါဆိုလဲ လောင်းကြေးထပ်လိုက်ကြတာပေါ့...
ဒါ့အပြင် ကျောက်ကျိန်းက သူ့ရှေ့မှာ ဒူးထောက်နေပြီဆိုတော့ သူ့ကို မောင်းထုတ်ဖို့ ဘယ်လိုလုပ် အခွင့်အရေး ရှိတော့မှာလဲ...
လီချင်းချိုး၏ အတွေးများ ပြေးလွှားနေပြီးနောက် ပြုံးလိုက်ပြီး ကျောက်ကျိန်းကို ကိုယ်တိုင် ထူမပေးကာ သူ့ပေါင်ပေါ်သို့ တင်လိုက်သည်။
ကျောက်ကျိန်း အနည်းငယ် အနေရခက်သွားသော်လည်း လီချင်းချိုး၏ အပြုံးကို မြင်သောအခါ ငြင်းဆန်ရန် ခက်ခဲသွားသည်။
ကျောက်ကျိန်း တပည့်အဖြစ် အောင်မြင်စွာ ခံယူလိုက်သည်ကို မြင်သောအခါ ခုရီက လီချင်းချိုးကို ဦးညွှတ်ပြီး …
"ဒီနေ့ကစပြီး ဂိုဏ်းချုပ်ကိုပဲ အားကိုးရတော့မှာပါ..."
လီချင်းချိုးကတော့ ကျောက်ကျိန်းကို ကြည့်လေ ပိုသဘောကျလေ ဖြစ်နေသည်။ သူက ခုရီဘက်သို့ လှည့်ပြီး ပြုံးကာ…. "ခင်ဗျားတို့နှစ်ယောက်ရော ကျုပ်ဂိုဏ်းထဲ ဘာလို့ မဝင်ကြတာလဲ... လောလောဆယ် ဒီမှာပဲ နေလိုက်ကြဦး... နောက်ရက်နည်းနည်းနေရင် ခင်ဗျားတို့အတွက် အလုပ် စီစဉ်ပေးမယ်... ခင်ဗျားတို့ ကျောက်ကျိန်းနဲ့ ခြံဝင်းတစ်ခုတည်း အတူနေရမယ်..."
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."
ခုရီနှင့်ခုအာတို့ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ ခုအာ၏ အမူအရာက အနည်းငယ် ရှုပ်ထွေးနေပြီး ဘာတွေ တွေးနေမှန်း မသိသာပေ။
လီချင်းချိုး သူတို့နှင့် စကားမပြောချင်တော့သဖြင့် သူတို့ကို အောက်ထပ်ခေါ်သွားပြီး နေရာချပေးရန် ချင်ယဲ့ကို ခိုင်းလိုက်ကာ သူကမူ ကျောက်ကျိန်းနှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ချင်နေသည်။
ချင်ယဲ့နှင့် အခြားနှစ်ဦး ထွက်သွားပြီးနောက် လီချင်းချိုးက ကျောက်ကျိန်းကို ချီရန် ကြိုးစားသော်လည်း ယခုတစ်ကြိမ်တွင် ကျောက်ကျိန်းက ဘယ်လိုမှ လက်မခံတော့ပေ။
"ဆရာ... ကျွန်တော် အချီမခံချင်တော့ဘူး... ကျွန်တော်က လူကြီးဖြစ်နေပြီ...."
ကျောက်ကျိန်းက လီချင်းချိုးလက်မှ ရုန်းထွက်ပြီး ဘေးသို့ လျှောက်သွားကာ လေးနက်စွာ ပြောလိုက်သည်။ သူ့အသံက အလွန် ကလေးဆန်ပြီး စကားလုံးများက အတော်လေး ရယ်စရာကောင်းနေသဖြင့် လီချင်းချိုး အောင့်မထားနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်မိသည်။
"ကောင်းပြီ... လာ... ပျော်စရာကောင်းတာ တစ်ခု သွားကြည့်ရအောင်..."
လီချင်းချိုးက ကျောက်ကျိန်း၏ လက်ကို ဆွဲပြီး တောင်နောက်ဘက်ရှိ သစ်တောအုပ်ဆီသို့ လျှောက်သွားလိုက်သည်။ လီစစ်ကျင်က တောအုပ်ထဲတွင် သူ့ကို စောင့်နေဆဲဖြစ်ပြီး လီစစ်ကျင်၏ အဆောင်လက်ဖွဲ့ မည်မျှ ခရီးရောက်နေပြီကိုလည်း သူ သိချင်နေသည်။
ကျောက်ကျိန်းက ငယ်ရွယ်သော်လည်း ချင်းရှောင်ဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၏ စိန်ခေါ်မှုကို မကြောက်ရွံ့ပေ။ ဆရာဖြစ်သူ ခေါ်ဆောင်ရာနောက် လိုက်ပါရင်း စကားတွေ ဖောင်ဖွဲ့ကာ ချင်းရှောင်ဂိုဏ်းရှိ အရာရာကို သိချင်စိတ် ပြင်းပြနေသည်။ လီချင်းချိုးက သူ့မေးခွန်းအားလုံးကို သဘာဝကျကျ ဖြေကြားပေးခဲ့သည်။
မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ကာကွယ်နိုင်ရန် ယခုအချိန်မှစ၍ ကျောက်ကျိန်းကို သူ့ဘေးတွင် ထားရန် ဆုံးဖြတ်လိုက်သည်။
ကျောက်ကျိန်းကို ခုရီ၊ခုအာတို့နှင့်အတူ ခေတ္တ နေခိုင်းလိုက်ပြီး သူတို့ စိတ်သက်သာရာ ရသွားမှ ဤအတိုင်း လုပ်ဆောင်ရမည်။
ဒီနေ့ကစပြီး သူ့မှာ နောက်လိုက် နှစ်ယောက် ရှိလာတော့မည် .. ယွမ်လီနှင့် ကျောက်ကျိန်း…
မပျက်စီးနိုင်သော အာဏာရှင်ခန္ဓာကိုယ်နဲ့ စစ်မှန်သိုင်းခန္ဓာ... ကျွတ် ကျွတ်... နောက်နှစ်နှစ်ဆယ်ကြာရင် သူတို့နှစ်ယောက် ကမ္ဘာကျော်လာလိမ့်မယ်... ဂိုဏ်းထဲက ဂိုဏ်းသားတွေ ငါ့ကို လေးစားအားကျကုန်ကြမှာသေချာတယ်…
လီချင်းချိုး တကယ့်ကို မျှော်လင့်နေမိသည်။ ဂိုဏ်းတစ်ခု အစွမ်းထက်ချင်လျှင် ထူးချွန်သော လူပုဂ္ဂိုလ်များကို ဆက်လက် မွေးထုတ်ပေးရမည်။ သူသည် ဂျူနီယာညီလေးနှင့် ဂျူနီယာညီမလေးများ ပိုမို သန်မာလာရန် မျှော်လင့်ရုံသာမက မျိုးဆက်သစ် ဂိုဏ်းသားများလည်း သူတို့ခြေရာကို နင်းနိုင်ရန် မျှော်လင့်သည်။
သို့သော် လက်ရှိတွင် ပြဿနာတစ်ခု ရှိနေသည်။
အဲဒါကတော့ စစ်မှန်သိုင်းခန္ဓာကို ကူးယူသင့်သလား ဆိုတာပင်...
လီချင်းချိုး၏ အမြင်တွင် စစ်မှန်သိုင်းခန္ဓာ၏ အခန်းကဏ္ဍမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ ပါရမီနှင့် လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်တို့ကို တိုက်ရိုက် ပြောင်းလဲပေးနိုင်သည့် ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်နှင့် မတူဘဲ ဂိုဏ်းအတွက် သိုင်းပညာနည်းလမ်းများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။
သူအနေနှင့် သိုင်းပညာကို အထူးတလည် သင်ယူရန် သို့မဟုတ် မသေမျိုးသိုင်းပညာများ ဖန်တီးရန် မလိုအပ်ပေ။ ထိုသို့လုပ်ခြင်းက သူ့ကျင့်ကြံမှု တိုးတက်မှုကို နှေးကွေးစေလိမ့်မည်။
ကံကြမ္မာ ကူးယူခွင့် အခွင့်အရေးက ဆုလာဘ်လောက် အလွယ်တကူ မရနိုင်သဖြင့် သတိထား အသုံးပြုရမည်။
အရင် စောင့်ကြည့်ရအောင်...
လီချင်းချိုးက ကျောက်ကျိန်းကို တောင်နောက်ဘက်ရှိ သစ်တောအုပ်ဆီ ခေါ်သွားသည်။ ထိုနေရာတွင် စောင့်နေသော လီစစ်ကျင်က သူတို့နှစ်ဦးကို မြင်သောအခါ သူမ၏ အကြည့်က ကျောက်ကျိန်းအပေါ်သို့ ကျရောက်သွားပြီး စူးစမ်းသော မျက်ဝန်းများဖြင့် သေချာကြည့်နေသည်။
လီချင်းချိုးက ယန်လန်၏ အကြောင်းနှင့် သူ အပ်နှံလိုက်သော ကိစ္စများကို ဂျူနီယာညီလေးနှင့် ညီမလေးတို့ကို ပြောပြထားပြီး ဖြစ်သဖြင့် လီစစ်ကျင်ကလည်း ကျောက်ကျိန်း ဘယ်သူလဲဆိုတာ သိနေသည်။
ယန်လန်၏ စကားကို လီစစ်ကျင် မယုံပေ။ ယန်လန်က သူ့သားကို ကာကွယ်ပေးဖို့အတွက်သာ ချင်းရှောင်ဂိုဏ်းကို လိုချင်နေတာ ဖြစ်ပြီး ဒီကိစ္စကြောင့် ချင်းရှောင်ဂိုဏ်း ပြဿနာတွေ ပိုကြုံရနိုင်တယ်လို့ သူမ ခံစားနေရသည်။
ထို့ကြောင့် လီစစ်ကျင်ကမူ ကျောက်ကျိန်းကို စတွေ့ကတည်းက အမြင်မကြည်ပေ။
"ဒီကောင်လေးက အရမ်း မာနကြီးတာပဲ... အရိုက်ခံရမှ မှတ်မယ်..."
လီစစ်ကျင်က ကျောက်ကျိန်းကို စိုက်ကြည့်ရင်း တိတ်တဆိတ် တွေးနေမိသည်။
လီချင်းချိုးနှင့် ကျောက်ကျိန်း သူမထံ ရောက်လာသောအခါ ကျောက်ကျိန်းက သူမကို ကြည့်ပြီး….
"အစ်မကြီးက အရမ်း လှတာပဲ..."
ထိုစကားကို ကြားသောအခါ လီစစ်ကျင် ခဏတာ ကြောင်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"တကယ်လား..."
သူက စိတ်ပျက်စရာ မကောင်းပါဘူး... တကယ်တော့ တော်တော်လေး ချစ်ဖို့ကောင်းပါတယ်...
လီစစ်ကျင်တယောက် ကျောက်ကျိန်းအပေါ် ထားရှိသော သူမ၏ အမြင်ကို ရုတ်တရက် ပြောင်းလဲလိုက်ချေပြီ။
"တကယ်ပါ...အစ်မက ကျွန်တော်တို့ မိသားစုထဲက အမျိုးသမီးတွေထက် အများကြီး ပိုလှတယ်..."
လီချင်းချိုးလည်း ပြုံးလိုက်မိသည်။ ကျောက်ကျိန်းက လီစစ်ကျင်ကို မြှောက်ပင့်ပြောနေခြင်း မဟုတ်နိုင်ကြောင်း သူ ထင်မိသည်။ မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းက လူတစ်ယောက်၏ သဘာဝကို ပြောင်းလဲပေးနိုင်သည်။ လီစစ်ကျင် ကြီးပြင်းလာသည်နှင့်အမျှ ပိုမို လှပလာပြီး လောကရှိ အမျိုးသမီးအများစုတွင် မရှိသော တခြားကမ္ဘာမှ အလှတရားမျိုး ပိုင်ဆိုင်ထားသည်။
ဒါဟာလည်း သူမ တစ်ယောက်တည်း မဟုတ်ပေ၊ လီတုန်းယွဲ့၊ ရွှီနင်းနှင့် လျူယန်တို့လည်း ဤပြောင်းလဲမှုကို ကြုံတွေ့နေရသည်။ ကျင့်ကြံမှုအဆင့် မြင့်လေ ပြောင်းလဲမှု ကြီးမားလေ ဖြစ်သည်။
"မင်းက အပြောသိပ်ချိုတာပဲ ကောင်လေး... ဒီနေ့ကစပြီး ချင်းရှောင်ဂိုဏ်းမှာ ဂျုနီယာဆရာဉီးလေး မင်းကို ကာကွယ်ပေးမယ်..."
လီစစ်ကျင်က ကိုင်းညွှတ်လိုက်ပြီး ကျောက်ကျိန်း၏ ခေါင်းကို ပုတ်ကာ ပြုံးလိုက်သည်။
တာ့လီမင်းဆက်တွင် ဆရာတစ်ယောက်၏ ညီမလေးကိုပင် ဂျူနီယာဆရာဦးလေး (Junior Martial Uncle) ဟု ခေါ်ဝေါ်ရလေ့ ရှိသည်။
"သြော်... ဂျူနီယာဆရာဦးလေးကိုး... ဒါ့ကြောင့် အရမ်းချောနေတာပေါ့..."
ကျောက်ကျိန်းက ဆက်ပြောလိုက်ရာ လီစစ်ကျင် ပို၍ ပျော်ရွှင်သွားသည်။
လီချင်းချိုးက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး …
"ကဲ... အခု မင်းရဲ့ အဆောင်လက်ဖွဲ့ စွမ်းရည်ကို ပြလိုက်ပါဦး..."
ထိုစကားကို ကြားသောအခါ လီစစ်ကျင် မတ်တပ်ရပ်လိုက်ပြီး ဘေးသို့ လျှောက်သွားကာ ခါးမှ အဝါရောင် အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်သည်။ သူမက ထိုအဆောင်လက်ဖွဲ့ကို လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်လိုက်ပြီး လီချင်းချိုးနှင့် အခြားသူများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး..
"ဂျူနီယာတူလေး... သေချာကြည့်ထား... မလန့်နဲ့နော်..."
ကျောက်ကျိန်း မျက်လုံးပြူးသွားပြီး သူမကို စူးစိုက်ကြည့်နေသည်။ သူမ ဘာလုပ်မည်ကို မသိသော်လည်း ပြောသည့်အတိုင်း လုပ်လိုက်သည်။
လီစစ်ကျင် တုံ့ဆိုင်းမနေပေ။ လက်ထဲမှ အဝါရောင် အဆောင်လက်ဖွဲ့ကို လေထဲသို့ ပစ်တင်လိုက်ပြီးနောက် လက်ချောင်းဖြင့် တောက်လိုက်ရာ စွမ်းအင်တစ်ခု ထွက်ပေါ်သွားသည်။ မူလချီ... ဤ မူလချီ လမ်းကြောင်းက အဝါရောင် အဆောင်လက်ဖွဲ့ကို ဖောက်ထွင်းသွားပြီး မီးလောင်ကျွမ်းစေလိုက်သည်။
"ကျွီ..."
စူးရှသော အော်သံနှင့်အတူ ငွေရောင်လင်းယုန် အရိပ်တစ်ခု အဝါရောင် အဆောင်လက်ဖွဲ့ မီးတောက်များထဲမှ ပျံထွက်လာပြီး လျင်မြန်စွာ ကြီးထွားလာကာ ကောင်းကင်ယံသို့ တောင်ပံခတ် ပျံတက်သွားသည်။ ပျံသန်းနေစဉ် လျင်မြန်စွာ ကြီးထွားလာပြီး မျက်တောင်တစ်ခတ်အတွင်း ၎င်း၏ တောင်ပံအကျယ်က တစ်ကျန်း (၃.၃ မီတာခန့်) ကျော်သွားသည်။
လီချင်းချိုး၏ မျက်လုံးများ အရောင်တောက်သွားပြီး လီစစ်ကျင်၏ အဆောင်လက်ဖွဲ့ကြောင့် အံ့အားသင့်သွားသည်။
မီးလုံးများ သို့မဟုတ် လေဓားများ ဖန်တီးခြင်းကဲ့သို့သော အဆင့်နိမ့် ဂါထာတစ်ခု ဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း ဤမျှ အဆင့်မြင့်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤ ငွေရောင်အရိပ်က ရှောင်ကျို၏ ပုံသဏ္ဌာန်ကို နမူနာယူထားသည်မှာ ထင်ရှားသည်။ ၎င်းသည် လျင်မြန်စွာ ပျောက်ကွယ်မသွားဘဲ သစ်တောအုပ်ထက် ကောင်းကင်ယံတွင် ဝဲပျံနေသည်။ ၎င်း၏ အသွင်အပြင်ကြောင့် ကျောက်ကျိန်း ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။
လီစစ်ကျင် လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်လင်းယုန် အရိပ်ကလည်း သူမ လက်ချောင်းနောက်သို့ လိုက်ကာ ပျံသန်းမှု လမ်းကြောင်း ပြောင်းလဲသွားသည်။ သူမက ဂုဏ်ယူစွာဖြင့် …
"ဒါကို ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့ လို့ ခေါ်တယ်... အဆောင်လက်ဖွဲ့ဆိုတော့ တစ်ကြိမ်ပဲ သုံးလို့ရပေမဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ရန်သူတွေကို သတ်နိုင်တယ်..."
ပြောပြီးသည်နှင့် သူမက လက်မောင်းကို အောက်သို့ အားကုန် လွှဲချလိုက်ရာ လေထဲတွင် ဝဲပျံနေသော ငွေရောင်လင်းယုန် အရိပ် ချက်ချင်း ထိုးဆင်းလာပြီး သစ်ပင်အခက်အလက်များကို တစ်ခုပြီးတစ်ခု ချိုးဖျက်ကာ မြက်ခင်းပေါ်သို့ ဝင်ဆောင့်လိုက်သဖြင့် ဖုန်မှုန့်များ ထောင်းထောင်း ထသွားသည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ရေစည်ပိုင်းအရွယ်အစားရှိ တွင်းချိုင့်ကြီးတစ်ခု မြေကြီးပေါ်တွင် ပေါ်လာသည်။
"လျှပ်စီး ဓာတ်သဘောလား..."
လီချင်းချိုး မျက်ခုံးပင့်လိုက်ပြီး အံ့သြစွာ မေးလိုက်သည်။
လီစစ်ကျင် ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကာ ချောင်းအနည်းငယ် ဟန့်ပြီး …
"ဟုတ်ပါတယ်... ဝန်ခံပါတယ်... နင်းအာနဲ့ တိုင်ပင်ခဲ့တာပါ... သူက တကယ့် ပါရမီရှင်ပါပဲ... ညီမလေးကို စိတ်ကူးဉာဏ်တွေ အများကြီး ပေးခဲ့တယ်..."
"ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့ တစ်ခုလုပ်ဖို့ အတွင်းအား ဘယ်လောက် လိုလဲ..."ဟု လီချင်းချိုးက အတင်းမေးလိုက်သည်။
ထိုစကားကို ကြားသောအခါ လီစစ်ကျင် ကူကယ်ရာမဲ့သွားသည်။
"ညီမလေးရဲ့ အတွင်းအား အကုန်လုံး ကုန်သွားတာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ကြိုပြီး သိမ်းထားလို့ ရတာပဲ... ဘာပဲဖြစ်ဖြစ် ညီမလေးက ပုံမှန် မတိုက်ခိုက်တော့ အတွင်းအား သိမ်းထားလည်း အလကားပဲလေ..."
မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်ရဲ့ မူလချီ အကုန်လုံး ကုန်သွားတာလား..ဒါဆို. ဒီလောက် အစွမ်းထက်တာ မဆန်းပါဘူး...
"အရမ်းကောင်းတယ်... မင်း ကြီးမားတဲ့ အကျိုးပြုမှု လုပ်လိုက်တာပဲ... မင်းရဲ့ ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့က အရေးကြီးတဲ့ အချိန်မှာ ဂိုဏ်းသားတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်... ဒီအဆောင်လက်ဖွဲ့ ပြုလုပ်နည်းကို ချရေးထားပြီး ကျမ်းစာဆောင်ထဲမှာ ထည့်သွင်းထားလိုက်..."
"တကယ်လား... ဒါဆို ညီမလေးလည်း အထွတ်အထိပ် နည်းပညာတွေ ဖန်တီးတဲ့ ပါရမီရှင် ဖြစ်သွားပြီပေါ့..." ဟု လီစစ်ကျင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ယန်ကျွယ်တိန်တို့သည်လည်း ထူးခြားသော စွမ်းရည်များကို အသီးသီး ဖန်တီးခဲ့ကြပြီး ကျမ်းစာဆောင် စုဆောင်းမှုတွင် ထည့်သွင်းခံခဲ့ရသဖြင့် သူမ အားကျနေခဲ့ရခြင်း ဖြစ်သည်။
ကျမ်းစာဆောင် အပြည့်အဝ မပြီးစီးသေးသော်လည်း ထူးခြားသော သိုင်းပညာနည်းလမ်းများကို စတင် စုစည်းနေပြီ ဖြစ်သည်။ ကိုယ်ပိုင် သိုင်းပညာနည်းလမ်းများကို ကျမ်းစာဆောင်တွင် ထည့်သွင်းခံရခြင်းက ကြီးမားသော ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။
"ဒါပေါ့... မင်းရဲ့ ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့က တတိယဂျူနီယာညီလေးရဲ့ ဓားသိုင်းပညာထက် ပိုအဓိပ္ပာယ်ရှိပါတယ်..."
လီချင်းချိုး၏ စကားကြောင့် လီစစ်ကျင် ပျော်လွန်းလို့ ခုန်ပေါက်နေတော့သည်။
ကျောက်ကျိန်းကတော့ မလှမ်းမကမ်းရှိ တွင်းကြီးကို ကြောင်ငေးကြည့်နေပြီး သူ့နုနယ်သော စိတ်နှလုံးသား၌ ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သူ သိုင်းပညာ စတင် လေ့ကျင့်နေပြီဖြစ်ပြီး ကောင်းကင်ကာကွယ်ရေး အစောင့်တပ်မှ ဆရာများ၏ စွမ်းအားကို မြင်တွေ့ခဲ့ဖူးသော်လည်း ထိုအဆောင်လက်ဖွဲ့က လင်းယုန်ငှက်တစ်ကောင်ကို အဘယ်ကြောင့် ထုတ်လုပ်နိုင်သည်၊ ထိုလင်းယုန်ငှက်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည်ကို သူ နားမလည်နိုင်ပေ။
လီချင်းချိုးက ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့ အကြောင်း နောက်ထပ် မေးခွန်းအချို့ မေးရာ လီစစ်ကျင်က အမှန်အတိုင်း ဖြေကြားခဲ့သည်။
ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့က သူ ထင်ထားသလောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ခြင်း မရှိပေ။ လီစစ်ကျင် ဖန်တီးထားသော ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့ကို သူမကိုယ်တိုင်သာ အသုံးပြုနိုင်သည်။ အခြား ဂိုဏ်းသားများက သူမ၏ ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့ကို အသုံးပြုပါက လွတ်လပ်စွာ ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်ပြီး အများဆုံး ချက်ချင်း ပေါက်ကွဲသည့် အကျိုးသက်ရောက်မှုကိုသာ ရရှိနိုင်သည်။
လီချင်းချိုး စိတ်မပျက်ပေ။ လီစစ်ကျင် တိုးတက်နိုင်သည်ဟု သူ ယုံကြည်ပြီး ဤသည်မှာ အစပျိုးခြင်းသာ ရှိသေးသည်။
ဒီနေ့က သူ့အတွက် နှစ်ထပ်ကွမ်း ပျော်ရွှင်စရာများရရှိခဲ့သောနေ့ပင်။ ကျောက်ကျိန်းက ချင်းရှောင်ဂိုဏ်း၏ အနာဂတ် တိုက်ခိုက်ရေးအင်အားကို ကိုယ်စားပြုပြီး လီစစ်ကျင်၏ ဝိညာဉ်လင်းယုန် အဆောင်လက်ဖွဲ့က ချင်းရှောင်ဂိုဏ်းကို ကျင့်ကြံခြင်းဂိုဏ်းနှင့် ပိုမို နီးစပ်လာစေသည်။
နောက်ပိုင်းရက်များတွင် ဂိုဏ်းချုပ်က နောက်ထပ် တပည့်တစ်ဦး လက်ခံလိုက်သည်ကို ဂိုဏ်းသားများ သိရှိသွားကြသဖြင့် ကျောက်ကျိန်းကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်က တပည့်များကို အလွယ်တကူ လက်ခံလေ့ မရှိသောကြောင့်ပင်။
ငါးရက်အကြာတွင် လီချင်းချိုးက ကျောက်ကျိန်းကို မဟာနေမင်းယန်စွမ်းအင်သိုင်းကို သင်ပေးလိုက်သည်။
စစ်မှန်သိုင်းခန္ဓာ ပိုင်ဆိုင်ထားသော ကံကြမ္မာကြောင့် ကျောက်ကျိန်းဤပညာရပ်ကို သင်ယူရန် ရည်မှန်းထားသည်။ မဟာနေမင်းယန်စွမ်းအင်သိုင်းကို ကျင့်ကြံခြင်းနည်းလမ်း အဖြစ် ကျောက်ကျိန်း ပြောင်းလဲပေးမည်ကို လီချင်းချိုး စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။ ထိုသို့ဆိုလျှင် ချင်းရှောင်ဂိုဏ်းသို့ နောက်ထပ် ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ထပ်တိုးလာမည်ဖြစ်ပြီး အလွန် အရေးပါပေလိမ့်မည်။
ကျောက်ကျိန်းက ပါရမီရှင် ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သည်။ သူက စာတတ်နေပြီဖြစ်ပြီး လျှို့ဝှက်သိုင်းကျမ်းကို နှစ်ကြိမ်မျှ ဖတ်ရုံဖြင့် အလွတ်ရသွားသည်။ ထိုနေ့မှာပင် မဟာနေမင်းယန်စွမ်းအင်သိုင်း၏ ထူးခြားသော အတွင်းအားကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။
ထိုနေ့မှစ၍ လီချင်းချိုးက တောင်တက်တောင်ဆင်းတိုင်း ယွမ်လီနှင့် ကျောက်ကျိန်းကို အမြဲ ခေါ်ဆောင်သွားလေ့ ရှိသဖြင့် ဂိုဏ်းသားများအားလုံး ကျောက်ကျိန်း၏ မျက်နှာကို မှတ်မိသွားကြသည်။
ကျောက်ကျိန်း၏ သိုင်းပညာပါရမီက လီချင်းချိုး၏ မျှော်မှန်းချက်ထက် ကျော်လွန်နေသည်။ သူ့စွမ်းရည်များက နေ့တိုင်း သိသိသာသာ တိုးတက်နေသည်။ လီချင်းချိုးက ယန်ကျွယ်တိန်ကို သူ့စွမ်းရည်များ စမ်းသပ်ခိုင်းရာ ယန်ကျွယ်တိန်က သူသည် 'ဝင်စားသူ' အမည်ရှိသော ပါရမီရှင်တစ်ယောက် ဖြစ်သည်ဟု အာမေဋိတ် ပြုလိုက်သည်။
ဝူမန်အာသည် သန်းပေါင်းများစွာအနက် တစ်ယောက်သာ ပေါ်ထွက်တတ်သည့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး ရွှီနင်း၏ ပါရမီမှာ ယန်ကျွယ်တိန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ကျောက်ကျိန်း ပေါ်ထွက်လာမှုက ယန်ကျွယ်တိန်၏ အမြင်ကို ထပ်မံ ချေဖျက်လိုက်ပြန်သည်။